News @ M-Media
Category: မြန်မာမွတ်စ်လင်မ်သမိုင်း
  • ” ပြည်ထောင်စုသား မွတ်စလင်မ်များ ” သမိုင်းစာအုပ် ထွက်ရှိ (စာအုပ်အညွှန်း)
    ” ပြည်ထောင်စုသား မွတ်စလင်မ်များ ” သမိုင်းစာအုပ် ထွက်ရှိ (စာအုပ်အညွှန်း)
    အောက်တိုဘာ ၃ ၊ ၂၀၁၆
    M-Media
    သီဟ
    pyidaungsu-muslims
    စာဖတ်သူတွေကို ယခင်လက ထွက်ရှိခဲ့သော စာရေးဆရာ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) ရေးသားပြုစုသည့် ” ပြည်ထောင်စုသား မွတ်စလင်မ်များ ” စာအုပ်နဲ့ မိတ်ဆက်ပေးပါရစေ။
    စာအုပ်မှာ စာမျက်နာ ၃၀၀ ကျော်ပါရှိပြီး ပုဂံခေတ် လူအဖွဲ့အစည်းမှ စတင်ပြီး ၂၀၁၀ နောက်ပိုင်းခေတ် အထိ မြန်မာနိုင်ငံ၏ သမိုင်းတလျောက် မွတ်စလင်မ် လူအဖွဲ့အစည်း ရဲ့ သမိုင်းကြောင်း ဆိုင်ရာများကို သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ရေးသားထားတာကို တွေ့ရှိရပါတယ်။ စာအုပ်တွင် အခန်း ၈ ခန်း ပါရှိပြီး အကြောင်းအရာတိုင်းကို သမိုင်းအထောက်အထား အညွှန်းများ၊ အောက်ခြေမှတ်စုများ၊ အကိုးအကား စုံလင်စွာနဲ့ ရေးသား ထားတာကိုတွေ့ရှိရပါတယ်။
    ဒါအပြင် ယခုစာအုပ်ကို အမှာစာရေးပေးသူများတွင် မြန်မာနိုင်ငံ သမိုင်းကော်မရှင်ဥက္ကဌဟောင်း၊ ပါမောက္ခဒေါက်တာ ခင်မောင်ညွှန့် အပါအဝင် နယ်ပယ်အစုံမှ ထင်ရှားတဲ့ ခေါင်းဆောင်များမှ အမှာစာများ ရေးပေးထားတာကို လည်းတွေ့ရှိရပါတယ်။
    စာရေးသူက ယခု စာအုပ် ရေးသား ရခြင်းရဲ့ ရည်ရွယ်ချက်မှာ
    -သမိုင်းထိန်ချိန်ခံရမှု ကွက်လပ်များကို အရှိအတိုင်း ဖြည့်ဆည်းရေး၊
    – မျိုးဆက်ကွာဟမှုကြောင့် ရှိနေသည့် သံသယနှင့် အထင်အမြင်လွဲမှားများကို ဖယ်ရှားရေ၊
    -တိုင်းပြည်ချစ်စိတ်ကို ဗဟိုပြု၍ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုါ် ရေး လုပ်ငန်းများတွင် လူသား အရင်းအမြစ်များကို စနစ်တကျ အသုံးချနိုင်ရေး၊
    – ကိုးကွယ်ရာ ဘာသာကို အကြောင်းပြု၍ နိုင်ငံသားတိုင်း မူလနိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေရေး ၊ ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး၊
    -လူမျိုး ပေါင်းစုံ ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊
    -ဘာသာပေါင်းစုံ ချစ်ကြည်ရေး လုပ်ငန်းများကို အောက်ခြေလူ့အဖွဲ့အစည်းဝင်များတိုင်အောင် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးကို ရည်ရွယ်ပြိး ရေးသားခဲ့ကြောင်း ဖော်ပြထားပါတယ်။
    စာအုပ် ဝယ်ယူလိုသူတွေအနေနဲ့ ဖုန်းနံပါတ် 095134487 ဆက်သွယ်စုံစမ်းနိုင်ပြီး နှင့် စာပေလောကနှင့် အခြားသော စာအုပ်ဆိုင်များမှာ ဝယ်ယူရရှိနိုင်ကြောင်း သိရှိရပါတယ်။
    ယခုစာအုပ်ကို အမှာစာရေးပေးသူ အချို့၏ ရေးသားထားမှုများကို ကောက်နှုတ်၍ ဖော်ပြပေးလိုက်ပါတယ်။
    သူရ ဦးတင်ဦး (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ၊သဘာပတိနှင့် နာယက)
    ————————————
    မြန်မာမွတ်စလင်မ် လူ့ အဖွဲ့အစည်းသည် တိုင်းပြည်အေးချမ်းဖွံ့ဖြိုးရေးအတွက် အရေးပါသော လူသား အရင်းအမြစ်တစ်ရပ်အနေဖြင့် နိုင်ငံသားကောင်းပီသစွာ ဆောင်ရွက်သွားကြမည့် အကြောင်းကို သမိုင်းကြောင်းနှင့် ဥပဒေအရ ပြန်တမ်းဝင် အချက်များနှင့် သက်သေသာဓက အထောက်အထားများ ခိုင်မာစွာဖြင့် သုတေသန ပြုရေးသား တင်ပြထားကြောင်း တွေ့ရပါသည်။
    ပါမောက္ခဒေါက်တာ ခင်မောင်ညွှန့် (မြန်မာနိုင်ငံ သမိုင်းကော်မရှင်ဥက္ကဌဟောင်း)
    —————————————-
    ” ပြုစုပုံမှာလည်း ဘွဲ့ယူကျမ်းကဲ့သို့ အကိုးအကားများ၊ အောက်ခြေမှတ်စုများ၊ ဓါတ်ပုံများ၊ စာရင်းဇယားများ ၊ အဆိုအမိန့်များ၊ ကျမ်းကိုးစာရင်းများ ပါဝင်ပါသည်။ .. စာမူသည် အစောအဆုံး သမိုင်းမှ မျက်မှောက် ခေတ်အထိကို ရှာဖွေ စုဆောင်းလေ့လာသုံးသပ်ပြထားသဖြင့် သူ့အား ချီးကျူးပါသည်။ ”
    ဒေါက်တာကျော်ဝင်း (သမိုင်း ပါမောက္ခ(ငြိမ်း)
    ————————————————-
    “.ဤစာအုပ်သည် ခိုင်မာသော အထောက်အထား အကိုးအကာများဖြင့် ပြုစုထားသဖြင့် စာဖတ်သူများ လေ့လာ ဖတ်ရှုသင့်သော စာအုပ်ဖြစ်ကြောင်း ထင်မြင်မိပါသည်။ ”
    ကာဒီနယ် ချားလ်စ်ဘို( ရန်ကုန် ကက်သလစ် ဂိုဏ်းချူပ် သာသနာ)
    —————————————-
    “..ဤစာတမ်းပါ ဖော်ပြချက်များမှာ မြန်မာနိုင်ငံအတွင်း ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရ လက်အောက်တွင် မှီတင်းနေထိုင်ခဲ့ကြသော အစ္စလာမ်( မူစလင်မ်) ဘာသာဝင်များအနေဖြင့် နိုင်ငံတော်အပေါ်၊ အစိုးရအပေါ် သစ္စာစောင့်သိ နေထိုင်ခဲ့ကြပြီး နိုင်ငံတော်ကာကွယ်ရေး ၊ ဖွံဖြိုးရေး ကဏ္ဍများတွင်လည်း အားကျိုးမာန်တက် ထမ်းရွက်ခဲ့ကြကြောင်း သမိုင်းအထောက်အထား စုံလင်စွာဖြင့် တင်ပြခြင်းဖြစ်ရာ မြန်မာနိုင်ငံသူ/သား အားလုံး လေ့လာသိရှိသင့်သော စာတမ်းတစ်ခု ဟုလည်း သုံးသပ်မိပါသည်။ ”
    စိုင်းညွှန့်လွင်( ရှမ်းတိုင်းရင်သား ခေါင်းဆောင်)
    ———————————————–
    “… ကျွန်တော်တို့ နိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်နေသော ကာလတွင် အစ္စလာမ်ဘာသာကိုးကွယ်သူများသည် သီးခြားဖြစ်မနေသင့်ဘဲ သမိုင်းအစဉ်အလာ ကြီးမားခဲ့သည့် အတိုင်း ဆက်လက်ပါဝင်နေဖို့ လိုအပ်ပါသည်။ နိုင်ငံကောင်းကျိုးသယ်ပိုးခဲ့သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းထားကြဖို့ လိုအပ်ပါသည်။ ”
    Sayaci Paul Thang Thai (ချင်းတိုင်းရင်းသား ခေါင်းဆောင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၂၀၁၁-၂၀၁၆)
    ——————————–
    ” စာရေးသူ အနေဖြင့် မြန်မာသမိုင်း အဆက်ဆက် နိုင်ငံတော်နှင့် နိုင်ငံသား မွတ်စလင်မ်များ အပြန်အလှန် အကျိုးပြု လေးစားမှုရှိခဲ့ကြောင်းကို အချက်အလက် ခိုင်မာစွာဖြင့် ရေးသား ဖော်ပြထားသည်ကို လေ့လာဖတ်ရှုရသည့် အခါ စိတ်မကောင်းဖြစ်မိပါသည်။ ကိုးကွယ်သော ဘာသာကို အကြောင်းပြု၍ မည်သည့် နိုင်ငံသားမျှ နိုင်ငံသား အခွင့်အရေး မဆုံးရှုံးသင့်ပါ။ ”
    ဦးအုန်းမောင် (တရားလွှတ်တော် ရှေ့နေနှင့် နိုတြီပတ်ဗလစ်)
    ———————————–
    “.. မြန်မာနိုင်ငံတွင် နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓ္ဓဘာသာများ အဓွန့်ရှည်စွာ ချစ်ကြည်ရင်းနှီးရေး ကို ဖော်ညွှန်းထားသော စာအုပ်ဖြစ်သောကြောင့် လေ့လာထိန်းသိမ်းထားသင့်သော စာအုပ်ဖြစ်ကြောင်း ယူဆပါသည်။ ”
    ကချင်တိုင်းရေးသူ ခေါင်းဆောင် ဆရာမ လဖိုင်ဆိုင်းရော်
    (အာရှ၏ ငြိမ်းချမ်းရေးနိုဗယ်ဆုဟု တင်စားခံရသော ရေမွန်မက်ဆေးဆေးဆုရှင်)
    ———————————————–
    “… ပြည်ထောင်စုသား မွတ်စလင်မ်များ ” ကို ဖတ်ရှု၍ မေတ္တာ တရား လွှမ်းခြုံနိုင်ပါစေ..”
  • ဘ၀သစ်ကို ပြန်လည်ပုံဖော်နေကြသည့် တရုတ်နိုင်ငံမှ မြန်မာမွတ်စလင်များ
    ဘ၀သစ်ကို ပြန်လည်ပုံဖော်နေကြသည့် တရုတ်နိုင်ငံမှ မြန်မာမွတ်စလင်များ
    မတ် ၂၃၊ ၂၀၁၆
    M-Media
    aw_myanmarmuslimruili_22
    – တရုတ်နိုင်ငံမှ စည်းကားလှသော Ruili နယ်စပ်မြို့လေးမှာ မြန်မာလူ့အဖွဲ့အစည်းတည်ရှိရာ မြို့တစ်မြို့ဖြစ်ပြီး ၎င်းတို့ထဲတွင် အများစုမှာ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုတို့ကြောင့် နေရပ်စွန့်ခွာကာ ဘ၀သစ်ကို ပြန်လည်ပုံဖော်ကြရသော မြန်မာနိုင်ငံဖွား မွတ်စလင်များ ဖြစ်ကြလေသည်။
    လူဦးရေ ၁၄၀၀၀၀ ခန့် နေထိုင်ပြီး ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးရာ ဤ Ruili မြို့လေးကို မြန်မာနိုင်ငံမြောက်ပိုင်း မူဆယ်မြို့မှ နယ်စပ်ကိုဖြတ်ကျော်ကာ လာရောက်နိုင်သည်။ ထိုမြို့တွင် မြန်မာနိုင်ငံသား ငါးသောင်းခန့်မှာ ဘ၀သစ်ကို လျှောက်လှမ်းနေကြသည်။ ၎င်းတို့မှ အများစုမှာ မွတ်စလင်များဖြစ်ပြီး ဘာသာရေးအကြမ်းဖက်မှုမှ လွတ်မြောက်ရန် ဇာတိ စွန့်ခွာခဲ့ရသူများဖြစ်ကာ Ruili မြို့တွင်တော့ ကျောက်မြတ်ရတနာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။
    ထိုမွတ်စလင်များက တရုတ်စာသင်ယူခြင်း၊ ဒေသခံများနှင့် ဆက်ဆံရေးတည်ဆောက်ခြင်း စသဖြင့် ၎င်းတို့၏ ဘ၀ကို ပြန်စခဲ့ကြရသည်။ Zubao လမ်းဟု ခေါ်သည့် ကျောက်မြတ်ရတနာ အရောင်းတန်းက ၎င်းတို့ ကျင်လည်ရာ ဒေသဖြစ်သည်။ ထိုနေရာတွင် လက်ဖက်ရည်ဆိုင်ထိုင်ကြသည်။ မုန့်ဟင်းခါးကလည်း ၎င်းတို့၏ မနက်စာ ဖြစ်သည်။ လမ်းထောင့်တိုင်းတွင်ရှိသည့် ကွမ်းယာဆိုင်များမှ ကွမ်းများကို ၀ယ်မြုံ့ကြသည်။ မြန်မာမွတ်စလင်များမှာ ထိုနေရာမှလွဲ၍ ဝေးဝေးလံလံ မသွားကြ။ ဒါက ၎င်းတို့၏ နေ့စဉ်ဘ၀ဖြစ်သည်။
    ဦးဖုန်းကျော်တစ်ယောက် ၁၉၉၀ ခုနှစ်တွင် ရန်ကုန်မှ Ruili မြို့သို့ ပြောင်းရွှေ့လာကာစက ထိုမြို့လေးတွင် မြန်မာနိုင်ငံသားမှာ ၁၀၀ ခန့်သာ ရှိသေးသည်။
    “အဲဒီအချိန်တုန်းက Zubao လမ်းလည်း မရှိသေးပါဘူး။ စီးပွားရေးလုပ်ဖို့လည်း တော်တော်ခက်တဲ့အချိန်ပါ။ နယ်စပ်ကို ထိန်းချုပ်ထားတာ၊ ရဲတွေရှိနေတာ စတာတွေက လူတိုင်းကို ဒုက္ခဖြစ်စေပါတယ်။ ဒါပေမယ့်လည်း အဖမ်းခံရမှာကို မမှုဘဲ လမ်းပေါ်မှာ ကျောက်တွေရောင်းတာကလွဲလို့ တစ်ခြားရွေးစရာ မရှိပါဘူး” ဟု အသက် ၅၂ နှစ်အရွယ် ဦးဖုန်းကျော်က ယူနန်ပြည်နယ်သံဝဲ၀ဲ တရုတ်စကားဖြင့် ပြောကြားခဲ့သည်။
    ၆၀၀၀၀ စကွဲယားမီတာ ကျယ်ဝန်းပြီး ကျောက်မြတ်ရတနာ ရောင်းဝယ်ရန် သီးသန့်သတ်မှတ်ထားသည့် Zubao လမ်းမမှာ ၁၉၉၃ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့ပြီး ဦးဖုန်းကျော်က ထိုလမ်း ပေါ်ပေါက်လာရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီခဲ့သည်။
    china 1
    တော်ဝင်ရတနာ မြန်မာကျောင်းတွင် စာသင်ကြားနေပုံ
    Ruili မြို့တွင် ကျောက်မြတ်ရတနာအသင်း တော်တော်များများကိုလည်း ၎င်းက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး မြန်မာစာသင်သော စာသင်ကျောင်း နှစ်ကျောင်းကိုလည်း ၎င်းကပင် တည်ထောင်ပေးခဲ့သည်။ မြို့တွင်းရှိ မြန်မာလူ့အဖွဲ့အစည်းက ဦးဖုန်းကျော်အား “ဆရာကြီး” ဟု တလေးတစား ခေါ်ဝေါ်ကြသည်။
    အရပ်မြင့်မြင့်ဒေါင်ကောင်းကောင်း ထိုဆရာကြီးက တရုတ်နိုင်ငံတွင် မြန်မာများ ဒုက္ခတွေ့ပါက မဆိုင်းမတွ ကူညီတတ်သောသူတစ်ဦးလည်း ဖြစ်သည်။ မြန်မာနိုင်ငံသားများ ဆိုင်ဖွင့်လိုပါကလည်း စာရွက်စာတမ်းကအစ အားလုံးကို ဦးဖုန်းကျော်က ကူညီပေးသည်။
    “ကျွန်တော် တရုတ်ပြည်ကို ချစ်တယ်။ ဒီက တရားဥပဒေစိုးမိုးရေးကိုလည်း နှစ်သက်တယ်။ ဥပဒေအောက်မှာ နိုင်ငံခြားသားရော၊ နိုင်ငံသားရော ညီတူညီမျှဆက်ဆံတယ်။ မြန်မာနိုင်ငံမှာတော့ ဒါမျိုးမဟုတ်ဘူးဗျ” ဟု ဦးဖုန်းကျော်က ပြောကြားခဲ့သည်။ ၎င်းမှာ လွန်ခဲ့သည့် ၂၅ နှစ်အတွင်း မြန်မာနိုင်ငံသို့ ၂ ကြိမ် အလည်အပတ် သွားရောက်ခဲ့လေသည်။
    china 2
    မြန်မာမွတ်စလင်တစ်ဦးပိုင်ဆိုင်သည့် လမ်းဘေးဈေးဆိုင်
    Ruili မြို့တွင် မြန်မာလူ့အဖွဲ့အစည်းမှာ ကြီးထွားလာသည့်အတွက် ဒေသခံ တရုတ်လူမျိုးများနှင့် အိမ်ထောင်ကျမှုမှာလည်း ပုံမှန်လိုလို ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ အိမ်ထောင်ကျမှုတွင် အသက် ၃၅ နှစ်အရွယ် ဟူအန်ဆိုသည့် တရုတ်အမျိုးသမီးတစ်ဦးလည်း ပါဝင်ပြီး လွန်ခဲ့သည့် ၁၅ နှစ်အရင်က ရိုဟင်ဂျာအမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ သူမ၏ခင်ပွန်းမှာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ တရုတ်နိုင်ငံသို့ တရားမ၀င် လာရောက်သူဖြစ်ပြီး နောက်ပိုင်းတွင် ကျောက်ကုန်သည်တစ်ဦးအဖြစ် အခြေချ နေထိုင်ခဲ့သည်။
    ဟူအန်က မြန်မာနိုင်ငံသို့ မရောက်ဘူး။ သို့သော်လည်း တစ်နေ့နေ့တစ်ချိန်ချိန်တွင် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့အခြေချမည်ဆိုသည့် အိမ်မက်တစ်ခု ရှိနေလေသည်။ ထို့ကြောင့် ၎င်းတို့၏ အသက် ၁၃ နှစ်နှင့် ၁၁ နှစ်အရွယ် သားနှစ်ဦးကို မြန်မာဘာသာစကားသင်တန်းသို့ ညနေပိုင်းတွင် ပို့ပေးသည်။ မနက်ပိုင်းတွင်တော့ ဒေသတွင်း တရုတ်အစိုးရကျောင်းသို့ ပို့ဆောင်သင်ကြားစေသည်။
    ၎င်းတို့မိသားစု၏ဘ၀က လွယ်ကူသည်တော့မဟုတ်။ ဟူအန်၏ ခင်ပွန်းမှာ ကျောက်အရောင်းအ၀ယ်အတွက် အိတ်တစ်လုံးဖြင့် တရုတ်နိုင်ငံအနှံ့အပြား သွားရောက်နေရပြီး မိသားစု စုံစုံညီညီရှိသည့် အချိန်က တစ်နှစ်လျှင် လေးလလောက်သာ ရှိသည်။ ဟူအန်ကတော့ ဗလီဝတ်ကျောင်းတော်မှ အမျိုးသမီးအဖွဲ့နှင့် မိတ်ဆွေဖွဲ့ထားပြီး ခင်ပွန်းဖြစ်သူက ၀မ်းရေးအတွက် ခရီးသွားသည့်အခါ ထိုအဖွဲ့နှင့် ဘ၀ကို သက်တောင့်သက်သာ ဖြတ်သန်းလေသည်။
    chaina 3
    ဦးဖုန်းကျော်၏ ကျောက်မြတ်ရတနာဆိုင်
    Zhubao လမ်းရှိ ဗလီဝတ်ကျောင်းတော်တွင် ဓာတ်ပုံရိုက်ခြင်းကို တားမြစ်ထားသည်။ ထိုလမ်းအား “မြန်မာရွာ” ဟု ဒေသခံများက ခေါ်ဝေါ်ကြသည်။
    “ပတ်ဝန်းကျင်က မွတ်စလင်တွေကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ ဗလီဝတ်ကျောင်းတော်မှာ တာဝန်ရှိပါတယ်။ ဒီပတ်ဝန်းကျင်မှာ မြန်မာမွတ်စလင် ၃၀၀၀ လောက်နဲ့ တရုတ်မွတ်စလင် ၆၀၀ လောက်ရှိပါတယ်” ဟု တရုတ်လူမျိုး ရှေ့ဆောင်အီမာမ် Ma Xiao Juan က ပြောကြားခဲ့သည်။ ၎င်း၏ ဇာတိမှာ ယူနန်ပြည်နယ်မြို့တော် ကူမင်း ဖြစ်လေသည်။
    “ကျွန်တော်တို့ မွတ်စလင်လူ့အဖွဲ့အစည်းကို ဓာတ်ပုံရိုက်တာမျိုး မလိုလားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ထဲက အများစုဟာ ဘာသာရေးအကြောင်းအရင်းတွေကြောင့် သူတို့ရဲ့ မိခင်မြန်မာနိုင်ငံကနေ ထွက်ပြေးလာရသူတွေပါ။ တကယ်လို့ မြန်မာအစိုးရက သူတို့ဒီမှာရှိတယ်ဆိုတာ သိသွားရင် သူတို့ကို လွှဲပေးဖို့ တရုတ်အစိုးရကို တောင်းဆိုပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ လူထောင်ပေါင်းများစွာရဲ့အသက်ကို ကျွန်တော်တို့ စဉ်စားရမှာပါ။ မလွှဲပေးပြန်ရင်လည်း မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအခြားမှာ တင်းမာမှုတွေ ဖြစ်လာနိုင်ပါတယ်”
    china 4
    Ruili မြို့က မြင်ကွင်းတစ်ခု
    မစ္စတာ Ma က ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်အကြားတွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် မိမိတို့ ဗလီဝတ်ကျောင်းတော်မှာ မြန်မာနိုင်ငံမှ မွတ်စလင်များကို နေရာထိုင်ခင်းပေးခဲ့သည်ဟု ဆိုသည်။
    မူဆယ်မြို့မှ ကီလိုမီတာ ၁၃၀ ဝေးသော လားရှိုးမြို့တွင်ဖြစ်ပွားသည့် အကြမ်းဖက်တိုခိုက်မှုတွင် လူအုပ်ကြီးက ဗလီဝတ်ကျောင်းတော်တစ်လုံးနှင့် မွတ်စလင်မိဘမဲ့ဂေဟာတစ်ခုတို့ကို မီးရှို့ခဲ့ကြသည်။ ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက် Ma က ပစ္စတိုကိုင်ထားသည့် အစောင့်များကို ဗလီဝတ်ကျောင်းတော်ရှေ့တွင် ၃ လလုံးလုံး ချထားခဲ့သည်။ ထို့နောက်တွင်တော့ ဗလီဝတ်ကျောင်းတော်၏ ပတ်ပတ်လည်တွင် လုံခြုံရေးကင်မရာ ၁၆ ခုကို တပ်ထားလိုက်ပြီး မှတ်တမ်းများကို ရဲတပ်ဖွဲ့သို့ ပုံမှန် ပေးပို့နေလေသည်။
    တရုတ်မွတ်စလင်များအတွက် ဗလီတစ်လုံး၊ မြန်မာမွတ်စလင်များအတွက် ဗလီတစ်လုံး စသဖြင့် ခွဲခြားထား၍ မရဟု Ma က ပြောကြားခဲ့သည်။
    “ဒါမျိုးလုပ်လိုက်ရင် မြန်မာမွတ်စလင်အတွက် ကျွန်တော်တို့ စီမံခန့်ခွဲဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဒါက ကျွန်တော်တို့နိုင်ငံဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အမြဲတမ်း တာဝန်ယူရမှာပေါ့။ မြန်မာမွတ်စလင်တွေအနေနဲ့လည်း ဗလီဝတ်ကျောင်းတော်ကို ၀တ်ပြုဆုတောင်းဖို့အတွက် လွတ်လွတ်လပ်လပ် သုံးလို့ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးအတွက်တော့ မရဘူးပေါ့။ ဗလီက ဒါနဲ့ ဘာမှ မဆိုင်တာ။ ဒီဗလီဝတ်ကျောင်းတော်ကို တည်ဆောက်ဖို့အတွက် ကျွန်တော်တို့ တရုတ် မွတ်စလင်တွေနဲ့ မြန်မာမွတ်စလင်တွေက တစ်ဝက်စီ အကုန်အကျခံခဲ့တာပါ”
    မြန်မာစကားမပြောတတ်သည့် Ma တစ်ယောက် ၎င်း၏ ရှေ့ဆောင်အီမာမ်တာဝန်ကို တရုတ်စကားမပြောတတ်သည့် မြန်မာမွတ်စလင်များအတွက်လည်း ခွဲဝေပေးနေသည်။ စကားမပေါက်သည့် မြန်မာမွတ်စလင်များကို အဘယ့်ကြောင့် ကူညီသလဲဟု မေးမြန်းရာတွင်တော့ Ma က “မွတ်စလင်အားလုံးဟာ မိသားစုတစ်ခုပဲဗျ။ ဒါက စည်းကမ်းပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
    မစ္စတာ Ma အနေဖြင့် Ruili သို့ လာရောက်သည့် မြန်မာမွတ်စလင်များကို တံခါးဖွင့် ကြိုဆိုလျက်ရှိနေသည်။
    “မြန်မာမွတ်စလင်တွေဟာ Ruili မြို့ စီးပွားရေးရဲ့ အသက်သွေးကြောပါပဲ။ Ruili မှာ ကျောက်မြတ်ရတနာတွေ၊ ကျွန်းသစ်တွေ အရောင်းအ၀ယ်မရှိတော့ဘူးဆိုရင် ခြောက်ကပ်တဲ့မြို့ကြီး ဖြစ်သွားမှာပေါ့”
    china 3
    မွတ်စလင်အမျိုးသမီးများ ဈေးဝယ်ထွက်နေစဉ်
    Ma ၏ ဗလီဝတ်ကျောင်းတော်မှ အနည်းငယ်လျှောက်သွားပါက မြန်မာနိုင်ငံမှ မုန့်ပဲသွားရေစာများကို ရောင်းချသည့် ဆိုင်လေးတစ်ဆိုင်နှင့် ကွမ်းယာဆိုင်တစ်ဆိုင်ကို တွေ့ရပေလိမ့်မည်။ ထိုဆိုင်နှစ်ဆိုင်အကြားရှိ လမ်းကြားလေး အဆုံးတွင်တော့ တော်ဝင်ရတနာဟုခေါ်သည့် မြန်မာစာသင်ကျောင်းတစ်ခု ရှိသည်။ မူကြိုမှ ၁၀ တန်းအထိ သင်ကြားပေးသည့် အဆိုပါကျောင်းလေးတွေ မြန်မာကလေးငယ် ၅၀ ခန့် ပညာသင်ကြားနေကြလေသည်။
    ၃ ထပ်အဆောက်အဦးတွင်ရှိသည့် ထိုကျောင်းက တရုတ်စံတော်ချိန်နှင့် ၁ နာရီခွဲကွာသော မြန်မာစံတော်ချိန်ဖြင့် သင်ကြားပေးနေသည်။ ကျောင်းသားအများစုက တရုတ်စကားကို ထမင်းစားရေသောက် ပြောတတ်ကြသည်။ သို့သော်လည်း တော်ဝင်ရတနာကျောင်းကို တက်ချင်ကြသည့်အတွက် တရုတ်ကျောင်းများမှ ထွက်ခဲ့ကြသည်။ အဆိုပါ တော်ဝင်ရတနာကျောင်းကို မြန်မာပညာရေးဌာနကလည်း အသိအမှတ်ပြုထားလေသည်။
    “ကျွန်တော်တို့ကျောင်းသာ ဒီမှာမရှိဘူးဆိုရင် သူတို့လေးတွေလည်း မြန်မာဘာသာရပ်တွေကို ဘယ်သင်ယူနိုင်မလဲ။ သူတို့လေးတွေ မြန်မာပညာရေးရဖို့အတွက် ကျွန်တော် ကူညီချင်ပါတယ်။ ဒါမှသာ တစ်နေ့ကျရင် သူတို့ မြန်မာနိုင်ငံကို ပြန်နိုင်မှာပေါ့” ဟု ကျောင်းအုပ်ကြီး ဦးတင့်လွင်က ပြောကြားခဲ့သည်။
    china 5
    တော်ဝင်ရတနာကျောင်းက ကျောင်းသားတစ်ဦး ကျောင်းဆင်းလာစဉ်
    သို့သော်လည်း Ruili တွင်ရှိသည့် မြန်မာမျိုးဆက်သစ်များက ရွှေနိုင်ငံဟုခေါ်ဆိုသည့် မိခင်နိုင်ငံကို ပြန်ရန် ဆန္ဒရှိလားဆိုသည်မှာလည်း သံသယဖြစ်စရာ ဖြစ်နေသည်။ အသက် ၁၃ နှစ်အရွယ်ရှိကြသည့် ကျောင်းသားအုပ်စုတစ်ခုက ၎င်းတို့သင်ကြားရသည့် မြန်မာ၊ အင်္ဂလိပ်၊ ဟင်ဒီနှင့် တရုတ်ဘာသာစကားတွင် အင်္ဂလိပ်ဘာသာကို အကြိုက်ဆုံးဟု ဆိုသည်။
    နောက်ဆုံးနေ့ ဘိုင်အိုစာမေးပွဲဖြေဆိုရင် ပြင်ဆင်နေသည့် အသက် ၁၅ နှစ်အရွယ် ရဲမင်းထွဋ်က တရုတ်နိုင်ငံတွင် မွေးဖွားသူဖြစ်ပြီး Ruili နှင့် မူဆယ်တို့တွင် တစ်လှည့်စီ နေထိုင်လေသည်။ ၎င်းမှာ တရုတ်ကျောင်းကို တစ်နှစ်သာ တက်ခဲ့သည်။
    “ကျွန်တော် မြန်မာနိုင်ငံကို မပြန်ချင်ဘူးဗျ။ Ruili မှာရှိတဲ့ ဒီ မြန်မာရွာလေးမှာပဲ ကျွန်တော် နေချင်တယ်”
    Ref: Frontiermyanmar.net
    (THE MYANMAR MUSLIMS IN CHINA ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
  • ဘုရင့်နောင် မင်းတရားကြီးနှင့် မဂိုဧကရာဇ် အက္ကဘရ် သံတမန် ဆက်သွယ်မှု
    ဘုရင့်နောင် မင်းတရားကြီးနှင့် မဂိုဧကရာဇ် အက္ကဘရ် သံတမန် ဆက်သွယ်မှု
    Ba Yint Naung and Akaba
    ရတနာပုံမောင်မောင်ခင် ရေးသည်။
    (၁) “သံတမန်အစ ပုဂံခေတ်က”
    ——————————-
    တာတာဧကရာဇ် ကုဗလေ့ခန်မင်းကြီးလက်ထက် ပုဂံပြည်ရှင် တရုတ်ပြေးမင်းထံ သံတမန်များ ရောက်ရှိခဲ့သည်။ မောင်ဂိုစစ်ကြီး ပြီးဆုံးပြီးနောက် ပုဂံပြည်ရှင်က ရှင်ဒီသာပါမောက္ခကို သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီး ကုဗလေခန်မင်းကြီးထံ စေလွတ်ခဲ့သည်။
    သံတမန်အပြန်ပြန် အလှန်လှန်စေလွတ်မှုသည် ပုဂံခေတ်အခါသမယကပင် ရှိခဲ့ကြောင်း ထင်ရှားနေပေသည်။ ခရစ်သက္ကရာဇ် (၁၅၃၈)ခု မဂိုလ်ဧကရာဇ်အက္ကဘာရ်၏ ခမည်းတော် တူမားရွန်းသည် (Gaur) ဂေါ်မြို့၌ စိုးစံနေသော (Gori Pathan) ဂိုရီပထန်မင်း
    ဆက်များနှင့် စစ်တိုက်ခိုက်ခဲ့ရာ နောက်ဆုံး ဂိုရီပထန် (Gori Pathan) ဘုရင်များ အရေးနိမ့်ပြီး၊ ဂေါ်မြို့မှ တိမ်းရှောင် ထွက်ပြေးကြ ရလေသည်။ ဂိုရီပထန်စစ်သည်တော်များ (Parsi) ပါရ်စီစစ်သည်တော်များ၊ (Raiput) ရာဂ်ျပွတ်စစ်သည်တော်များသည်
    နောက်ကထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်နေမှုကြောင့် နီးစပ်ရာ အိမ်နီးနားချင်းနိုင်ငံသို့ စစ်ပြေးဒုက္ခသည်များအဖြစ် ခိုလှုံကြရလေသည်။ ဂိုရီပထန်ပါရ်စီခေါ် ပသီစစ်ပြေးများသည် ရခိုင်ဘုရင်ထံ၌လည်းကောင်း၊ ဟံသာဝတီ တပင်ရွှေထီးဘုရင်ထံ၌ လည်းကောင်း၊
    ဘုရင့်နောင်ကျော်ထင်မင်းတရားကြီးထံတော်ပါး သို့လည်းကောင်း၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံများသို့လည်းကောင်း တစ်သုတ်ပြီးတစ်သုတ်တိမ်းရှောင် ခဲ့ကြလေသည်။ ထိုင်းနိုင်ငံတွင် ဂိုရီပထန်စစ် ပြေးများ နေထိုင်ရာ၊ ပထန်နီနယ် သို့မဟုတ် ပတာနီနယ်ကြီး ယခုတိုင်တည်ရှိ နေပေသေးသည်။ မဂိုလ် အက္ကဘာရ်ဘုရင်သည် ပထန်မင်းဆက်များကို အပြီး အပြတ်အောင်နိုင်တော်မူပြီး ဒေလီမြို့တော်၌ အိန္ဒိယ နိုင်ငံတစ်ခုလုံး၏ ဧကရာဇ်အဖြစ် နန်းတက်ခဲ့လေသည်။
    အက္ကဘာရ်ဘုရင်လက်ထက်တော်၌ နောက်ဆုံး ဂိုရီပထန်မင်းဆက်သစ္စာခံတော်များသည် ဘုရင့်နောင် မင်းတရားကြီးထံတော်ပါးသို့ ခိုလှုံဝင်ရောက်ခဲ့ပေသည်။ ခရစ်သက္ကရာဇ် (၁၅၄၅) ခုနှစ် တပင်ရွှေထီး ရခိုင်သို့ ချီတက်စဉ် မဂိုလ်မင်းများ အကြောင်းကို ကြားသိသောကြောင့် ဆက်သွယ် ခဲ့သည်။
    (၂)”ဘုရင့်နောင်ထံခိုလှုံပြန်”
    ——————————-
    ဟံသာဝတီပြည့်ရှင် တပင်ရွှေထီးလက်ထက်တော် အခါသမယကပင် ပသီတပ်မတော်နှင့် ပေါ်တူဂီဘုရင်ဂျီတပ်မတော်များရှိခဲ့သည်။ ခရစ်သက္ကရာဇ်(၁၅၄၃) ခု မြန်မာသက္ကရာဇ် ၉၀၅ ခု တပင်ရွှေထီး၊ ပြည်မြို့သို့စစ်ချီတက်တော်မူစဉ် ပသီကုလား ပန်းသေး တပ်မတော်သားများ ပါဝင်ခဲ့ပေသည်။ ကုလားပန်းသေးတို့ကိုလည်း အထူးထူးသော ဦးရစ်ဘောင်းဘီတို့ဖြင့် တန်ဆာဆင်ယင် ၀တ်စားစေ၍ စိန်ပြောင်းမြတပူစွဲစေ၍ လိုက်ရသည်။
    ဦးကုလားမဟာရာဇ၀င်ကြီး၊ ဒုတိယတွဲ စာမျက်နှာ ၂၀၃
    ဦးကုလားနှင့် မှန်နန်းရာဇ၀င်ကြီးများ၌ ပေါ်တူဂီဘုရင်ဂျီနှင့် ပသီပန်းသေးကုလားများကို ခွဲခြားပြီးရေးလေ့ရှိသောကြောင့် မှားယွင်းရန်မရှိပေ။
    ဘုရင့်နောင်သည် ဒုတိယမြန်မာနိုင်ငံတော်ကြီး တည်ဆောက်ရန်အတွက် စစ်သည်ရဲမက်အင်အား လိုအပ်နေပေရာ ဘုရင့်နောင်မင်းတရားကြီးသည် ရဲမက်စစ်သည်တို့ကို စုဆောင်းလျက်ရှိပေသည်။ အိန္ဒိယနိုင်ငံဂေါမြို့တော်ကို ဟူမာယွန်းဘုရင်နှင့် အက္ကဘာရ်ဘုရင်တို့၏ တိုက်ခိုက်မှုကြောင့် စစ်ရှုံးဂိုရီပထန်များ၊ ပါစီခေါ် ပသီလူမျိုးများ ပဲခူးသို့ ခိုဝင်လာမှုကို လက်ခံခဲ့ပေသည်။ ဘုရင့်နောင်သည် မိမိ၏ကိုယ်ရံတော် တပ်မဟာကြီးတွင် ပစီ သို့မဟုတ် ပသီစစ်သား လေးထောင်တို့ကို မိမိ၏ကိုယ်ရံတော်အဖြစ် ခန့်အပ်တော်မူခဲ့သည်။ ယင်းလူမျိုးများထံမှ အက္ကဘာရ်ဘုရင်၏ သတင်းများကို ကြားသိခဲ့ရလေသည်။
    ဘုရင့်နောင်မင်းတရားကြီးသည် မိမိကဲ့သို့ ဘုန်းတန်ခိုးကြီးမားသော အက္ကဘာရ် ဧကရာဇ်ထံ သံတမန်များဆက်သွယ်ရန် ရည်ရွယ်ချက် ထားတော်မူသည်။ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ပြီးနောက်ဖာရီစီစကား၊ ဟင်ဒီစကားတတ်ကျွမ်းသောပသီများကို ဆင့်ခေါ်တော်မူပြီး သံကြီး၊ တမန်ကြီးများအဖြစ်ခန့်အပ်တော်မူသည်။ ရေလမ်းဖြင့် ပင်လယ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားပြည်သို့ သွားခဲ့သည်။ ဂင်္ဂါမြစ်များအတိုင်း လှော်တက်ပြီး ဒေလီမြို့တော်သို့ရောက်ရှိပြီး အက္ကဘာရ်ဘုရင်နှင့် ဆက်သွယ်ခဲ့ပေသည်။ စစ်ရဲမက်
    အင်အား ပြည့်စုံသောအခါ ဟံသာဝတီ ပဲခူးနေပြည်နေပြည်တော်တွင် စိုးစံနေသော ဘုရင့်နောင်မင်းတရားကြီးသည်လည်း မဏိပူရပြည်၊ ထိုင်းနိုင်ငံ၊ ဇင်းမယ်ပြည်၊ ကမ္ဘောဒီးယားပြည်၊ အင်ဒိုချိုင်းနားပြည်၊ လောပြည်၊ တနင်္သာရီနယ်တို့ကို တိုက်ခိုက် သိမ်းယူတော်မူပြီး ဧကရာဇ်ဘွဲ့ကို ခံယူတော်မူသည်။
    (၃) ပသီအစပါစီက
    ——————-
    ဘုရင်နောင်လက်ထက်မှစ၍ မြန်မာမင်းတို့သည် အမြောက်ပြောင်းချ သေနတ်များကို အသုံးပြုကြသည်။ အမြောက်ကိုင် စစ်သား၊ သေနတ်ကိုင် စစ်သားတို့သည် အများအားဖြင့် သုံပန်းများဖြစကြသော ပေါ်တူဂီ ပသီ သို့မဟုတ် ယင်းတို့မှ ဆင်းသက်လာသူများ  ဖြစ်ကြသည်။
    ဇမ္ဗူဒ်ီပဥဆောင်းကျမ်းနိဒါန်း
    ခရစ်သက္ကရာဇ် (၁၅၆၈) ခု၊ မြန်မာသက္ကရာဇ် (၉၃၀) ခု ဘုရင်နောင်မင်းတရားကြီး ထိုင်းနိုင်ငံသို့ ချီတက်ရာတွင် ပသီကိုယ်ရံတော် အသေခံတပ်မတော်သားပေါင်း လေးထောင်ခြံရံတော်မူလျက် ချီတက်တိုက်ခိုက်တော်မူခဲ့လေသည်။ ကုလားဘရင်ဂျီလေးရာ တို့ကိုလည်း  ရွှေဦးထုပ်၊ ဘောင်းဘီဝတ်စေလျက် လက်ဝဲ၊လက်ယာ၊ ရှေ့နောက် တစ်ရာစီ စိန်ပြောင်းစွဲစေလျက် လိုက်ရသည်။ ကုလားပသီလေးထောင်တို့ကိုလည်း သံပေါက် ဘောင်းဘီဝတ်စေပြီးလျှင် သေနတ်စွဲစေ၍ ရှေ့နောက်၊ လက်ဝဲလကျာ်တစ်ထောင်စီ လိုက်ရသည်။
    အပိုဒ် ၃၃၅၊ ဦးကုလား မဟာရာဇ၀င်ကြီး ဒုတိယတွဲ၊ စာမျက်နှာ ၄၀၁
    ပုဂံခေတ်အခါသမယက ယင်းအရိယန်လူမျိုး အစ္စလာမ်ဘာသာဝင်များသည် ကံရာဇာကြီး၊ ကံရာဇာငယ် အာသံမှမြန်မာနိုင်ငံသို့ ၀င်ရောက်လာသော ပိုးလမ်းမကြီးအတိုင်း ၀င်ရောက်လာကြပြီး အနော်ရထာမင်းထံတော်တွင် အလုပ်အကျွေး ကုလားခြေလျင်ရှစ်ကျိပ် အဖြစ် အမှုထမ်းခဲ့ကြသည်။ တရုတ်ပြေးမင်းလက်ထက် ကုဗလေခန်မင်းကြီး၏ စစ်သူကြီး နဇရွဒ်ဒင်နှင့်အတူ ပါစီများ၊ တူရကီများ၊ ပန်းသေးများ၊ မဂိုလ်များပုဂံနေပြည်တော်သို့ ၀င်ရောက်ခဲ့ကြသည်။
    ပုဂံခေတ်ကစပြီး မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့သော ပသီပေါင်းမြောက်မြားစွာရှိသည့်အနက် စစ်ကျွမ်းကျင်သော ပသီ လေးထောင်ကျော်ကိုရွေးထုတ်တော်မူပြီး အသေခံပသီ လေးထောင် ကိုယ်ရံတော်တပ်မဟာကို ဖွဲ့စည်းခဲ့လေသည်။ ပသီဟူသည်ကား ဖာရစီစကား၊ ပါစီစကားမှဆင်းသက်လာပြီး ပါစီမှပသီအဖြစ်သို့ ပြောင်းလဲခဲ့ပေသည်။ ပါရ်စီ အဓိပ္ပာယ်ကား မြင်းစီးသူရဲကောင်းဟူ၍ အဓိပ္ပာယ်ရရှိသည်။ ထို့ကြောင့်ပသီ၏ အဓိပ္ပာယ်သည် မြင်းစီးသူရဲကောင်းဟူ၍ အနက်ထွက်သည်။ ပါစီစကားပြော အမျိုးအနွယ်စုဝင်များကား ပထန်၊ တူရီဂီ၊ ဘိုခါရာလူ၊ တာတာ၊ မဂိုလ်၊ စီကိုင်းပန်း သေးများ၊ ရုရှားနိုင်ငံရှိ မွတ်စလင်လူမျိုးစုဝင်များဖြစ်ကြ၏။ ယင်းလူမျိုးများသည် စစ်တိုက်ဝါသနာ ထုံသူများဖြစ်ကြသောကြောင့် ရောက်လေ ရာနိုင်ငံများတွင် စစ်မှုထမ်းကြကုန်လျက် အခြေချနေထိုင်ကြလေ သည်။ ပါစီစကားပြော လူမျိုးအားလုံးသည် မူရင်းပါစီလူမျိုးများက ဆင်းသက်သူများ ဖြစ်ကြ၏။ ပါရှားနိုင်ငံသည် မူလစွန္နီဘာသာဝင်များဖြစ်ကြသည်။ ပါစီတို့ သာသနာပြုမှုကြောင့် လည်းကောင်း၊ သွေးသားနှီးနှောမှုကြောင့်လည်းကောင်း၊ ပထန်များ၊ ပန်းသေးများ၊ မဂိုလ်များ၊ တာတာများ၊ တူရဂီများ အစ္စလာမ်ဖြစ်လာရပေသည်။ နတ်ရှင်နောင် စပ်ဆိုသောရတုများတွင် ပိုလို(Polo) ကစားခြင်းအကြောင်းများ ပါရှိနေပေသည်။ ပိုလိုကစားမည့် သူများသည် အုပ်စုနှစ်စုခွဲပြီး၊ မြင်းများစီးရလေသည်။ သုံးပေကျော်ခန့် တုပ်တန်းထိပ်တွင်တူ(သို့မဟုတ်) တင်းပုတ်ပုံသဏ္ဍန်ရှိ အသားစလေးဆွတ်ပြီး မြင်းများပေါ်မှ ဂေါ်လီလုံးကို တုတ်တန်းနှင့်ရိုက်ပြီး ဂိုးသွင်းကစားနည်းဖြစ်သည်။ ယင်းကစားနည်းကို ပါစီ၊ မဂိုလ်၊ တာတာတူရကီ လူမျိုးများက ကမ္ဘာပေါ်တွင်စတင်တီထွင်ပြီး ကစားခဲ့လေသည်။ ဘုရင့်နောင်လက်ထက်တွင် ယင်းလူမျိုးများရှိနေ ကြောင်း ထင်ရှားနေပေသည်။ ပသီ အားလုံးတို့၏ ဘေးဘိုးများဖြစ်ပေသည်။ ပသီကိုယ်ရံတော် တပ်မတော်သားများသည် စစ်ရေးလေ့ကျင့်ရင်း ပိုလိုကစားနည်းကို ကစားကြသည်။ မြင်းစီး ကစားရသောကြောင့် ထိုခေတ်က မင်းဆွေမင်းမျိုးများ နှစ်သက်သောကစားနည်း ဖြစ်လာခဲ့ပေသည်။ စာဆိုတော်နတ်ရှင်နောင် ကိုယ်တိုင်ပိုလို ကစားခဲ့လေသည်။ ပါစီများသည် ကုဗလေခန်မင်းကြီး၏ မြင်း တပ်မတော်တွင် အမှုထမ်းခဲ့ကြသည်။ မြင်းစီးရင်း မြားပစ်လှံထိုး၊ ဓားခုတ်၊ ဂေါက်သီးရိုက် ကစားနည်းအားလုံးသည် တာတာများ၊ တူရကီများ၊ မဂိုလ်များ၊ ပါစီလူမျိုးတို့မွေးရာပါ ကစားနည်းများဖြစ်ကြကုန်၏။
    (၄) “ဘုရင့်နောင်လက်အောက် ကသည်းရောက်”
    ————————————————-
    “ဘုရင့်နောင် အိန္ဒိယနိုင်ငံနယ်စပ်ကသည်းပြည်သို့ ချီတက်သိမ်းပိုက်စေခြင်းအကြောင်း”
    ခရစ်သက္ကရာဇ် (၁၅၅၉) ခု၊ မြန်မာသက္ကရာဇ် (၉၂၁) ခု ရတနာပူရအ၀ ကျေးလက်မြောက်ဘက် မင်းခင်းအောက်ကျေးရွာများကို ကသည်းစော်ဘွားက ထိပါးကျူးကျော်လာရာ စစ်သည်ငါးသောင်းနှင့် ဘုရင့်နောင်ကသည်းပြည်သို့ ချီတက်သိမ်းပိုက်စေခဲ့သည်။
    အင်းဝညောင်ရမ်းမင်းဆက်များထိ မြန်မာမင်းများ၏ လက်အောက်ခံနိုင်ငံ ဖြစ်ခဲ့ရသည်။ အိန္ဒိယနိုင်ငံအစွန်း ကသည်းပြည်သည် မြန်မာနိုင်ငံပိုင် ပြည်နယ်ဖြစ်လာခဲ့ရာ မဂိုလ်ဧကရာဇ် အက္ကသရ်ဘုရင်ပိုင်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လာခဲ့သည်။ ထိုအချက်သည်လည်း သံတမန်ဆက်သွယ်ရသော အကြောင်းရင်းများတွင် ပါသည်။ ကသည်းပြည်ရှိ ကသည်းပုဏ္ဏားများနှင့် ကသည်းပသီများသည် ဘုရင့်နောင်လက်ထက်ကစပြီး ဟံသာဝတီသို့ ရောက်ရှိခဲ့လေသည်။
    ဦးကုလား မဟာရာဇ၀င်ကြီး၊ ဒုတိယတွဲ အပိုဒ်(၂၈၃)၊ စာမျက်နှာ(၃၂၇)။
    (၅) ပသီစစ်ကူ ပို့ပြီးကူ
    ————————–
    သီဟိုဠ်ကျွန်းသို့ စစ်ကူပို့သော သူရဲကောင်းများတွင် ပသီများပါရှိခြင်းအကြောင်း။
    ခရစ်သက္ကရာဇ် (၁၅၇၆) ခု မြန်မာသက္ကရာဇ် (၉၃၈) ခုနှစ်၌ သီဟိုဠ်ကျွန်းတွင် အုပ်စိုးသော ဓမ္မပါလမင်းက ဘုရင့်နောင် မင်းတရားကြီးအား စစ်ကူတောင်းရာ သင်္ဘောငါးစင်းတွင် စစ်သည်ရဲမက်နှစ်ထောင့်ငါးရာတင်ပြီး သီဟိုဠ်ကျွန်းသို့ စစ်ကူပို့ခဲ့သည်။
    ဟင်ဒူဘာသာဝင်တို့နှင့် ဗုဒ္ဓဘာသာဝင်တို့သည် ကျွဲ၊ နွား၊ ဆိတ်၊ ကြက်တို့ကို အရှင်လတ်လတ်သတ်ဖြတ်ပြီး စားသောက်လေ့မရှိပေ။ သီဟိုဠ်ကျွန်းသို့ ပို့လိုက်သောသူရဲကောင်းများသည် သီဟိုဠ်ကျွန်းသို့ရောက်သောအခါ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်တို့ကို အရှင်လတ်လတ် သတ် ဖြတ်ချက်ပြုတ်စားကြကြောင်းကို သီဟိုဠ်သားတို့မြင်လျှင် ဤသူတို့သည်ကား လူသားမဟုတ်၊ ဘီလူးများ ပင်တည်းဟု ဆိုကြလျက် ထိတ်လန့်ကြကုန်၏။ ကျွဲနွားတို့ကိုသတ်၍ အစိမ်းစားသောက်သည်ကိုမြင်လျှင် ဤသည်ကား လူမဟုတ်၊  ဘီလူးပင်ဖြစ်သည်။
    ဦးကုလား မဟာရာဇ၀င်ကြီး၊ တတိယတွဲ၊ စာမျက်နှာ (၄၀)။
    သို့ရှိရာ ဘုရင့်နောင် သီဟိုဠ်ကျွန်းသို့ ပို့လိုက်သောစစ်သည်နှစ်ထောင်ငါးရာတွင် ကျွဲနွားတို့ကိုစားသောက် သော ပသီလူမျိုးများ ပါဝင်လျက်ရှိကြောင်း သိရပေသည်။ သီဟိုဠ်ရောက် ပသီစစ်သည်တော်များထံမှ အက္ကဘာရ်ဘုရင်၏ သတင်းကိုကြားသိရပြီးနောက် ဟံသာဝတီသို့ပြန်ကြသော အခါ ဘုရင့်နောင်မင်းတရား ကြီးအား ပသီစစ်သည်တော်များ လျှောက်ထားမှုကြောင့် သံတမန် ဆက်သွယ်ခြင်း ဖြစ်နိုင်ပေသည်။
    (၆) ဘုရင့်နောင်သံမှူး အက္ကဘာရ်ချီးကျူး
    ———————————————
    ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီးက ပသီအမျိုးသား ဖာရစီစကားတက်သူ စွန္ဒရာသီ ငါးဆယ် ရွာစားနှင့် ခွေးလင်း ရွာစားနှစ်ဦးတို့ကို သံကြီး တမန်ကြီး ခန့်အပ်တော်မူပြီး ဒေလီမြို့တော်ရှိ အက္ကဘာရ် ဘုရင်ထံ စေလွှတ်တော်မူခဲ့သည်။ ဒေလီဘုရင် အက္ကဘာရ် မင်းကြီးသည် ဘုရင့်နောင်၏သံတမန်များကို ထွက်တော်မူပြီး ကြိုယူတော်မူသည်။ ပသီသံမှူးများ အထူးအဆန်းဖြစ်သော ဆင်ယင်ထုံးဖွဲ့မှုတို့ဖြင့် ၀တ်စားဆင်ယင်ပြီးသော် မင်းကြီးနားသို့ ချဉ်းကပ်ပြီး ဘုရင့်နောင်မင်းတရားကြီး၏ လက်ဆောင်တော်များကို ဆက်သလေသည်။ အထူးအဆန်း ဆံမြိတ်နှင့် ၀တ်ဆင်ထားမှုကို အက္ကဘာရ်ဘုရင်ကမေးတော်မူသည်။
    ဘုရင့်နောင်အကြောင်းကို အက္ကဘာရ်ဘုရင်က မေးတော်မူရာ ပသီသံတော်ကြီးများကတစ်ဆင့် ဆင်ဖြူရှင် ဘုရင့်နောင် ထွက်တော်မူလျှင် ရွှေဘုန်းတော်ကြောင့် ရေနေသတ္တ၀ါဖြစ်ကြကုန်သော မိကျောင်း၊ လိပ် ဂဏန်း၊ လပိုင်တို့ ကခုန်မြူး တူးကြကြောင်းပါ လျှောက်ထားခဲ့သည်။ အက္ကဘာရ်ဘုရင်ကြီးလည်း ကုလား သံတော်ကြီးများ ခန့်တော်မူပြီး ဘုရင့်နောင်ထံစေ လွှတ်တော်မူမည်ဟု မိန့်တော်မူသည်။ အက္ကဘာရ်ဧက္ကရာဇ်က မြန်မာ သံအမတ်တို့အား ဧည့်ခံကျွေးမွေးရာ ငါးတစ်ကောင်ကို တစ်ခြမ်းကအကြော်၊ တစ်ခြမ်းကအကင် ပြုလုပ်ကျွေးမွေးခဲ့သည်။ မြန်မာနိုင်ငံ ဟံသာဝတီမြို့သို့ရောက်သောအခါ ဘုရင့်နောင်မင်းတရားကြီး အား လျှောက်ထားရာ ကြားတော်မူပြီး အက္ကဘာရ်ဘုရင်ကြီး၏သံတမန်တော်များ ဟံသာဝတီနေပြည်တော်သို့ ရောက်ရှိလာပါက ပြသနိုင်ရန် ထမင်းဟင်းချက်တက်သော ကုလားပသီတို့ကိုခေါ်တော်မူပြီး ကြိုတင်စီမံတော်မူသည်။ အက္ကဘာရ်ဘုရင်ကြီး၏သံကြီး တမန်ကြီးများ ဟံသာဝတီနေပြည်တော်သို့ ရောက်ရှိလာသောအခါ စီမံသည်ကား “ကြက်ဖို၊ ကြက်မတို့ကို သန့်စင်အောင်ဆေးကြော၍ ငရုတ်၊ ကြက်သွန်၊ ချင်းစိမ်းအမွှေးမျိုးစုံသွတ်ပြီးမှ ကျောကိုခွဲပြန်၍ ၀မ်းဘဲဥနှစ်လုံးစီသွတ်ပြီးမှ ကုလားတို့ကိုခေါ်၍ ထောပတ်ဆီဥ နွားနို့ လူးပြီးမှကြော်ရ၏”
    သုသောဓိက မဟာရာဇ၀င်ကြီး၊ တတိယတွဲ၊ စာမျက်နှာ ၄၃။
    “စည်တော်သံ၊ တံပိုးခရာသံ၊ ဗုံသံ၊ မောင်းသံနှင့် ဒီရေကိုလိုက်၍ သားတက်ခိုက်ဖြစ်သောကြောင့်  မိကျောင်း၊ လပိုင်၊ မကန်း၊ လိပ်၊ ငမန်းတို့သည် စည်သံ၊ ဗုံသံ၊ မောင်းသံ၊ တပိုးသံ ကြားလျှင်ထိတ်လန့်၍ မြစ်ရေပြည့်မျှ ခုန်လွှားကုန်၏”
    သုသောဓိက မဟာ ရာဇ၀င်ကြီး၊ တတိယတွဲ၊ စာမျက်နှာ ၄၅။
    ဟံသာဝတီရောက် အက္ကဘာရ်မင်း သံတမန်တို့သည်လည်း မမြင်စဖူး ထူးကဲသောကြောင့် အံ့ဩချီးမွမ်းကြကုန်၏။ ဘုရင့်နောင်မင်းတရားကြီးစေလွှတ်တော်မူသော ပသီသံကြီး၊ တမန်ကြီးများ ဒေလီမြို့တော် သို့ရောက်စဉ် ကြိုဆိုဧည့်ခံသော အစီအစဉ်နှင့် ဘုရင့်နောင်မင်းတရားကြီးက အက္ကဘာရ်ဘုရင် သံတော်ကြီးများကို ကြိုဆိုဧည့်ခံသော အစီအစဉ်ကား- အက္ကဘာရ်မင်း ကလည်း လက်ဆောင်ပဏ္ဏာရအထူးထူး၊ ပုဆိုးကောင်း၊ သက္ကလပ်ကောင်း၊ စော်တရက်ရမထီး၊ မူရီခါသာပင်ကာသာလူ၊ ပတ္တူနီစိန်မြပုလဲတို့ကို များစွာစီရင်၍ သင်္ဘောသားတို့တွင် သာယာချေငံ သောစကားဖြင့် လျှောက်ဆက်လာ၏။ အက္ကဘာရ်သို့ ဗညားကျန်တော တူစွန္ဒရာသီနှင့်ငါးဆယ်စားခွေး လင်းတို့ကို ဆင်ဖြူရှင်မင်းတရားကြီးက သံဆက်တော်မူလိုက်၏။ သံတော်ပါသည်ဟုကြားလျှင် အက္ကဘာရ်သည် အမှူးအမတ်အပေါင်းနှင့် သင်္ဘောကတ္တူလွန်းကြင်အများနှင့် ကြိုရ၏။ မြို့သို့ရောက်လျှင် တဲကြီးကနားဆောက်၍ ပေး၏။ လက်ဆောင်ပဏ္ဏာများလည်း ဆက်သလေ၏။ များမကြာလျှင် အက္ကဘာရ်မင်းထွက်၍ မင်းသံတော်တို့ကိုခေါ်ရ၏။ မင်းသံတော်လည်း အဆန်းတကြယ်သော အ၀တ်တန်ဆာတို့ကိုဝတ်၍ စန္ဒရာသီလည်း ဦးခေါင်းမအုပ်ဘဲ ရမန်ဆံဆီစက်စက်နှင့် ထူးဆန်းလှသောနားတောင်းကိုဝတ်၍ ခွေးလင်းစားလည်း ကောင်းမွန်စွာ အ၀တ်တန်ဆာဝတ်၍ ပုတီးခေါင်းထုပ်နှင့် ပန်းမန်ထူးစွာပန်၍ အမွှေးအထုံလိမ်း၍တက်၏။ ခရီးတွင်များစွာသော ပြည်သူပြည်သားတို့သည် မမြင်စဖူးဖြစ်သောကြောင့် အံ့ဩသရဲဟူ၍ စွန္ဒရာသီအစားဦးဆံအသွားအလာ ဟန်ပန်ကိုလည်းကောင်း၊ ခွေးလင်းစားအထုံးအမြိတ် မင်းသေ့ခါးကိုလည်းကောင်း အံ့ဩကြကုန်၏။ အက္ကဘာရ်မင်းထွက်တော်မူသောအခါ နီးစွာချည်းနေရ၏။ ဆံမြိတ်အကြောင်း၊ မင်းသေ့ခါးအကြောင်းကို မေးတော်မူ၏။ ဆင်ဖြူများသခင် ကျန်းမာတော်မူစဟုမေးတော်မူ၏။ ဘုန်းတော် အလွန်ကြီးမြတ်တော်မူစဟူ၍လည်း မေးတော်မူ၏။
    ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော မင်းတရား ကြီးဘုရားသည် ရတနာသုံးပါး၊ ဂုဏ်တော်ကြောင့်ကျန်းခံ့သာ၏ ဟူ၍လျှောက်ပေ၏။ ဆင်ဖြူရှင်ရွှေနန်းနှင့် ငါ့နန်းနှင့်တူ၏လော မေး၏။ အက္ကဘာရ်မင်းနေသော နန်းကအုဌ်ရွှေနန်းတွင် ရွှေဇန်ခံကပ်၍ ရတနာအတိနှင့် ပြီး၏။ မင်းသံတော်တို့လည်း ကျွန်ုပ်တို့ သခင်အရှင် ဘ၀ရှင်ဆင်ဖြူများသခင် မင်းတရားကြီး ရွှေနန်း တော်သည်၊ သည်နန်းတော်ကဲ့သို့ မဟုတ်၊ များလှစွာသော ရွှေပြာသာဒ် ငါးဆင့်ရှိသောပြာသာဒ်၊ ကိုးဆင့်ရှိသောပြာသာဒ်၊ ခုနစ်ဆင့်ရှိသော ရွှေပြာသာဒ်တို့၌ မြေကြီးကသည်အထက်ဖျားတိုင်အောင် ရတနာကွန်ရက်တွင် ရတနာပုလဲ ဆိုင်း၊ ရတနာပတ္တမြားဆိုင်းတို့ကို ဆွဲလျက် ရတနာမှန်ကင်း၊ ရတနာ တံခွန်ဆောက်လျက် ရောင်ခြည် တစ်ထောင်ဆောင်သော နေမင်း ကဲ့သို့ပြိုးပြိုးပြက်ပြက် ရှိ၏။ ထိုသို့သော ရွှေနန်းပြာသာဒ် တို့သည် နေရည်သောက်ခြင်း၊ မိုးရည် ထိခြင်း၊ လေပြင်းခပ်ခြင်းကြောင့် ရွှေတို့သည် လွင့်လေကုန်သော်တစ်ရာ့တစ်ပါးသောမင်းတို့သည် တစ်နှစ်ကိုတစ်ကြိမ်လျှင် ရွှေကို ပါးလှအောင်ခပ်ပြီးမှ ထိုရွှေနန်းပြာသာဒ်တို့ကို အသစ်ဖြစ်လျှင်းအောင် မွမ်းမံရသည်ဟုလျှောက်၏။
    အက္ကဘာရ်မင်းလည်း ဆင်ဖြူရှင်မှာ ငါ့ထက်ရွှေ များပလေဟုဆို၏။ တစ်ရာ့တစ်ပါးသောမင်းတို့ကား၊ ပဇာမင်းတို့နည်းမေးပြန်၏။ မင်းသံတို့ကလည်း ယိုးဒယား(ထိုင်း) မင်း၊ ဇင်းမယ်မင်း၊ တောင်ငူမင်း၊ အင်းဝမင်း၊ ပြည်မင်း၊ ကုန်းဘောင်မင်း၊ သီပေါမင်း၊ မိုးကောင်းရပ်၊ ညောင်ရွှေ၊ မိုးညှင်း၊ မိုးမိတ်၊ ဗန်းမော်၊ မိုးနဲ၊ သိန္နီ၊ ခုံ၊ မုတ္တမ၊ မော်လမြိုင်၊ သန်လျင်၊ ဒဂုန်၊ တနင်္သာရီ၊ ထားဝယ်စသော နိုင်ငံတော် အလုံးအစုံကို လျှောက်၏။ အက္ကဘာရ်မင်းလည်း မင်းတကာတို့၏ အရှင်ဖြစ်ကြောင်းကိုသော်ကား ငါသိရပြီ၊ဘုန်းအလွန်ကြီးတော်မူ၏ ဟူ၍ မင်းသံတော်တို့လည်း ငါ့ကိုလျှောက်သည်၊ အဘယ်သို့ ဘုန်းကြီးမြတ်သနည်းဟူ၍ မေးမြန်း၏။ မင်းသံတော်တို့လည်း ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော ဆင်ဖြူများသခင် ဘ၀ရှင်မင်းတရားကြီး  ထွက်တော်မူသည်ကို ခပ်သိမ်းသော မင်းအပေါင်းတို့ကိုထား၍ ရေနေ သတ္တ၀ါဖြစ်သော မိကျောင်း၊ လပိုင်၊ ငါးဆင်၊ ငါးမန်း၊ လိပ် ငါးတို့သော်လည်း ထွက်တော်မူသော အခါ စည်တော်သံကိုကြားလျှင် ရေထက်မြူးတူးခုန်တင်လျက် မြစ်လုံးပြည့်မျှ ကျွန်ုပ်တို့သခင်အရှင် ဘ၀ရှင်မင်းတရားကြီး ဘုရားကိုခစားကြကုန်၏။ ယင်းသို့ဖြစ်သောကြောင့် ဘုန်းတော်အလွန်ကြီးမြတ်တော်မူ၏ဟု ကျွန်ုပ်တို့လျှောက်ဝံ့သည်ဟူ၍ဆို၏။ အက္ကဘာရ်မင်းလည်း သည်အတိုင်းမှန်ပေမူကား အံ့ဖွယ်သရဲဟုဆို၏။ ယင်းသို့မှ မင်းသံတော်တဲသို့ပြန်ရ၏။ များမကြာလျှင်သေနာပတိကခေါ်၍ အက္ကဘာရ်မင်း နန်းဦးတွင် မရေတွက်နိုင်သော အမှူးအမတ်တို့၏ အလယ်၌ရွှေလင်ပန်းနှင့် ထမင်းအဖြိုးအပြည့်ထည့်ပြီးလျှင်မှ အထူးထူးသော အမြိန်အရသာ၊ စားဖွယ်သောက်ဖွယ်အထပ်ထပ်ဖြင့် ထမင်းကျွေး၏။ မင်းသံတော်နှစ်ယောက်လည်း အပေါင်းအကျစ်၊ အကြော်အကင်စသည်တို့ကို နည်းတံများလျှောက် အနှံ့စားပြီးမှ ပြောဟော၍နေ၏။ ထမင်းပွဲကိုယူ၍ကြည့်သော် အလုံးအစုံကိုမြင်ပြီးမှ အက္ကဘာရ်မင်း သေနာပတိလည်း အဘယ်ကြောင့်မင်းဧကရာဇ်သံတမန်ဖြစ်လျက် ခပ်သိမ်းသောအရသာတို့ကို အနှံ့စားတော် မူသနည်းဟု ပွဲအလယ်၌မေး၏။ မင်းသံတော်တို့လည်း အက္ကဘာရ်မင်း၏သားကင်တို့သည်ခပ်သိမ်းသောအရသာတို့ကို အချက်အပြုတ်ကောင်းမွန်စွာ တတ်သလော၊ မတတ်သလောဟု စုံစမ်းလိုသောကြောင့် နှံ့အောင်စားသည်ဟူ၍ဆို၏။ သေနာပတိလည်း ငါတို့ အက္ကဘာရ်ပြည်ကြီး၌ သည်သားကင်သည်ကဲ့သို့ တတ်သောသူ မရှိပြီ၊ ဆင်ဖြူရှင်မင်းတရားကြီး သားကင်သည်တို့သည် ငါတို့အရပ်ဝယ် သားကင်သည်ကဲ့သို့ တတ်သလော၊ မတတ်လောမေးပြန်၏။ မင်းသံတော်တို့လည်း ဆင်ဖြူများသခင်ဘ၀ရှင် မင်းတရားကြီး ဘုရား သားကင်သည်တို့သည် အံ့ဖွယ် သရဲတတ်လေသည်။ တစ်ခြမ်းကအကြော်၊ တစ်ခြမ်းကားအကင်၊ တစ်ခြမ်းကား အပေါင်း၊ ငါးတစ်ကောင်လျှင် တစ်ပိုင်းကား အကင်၊ တစ်ပိုင်းကားအဖုတ်၊ တစ်ခြမ်းကားအကျစ်၊ တစ်ခြမ်းကားအကြော် ဤသို့အထူးထူးတတ်သည်ဟူ၍ဆို၏။ အက္ကဘာရ်မင်းကလည်းသည် အတိုင်းမှန်ပေမူကား အံ့ဖွယ်သရဲ ငါကလည်းသံဆက်လိုက်မည် ဟုဆို၏။ များမကြာလျှင် ဆုလာဘ် များစွာပေးပြီးမှ ဘ၀ရှင်မင်းတရားကြီး သံတော်တို့ကိုလွှတ်လိုက်၏။
    သုသောဓိက မဟာရာဇ၀င်ကြီး၊ တတိယတွဲ၊ စာမျက်နှာ ၄၀-၄၂ ။
    (၇)”အက္ကဘာရ်ဘုရင်သံ ရောက်ပြန်”
    ———————————–
    “အက္ကဘာရ်ဘုရင်ဧကရာဇ် သံတမန်တော်ကြီးများ ဟံသာဝတီ ဘုရင့်နောင်ထံရောက်ရှိခြင်း”
    ဘုရင့်နောင်မင်းတရားကြီး၏သံမှူးကြီးများ ဒေလီမြို့တော်မှမြန်မာနိုင်ငံ ဟံသာဝတီ ပဲခူးမြို့တော်သို့ ပြန်ရန် စီစဉ်ကြကုန်၏။ မြန်မာ သံတမန်ကြီးများနှင့်အတူ အက္ကဘာရ်ဘုရင်မင်းကြီးကလည်း မဂိုလ်သံတမန်ကြီးများကို ခန့်အပ်တော်မူပြီး ထည့်တော်မူလိုက်၏ မဂိုလ်သံတမန်ကြီးများနှင့်အတူ လက်ဆောင်တော်များကို သံတမန်တော်များနှင့် ဆက်သလိုက်ပေသည်။ မြန်မာနိုင်ငံသို့ မဂိုလ်သံအမတ်ကြီးများ ပဲခူးနေပြည်တော်သို့ ကြွရောက်လာသောအခါ ပသီစားတော်ကဲများကိုခေါ်ယူပြီး ဧည့်ခံကျွေးမွေးရန် အထူးအံ့ဩဖွယ်ရာ စီမံသည်ကား သံလည်းဆက်လိုက်၏။ များစွာသော လက်ဆောင် ပဏ္ဏာနှင့်ဆက်သွယ် ကပ်ဖွယ်ပါ၏။ ရွှေဖ၀ါးတော်အောက်သို့ ရောက်လျှင်လည်း တဲကြီးကနားကြီးပေး၍နေရ၏။ မင်းသံတော်တို့ လွန်ကျူးမိလေသောအကြောင်းမျိုးကို ဗညားဒလသေနာပတိသံတော်ဦးတင်၍ ဆင်ဖြူမင်းတရားကြီးလည်း လွန်သောစကားနှင့် ညီအောင်ကို ဗညားဒလစီရင်မှ ကောင်းမည်ဟူ၍ မိန့်တော်မူ၏။ သံတော်ဦးတင်ပါပြီ ဘုရားဆိုသည်ထက် လွန်အောင်ကို ကျွန်ုပ်စီရင်မည်ဟူ၍ တင်လျှောက်၏။သံတော်ဦးတင်ပြန်၏။ ဘုန်းကြီးသော ဘ၀ရှင်ထွက် တော်မူလျှင်သော်လည်း ရွှေနန်းတော်ဝယ် မထွက်ဘဲ၊ သံတို့ကိုခေါ်၍ နန်းတော်မှထွက်တော်မူမှသင့်မည် ဟူ၍ သံတော်ဦးတင်၏။
    များမကြာလျှင်ဗညားဒလအိမ်သို့ တတ်လှစွာသော သားကင်သည်တို့ကိုခေါ်၍ အထူးထူးသော အမဲပေါင်း၊ အမဲကျစ်၊ အမဲကြော်၊ အကင်အဖုတ် စသည်တို့ကို တစ်ပိုင်းကားအပေါင်း၊ တစ်ပိုင်းကားအကျစ်၊ တစ်ပိုင်း ကားအကြော်၊ တစ်ဖက်ကားအကင်၊ တစ်ဖက်ကားအဖုတ်၊ ငါးစသည်တို့ကိုလည်း ဤဆိုသည်အတိုင်း စီရင်ပြီးမှ၊ ကြက်ဖိုကြက်မကို သန့်စင်အောင်ဆေးကြော၍ ငရုတ်၊ ကြက်သွန် ချင်းစိမ်း၊ အမွေးမျိုးသွတ်ပြီးမှကျောကိုခွဲပြန်၍ ၀မ်းဘဲဥနှစ်လုံးစီသွတ်ပြီးမှ ကုလားကိုခေါ် ၍ ထောပတ်ဆီဦး နွားနို့လူးပြီးမှကြော်ရ၏။
    ကြက်ပြီးလျှင် ၀မ်းဘဲဥ အရာဝယ် စာသငယ်နှစ်ခုကို အရှင်သွတ်ပြီးလျှင် ချည်ကိုမမြင်ရအောင်ချုပ်၍ နွား နို့ထောပတ် လှူပြီးမှ ရွှေလင်ပန်း၊ ရွှေသံတေးဖလား အစရှိတို့၌ ကောင်းမွန်စွာပြင်ပြီးမှ အက္ကဘာရ်သံကို ခေါ်၍ ရွှေလွတ်တော်တွင် မှူးစုံမတ်ပေါင်းတို့အလယ်၌ ထမင်းကျွေး၏။ အမဲသား အကျစ်အကြော်အလုံးစုံကိုမြင်လျှင်အလွန်အံ့ဩ၏။ သားကင်သည် ထိုကြက်ကိုကျောကချုပ်ရာ အသားကိုယူရာဝယ် စာသူငယ် များထွက်၍ပျံသည်ကိုမြင်လျှင် ရင်ကိုသပ်၍ လူ့ပြည်ဝယ်မမြင်ဖူးတကား အဘယ်သို့လျှင် သားကင်သည်တို့သည် စီရင်လေသနည်းဟု အံ့ဩကြကုန်၏။
    စားသောက်ပြီးလျှင် ပြောဟော၍နေပြီးမှမင်းသံတော်တို့သည် တဲသို့ပြန်ရ၏။ အကြောင်းခပ်သိမ်းစုံကို ဘ၀ရှင်တရာကြီးအား ဗညားဒလသံတော်ဦးတင်၏။ များမကြာလျှင် သံကိုရွှေနန်းသဘင်ဝယ် ခပ်သိမ်းသော ထီးဆောင်မင်းအပေါင်း၊ အမှူးကြီး အမတ်ကြီးဒေါဗညားအပေါင်းနှင့် ခင်းကျင်း သပ္ပာယ်လျက် ဒီရေ အပြည့်တက်မည်ကို ငံ့လင့်တော်မူ၏။ မြစ်ကလည်းသင်္ဘောကတ္တူ လွန်းကြင်သံလှေလှော်ကား ကိုးနရားစာမရိ၊ မိကျောင်းရဲလောင်းအပြည့် ခင်းကျင်းစံပယ်လျှက် ကချေသဘင်၊ စည်ပတ်နရည်း ခရာနှဲ ပြွေ ဗုံမောင်း ကြေးစည် တံပိုး အရာတို့ကို တီးမှုတ်စေလျက် သဘင်ကြီးစွာစီရင်တော်မူ၏။ အက္ကဘာရ်မင်းသံတော်တို့လည်းကြည့်ရ၏။ ဒီရေပြည့်လျှင် အရှင်ဘ၀ရှင်မင်းတရားကြီး ထွက်တော်မူ၏။ စည်တော်သံ တံပိုး ခရာသံ၊ ဗုံသံမောင်းသံနှင့် ဒီရေကိုလိုက်၍ ငါးသား တက်ခိုက်ဖြစ်သောကြောင့် မိကျောင်း၊ လပိုင်၊မကန်း၊ လိပ်၊ ငါးမန်း၊ ငါးတို့သည် စည်သံ၊ ဗုံသံ၊ မောင်းသံ၊ တံပိုး ခရာသံကြားလျှင် ထိတ်လန့်၍ မြစ်လုံးပြည့်မျှ ခုန်လွှားကုန်၏။ အက္ကဘာရ်မင်းသံတော်တို့လည်း ဤကဲ့သို့ ဘုန်းတော်ကို ဇမ္ဗူဒီပါမြေအပြင်၌ မြင်ဖူးမည်ထား၍ ကြားဖူးမည်လောဟူ၍ အံ့ဩမူးတူး မှိုင်းထိုင်းရှိလျက် အက္ကဘာရ်မင်းကဆက်လိုက်သော လက်ဆောင်ပဏ္ဏာတို့ကိုဆက်၏။ အရှင်ဘ၀ရှင်မင်းတရားကြီးဝင်တော်မူလျှင်၊ မင်းသံတို့လည်းပြန်လေကုန်၏။ များမကြာလျှင် အက္ကဘာရ်မင်းသံတို့ကို ဆုလာဘ်များစွာ ပေးပြီးမှ သင်္ဘောကူး၍ လွှတ်တော်မူ၏။ အက္ကဘာရ်မြို့သို့ရောက်လျှင် ဘုန်းအာဏာ စက်ကြီးကြောင်း သားကင်သည် တက်ခဲ့ကြောင်း၊ပြည်ထဲရေးလေး မျက်နှာသာယာဝပြောကြောင်း၊ ထွက်တော်မူလျှင် ရေနေသတ္တ၀ါ အပေါင်းတို့သည် ခုန်လွှားမြူးတူးလျက်ခစားကြောင်း၊ အခြင်းအရာအလုံးစုံကို လျှောက်လေ၏။ ကြားလျှင် အက္ကဘာရ်မင်းသည်လည်း အဆက်ဆက်ဝယ်သည်ကဲ့သို့ ဘုန်းအာဏာစက်ကြီးသောမင်းသည် ရှိဘူးလိမ့်မည်လော။ စင်စစ်လျင် ဘုရားအလောင်းတော် ဟုတ်၏။ ၀မ်းမြောက်ဝမ်းသာ ရှိတော်မူ၏။ ငါသွား၍ ဆင်ဖြူများသခင်ဘ၀ရှင် မင်းတရားကြီး ဘုရားကိုခြေတော် ဦးတင်မည်ဟူ၍ အထူးထူးသော အဆန်းတကြယ်သော လက်ဆောင်ပဏ္ဏာတို့ကို များစွာစုရုံး၍ ကြီးလှစွာသောသင်္ဘောကို အက္ကဘာရ်မင်းစီးစရာ သင်္ဘောကတ္တူ လွန်းကြင်စီရင်၍ မင်းဧကရာဇ်နှင့် ထိုက်တန်အောင်စီရင်၍ ခြေဖ၀ါးတော်အောက်သို့ ခြေတော်ဦး တင်ရောက်အံ့သောငှာသင်္ဘောနှင့် ကူးတော့အံ့ဆဲဆဲတွင် ဆင်ဖြူဆင်နီတို့၏သခင်အရှင် ဘ၀ရှင်မင်းတရားကြီးသည် လူပြည်ငြီး၍ နတ်ပြည်စံတော်မူသောကြောင့် အက္ကဘာရ်မင်းသည် ရွှေဖ၀ါးတော်အောက်မရောက်ခင် ပြန်ရလေ၏။
    သုသောဓိက မဟာရာဇ၀င်ကြီး၊ တတိယတွဲ၊ စာမျက်နှာ ၄၂-၄၄။
    ဤသို့ အစ္စလာမ်ဘာသာဝင်ပြည်ရှင်မင်းသားနှင့် ဘုရင့်နောင်မင်းတရားကြီး သံတမန်ဆက်ဆံမှုရှိကြောင်း ကို ထောက်ရှုခြင်းအားဖြင့် အစၥလာမ္ဘာသာ၀င္ကုန္သည္သေဘၤာမ်ား အစၥလာမ္ဘာသာ၀င္မ်ား ပဲခူးနေပြည်တော်တွင် ၀င်ထွက် အခြေစိုက်ဖောက်ကားရောင်းဝယ်မှု ရှိနေကြောင်း ထင်ရှားနေပေတော့သတည်း။
    (ရတနာပုံ) မောင်မောင်ခင်
    ဘီအက်စီ၊ ဒစ်အီးဒီ
    ၁၉၉၄ ထုတ် လပြည့်ဝန်း စာစောင် စာမျက်နှာ-၁၁၂-၁၁၇ မှ ကူးယူဖော်ပြသည်။
    *စာစောင် Hard copy ကို ဦးခင်မောင်ချို ထံမှ ရရှိပါသည်။
  • မွတ်စလင်မ် ကလောင်ရှင်များ ( ပါမောက္ခ ဒေါက်တာ အောင်ဇော် )
    မွတ်စလင်မ် ကလောင်ရှင်များ ( ပါမောက္ခ ဒေါက်တာ အောင်ဇော် )
    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆
    M-Media
    စာအုပ်စင်ကဏ္ဍ –
    UAZ
    – ဒီလထွက်စာအုပ်သစ်များထဲက ရှားပါးမှတ်တမ်းစာအုပ်လေးတစ်အုပ်ကို ညွှန်းလိုပါတယ်။ ပါမောက္ခ ဒေါက်တာ (ဦး)အောင်ဇော် ရဲ့ “မွတ်စလင်မ် ကလောင်ရှင်များ” ဖြစ်ပါတယ်။ ဟုဒိုင်ဗီယာစာပေတိုက်ရဲ့ ပွဲဦးထွက်စာစဉ်(၁)ပါ။ စာရေးသူဟာ “တိုင်းရင်းမွတ်စလင်မ် စာပြုစာဆိုပုဂ္ဂိုလ်ကျော်များ” အမည်နဲ့ စာပြုစာဆိုပုဂ္ဂိုလ် ၁၂၂ ဦးရဲ့ ဘ၀နဲ့စာပေအကြောင်းကို ရေးသားထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ ယခုတစ်ကြိမ်မှာတော့ သက်ရှိထင်ရှားရှိဆဲ မွတ်စလင်မ်ကလောင်ရှင်များ(အများစု)အကြောင်းကို လက်လှမ်းမီသမျှ စုဆောင်းဖော်ထုတ်မှတ်တမ်းတင်ထားကြောင်း၊ မိမိဆန္ဒအလျောက် မှတ်တမ်းတင်မခံလိုသူနဲ့ လက်လှမ်းမမီသေးသူများ ကျန်ရစ်နေသေးကြောင်း၊ အခြေအနေပေးပါက ပါသင့်ပါထိုက်သူများ ပါအောင် ထပ်မံကြိုးပမ်းရဦးမှာဖြစ်ကြောင်း စာရေးသူက အမှာစာမှာ ရေးသားဖော်ပြထားပါတယ်။
    စာအုပ်တန်ဖိုး ၂၅၀၀ ကျပ်၊ ဖြန့်ချိရေးကတော့ Noble Brothers Co., Ltd အမှတ် ၁၃၃၊ ၇ လွှာ၊ အခန်းအမှတ် ၇၁၂၊ စက်ရုံလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး၊ ဖုန်း – ၀၉ ၅၀၇၃၃၁၃ ကို ဆက်သွယ်မှာကြားနိုင်ပါတယ်။
  • တမန်တော်နေ့ အခမ်းအနား မှတ်တမ်းပုံများ
    တမန်တော်နေ့ အခမ်းအနား မှတ်တမ်းပုံများ
    10427296_650080765100525_6154760226169110584_n 10873481_650080751767193_4214952598190859225_o 10891666_650080721767196_7650206825879670017_n
    တမန်တော်နေ့ အခမ်းအနား သို့ နိုင်ငံတော် ဝန်ကြီးချုပ်ဦးနု တက်ရောက် အမှာစကားပြောကြားခဲ့သည့်  မှတ်တမ်းဓာတ်ပုံများ
    10896872_650080195100582_165301250137603786_n 10896945_650080141767254_53607225428732887_n
    တမန်တော်နေ့ အထိမ်းအမှတ် လူထုတရားပွဲ အခမ်းအနားကို ရန်ကုန်မြို့အောင်ဆန်းကွင်း၌ ကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံများ
    Image via-Haji Zaw Tun