News @ M-Media

Category: မြန်မာမွတ်စ်လင်မ်သမိုင်း

  • တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ အတွဲ(၂)

    တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ အတွဲ(၂)

    တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ အတွဲ(၂)

    ရေးသားပြုစုသူ – အငြိမ်းစား ပါမောက္ခ ဒေါက်တာအောင်ဇော်

    ဒီစာအုပ်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်ကျော်ကြီးတွေကတော့ ….

    ၁။ သွေးသောက်ကြီးဇေယျာရန်ကင်း ဦးတုံးဖြူ
    ၂။ ကင်းတားကုလားပျို ဗိုလ်ပို
    ၃။ မြန်မာ့ဘာဏုရာဇာမောင်လာနာ
    ၄။ ၀ိပဿနာကျမ်းပြုဆရာရှိုက်အစ္စမာအိလ်
    ၅။ အလင်္ကာကျော်စွာ ဘိလပ်ပြန်ဆရာညိန်း
    ၆။ ဘာသာပြန်ဝတ္ထုဆရာ အမူကြင်
    ၇။ မြန်မာစာညွန့်ပေါင်းကျမ်းအဖွဲ့ဝင် ဦးလှဒင်
    ၈။ လွေ့လွေ့ရမ်းရမ်း လှူဒါန်းသည့် ပုဂ်္ဂိုလ်ဟာဂျီဦးဘအို
    ၉။ ပဉ္စရူပံ ဦးခ
    ၁၀။ မြိုင်ဆိပ်က မအန၀ီ
    ၁၁။ နိုင်ငံကျော်ဓမ္မကထိက ၀ဏ္ဏကျော်ထင်ဟာဖိဇ်ဟစံရှား
    ၁၂။ ပါဠိပါမောက္ခကြီး အဟ်မဒ်ကာစင်
    ၁၃။ ကာတွန်းဝိဇ္ဇာ ၊ ဒါရိုက်တာ သရုပ်ဆောင်ဦးဘကလေး
    ၁၄။ ပါမောက္ခချုပ်ဆရာကြီး ဦးကာ
    ၁၅။ မွဖ်သီဟာဂျီအဗ်္ဗဒွလ်စွတ်ဗဟန်
    ၁၆။ သီချင်းကြီးအဆိုကျော် ဦးအလီ (ဒဂုန်မောင်ကြီး)
    ၁၇။ အိုလမာအဖွဲ့ ကနဦးဘာသာပြန်ဆရာ မော်လာနာ ရဟ်မသွလ်လာ
    ၁၈။ သီရိပျံချီဦးဘစိန် M.Sc, B.C.S
    ၁၉။ အာဇာနည်ခေါင်းဆောင်ကြီးဆရာကြီးဦးရာဇတ်B.A (NAT)
    ၂၀။ ဓမ္မကထိကဆရာသိန့်
    ၂၁။ သုတေသီအမတ်မင်းဦးဘိုးခိုင်
    ၂၂။ ကဗျာစာဆို ဦးပု (ဖြူး)
    ၂၃။ စွယ်စုံအနုပညာရှင် ရတနာပုံမောင်စု
    ၂၄။ မိုးကျဗလီရှေ့ဆောင် မုဖ်သီမုဟမ္မဒ်စွလေဟ်အမီနီ
    ၂၅။ ဦးဘရှီးအောင်ကျော်
    ၂၆။ သီရိပျံချီ ဦးဘသောင်းB.Sc
    ၂၇။ အန်ဆွာရီဖခင်ကြီးဆရာကြီး ဦးအဟ်မဒ်
    ၂၈။ ဂိုဏ်းချုပ်ဆရာကြီး ဆာလေကိုတ၀လ် B.Sc
    ၂၉။ တော်ဝင်စာပေအဖွဲ့ဝင် ဦးဘသော်
    ၃၀။ ရာဇ၀င်သုတေသီ ရွှေဘိုဦးဘဦး
    ၃၁။ စာပေဥယျာဉ်မှူး ဆရာဒဂုန်သိန်း
    ၃၂။ ဆရာကြီး အဲမ်အီဘရာဟင်
    ၃၃။ မဟာသရေစည်သူဦးဖေခင်
    ၃၄။ မောင်လာနာM.A. ဂနီ
    ၃၅။ တောင်တွင်းကြီး ဟာဂျီ
    ၃၆။ နိုင်ငံဂုဏ်ရည်ပထမဆင့်ဆရာချယ်
    ၃၇။ တော်ဝင်သမိုင်းပညာရှင် ဇေယျကျော်ထင်ဗိုလ်မှူးဘရှင် B.A (Hons) M.R.A.S, M.R.N.S
    ၃၈။ ကမ္ဘာ့အလင်းဆရာနူးရ်
    ၃၉။ စီအေ ဦးဗလွင်
    ၄၀။ ဆရာကြီး ဦးဃနီ (ဓူဝံ)
    ၄၁။ ဆရာဦးကို M.A (မန္တလေးတက္ကသိုလ်)
    ၄၂။ ပီကင်းပြန် ခြင်းဦးဘသိန်း
    ၄၃။ အိုလမာအဖွဲ့ချူပ် ဥက္ကဌကြီး အိဗ်ရာဟင်မ် အဟ်မဒ် မဇွာဟေရီ
    ၄၄။ သီရိပျံချီဆရာဃာဇီ မုဟမ္မဒ်ဟာရှင်
    ၄၅။ နိုင်ငံဂုဏ်ရည် ပထမဆင့် ဗိုလ်မှူးကြီးတင်စိုး
    ၄၆။ မောင်လာနာ ကာရီ မက္ကဆူဒ်အဟ်မဒ်ခန်း ဦးခင်မောင်ကြီး
    ၄၇။ ဓာတုဗေဒပါမောက္ခ ဆရာ ဦးအောင်ခင်
    ၄၈။ ပါလီမန်အမတ် ဒေါ်အေးညွှန့်
    ၄၉။ ဘာသာပြန်မှူး မော်လ၀ီ နူးရ်မုဟမ္မဒ်ဦးခင်ရွှေ
    ၅၀။ မောင်လာနာ ဖရီဒွတ်ဇမာန်းဦးသိန်းမောင်
    ၅၁။ သုတေသီ စာဆို ဇာလီရှင်
    ၅၂။ စာရေးဆရာ သမိုင်းသုတေသီ ပသီဦးကိုကိုလေး

     

    PDF Download လုပ်ရန်  Click Here
    Myanmar Muslim Vol-2 by Dr-Aung Zaw

  • ပထမ မြန်မာမွတ်စလင်မ်များ

    ပထမ မြန်မာမွတ်စလင်မ်များ

    ၁။ စာဆိုတော် ရွှေတောင်သာဂသူ သခင်ကြီး ဦးနု (ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်)

    ဆရာကြီးဦးနု၏ ဘင်္ဂလားသွားခရီးစဉ် ခန့်မှန်းမြေပုံ

     

    • မြန်မာစာပေနယ်ပယ်တွင် မှတ်တမ်းတစ်စောင်တစ်ဖွဲ့အနေဖြင့် အစောဆုံးခရီးသွားမှတ်တမ်းရေးသူ၊
    • ကျမ်းမြတ်ကုရ်အာန်ကို အစောဆုံးမြန်မာပြန်သူ၊
    • အစ္စလာမ်ဘာသာရေးအယူအဆကို မြန်မာစာပေသို့ စတင်မိတ်ဆက်ပေးသူ၊

    ၂။အမရပူရမြို့ စာရေးဦးပိန် 

    ကမ္ဘာကျော် ဦးပိန်တံတား(၁၈၄၉ တွင် ဆောက်လုပ်သည်။)

     

    • မြန်မာ့အရှည်ဆုံး အကြီးဆုံး သစ်သားတံတား ဦးပိန်တံတား တည်ဆောက်သူ –

    ၃။  အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ် (၂၀ ဇန်နဝါရီ ၁၈၉၈- ၁၉ ဇူလိုင် ၁၉၄၇)

     

    • အမျိုးသားကောလိပ်မှ ပထမဆုံး ဝိဇ္ဇာဘွဲ့ရသူ

    ၄။လွတ်လပ်ရေးခေါင်းဆောင် ဦးရာရှစ် (B.Sc., B.L)

    • ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌ (၁၉၃၆)
    • ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်၊

    ၅။သံအမတ်ကြီး မဟာသရေစည်သူ ဦးဖေခင်   (၂၇ ဩဂုတ် ၁၉၁၂- ၂၅ ဖေဖော်ဝါရီ ၂၀ဝ၄)

    နောက်တန်းတွင် ယာဘက် ဒုတိယမြောက်ရပ်နေသူသည် ဦးဖေခင်ဖြစ်သည်။

    • ပင်လုံစာချုပ်ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သူ    (နိုင်ငံ့ဂုဏ်ရည် ပထမ အဆင့်)

     

    ၆။ကိုထွန်းစိန်

    • ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး ကျောင်းသားသမဂ္ဂ ဥက္ကဌ

     

    ၇။ကာတွန်းဆရာကြီး ဦးဘကလေး(ခ) ရွှေတလေး (၉ ဖေဖော်ဝါရီ ၁၈၉၃ – ၅ ဇွန် ၁၉၄၅)

    • မြန်မာရုပ်ရှင်လောကတွင် ပထဆုံးလူရွှင်တော် ဟာသသရုပ်ဆောင်
    • ဦးရွှေရိုးအက ကို စတင်တီထွင်ခဲ့သူ၊
    • မြန်မာကာတွန်းလောက၌ ရုပ်ပြောင်ပုံတူရေးနည်း (Caricature) စတင်ခဲ့သူ၊

    ၈။ဒေါက်တာ ရှိတ် အဗ္ဗဒူရာမန် (ခေါ်) ဦးဘိုးသာဇံ     (၁ ဇန်နဝါရီ ၁၈၇၀ – ၂၉ ဇူလိုင် ၁၉၁၆)

    L.R.C.P & L.R.C.S (Edin) L.F.P.S ( Glas)

    • တထောင့်တညပုံပြင်များကို စတင်မိတ်ဆက်ပေးခဲ့သူ

    ၉။ပါဋ္ဌိပါမောက္ခဆရာကြီး အဟ်မဒ်ကာစင်မ်(B.A., B.Es.) (၁၈၈၉-၂၂ နိုဝင်ဘာ ၁၉၅၄)

    • တက္ကသိုလ်သုံးဝေါဟာရများကို ပထမဆုံး မြန်မာပြန်ဆိုသူများအနက် ပါဝင်ခဲ့သူ၊

    ၁၀။ မြန်မာနိုင်ငံ၏ ပထမဆုံး သကြားစက် (၁၉၆၁)

     

    ၁၁။ ပဉ္စရူပံ ဦးခ (ဖေဖော်ဝါရီ ၁၈၈၅-၁၀ စက်တင်ဘာ ၁၉၆၀)

    • မြန်မာစာပေလောက၌ ခေတ်မီစာအုပ်ထုတ်မှုကို အစောဆုံး စတင်သူ
    • နံရံကပ်ဆောင်ပုဒ်ကတ်ပြားများကို တီထွင် ပုံနှိပ်ထုပ်ဝေခဲ့သူ

    ၁၂။ ဗုံတီးဆရာ အဗ္ဗဒူလာ

    • မြန်မာ့ရုပ်ရှင်သမိုင်းတွင် အသံထွက်အပြော စတင်သူ

    ၁၃။ ဟာဂျီမ ပျဉ်းမနားဒေါ်ပု (လူမှု ထူးချွန် ပထမဆင့်)  (၁၉၀၆- ၁ ဖေဖေါ်ဝါရီ ၁၉၈၂)

    • လူမှုထုးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသူ အမျိုးသမီး

    ၁၄။ဇေယျကျော်ထင် ဗိုလ်မှူးဘရှင် (၂၇ ဒီဇင်ဘာ ၁၉၁၅ – ၇ ဇန်နဝါရီ ၁၉၇၀)

    • မြန်မာရာဇဝင်ဟူသော ဝေါဟာရအစား မြန်မာသမိုင်းဟူသော စကားကို ပထမဆုံးအသုံးပြုသည့် သမိုင်းပညာရပ်စာအုပ် ပြုစုသူ
    • လောကထိပ်ပန်မင်စာကို ရှာဖွေဖော်ထုတ် သုတေသနပြုတင်ပြသူ

    ၁၅။ ပါမောက္ခဦးအောင်ခင်   ( ၂၁ ဧပြီ ၁၉၁၈- ၈ မေ ၁၉၈၇ )

    • ရန်ကုန်တက္ကသိုလ်တွင် ကုန်ထုတ်ဓာတုဗေဒဌာနပေါ်ပေါက်လာအောင် ဦးဆောင်ကြိုးပမ်းခဲ့သူ

    ၁၆။ဒေါက်တာတင်မောင် (၁ ဖေဖော်ဝါရီ ၁၉၃၄ – ၁၄ နိုဝင်ဘာ ၂၀ဝ၁)

    • ကွန်ပျူတာတက္ကသိုလ် ပထမဦးဆုံး ပါမောက္ခချုပ်

    ၁၇။ ဆရာဝန်ကြီး ဝဏ္ဏကျော်ထင် ဒေါက်တာဦးဘခက်  (ဆမ-၃၅) ( ၂၉ မေ ၁၉၀၈- ၂၂ ဇန်နဝါရီ ၂၀ဝ၄ )

    • ကျန်းမာရေးမှူးသင်တန်းကျောင်း    စတင်တည်ထောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်

    ၁၈။ ဒေါ်နီနီအေး (၂၅ မတ် ၁၉၆၄- )

    • မြန်မာနိုင်ငံ၏ ခြေလျင်နှင့် တောင်တက်အားကစားသမိုင်းတစ်လျှောက်တွင် ပထမဆုံး ရေခဲတောင်တက်အမျိုးသမီးအဖွဲ့ခေါင်းဆောင်

    ၁၉။တက္ကသိုလ်နန္ဒမိတ်

    • အစောဆုံး စစ်မှတ်တမ်းဘာသာပြန်စာအုပ်ရေးသူ တက္ကသိုလ်နန္ဒမိတ်၏ မြန်မာပြည်စစ်မြေပြင် (၁၉၆၅)

    ၂၀။စာရေးဆရာ တက္ကသိုလ်မောင်မောင်ခင်

    • အမျိုးသားစာပေဆု ပထမဆုံး ပြဇာတ်စာပေဆုရသူ

     

    ၂၁။ စာရေးဆရာချစ်ညို(ခ) ဦးဘသိန်း (ကျားဘညိမ်း၏ညီ)

    • ကျားကစားနည်းစာအုပ်ကို ပထမဆုံးရေးခဲ့သူ

    ၂၃။ ကိုအောင်ထွန်း (ကျောင်းသားခေါင်းဆောင်ဟောင်း)

    • မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း စာအုပ်ရေးခဲ့သူ

    ကိုးကား
    ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း- ရန်ကုန်တက္ကသိုလ်) B.A.(Honours), M.A., H.G.P., Ph.D. ပြုစုသော အစ္စလာမ်ဓမ္မဗိမာန် သင်ခန်းစာများစာအုပ်

    M-Media  သတင်းအချက်အလက်စုဆောင်းရေး အဖွဲ့မှ ရရှိသော သမိုင်းအချက်အလက်များကို စုစည်းတင်ပြသည်။

  • ကမန်မျိုးနွယ်စု သမိုင်းစာအုပ် (မောင်ဆန္ဒ-လယ်ဝေး)

    ကမန်မျိုးနွယ်စု သမိုင်းစာအုပ် (မောင်ဆန္ဒ-လယ်ဝေး)

    မတ် ၁၇  ၂၀၁၃

    M-Media

    ကမန်မျိုးနွယ်စု သမိုင်းစာအုပ် E-Book –

    (စာအုပ်အမြည်း) ကမန်မျိုးနွယ်စုစတင်ဖြစ်ပေါ်လာပုံ

    `ကမန်´ ဟူသောဝေါဟာရသည် ရှေးရခိုင်ဘုရင် အဆက်ဆက်တို့လက်ထက်ကတည်းကစတင်ခေါ်ဝေါ်သုံး စွဲလာသောရခိုင်ဘုရင့် တပ်မတော်မှ သူရဲကောင်း လေးသည်တော်တပ်ဖွဲ့၏ အမည်နာမတစ်ခုသာဖြစ်သည်။ `ကမန်´ဆိုသည်မှာရခိုင် သုသေသီတို၏ အဆိုအမိန့်များအရ`လေး၊မြားအတက်၌ကျွမ်းကျင်သူ´ `လေးသည်တော် (၀ါ) လေးတော်ပစ်´ ဟူအဓိပ္ပါယ်ရကြောင်းကို ပညာရေးဝန်ကြီးဌာန အဝေးသင်တက္က သိုလ် စတုတ္တနှစ် မြန်မာစာအထူးပြု သင်ရိုးအမှတ် မ-၄၁၂၊ ရခိုင်မင်းသမီးဧချင်း၊ ပို့ချချက်အပိုဒ် ၃၃ တွင်`ကမန်ဆိုသည်မှာ လေးအတတ်တွင် ကျွမ်းကျင်သော စစ်သည်တော်ကိုခေါ်သည်။ ရခိုင်တပ်မတော်တွင် လေးသည်တော် တပ်ပါသည်ဖြစ်ရာ ၄င်းတပ်တွင် အမှုထမ်းသူများအား ကမန်ဟုခေါ်သည်´ ဟုဖော်ပြထား သည်။

    သမိုင်းသုသေသီတို့၏ အဆိုအရ`ကမန်´ဆိုသည်မှာ သီးခြားလူမျိုးစုမဟုတ်ဘဲရခိုင့်ဘုရင့်တပ်မတော်မှ မျိုးနွယ်စုတစ်ခုအဖြစ် ပြောင်းလဲလာသော ရခိုင်မျိုးနွယ် တစ်ဆက်ပင်ဖြစ်သည်။ သမိုင်းစာအုပ်များ၌`ကမန်သူရဲကောင်းတပ်´တွင် `ရခိုင်တိုင်းရင်းသားများသာ တာဝန်ထမ်းဆောင်ခဲ့ကြသည်´ `ထိုစဉ်အခါက ဘုရင့်တပ်မတော်တွင် လူမျိုးခြားများကိုတာဝန်မပေးခဲ့´ ဟူ၍လည်းကောင်းတွေ့ရှိရသည်။ လက်ရှိကမန်လူမျိုးအများစုမှာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသော်လည်း ရခိုင်လူမျိုးမှ ဆင်းသက်လာသည် အလျောက် ဘာသာစကား၊ ၀တ်စားဆင်ယင်ပုံ၊ဓလေ့စရိုက်များမှာ ရခိုင်တိုင်းရင်းသားများနှင့် ထပ်တူပင်ဖြစ်သည်။

    ရခိုင်ဆရာတော်ဦးဉာဏရေးသည့် ဓည၀တီရာဇ၀င်သစ် နှင့် သတင်းစာဆရာကြီး ယခင်နိုင်ငံတော်ကောင်စီဝင်ဟောင်း ဦးလှထွန်းဖြူရေးသည့်`ရခိုင်ပြည်နယ် တိုင်းရင်းသားလူမျိုးစုများ´ စာအုပ်တွင်လည်း`ကမန်´ လူမျိုးများသည် ရခိုင်များနှင့် ရိုးရာယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်ထုံးဖွဲ့ပုံ၊ စကားအပြောအဆို၊ စိတ်နေစိတ်ထား ရုပ်ရည် ပုံပန်းသဏ္ဌာန် စသည်တို့ကွဲပြားခြားနားမှု မရှိကြောင်းကို ဖော်ပြထားသည်။ ရှားရှူဂျာမင်းသားနှင့် ဆွေမျိုးတစ်စု နိုင်ငံရေးခိုလှုံလာသည့် ခရစ်နှစ် ၁၆၆၀ ပတ်ဝန်းကျင်မှသာ`ကမန်´ဝေါဟာရ ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ငနှလုံးမင်း(၁၂၃၄-၃၇) လက်ထက်က တည်းကပင်`ကမန်´ဟူသောဝေါဟာရသည် စတင် ပေါ်ပေါက်နှင့်ပြီးဖြစ်သည်။

    ရခိုင်ဘုရင်များ လက်ထက် ကမန်တိုင်းရင်းသားများ

    ၁။ငနှလုံးမင်း(၁၂၃၄-၃၇)

    ရခိုင်ရာဇ၀င်များတွင် ဒဿရာဇာမင်းဆက်(၂၂)ဆက်မြောက်ဖြစ်သော ငနှလုံးမင်းလက်ထက်တွင် ကုလားနှင့်သက်တို့ ပူးပေါင်းဆိုးသွမ်းကြရာ ငနုလုံးမင်းသည် ပြည်စိုးကြီးဓမ္မဇေယျကို ရဲမက် ၅၀၀၀၀ ပေး၍ စစ်သူကြီး အင်္ဂါလေးပါးနှင့် ပြည့်စုံသောအမတ် ဆင်ကဲကြီးတို့ကို ကုလားပြည်သို့ချီတက်တိုက်ခိုက်စေရာ ကုလားစစ်တပ်က စစ်တကောင်းမှ ငါးရက်အတွင်း ဆုတ်ခွာရသည်။နောက်တဖန် ဒါကာမြို့မှ ခုခံသော်လည်း စစ်ရှုံး၏။ဘုရင့်အမိန့်အရ ကုလားပြည်တွင် အမတ်ဆင်ကဲကြီးကိုထားခဲ့ပြီး စစ်သူကြီး ဓမ္မဇေယျသည်ကုလားထက်ဝက်ခန့်ကိုသုံ့ပန်းအဖြစ်ခေါ်ဆောင်လာခဲ့သည် ဟူ၍လည်းကောင်း သုံ့ပန်းများကိုခွဲဝေရာတွင်

    `ကမန်လေးသည်တော်များအတွက် သုံးပန်း ၁၀၀၀´ ဟူ၍လည်းကောင်းရခိုင်ရာဇ၀င်သစ်ပထမစာအုပ်၊စ တုတ္တတွဲတွင်တွေ့ရပေသည်။

    ဤအချင်းအရာကား ကမန် ဟူသောဝေါဟာရသည် ၁၂၃၄ ခုနှစ်ဝန်းကျင်ကတည်းကပင်ပေါ်ပေါက်လာ ကြောင်းထင်ရှားသည်။

    ၂။အစ္စလာမ်သာသနာတော်နှင့် စတင်ထိတွေ့ခြင်း

    G.E.Harvey ရေးသည့် Outline of Burmese History တွင် Kaman(Persian)= Bow and Arrow ဟုဖော်ပြထားသည်။ ရခိုင်ပြည်သာများနှင့်သာဖွဲ့စည်းထားသော လေးသည်တော်တပ်သည် အဘယ်ကဲ့သို့ ပါရှန်းအမည်တွင်နေသနည်းဟု မေးစရာရှိသည်။ အကြောင်းမှာ အေဒီ ၇ ရာစုမှ ၁၅ရာစုကြားတွင် ပါရှန်ကုန်သည်၊ အာရပ်ကုန်သည်၊ ရောမကုန်သည်တို့သည်မြန်မာနိုင်ငံအပါအ၀င် ပသျှူးကျွန်းဆွယ်တို့ကို ကူးသန်း ရောင်းဝယ်နေကြပြီဖြစ်သည်။  နိုင်ငံခြားသားများနှင့် ရောင်းဝယ် ဆက်ဆံရာမှ ဘာသာစကား၊ ယဉ်ကျေးမှု၊ အသုံးအနှုန်းများသည်လည်း စိမ့်ဝင်ခဲ့သည်။ ၁၅ ရာစုမှစတင်၍ရခိုင်မင်းများသည်ဗုဒ္ဓဘာသာဝင်များဖြစ်သော် လည်းအောက်ပါအတိုင်း ပါရှန်းအမည်များကို ခံယူခဲ့ကြောင်းသိရသည်။ ငနုလုံးမင်း(အလီခန်)၊ ဘစောဖြူ(ကလီမာရှား)၊ မင်းဒေါ်လျှာ(မေနုလျှား)၊ ဘစောမင်းညို(မိုဟာာမက်ရှား)၊ မင်းရန်အောင်(နရီရှား)၊ စလင်္ကသူ(ရှိတ် အဗ္ဗဒူလာရှား)၊ မင်းရာဇာ(အီလီယမ်ရှား)၊ မင်းစောအို(ဂျလာလ်ရှား)၊သဇာတ(အလီရှား)၊မင်းဘာကြီး(ဇော ဘောက်ရှား)၊ မင်းဖလောင်း(စကွန်ဒါရှား)၊ မင်းရာဇာ(စွယ်လင်ဆိုလိမ်ရှား)၊ မင်းခမောင်း(ဟူစိန်ရှား)

    ဤသည်ကိုထောက်ရှု၍ပါရှန်ဘာသာစကားနှင့်ပါရှန်လူမျိုးတို့၏ဂုဏ်ရှိန်မှရခိုင်မင်းနေပြည်တောာ်များအပေါ်အတော်အတန်လွှမ်းမိုးမှုရှိခဲ့ကြောင်းသိနိုင်သည်။

    ၃။အစ္စလာမ်သာသနာဆိုက်ရောက်ခြင်း

    ဒုတိယမြောက်ဦးမြို့တည်မင်း(၉)ဆက်ဖြစ်သောမင်းဘာကြီး(၁၅၃၁-၅၃)လက်ထက်တွင်ပါရှန်အင်ပါယာ ဖက်မှ`ကာဒီ´ ဆိုသူဦးဆောင်သောာသံအမက်ကြီးသုံးဦး (ကာဒီ၊မူရှာ၊မောင်နုမျာ) တို့သည်ဘုရင်မင်းမြတ် ထံလာရောက်၍ ဆည်းကပ်ကြသည်။ ထိုသံအမက်သုံးဦးတို့သည် အစ္စလာမ်သာသနာ စည်ပင်ပြန့်ပွားစေခြင်းငှာ`ဗလီ´၀တ်ကျောင်းတော်များကိုမြောက်ဦးမြို့တော်၌ အနှံ့အပြားတည်ဆောက်လျက် ဘာသာရေးဟော ပြောပွဲများကိုနေ့စဉ်နှင့် အမျှကျင်းပပြုလုပ်လျှက်ရှိသည်။ ဤသို့ပြုလုပ်ခြင်းကြောင့် အချို့သောဗုဒ္ဓဘာသာ ၀င်အချို့သည် ယုံကြည်သက်ဝင်လာပြီး အစ္စလာမ်သာသာနာသို့ကူးပြောင်းကိုးကွယ်လာခဲ့ကြ၏။ ထို့ပြင်အိန္ဒိ ယပြည်ဒေလီမြို့မှ အစ္စလာမ်သာသနာပြု တရားဟောဆရာများကိုမှာ ယူခေါ်ဆောင်စေပြိးအစ္စလာမ်တရား များကိုဟောပြောစေခဲ့သည်။ ဤသို့ဖြင့်အစ္စလာမ်ဘာသာသည် ပိုမိုကျယ်ပြန့်ထွန်းကားလာခဲ့သည်။

     

    posted by – Electric

  • ပသီစာဆို ( ရွှေတောင်သာဂသူဘွဲ့ခံ ဆရာကြီးဦးနု)

    ပသီစာဆို ( ရွှေတောင်သာဂသူဘွဲ့ခံ ဆရာကြီးဦးနု)

    ရေးသားသူ – တင်နိုင်တိုး

    ကုန်းဘောင်ခေတ်ဦးကာလက မြန်မာစာပေနယ်မှာ အစ္စလာမ်ဘာသာဝင် ပသီစာဆိုတော်တစ်ဦး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ သူကတော့ ရမ္မာဝတီမြို့ဝယ် ရွှေတောင်သာဂသူဘွဲ့ခံ ဆရာကြီးဦးနုပါပဲ။ စာဆိုတော်ကြီး ဦးနုဟာ ဘိုးတော်ဘုရားလက်ထက်မှာ မဇ္ဈိမဒေသက ကျမ်းပေါင်းများစွာကို ဆောင်ယူပေးခဲ့သဖြစ်လို့ မြန်မာစာပေသမိုင်းမှာ တစ်ထောင့်တစ်နေရာက ကျေးဇူးပြုခဲ့သူလို့ ဆိုနိုင်ပါတယ်။

    ပသီစာဆိုကြီးဦးနုကို နောင်တော်ကြီးမင်းလက်ထက် ၁၇၊ ဇူလိုင်၊ ၁၇၆၂ မှာ ရွှေဘိုမြို့မှာ ဖွားမြင်ပါတယ်။ မိဘတွေကတော့ ကုန်သည်တော် ရှိုက်ခ်ဒါဝူးဒ်နဲ့ ဒေါ်ငြိမ်းတို့ပါပဲ။ မိခင်ဒေါ်ငြိမ်းဟာ သွေးသောက်ကြီး ဦးပွင့်နဲ့ ဒေါ်မြတ်နှင်းတို့ရဲ့ သမီးဖြစ်တာမို့ စာဆိုတော်ဦးနုဟာ ငယ်စဉ်ကတည်းက နန်းတွင်းအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူလို့ ဆိုနိုင်ပါတယ်။ အစ္စလာမ်ဘာသာဝင် ဆရာကြီးဦးနုရဲ့ မွတ်ဆလင်အမည်ကတော့ မုဟမ္မဒ်ကာစင်မ်ဖြစ်ပါတယ်။ ဆရာကြီးဟာ ရွှေဘိုဇာတိဆိုပေမယ့် ငယ်စဉ်ကတည်းက အင်းဝတောင်ဘလူရပ်မှာ နေထိုင်ခဲ့ပါတယ်။

    စာဆိုတော်အဖြစ် ထင်ရှားလာမည့် ဦးနုဟာ အသက်(၇)နှစ်အရွယ်မှာ အင်းဝ နန်းဦးကျောင်းတိုက်မှာ ပါဠိ၊ မြန်မာစာပေတွေ စတင်ဆည်းပူးခဲ့တယ်။ အသက်(၁၉)နှစ်အရွယ်ရောက်တော့ ရန်ကုန်ဆင်းလာပြီး ဆီးရီးယားက ကြွရောက်လာတဲ့ ဆရာကြီးစိုင်ယဒ်မူဟာမ္မာဒ်ဆီမှာ အစ္စလာမ်ဘာသာစာပေ၊ အာရဗီ၊ အူရဒူ၊ ဖာရစီဘာသာတွေ သင်ယူတယ်။

    တစ်ဖက်ကလည်း မြန်မာဘာသာ၊ ပါဠိဘာသာကို ကျွမ်းကျင်နိုင်နင်းအောင်ကြိုးစားလေ့လာပါတယ်။ ဒါကြောင့်လည်း နောင်မှာ စာဆိုတစ်ဦးအဖြစ် ထင်ရှားခဲ့တာပါ။

    ဦးနုဟာ အသက်(၂၆)အရွယ်မှာ သွေးသောက်ကြီး ဦးသာဒွန်း၊ ဒေါ်မိုးသူတို့ရဲ့သမီး မမယ်မနဲ့ အိမ်ထောင်ကျတယ်။ သား ‘အဗ်ဒွလ်ကရင်’လို့ခေါ်တဲ့ နာခံတော် မောင်ပြည့်နဲ့ သမီး မမကြီး(ဒေါ်မြတ်လှ)၊ မမထွေး(ဒေါ်မြတ်ထွန်း)တို့ကို ဖွားမြင်တယ်။

    ၃၀ နိုဝင်ဘာ၊ ၁၈၀၅ မှာ ဦးနုဟာ ဘိုးတော်ဘုရား အမိန့်တော်အရ အိန္ဒိယကို သွားရောက်ရတယ်။ ဘင်္ဂလားမှာ နှစ်ထပ်တိုက်တစ်လုံးငှားပြီး ကွမ်းသီးရောင်းရင်း နယ်ချဲ့အင်္ဂလိပ်ရဲ့အခြေအနေကို ထောက်လှမ်းရတယ်။ တစ်ဖက်ကလည်း ကျမ်းစာအုပ်တွေ ရှာဖွေစုဆောင်းရပါတယ်။

    ၁၅ ဧပြီ ၁၈၀၆ မှာ ဦးနု အမရပူရကိုပြန်ရောက်လာတော့ ဘိုးတော်ဘုရားက နှစ်ထောင်းအားရတော်မူလို့ ရမ္မာဝတီမြို့ဝန်ရာထူး ခန့်အပ်လိုက်တယ်။

    ‘ရွှေတောင်သာဂသူ’ဘွဲ့ခံ ရမ္မာဝတီမြို့ဝန်ဦးနုဟာ အိန္ဒိယကို နောက်ထပ် နှစ်ကြိမ်ထက်မနည်းသွားရောက်ခဲ့ရပြီး ပေမူ ၁၀၀၊ ကျမ်းစာအုပ် ၁၇၇ အုပ်ကို သယ်ဆောင်လာခဲ့နိုင်တယ်။ မောင်းထောင်ဆရာတော်ကြီး ဘာသာပြန်ဆိုခဲ့တဲ့ ကျမ်းတချို့ဟာ ‘ရွှေတောင်သာဂသူ’အိန္ဒိယက သယ်ဆောင်လာတဲ့ကျမ်းတွေ ဖြစ်တယ်။

    ‘ရွှေတောင်သာဂသူ’ဘွဲ့ခံ ဆရာကြီးဦးနုဟာ အသက်(၆၈)နှစ်အရွယ် ၁၈၂၂-ခုနှစ်မှာ အမရပူရမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ စာဆိုတော်ဦးနုဟာ ၃၅-ခန်းလို့ခေါ်တဲ့ သာသာရေးဆိုင်ရာ ‘ရှရာကျမ်း’အပါအ၀င် ကျမ်းပေါင်း (၆၀)ကျော် ရေးသားပြုစုခဲ့တဲ့ စာဆိုတော်ကြီးတစ်ဦဖြစ်ပါတယ်။ အဲဒီ (၃၅)ခန်း မူရင်းကျမ်းကြီးကို မကြာမီက ပြုလုပ်ခဲ့တဲ့ လောကနတ်ရှားပါးစာအုပ်ပြပွဲမှာ တွေ့မြင်ခဲ့ရပါသေးတယ်။

     

    ဆရာကြီး၏ ဘင်္ဂလားသွားခရီးစဉ် ခန့်မှန်းမြေပုံ

    စာဆိုဦးနုရဲ့ စာပေလက်ရာတွေထဲမှာ ခရီးစဉ်မှတ်တမ်း လင်္ကာ(၅၅)ပိုဒ်ကလည်း ထင်ရှားလှပါတယ်။ ဆရာကြီး ဒေါက်တာလှတိုးရဲ့ ကျေးဇူးကြောင့် အဲဒီ (၅၅)ပိုဒ်လင်္ကာကို ပုံနှိပ်စာလုံးနဲ့ မြင်တွေ့နိုင်ပြီဖြစ်ပါတယ်။ အဲဒီလင်္ကာရှည်ထဲမှာ အမရပူရကနေ ဘင်္ဂလားအရောက် အကြောင်းအရာတွေကို ရေးဖွဲ့ထားတာမို့ စိတ်ဝင်စားစရာကောင်းတဲ့ ခရီးသွားမှတ်တမ်းကြီးတစ်စောင်ပါပဲ။ ဘင်္ဂလားအသွားလမ်းမှာ လကြတ်တာနဲ့ ကြုံခဲ့ရသေးတယ်။ ‘ဟင်းရာဝ’လို့ အမည်ရတဲ့စခန်းမှာ ညအိပ်ရပ်နားစဉ်အခါဖြစ်ပါတယ်။ လကြတ်စဉ် ကောင်းကင်ဂြိုဟ်အနေအထားကို လင်္ကာထဲမှာ အသေးစိတ်ရေးဖွဲ့ထားတော့ စာဆိုဦးနုဟာ မြန်မာနက္ခတ္တဗေဒင်ကို တတ်ကျွမ်းသူလို့လည်း ဆိုနိုင်ပါတယ်။

    စာဆိုတော်ဦးနုရဲ့ ရှားပါးလက်ရာ ရတုကဗျာအချို့ကိုလည်း ရှေးဟောင်းစာပေအတွဲ(၂၄)မှာ ဖယောင်းလှိမ့် လက်ရေးမူအဖြစ် ဖတ်ရှုရပါတယ်။ အဲဒီအထဲမှာ စာဆိုတော်ဦးနု ကြွေးမြီပြဿနာကြောင့် တိမ်းရှောင်နေရပုံကို ‘မောင်နုတွင်မည်၊ ကျွနုပ်သည်ကား၊ မတည်ရပ်ပါ၊ ကြွေးများစွာကြောင့်၊ အိမ်မှာလျှင်မျှ၊ မနေရတည့်၊ ခေတ္တ ဟိုသည်၊ တိမ်းရှောင်လည်၍’လို့ ဖတ်ရှုရပါတယ်။

    မှတ်တမ်းမှတ်ရာတွေအရ ရမ္မာဝတီမြို့ဝန် ‘ရွှေတောင်သာဂသူ’ကို ကံ့ကော်ရွာသူကြီးနဲ့ မြို့ချောင်းရွာသူကြီးတွေက တိုင်ကြားခဲ့တဲ့အမှုဖြစ်ဟန်ရှိပါတယ်။

    စာဆိုတော်ဦးနုဟာ သရဒွေးကျမ်း၊ အဘိဓါန်ကျမ်းတွေအပြင် ဆေးကျမ်းများစွာကို ဆောင်ယူလာခဲ့သူလည်းဖြစ်လို့ မြန်မာ့ဆေးပညာသမိုင်းမှာလည်း အသိအမှတ်ပြုသင့်လှပါတယ်။ ဒီဆောင်းပါးကို ဆရာမကြီးစောမုံညင်းရဲ့ ဦးနု၏ ဘင်္ဂလားသွားမှတ်တမ်းလင်္ကာဆောင်းပါး(ငွေတာရီ ၁၉၈၈၊ ဇွန်)နဲ့ မောင်မောင်ကြီး(မန်း)ရဲ့ စာဆိုတော်သခင်ကြီး ဦးနု (အစ္စလာမ်သုတ ၁၉၈၈၊ မေ)တို့ကို အခြေပြုရေးသားထားပါတယ်။

     

    (နံနက်ခင်းသတင်းဂျာနယ်၊ အတွဲ-၃၊ အမှတ်-၃၅၊ သြဂုတ် ၂၀၀၈၊ စာမျက်နှာ-၂၃ မှ ကူးယူဖော်ပြပါသည်။)

     

    Posted By-ဝိုင်း

    * * မူရင်းဂျာနယ်ထဲကအတိုင်း စာလုံးပေါင်းသတ်ပုံများကို မပြင်ပဲ ပြန်ကူးထားပါတယ်။ * *

  • သခင်အောင်ဆန်းမှ သခင်စိန်ခိုထံသို့ပေးစာ

    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအသင်း

    ALL BURMA STUDESNTS’ UNION

    တက္ကသိုလ်ဝင်း

    ရန်ကုန်မြို့။

    University Estate

    Rangoon 9-2-1937

    အစီရင်ခံပါသည် ကိုစိန်ခိုခင်ဗျာ

    ပေးပို့လိုက်သောစာကို ရရှိပါ၏။ မိတ်ဆွေသည် မူစလင်လူမျိုး ဖြစ်ငြားသော်လည်း မျိုးချစ်စိတ်ရှိသည်ကို သိရ၍ အထူးဝမ်းသာပါ၏။ စင်စစ်သော်ကား ဘာသာတရားနှင့် မျိုးချစ်စိတ်သည် အလျဉ်းမသက်ဆိုင်။ ငွေအသိန်းအသန်းကြွယ်ဝ၍ ဘုရားတကာ ကျောင်းတကာ အမည်ခံလျက်ရှိသော ဧရာမလူကြီးများပင် ဖြစ်လင့်ကစား မျိုးချစ်စိတ်မရှိက (၀ါ)ကိုယ်ကောင်းကြံက အချည်းနှီးသာတည်း။ မိတ်ဆွေ သမဂ္ဂအသင်းတည်ထောင်ချင်သည်ဟု ပြောသဖြင့် ၀မ်းသာပါ၏။

    (၁) မည်သည့်အလုပ်မဆို လူနည်းသည်များသည်မှာ ပဓာဏမဟုတ်၊ လူငါးယောက်ရှိလျင် ငါးယောက်နှင့်ပင် အရင်စ၍တည်ထောင်ပါ။ အလုပ်ကျနစွာလုပ်၍ပြပါ။ နောင် လူကြိုက်များလာပါမည်။

    (၂) အသင်းတည်ထောင်သောအခါ ၀ါးခယ်မကျောင်းသားများအသင်းဟု အမည်တပ်၍တည်ထောင်ပါ။ အခြားကျောင်းများရှိလျင် အင်္ဂလိပ်စာသင်ကျောင်းဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ၄င်းကျောင်းများမှ စိတ်ရှိသူမျာနှင့် တိုင်ပင်၍အသင်းတည်ထောင်ပါ။ အသင်းမှာ နိုင်ငံရေး ၀င်ရောက်စွက်ဖက်ရန်မဟုတ်၊ ကျောင်းသားလူငယ်များ၏ ကျန်းမာရေး၊ ပညာရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးအတွက်သာ ဖြစ်သည်။ ဘယ်ပါတီမှ အားမပေးနှင့်၊ ဘယ်ပါတီကိုမှ မချီးမြှောက်နှင့်။ အမျိုးသားနေ့၊ ဦးဝိစာရနေ့များတွင်ကား အောင်ပွဲများ ကျင်းပနိုင်သည်။ ကျင်းပရန်လည်း တိုက်တွန်းသည်။ စကားပြောဟောပွဲ၊ စကားအခြေအတင်ပွဲ၊ သတင်းစာမဂ္ဂဇင်းများကိုဖတ်ခြင်း၊ စာအုပ်ကောင်းများ စုဆောင်း၍ဖတ်ခြင်း၊ချွေတာရေးကျောင်းသားများ ငွေစုသော အလေံအထ ဖြစ်စေခြင်း၊ တိုင်းရင်းဖြစ်အထည်များဝတ်ဆင်ရေး၊ တောဒေသဗဟုသုတဖြစ်ဖွယ်ရယ အရပ်များကို သွားရောက်ကြည့်ရှုမှတ်သားခြင်း အစရှိသည့်လုပ်ငန်းများကို ငွေအင်အားရှိသလို ကြည့်လုပ်။ ငွေရအောင် အသင်းဆက်ကြေးငွေကိုအများသဘောတူသော နှုန်းအတိုင်း ကောက်ခံပါ။ အသင်းထူထောင်ရန်အတွက် အချို့သြဇာရှိသော လူကြီးများနှင့် တိုင်ပင်၍ ဘုရားကျောင်းဇရပ်တစ်ခုခုမှာဖြစ်စေ အစီးအဝေးလုပ်၊ ၄င်းအစီးအဝေးတွင် ကျောင်းသားများကိုသာ အမှုဆောင်အဖြစ် တင်မြှောက်၍ အလုပ်ဆက်လုပ်ပါလေ။ အလုပ်လုပ်ရန်အတွက် အင်္ဂလိပ်လို ရေးသားထားသော စည်းမျဉ်းဥပဒေကို ပို့လိုက်ပါသည်။ အကယ်၍ နားမလည်လျင် မိတ်ဆွေတို့မြို့တွင်ရှိသော နားလည်သူ တစ်ဦးဦးအား မေးမြန်းပါ။ အသင်းထောင်၍ မည်သူမျှ အပြစ်မရနိုင်။

    ယခုအခါ မိတ်ဆွေတို့မှာ စာမေးပွဲ နီးလာပြီ ဖြစ်၍ စာမေးပွဲအောင်ရန်လည်းကြိုးစားကြပါ။ အောင်ပါစေဟူ၍လည်း ဆုတောင်းပါသည်။

    အောင်ဆန်း

    (စာလုံးပေါင်းသတ်ပုံ မူရင်းအတိုင်း ဖော်ပြပါသည်။)

    ဗိုလ်ချုပ်အောင်ဆန်း(ထိုစဉ်က ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း)က ၀ါးခယ်မမြို့နေ သခင်စိန်ခို ခေါ် ဖလာဟွတ်ဒီန်(၁၉၂၀-၂၀၀၂)ထံသို့ ပေးစာ။ မူရင်းစာ လက်ရေးမူအား တပ်မတော် မော်ကွန်းတိုက်တွင် လှူဒါန်းခဲ့ပြီးဖြစ်သည်။

    သခင်စိန်ခိုသည် ဆရာဦးမင်းနိုင် (စာရေးဆရာ ၀ါးခယ်မမောင်မင်းနိုင်)၏ ဘကြီး တော်စပ်ပါသည်။

    သခင်စိန်ခိုအကြောင်း သီးခြားထပ်မံ တင်ပြပါဦးမည်။

    ကိုးကား-အစ္စလာမ့်သုတ မဂ္ဂဇင်းတစ်အုပ်တွင် ဖော်ပြထားသည်ကို မိတ္တူဆွဲမှတ်တမ်းတင်ခဲ့သည်အား ပြန်လည်ဝေမျှပါသည်။ ဆရာဝါးခယ်မမောင်မင်းနိုင်ရေးသားပြုစုသည့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းဝင် မွတ်စလင်များ စာအုပ်တွင်လည်း ဖော်ပြထားပါသည်။

    By-ကိုကျော်မိုးအောင်