News @ M-Media

Author: M-Media

  • အီတလီဘောလုံးလောကတိုးတက်ရေး ဘောလုံးလူရမ်းကားများအား ထိန်းချုပ်ရန် လိုအပ်သည်ဟု ကာပယ်လိုဆို

    ဒီဇင်ဘာ ၂၈၊ ၂၀၁၄
    M-Media

    10712834_817198971655908_3418502151373160589_n

    – အီတလီရှိ ဘောလုံးလူရမ်းကားများမှာ အီတလီဘောလုံးလောက ဖွံ့ဖြိုးမှုအတွက် အဟန့်အတားဖြစ်နေပြီး ထိုကိစ္စအား ဖြေရှင်းရန် လိုအပ်သည်ဟု အင်္ဂလန်နည်းပြဟောင်း ကာပယ်လိုက ပြောကြားခဲ့သည်။

    ယခင် အေစီမီလန်နှင့် ဂျူဗင်တပ်စ်အသင်းတို့၏ နည်းပြဟောင်းဖြစ်သူ ကာပယ်လိုက ယမန်နေ့က ဒူဘိုင်းတွင်ပြုလုပ်သည့် အားကစားညီလာခံတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အီတလီ ပြည်တွင်ဘောလုံးအဆင့်အတန်းနှင့် နိုင်ငံအသင်း၏ အဆင့်အတန်း ပြန်လည်ဦးမော့လာရန် မည်သည့်အရာ လိုအပ်သနည်းဟုလည်း မေးခွန်းထုတ်ခဲ့သည်။

    `ပထမဆုံးကတော့ ကျွန်တော်တို့မှာ ငြိမ်းချမ်းတဲ့ ဘောလုံးကစားကွင်းတွေ ရှိနေရပါမယ်။ ကြမ်းတမ်းတဲ့ ပရိတ်သတ်တွေ၊ ဘောလုံးလူရမ်းကားတွေကို ကျွန်တော် ဆန့်ကျင်ပါတယ်။ သူတို့ ဘောလုံးအသင်းကို အားပေးချင်တာ မဟုတ်ပါဘူး။ အကြမ်းဖက်ချင်ရုံ သက်သက်ပါ။

    တကယ့်လက်တွေ့မှာ မိသားစုပုံစံမျိုး လိုချင်ပါတယ်´ ဟု ကာပယ်လိုက ပြောကြားခဲ့သည်။ ပရိတ်သတ်များ သောင်းကျန်းမှုမှာ အီတလီဘောလုံးလောက၌ နှစ်စဉ် ကြုံတွေ့နေရသည့် ပြဿနာတစ်ခုဖြစ်ပြီး၊ လူမျိုးရေးခွဲခြားမှုများလည်းရှိကာ ဘာလော့တယ်လီနှင့် ကီဗင် ပရင့်စ် ဘိုအာတင်းတို့မှာ လူမျိုးရေးခွဲခြားမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ကြရသည်။

    အီတလီနိုင်ငံသားဖြစ်သူ ကာပယ်လိုကမူ ကစားကွင်းတွင် အခြေအနေများ
    တိုးတက်အောင်ပြုလုပ်ပြီးနောက် အီတလီဘောလုံးလောက တိုးတက်ရန်အတွက်
    ဈေးကွက်ရှာဖွေခြင်း၊ နည်းစနစ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အယူအဆအသစ်များကို ရှာဖွေခြင်းတို့ဖြစ်ကာ ရိုးသားသူများလည်း လိုအပ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref : goal.com

  • Air Asia လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ယနေ့နံနက်ပိုင်းက ပျောက်ဆုံး

    1496615_816880925021046_2414510945244782389_n
    ပုံ ၁- Air Asia လေကြာင်းလိုင်းမှ လေယာဉ်တစ်စင်း

    ဒီဇင်ဘာ ၂၈၊ ၂၀၁၄
    M-Media

    – အင်ဒိုနီးရှားနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ယနေ့နံနက်ပိုင်းက ပျံသန်းလာသည့် Air Asia လေကြောင်းလိုင်းမှ လေယာဉ်တစ်ဦးမှာ အင်ဒိုနီးရှား လေပိုင်နက်အတွင်း အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးသွားခဲ့သည်ဟုသိရသည်။

    လေယာဉ်အမှတ် QZ 8501 ဖြစ်ပြီး ခရီးသည်နှင့် လေယာဉ်အမှုထမ်းစုစုပေါင်း ၁၆၂ ဦးကိုတင်ဆောင်ကာ အင်ဒိုနီးရှားစံတော်ချိန် ယနေ့နံနက် ၅ နာရီ မိနစ် ၂၀ တွင် အရှေ့ဂျာဗားရှိ ဆူရာ ဘာယာမြို့ ဂျူအန်ဒါ လေဆိပ်မှ ထွက်ခွာကာ စင်ကာပူနိုင်ငံသို့ ပျံသန်းခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ကလီမန်တန်နှင့် ဘလီတောင် ကျွန်းအကြား တစ်နေရာတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်ဟု အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီ ဟာဒီ မွတ်စ်တာဖာ ဂျူရေ့ဒ်က ပြောကြားခဲ့သည်။

    Air Asia လေကြောင်းလိုင်းကလည်း အဆိုပါလေယာဉ်ပျောက်ဆုံးမှုကို အတည်ပြုခဲ့ပြီး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကြေညာခဲ့သည်။

    The Airbus A320-200 အမျိုးအစား အဆိုပါလေယာဉ်တွင် လိုက်ပါသွားကြသူများထဲတွင် အင်ဒိုနီးရှားနိုင်ငံသား ၁၄၉ဦး၊ တောင်ကိုရီးယားနိုင်ငံသား ၃ ဦး၊ ဗြိတိန်နှင့် မလေးရှားတို့မှ ၁
    ဦးစီ ဖြစ်ကြသည်ဟု အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ အင်ဒိုနီးရှား အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်ဆီမှ အကြီးအကဲ မစ္စတာ တန်တန် ဇိုင်နူဒင်ကမူ လေယာဉ်မှူးမှာ ဆိုးရွားသော ရာသီဥတုကို ရင်ဆိုင်ရသောကြောင့် ဖြစ်နိုင်သည်ဟု
    ပြေကြားခဲ့သည်။

    ယခုလက်ရှိတွင် လေယာဉ် နောက်ဆုံးအဆက်အသွယ်ရရှိသောနေရာအား ဦးတည်ကာ အင်ဒိုနီးရှားလေတပ်က ရှာဖွေမှုများကို ပြုလုပ်နေပြီး၊ အဆိုပါရှာဖွေမှုတွင် ပါဝင်နိုင်ရန် စင်ကာပူနိုင်ငံကလည်း C 130 ကယ်ဆယ်ရေးလေယာဉ်တစ်စင်းကို စေလွှတ်ထားသည်။

    Ref : straitstimes, BBC

    10888891_816880941687711_4493221490531062451_n
    ပုံ ၂- စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ ယနေ့နံနက် ဆိုက်ရောက်လေယာဉ်ပြဇယား

  • သမ္မတက အာဏာချုပ်ကိုင်ရန် ကြိုးပမ်းမှုကို မကျေနပ်သည့်အတွက် သီရီလင်္ကာ မွတ်စလင်ပါတီ အစိုးရအဖွဲ့မှ နှုတ်ထွက်

    ဒီဇင်ဘာ ၂၈၊ ၂၀၁၄
    M-Media

    10494857_817194314989707_9205213726201251418_n

    – လက်ရှိသမ္မတက အာဏာချုပ်ကိုင်ရန် ကြိုးပမ်းလာမှုနှင့် နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် ဘာသာရေးဆိုင်ရာ သည်းမခံနိုင်မှုများအား လစ်လျူရှုထားခြင်းတို့ကြောင့် သီရီလင်္ကာ၏ အဓိက မွတ်စလင်ပါတီမှာ အစိုးရအဖွဲ့မှ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။

    နှုတ်ထွက်သွားသည်ပါတီမှာ သီရိလင်္ကာမွတ်စလင်ကွန်ဂရက်စ်ဖြစ်ပြီး အတိုက်အခံပါတီနှင့် ပူးပေါင်းကာ လာမည့်ရွေးကောက်ပွဲတွင် ပါဝင်သွားမည်ဆိုသည်။

    ထိုပါတီခေါင်းဆောင် ရာအွဖ် ဟကီမ်းကလည်း တရားရေးဝန်ကြီးအဖြစ်မှ နှုတ်ထွက်ခဲ့ပြီး သမ္မတသက်တမ်း နှစ်ကြိမ်ပြုလုပ်ခွင့် ရုပ်သိမ်းခြင်းနှင့် နိုင်ငံရှိ ရဲတပ်ဖွဲ့၊ တရားရေးစနစ်နှင့် ပြည်သူရေးရာ လုပ်ငန်းများတွင် လက်ရှိသမ္မတ ရာဂျာပက်ဆာအား လုပ်ပိုင်ခွင့်ပိုမိုပေးထားသည့် ၂၀၁၀ ဥပဒေနှင့် ပတ်သက်၍ သဘောထားခြင်း မတိုက်ဆိုင်သောကြောင့် ထိုကဲ့သို့ ရာထူးမှ နှုတ်ထွက်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    `ကောင်းမွန်တဲ့အုပ်ချုပ်ရေးဆိုတာ ကျွန်တော်တို့အတွက် အဓိကပါပဲ။ (၂၀၁၀ ဥပေဒကို) သဘောတူခဲ့တဲ့အတွက် ကျွန်တော်တို့မှာ အပြစ်ရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ဒီအခြေအနေကို ကျွန်တော်တို့ ဖြေရှင်းချင်ပါတယ်´ ဟု ဟကီမ်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

    မွတ်စလင်ကွန်ဂရက်စ်မှ အရေးပါသည့် ခေါင်းဆောင်တစ်ဦးဖြစ်သူ အမီရ်းဖာအီဇ်ကလည်း ရာဂျာပက်ဆာ အစိုးရ၏ နိုင်ငံအတွင်းရှိ ဘာသာရေးလူနည်းစုများအပေါ် သည်းခံမှုမရှိခြင်းကို
    ထောက်ပြခဲ့ပြီး ၎င်းတို့၏ အုပ်ချုပ်ရေးစနစ်ကိုလည်း သဘောမကျဟု ပြောကြားခဲ့သည်။

    ရာဂျာပက်ဆာ၏ အစိုးရမှာ အစွန်းရောက် ဗုဒ္ဓဘာသာအဖွဲ့ကို ထောက်ပံ့ခြင်းနှင့်
    မကြာသေးမီက ပြုလုပ်ခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် အရေးမယူဘဲ လစ်လျူရှုထားမှုအတွက် ပြီးခဲ့သည့် နှစ်များမှစ၍ အလွန်အမင်း ဝေဖန်မှုများနှင့်
    ရင်ဆိုင်နေရသည်။

    မွတ်စလင်ကွန်ဂရက်စ် နှုတ်ထွက်မှုအတွက် အစိုးရဘက်မှ ယခုအချိန်အထိ မည်သည့်မှက်ချက်မှ မပေးသေးသော်လည်း ထိုနှုတ်ထွက်မှုက လာမည့် ဇန်န၀ါရီ ၈ ရက်နေ့တွင် ပြလုပ်မည့် ရွေးကောက်ပွဲအတွက် အစိုးရအား အထိနာစေသည်ဟု အာဏာရပါတီ၏ သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြခဲ့သည်။

    Source : Agencies

    ဓာတ်ပုံ- မွတ်စလင်ကွန်ဂရက်စ်အဖွဲ့ခေါင်းဆောင် သီရိလင်္ကာ တရားရေးဝန်ကြီးဟောင်း ရာအွဖ်ဟကီမ်း

  • အနောက်ကမ္ဘာ၏ အကြီးဆုံး မွတ်စလင်ညီလာခံတစ်ခု ကနေဒါတွင်ကျင်းပ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၄
    M-Media

    15507_816875311688274_5724332301243718528_n

    – အနောက်ကမ္ဘာရှိ မွတ်စလင်များ အကြီးဆုံး စုရုံးမှုကြီးဖြစ်သည့်
    အစ္စလာမ့်စိတ်ဓာတ်မြှင့်တင်ရေး နှစ်စဉ်ညီလာခံ RIS ကို ကနေဒါနိုင်ငံ တိုရွန်ုတို့မြို့တွင် ဒီဇင်ဘာ ၂၆ ရက်နေ့က စတင်ကျင်းပခဲ့ပြီး မြောက်အမေရိကနှင့် ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ် ဘာသာဝင် ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

    အဆိုပါ ညီလာခံ၏ ခေါင်းစဉ်ကို `မွေးရာပါ ဘာသာတရားကို သင်ကြားရန်
    ကိုယ်တော်မြတ်ကြွလာသည် – ခက်ခဲသောမေးခွန်းများအတွက် ကိုယ်တော်မြတ်၏ ဖြေကြားမှုများ´ ဟု မည်ပေးထားပြီး တိုရွန်တိုမြို့လယ်ကောင်ရှိ မက်ထရို တိုရွန်တိုကွန်ဗန်းရှင်းစင်တာတွင် ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

    RIS ညီလာခံမှာ ထင်ရှားကျော်ကြားသည့် အစ္စလာမ့် ဓမ္မပညာရှင်များ၊
    အတွေးအခေါ်ပညာရှင်များ နှစ်စဉ် တွေ့ဆုံဆွေးနွေးကြသည့် ညီလာခံတစ်ခုဖြစ်ပြီး အနောက်ကမ္ဘာရှိ မွတ်စလင်များအကြားတွင် ကြီးမားသော ကမ္ဘာလုံးဆိုင်ရာ ညီလာခံကြီးတစ်ခုအဖြစ်လည်း မှတ်ယူကြသည်။

    ယခုနှစ်ညီလာခံသို့ အမေရိကန်မှ ဆရာတော် ဟမ်ဇာယူစွဖ်၊ ယူကေမှ
    ဆလ်မာယာကွဘ်တို့အပါဝင် အမေရိကန်၊ ဥရောပနှင့် တောင်အာဖရိကတို့မှ
    ထင်ရှားကျော်ကြားသူ မွတ်စလင်ပညာရှင်များ တက်ရောက်ခဲ့ကြကာ မျက်မှောက်ခေတ် အစ္စလာမ့်ရေးရာ ကိစ္စရပ်များ၊ အစ္စလာမ်အပေါ် မှားယွင်းစွာ စွပ်စွဲမှုများအား တုံ့ပြန်ခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များအကြောင်းကို ဆွေးနွေးခဲ့ကြသည်။

    ထို့ပြင် အစ္စလာမ့် ဓမ္မတေးများကို သီဆိုဖြန့်ဖြူးကြသည့် အဆိုပါတော် ဆာမီယူစွဖ် အမီရ်း ဆူလိုင်မန် စသည့် နာမည်ကျော် အဆိုတော် ၇ ဦးခန့် တက်ရောက်ကာ အစ္စလာမ့် ဓမ္မတေးများကို သီဆိုကြူးရင့်ခဲ့ကြသည်။

    ၃ ရက်တာကျင်းပပြုလုပ်မည့် အဆိုပါ ညီလာခံတွင်ဈေးပွဲတော်ကြီးတစ်ခုကိုလည်း
    ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ မြောက်အမေရိကနှင့် မွတ်စလင်ကမ္ဘာမှ လူမှုအကျိုးပြု အဖွဲ့များကလည်း လာရောက်ကာ အလှူငွေများကို ကောက်ခံသွားမည်ဖြစ်သည်။

    တက်ရောက်လာသည့် ပညာရှင်ကြီးများ၊ မွတ်စလင်ခေါင်းဆောင်များ၊ နိုင်ငံရေးနှင့် အရပ်ဖက်အသိုင်းအ၀ိုင်းမှ ခေါင်းဆောင်များအတွက်လည်း ဒီဇင်ဘာ ၂၇ ရက် သောကြာနေ့ ညနေပိုင်းတွင် ညစာဖြင့် တည့်ခင်းဧည့်ခံခဲ့သည်။

    ထို့ပြင် တိုရွန်တို့ မြို့ တစ်ဝှမ်းရှိ ချိုတဲ့သူများအား ကူညီထောက်ပံ့သည့် အခမ်းအနားများကို ညီလာခံကျင်းပသည့် ၃ ရက်စလုံးတွင် ပြုလုပ်သွားမည်ဖြစ်သည်။

    RIS ညီလာခံကို ၂၀၀၃ ခုနှစ်မှစတင်ကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ၉/၁၁ တိုက်ခိုက်မှုများပြီးနောက် အစ္စလာမ်နှင့် မွတ်စလင်တို့အပေါ် ကျရောက်လာသည့် မလိုလားအပ်သော ပြဿနာများကို ဖြေရှင်း၊ မွတ်စလင်မဟုတ်သူများနှင့် ပေါင်းကူးတံတားထိုးရေး ဆောင်ရွက်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။

    Ref : onislam

  • အလိုရှိနေသည့် ဆိုမာလီမှ အလ်-ရှာဘတ်ခေါင်းဆောင်တစ်ဦး အစိုးရထံ လက်နက်ချ အဖမ်းခံ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၄
    M-Media

    10882351_816867388355733_8436366734520647094_n

    – ဆိုမာလီနှင့် ပတ်ဝန်းကျင်နိုင်ငံများတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသော အလ်ရှာဘတ်အဖွဲ့မှ အကြီးတန်းခေါင်းဆောင် ဇာကရီယာ အစ္စမာအီလ် အဟ်မဒ်ဟာစီမှာ အစိုးရထံ လက်နက်ချခဲ့သည်ဟု သိရသည်။

    ဆုကြေးငွေ ကန်ဒေါ်လာ ၃ သန်း ထုတ်ခံထားရသည့် ဟာစီမှာ ဆိုမာလီယာ၊ ကင်ညာနှင့် အီသီယိုးပီးယား သုံးနိုင်ငံနယ်စပ်ရှိ ဂီဒိုဒေသရှိ ဆိုမာလီ ရဲတပ်ဖွဲ့သို့ ယမန်နေ့က လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်ပြီး အဆိုပါဒေသ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ ဂျမား
    မူဆီကမူ ဟာဆီမှာ ဂီဒိုဒေသရှိ အလ်-ရှာဘတ် အကြီတန်းခေါင်းဆောင်တစ်ဦး ဖြစ်သည်ဟုပြောကြားခဲ့သည်။

    `သူဟာ ထောက်လှမ်းရေးနဲ့ ဘဏ္ဍာရေးကို တာဝန်ယူရတဲ့သူ တစ်ယောက်ပါ။ ပြီးတော့ အမေရိကန်အစိုးရက ဆုကြေးငွေအများကြီးထုတ်ထားတဲ့ အလ်-ရှာဘတ်တပ်မှူးတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်´ ဟု ဂျမားက ထပ်လောင်းပြောကြားခဲ့သည်။

    ဆိုမာလီ စစ်ဘက်မှ တာဝန်ရှိသူ မိုဟာမက် အိုစမာအီလ်ကလည်း ဟာစီမှာ
    နယ်စပ်မြို့တစ်မြို့တွင် ပုန်းအောင်နေပြီးနောက် လက်နက်ချရန် အစိုးရနှင့်
    လျှို့ဝှက်ဆက်သွယ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း အလ်-ရှာဘတ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ဟာစီမှာ
    ထောက်လှမ်းရေးကိုတာဝန်ယူသူမဟုတ်ဘဲ အလယ်အလတ် ခေါင်းဆောင်တစ်ဦးသာ ဖြစ်ကာ လွန်ခဲ့သည့် ၂ နှစ်အတွင်းက ၎င်းတို့အဖွဲ့မှ ထွက်ခွာသွားခဲ့သူသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အခြားသော သတင်းရင်းမြစ်ကမူ ဟာစီမှာ အလ်-ရှာဘတ်အဖွဲ့အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သော ကွဲပြဲမှုများကြောင့် လက်နက်ချရန် ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

    ဟာစီမှာ အမေရိကန် အစိုးရက ကန်ဒေါ်လာ ၃၃ သန်း ဆုကြေးငွေထုတ်ထားသော အလ်ရှာဘတ်ခေါင်းဆောင် ၈ ဦးထဲမှ တစ်ဦးလည်းဖြစသည်။

    Ref : Aljazeera