News @ M-Media

Author: M-Media

  • ရုရှားရဲ့ စစ်စခန်းတွေကို တိုက်ခိုက်လာနိုင်ပြီဖြစ်တဲ့ ယူကရိန်း

    ရုရှားရဲ့ စစ်စခန်းတွေကို တိုက်ခိုက်လာနိုင်ပြီဖြစ်တဲ့ ယူကရိန်း

    သြဂုတ် ၂၁၊ ၂၀၂၂
    M-Media

    မတ်လကစပြီး ရုရှားရဲ့ ထိုးစစ်ကို ခုခံနေရတဲ့ ယူကရိန်းဟာ လက်ရှိအချိန်မှာတော့ ရုရှား အခြေစိုက်စခန်းတွေကို တိုက်ခိုက်လာနိုင်ပြီ ဖြစ်ပါတယ်။
    အထူးသဖြင့် ၂၀၁၄ ခုနှစ်မှာ ရုရှားက သိမ်းလိုက်တဲ့ ယူကရိန်းပိုင် ခရိုင်းမီယားကျွန်းဆွယ်မှာ ဖြစ်ပါတယ်။
    ပထမဆုံး တိုက်ခိုက်မှုဟာ ဇူလိုင်လ ၃၁ ရက်နေ့မှာ ဖြစ်တာပါ။ ရုရှားရဲ့ ရေတပ်နေ့မှာ ခရိုင်းမီးယားအခြေစိုက် ပင်လယ်နက် ရေတပ်အုပ်စုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရုရှားစစ်သား ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
    အဲဒီနောက်ပိုင်း ပင်လယ်နက် ရေတပ်ဌာနချုပ် အပါအ၀င် ခရိုင်းမီးယားက ရုရှားရဲ့ စစ်ဖက်ပစ်မှတ်တွေကို မကြာခဏ တိုက်ခိုက်မှုတွေ ပြုလုပ်လာခဲ့ပြီး ရုရှားဖက်က စစ်လေယာဥ်၊ စစ်သင်္ဘော ထိခိုက်ပျက်ဆီးမှုတွေ ရှိလာပါတယ်။ ရုရှားဖက်ကလည်း ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေအကြောင်း ထုတ်ပြန်လာပါတယ်။
    ယူကရိန်းသမ္မတ ဇယ်လင်စကီးက ဆိုဗီယက်ပြည်ထောင်စုက လွတ်လပ်ရေးရတဲ့ နှစ်ပတ်လည်နေ့ သြဂုတ် ၃၁ ရက်နေ့မတိုင်ခင် ရုရှားရဲ့ စစ်စခန်းတွေကို တိုက်ခိုက်မှု တိုးမြှင့်ပြုလုပ်သွားမယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်မှာ ကြေငြာခဲ့ပါတယ်။
    ယူကရိန်းဟာ အနောက်နိုင်ငံတွေက စစ်ရေးအကူအညီ အများအပြား ဆက်လက်ရရှိနေပြီး အမေရိကန်က ScanEagle အဆင့်မြင့် ထောက်လှမ်းရေးဒရုန်း အပါအ၀င် ခေတ်မီ စစ်လက်နက်ပစ္စည်း ကန်ဒေါ်လာ ၇၇၅ သန်းဖိုး ထပ်မံ ထောက်ပံ့ပေးသွားမယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့မှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
    Ref: Aljazeera

  • တရုတ်နှင့် ကပ်လျပ်ဒေသတွင် ဂျပန်က တာ၀ေးပစ်ဒုံးများ ချထားမည်

    တရုတ်နှင့် ကပ်လျပ်ဒေသတွင် ဂျပန်က တာ၀ေးပစ်ဒုံးများ ချထားမည်

    သြဂုတ် ၂၁၊ ၂၀၂၂
    M-Media

    • တရုတ်ရန်ကို ကာကွယ်ဖို့အတွက် တရုတ်နဲ့ ကပ်နေတဲ့ ဒေသတွေမှာ တာ၀ေးပစ် ခရုဇ်ဒုံးကျည် အလုံး ၁၀၀၀ ချသွားဖို့ ဂျပန်က စီစဥ်နေပါတယ်။
      ဒုံးကျည်တွေဟာ သင်္ဘောတွေ၊ လေယာဥ်တွေကနေ ပစ်လွှတ်နိုင်မှာဖြစ်ပြီး ကီလိုမီတာ ၁၀၀ ကနေ ၁၀၀၀ အထိ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်း နန်စီကျွန်းတစ်၀ိုက်မှာ ချထားမှာ ဖြစ်တဲ့အတွက် မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံ ကမ်းရိုးတန်းအထိ ပစ်ခတ်နိုင်မှာပါ။
      ဒီသတင်းကို ဂျပန်ပြည်တွင်းသတင်းဌာန Yomiuri က ဖော်ပြခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။
      ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြဌာန်းထားတဲ့ ဂျပန်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်အင်အားကို နိုင်ငံကာကွယ်ရေးအတွက်သာ သုံးရမယ်လို့ ဖော်ပြထားပေမယ် အခုနောက်ပိုင်း နှစ်တွေမှာ စစ်အင်အားကို သိသိသာသာ မြှင့်လာပါတယ်။
      နိုင်ငံခြားတိုင်းပြည်တွေအထိ ရောက်နိုင်မယ့် တာ၀ေးပစ်ဒုံးကျည်တွေ ချထားမှုကို အရင်က ရှောင်ကျဥ်ခဲ့ပေမယ့် အခုအစီအစဥ်က အစဥ်အလာဟောင်းကို ဖျက်ပစ်မယ့် ခြေလှမ်းလည်း ဖြစ်ပါတယ်။
  • “ကာကွယ်ပေးရန် တာဝန်” (သို့) R2P

    ရေးသားသူ- ဦးဦးမှော်ဆရာ

    China map

    ၂၀၀၅ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မျက်နှာစုံညီထိပ်သီးအစည်းအဝေးမှာ တက်ရောက် လာတဲ့ နိုင်ငံခေါင်းဆောင် အားလုံး သဘောတူချမှတ်ခဲ့တဲ့ မူဘောင်တစ်ရပ်ရှိပါတယ်။

    နိုင်ငံအသီးသီးက ကိုယ့်နိုင်ငံသားတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု ၊ လူမျိုးရေးသန့်စင်မှု၊ လူသားဖြစ်မှုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု စတဲ့ ရာဇဝတ်မှုကြီးတွေကနေ ကာကွယ်ပေးရမယ့်တာဝန် ရှိတယ်။ ဒီတာဝန်ရဲ့ဘောင်ထဲမှာ ရာဇဝတ်မှုတွေကို ကာကွယ်တားဆီးဖို့အပြင် ဒီလိုဖြစ်ပွားလာအောင် လှုံ့ဆော်နေတာတွေကိုပါ သင့်လျော်တဲ့နည်းလမ်း၊ လိုအပ်တဲ့နည်းလမ်းတွေနဲ့ ကာကွယ်တားဆီးပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ အစိုးရက ဒီလိုအကြမ်းဖက် သတ်ဖြတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ အကာကွယ်မပေးရင်ဖြစ်စေ၊ ကာကွယ်ပေးနိုင်စွမ်း မရှိတဲ့အခါဖြစ်စေ ဒီလို ကျူးလွန်ခံနေရသူတွေကို ကာကွယ်ပေးဖို့တာဝန်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တာဝန်ဖြစ်သွားပါတယ်။

    ဒီအခါမှာ နိုင်ငံတကာအသိုင်းအဝိုင်းက ကုလသမဂ္ဂမှတဆင့် သက်ဆိုင်ရာအစိုးရကို ပူးပေါင်းပါဝင် ဆောင်ရွက်မယ်။ ဒါပေမဲ့ အစိုးရက ကာကွယ်ပေးဖို့ သိသိသာသာ ပျက်ကွက်တယ်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကုလသမဂ္ဂပဋိဉာဉ်စာတမ်း အခန်း(၇)ပါ မူတွေအတိုင်း ဆုံးဖြတ်ချက်တွေ ထပ်မံ ချမှတ်မယ်..။ ကုလသမဂ္ဂပဋိဉာဉ် အခန်း(၇)ပါ အချက်တွေအရ ကုလသမဂ္ဂမှ တဆင့် သံတမန် လမ်း ကြောင်း၊ လူသားခြင်း စာနာထောက်ထားရေး အကူအညီပေးမှု နဲ့ အခြားငြိမ်းချမ်းတဲ့နည်းလမ်းတွေသုံးပြီး ဒီလိုလူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေကနေ ကာကွယ်ပေးရမယ့်တာဝန် ရှိပါတယ်။

    ဒီလိုလုပ်ဆောင်ရာမှာ ထိရောက်မှု မရှိဘူးဆိုရင်တော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတဆင့်သင့်တော်တဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကိစ္စရပ် တစ်ခုချင်းစီအလိုက် ဆက်လက် လုပ်ဆောင်ပါလိမ့်မယ်။ အဲဒီအဆင့်မှာတော့ နိုင်ငံတော်အစိုးရကို ဒီလိုပဋိပက္ခတွေကို ိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ စွမ်းရည်မြှင့်လာစေဖို့ လုပ်ဆောင်တာတွေ ပါဝင်သလို၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးကို အထူးသံတမန်အဖြစ် စေလွှတ်တာမျိုးလည်း ပါဝင်ပါတယ်။ ဒါက ကနဦးအခြေအနေတွေမှာလုပ်တဲ့ ပုံစံကိုပြောတာပါ။

    ကုလသမဂ္ဂပဋိဉာဉ် အခန်း(၇)ပါ အချက်တွေကို အကျဉ်းချုပ်ဖေါ်ပြရရင် –

    ပိုဒ်ခွဲ(၃၉) – အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ထိခိုက်လာရင် လုံခြုံရေးကောင်စီမှ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ရန်။

    အပိုဒ်ခွဲ(၄၀) – ဒီလိုအရေးယူဆောင်ရွက်မှုတွေကို သက်ဆိုင်ရာအဖွဲ့အစည်း/ပါတီတွေက လိုက်နာမှု ရှိစေရေးကို လုံခြုံရေးကောင်စီက ကြီးကြပ်စောင့်ကြည့်မယ်။

    အပိုဒ်ခွဲ(၄၁) – တကယ်လို့သာ လုံခြုံရေးကောင်စီမှ စစ်ရေးနည်းလမ်းမဟုတ်ဘဲ တခြားထိရောက်နိုင်မယ့် နည်းလမ်းတွေကို တင်ပြလာပါက ဒီနည်းလမ်းတွေ သုံးပြီး လုပ်ဆောင်ဖို့ ကုလသမဂ္ဂမှာတင်ပြမယ်။ ဒီနည်းလမ်းတွေထဲမှာစီးပွားရေးအရ အဆက်အဆံ ဖြတ်တောက်တာ၊ ကြေးနန်းနဲ့စာပို့ လုပ်ငန်း၊ ရေဒီယို နဲ့တခြား ဆက်သွယ်မှု အ၀၀ကို ဖြတ်တော်တာမျိုးအပြင် သံတမန်တွေကို ပြန်ခေါ်တာမျိုးလည်း ပါဝင်ပါတယ်။

    အပိုဒ်ခွဲ(၄၂) – တကယ်လို့ ဒီနည်းလမ်းတွေကလည်း ထိရောက်မှု မရှိဘူးလို့ ယူဆရရင်တော့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြည်း၊ ရေ၊ လေစစ်အင်အားကို အသုံးပြုခွင့်ရှိပါတယ်။

    အပိုဒ်ခွဲ (၄၃) – (၅၁)ထိကတော့ စစ်အင်အားသုံးအရေးယူမှုနဲ့ပက်သက်လို့ ပြောထားတာတွေဖြစ်ပါတယ်။ အဲဒီမှာဘယ်လိုပုံစံနဲ့ အရေးယူမယ်၊ စစ်အင်အား၊ ငွေကြေး၊ လက်နက်ကိရိယာ၊ ကြည်း၊ ရေ၊ လေသယ်ယူပို့ဆောင်ရေး စစ်သုံးယာဉ်၊ လေကြောင်းအသုံးပြုခွင့် .. စတဲ့အသေးစိတ် အချက်အလက်တွေပါ ပါတယ်။ ဒါ့အပြင် နိုင်ငံစုံတပ်ဖွဲ့ကို လက်နက်ကိုင် တန်ပြန် တိုက်ခိုက်မှုနဲ့ ကြုံရပါက မိမိကိုယ်ကို ခုခံကာကွယ်တဲ့အနေနဲ့ (self-defence) တုန့်ပြန် တိုက်ခိုက်ခွင့် ရှိတယ်လို့ ဖေါ်ပြထားတယ်။

    ဒါဟာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးရဲ့သဘောတူညီမှုနဲ့ အတည်ပြုခဲ့တဲ့ မူဝါဒတစ်ရပ်ဖြစ်ပြီး အဲဒီမူဝါဒကို “ကာကွယ်ပေးရန် တာဝန်” (R2P) လို့ ခေါ်ပါတယ်။ အမှန်တော့ ဒီလိုလုပ်ဆောင်သင့်တယ်လို့ ယူဆလာကြတာက၂၀၀၅ ကမှ စခဲ့တာတော့ မဟုတ်ပါဘူး။ အစကတည်းကလည်းကုလသမဂ္ဂပဋိဉာဉ်မှာ ဒီသဘောတရားမျိုး ပါဝင်ပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ `အချုပ်အခြာ အာဏာ´ဆိုတဲ့အယူအဆနဲ့ ထပ်တိုက်ဖြစ်နေတဲ့အတွက် လက်တွေ့ကျင့်သုံးမှုအပိုင်းမှာ အားနည်းခဲ့ပါတယ်။ ဒါပေမဲ့ ရဝန်ဒါမှာဖြစ်ပွားခဲ့တဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေအပြီးမှာတော့ ၁၉၉၅ လောက်မှာ ဒီအယူအဆကို ပိုပြီး အသံကျယ်ကျယ် ပြောလာကြပါတယ်။

    R2P မူအရ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဘယ်လို တာဝန်ယူမှုတွေ ရှိသလဲဆိုတာ ပြန်ကြည့်ရင် အဓိကသုံးပိုင်း တွေ့ရပါတယ်။

    (၁) အဓိကအကျဆုံး ဦးစားပေး တာဝန်က အကြမ်းဖက်သတ်ဖြတ်မှုတွေကနေ ဂျီနိုဆိုက်အဆင့်ထိ မရောက်စေရန် အပြည့်အ၀ ကာကွယ်ပေးဖို့ပဲ ဖြစ်တယ်။

    (၂) အဲဒီပဋိပက္ခတွေက ရပ်တန့်မသွားဘဲ ပိုဆိုးလာမယ်ဆိုရင် တုန့်ပြန်အရေးယူဖို့ တာဝန်ရှိတယ်။ ဒီလို တုန့်ပြန်ဆောင်ရွက်ရာမှာ အနိမ့်ဆုံးအဆင့် ကျူးကျော်ဝင်ရောက်စွက်ဖက်မှုကိုသာ လုပ်ဆောင်နိုင်တယ်။ ဒီလိုစွက်ဖက်ရာမှာ စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းမှုမပါ ပါဘူး။ စစ်အင်အားသုံးပြီး အရေးယူဖြေရှင်းတာ ကိုတော့ လုံးဝဥသုံ လိုအပ်လာတဲ့ (Absolutely necessary) အခါမှသာ ခွင့်ပြုပါတယ်။

    (၃) ဒီလို အရေးယူမှုတွေ လုပ်ဆောင်ပြီးနောက်မှာ ပြန်လည်ထူထောင်ပေးရန် နဲ့ နှစ်ဖက် လူ့အဖွဲ့အစည်းကို ပြန်လည် သင့်မြတ်လာအောင် လုပ်ပေးရန် တာဝန်ရှိတယ်။

    The International Crisis Group က အတိအလင်းဆိုထားတာကတော့ – လူ့အသက်ပေါင်းမြောက်များစွာ သတ်ဖြတ်ခံရခြင်း၊ လူမျိုးရေး သန့်စင်မှုပြုလုပ်ခြင်း၊ အဓမ္မမောင်းနှင်ထုတ်ခြင်း၊ အကြမ်းဖက်ခြင်း နဲ့ မုဒိမ်း ကျင့်တဲ့လုပ်ရပ်ကို လက်နက်သဖွယ်အသုံးချခြင်း .. စတဲ့လုပ်ရပ်ဆိုးတွေကို အစိုးရကိုယ်တိုင်က ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်နေရင် (သို့) ဒီလုပ်ရပ်ဆိုးတွေကို လျစ်လျူရှုထားရင် (သို့)အရေးယူဆောင်ရွက်နိုင် စွမ်းမရှိရင် (သို့) Failed state လို့ခေါ်တဲ့ ကျရှုံးနိုင်ငံအဆင့်ရောက်သွားလို့ တားဆီးထိန်းကွပ်မဲ့သူ မရှိ တော့တဲ့ အခြေအနေမျိုးမှာဆိုရင် .. နိုင်ငံတကာ အသိုင်းအဝိုင်း က ကြားဝင်ဖြေရှင်းမှုတွေ လုပ်လာပါလိမ့်မယ်။ သို့သော်ကျနော် အသေအချာပြောလိုတာက နိုင်ငံတကာမှ စစ်အင်အားသုံးကြားဝင်ဖြေရှင်းမှု (Military Intervention)ကို နောက်ဆုံးရွေးချယ်စရာ နည်းလမ်းအဖြစ်သာ သတ်မှတ်ထားတာဖြစ်ပြီး၊

    အပေါ်မှာပြောခဲ့တဲ့ အခြေအနေတွေ အားလုံးရှိနေတဲ့ အပြင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ကနဦးကြားဝင်ဆောင်ရွက်မှုတွေ တစ်ခုမှ မအောင်မြင်တော့တဲ့ အခါမှသာ ချွင်းချက် မရှိလက်ခံတာပါ။ ဒီအခါမှာ စစ်ရေး အင်အားသုံးကြားဝင်ဆောင်ရွက်ခွင့်ကို တရားဝင်ချမှတ်နိုင်တဲ့ အဖွဲ့အစည်းကတော့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီပဲ ဖြစ်ပါတယ်။

    ၂၀၁၄ ခုနှစ် ဧပြီလတွင် M-Media တွင်ဖော်ခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။

  • ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့

    ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့

    အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ရိုဟင်ဂျာအမျိုးသမီးတွေကို တွေ့ရစဉ် ဓါတ်ပုံ(AP)

    အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ်နဲ့ အာသံပြည်နယ်မှာ တရားမ၀င် နေထိုင်နေတဲ့ ရိုဟင်ဂျာ ၇ ဦးကို ဒီကနေ့ ပြန်ပို့်လိုက်ပါတယ်။

    သူတို့ဟာ ၂၀၁၂ ခုနှစ်ကတည်းက အာသံပြည်နယ် ဆဲက်ချားခရိုင်က ဗဟိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရ တာဖြစ်ပါတယ်။

    သူတို့ကို မဏိပူရပြည်နယ်က မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မိုးရေးမြို့အနီးမှာ မြန်မာအာဏာပိုင်တွေထံ လွှဲပြောင်းခဲ့ တာဖြစ်ပြီး မြန်မာဘက်က လ၀က အရာရှိ ၂ ဦးက လက်ခံခဲ့ပါတယ်။

    ပြန်ပို့ခံရမယ့်သူတွေဟာ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်ဆိုတာကို မြန်မာဘက်က အတည်ပြုခဲ့ပြီးမှ အခုလို လက်ခံခဲ့တာလို့ သိရပါတယ်။

    ရိုဟင်ဂျာ ၇ ဦးရဲ့ ရှေ့နေတွေကတော့ ဒီလိုပြန်ပို့မယ့်ကိစ္စအပေါ် တရားရုံးကို အရေးပေါ် အယူခံဝင်ခဲ့ပေမယ့် အိန္ဒိယတရားရုံးချုပ်က အယူခံကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က အိန္ဒိယသံရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းနဲ့ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းနေပေမယ့် အဆက်အသွယ် မရသေးပါဘူး။

    RFA မြန်မာပိုင်းမှ ကူးယူဖြော်ပပါသည်။

  • မျက်မမြင် လမ်းလျောက်ပြိုင်ပွဲဝင်များ အား မွတ်စလင်မ် အဖွဲ့များမှ လက်ဆောင်များ ဝေဌ

    မျက်မမြင် လမ်းလျောက်ပြိုင်ပွဲဝင်များ အား မွတ်စလင်မ် အဖွဲ့များမှ လက်ဆောင်များ ဝေဌ

    ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ၂၆ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင် လမ်းလျှောက်ပွဲတွင် (White Cane Day ) အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းများ နှင့် မြန်မာမွတ်စလင်မ် အရပ်ဘက် အဖွဲ့အစည်းများမှ ပြိုင်ပွဲဝင်များအတွက် လက်ဆောင်ပစ္စည်းများ ဝေငှ ခဲ့ကြောင်း သိရှိရသည်။

    ဓါတ်ပုံ- Thu Ya Zaw/Kyaw Htut