News @ M-Media
Category: ကိုယ်တွေ့ဖြစ်ရပ်
  • ​သွေး​နှောရင်​ အ​မေရိကန်​​လောက်​​တော့ လုပ်​ပါဗျာ
    အ​မေဘက်​က​တော့ရှင်း၏ ကမာန်​နွယ်​၏ ။ သို့​သော်​လည်း ​ခေတ်​အဆက်​ဆက်​ ဗမာမှု ပြုကြမှု​ကြောင့်​ ​မောင်​ဗညား၏ ဘိုး​ဘေးဘီဘင်​များ လက်​ထက်​ ရုံးအ​ထောက်​ထား၌ပင်​ လူမျိုး ဗမာ ဟုအ​ဖြေထွက်​​လေ၏။ ဘိုး​ဘေးဘီဘင်​များအားလုံးသည်​ ၁၈၂၃ မတိုင်​မီ ​ရှေးရှင်​ဘုရင်​လက်​ထက်​ မင်းမှုထမ်းခဲ့​ကြောင်း. တပ်​မှုးများဖြစ်​​ကြောင်း ​ရှေ့မှီ​နောက်​မှီလူကြီးများက အမြဲ ​ပြောပြ၏။ ထို့​ကြောင့်​ မှတ်​ပုံတင်​ သက်​ပြည့်​လဲလှယ်​ရာမှာအဆင်​​ပြေမည်​ထင်​​နေသည်​ ။
    တစ်​ဖန်​ ၁၉၈၂ နိုင်​ငံသားဥပ​ဒေ အရလည်း​ကောင်း ၊.အမိန့်​ညွှန်​ကြားချက်​များ အရလည်း​ကောင်း ၊ ​သွေး​နှောမဟုတ်​သည်​မှာ​ပေါ်လွင်​​နေ၍ လဲလှယ်​ဖြစ်​သည်​။ ဥပ​ဒေ ကိုပြည်​သူလိုက်​နာသလို ဝန်​ထမ်းလည်း လိုက်​နာမည်​ဟုအထင်​ကြီးခဲ့သည်​ကလည်းဖြစ်​နိုင်​သည်​။
    ပထမဦးဆုံး မြို့နယ်​အဆင့်​လဝကနဲ့​တွေ့သည်​။ ကိုးကွယ်​ရာဘာသာ ကွဲလွဲမှု​ကြောင့်​ထင်​၏ ခရိုင်​သို့လွှဲသည်​။ ခရိုင်​မှလည်း တိုင်းအဆင့်​သို့လွှဲပြန်​သည်​။ တိုင်းအဆင့်​သို့သွား​ရောက်​​တွေ့ဆုံ​ကာ ကိုးကွယ်​ရာဘာသာ ​ကြောင့်​ ဤကဲ့သို့အဆင့်​ဆင့်​ လွှဲ​ပြောင်း​နေသည်​လား​မေး၏၊ မဟုတ်​ပါ​ဖြေ၏။ ​အောက်​​ခြေမြို့နယ်​မှုးနဲ့ မျိုးရိုးစဉ်​ဆက်​ အမှန်​ကန်​များ ကိုအစီရင်​ခံစာ​ရေးတင်​ခိုင်း၏။ ​မောင်​ဗညားနှင့်​မြို့နယ်​ဦးစီး ​ဆွေး​နွေးပြီး စီစဉ်​၏ ။
    .မြို့နယ်​ဦးစီး မည်​ကဲ့သို့တင်​သည်​​တော့မသိ အချိန်​အ​တော်​ကြာ၏ ၂၀၁၆ နှစ်​ကုန်​ပိုင်းက အစပြုခဲ့သည့်​မှတ်​ပုံတင်​ကိစ္စ ၂၀၁၇​ ခုနှစ်​ ဂျူလိုင်​လ​ရောက်​လာ၏။ ဘာမှမထူးခြား ။.အမိန့်​ညွှန်​ကြားချက်​အရ ဆိုပါက ​သွေး​နှောများသည်​ပင်​ ရက်​၉၀ သာကြာရမည်​သတ်​မှတ်​ထား၏။ သို့နှင့်​​မောင်​ဗညားတစ်​​ယောက်​ citizen law ၊ ၂၀၀၈​ ဖွဲ့စည်းပုံ အခန်း ၈ နိုင်​ငံသားအခွင့်​​ရေး၊ အမိန့်​ညွှန်​ကြားချက်​များ၊ နိုင်​ငံသားများ၏ အခွင့်​​ရေး ကာကွယ်​​စောင့်​​ရှောက်​​ပေးသည့်​ ဥပ​ဒေ ၊ လဝက လုပ်​ထုံးလုပ်​နည်းများ ကို အသည်းအသန်​​လေ့လာရ၏၊ ဥပ​ဒေ များသာကုန်​၏ ဥပ​ဒေ မလိုက်​နာသူများက ပြည်​သူမဟုတ်​သည်​ကို​တွေ့လာရသည်​၊ ဒီလိုနဲ့ တိုင်းညွှန်​ကြား​ရေးမှုးက ​ခေါ်​တွေ့ပြန်​၏။.​မောင်​ဗညားတစ်​​ယောက်​ မှတ်​ပုံတင်​ ရပြီ အထင်​ဖြင့်​ သွား​ရောက်​​တွေ့ဆုံ၏။ လမ်းခရီး၌ မိုးမိပြီးမဖျားယုံတမယ်​ဖြစ်​၏။  အဝတ်​စားများ ဝယ်​ဝတ်​ရ၏။ ​နေ့လည်​က ​တွေ့ဆုံဖို့သွား​သော်​လည်း.ည​နေပိုင်းမှ​တွေ့ခွင့်​ရ၏။
    ဗုဒ္ဓဘာသာကိုးကွယ်​သူတစ်​​ယောက်​သည်​​မောင်​ဖြူဖြစ်​မည်​ ။.​မောင်​ဖြူ.ကိုယ်​ရင်​ဝတ်​​သော်​ ဥူးဥတ္တမ ဘွဲ့ဖြစ်​မည်​။
    ခရစ်​ယာန်​ တစ်​​ယောက်​ ​မောင်​နီဖြစ်​မည်​။ ဘာသာ​ရေးအရ ​ရောဘတ်​​မောင်​နီဖြစ်​သွားမည်​။
    အစ္စလာမ်​တစ်​​ယောက်​ ​မောင်​ညိုဖြစ်​မည်​။ ဘာသာ​ရေးနာမည်​အရ ​အေဘရာဟင်​ဖြစ်​မည်​။
    လူမျိုးတိုင်းမှာ ဘာသာ​ရေးနာမည်​ ကို ကိုးကွယ်​သည့်​ဘာသာအရ အမျိုးမျိုး.ဖြစ်​နိုင်​သည်​။ နာမည်​ကိုကြည့်​၍.​သွေး​နှောဆုံးဖြတ်​မည်​လား​မေးရ၏။.တိုင်းအရာရှိ အကြပ်​ တွေ့ဟန်​တူသည်​ ရုံးချုပ်​မှညွှန်​ကြားချက်​ကိုဖတ်​ပြမည်​ဆိုပြီး​စောင့်​ခိုင်း၏။. ခနအကြာတွင်​ဖတ်​ပြသည်​။ လူမျိုးအမှန်​ဖြင့်​မှတ်​ပုံတင်​ထုတ်​​ပေးရမည်​ဆို၏။ ဗညား​ပျော်​သွားသည်​။ လုပ်​ဗျာ လူမျိုးအမှန်​ဆိုမှ​တော့ ကမာန်​၊ကရင်​၊ ရှမ်း၊.ဗမာ.ကြိုက်​ရာ​ရေးပြီးထုတ်​​ပေး​တော့ဆို​တော့ တစ်​ခုခု​နှောမှအဆင်​​ပြေမည့်​သ​ဘော​​ဝေ့လည်​​ကြောင်​ပတ်​​ဖြေသည်​။ သူတို့​နှော​စေချင်​သည်​က အိန္ဒိယ၊ ပါကစ္စတန်​ ၊.ဘင်္ဂလီ စသည့်​ ကိုယ်​မသိသည့်​တိုင်းပြည်​များဖြစ်​​နေသည်​။ ဒီ​တော့ဗညား က လူလည်​ ​နှော​စေချင်​ အဲ့နိုင်​ငံ​တွေ မလုပ်​ပါနဲ့ဗျာ အင်္ဂလန်​၊ အ​မေရိကန်​၊ ​နော်​​ဝေ.စတာ​တွေ ကို​နှော​ပေးဗျာ။.အဲ့သံရုံး​တွေကိုလည်းအ​ကြောင်းကြား​ပေး ဒါမင်းတို့ နိုင်​ငံသားအ​နှောလို့။
    ဟုတ်​တယ်​​လေ ဗျာ.​နှောခြင်း​နှော လူကိုလူလိုမြင်​တဲ့ ဒီမိုက​ရေစီပြည့်​ဝတဲ့ နိုင်​ငံအ​နှောခံလိုက်​မယ်
    တရားဝင်​​အောင်​သာ သံရုံး​တွေအ​ကြောင်းကြား​ပေးရင်​အို​ကေပြီ​လေ။.ဒါကဗညားအ​တွေးပိုင်​တယ်​မို့လား?
    သို့​ပေမယ့်​တိုင်းအရာရှိ​ပြောလာတာက ရုံးချုပ်​ကိုသာသွားပါဗျာတဲ့။.​ဘောလီ​ဘော ပဲပုတ်​တာလား? မလုပ်​ရဲတာလား ​တော့ မသိဘူးဗျို့။.ကျုပ်​​တော့ တိုင်းရုံးက ​နေ ​အောင်​ဖျာလိပ်​ပြန်​ခဲ့ရတယ်​။
    တိုင်းအရာရှိ​ပြောတာ​တွေအားလုံး ၁၉၈၂​.နိုင်​ငံသားဥပ​ဒေ အရလည်း​ကောင်း၊ ၂၀၀၈​ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ အရလည်း​ကောင်း မကိုက်​ညီတာကို​တွေ့လိုက်​ရတဲ့အပြင်​ ဝန်​ကြီးဌာနရဲ့ အမိန့်​ညွှန်​ကြားချက်​ကို ​ကျော်​လွန်​သည့်​သ​ဘော​တွေ့ရတယ်​။ အမိန့်​ညွှန်​ကြားချက်​အရ ခရိုင်​အဆင့်​တာဝန်​ရှိသူ​တောင်​ လုပ်​ပိုင်​ခွင့်​ ​ပေးထား​ပေမယ့်​ ​နေပြည်​​တော်​ကို တွန်းပို့​နေ၍ အလွန်​အံ့အားသင့်​မိပါတယ်​။ အမှန်​တကယ်​က ​အောက်​​ခြေအဆင့်​က ground ဆင်းစစ်​ပြီး ၅ ဦး​ကော်​မတီမှ တည်​ပြုထုတ်​​ပေးခွင့်​ထိ ချမှတ်​ထားပါလျက်​၊ ယခုလို ဟိုလွှတ်​ဒီလွှတ်​ ခိုင်း​စေခြင်း​ကြောင့်​ ကုန်​ကျစရိတ်​များလှသည်​။ထိုကုန်​ကျစရိတ်​များကို ပြည်​​ထောင်​စုအဆင့်​က အ​လျော်​​ပေးမည်​လား ၊.တိုင်းအဆင့်​က​ပေးမည်​လား၊ ခရိုင်​အဆင့်​က​ပေးမည်​လား မသိ​ချေ။ ​နေရာတကာပတ်​လွှတ်​​နေ၍ ​မောင်​ဗညားတစ်​​ယောက်​အမြင့်​ဆုံးအဆင့်​ ကုလသမဂ္ဂထိသွားနိုင်​ရန်​ အင်္ဂလိပ်​စကား​ပြော သင်​တန်းတက်​ရပါ​တော့မည်​။ ကုန်​ကျစရိတ်​များကလည်း အရင်းအနှီး တစ်​ခုသဖွယ်​ရှိ​နေသဖြင့်​ မည်​သူ့ကို အ​လျော်​​တောင်းရမည်​လည်း ? မှတ်​ပုံတင်​ ရရှိ​ရေး ကုလလုံခြုံ​ရေး​ကောင်​စီထိများလွှတ်​​နေမည်​လား အ​တွေးပွားရင်း.ပြည်​ပခရီးသွားရ​ရေး ​တွေးပြီး ငါဟဲ့ဗညား ဟုကြိမ်းဝါးကာ ကြိုးစားရ​ပေ​တော့သည်​။
    ဗညား (or)​အောင်​နိုင်​ဝင်း (or) Saw Lynn Loon
    **ဆောင်းပါးရှင်ထံမှ ခွင့်ပြုချက်တောင်းခံ၍ ကူးယူဖော်ပြပါသည်။
  • “မြန်မာမွတ်စလင်မ်များနှင့် မှတ်ပုံတင် အခက်အခဲ”
    “မြန်မာမွတ်စလင်မ်များနှင့် မှတ်ပုံတင် အခက်အခဲ”
    အောက်တိုဘာ ၅ ၊ ၂၀၁၆
    ဝေမိုးနိုင် ရေးသည်။
    ဒီရက်ပိုင်း လ.၀.က နဲ့ နိုင်ငံသားစိစစ်ရေးကတ်ကိစ္စက သိပ်ခေတ်စားနေပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျနော်က အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ကနေ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ကို လဲနေချိန်နဲ့လဲ တိုက်ဆိုင်နေပါတယ်။ လွှတ်တော်မှာ ရန်ကုန်က အမတ်တစ်ယောက် အဆိုမတင်ခင် ရက်ပိုင်းလေးမှာပဲ ကျနော်က (၁၈)နှစ်ပြည့်ကတ်လဲဖို့ မြို့နယ်ရုံးကို သွားခဲ့ပါတယ်။ ရောက်ရောက်ချင်း စာရွက်စာတမ်းတွေကြည့်ပြီး ထားခဲ့ဖို့ပြောပါတယ်။ ဘယ်ရက်လောက်ကို ပြန်လာခဲ့ရမလဲ၊ အချိန်ဘယ်လောက်စောင့်ရမလဲမေးတော့ “သွေးနှောဖြစ်တာမို့ အထောက်အထားတွေ ပြန်လည်စိစစ်ရမယ်။ စိစစ်မှုလုပ်ငန်းစဉ်က အချိန် အကန့်အသတ် မရှိ စောင့်ရမယ်” လို့ ဖြေပါတယ်။
    ကျနော်က နိုင်ငံခြားခရီးစဉ်တစ်ခုရှိတဲ့အတွက် နိုင်ငံကူးလက်မှတ် အမြန်လုပ်ဖို့လိုအပ်နေတာမို့ ဖြစ်နိုင်ရင် တတ်နိုင်သမျှ မြန်အောင် ကူညီဆောင်ရွက်ပေးဖို့ ပြောတော့ အဲဒီလို လုပ်ခွင့်မရှိဘူးလို့ဆိုပါတယ်။
    ဒါနဲ့ ကျနော်က လ.၀.က တိုင်းဒေသကြီး ညွှန်ကြားရေးမှူးကို လိပ်မူပြီး စာတင်ပါတယ်။
    အဲဒီစာထဲမှာ
    – ဒီခရီးစဉ်ဟာ ပုဂ္ဂလိကခရီးစဉ်သက်သက် မဟုတ်ကြောင်း၊ အစိုးရရဲ့ လူ/ကယ်/ပြန်ဝန်ကြီးဌာနနဲ့ ချိတ်ဆက်နေ တာဖြစ်ကြောင်း (စေလွှတ်မဲ့လူငယ်ကိုယ်စားလှယ်ရွေးချယ်မှုကိုတော့ အစိုးရကလုပ်တာမဟုတ်ပါဘူး။ Myanmar Youth Forum 2016 လုပ်ငန်းအဖွဲ့ကို လူငယ်ကိုယ်စားလှယ်သုံးဦးရွေးချယ်ပေးဖို့ အစိုးရက ပြန်လည် လွှဲအပ်တာဖြစ်ပါတယ်။ MYF2016 working committee ထဲကမှ Application Form Check-up စနစ်၊ Interview စနစ်တွေနဲ့ စိစစ်ပြီး ရွေးချယ်ပေးတဲ့ လူငယ်ကိုယ်စားလှယ်သုံးဦးကို အစိုးရရဲ့ လူ/ကယ်/ပြန်ဝန်ကြီးဌာန က မြန်မာနိုင်ငံ ကိုယ်စားပြု စေလွှတ်မဲ့ လူငယ်များအဖြစ် Mandate ပေးတာဖြစ်ပါတယ်)
    – သွေးနှောဖြစ်လို့ အထောက်အထားတွေကို ပြန်လည်စိစစ်ရတယ်ဆိုတာကို လုပ်ထုံးလုပ်နည်းတစ်ရပ်အနေနဲ့ လက်ခံပါတယ်။ စိစစ်ရမှာပါ။
    – ဒါပေမဲ့ အဲဒီလို စိစစ်တဲ့ လုပ်ငန်းစဉ်ဟာ “သွေးနှော” ဖြစ်လို့ အချိန်အကန့်အသတ်မရှိ စောင့်ရမယ်ဆိုတဲ့ လုပ်နည်းလုပ်ဟန်ကတော့ သင့်တော်မှု ရှိ၊ မရှိပြန်လည်စိစစ်ပေးဖို့
    – မျိုးရိုးစဉ်ဆက် နိုင်ငံတာဝန်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူ ၀န်ထမ်းများရဲ့ မျိုးဆက်ဖြစ်သည့်အပြင် ကိုယ်တိုင် အသက်(၁၀)နှစ်ပြည့် မှတ်ပုံတင်ရရှိရန် အကြိမ်ကြိမ်အထပ်ထပ် စိစစ်မှုခံယူကာ ကိုင်ဆောင်ထားသူဖြစ်ကြောင်း
    – အရင်အစိုးရလက်ထက်က ငြိမ်းစုစီဥပဒေအရ အမှုဖွင့်ထားတာတွေကြောင့် နိုင်ငံကူး လက်မှတ်လျှောက်လို့မရတဲ့ အတွက် နိုင်ငံခြားခရီးစဉ်တစ်ရပ် လွဲချော်ခဲ့ဖူးကြောင်း၊ အစိုးရသစ်လက်ထက်မှာ ငြိမ်းစုစီအရ အမှုဖွင့်ထားတာတွေကို ရုပ်သိမ်းပြီးဖြစ်တဲ့အတွက် ယခုတစ်ကြိမ်မှာတော့ ၁၈ နှစ်ပြည့် မှတ်ပုံတင် ထုတ်ပေးရန် ကြာမြင့်နေမှုကြောင့် ထပ်မံလွဲချော်ရတာမျိုး မဖြစ်လိုတာကို စာနာနားလည်ပေးစေလိုကြောင်း
    – တစ်ဖက်မှာလဲ လူ/ကယ်/ပြန်ဝန်ကြီးဌာနက နိုင်ငံကူးလက်မှတ်ကို တောင်းနေပြီဖြစ်တာမို့ မှတ်ပုံတင်အမြန် ရရှိနိုင်အောင် ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံကြောင်း
    အစရှိတဲ့ အချက်တွေနဲ့ လူ/ကယ်/ပြန်ဝန်ကြီးဌာနက ထုတ်ပြန်ပေးထားတဲ့ တရားဝင်စာကိုပါ နောက်ဆက်တွဲအဖြစ် တင်ပြလိုက်ပါတယ်။
    စာသွားပေးတဲ့အချိန်မှာ တိုင်းရုံး စာဝင်စာထွက် စားပွဲကနေ ဒုညွှန်မှူးထိ အဆင့်ဆင့် လက်လွှဲပြီးတဲ့နောက် ကိုယ်တိုင်ဝင်တွေ့ပြီး ပေးပါလို့ ဆိုတာကြောင့် ညွှန်မှူးအခန်းထဲဝင်ပြီး ကိုယ်တိုင်ပေးပါတယ်။
    ညွှန်မှူးကလဲ ကျနော့်ရှေ့တင် စာကို အစအဆုံးဖတ်ကြည့်ပြီး သူသိချင်တာတွေ မေးပါတယ်။ ပြီးတဲ့နောက် မြို့နယ်ရုံးကို ချက်ချင်း ဖုန်းကောက်ဆက်ပြီး အမှုတွဲတွေ အမြန်ဆုံးတင်ပြပေးဖို့ ညွှန်ကြားပါတယ်။ ကျနော့်အမှုတွဲဖိုင်ကလဲ ကျနော်နဲ့အတူပါလာတာမို့ ဖိုင်တွဲထိပ်မှာ သူ့နာမည်၊ လက်မှတ်၊ တံဆိပ်တုံးနဲ့ နိုင်ငံခြားခရီးစဉ်ရှိသဖြင့် “အမှုတွဲများ အမြန်စိစစ်တင်ပြရန်” ဆိုတဲ့ မှတ်ချက်ကို ရေးပေးလိုက်ပါတယ်။
    ဒီနောက် လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်ရာမှာတော့ စနေ၊ တနင်္ဂနွေ နဲ့ ညွှန်မှူးရဲ့ နယ်ဝေးခရီးစဉ်တွေကို ဖယ်လိုက်ရင် ရုံးဖွင့်ရက်အတွင်း ကြာမြင့်ချိန်ဟာ စုစုပေါင်း (၆)ရက်ပဲကြာပါတယ်။ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ကျနော့်လက်ထဲ ရောက်လာပါတယ်။
    ဒါဆိုရင် မိခင်နိုင်ငံသား၊ ဖခင်နိုင်ငံသား၊ ဘိုးဘွား နိုင်ငံသားဖြစ်ပါလျက် နိုင်ငံသားကတ်လျှောက်ထားရာမှာဖြစ်စေ၊ ကျနော့်လို (၁၀)နှစ်ကတ်ကနေ (၁၈)နှစ်ကတ် လဲတာလေးမှာပင်ဖြစ်စေ “သွေးနှော” ဖြစ်လို့ အချိန်အကန့်အသတ်မရှိ စိစစ်ရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းဟာ အမှန်တကယ် လိုအပ်လို့ သတ်မှတ်ထားတာ ဟုတ်၊ မဟုတ် စဉ်းစားစရာပါ။
    ကျနော့်ကိစ္စမှာတော့ ကျနော်က ပြောစရာရှိတာကို ရဲရဲတင်းတင်းပြောဆိုခဲ့တင်ပြခဲ့တဲ့အတွက် ရခဲ့ပေမဲ့ ဒီလိုမပြောရဲတဲ့ သူတွေအတွက်ဆိုရင်ကော ဘယ်လိုအခြေအနေတွေ ကြုံတွေ့နေရမလဲ တွေးကြည့်နိုင်ပါတယ်။
    တိုက်ဆိုင်တာက ကျနော်က ညွှန်မှူးဆီ စာတင်ပြီး နောက်တစ်ရက်လားမှတ်ပါတယ်။ လွှတ်တော်မှာ အဖေနိုင်ငံသား၊ အမေနိုင်ငံသားဖြစ်ပါလျက် သွေးနှောဖြစ်လို့ မှတ်ပုံတင် ထုတ်မပေးဘဲ ဆိုင်းထားတဲ့ ကိစ္စကို အမတ်တစ်ဦးက မေးပါတယ်။ ၀န်ကြီးကလဲ စိစစ်ရမဲ့ လုပ်ငန်းစဉ်လေးတွေရှိပါတယ်လို့ ပြန်ဖြေပါတယ်။ ကျနော်လက်ခံပါတယ်။ စိစစ်ပါ။ ဒါပေမဲ့ အချိန်ကန့်သတ်ချက်တစ်ခုတော့ ရှိရမယ်လို့ မြင်ပါတယ်။ ဒီလိုမဟုတ်ဘဲ အချိန်အကန့်အသတ်မရှိ စောင့်ရမယ်ဆိုတာက “ပေးချင်တဲ့ အချိန်ပေးမယ်” ဆိုတဲ့ သဘောကို မရည်ရွယ်ဘူးဆိုတဲ့တိုင်အောင် သက်ရောက်စေပါတယ်။ ဒါဟာ အရင်အစိုးရတွေလက်ထက်မှာ နိုင်ငံသား အချင်းချင်း ကိုးကွယ်ရာ ဘာသာ ကွဲပြားရုံနဲ့ သူတို့နဲ့ – ငါတို့နဲ့၊ ငါတို့နဲ့ – သူတို့နဲ့ မတူဘူးဆိုတဲ့ အမြင်ကို အားကောင်းစေပြီး မယုံကြည်မှုနဲ့ သံသယတွေကို ဆင့်ကဲ ဖြစ်ထွန်းစေခဲ့တဲ့ အချက်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်မယ်လို့ ကျနော် ယူဆပါတယ်။
    ကျနော်တို့ အမြဲပြောလေ့ရှိကြပါတယ်။ စစ်အာဏာရှင် လက်ထက်မှာ ချမှတ်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အသားကျခဲ့တဲ့ ဗျူရိုကရေစီယန္တရားကို ပြုပြင်ပြောင်းလဲပေးရမယ်ဆိုတဲ့စကားပါ။ တစ်ဆက်တည်း ကပ်ပါလာတာက အပြောင်းအလဲမှာ လူထုကိုယ်တိုင်က ပါဝင်ရမယ်ဆိုတဲ့ စကားပါ။
    ကျနော်ကတော့ ကျနော်ရသင့်ရထိုက်တဲ့ ညီညွတ်မျှတတဲ့ ရပိုင်ခွင့်ကို ရအောင် ကျနော် တောင်းယူပါတယ်။ ကိုယ်နဲ့ အမှန်တကယ် ထိုက်တန်တဲ့ ရပိုင်ခွင့်ကို နည်းမှန်လမ်းမှန် တောင်းယူခြင်းသည်ပင်လျှင် ဒီနေ့မြန်မာနိုင်ငံရဲ့ ဗျူရိုကရေစီ ယန္တရား ပြုပြင်ပြောင်းလဲရေးမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုလို့ ကျနော်ကတော့ မြင်ပါတယ်။ ခက်ပါလိမ့်မယ်။ အစိုးရပြောင်းတာနဲ့ စနစ်တွေ အားလုံး ၀ုန်းဒိုင်းပြောင်းမယ်လို့ မျှော်လင့်ထားရင်တော့ ရူးနှမ်းရာကျပါလိမ့်မယ်။ တဖြည်းဖြည်းချင်းနဲ့ အကောင်းဘက်ကို ပြောင်းသထက် ပြောင်းအောင် အားလုံး ၀ိုင်းဝန်းတွန်းရွှေ့ကြရမှာပါ။ ဒီလိုတွန်းရွှေ့နိုင်တဲ့အင်အားဟာ လူထုလက်ထဲမှာရှိတယ်ဆိုတာ လူထုကိုယ်တိုင်က နားလည်သဘောပေါက်ပြီး ထိထိရောက်ရောက် အသုံးချဖို့ လိုပါတယ်။
    တစ်ဖက်မှာလဲ ပြည်သူ့လွှတ်တော် အမတ်တစ်ဦးက မေးခွန်းမေးမြန်းသလို၊ လွှတ်တော်ဥက္ကဌရဲ့ လ၀က ၀န်ကြီးကို မေတ္တာရပ်ခံချက်လို၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးရဲ့ ဖြေကြားချက်လို ပြည်သူ့ကိုယ်စားလှယ်များရဲ့ မဲဆန္ဒရှင်ပြည်သူကို မျက်နှာမူမှုကိုလဲ အလေးအမြတ်ပြုရမှာဖြစ်ပါတယ်။
    တစ်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က သွေးနှောဖြစ်လို့ မှတ်ပုံတင် မရတာ၊ ကြန့်ကြာနေတာရှိရင် သူ့ကို ပြောဖို့နဲ့ သူကိုယ်တိုင် မြို့နယ်ရုံးမှာ ဘာကြောင့် ကြန့်ကြာရသလဲ၊ မရသလဲဆိုတာ လိုက်လံ ဆန်းစစ်ပေးမှာဖြစ်ကြောင်း၊ ဒီလိုပဲ ဥပဒေမဲ့ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသူတွေကိုလဲ အရေးယူရမှာဖြစ်ကြောင်း ဖြေသွားတာ နားထောင်လိုက်ရပါတယ်။
    စည်းမျဉ်းဥပဒေနဲ့ မညီတဲ့ ဘယ်သူဘယ်ဝါကိုမဆို ဘယ်လိုအကြောင်းပြချက်မျိုး အတွက်နဲ့မှ ဘောင်ကျော်ဆောင်ရွက်ပေးတာမျိုး မပြုသင့်သလို၊ စည်းမျဉ်းဥပဒေနဲ့ ကိုက်ညီနေတဲ့ ဘယ်သူ့ကိုမဆို ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ကန့်သတ်တာမျိုးလဲ မဖြစ်သင့်ပါဘူး။ အားလုံးကို စည်းမျဉ်းဥပဒေအတိုင်းပဲ တိတိကျကျ ဆောင်ရွက်ဖို့ လိုအပ်တာပါ။
    ဆက်စပ်လို့ ပြောရရင် အသက် (၁၈)နှစ်ပြည့် ကတ်က ကျနော့်လက်ထဲ ရောက်တဲ့ အပြင် နိုင်ငံကူး လက်မှတ်လျှောက်ထားရာမှာပါ အသုံးပြုနေပြီဖြစ်ပေမဲ့ လ.၀.က ရုံးကို ကျနော် ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာမှ မပေးခဲ့ရပါ။ ညွှန်မှူးရုံးခန်းထဲကို စာသွားတင်ပြစဉ်ကလဲ ဘာလက်ဆောင်၊ ဘာငွေကြေးမှ မပေးခဲ့ရပါ။ ကတ်ရပြီးတဲ့အချိန်မှာလဲ လက်ဆောင်တစ်စုံတစ်ရာ သွားပေးခဲ့သော် ဒါလုပ်ပေးလို့ ဒါပေးတယ်ဆိုတဲ့ သဘောမျိုး မသက်ရောက်ချင်တာကြောင့် လုံးဝခြေဦးမလှည့်ဖြစ်ပါ။
    ဒါပေမဲ့ ခရီးစဉ်က ပြန်လာရင်တော့ နိုင်ငံတော်သမ္မတရုံးရဲ့ လက်ဆောင်ပစ္စည်းပေးအပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်အရ ငွေကျပ် (၂၅၀၀၀) ထက်မပိုတဲ့ တရုတ်ပြည်အမှတ်တရ ပစ္စည်းတစ်ခုခု ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသဘောအနေနဲ့ လက်ဆောင်သွားပေးမယ်လို့ စိတ်ကူးထားပါတယ်။
    ဒီလိုညွှန်မှူးမျိုးတွေ့ရခဲလို့ပါ။
    ** စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ၄င်း၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။
    ဆက်စပ် ဆောင်းပါး ဖတ်ရှုရန်
    —————————-
    လ.ဝ.က သွားတောလား
    http://www.m-mediagroup.com/news/5171
  • ချစ်ခြင်းဖြင့် တည်ဆောက်ယူပါ…
    ချစ်ခြင်းဖြင့် တည်ဆောက်ယူပါ…
    ဇန်နဝါရီ ၂၁ ၊ ၂၀၁၆
    M-Media
    ပျံလွှား ရေးသည်။
    No one is born
    ဒီနေ့ ကျောင်းကအပြန် ၂၀၂ ကားလိုင်းပေါ်က ဖြစ်ရပ်လေးတစ်ခုက ဘာသာရေးနဲ့ လူမျိုးရေး နဲ့ ပဋိပက္ခတွေနဲ့ ကမ္ဘာချီ နာမည်ဆိုးရနေတဲ့ နိုင်ငံအတွက် ကျွန်တော့်ရင်ထဲမှာ မျှော်လင့်ချက်တစ်ခု ပီတိနဲ့ယှဉ်ပြီး ဖြစ်ခဲ့ရပါတယ်။
    ကြပ်သည်လည်းမဟုတ် ချောင်သည်လည်းမဟုတ်တဲ့ ကားပေါ်အနေအထားမှာ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် ဘက်အခြမ်းမှာ ၄-၅နှစ်အရွယ် ကလေးငယ်တစ်ဦးကို ချီပွေ့ထားသော လူကြီးပိုင်းတစ်ယောက်နဲ့ အခြားလူလတ်ပိုင်းတစ်ဦး။
    ကလေးကို ပွေ့ချီထားတဲ့ လူကြီးက အသားခပ်လတ်လတ်နဲ့ ယနေ့ခေတ်အမြင်နဲ့ ဗမာဟု ယေဘူယျမှတ်ယူနိုင်သည့်ပုံစံမျိုး။
    လူလတ်ပိုင်းကတော့ ယဉ်ကျေးစွာပြောလိုလျှင် အသားညို၊ ဒဲ့ပြောလျှင်တော့ အသားမည်းမည်းပေါ့၊ မုတ်ဆိတ်ပါသည်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အရပ်ခေါ်တိုင်း အများခေါ်သည့်အတိုင်း ခေါ်မည်ဆိုလျှင် ကုလားဟု ခေါ်ခံရမည့် ပုံစံ။
    သူတို့နှစ်ဦးတွင် တူညီတာက နှစ်ဦးစလုံး ရှပ်အင်္ကျီနှင့် လုံချည်ကို ဝတ်ဆင်ထားခြင်းပင်။ တူညီမှုထဲက မတူညီတာက လူကြီးပိုင်းသူက အင်္ကျီ လက်ရှည်ကို ဝတ်ဆင်ထားပြီး အင်္ကျီအောက်စွန်းကို လုံချည်ထဲ သေသေသပ်သပ်ထည့်က ဝတ်ဆင်ထားသည်။
    လူလတ်ပိုင်းသူကတော့ အင်္ကျီလက်တိုကို အပြင်ထုတ်ဝတ်ထားသည်။
    နောက်တူညီမှုတစ်ခုကတော့ သူတို့ နှစ်ဦးစလုံး အပြုံးကိုယ်ဆီဖြင့် ပွင့်လင်းခင်မင်သည့် အမူအရာဖြင့် တစ်ဦးကို တစ်ဦး စကားပြောဆိုနေကြခြင်းပါ။
    အဲ့ဒီနောက် ကျွန်တော်လည်း လှမ်းနေသည်က တစ်ကြောင်း၊ ကိုယ့်အတွေးနဲ့ ကိုယ်ကတစ်ကြောင်းဖြင့် လိုက်ပါလာပြီး အမှုမဲ့အမှတ်မဲ့ဖြစ်သွားသည်။
    အဝိုင်းမှတ်တိုင်ရောက်ခါနီးမှာ ကားအပေါက်ဘက်ကို အမှတ်မထင် အာရုံပြုမှုလိုက်သည့်အချိန် လူကြီးပိုင်းသူက သားငယ်လေးကို ပွေ့ချီလျက် ဆင်းရန်ဟန်ပြင်နေပြီး သူ့ကလေးငယ်ကို “သားရေ ဦးဦးကို နှုတ်ဆက်လိုက်ဦး” ဆိုပြီးပြောလိုက်သံကြားလိုက်သည်။
    “ဦးဦး သွားတော့မယ် တာ့တာ” ဆိုပြီး လက်ဝှေ့ကာ အပြစ်ကင်း လှိုက်လှဲစွာ ပြုံးပြပြီး သူတို့ နှစ်ဦး ဆင်းသွားကြသည်။ ထိုအချိန် လူလတ်ပိုင်းသူမှာ ပြုံးလျက် ကားပေါ်တွင် ကျန်ခဲ့ကာ ဆက်လိုက်ပါလာခဲ့ပါတယ်။
    ဒီမိနစ်ပိုင်း အဖြစ်အပျက်လေးက ကျွန်တော့်ခေါင်းထဲကို အတွေးပေါင်းများစွာကို ဝင်ရောက်စေခဲ့ပါတယ်။
    အသားအရောင် အမျိုးနွယ် ပုံစံ (ဘာသာတရားလည်း ကွဲပြားမယ်လို့ ယူစမိပါတယ်၊ ဒါပေမယ့် ဘာသာတရားများဟာ ကန့်သတ်မှုကို လွန်မြောက်တဲ့အတွက် အသားအရောင် မျက်နှာအသွင်အပြင်စတာတွေနဲ့ မခွဲကောင်းတဲ့ အတွက် အတိအကျတော့ မပြောနိုင်ပါ)စတာတွေ မတူတဲ့ လူနှစ်ဦး ဘာကြောင့် တူညီစွာ တစ်ဦးကိုတစ်ဦး ပြုံးပြနိုင်ကြတာလဲ။
    ပြုံးရုံတင်မကဘဲ မိမိရဲ့ မျိုးဆက်ဖြစ်တဲ့ ကလေးငယ်လေးကိုပါ ကိုယ်နဲ့ မတူကွဲပြားတဲ့ သူတစ်ဦးကို ဟက်ဟက်ပက်ပက် ရိုးသားစွာ ပြုံးပြတတ်အောင် သင်ပေးနိုင်ရတာလဲ။
    ကျွန်တော် ငြိမ်းချမ်းရေး လူသားကြီး နယ်လ်ဆင် မင်ဒဲလား Nelson Mandela ရဲ့ စကားကို တွေးမိနေရင်း…
    “No one is born hating another person because of the color of his skin, or his background, or his religion. People must learn to hate, and if they can learn to hate, they can be taught to love, for love comes more naturally to the human heart than its opposite.”
    (ဘယ်သူကမှ အခြားသူတစ်ယောက်ကို သူရဲ့ အသားရောင်၊ နောက်ကြောင်း ဒါမှမဟုတ် ဘာသာတရားကြောင့်ဆိုပြီး မုန်းတီးပြီး မွေးလာတာ မဟုတ်ပါဘူး။ မုန်းဖို့ဆိုတာလည်း သင်ယူရတာပဲ။ မုန်းဖို့သင်ယူနိုင်ရင် ချစ်တတ်ဖို့ သင်ပေးနိုင်တာပဲ။ ချစ်ခြင်းမေတ္တာက အမုန်းတရားထက် စာရင် လူသားရဲ့ နှလုံးသားနဲ့ ပိုနီးပါတယ်။)
    မှတ်ချက် – မနှစ်တုန်းက ကိုယ်တွေ့ဖြစ်ရပ်လေးကို ရေးထားပြီး အခုမှ မျှဝေဖြစ်တာပါ။
  • လေဒီဝေ နှင့် ရန်ကုန်ဈေးသည်များ
    လေဒီဝေ နှင့် ရန်ကုန်ဈေးသည်များ
    စက်တင်ဘာ ၇၊ ၂၀၁၄
    M-Media
    -မဝေ(လရိပ်ပြာ) ရေးသည်။
    DSC_3501
    လေဒီဝေတို့ မိသားစု ၁.၆.၁၄ နေ့က မြောင်းမြရွှေမြို့တော်ကြီးကနေ ရန်ကုန်ရွှေမြို့တော်သို့ အပြီးအပိုင် ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ရန်ကုန်မြို့ရဲ့ တာမွေမြို့နယ်ထဲမှာ တိုက်ခန်းနဲ့ နေပါတယ်။ ရန်ကုန်မြို့ နံနက်မိုးလင်းတာနဲ့ ဈေးသည်ပေါင်းစုံရဲ့ အော်သံကြားရပါတော့တယ်။
    “ပဲ………….ပြုတ်”
    “လယ်………ထဲ…တိုး……ဝင်”
    “ကြောင်ကြီးသုပ်”
    “တိုဖူးသုပ်”
    “ကြာဇံချက် ”
    “တပ်တရာ ပူပူလေး”
    “ရေသန့်ရမယ် ရေသန့်”
    “ဖလုတ်လုံး…..”
    “ဆံ…….ကျွတ်……..တွေဝယ်တယ်။”
    “အီမြိုက်……..ပစ်အုံးမလား”
    “ကြွက်ကြော်ပူပူလေး”
    “စိတ် ……စိတ်….စိတ်……..”
    “ပါမုန့်…….ပါမုန့်…”
    ဈေးသည်တွေရဲ့အော်သံကြားတော့ သားရေ ဘာတွေရောင်းနေလဲမသိဘူး။ နားလည်တဲ့ဟာတော့ နားလည်တယ်။ နားမလည်တဲ့ဟာကျတော့ “ကြောင်ကြီးသုပ်တဲ့” မေမေရေ ရန်ကုန်က လူတွေ ကြောင်တောင် သုပ်စားရောင်းစားတယ်။ “မဟုတ်ဘူးသားရဲ့” ရှောက်သီးသုပ်ရောင်းတာ။ “ဟော ကြွက်ကြော် ကြွပ်ကြွပ်လေးတဲ့ ရန်ကုန်မှာ ကြွက်ကြီးတွေက လမ်းပေါ်တောင်သွားနေတာ အဲ့ဒါဖမ်းပြီး ရောင်းတာထင်တယ်။ မဖြစ်နိုင်ဘူး၊ ခေါ်မေးစမ်း။ မစားဘဲနဲ့ မမေးချင်ပါဘူး။
    “လယ်ထဲတိုးဝင်တဲ့” ဘာသည်လဲ ခေါ်ကြည့်စမ်း
    “လာပါအုံး” ဘာလဲ  “ပဲပြုပ်လေ” အဲ့ဒါကို နင်ဘယ်လိုအော်တာလဲ အော်ပုံကထူးစမ်းလှချည်လား။
    “ဖလုတ်လုံး” ယောက်ျား ဘာတွေရောင်းလည်း လှမ်းကြည့်စမ်း …… ဝါးလုံးတွေထမ်းလာတာ မြင်မှ အော် ဝါးလုံးကိုး”
    အီမြိုက် ပစ်အုံးမလား?
    မေမေရှေ့မှာ အော်နေပြန်ပြီ ဘာသည်လည်း မသိဘူး ထွက်ကြည့်အုးံ “သြော် အမှိုက်သမားပါ။”
    အမယ်လေး ရန်ကုန် ဈေးသည်တွေရယ် ကိုးရီးယား ကားထဲကလို အောက်က စားတမ်းထိုး ဘာသာပြန်ပေးကြပါဦး……..
    ဟိုအရင်လွန်ခဲ့တဲ့ အနှစ် ၂၀ လောက် တုန်းက နယ်မှာနေတုန်း လေဒီဝေရဲ့ သူငယ်ချင်းက ရန်ကုန်ကို မိန်းမခိုးပြေးတယ်။ ရန်ကုန်က သူငယ်ချင်းအိမ်တစ်အိမ်မှာ သွားတည်းတယ်။ နယ်ကလူတွေရဲ့ထုံးစံ မနက်စောစောနိုးတယ်။ အိမ်ရှင်တွေက မထကြသေး။ စုံတွဲအသစ်စက်စက် စောစောစီးစီး ဗိုက်ဆာ အိမ်ရှင်မနိုးသေး။ မိုးတွေကလည်းရွာ…
    တိုက်ရှေ့ လမ်းမပေါ် ဈေးသည် တစ်ဦးပြီးတစ်ဦး အော်ပြီးသွား……….သူငယ်ချင်းရဲ့မိန်းမက ကိုရေဗိုက် ဆာပြီ ဒီတခါလာတဲ့ဈေးသည်ကို ဝါရံတာကနေ ခေါ်ပြီးဝယ်ရအောင်ဆိုတော့ အေးကောင်းတယ်၊ ဒီတခါဘာသယ်လာလာ ခေါ်ရအောင်။
    “မိုး….စို…..စီး …….တွေ…..မိုး………စို……စီး…..တွေ ရမယ်။”
    ဟောလာဘီခေါ်လိုက် –
    “လာပါအုံး” (စားစရာတစ်ခုခုမှတ်လို့)
    “ဆိုက်ကြီးလား ဆိုက်သေးလား ဘယ်နှစ်ရံယူမလဲ” ဈေးသည်က အပေါ်ကိုမော့ကြည့်ပြီးပြောတယ်
    “ဘာရောင်းတာလဲ”
    “ခုံဖိနပ်လေ”
    ဗိုက်ဆာနေတာ ခုံဖိနပ်ဝယ်စားမလား နင်ခုနကဘာအော်တာလဲ ….
    “မိုး….စို…..စီး …….တွေ…..မိုး………စို……စီး…..တွေ ရမယ်။”
    ရွှင်လန်းချမ်းမြေ့ပါစေ –
    မဝေ(လရိပ်ပြာ)
    နောက်ခံ ဓါတ်ပုံအညွှန်း- ရန်ကုန်မြို့တွင်း တစ်နေရာရှိ လမ်းဘေးဈေးသည်များအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်) –
  • ရခိုင်ပြည်က ပဟေဠိဆန်ဆန် သန်းခေါင်စာရင်း
    ဧပြီ ၂ ၊ ၂၀၁၄
    M-Media
    ရေးသား ပေးပို့သူ- ယျာတင်( MYARF)
    Never_Give_Up
    “သား ဘယ်လိုလဲ…ဘယ်ချိန် ရောက်လာမယ်လို့ ကြားလဲ”
    မနက် (၇) နာရီတိတိအချိန်မှာ  ရောက်လာမယ်လို့ ပြောတဲ့ သန်းခေါင်စာရင်းကောက်ခံရေးအဖွဲ့  (၁၁) နာရီထိရောက်မလာခဲ့သောအခါ အဖေ ဖြစ်သူက သူ့ သားလေးကို အပြင်ထွက် စုံစမ်းခိုင်းလိုက်ခြင်းမှ သားလေးပြန်လာလျှင် အဖေဖြစ်သူက မေးလိုက်ခြင်းဖြစ်သည်။
    ” ဘုန်းကြီးကျောင်းထဲမှာ အစည်းအဝေးပြုလုပ်နေလို့ တဲ့ အဖေ…အုပ်ချုပ်ရေးမှူးး ကတော့ ရောက်လာမယ်လို့ ပြောတာပဲ…”
    သားလေးရဲ့ စကားကိုကြားကြားချင်းပဲ အဖေဖြစ်သူရဲ့ ဒေါသစိတ်က အထွဋ်အထိပ်သို့ ရောက်ရှိလာပြီဖြစ်သော်လည်း ကြိတ်မှိတ်ခံထားလိုက်၏ ။
    “သန်းခေါင်စာရင်းကိစ္စ ကို ဘုန်းကြီးကျောင်းထဲမှာ ဘာဖြစ်လို့ စည်းဝေးဆွေးနွေးနေရတာလဲ…သေချာနေပြီ…ဟိုတစ်နေ့ တည်းက ထွက်ထွက်နေတဲ့ ကောလဟာလ သတင်းစကားတွေ ကအမှန်ပေကိုး…ရိုဟင်ဂျာလို့ ရေးခွင့်မပြုနိုင်ဘူးတဲ့…အာရ်ကန် ဦးအစကတည်းက ရှိနေတဲ့ လူတွေကို မနေ့ တစ်နေ့ က ဘဲ ခိုးဝင်လာသလိုလိုနဲ့ ပြောတာများ…
    ဒီရခိုင်ပြည်နယ်အစိုးရကလည်းနော် …တစ်နိုင်ငံလုံးမှာတစ်မျိုးသူတို့ ဒီမှာ ကြံစည်လုပ်ဆောင်နေတာတစ်မျိုး…ဒီမြန်မာပြည်ကို သူတို့ ရခိုင်တွေ အုပ်ချုပ်နေတာကျနေတာပဲ…တောက် ”  အဖေဖြစ်သူ ဘာသာသူ့ စိတ်ထဲပြောနေမိသည်။
    ” သား…အဖေ သွားအနားယူလိုက်တော့မယ်…သူတို့ ရောက်လာရင်တော့ သားတစ်ခွန်းပဲအရင်မေးလိုက်…သန်းခေါင်စာရင်းဥပဒေအတိုင်းလုပ်မလား ဒါမှမဟုတ် သူတို့ ရခိုင်တွေရဲ့ ကိုယ်တိုင် ဥပဒေ နဲ့ လုပ်မလား …သန်းခေါင်စာရင်း ဥပဒေအတိုင်း လုပ်မယ်ဆိုမှပဲ အဖေကို အိပ်ရာက နှိုးပေး မဟုတ်ရင်တော့ အကောက်မခံဘူးလို့ ဘဲ ပြောလိုက်တော့…ကြားလားသား…”
    အဖေဖြစ်သူရဲ့ ပြတ်ပြတ်သားသား စကားကို ကြားလိုက်မိပြီးသည်နောက် သားလေးရဲ့ မျက်လုံးမှ မျက်ရည်စက်တွေ စီးဆင်းလာနေသည်။
    အာဏာရှင်ကြောင့် အတန်ကြာကြာ ဖြစ်တည်ခဲ့တဲ့ အကြောက်တရားတွေ အဖေ့ ရင်ထဲက နှလုံးသားထဲက လွင့်စင်သွားပါပြီလားဆိုတဲ့ အသိတရားက သားလေးကို အပျော်မျက်ရည်တွေ ယိုစေခဲ့တာဖြစ်၏ ။ ပါးပြင်ပေါ် စီးဆင်းလာနေသော အပျော်မျက်ရည်စက်တွေကို လက်ဖဝါးနှင့် အပြုံးမပျက် သုတ်နေရင်း သားလေးက အဖေဖြစ်သူကို ခေါင်းတညိတ်ညိတ်ပြလိုက်သောအခါ အဖေဖြစ်သူလည်း အခန်းထဲဝင်ပြီး အနားယူနေလိုက်တော့သည်။
    ဖိနှိပ်လေ သတ္တိမွေးလာလေပဲ ဆိုတာ သားအဖနှစ်ယောက် ကိုယ်တွေ့ ကြုံခဲ့ရတော့သည်။
    ယျာတင် ( MYARF)
    ဓါတ်ပုံ- Internet
    ** M-Media သို့ စာဖတ်သူပရိတ်သတ်တစ်ဦး ပေးပို့လာသော ကိုယ်တွေ့ခံစားချက် ဆောင်းပါးတို ဖြစ်ပါတယ်။