News @ M-Media

Author: M-Media

  • လတ်တလော ဖြစ်ပွားခဲ့သည့် အကြမ်းဖက် အဓိကရုဏ်းများ နှင့် M-Media အယ်ဒီတာအဖွဲ့ သဘောထား

    လတ်တလော ဖြစ်ပွားခဲ့သည့် အကြမ်းဖက် အဓိကရုဏ်းများ နှင့် M-Media အယ်ဒီတာအဖွဲ့ သဘောထား

    M-Media
    မတ်လ ၃၀ ရက်၊ ၂၀၁၃
    [Editorial]

    လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ မွတ်စလင်မ်ဆန့်ကျင်ရေး အဓိကရုဏ်းကြောင့် နိုင်ငံတကာ မီဒီယာတွေ မှာတော့ မြန်မာ သတင်းတွေ ခေါင်းကြီးပိုင်းက ဦးဆောင်ခဲ့ပါတယ်။ တချို့ကလည်း တုန်လှုပ်ဖွယ်ကောင်း တဲ့ ခေါင်းစဉ်မျိုးတွေနဲ့ အဖြစ်မှန်ကို ဒဲ့ရေးကြသလို တချို့ကလည်း သွယ်ဝိုက်စွာနဲ့ အကြံပြုကြတာမျိုး ရှိပါတယ်။

    သို့သော် မြန်မာပြည်တွင်း အခြေဆိုက် မီဒီယာကြီးတွေကတော့ ဒီလိုမျိုး ကြောက်မက်ဖွယ်ရာ အဓိကရုဏ်းကြီးကို ဖြစ်ရပ်မှန် အတိုင်း ခေါင်းစဉ်တပ်ဖို့ ရာ တော်တော်လေး ရွံ့နေပုံရပါတယ်။ ထိုနည်းတူ ပြန်ကြားရေး ဒုဝန်ကြီး  ဦးရဲထွဋ်ကလည်း အမေရိကန် သံအမတ်ကြီး  ဒီရက်မစ်ချဲလ်ရဲ့ “violence against Muslim communities” ၊ “မွတ်စလင်မ် ဆန့်ကျင်ရေး အဓိကရုဏ်း” ဆိုတဲ့ အသုံးအနှုံးကို နားလည်မှု လွဲမှားခြင်း သာဖြစ်တယ်လို့ ဆိုပါတယ်။

    အိမ်ရှင်/ဧည့်သည်ဆိုတဲ့ မှတ်ချက်အချို့ကြောင့်လည်း ပြည်တွင်းက native မြန်မာမွတ်စလင်မ်တွေ သာမက ချင်း၊ ကရင်၊ လီဆူး၊ ကချင်နဲ့ လားဟူ စတဲ့ တိုင်းရင်းသားတွေအတွက်ပါ အနည်းနဲ့ အများစိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ခဲ့ရသလို အချို့သော ရဟန်းသံဃာတော်တွေရဲ့ အပြု သဘောဆောင် မှတ်ချက်တွေ၊ လူသားချင်းစာနာစွာ ကူညီပံ့ပိုးမှုတွေကြောင့်လည်း ကျေနပ်ပီတိဖြစ်စရာတွေ ရှိခဲ့ပါတယ်။

    ပြည်ပ မီဒီယာ ပယောဂ

    ပြည်ပမီဒီယာတွေအနေနဲ့ လက်တံခြေတံရှည်တဲ့ အဖွဲ့ကြီးတွေဆီကနေ ရတဲ့ အချက်အလက် တွေအပေါ်အခြေခံပြီး၊ အဖြစ်အပျက် အပေါ်မှာ ဂဃနဏနားမလည်ဘဲ ရေးသားတာတွေ၊ သတင်းထုတ်ပြန်တာတွေ ရှိနေတယ်လို့ မှတ်ချက်ပေးမှုမျိုး ရှိခဲ့ပါတယ်။ ဒီမှတ်ချက်ကတော့ အဓိကရုဏ်းဆီ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့တဲ့ ကိုမင်းကိုနိုင်ရဲ့ မှတ်ချက်နဲ့ ကွဲပြားနေပါတယ်။ အဓိကရုဏ်းတားဆီးရေးနဲ့ ဓားစာခံပြစ်မှတ်တွေကို ဘယ်သို့ဘယ်ပုံ ကာကွယ်မလဲ၊ ကူညီမလဲဆိုတာတွေက သာပြီး အဓိကကျနေတဲ့ အချိန်မှာ ဒါမျိုးမှတ်ချက်က စိတ်ပျက်ဖွယ်ပါပဲ။

    ဘာကြောင့် လဲဆိုတော့ အဲဒီလို ပြည်ပအခြေဆိုက်မီဒီယာတွေထဲမှာ မြန်မာပြည် ဒီမိုကရေစီကြိုးပမ်းမှု တလျောက် ကူညီပံ့ပိုးခဲ့ကြတဲ့ မီဒီယာတွေ ပါနေသလို လက်ရှိမှာလည်း မြန်မာပြည်အရေး ကျွမ်းကျင်တဲ့ expert တွေကို ဖိတ်ခေါ်ဆွေးနွေး တင်ပြနေကြတဲ့ မီဒီယာတွေလည်း ပါဝင်နေလို့ပါပဲ။

    မြန်မာ့အရေး ကျွမ်းကျင်သူတွေနဲ့ မျက်မြင်သက်သေ နိုင်ငံခြားသားများ

    နိုင်ငံတကာက မြန်မာ့အရေးကျွမ်းကျင်သူတွေနဲ့ မြန်မာပြည်ရောက်ဖူးတဲ့ နိုင်ငံခြားသားတွေရဲ့ မှတ်ချက်က သေချာပြီး စိတ်ခံစားချက် မပါတဲ့ မှတ်ချက်တွေ ဖြစ်ပါတယ်။ မွတ်စလင်မ်တွေနဲ့ပတ်သတ်ရင် ခက်ထန်တင်းမာတဲ့ ရဟန်းအချို့ရဲ့ ဟောပြောချက်တွေကို ဗုဒ္ဓဘာသာဝင်အချို့က မျက်စိမှိတ်ယုံလေ့ရှိတယ်၊ အဲဒီသူတွေထဲမှာ ထူးဆန်းစွာနဲ့ပဲ ပညာတတ် အသိုင်းအ၀န်းကလူတွေပါ ပါဝင်နေတယ်ဆိုတာကို သူတို့တွေရဲ့ မှတ်ချက်တွေမှာ တွေ့ရှိရပါတယ်။

    က) ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ အမုန်းတရားများစေမယ့် Hate Speech တွေကို နားရည်ဝနေတာကြောင့်၊ မိတ္ထီလာမြို့ဖြစ်စဉ်မှာ မွတ်စလင်မ် လူတန်းကြီးကို ခေါ်ထုတ်လာတုန်း ဘေးကနေ ရိုက်ရိုက်၊ သတ်ပြစ်လို့ အော်နေကြတဲ့ ဗွီဒီယိုဖိုင် ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

    ခ) အစ္စလာမ်ဘာသာဝင် ကိုတင်ဝင်း အကြောင်းနဲ့ အဆုံးသတ်ပြီး အတွေးများစွာ မွေးထုတ်ပေးတဲ့ ဆောင်းပါးတစ်ပုဒ် ကို မြန်မာ့အရေး ကျွမ်းကျင်သူ ANU ပရော ဖက်ဆာနှစ်ဦးဖြစ်တဲ့ Dr Andrew Walker နဲ့ Dr Nicholas Farrelly တို့ ဦးစီးတဲ့ New Mandala မှာ ဖတ်ရှုရပြန်ပါတယ်။

    ဂ) ဧရာဝတီမှာ မိတ္ထီလာက ကိုယ်တွေ့ဖြစ်ရပ်ကလေးကို တင်ပြပေးခဲ့တဲ့ Geoffrey-hiller ရဲ့ ဆောင်းပါး ကလည်း ငြိမ်းချမ်းနေတဲ့ မြို့ကလေးကို သာမာန်စကားအခြေအတင်များရာကနေ ပြာကျသွားတဲ့ ဖြစ်ရပ်က ဘာကြောင့်များပါလဲ ဆိုတာ လှလှပပ ပုံဖော်ပြထားပြန်ပါတယ်။

    နိုင်ငံခြားသား မြန်မာ့အရေး ကျွမ်းကျင်သူတွေ ကိုယ်တိုင် ဖော်ပြပါဆောင်းပါးတွေမှာ ဗုဒ္ဓဘာသာ ရဟန်းအချို့ရဲ့ မုန်းတီးရေးအခြေခံ အစ္စလာမ်ဆန့်ကျင်ရေး တရားတွေကို မီးမောင်းထိုး ထောက်ပြနေကြပါတယ်။

    အရင်းအမြစ်ကို မထိုးဆွရဲတာ ဘာကြောင့်လဲ

    နိုင်ငံတကာက မြန်မာ့အရေးကျွမ်းကျင်သူများရဲ့ မှတ်ချက်တွေပေါ်အခြေခံတဲ့ နိုင်ငံခြားမီဒီယာတွေကို မဝေဖန်ခင်၊ မြန်မာပြည်မှာ သူတို့ထောက်ပြတဲ့ ရဟန်းဟော hate speech တွေ ရှိနေသလားဆိုတာကို တိုက်ရိုက် ထောက်ပြ ပြောဆိုကြရပါမယ်။

    ဒါကို ယနေ့ထိ မြန်မာပြည်က တာဝန်ရှိသူတွေရော၊ တခြားအဖွဲ့အစည်းတွေပါ မပြုလုပ်ကြသေးပါ။ ဒီလိုမျိုး လမ်းဘေး က အမုန်းတရားဖြန့်ချိရေး တရားပွဲတွေ၊ စာတမ်းဖြန့်ဝေမှု၊ စီဒီဖြန့်ဝေမှုတွေ၊ စာအုပ်စာတမ်းဖြန့်ဝေမှုတွေ ဟာ မိတ္ထီလာအဓိကရုဏ်းကြီးမစတင်မီ အမှန်တကယ်ရှိခဲ့လို့လည်း ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင်က သူ့အနေနဲ့ ဒီလိုမျိုး အဓိ ကရုဏ်းကြီးဖြစ်လာမယ်ဆိုတာ ကြိုတင် ခံစားမိနေတဲ့အကြောင်း ပြောပြခဲ့တာဖြစ်ပါတယ်။

    ဒါ့ပြင် နိုင်ငံတကာ မီဒီယာကို အရှိန်မြင့်ပေးလိုက်တဲ့ အဖြစ်အပျက်က သတင်းထောက်တွေကို အကြမ်းဖက်သမားတွေက ရန်မူကြခြင်း ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး အလဲဗင်း မီဒီယာကလည်း ဘာသာရေး အဆောက်အဦကို ဖျက်ဆီးနေချိန် မှာ ဓာတ်ပုံရိုက်ခွင့်မပေးဘူးလို့ သတင်းဖော်ပြခဲ့ပါတယ်။

    အဲဒီလိုမျိုး အမုန်းတရားပြန့်ပွားဖို့ လုပ်ဆောင်နေတဲ့ လူတစ်စုကို တားဆီးဖို့၊ တိုက်ရိုက်ပြစ်တင်ပြောဆိုဖို့ ဘာကြောင့် ပျက်ကွက်နေကြတာပါလဲ။

    ကုလ ကိုယ်စားလှယ် မစ္စတာကင်တားနားကတော့ မွတ်စလင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေမှာ ရဲ၊ စစ်တပ်နဲ့ တခြားသော အစိုးရတာဝန်ရှိသူတွေ ကိုယ်တိုင် ရပ်ကြည့်နေတာကြောင့် အကြမ်းဖက်မှုနောက်ကွယ်မှာ အစိုးရ အဖွဲ့အစည်း အချို့ပါဝင်ပတ်သတ်နေတယ်ဆိုတဲ့ သတင်းတွေ ရရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

    ဒီအချက်ကို မြန်မာအစိုးရက ငြင်းဆိုပေမယ့် ကျိုးကြောင်းပြရာမှာတော့ အားနည်းချက်တွေ၊ သံသယ ပွားစရာတွေ ရှိနေသလို နိုင်ငံတကာကလည်း ဒီအဓိကရုဏ်းကြီးက ဘာကြောင့်ဖြစ်လာသလဲဆိုတဲ့အပေါ်မှာ အာရုံခံနေကြတဲ့ အချိန် အရင်းအမြစ်ကို ချပြထားတာမျိုး မရှိသေးပါ။ မြေပြင်အခြေ အနေကို တိုက်ရိုက်မြင်တွေ့ခဲ့တဲ့ ကိုမင်းကိုနိုင်နဲ့ NLD အမတ် ဦးဝင်းထိန်တို့ရဲ့ မှတ်ချက်ကလည်း ကင်းတားနားအဆိုကို ထောက်ခံနေတယ်ဆိုတာ သတိချပ်ရမှာပါ။

    မြန်မာပြည်ရဲ့အလားအလာ

    တစ်နှစ်အတွင်းမှာတင် အဓိကရုဏ်းတွေ စဉ်ဆက်မပြတ်ဖြစ်နေတဲ့ မြန်မာပြည်ထဲ ဘယ်သူတွေက ရင်းနှီးမြှပ်နှံဖို့ စွန့်စားရဲပါ့မလဲ။ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုတွေနဲ့အတူ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ၀င်လာမယ့်အပေါ်မှာ ၉၆၉ ဆိုတဲ့ အဟန့်အတားကို ဘယ်သူက တာဝန်ယူပေးမလဲ။ စတဲ့မေးခွန်းတွေ စီရရီထွက်ပေါ်လာပါပြီ။ အလားအလာမကောင်းတဲ့ လက္ခဏာလို့ သုံးသပ်ကြမှာဖြစ်သလို နိုင်ငံခြားရောက် မြန်မာပြည်သား အသိပညာရှင် အတတ်ပညာရှင်တွေအနေနဲ့လည်း နိုင်ငံတွင်း ပြန်လာဖို့ စဉ်းစားစရာ ဖြစ်နေပါပြီ။

    နောက်ဆုံးအဖြေ

    အမ်-မီဒီယာအနေနဲ့ မြန်မာပြည်တွင်းက ဗုဒ္ဓဘာသာဘုန်းတော်ကြီးများသာမက အချို့သော ဗုဒ္ဓဘာသာဝင်များရဲ့ လူသားချင်း စာနာမှု၊ မေတ္တာ ကရုဏာရှေ့ထားပြီး ဆောင်ရွက်ကြတဲ့ စေတနာ့ဝန်ထမ်း အမှုများကို ၀မ်းမြောက်ဂုဏ် ယူစွာဖြင့် အသိအမှတ်ပြု မှတ်တမ်းတင်ပါတယ်။

    ထို့အတူ ဒီလိုအရေးအခင်းကြီးမျိုး နောက်ထပ် မဖြစ်စေဖို့ အမ်-မီဒီယာက ရှုထောင့်ကဏ္ဍ တစ်ခုကနေ တင်ပြချင်တဲ့ အဖြေများ သို့မဟုတ် တောင်းဆိုမှုများကတော့ –

    ၁) အကြမ်းဖက်မှုမှာ ဘာသာသာသနာမရှိပါ။ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတွေ သဘောထားထုတ်ပြန်ခဲ့ သလိုပါပဲ၊ အရေခြုံသံဃာ အချို့ကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုကို အခြေတည်ပြီး ဘာသာသာသနာတစ်ခုကို ယိုးမယ်ဖွဲ့ဖို့ မဖြစ်နိုင်ပါ။ သို့သော် လူမျိုးဘာ သာပေါင်းစုံ ပါဝင်နေတဲ့ မြန်မာပြည်သူလူထုကြီးထဲက အုပ်စုတစ်စုကိုတော့ဖြင့် ငါးပိတုန်းကျီးချီသလို တတိတတိနဲ့ မျိုးမတုန်းသွားဖို့ရာ သဘောထား တင်းမာသူတွေ၊ သင်္ကန်းခြုံပြီး မူတစ်မျိုးထွင် နေကြတဲ့အုပ်စုတွေ၊ စတာတွေသာမက အချိန်ကိုက် ၀ါဒဖြန့်မှိုင်းတိုက် သူတွေကိုပါ ဖော်ထုတ် အရေးယူရပါမယ်။

    ၂) ဘာသာသာသနာအချင်းအချင်း သဘောပေါက်နားလည်မှုမြင့် တက်စေဖို့ ၉၆၉ တရားပွဲတွေနေရာမှာ အမေရိကန် သံအမတ်ကြီး အဆိုပြုတဲ့ interfaith dialogue တွေ၊ ဖိုရမ်တွေ၊ ဒါ့အပြင် အခြေခံပညာကျောင်းများမှာပါ ကလေးများ အကြား အမြင်မကြည်လင်မှုတွေကိုကုစားပေးမယ့် အစီအစဉ်တွေနဲ့ အစားထိုးရပါမယ်။

    ၃) ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့၊ လုံခြုံမှုပေးဖို့ဆိုတာ မိန့်ခွန်းပြောကြားယုံနဲ့ မဖြစ်နိုင်ပါ။ ဒါကြောင့် လက်တွေ့အကောင် အထည်ဖော်မှုတွေသာမက နောက်ကွယ်ကြိုးကိုင်လှုပ်ရှားသူတွေကိုပါ ပြည်သူ့ရှေ့ ချပြဖို့ လိုအပ်ပါတယ်။

    ၄) ဒါ့ကြောင့် မိတ္ထီလာ အဓိကရုဏ်းစုံစမ်းစစ်ဆေးရေးကော်မတီရဲ့ အစီရင်ခံစာက အဓိကအချက်အလက်များကို တိုက်ရိုက်ပြောဆို တင်ပြတာမျိုး ဖြစ်နေပြီး နိုင်ငံတကာရဲ့ သို့လောသို့လောအခြေအနေများသာမက ပြည်သူလူထုရဲ့ ကျီးလန့်စာ စားနေရတဲ့အဖြစ်များကိုပါ ပပျောက်သွားစေမယ်လို့ မျှော်လင့်ပါတယ်။

    ၅) အခြေခံဥပဒေမှာ အတိအလင်းပါရှိတဲ့ နိုင်ငံသားအခွင့်အရေးနဲ့ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို ချိုးဖောက်တဲ့ ဘယ်လို လုပ်ဆောင်ပြောဆိုချက်ကို မဆို ကျောသားရင်သား မခွဲခြားဘဲ တရားဥပဒေနှင့် အညီ အရေးယူဆောင် ရွက်နိုင်မယ့် တရားရေးမဏ္ဍိုင် အားကောင်းမှန်ကန်ဖို့ ဆောင် ရွက်ပေးစေ လိုပါတယ်။

    ၆) ယခင် အာဏာရှင် လက်ထက်မှာ “အမျိုးပျောက်မှာ စိုးကြောက်စရာ” လိုမျိုး အပုတ်ချအမြတ်ထုတ် ၀ါဒဖြန့်တဲ့ စာအုပ်စာတမ်းတွေ လက်သိပ် ထိုးဖြန့်ချိခဲ့ပါတယ်။ ယနေ့မှာတော့ အဲဒီစာအုပ်ပါ အကြောင်းအရာမျိုးတွေကို ပေါ်ပေါ်ထင်ထင် ဟောပြော တင်ပြနေတာတွေ၊ အခွေများ၊ စာအုပ် များဖြန့်ချိနေတာတွေ ပြုလုပ်နေကြပါတယ်။ ဒါကြောင့် အုပ်စုနှစ်ခုအကြား အမုန်းတရား ပွားများခြင်းမျိုးမရှိဖို့အတွက် ပြစ်မှုဆိုင်ရာဥပဒေ (ယခင် ရာဇသတ်ကြီး) အခန်း ၁၅ ဘာသာသာသနာ ဆိုင်ရာပြစ်မှုများ ပုဒ်မ ၂၉၅(က) အား လက်တွေ့ အသက်ဝင်လာစေ ဖို့ ဆောင်ရွက်ပေးစေ လိုပါတယ်။

    အေးချမ်းသာယာသော လူမျိုးသာသနာပေါင်းစုံ စုစည်းရာ ဒီမိုကရေစီပြည်ထောင်စုကြီးကို လိုလားလျက် –

  • မိတ္ထီလာအကြမ်းဖက်မှုသည် နိုင်ငံတကာ ရင်းနှီးမြှပ်နှံလိုသူများအတွက် ခေါင်းခဲစရာဖြစ်လာ

    မတ်လ ၂၉ ရက်၊ ၂၀၁၃
    M-Media
    www.bangkokpost.com ပါ ဆောင်းပါးအား ဆီလျော်သလို မြန်မာပြန်ပါသည်။

     

    628x471မြန်မာနိုင်ငံသည် နိုင်ငံတကာဦးဆောင်ကုမ္ပဏီများနှင့်လက်တွဲကာ လယ်ယာစိုက်ပျိုးရေး ၊နိုင်ငံ့ကျောထောက်နောက်ခံ နှင့် ငွေကြေးအခန်းကဏ္ဍများ၌ ဒီမိုကရေစီနည်းကျ ဖွံဖြိုးအောင် ခိုင်မာ တည်ငြိမ်အောင် စိတ်ထက်သန်စွာကြိုးပမ်းနေသည့်အတွက် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ မတ်လ ၂၀-၂၁ ရက်တွင် စီးပွားရေး ရင်းနှီးမြှပ်နှံမှု ဆိုင်ရာထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။

    မြန်မာနိုင်ငံ၏ဒီမိုကရေစီအပြောင်းအလဲသည် နောက်ကြောင်းပြန် မလှည့်မည့်၊ ကျယ်ကျယ် ပြန့်ပြန့်ပြုပြင်ပြောင်းလဲ တည်ဆောက်မည့် လမ်းကြောင်းပေါ်ရှိနေခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံရေးနှင့် ကုန်သွယ်မှု အခန်းကဏ္ဍ အတွက် အချိန်ဆိုက်ရောက်နေပြီဖြစ်သည်။

    နိုင်ငံရေးနှင့်စီးပွားရေးအရ နှစ်ပေါင်းများစွာ ဖယ်ကြဉ်ခံထားရသည့် တိုင်းပြည်တစ်ခုအတွင်း စီးပွားရေးလုပ်ငန်းအလားအလာများ သစ်များနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံသူများ အစုလိုက် အပြုံလိုက် စိတ်ဝင်တစား ရောက်ရှိလာကြသည်။

    သို့သော် မန္တလေးနှင့် မဝေးကွာလှသော မိတ္ထီလာမြို့နယ်၌ မွတ်စ်လင်မ်ဒေသခံများအပေါ် ရက်စက်ကြမ်းတမ်းစွာ ဆိုးဆိုးဝါးဝါးအကြမ်းဖက်ကြီးမှုအား လက်ပိုက်ကြည့်လွှတ်ထားခဲ့ခြင်း၊ ဆက်လက်ဖျက်ဆီးနေခြင်းကြောင့် အထက်ပါအချက်နှင့် လုံးလုံးလျားလျားဆန့်ကျင်သည့် အကျိုးဆက်များ ဖြစ်ပေါ်ရသည်။

    ယင်းထိပ်သီးဆွေးနွေးပွဲကျင်းပသည့်နေ့မှာပင် မိတ္ထီလာမှာ တိုက်ခိုက်ခံရပြီးသည်နှင့် စစ်မက်ဒဏ်ခံရပ်ဝန်းအလား ဖြစ်ပျက်သွားခဲ့သည်။ ဗလီဝတ်ကျောင်းတော်နှင့်ဈေးဆိုင်များ အပါအ၀င် အဆောက်အဦများစွာ ပြာပုံဘ၀ရောက်ခဲ့သည်။ ပြည်တွင်းရှိ မီဒီယာများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ သတင်းအရ သတ်ဖြတ်ခံရသည့်လူဦးရေမှာ ရာဂဏာန်းအထိ ရှိကြောင်း ဆိုနေသည်။

    လူတို့ကို ကျောက်ခဲများဖြင့်ပစ်ပေါက်ခြင်း၊ ရိုက်နှက်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းတို့ ရှိခဲ့ကြောင်း မျက်မြင်သက်သေများ က ပြောဆိုလာပြီဖြစ်သည်။ အဆိုးဝါးဆုံးကိစ္စတစ်ရပ်အဖြစ် မိဘမဲ့ကလေးငယ်များပါဝင်သော အစ္စလာမ်ပညာသင် ကျောင်းသား ၂၈ ဦး၊ ဆရာ ၄ ဦးတို့အား ဗုဒ္ဓဘာသာဝင် အကြမ်းဖက် လူအုပ်ကြီးတစ်စုမှ မသေမချင်းရိုက်သတ်ခဲ့ကြောင်း သတင်းပြန့်ကြီးထွားလာခဲ့သည်။

    ယင်းရက်သတ္တပတ်တစ်လျှောက် နေပြည်တော်၊ ပဲခူး၊ ရမည်းသင်း၊ ရန်ကုန် အစရှိသော နိုင်ငံဒေသအများအပြား၌ စိုးရိမ်သောကများ၊ အကြမ်းဖက်မှု များ ကျယ်ပြန့်သွားသည်။ နာမည်ကြီး ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ကြယ်ငါးပွင့်ဟိုတယ်များမှ မိနစ်ပိုင်းမျှခရီးတာရှိ ရန်ကုန်မြို့လယ်ခေါင်မှ မွတ်စ်လင်မ်ဈေးဆိုင်များ၊ ဗလီဝတ်ကျောင်းတော်များကို တနင်္ဂနွေနေ့ညဥ့်ပိုင်းတွင် ရန်ပြုတိုက်ခိုက်လုမတတ်ဖြစ်ပွားခဲ့ပြီးနောက် ထရပ်ကားသုံးစီးဖြင့် လက်နက်ကိုင်လုံခြုံရေးအဖွဲ့များ စေလွှတ်ခဲ့ရသည်။

    လတ်တစ်လောအကြမ်းဖက်မှုများသည် အပြန်အလှန်ပဋိပက္ခအသွင်မဆောင်၊ ၄င်းပြင် လူနည်းစုတို့အား စံနစ်တကျအကွက်ချတိုက်ခိုက်မှုများ၏ လက္ခဏာမှာ အထူးပေါ်လွင်နေသည်။ မိတ္ထီလာ၌ တိုက်ခိုက်မှုအရှိန်အဟုန်မြင့်မားစဉ်က တုန်လှုပ်နေကြသော ဒေသခံဗုဒ္ဓဘာသာဝင်တို့သည် မွတ်စ်လင်မ်တို့အား မိမိတို့၏နေအိမ်များအတွင်း ခိုကိုးရာပေးကာကွယ်၍တစ်မျိုး မြို့နှင့်ဝေးရာသို့ပို့ဆောင်ပေးခြင်းဖြင့်တစ်ဖုံ အသက်စွန့်ကယ်တင်ခြင်းများလည်း ဧကန်ဖြစ်ပွားခဲ့သည်။

    မိတ္ထီလာတိုက်ခိုက်မှုကြီးဖြစ်ပွားအောင်လှုံ့ဆော်ချက်ဟု လူသိများကြသော လက်ရှိ ၉၆၉ လှုပ်ရှားမှုအပါအ၀င် လပေါင်းများစွာကတည်းက မွတ်စ်လင်မ် ဆန့်ကျင်ရေး အတွက် သွေးထိုးပေးနေသည့်အုပ်စုများအား သတိထားကြရန် ပြည်တွင်း မွတ်စ်လင်မ်အဖွဲ့အစည်းများမှ သတိပေးလျက်ရှိသည်။ မွတ်စ်လင်မ် ဆန့်ကျင်ရေး လှုပ်ရှားမှုလုပ်ရပ်များမှာ လွန်ခဲ့သည့် လအနည်းငယ်လောက်မှစ၍ တရိပ်ရိပ်တိုးပွားလာခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၁၇ ရက်က ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတစ်ခုအား အကြမ်းဖက် ဗုဒ္ဓဘာသာဝင် ၃၀၀ ရှိလူအုပ်မှ ဖြိုချဖျက်ဆီးသည့်ကိစ္စမှာလည်း အပါအ၀င်တစ်ခုဖြစ်သည်။

    ၉၆၉ လှုပ်ရှားမှုခေါင်းဆောင် ဘုန်းတော်ကြီး ဦးဝီရသူ၏ဟောကြားချက်တစ်ခုတွင် “ (ဗုဒ္ဓဘာသာဝင်)လူထုအား ကျွန်ုပ်တို့မှ စုစည်းလှုပ်ရှားခြင်း မရှိပါမူ နိုင်ငံသည် (မွတ်စ်လင်မ်)ရန်သူတို့၏လက်ထဲသို့ ကျရောက်တော့မည်၊ ဤတိုက်စစ်အောင်မြင်သည်နှင့် အခြားမွတ်စ်လင်မ် ပစ်မှတ်များထံ ကျွန်ုပ်တို့ ဆက်လက် ဦးတည်မည်၊ ကျွန်ုပ်တို့၏ ပစ်မှတ်များအပေါ် ဆက်လက် စစ်ဆင်သွားမည် ” ဟူသော အဓိပ္ပာယ်မျိုး ပါဝင်နေခဲ့သည်။ ယင်းဟောပြောချက် မှတ်တမ်းသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က အွန်လိုင်းမျက်နှာစာပေါ်သို့ ရောက်လာခဲ့သည်။

    ၉၆၉ လှုပ်ရှားမှုအုပ်စုသည် မွတ်စ်လင်မ်တို့ကို ထိုးစစ်ဆင်ရန် လက်ကမ်းစာစောင်များ၊ စီဒီနှင့်ဗီစီဒီအခွေများ ဖြန့်ဝေခြင်းအားဖြင့် နိုင်ငံတစ်ဝှန်း တက်ကြွစွာ ဆောင်ရွက်နေဆဲဖြစ်သည်။

    ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဗီယာသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် မိတ္ထီလာမြို့သို့ သွားရောက်ကြည့်ရှုခဲ့သည်။ ယင်းကိစ္စ၏တာဝန်ရှိသူများအား အရေးယူဆောင်ရွက်ရန် အစိုးရကိုလည်း တိုက်တွန်းခဲ့သည်။ သို့ရာတွင် ဤအကြမ်းဖက်မှုကြီးဖြစ်အောင် တွန်းပို့ခဲ့သူအချို့ကို ဗုဒ္ဓဘာသာဝင်လူ့အဖွဲ့အစည်းကိုယ်စားပြု သံဃာတော်များအဖြစ် ကုလသမဂ္ဂအရာရှိ များနှင့်တွေ့ဆုံစေခဲ့သည်။ လက်နက်ကိုင်အကြမ်းဖက်ကျူးလွန်သူအချို့အား ဖမ်းဆီးထိန်းသိမ်းသော်လည်း အကြမ်းဖက်မှုနောက်ကွယ်မှကြိုးကိုင်နေ သူများကိုမူ လွတ်လပ်ခွင့်ပေးထားဆဲဖြစ်သည်။

    မြန်မာအစိုးရဖက်မှ ထိခိုက်ခံဒေသများသို့ လုံခြုံရေးတပ်များစေလွှတ်၍ အရေးပေါ်အခြေအနေကိုထုတ်ပြန်ခဲ့သည်။ အကြမ်းဖက်မှုကိုရှုတ်ချကြောင်း၊ ဒီမိုကရေစီ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အား ယိမ်းယိုင်စေမည့် အကြမ်းဖက်မှုနှင့်ဘာသာရေးအစွန်းရောက်မှုများ ကို ရှောင်ကြဉ်ကြရန် နိုင်ငံသားတို့အား တိုက်တွန်းမှာကြားကြောင်း သမ္မတဦးသိန်းစိန်သည် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ တနင်္လာနေ့တွင် မိန့်ခွန်းပြောကြားခဲ့သည်။

    နိုင်ငံသားတို့အား ကာကွယ်ရန်၊ ပြည်သူတို့မှ လုံခြုံရေးနှင့်ငြိမ်းချမ်းမှုရရှိရန်ကား မိန့်ခွန်းပြောကြားယုံမျှဖြင့် အကျိုးမသက်ရောက်ပါ။ အာဃာတနှင့် အကြမ်းဖက်မှုအား နိုင်ငံတစ်ဝှန်းသို့သွတ်သွင်းနေသော ဦးဝီရသူ အပါအ၀င် အကြမ်းဖက်မှုနောက်ကွယ်တရားခံများ ကို မြန်မာနိုင်ငံအနေနှင့် ချက်ခြင်းလက်ငင်းဖမ်းဆီးအရေးယူရန် မဖြစ်မနေလိုအပ်ပေသည်။

    ပြင်းပြင်းထန်ထန် လူမျိုးရေး ဖိနှိပ်ခွဲခြားဆက်ဆံမှု၊ နှိပ်စက်ညှင်းပန်းမှု၊ ပျက်လိုဖျက်ဆီးရပ်တည်ချက်များသည် ဒီမိုကရေစီတည်ဆောက်နေသော တိုင်းနိုင်ငံ တစ်ခု၌ လုံးဝ မဖြစ်သင့်ပါ။ ထိုသို့ ပြုကျင့်ခံရပြီး လူပေါင်း တစ်သိန်းနှစ်သောင်းအား အိုးမဲ့အိမ်မဲ့ဖြစ်သွားစေသည့် ရခိုင်ပြည်နယ်မှ ဂယက်ကြီးနှစ်ခုဖြစ်ပွားပြီး တစ်နှစ်မပြည့် တတ်သေးမှီမှာပင် မိတ္ထီလာဖြစ်ရပ်ဆိုးကြီး ဖြစ်လာပြန်သည်။

    ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်သည် ဖော်ပြပါအချက်များကြောင့် အောင်မြင်လိမ့်မည် မဟုတ်ပါ။ အာဏာပိုင်အစိုးရမှသည် လူ့အဖွဲ့အစည်း အုပ်စုများ၊ ပညာတတ်အသိုင်းအ၀ိုင်းများ၊ ဒေသဆိုင်ရာအသင်းအဖွဲ့များ၊ ခေါင်းဆောင်များအထိ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ အလွှာအသီးသီးမှ ၀ိုင်းဝန်းပံ့ပိုးဆောင်ရွက်ကြရန် လိုအပ်နေပါသည်။

    ပြည်ထောင်စုပုံစံ ပြန်လည်ဖော်ဆောင်တည်ဆောက်ရေး၌ လူတိုင်းပါဝင်ဆောင်ရွက်ရပါမည်။ လူမျိုးကြီးဝါဒအား လက်မခံရေးနှင့်အမြစ်လှန်ရေး၌ လည်းကောင်း၊ အစစ်အမှန် ရင်ကြားစေ့သင့်မြတ်ရေး အား ဖော်ဆောင်မှုလုပ်ငန်းစဉ်များ၌လည်းကောင်း ပြည်သူတစ်ရပ်လုံး တက်ကြွစွာလှုပ်ရှားရန် လိုအပ်ပေသည်။

    ဤသည်တို့ကို လျစ်လျူရှုလိုက်ပါလျှင် ဖွံ့ဖြိုးတိုးတက်မှုအလားအလာကောင်းတို့ကို တဖြည်းဖြည်း မြေမြှုပ်ဖြိုလဲမည့် ဖိအားများ၊ အရှိန်အဟုန်များ အား တည်ဆောက်ပေးရာရောက်ပါသည်။ လူသားချင်းစာနာထောက်ထားမှု ပုံရိပ်များ မှေးမှိန်သွားစေပါသည်။

    အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့်အားလျော်စွာ မြန်မာအာဏာပိုင်များသည် အာဆီယံစာချုပ်ပါအချက်အလက်အပေါင်းကို လက် ကိုင်ပြုဖော်ဆောင်သော အစိုးရ တစ်ရပ်ဖြစ်ကြောင်း ပြသရပါလိမ့်မည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့်ပြည်တွင်းလူ့ဘောင်ကလည်း လူမျိုး၊ ဘာသာ၊ သွေးသား မခွဲခြားသော ပြန်လည်သင့်မြတ်ပေါင်းစည်းရေး အစီအမံများ ထိထိရောက်ရောက် ပြုလုပ်ရန် မြန်မာအစိုးရအား တိုက်တွန်းခြင်း၊ ၀ိုင်းဝန်းကူညီခြင်းဖြင့် ဒီမိုကရေစီတည်ဆောက်မှုခရီးကြမ်းတွင် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ဆောက်ရွက်သင့်ပေသည်။

    သို့မဟုတ်ပါက ရန်ကုန်မြို့၌လတ်တစ်လောပြုလုပ်သွားခဲ့သည့် စီးပွားရေးဆိုင်ရာထိပ်သီးဆွေးနွေးမှုကြီးသည်ကား “ ဖွံဖြိုးတိုးတက်ရေးဆီ သို့အသွင် ကူးပြောင်းသည့်နိုင်ငံ ” ဟူသော အိပ်မက်များ အစိပ်စိပ် အမြွာမြွာဖြစ်သွားခြင်းနှင့်အတူ ကိုယ့်ဖက်ကိုယ်ယက်ဒဿနရှင်များ၏တွေ့ဆုံမှု တစ်ရပ်မျှသာဟု ဆိုရပေတော့မည်။

  • နိုင်ငံပိုင် ရဲဌာနများ၏ မိတ္ထီလာအဓိကရုဏ်း အသေအပျောက်စာရင်း မှားယွင်းနိုင်ကြောင်း အလဲဗင်းဝန်ခံ

    နိုင်ငံပိုင် ရဲဌာနများ၏ မိတ္ထီလာအဓိကရုဏ်း အသေအပျောက်စာရင်း မှားယွင်းနိုင်ကြောင်း အလဲဗင်းဝန်ခံ

    M-Media
    မတ်လ ၂၃ ရက်၊ ၂၀၁၃

     

    “မတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ ပဋိပက္ခတွင် သေဆုံးသူ (၁၁) ဦးနှင့် ဒဏ်ရာရရှိသူ (၃၉) ဦးရှိကြောင်း နိုင်ငံပိုင် မီဒီယာများမှ သတင်း ထုတ်ပြန်ထားသော်လည်း မျက်မြင်သက်သေများ၏ ပြောကြားချက်နှင့် Eleven Media Gruop မှ ရရှိခဲ့သော အထောက် အထားများအရ သေဆုံးသူ အရေအတွက်နှင့် ဆုံးရှုံးမှုများ ပိုမိုများပြားနိုင်ကြောင်း သိရပါသည်။” (အလဲဗင်း မီဒီယာ သတင်းဖော်ပြချက် – မတ်လ ၂၃ ရက်၊ ၂၀၁၃)

    အစိုးရ ရဲဌာနများရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး မွတ်စလင် ၁၀ ဦး သေဆုံးသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း အလဲဗင်း မီဒီယာက ငြင်းဆိုခဲ့သည်။ ရဲဌာန၏အဆိုအရ မတ်လ ၂၁ ရက်နေ့အထိ လူ ၆ ဦးသာ သေဆုံးခဲ့ကြောင်းကို ၄င်းတို့ပိုင် တရားဝင်ဝက်ဘ် ဆိုဒ်နှင့် ဖေ့စ်ဘွတ်စာ မျက်နှာများ၌ ဖော်ပြထားခဲ့သည်။

    သို့သော် ယနေ့တွင်မူ ရဲဌာန၏ စာရင်းထုတ်ပြန်ချက်တွင် အမှားအယွင်း ရှိနေနိုင်ကြောင်း သံသယပွားစေမည့် သတင်းမျိုးကို အထက်ပါ အတိုင်း တင်ပြကာ ၄င်းတို့၏ မတ်လ ၂၁ ရက်တင်ပြချက် မှားယွင်းနိုင်ကြောင်း ၀န်ခံလိုက်ပြီဖြစ်သည်။ ထို့အတူ အလဲဗင်း မီဒီယာက မိတ္ထီ လာအဓိကရုဏ်းစတင်ဖြစ်သည့်နေ့တွင်ပင် “အပြန်အလှန်မီးရှို့မှု” များရှိသည်ဟု “အပြန်အလှန်” ဟူသည့် စကားလုံးကို သုံးစွဲကာ ၀ါဒဖြန့်ခဲ့သည်။

    အခြားနိုင်ငံတကာ သတင်းဌာနတစ်ခု၏ ဖော်ပြချက်အရ အောက်ပါအတိုင်း သိရှိရပါသည်။

    ယူကေအခြေဆိုက် ဂါဒီးယန်းသတင်းစာ၏ ဆက်သွယ်မေးမြန်းချက်အရ မိတ္ထီလာမြို့၊ မွတ်စလင်ဆန့်ကျင်ရေးအရေးအခင်းကြောင့် လူပေါင်း ၁၀၀ ခန့်သေဆုံးပြီးဖြစ်ကြောင်း ဦးဝဏ္ဏရွှေမှပြောကြားခဲ့သည်။ လူ့အခွင့် အရေးစောင့်ကြည့်မှုအဖွဲ့ (Human Rights Watch) မှ Phil Robertson ကမူ “အဓိက ပြဿနာက ဒီလိုပါ။ အစိုးရက အမုန်းတရားကြီးထွားမယ့် လုပ် ကိုင်ဆောင်ရွက်ချက်တွေ၊ အုပ်စုလိုက်ကျူးလွန်ကြတဲ့ ဆူပူသောင်း ကျန်းမှုတွေကို ပေါ်တင်ကြီး ငေးကြည့်နေတယ်၊ ဒီလိုလုပ်တော့ မွတ်စလင်တွေကို တိုက်ခိုက်တယ်ဆိုတာက အရေးယူခံရမယ့် ကိစ္စမဟုတ်ဘူးဆိုတဲ့ ဥပမာ သဘောမျိုး သက်ရောက်နေတယ်။ မွတ်စလင်တွေကို တိုက်ခိုက်ခြင်းက မြန်မာပြည်ထဲမှာ ဆက်ပြီး သက်ဆိုးရှည်နေတယ်၊ အားကောင်းနေတယ်။ မိတ္ထီလာမှာ စစ်အခြေဆိုက် စခန်းကြီးရှိတယ်။ လူတွေအုံကြွလာပြီဆိုတာနဲ့ သူတို့ တားဆီးလိုက်နိုင်တာပဲလေ။ ဘာကြောင့်ဒီလို ဆူပူသောင်းကျန်းမှုကြီးက ၂ ရက်လောက်ထိ သက်ဆိုးရှည်သွားတာလဲ? မတားဆီးနိုင်ရခြင်းက သူတို့မှာ တားဆီးဖို့ ခွန်အားမရှိလို့ ဒါမှမဟုတ် ဗုဒ္ဓဘာသာဘုန်းကြီးတွေပါဝင်နေလို့ နိုင်ငံရေးပေါ် လစီအရ မတားဆီးချင်လို့ပဲ ဖြစ်ရမယ်။” ဟု ဂါးဒီးယန်းသို့ ပြောပြခဲ့သည်။

  • မိတ္ထီလာဒုက္ခသည်စခန်းသို့ ရောက်ရှိခဲ့သော ဆရာဝန်တစ်ဦးထံ တိုက်ရိုက် ဆက်သွယ် မေးမြန်းထားချက်

    မိတ္ထီလာဒုက္ခသည်စခန်းသို့ ရောက်ရှိခဲ့သော ဆရာဝန်တစ်ဦးထံ တိုက်ရိုက် ဆက်သွယ် မေးမြန်းထားချက်

    M-Media

    မတ်လ ၂၂ ရက်၊ ၂၀၁၃

    အမ်တူးအေ

    (၂၂.၃.၂၀၁၃)ရက်နေ့က မိတ္ထီလာဒုက္ခသည်စခန်းကို ရောက်ရှိခဲ့တဲ့ ဒေါက်တာတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

    မေး – ဒေါက်တာက မနေ့က မိတ္ထီလာဒုက္ခသည်စခန်းကိုရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီက အခြေအနေလေး သိချင်ပါတယ်။ ပြောပြပေးပါလား။
    ဖြေ – ဟုတ်ကဲ့။ ကျွန်တော် မနေ့က မိတ္ထီလာ အားကစားကွင်းထဲက ဒုက္ခသည်စခန်းကို ရောက်ရှိခဲ့ပါတယ်။ ကျွန်တော် မိတ္ထီလာကိုရောက်တော့ နေ့လည် (၃)နာရီလောက်ရှိပါပြီ။

    မေး – ဒေါက်တာက ဘယ်အဖွဲ့နဲ့ ဘယ်လိုသွားခဲ့တာပါလဲ။
    ဖြေ – ကျွန်တော်တို့သွားတာက အဖွဲ့ရယ်လို့တော့မဟုတ်ဘူးဗျ။ ဒီအတိုင်းပဲ သွားလိုက်ကြတာ။ ဘုန်းဘုန်းတစ်ပါးရယ်၊ ဗိုလ်ကြီးဟောင်းတစ်ယောက်ရယ်၊ ကျွန်တော်ရယ် (၃)ယောက်ပါ။ ဆယ်ဘီးကား (၁)စီးနဲ့ အိုးခွက်ပန်းကန် စားသောက်စရာတွေရယ်၊ ဒိုင်နာ(၄)စီးနဲ့ ရေသန့်တွေရယ်၊ light truck ကား (၁)စီးနဲ့ မုန့်တွေရယ်ပါတယ်။ ကျွန်တော်တို့ (၃)ယောက်ရယ် အဲဒီကားမောင်းသူတွေရယ်ပါ။

    မေး – ဟုတ်ကဲ့။ ဟိုမှာ ဘယ်လိုအခြေအနေရှိပါလဲ။
    ဖြေ – မိတ္ထီလာကိုရောက်တော့ (၃)နာရီထိုးပြီ။ ကျွန်တော်တို့လည်း တိုင်းရုံးကို အရင်သွားလိုက်ပါတယ်။ ဟိုမှာက sky net ကလည်း ရှိနေတယ်။ ပြီးတော့ တိုင်းမှူးဗိုလ်ချုပ်ရဲမြင့်နဲ့သာသနာရေးဒုဝန်ကြီးလည်းရောက်နေကြတယ်။ သူတို့ အစည်းအဝေးလုပ်နေကြတာ။ ကယ်ဆယ်ထောက်ပံ့ရေးအတွက်လာတာဖြစ်ကြောင်းပြောပြီး လုံခြံရေးအတွက် တောင်းတော့ သူတို့လည်း လုံခြုံရေးစိုးရိမ်တာကြောင့် ကျွန်တော်တို့ကို ရဲကား(၅)စီး လုံခြုံရေးပေးပါတယ်။ ဒါနဲ့ ကျွန်တော်တို့ ခရိုင်အားကစားကွင်းထဲက ဒုက္ခသည်စခန်းကို ရောက်ခဲ့ပါတယ်။

    မေး – ဟုတ်ကဲ့၊ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ ဘယ်လောက်ရှိနေပါသလဲ။
    ဖြေ – ဒုက္ခသည်စုစုပေါင်း ၄၀၀၀ ကျော်ရှိနေပါတယ်။ အဲဒီမှာ ICRC လည်းရောက်နေတယ်။ ဆရာဝန် ၁-ယောက်လည်းရှိနေတယ်။ မနက်ဖြန် (၂၃)ရက်နေ့မှာတော့ ဆေးဝါးတွေရောက်မယ်ပြောတယ်။

    မေး – ဟုတ်ကဲ့ စခန်းက ဒုက္ခသည်တွေရဲ့ အခြေအနေတွေ ဘယ်လိုရှိနေပါလဲ ဒေါက်တာ။
    ဖြေ – အဲ့ဒီမှာက မိခင်တွေ၊ ကလေးနို့တိုက်နေရတဲ့ မိခင်တွေရှိတယ်။ သူတို့တွေလည်း နို့တိုက်ဖို့ အဆင်မပြေဘူး။ ဒီတော့ နို့မှုန့်တွေ အရေးပေါ်လိုလာတယ်။ အဲဒါတွေတော့ ကြိုးစားရတယ်။ နောက် အ၀တ်အစားမရှိကြဘူး။

    မေး – ဟုတ်ကဲ့ပါ။ သူတို့တွေအတွက် တခြားဘာများလိုအပ်နေတာရှိလဲ။ တခြားလှူချင်သူတွေလည်း သိထားရအောင်လို့ပါ။
    ဖြေ – အ၀တ်အစားလိုတယ်။ နောက်ပြီးတော့ သူတို့မှာ စိတ်ဖိစီးမှုဒဏ်ကို တအားခံစားနေရတယ် ဒါကြောင့် ခေါင်းမူးတာတွေ သွေးပေါင်ချိန်ကျတာတွေလည်းဖြစ်နေတယ်။ အဲဒီအတွက် ဓါတ်ဆားတွေ၊ အားဆေးပုလင်းချိတ်ဖို့လိုတာတွေရှိနေတယ်။ အဟာရထောက်ပံ့ရေးလုပ်ဖို့ လိုတယ်။ ဗိုက်အောင့်တတ်တဲ့ ဝေဒနာတွေဖြစ်နေကြတယ်။ ဗိုက်အောင့်တာကလည်း အမျိုးမျိုးပေါ့ အဲဒါတွေ အတွက် ဆေးဝါးတွေလိုပါတယ်။

    မေး – ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဒေါက်တာ။
    ဖြေ – ဟုတ်ကဲ့ပါခင်ဗျာ။

  • မြန်မာပြည်မှ နာဇီပုံစံ မွတ်စလင်ဆန့်ကျင်ရေး

    မြန်မာပြည်မှ နာဇီပုံစံ မွတ်စလင်ဆန့်ကျင်ရေး

    M-Media

    မတ်လ ၂၂ ရက်၊ ၂၀၁၃

    www.asiasentinel.com

    488057_504354832935478_1313808008_n
    မွတ်စလင်များ မြို့ပြင်သို့ထွက်သွားနေကြသည်ကို အလဲဗင်းမီဒီယာမှ တင်ပြထားပုံ

     

    ပွင့်ပွင့်လင်းလင်းဝေဖန်လေ့ရှိတဲ့ ဒေါက်တာမောင်ဇာနည်က ရခိုင်အရေးအခင်းကို နာဇီလှုပ်ရှားပုံမျိုးလို့ ကင်ပွန်းတပ်ခဲ့တယ်။ ဒါကို မြန်မာအချို့က လိုတာထက် ပုံကြီးချဲ့တယ်လို့ ဆိုကြတယ်။ အနောက်တိုင်းသားတချို  လည်း ဒီလိုအသုံးအနှုံးမျိုးကို ရှောင်ခဲ့တာပေါ့။

    ဒါပေမယ့် အခုမိတ္ထီလာမှာ မွတ်စလင်ဆန့် ကျင်အကြမ်းဖက်မှုတွေဖြစ်တော့ ဒေါက်တာဇာနည်မှန်တယ်ဆိုတာ သက်သေပြနေသလိုပဲ။ မွတ်စလင်ရွှေ ဆိုင်ပိုင်ရှင်နဲ့ ဗုဒ္ဓဘာသာဝင်တို့ အချင်းများရာကနေ စလိုက်တာဟာ လူပေါင်း ၃၀ ထက်မနည်းသေပြီးဖြစ်သလို၊ ဗလီ ၁၀ လုံးထက်မနည်း၊ အစ္စလာမ့်စာ သင်ကျောင်းတွေ၊ အိမ်တွေ ဖျက်ဆီးခံခဲ့ရတယ်။ မီးခိုးတွေ၊ ပြာတွေနဲ့ မီးလောင်တစပြင်ကြီးလို ဖြစ်နေတဲ့ မိတ္ထီလာကနေ မွတ်စလင်တွေရော၊ ဗုဒ္ဓဘာသာဝင်တွေပါ ထွက်ပြေးကြရတယ်။

     

    262167_504354916268803_1432016672_n
    မွတ်စလင်များ မြို့ပြင်သို့ထွက်သွားနေကြသည်ကို အလဲဗင်းမီဒီယာမှ တင်ပြထားပုံ

     

    မတ်လ ၂၁ ရက်နေ့ကတော့ ရန်ကုန်အခြေစိုက် အလဲဗင်းက မြို့ပြင်ကို မောင်းထုတ်ခံနေရတဲ့ မွတ်စလင်လူတန်းရှည်ကြီးပုံကို ဖော်ပြသွားခဲ့တယ်။ ဒီပုံထဲမှာ ထူးခြားတာက ကလေးတွေ၊ မိန်းမတွေနဲ့ သက်ကြီးရွယ်အိုတွေအားလုံး သူတို့လက်တွေကို မြှောက်ထားကြရတယ်။ သူတို့ကို လုံခြုံရေးတွေက ကာရံပေးထားတယ်။ အနီးအပါးမှာတော့ ဒုတ်ဓားကိုင် ဘုန်းကြီးတွေ၊ ဗုဒ္ဓဘာသာဝင်တွေက ရာနှစ်ချီပြီး ထွက်သွားနေတဲ့ မွတ်စလင်လူတန်းကြီး ကို စောင့်ကြည့်နေကြတယ်။ ဒါက ဘာကိုအမှတ်ရစေသလဲဆိုရင် ဒုတိယကမ္ဘာစစ်တုန်းက ဂျူးတွေကို ဂျာမန်စစ်သားတွေ ၀န်းရံပြီး နာဇီစစ်စခန်းတွေ ဆီ ပို့နေကြတဲ့ ပုံမျိုးကိုပါပဲ။

    ဒီဓာတ်ပုံတစ်ခုကပဲ မြန်မာပြည်က ဖြစ်စဉ်တွေသည် နာဇီဖြစ်စဉ်နဲ့ ဆင်တူနေတယ်လို့ ပြောပြနေတာမဟုတ်ပါ။ အရေးအခင်းလှုံဆော်ရေး သမားတွေ ရဲ့ လှုပ်ရှားပုံတွေ၊ အကြံအစည်တွေ၊ အထူးသဖြင့် လူမျိုးရေး-ဘာသာရေးအခြေခံတဲ့ အကြံအစည်တွေက ဟစ်တလာလက်အောက်ခံ နာဇီဂျာမနီရဲ့ ပုံပန်းသွင်ပြင်တွေ အတိုင်းပါပဲ။

    ကနဦးကတော့ ပုံမှန်လှုပ်ရှားမှုတွေနဲ့ တကယ့်ကို စောင့်ကြည့်လေ့လာဖို့သင့်တဲ့ ပြုမူဆောင်ရွက်မှုတွေ ရှိနေတယ်။ အဲဒီလိုဖြစ်စဉ်တွေထဲမှာ အရေးအပါဆုံးက ၉၆၉ လှုပ်ရှားမှုပါပဲ။ ဒီ ၉၆၉ ဆိုတာကို ဒီနှစ်အစောပိုင်းက တီထွင်လိုက်ကြတယ်။ မြန်မာပြည်လို ဂဏန်းတွေနဲ့ အတိတ် သဘောင်ကောက်တဲ့နည်း အလွန်တွင်ကျယ်တဲ့နေရာမျိုးမှာ ၉၆၉ က တကယ့်ကို စွမ်းအားထက်တော့တာပါပဲ။ ဒီ ၉၆၉ ကို အစွန်းရောက် ဘုန်းကြီးတွေက ဦးဆောင်ပြီး လှုပ်ရှားကြတယ်။ ဘုန်းကြီးတွေထဲမှာ ၀ီရသူနာမည်နဲ့ ထင်ပေါ်နေတဲ့သူတစ်ဦးလည်းအပါအ၀င်ဖြစ်တယ်။ ၉၆၉ ဆိုတာကတော့ ဘုရားဂုဏ်တော် ၉ပါး၊ တရားဂုဏ်တော် ၆ ပါးနဲ့ သံဃာဂုဏ်တော် ၉ ပါးဆိုပြီး ယူထားကြတာပါ။

    ဒါပေမယ့် ၉၆၉အရေးလှုပ်ရှားသူတွေကတော့ ၉၆၉ သည် ၇၈၆ အတိုင်း လိုက်လုပ်ထားတယ်လို့ ပြောကြတယ်။ ၇၈၆ ဆိုတဲ့ဂဏန်းကို အာရှတောင်ပိုင်းက မွတ်စလင်တွေ သုံးကြတယ်။ အဓိပ္ပါယ်က အလ္လာဟ်၏နာမတော်ဖြင့် အစပြုပါသည် ဆိုတာကို ဂဏန်းနဲ့ ဖော်ပြထားတာပါ။

    မြန်မာတွေက ဒီ ၇၈၆ ကို အဓိပ္ပါယ်တမျိုးဖွင့်တယ်၊ ၇+၈+၆ =  ၂၁ ဆိုတော့ ၂၁ ရာစုမှာ မွတ်စလင်တွေ လွှမ်းမိုးရမယ်၊ ဒါမျိုး အလွဲအဓိပ္ပါယ် ဖွင့်တာပါ။ ဒီတော့ ၇၈၆ ကို ဆန့်ကျင်ဖို့ ၉၆၉ ဆိုတဲ့ လှုပ်ရှားမှု ပေါ်လာတော့တာပါပဲ။ ၉၆၉ စတစ်ကာတွေကတော့ လှုပ်ရှားမှုရဲ့ အလံ လိုဖြစ်နေပြီး မြို့အတော် များများမှာ အဲဒီစတစ်ကာတွေ တွေ့နေရတာပဲ။ ၉၆၉ လှုပ်ရှားမှုကြီးကတော့ လွတ်လွတ်လပ်လပ်ကို လုပ်ကိုင်ခွင့်ရနေတဲ့ လူထုလှုပ်ရှားမှုကြီးပါပဲ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းကတော့ ၉၆၉ စတစ်ကာ ကပ်ထားတဲ့ တက္ကစီတွေ၊ ဆိုင်ကယ်တွေကို တွေ့နေရတယ်။

    ၉၆၉ လှုပ်ရှားသူတွေကတော့ သူတို့လှုပ်ရှားမှုကို ငြိမ်းချမ်းတဲ့အသွင်နဲ့ အမျိုးဘာသာသာသနာကို ကာကွယ်တာပါလို့ ပြောတာပါပဲ။ လက်တွေ့ကတော့ ဒီလှုပ်ရှားမှုက ပွင့်လင်းသိသာတဲ့ မွတ်စလင်ဆန့် ကျင် လှုပ်ရှားမှုကြီးပါပဲ။ ဗုဒ္ဓကိုယ်တိုင်ကျင့်ကြံပြခဲ့တဲ့ လူသားအားလုံး တပြေးညီသဘော တရားမျိုးကို ၉၆၉ လှုပ်ရှားမှုကြီးက ဆက်လက်ပြီး ဟောပြောတင်ပြနေတာမျိုး မဟုတ်ဘူး။ မြို့ကြီးများအပါအ၀င်  မြန်မာနိုင်ငံ တနံတလျားမှာ ၉၆၉ ကော်မတီတွေရှိတယ်၊ သူတို့က အစီအစဉ်တွေ၊ တရားပွဲတွေ လုပ်ကြတယ်။ မွတ်စလင်ဆန့်ကျင်ရေး စာရွက်စာအုပ်တွေ စီဒီတွေ ဖြန့်ကြတယ်။

    သူတို့ကမြန်မာစီးပွားရေးလုပ်ငန်းကို မွတ်စလင်တွေ လက်ဝါးကြီးအုပ်ထားတယ်လို့ စွပ်စွဲကြတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေက မွတ်စလင်တွေနဲ့ အရောင်းအ၀ယ်မလုပ်ရဘူးလို့ ဆိုတယ်။ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာဝင်အချင်းချင်း၊ ၉၆၉ တံဆိပ်ကပ်ဆိုင်တွေ မှာပဲ ရောင်းဝယ်ရမယ်၊ ဒါမျိုးဆိုတယ်။ ကရင်ပြည်နယ်မှာတော့ ဗုဒ္ဓဘာသာအချင်းချင်းပဲ အရောင်းအ၀ယ်လုပ်ရမယ်ဆိုပြီး အဓမ္မကို စေခိုင်းနေတယ်။ မွတ်စလင်တွေနဲ့ အရောင်းအ၀ယ်လုပ်တဲ့ ဗုဒ္ဓဘာသာဝင်အချို့ကို ဘုန်းကြီးတွေဝိုင်းရိုက်ကြတယ်ဆိုတဲ့ အကြောင်းကို ပြည်တွင်း သတင်းတွေမှာ တွေ့နေရတယ်။

    အခုထိတော့ ၉၆၉ တံဆိပ်တွေကို စတိုးဆိုင်တွေ၊ အလတ်တန်းစား စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ကုန်ရောင်း တဲ့ ဆိုင်တွေမှာ တွေ့နေရတယ်။ ၉၆၉ အကြောင်းဟောတဲ့ ဘုန်းကြီးတရားပွဲကတော့ မှိုပေါက်သလိုကို ပေါနေတော့တာပဲ။ ဒီလိုတရားပွဲ ပေါသလို၊ မွတ်စလင်ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ စတစ်ကာတွေကို ကုန်စုံဆိုင်တွေ၊ ဖုန်းဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ရောင်းကြတယ်။ မွတ်စလင်ဆန့်ကျင်ရေး တရားခွေတွေကို လမ်းတွေမှာ ဖွင့်ကြတယ်။ ရန်ကုန်က ကုန်စုံဆိုင်တွေမှာတောင် ဖွင့်ကြတယ်။ လိုရင်းကတော့ ၉၆၉ သတင်းက တနိုင်ငံလုံးပတ်သွားနေတဲ့ အဲဒီ ၉၆၉ လှုပ်ရှားသူတွေ၊ ဘုန်းကြီးတွေကြောင့်ပဲ ပျံ့နှံ့နေပါပြီ။

    မြန်မာပြည်က မွတ်စလင်တွေကို အန္တရာယ်ရှိ နိုင်ငံခြားသားတွေလို့ ပုံဖော်ကြတယ်။ မြန်မာပြည်ကို နယ်မြေလုဖို့သက်သက်နဲ့ ၀င်လာကြသူတွေလို့ တင်ပြတယ်။ သူတို့တွေကပဲ စီးပွားရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ကြတယ်လို့ စွပ်စွဲတယ်။ လူ့အသိုင်းအ၀န်း အတွင်းက ယဉ်ကျေးမှုကို အစ္စလာမ့်အကြောင်း မကောင်းတာတွေပြောပြီး ဖျက်ဆီးပစ်နေကြတယ်။ ဒီလို အစ္စလာမ်အကြောင်း မကောင်း ပြောတဲ့အထဲမှာ မိန်းမတွေ ကို မြှူဆွယ်တဲ့အကြောင်း၊ ဒီလိုနဲ့ နိုင်ငံရေးအာဏာကို လုယူတဲ့အကြောင်း စတာတွေ ပါတယ်။ မွတ်စလင်တွေကို ခွေးနဲ့နှိုင်းပြီး သခင့်လက် ကို ပြန်ကိုက်တဲ့ခွေးတွေ၊ သူတို့ကို မောင်းမထုတ်ရင်၊ ဒီလူလိမ်တွေ၊ အကျည်းတန်တွေ၊ အရိုင်းအစိုင်းတွေ ကို မောင်းမထုတ် ရင် မြန်မာလူမျိုးတမျိုးလုံး ပြုတ်သွားရချည့်ရဲ့ဆိုတဲ့ စိုးရိမ်မှုက နားထင်ထိ ရောက်နေတယ်။

    သူတို့ကိုယ် သူတို့ ဒုက္ခနွံထဲ ဆွဲထည့်တာက အခရာပဲ။ ပုံမှန်ဝါဒဖြန့်ချက်ကတော့ မွတ်စလင်တွေသည် နိုင်ငံနဲ့ အသိုက်အ၀န်းတစ်ခုလုံး ကို ဖျက်လို့ဖျက် ဆီးလုပ်နေတယ် ဆိုတာပါပဲ။ ငြိမ်းချမ်းရေးလှုပ်ရှားတယ်လို့ နာမည်ကြီးတဲ့ ရှင်ဥာဏိဿရကိုယ်တိုင် မိတ္ထီလာအဓိကရုဏ်း ဒုတိယနေ့၊ မတ်လ ၂၁ ရက်နေ့မှာ ဒီဗွီဘီကို – “မွတ်စလင်တွေသည် ဧည့်သည်တွေဖြစ်တဲ့အတွက်၊ အခုဖြစ်ပျက်နေတဲ့ ဘာသာရေး တင်းမာမှုကလည်း မွတ်စလင်တွေကြောင့် ပဲဖြစ်တာကြောင့် အိမ်ရှင်တွေကို လေးစားရမယ်၊ ယဉ်ကျေးပြရမယ်၊ ” ။ အဲဒါမျိုးပြောခဲ့တယ်။

    တခြားအရေးပါတဲ့ အချက်တွေလည်း ရှိတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတွေရေးတဲ့ မွတ်စလင်ဆန့် ကျင်ရေး စာအုပ်တွေအားလုံးက အမျိုးပျောက်မှာ စိုးကြောက်စရာ ဆိုတဲ့ပုံမျိုးတွေချည့် နာမည်မှည့်ထားကြတာပဲ။ ဒါမျိုးစာအုပ်တွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဖြန့်ချိခဲ့ကြတယ်။ ဒါတွေက လက်ရှိဖြစ်နေတဲ့ လှုပ်ရှားမှုတွေအတွက် လမ်းညွှန်တွေပဲ။ အဲဒီထဲမှာ မွတ်စလင်တွေက အလိုမတူဘဲ ဗုဒ္ဓဘာသာဝင် တွေကို လက်ထပ်တယ်ဆိုတဲ့ အကြောင်းတွေကို တင်ပြထားတယ်။ ပြီးတော့ သူတို့ကို အစ္စလာမ်ထဲ သွင်းဖို့ကြိုးစားတယ်၊ မွတ်စလင်တွေက တကမ္ဘာလုံးကို စီးပွားရေးအရ သာမက နိုင်ငံရေးအရရော၊ ယဉ်ကျေးမှုအရပါ ၀ါးမြိုဖို့ ကြိုးစားနေတယ် ဒါမျိုးတွေ ရေးထားတယ်။ မွတ်စလင်တွေကို ထိထိရောက်ရောက်မတားဆီးရင် သူတို့က ဗုဒ္ဓဘာသာနိုင်ငံတွေကို သိမ်းလိုက်လိမ့်မယ်၊ သူတို့အင်အားမှေးမှိန်စေဖို့ သူတို့ရဲ့ အဆောက်အအုံတွေကို ဖျက်ဆီး ရမယ်၊ နိုင်ငံသားဖြစ်ခွင့် ကို သွေးနဲ့ဆုံးဖြတ်ရမယ်၊ ဒါမျိုးတွေ ၀ါဒဖြန့်တယ်။ နိုင်ငံသားဖြစ်ခွင့်ကို သွေးနဲ့ဆုံးဖြတ်ရမယ်ဆိုတာကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီပြောခဲ့ တာပါ။

    ဒါပေမယ့် ဒီလိုမျိုး နာဇီဖက်ဆစ်ဆန်ဆန်လှုပ်ရှားမှုမျိုးက အထောက်အပံ့ကောင်းကောင်းမရဘဲ ဆက်ပြီး အဓွန့်ရှည်နေမှာမဟုတ်ဘူး။ လူတွေ ရာထောင်ချီပြီး ၉၆၉ တရားတွေနားထောင်ကြတော့ အင်အားကောင်းလာတယ်။ ဒီလိုမျိုးတရားတွေက လူထုလက်ခံယုံနဲ့ ပြီးသွားတာမှ မဟုတ် တာ၊ နောက်ဆက်တွဲအနေနဲ့ ၉၆၉ တရားပွဲအပြီး မွန်ပြည်နယ်မှာ မွတ်စလင်ဆိုင်တွေကို ဖျက်ဆီးတယ်။

    ဖေ့စ်ဘွတ်လို ဆိုရှယ်မီဒီယာတွေမှာ ၉၆၉ လှုပ်ရှားသူတွေက မြန်မာစာလုံးတွေနဲ့ အုပ်စုတွေ ဖွဲ့ပြီး ၀ါဒဖြန့်ကြတယ်။ အဲဒီထဲမှာ အဖွဲ့ဝင်အရေအ တွက်က ၉၀ ကနေ ရာဂဏန်းထိရှိတယ်။ ဒါပြင် MNMC ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးလှုပ်ရှားမှု ကော်မတီ ဆိုတဲ့ ဖေ့စ်ဘွတ် စာမျက်နှာကတော့ စံချိန်တင် (Likes) ပေါင်း ၁၅၄၉၉ ရှိနေတယ်။ မြန်မာပြည်ကဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ ကွန်မန့်တွေကတော့ သူတို့အ တွက် ပေါ်ပြူလာအထောက်အပံ့တွေဖြစ်နေတော့တာပါပဲ။ မြန်မာပြည်တွင်းက မွတ်စလင်သတင်းဝက်ဘ်ဆိုက်ဒ်နှစ်ခုမှာ ပေးထားကြတဲ့ မှတ်ချက်တွေကို အင်္ဂလိပ်လို ဖော်ပြပေးပါ့မယ်။ ဒီမှတ်ချက်တွေက ဘယ်လောက်ထိ တာသွားနေလဲ၊ ကြီးကျယ်နေလဲဆိုတာ သိသာအောင်လို့ပါ။

    ပျော်တယ်ဟေ့ပျော်တယ်ဟေ့၊၊ ခွေးမျိုးတွေ၊ ခွေးသားတွေ၊ ပြည့်တန်ဆာမသားတွေကို မောင်းထုတ်ကြစို့

    သတင်းကောင်းပဲ၊ မွတ်စလင်အားလုံး သေရမယ်။

    ၂၀ ပဲသေတာ နည်းတယ်ကွ၊ သူတို့အားလုံးသေရမှာ။ မြန်မာပြည်က ဗလီအားလုံးကို ဖျက်ဆီးပစ်ရမယ်။

    အတိုးချုံးပြောရရင်တော့ ဒေါက်တာဇာနည်ပြောနေခဲ့တဲ့ နာဇီလှုပ်ရှားမှုမျိုးက အဟုန်ပြင်းပြင်းနဲ့ကို ဖြစ်နေပါပြီ။ ဒီလှုပ်ရှားမှုကို နောက်ကွယ်ကနေ ကြိုးကိုင်နေကြသူတွေကတော့ နိုင်ငံအနှံ့ လွတ်လွတ်လပ်လပ် သွားလာခွင့်ရနေကြတယ်။ ဒီလိုမျိုး အရေးပေါ်အချိန်မှာ သူတို့ကို ထောက်ခံသူတွေက အုံနဲ့ကျင်းနဲ့၊ မုန်းတီးရေးအခြေခံ သတင်းတွေ ဖြန့်နေကြတယ်။

    ဒီလိုမျိုး လှုပ်ရှားမှုတွေကို ထိထိရောက်ရောက်ပြောဆိုတင်ပြတာမျိုးတွေမလုပ်ရင်တော့ လူမျိုးစုအမျိုးမျိုး ကွဲပြားနေတဲ့ မြန်မာပြည်လို နေရာမှာ အကြမ်းဖက်မှုတွေ၊ လူမျိုးရေးအခြေအနေတင်းမာမှုတွေက ထိန်းလို့မရအောင် ဆက်ဖြစ်နေတော့မှာပါပဲ။ ဆိုင်တစ်ဆိုင်မှာ စကားများတာ ကလေးကနေ အဆုံးသတ်ရလဒ်ကတော့ဗျာ၊ မိတ္ထီလာတမြို့လုံးမှာ ကြီးကျယ်တဲ့ အဓိကရုဏ်းကြီးဖြစ်သွားပါပြီ။း ဒါက တပ်လှန့်နှိုးဆော်မှုတစ်ခုပါပဲ။