News @ M-Media

Category: ပေးစာ/ပြန်စာကဏ္ဍ

  • NVC ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များသို့ ပန်ကြားချက်

    NVC ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များသို့ ပန်ကြားချက်

    15722731_10206592977698156_739980875_n
    ဒီဇင်ဘာ ၁၀ ရက်နေ့က လ.၀.က အရာရှိများနှင့် အစ္စလာမ်ဘာသာရေး အဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံစဉ် (ဓါတ်ပုံ-Ma Toke)

    ၁။    (၁၀-၁၂-၂၀၁၆) ရက်နေ့တွင် NVC ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ အမြဲတန်းအတွင်းဝန်၊ အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့ကို ရန်ကုန်အနောက်ပိုင်း ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
    .
    ၂။    မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက (၁၉-၁၂-၂၀၁၆) ရက်စွဲပါ စာအမှတ်-မအဘ/စီမံ/၅၉/၂၀၁၆ (အစ-၅)ဖြင့် ၎င်း၏အဖွဲ့ခွဲအားလုံးသို့ “နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား (NV Card) ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့သည့် အခြေအနေရှင်းလင်းတင်ပြခြင်း” အကြောင်းအရာခေါင်းစဉ်ဖြင့် စာတစ်စောင်ထုတ်ပြန်ခဲ့ပါသည်။
    .
    ၃။    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး တာဝန်ရှိသူများက ဆွေးနွေးချက်များကို ဖော်ပြသော အဆိုပါ စာအပိုဒ်-၄ တွင် ဦးကျော်ငြိမ်း၏ ဆွေးနွေး တင်ပြချက် အကျဉ်းကို ဖော်ပြခဲ့ခြင်းမရှိပါ။ ၎င်းစာတွင် NVC ကို လက်မခံကြောင်း ဥပဒေ အချက်အလက်များလည်း မပါဝင်ခဲ့ပါ။
    .
    ၄။    ထိုအစည်းအဝေးတွင် အမြဲတန်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က နိုင်ငံသားစိစစ်ခံရ မည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးခြင်းကိစ္စကို အဓိကရှင်းလင်းပြောကြားခြင်း ဖြစ်ပါသည်။ (၁၉-၁၂-၂၀၁၆) ရက်စွဲစာပါ အကြောင်းအရာတွင် ညှိနှိုင်းဆွေးနွေးကြောင်း ဖော်ပြထား သော်လည်း နောက်ပိုင်းတွင် NVC ကို လက်ခံရန် ဖိအားပေးခံရကြောင်း သိရှိရပါသည်။
    .
    ၅။    ထို့အပြင် အဆိုပါ (၁၉-၁၂-၂၀၁၆)ရက်စွဲပါ စာသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အဖွဲ့ကြီး၏ အဖွဲ့ခွဲများသို့ ရှင်းလင်းတင်ပြသော စာမျှသာဖြစ်ရာ (၁၀-၁၂-၂၀၁၆)ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သော ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များထံသို့ လိပ်မူ၍ မိမိတို့၏ သဘောထားများကို ပြတ်ပြတ်သားသား ဖော်ပြသော စာတစ်စောင်ကို လက်မှတ်ရေးထိုးပေးပို့သင့်ပါသည်။ မိတ္တူပေးပို့ခြင်း မပြုလုပ်သင့်ပါ။
    .
    ၆။    (၁၉-၁၂-၂၀၁၆) ရက်နေ့စွဲပါစာအပိုဒ်-၄ (တတိယပိုင်း)တွင် “တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံသားဖြစ်သူများကို ကြန့်ကြာမှုမရှိစေဘဲ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရန် လိုအပ်ကြောင်း” ဖော်ပြထားရာ၊ တည်ဆဲဥပဒေများတွင် NVC ကို ထုတ်ပေးနိုင်သော ၁၉၅၁ ခုနှစ်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေသည် တည်ဆဲဥပဒေတစ်ရပ်အဖြစ် တည်ရှိနေသည်ကို သတိပြုသင့်ပါသည်။ ပြဌာန်းထားသော ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် ရှင်းရှင်းလင်းလင်းဖော်ပြသင့်ပါသည်။
    .
    ၇။    (၂-၉-၂၀၁၆)ရက်စွဲပါ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ အစ္စလာမ် ဘာသာဝင်များသို့ အသိပေး အကြောင်းကြားစာတွင်လည်း “အဆိုပါ (NVC) အစိမ်းရောင်ကဒ် ထုတ်ပေးခြင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး အနေဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် ညှိနှိုင်း ဆွေးနွေးရန် ရှိပါသဖြင့် ဆွေးနွေးမှုရလဒ် ထွက်ပေါ်လာပြီးမှသာ  ၎င်းကိစ္စနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်ကြပါရန်”ဟု ဖော်ပြထားရာ “ဆွေးနွေးမှုရလဒ် ထွက်ပေါ်လာပြီး မှသာ” စကားရပ်တွင် ဆွေးနွေးမှု ရလဒ်သည် အဖြေ(၂)မျိုး ထွက်နိုင်ပါသည်။ NVC ကို လက်ခံသည် သို့မဟုတ် လက်မခံပါ။ အဖြေ(၂)ရပ်အနက်၊ NVC ကို လက်ခံကြောင်း ဆွေးနွေးပွဲရလဒ် ပေါ်ထွက် လာလျှင်၊ အစ္စလာမ်ဘာသာဝင်အားလုံးက မလွဲမသွေ လက်ခံရသကဲ့သို့ သဘောဆောင်နေပါသည်။ ထို့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် အစ္စလာမ် ဘာသာဝင် အားလုံးကို ကိုယ်စား ပြု၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဆွေးနွေးသကဲ့သို့ သဘောဆောင်နေပါသည်။
    .
    သို့ပါ၍ NVC ကိစ္စနှင့်ပတ်သက်၍ အားလုံးကိုကိုယ်စားပြုသော (All inclusive) ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သင့် ပါကြောင်း လေးစားစွာ အကြံပြုတင်ပြအပ်ပါသည်။
    .
    (ဤရှင်းလင်းတင်ပြချက်သည် မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ရပ်ရပ်ကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်မရှိပါ။ အမျိုးသားရေးကိစ္စဖြစ်၍ အမုန်းခံတင်ပြခြင်းသာဖြစ်ပါသည်။)
    .
    ခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ)
    ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၃) ရက်

    **  (ဦး)ခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ)မှM-Media ပေးစာကဏ္ဍသို့ ပေးပို့လာသောစာဖြစ်သည်။ 

    ဆက်စပ်အကြောင်းအရာများ ဖတ်ဖို့

    • NVC ထုတ်ပေးခြင်း ကိစ္စ လ.ဝ.က နှင့် ဆွေးနွေးခဲ့မှု အစ္စလာမ်အဖွဲ့ကြီးမှ သတင်းထုတ်ပြန်
      http://www.m-mediagroup.com/news/63643
    • NO NVC ! (သူ့အမြင်)
      http://www.m-mediagroup.com/news/63359
    • NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းသွားလိမ့်မယ်
      http://www.m-mediagroup.com/news/59912
  • မောင်ဇာနည်- ဦးသန်းရွှေ  နှင့် ဒေါ်အောင်ဆန်းစုကြည် သို့ အိတ်ဖွင့်ပေးစာ

    မောင်ဇာနည်- ဦးသန်းရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည် သို့ အိတ်ဖွင့်ပေးစာ

    Maung-Zarni

    ဒေါ်အောင်ဆန်းစုကြည်
    သမ္မတ ဦးသိန်းစိန်
    တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်

    ဒီဇင်ဘာလ (၇) ရက်၊ ၂ဝ၁၅

    ခေါင်းဆောင်ကြီးများ ခင်ဗျား။

    မင်္ဂလာပါ

    ရာစုနှစ်ဝက်ကြာ အာဏာရှင် / စစ်အုပ်ချုပ်ရေး စနစ်ကနေ ဒီမိုကရေစီ စနစ်ပြောင်းဖို့ ခေါင်းဆောင်ကြီး (၄) ဦး ကိုယ်ဖိရင်ဖိ လုပ်ဆောင်မှုတွေကို ဖတ်ရကြားရလို့ မြန်မာတဦး အနေနဲ့ အထူးဝမ်းမြောက်မိပါတယ်။

    အလားတူပဲ ရာစုနှစ်ပေါင်းများစွာ ရှင်သန်ခဲ့တဲ့ “ငါ့ခေါင်းစား၊ ငါတပါးမင်းဖြစ်” ဆိုတဲ့ မြန်မာ့ ပဒေသရာဇ် အစဉ်အလာဆိုးကြီးကို ပျောက်အောင်၊ အေးချမ်းစွာ တာဝန်နဲ့ အာဏာ (တချို့) လွှဲပေးမယ့် အစဉ်အလာသစ်ကြီးကို စတင် အကောင်အထည် ဖော်မယ့် လုပ်ရပ်တွေကိုလည်း ပြည်တွင်း ပြည်ပမှာ ရှိတဲ့ မြန်မာများက သြဘာပေးသံတွေ ဂုဏ်ယူစွာ ကြားမိပါတယ်။

    ဒီလို မင်္ဂလာရှိတဲ့ မျှော်လင့်ချက် ရောင်ခြည်တွေ သန်းစပြုလာတဲ့ အခါသမယကြီးမှာ ကျွန်တော် မောင်ဇာနည် ပြည်သူတယောက်ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့် အရသော်လည်းကောင်း၊ “ဆိုရေးရှိစ ဆိုခဲ့စေ” ဆိုတဲ့ မြန်မာ့ ဓလေ့အရသော်လည်းကောင်း တိုင်းရင်းသား ဘာသာစုံ လူထုကြီး တရပ်လုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေး ကိစ္စရပ်ကြီး (၂) ခုကို တင်ပြလိုက်ပါတယ်။

    ကျွန်တော့်နောက်ခံကို တိုတိုတုတ်တုတ် ပြောရမယ်ဆိုရင် ၁၉၈၈ ခုနှစ်ကတည်းက ကျွန်တော်ဟာ နိုင်ငံရေး ရှင်ကြီးဝမ်းရော၊ ရှင်ငယ်ဝမ်းရော ဝင်ဖူးပါတယ်။ NLD ကို တစိုက်မတ်မတ် ၂ဝဝ၄ ခုနှစ်ထိ ထောက်ခံခဲ့ပြီး စီးပွားရေး သပိတ်မှောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကမ္ဘာသိအောင် လုပ်တဲ့ ကမ်ပိန်းတွေ ကြိုးစား ဦးဆောင်လုပ်ခဲ့ပါတယ်။

    အနောက်နိုင်ငံ အစိုးရတွေရဲ့ မူဝါဒ မရိုးသားမှုတွေကို မြင်လာလို့ တပ်မတော် ခေါင်းဆောင်များနဲ့ လက်တွဲလုပ်ဖို့ လူမုန်းခံ၊ လူကဲ့ရဲ့ခံပြီး ပြောခဲ့၊ ဆိုခဲ့ လက်တွေ့လုပ်ခဲ့တဲ့ အထဲမှာလည်း ကျွန်တော် ရှေ့တန်းက ပါခဲ့ပါတယ်။

    လတ်တလောမှာတော့ ဘယ်ဘက် ဘယ်အဖွဲ့အစည်းမှ အယုံအကြည် သိပ်မရှိတာမို့ ပြည်ပမှာဘဲ အခြေချပြီး ခေါင်းချဖို့ စဉ်းစားထားရာက အလွန်အရုပ်ဆိုးတဲ့ တမျိုးသားလုံး တိုင်းပြည်တပြည်လုံးနဲ့ ဆိုင်တဲ့ ကိစ္စကြီး (၂) ရပ်ကြောင့် နိုင်ငံရေးထဲမှာ ဆက်ပြီး ပတ်သက်နေရခြင်း ဖြစ်ပါတယ်။

    ပထမ အကြောင်းအရာကြီး ကတော့ တပ်မတော်ရဲ့ ကြီးနိုင်ငယ်ညှဉ်း၊ ပြည်တွင်း ကိုလိုနီ စစ်ပွဲတွေကြောင့် ကချင်၊ ရှမ်း၊ ပအိုဝ်း၊ ရခိုင်၊ ကိုးကန့် စတဲ့ တရားဝင်လို့ သတ်မှတ်ထားတဲ့ တိုင်းရင်းသားတွေ သေကြေပျက်စီး၊ ဘဝတွေ အနာဂတ်မရှိ၊ သယံဇာတွေ ပြုန်းတီးမှုတွေကို ရပ်တန့်က ရပ်ဖို့ပါ။

    ဒုတိယ အကြောင်းအရာကြီး ကတော့ လက်နက်ကိုင် တော်လှန်ရေးလည်း မလုပ်၊ ဘာအကြမ်းဖက်မှုမှလည်း မလုပ်၊ ဘာနိုင်ငံရေး ပြစ်မှုမှလည်း မကျူးလွန်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ဗမာပြည် (ရခိုင်ပြည်) နယ်စပ်နေ ရိုဟင်ဂျာ မွတ်စလင် ဘာသာဝင် သန်းကျော်ကို အမြုံလိုက် ဘ၀ပျက်အောင်လုပ် ကာယဒုက္ခ၊ စိတ္တဒုက္ခ အမျိုးမျိုး္ခပေးနေ၊ ပါလီမန်ခေတ်၊ အိမ်စောင့်အစိုးရခေတ်နဲ့ တော်လှန်ရေးကောင်စီ ခေတ်ဦးပိုင်းက အသိအမှတ်ပြုထားခဲ့တဲ့ နိုင်ငံသား အခွင့်အရေး သာမက မြန်မာ ပြည်ထောင်စုသား (တစ်နည်း – တိုင်းရင်းသား) အဆင့်အတန်း၊ အသိအမှတ်ပြုမှုကိုပါ တရားဝင် ရုပ်သိမ်းပြီး နည်းမျိုးစုံနဲ့ ဒုက္ခပေးနေမှုကို ရပ်တန့်ဖို့ ဖြစ်ပါတယ်။

    တကယ်တော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး တနှစ်အတွင်း ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့ နေ့စွဲပါ စာနဲ့ ရိုဟင်ဂျာ ခေါင်းဆောင် အဖွဲ့အစည်းများက ၀န်ကြီးချုပ် ဦးနုဆီ စာတတန် ပေတတန်နဲ့ တရားဝင် – ၎င်းတို့သည် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း၊ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံက မွတ်စလင် အများစု ဖြစ်ပေမယ့် မြန်မာပြည်သစ်ကိုပဲ သစ္စာရှိစွာ၊ ပြည်ချစ်စိတ်ရှိစွာနဲ့ နေဖို့ သန္နိဋ္ဌာန်ချထားကြောင်း၊ ရခိုင် ဗုဒ္ဓဘာသာ ညီအစ်ကို မောင်နှမများနဲ့လည်း ချစ်ချစ်ခင်ခင် အတူတကွ နေနိုင်ကြောင်းနဲ့ ရခိုင်မြောက်ပိုင်းစွန် ဒေသဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသကို အများစုက ရိုဟင်ဂျာလူမျိုးများ ဖြစ်တာမို့ မေယုခရိုင်ဆိုပြီး ရန်ကုန် အခြေစိုက် မြန်မာပြည် ဗဟိုအစိုးရက တိုက်ရိုက် အုပ်ချုပ်ပေးဖို့ မေတ္တာရပ်ခံခဲ့တာ သမိုင်း အထောက်အထား အခိုင်အလုံ ရှိပါတယ်။ နောက် တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေး ဌာနက ဦးစောဦးနဲ့ ဗနသ ဦးချစ်လှိုင် ခေါ် စာရေးဆရာ ကိုကိုမောင်ကြီး တို့ ဦးစီး ထုတ်ဝေတဲ့ ခေတ်ရေး စာစောင် (ဇူလိုင် ၁၉၆၁) မှာလည်း ရိုဟင်ဂျာများ မြန်မာ ပြည်ထောင်စုသားများ အနေနဲ့ သစ္စာဆိုကြ၊ ပြည်ချစ် စိတ်ပြကြတာ မှတ်တမ်းတင်ထားခဲ့ပါတယ်။

    ဒီအမျိုးသား အကြောင်းကိစ္စကြီး (၂) ခုဟာ မြန်မာ နိုင်ငံရေး သမိုင်း အထောက်အထား အရရော၊ လွတ်လပ်ရေး ရပြီး နောက်ပိုင်း တက်ခဲ့တဲ့ အစိုးရတွေရဲ့ (ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေး ကောင်စီ အပါအဝင်) တရားဝင် မှတ်တမ်းမှတ်ရာတွေ အရရော၊ ဗုဒ္ဓတရားတော် အရရော ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရှိ စစ်ခေါင်းဆောင်များ၊ နိုင်ငံရေး ခေါင်းဆောင်များဟာ အမျိုးသားရေး ဒုစရိုက်တွေ အဓမ္မတွေ ကျူးလွန်နေတယ်ဆိုတာ ကျွန်တော် ဘွင်းဘွင်းပဲ ပြောချင်ပါတယ်။

    မြန်မာမဟုတ်တဲ့ တိုင်းရင်းသားတွေ (ရှမ်း၊ ကချင်၊ ကရင်နီနဲ့ ချင်း) များကို ဗိုလ်ချုပ် / ဦးအောင်ဆန်းက “ကချင် တကျပ်၊ ဗမာ တကျပ်၊ ရှမ်း တကျပ်” ဆိုပြီး ကတိခံ၊ မိမိဆန္ဒအရ ဗမာ / မြန်မာတွေနဲ့ ပေါင်းပြီး အင်္ဂလိပ် ကိုလိုနီခေတ်လွန် ပြည်ထောင်စုကြီး ထူထောင်ဖို့ အောင်မြင်စွာ စည်းလုံးနိုင်ခဲ့လို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ဆိုတာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ (၁ဝ) နှစ်ပေါင်းလုပ်၊ ပေါင်းနေပြီးလို့ ဗမာတွေ အနိုင်ကျင့်၊ နှိပ်စက်၊ ကတိဖျက်တယ် ဆိုရင် ပြည်ထောင်စုထဲက ခွဲထွက်နိုင်ခွင့်ဆိုတာကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ကတိပေးပြီး စာနဲ့ပေနဲ့ စာချုပ်ထဲမှာ ထည့်ခဲ့တာ ဖြစ်ပါတယ်။

    သမ္မတ ဦးသိန်းစိန်နဲ့ အပစ်အခတ်ရပ်စဲရေး အကြံပေးလုပ်နေတဲ့ ဦးဟန်ညောင်ရွှေရဲ့ သွားလေသူ မိခင်ကြီး မဟာဒေဝီစဝ်ဟိန်ခမ်းရဲ့ ကိုယ်တိုင်ရေး လက်ရေးစာထဲမှာ (၁ဝ) နှစ်ကြာလို့ အဆင်မပြေရင် တိုင်းရင်းသားများ ခွဲထွက်ခွင့် ရှိရေးကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ယုံကြည်မှု တည်ဆောက်တဲ့ လုပ်ရပ်အနေနဲ့ ထည့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    ဗိုလ်ချုပ်နဲ့ မွတ်စလင် ခေါင်းဆောင် ဆရာကြီး ဦးရာဇတ်အပါအဝင် တခြား အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးပြီးတာနဲ့ ဗိုလ်ချုပ်ရဲ့ ကတိစကားတွေကို သူ့အရိုက်အရာခံ ဗမာနိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင်တွေက သဲထဲ ရေသွန်သလိုလုပ်၊ ကျွန်တော်တို့ ဗမာတွေက ကတိမတည်၊ မရိုးသားခဲ့လို့ တိုင်းရင်းသား အားလုံး လက်နက်ကိုင် တော်လှန်ရေးတွေ မှိုလို ပေါက်ခဲ့ရခြင်း၊ ပြည်တွင်း စစ်မီး တောက်လောင်ခဲ့ရ၊ တောက်လောင်နေဆဲ ဖြစ်ပါတယ်။

    အလားတူစွာပဲ ရိုဟင်ဂျာလူမျိုး၊ လူ့အဖွဲ့အစည်း တပြုံလုံးကို လူမျိုး အမည်နာမက အစ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံသား အရေးကို မူဝါဒချ၊ ဗျူဟာမျိုးစုံ၊ ဥာဏ်နီ ဥာဏ်နက်မျိုးစုံနဲ့ အစိုးရ စစ်တပ် ခေါင်းဆောင်များ၊ ရခိုင် အမျိုးသား အစွန်းရောက် ဝါဒီများ ပူးပေါင်းပြီး လုပ်နေတာ ဆယ်စုနှစ် (၄) ခုထဲကို ရောက်လာပါပြီ။

    ဖယ်ဒရယ်မူနဲ့ အနှစ်သာရကို ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးမှ သူ့အရိုက်အရာခံ ခေါင်းဆောင်တွေက ဖျက်ဆီးခဲ့ပေမယ့် ရိုဟင်ဂျာလို တမြုံလုံး ဘဝပျက်၊ နာမဖျက် လုပ်ငန်းတွေကိုတော့ တချိန်က တပ်မတော်ရဲ့ မွေးစားဖခင်ကြီး ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင် လုပ်သွားတာပါ။ သူ့လက်နဲ့ ရေးခဲ့တာကို သူ့ခြေနဲ့ ဖျက်ခဲ့တာပါ။ အိမ်စောင့်အစိုးရ ဝန်ကြီး ချုပ်အနေနဲ့ရော ကာကွယ်ရေး ဝန်ကြီး အနေနဲ့ပါ ဗိုလ်ချုပ်ကြီးနေဝင်း မီးစိမ်းပြခဲ့လို့ တချိန်က သူ့ညာလက်ရုံးကြီးများ ဖြစ်တဲ့ ဒုဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီး၊ ဒုဗိုလ်မှူးကြီး ကျော်စိုး၊ ရခိုင်တပ်ပေါင်းစုမှူးချုပ် ဒုဗိုလ်မှူးကြီးရဲခေါင်နဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးအံ့ကြွယ် အပါအဝင် တပ်မတော်အရာရှိကြီးများ ကိုယ်တိုင် ၁၉၆၁ မှာ ရိုဟင်ဂျာ လက်နက်ကိုင်တွေ [မူဂျာဟင်ဒင်း (သို့) စစ်သူရဲကြီးများ] လက်နက်ချ၊ အလင်းဝင်ပြီး ပြည်ထောင်စု နိုင်ငံသားများ၊ သစ္စာခံများ အနေနဲ့ တင်းပြည့် ကျပ်ပြည့် တိုင်းရင်းသား နိုင်ငံသား အနေနဲ့ ရိုဟင်ဂျာလူမျိုးစု တခုလုံးကို အသိအမှတ်ပြုပေး၊ မြန်မာ့အသံမှာ မွန်၊ ရှမ်း၊ လားဟူ တိုင်းရင်းသား ဘာသာစကားတွေနဲ့ တန်းတူ၊ ရိုဟင်ဂျာဘာသာ အသံလွှင့်ခွင့်ပေး၊ မြန်မာ့စွယ်စုံကျမ်း (၁၉၆၄) မှာ တရားဝင်ပဲ မေယုခရိုင်ရဲ့ ဘူးသီးတောင်၊ မောင်တောမြို့ကြီး (၂) မြို့နဲ့ အနီး ပတ်ဝန်းကျင် ကျေးလက်ဒေသ အားလုံးဟာ သမိုင်းအကြောင်းအရာ၊ ယဉ်ကျေးမှုအရာ ရိုဟင်ဂျာ လူမျိုးများရဲ့ ဘိုးစဉ်ဘောင်ဆက် ဇာတိချက်မြှုပ် ပထဝီဝင် ဒေသကြီး ဖြစ်တယ်လို့ အသိအမှတ် ပြုပေးခဲ့ပါတယ်။

    ကျွန်တော့် အဖိုးလေး၊ ဗိုလ်မှူးအံ့ကြွယ် (ဇေယျကျော်ထင်၊ မော်ကွန်းဝင် ပထမအဆင့်) ကိုယ်တိုင် ၁၉၆၁ မှာ မေယုခရိုင်ရဲ့ ဒုတိယ အကြီးဆုံး စစ်အုပ်ချုပ်ရေးမှူး လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ တိုင်းရင်းသားပြုမှု၊ အမည်နာမကို လက်ခံအသိအမှတ်ပြုမှု၊ ရိုဟင်ဂျာတွေရဲ့ မူလဘူတ ချက်မြှုပ်ရာ ပထဝီဒေသ သတ်မှတ်ဖွဲ့စည်းပေးမှုတွေကို ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး ကိုယ်တိုင် သူသက်ရှိထင်ရှားရှိစဉ်က “ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး” အမည်အရင်းနဲ့ တိုင်းပြည်သိအောင် သမိုင်းလိမ်လို့မရအောင် ရေးသားဖော်ထုတ်ထားပြီး ဖြစ်ပါတယ်။

    ကျွန်တော့် အဖိုးလေး ဗိုလ်မှူးအံ့ကြွယ် (ကွယ်လွန်) ဆိုတာ တခြားသူ မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေရဲ့ အထက်အရာရှိ ဖြစ်ပြီး ဗမာ့သေနတ်ကိုင်တပ်ရင်း (၁) က ဗိုလ်မှူးချုပ်စိန်ဝင်း (ကွယ်လွန်) [တော်လှန်ရေးကောင်စီဝင် မဆလ ခေတ်ဦး ဝန်ကြီးချုပ်ရဲ့ တပည့်] ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ် တပ်မတော် ခေါင်းဆောင်ကြီးများ အမြော်အမြင်ကြီးစွာ၊ ရိုဟင်ဂျာသူပုန် ကိစ္စကို ဖြေရှင်းစဉ်ကာလ၊ ယခုလက်ရှိ ဦးသိန်းစိန် (DSA အပတ်စဉ် ၉) နဲ့ တပ်ချုပ်ကြီး မင်းအောင်လှိုင် (DSA အပတ်စဉ် ၁၉) ဟာ အထက်တန်းကျောင်း၊ မူလတန်းကျောင်းတွေ တက်တဲ့ အရွယ်ပဲ ရှိပါဦးမယ်။

    ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး ကိုယ်တိုင်ရေး ဆောင်းပါးထဲက သက်ဆိုင်တဲ့ ကောက်နှုတ်ချက်ကို တင်ပြပါရစေ။

    “စစ်ရုံးချုပ်အနေနဲ့ ယခု ယိုးဒယား နယ်စပ် ကိစ္စကို စစ်ရုံးချုပ်က အမြဲ ဂရုစိုက်သလို ဘူးသီးတောင်၊ မောင်တော ကိစ္စကို ဂရုစိုက်ခဲ့ ရပါသည်။ နောက်ပိုင်းတွင် မူဂျာဟစ်များ လက်နက်ချပါသည်။ ထိုလက်နက်ချပွဲတွင် ၎င်းတို့က ထိုနယ်သားများကို ခေါ်တောဟုလည်း မခေါ်ရန်၊ ဘင်္ဂလီဟုလည်း မခေါ်ရန်၊ စစ်တကောင်းကုလားများ ဟုလည်း မခေါ်ရန်၊ ရခိုင်မွတ်စလင် ဟူသော အမည်နာမကိုလည်း မလိုချင်၊ သူတို့ကို (ရိုဟင်ဂျာ) အရှေ့သားဟု အာရဗစ် စကားနှင့် အဓိပ္ပာယ်ရှိသော နာမည်ကို ခေါ်ရန် တင်ပြကြပါတယ်။ အုပ်ချုပ်ရေးရာတွင်လည်း ၎င်းတို့က အယူဝါဒအရ ဘာသာကို အစွဲမပြုဘဲ ဒေသကို အစွဲပြုသော ၎င်းတို့နာမည်ကို ရွေးချယ်တင်ပြရာ စစ်ဖက်ရုံးချုပ်မှ လူကြီးများ ဆွေးနွေးပြီး၊ ဥပမာ – မြန်မာပြည်တွင် မှီတင်းနေထိုင်၍ ရှေးယခင် အင်္ဂလိပ်တို့ အမည်ပေး ခေါ်ဝေါ်ခဲ့သော လဝ လူမျိုးကို ဝလူမျိုးဟု ခေါ်ဘိသကဲ့သို့ ကရင်နီဟု ခေါ်တွင်သော တောင်ပေါ် ကရင်လူမျိုးစုက ကယားလူမျိုးဟု ခေါ်ခြင်း၊ ယခင်က တလိုင်းဟု ခေါ်ကြသော ဝေါဟာရကို မွန်ဟု ပြောင်းခြင်းများကဲ့သို့ သဘောထား၍ ကိုးကန့်နယ်၊ ဝနယ်၊ မြစ်ကြီးနား၊ ပူတာအို၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်း၊ ကျိုင်းတုံ မြောက်ပိုင်း ဒေသတို့ စုပေါင်း၍ စစ်ရုံးချုပ်အောက်တွင် နယ်စပ်ဒေသ အုပ်ချုပ်ရေး တခု ဖွင့်လှစ်၍ နယ်စပ်ဖွံ့ဖြိုးမှု ကျယ်ပြန့်စွာ လုပ်ရေး အစီအစဉ်တွင် ဘူးသီးတောင်၊ မောင်တော ဒေသကို မေယုဒေသဟု သတ်မှတ်ပြီး၊ စစ်ရုံးမှ အုပ်ချုပ်ရန် တင်ပြပြီး၊ အစိုးရ ကက်ဘိနက်မှ လက်ခံသဖြင့် ဗိုလ်မှူးကြီးစောမြင့်ကို ထိုဒေသများ အုပ်ချုပ်ရေးမှူးချုပ် ခန့်အပ်ခဲ့ပါတယ်။ နာမည်ကိုလည်း ရခိုင်မွတ်စလင်အစား ရိုဟင်ဂျာသုံးခွင့်ပြုခဲ့ပါသည်။” [စာညွန်း။ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး “ကျွန်တော်ဖြေရှင်းခဲ့ရသော ရိုဟင်ဂျာ ပြဿနာ” – ကျွန်တော်သိသော ဘူးသီးတောင်၊ မောင်တော။ ပြည်ထောင်စု အမျိုးသားများ ဒီမိုကရေစီပါတီ (Union Nationals Democratic Party – UNDP) သတင်းလွှာ – ဖေဖော်ဝါရီလ ၁၉၉၂ စာမျက်နှာ ၈]

    DSA ပထမဦးဆုံး အပတ်စဉ်က ဗိုလ်ဖြစ်တဲ့ မောင်သောင်း၊ မောင်အောင်၊ ထွန်းကြည်၊ ဥာဏ်လင်း စတဲ့ အထင်ကရ အရာရှိကြီးများတောင် ၁၉၆၁ ခုနှစ်မှာ (၂) ဘားတင် ဗိုလ်နုနု ဘဝပဲ ရှိပါသေးတယ်။

    တပ်မတော် တခုလုံး၊ ကာကွယ်ရေးဝန်ကြီး ဌာနတခုလုံး၊ ဒုဦးစီးချုပ် အောင်ကြီးတို့ အပါအဝင် အရာရှိကြီးများ ငြိမ်းချမ်းစွာ ရိုဟင်ဂျာခေါင်းဆောင်များနဲ့ သဘောတူညီမှု တရားဝင်ရယူခဲ့တာတွေကို ၁၉၇ဝ ပြည့်နှစ် နောက်ပိုင်းမှာ ဦးနေဝင်းကြီး ကိုယ်တိုင် တရားပျက် ကတိပျက်လို့ ယနေ့ မျက်မှောက် ကမ္ဘာမှာ မြန်မာနိုင်ငံ အစိုးရနဲ့ ရခိုင်အမျိုးသားရေးဝါဒီတွေဟာ Genocide ခေါ် လူမျိုးစု အပြုံလိုက် ချေမှုန်းရေး၊ (သတ်တယ် အကြမ်းဖက်တယ် ဆိုတာ အမျိုးတုံး ချေမှုန်းရေး စီမံကိန်းရဲ့ ၅ ပုံ ၁ ပုံ သော အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ New Delhi တက္ကသိုလ်က ဆရာဟောင်း တဦးနဲ့ ကွယ်လွန်သူ ခင်ပွန်း Dr. Michael Aris ရဲ့ မိတ်ဆွေရင်း ဖြစ်တဲ့ စီးပွားရေး နိုဗယ်လ်ဆုရှင် ပါမောက္ခ Amartya Sen ကိုယ်တိုင်က ရိုဟင်ဂျာမုန်းတီးရေး စိတ်တွေ မြန်မာပြည်သူလူထုထဲ ပြန့်ပွားအောင် မြန်မာစစ်အစိုးရတွေ လုပ်ခဲ့တဲ့ သက်သေ သက္ကာယတွေရှိကြောင်း၊ လူမျိုးတခုကို အပြုံလိုက် ချေမှုန်းတယ်ဆိုတာ ဓားနဲ့ထိုး၊ သေနတ်နဲ့ ပစ်ရုံမက အစာငတ်၊ ရေငတ်၊ ဆေးဝါးဖြတ်၊ အလုပ်ဖြတ် စတဲ့ နည်းမျိုးစုံနဲ့ မျှင်းပြီး ချေမှုန်း သတ်ဖြတ်လို့ ရကြောင်း၊ မြန်မာပြည်မှာ ဒီနည်းတွေကို သုံးနေကြောင်း Nov. 2014 Harvard တက္ကသိုလ် ကွန်ဖရင့်မှာ ကမ္ဘာသိအောင် ရှင်းလင်းပြသွားပြီးသားပါ။

    ဒေါ်အောင်ဆန်းစုကြည်ကိုလည်း Harvard တက္ကသိုလ်လာလည်စဉ်ကာလ (၂ဝ၁၃ ခုနှစ်မှာ) ညစာစားရင်း ပညာရှိနည်းနဲ့ ရိုဟင်ဂျာများ ဒုက္ခ၊ သုက္ခရောက်တာ တိုင်းပြည်ခေါင်းဆောင် တဦးအနေနဲ့ လျစ်လျူရှုမထားဖို့ ပြောခဲ့ကြောင်း ပါမောက္ခ Sen က ကျွန်တော့်ကို ကိုယ်တိုင် ပြောခဲ့ဖူးပါတယ်။

    ဇွန် ၁၂ ရခိုင်ပြည် အကြမ်းဖက်မှုစပြီး ဥရောပ ပထမ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ILO (ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်) – သတင်းစာ ရှင်းလင်းပွဲမှာ ရိုဟင်ဂျာ နှိပ်ကွပ်မှုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ အမေးခံခဲ့ရတာလည်း မှတ်မိမှာပါ။ ဂျနီဗာမှာ သတင်းစာဆရာများက “ရိုဟင်ဂျာလူမျိုးတွေက ခင်ဗျားတို့ မြန်မာပြည်သားတွေ ဆိုတာ ဟုတ်ပါသလား ကစပြီး အဖြေရကျပ်တဲ့ မေးခွန်းတွေ မေးတဲ့နောက် ရခိုင်အမျိုးသားပါတီက တိမွေးကု ဆရာဝန် ဒေါက်တာအေးမောင် တို့ကလည်း ရိုဟင်ဂျာဆိုတဲ့ စကား ဒေါ်အောင်ဆန်းစုကြည် ပါးစပ်က ထွက်ရင် ရခိုင်တွေ NLD ကို လုံးဝ မထောက်ခံဘူးလို့ အကျပ်ကိုင်တာတွေ လုပ်လာတာကို ရသေ့တောင် ရခိုင် ကွန်ဖရင့်မှာ ဒေါက်တာအေးမောင် ကိုယ်တိုင် ရခိုင်ပြည်သူတွေကို ဗြောင်ဖွင့်ချ ပြီးသားပါ။ ဒီလို အခြေအနေတွေထဲမှာ အပြည်ပြည်ဆိုင်ရာ သတင်း၊ ဂျာနယ်လစ်တွေ မေးတဲ့ ရိုဟင်ဂျာနဲ့ ဆိုင်တဲ့ မေးခွန်းမှန်သမျှ ဒေါ်အောင်ဆန်းစုကြည် မသိဘူး ဘူးခံ၊ ဒါမှမဟုတ် ဝေ့လည်ကြောင်ပတ် လုပ်ခဲ့တာ မှတ်တမ်းတင် ကမ္ဘာသိပါ။

    ဒေါ်အောင်ဆန်းစုကြည်က LSE ခေါ် လန်ဒန်တက္ကသိုလ် စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံကျောင်းမှာ ဇွန်လ (၁၈)၊ ၂ဝ၁၂ တုန်းက Rule of Law ဟောပြော ဆွေးနွေးပွဲ ပါဝင်ခဲ့တာကိုလည်း မှတ်မိမယ်လို့ ယုံကြည်ပါတယ်။ ဗြိတိသျှအစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဌာနက ဒေါ်အောင်ဆန်းစုကြည် “Listening mode” (သို့) နားပဲထောင်ချင်တဲ့ အာသီသ ပြင်းပြပြီး သိပ်မပြောချင်ဘူးလို့ ဆွေးနွေးပွဲ ဥက္ကဋ္ဌ ကျွန်တော့်မိတ်ဆွေ ပါမောက္ခ Mary Kaldor ကိုကြိုတင်အကြောင်းကြားလို့ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ မေးခွန်းကို မင်းပဲဖြေပါလို့ ပရော်ဖက်ဆာ Kaldor က ကျွန်တော့်ကို ကြိုတင်တာဝန်ပေးထားခဲ့ပါတယ်။ နိုင်ငံရေး ခေါင်းဆောင်လည်း မဟုတ်၊ အစိုးရ တာဝန်ရှိသူတဦးလည်း မဟုတ်ပေမယ့် အပြည်ပြည်ဆိုင်ရာက စိုးရိမ်တကြီး စောင့်ကြည့်ပြီး ကျွန်တော်တို့ တတိုင်းပြည်လုံး တမျိုးသားလုံး အသရေပျက်စေပြီး ရိုဟင်ဂျာလူမျိုးစု တစုလုံး လူလုံးမလှ ဒုက္ခ သောင်းခြောက်ထောင် ရောက်ရတဲ့ ကိစ္စကို ကျွန်တော်ကိုယ်တိုင် ဥပဒေကြောင်းအရရော ဗုဒ္ဓဘာသာ အမြင် ရှုထောင့်ကပါ ပြောခဲ့တာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တွေ့မျက်မြင်ပါပဲ။

    ယနေ့ မြန်မာပြည်သူတွေထဲမှာ အမှန်တရားဆိုပြီး လက်ခံ ယုံကြည်နေကြတာက “ရိုဟင်ဂျာဆိုတာ လံကြုတ်ခိုးဝင် ဘင်္ဂါလီတွေ” တကယ့် သမိုင်းအမှန် အဖြစ်အပျက်အမှန်က ရှေးပဝေသဏီကတည်းက ကျွန်တော်တို့နိုင်ငံရဲ့ နယ်ခြားဒေသတိုင်းမှာ နေတဲ့ တိုင်းရင်းသား အားလုံးဟာ ကိုလိုနီခေတ်လွန်ကာလမှာမှ ပေါ်ပေါက်လာတဲ့ နိုင်ငံသစ်များထဲမှာ ဟိုဘက်ရော ဒီဘက်ရော တွေ့ရတဲ့၊ နေထိုင်တဲ့ လူမျိုးစုတွေ ဖြစ်ပါတယ်။ ဒါကို နယ်ခြားဒေသတွေမှာ ကိုယ်တွေ့ သွားရောက်နေထိုင် တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော် အရာရှိကြီးတွေ [ဥပမာ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး (ကွယ်လွန်)] က ၁၉၅ဝ – ၁၉၆ဝ ခုနှစ်ကတည်းက သဘောပေါက် နားလည်ခဲ့သလို မနုဿဗေဒ ပညာရှင်တွေ အားလုံးကလည်း ပညာရှင် သုတေသီများ အနေနဲ့ သုတေသန ကွင်းဆင်းလေ့လာမှု အပေါ် အခြေခံပြီး “နယ်နိမိတ် လူမျိုးစုများ” (Borderland Peoples) ကို လက်ခံ အသိအမှတ် ပြုထားပြီး ဖြစ်ပါတယ်။

    ဒီခိုးဝင်ဘဂါင်္လီများ ဆိုတဲ့ ပြည်သူ့အမြင် ဖန်တီးတာက တပ်မတော် ထောက်လှမ်းရေးနဲ့ နိုင်ငံတော် စစ်ခေါင်းဆောင်ကြီးတွေ ဖြစ်ပါတယ်။

    ၁၉၉၂ မှာ ထောင်ပြီး ၂၀၁၃ မှာမှ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ “နစက” အဖွဲ့ရဲ့ တည်ထောင်သူလည်းဖြစ်၊ အကြီးအကဲလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ကိုယ်တိုင်က မြန်မာနိုင်ငံ ကာကွယ်ရေး တက္ကသိုလ် (အဲဒီတုန်းကတော့ နိုင်ငံတော် ကာကွယ်ရေး ကောလိပ်ပေါ့) မှာ ၁၉၉ဝ အစောပိုင်းလောက်က ထိပ်တန်းလျှို့ဝှက် သတ်မှတ်တဲ့ ဟောပြောမှုမှာ “မြန်မာနိုင်ငံဘက်မှာ မွတ်စလင်ဘာသာဝင်များ” အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတာပဲ ရှိတယ်။ ဒါနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ဆက်ဆံရေး ခိုးလိုးခုလု ဖြစ်တယ်ဆိုတဲ့ အကြောင်း မျိုးဆက်သစ် စစ်ခေါင်းဆောင်တွေကို ရှင်းပြသွားခဲ့ပါတယ်။ [အညွန်း – (ဦးခင်ညွန့်နှင့် အင်တာဗျူး မြတ်ခိုင်) ဒုတိယအကြိမ် ဇန်န၀ါရီလ ၁၇၊ ၂ဝ၁၄၊ စာမျက်နှာ ၁၃၆]

    ဗိုလ်ချုပ်ကြီးခင်ညွန့် ကိုယ်တိုင် ဗိုလ်မှူးချုပ်အဆင့် တက်မယ့် စစ်ဗိုလ်တွေကို ပေးတဲ့ ထိပ်တန်းလျှို့ဝှက် လက်ခြာ (Lecture) ထဲမှာ ရခိုင်ဘက်က မွတ်စလင်ကုလားတွေ ဘင်္ဂလားပြည်ကို ထွက်ပြေးနေတယ်လို့ တိုးတိုးတိတ်တိတ်ပြော – ပြည်သူလူထုကြားထဲမှာတော့ ဘင်္ဂါလီတွေ အနောက်တံခါးကြီး ပေါက်လို့ အစုလိုက် အပြုံလိုက် ခိုးဝင်နေကြတယ် ဆိုပြီး သတင်းမမှန်လွှင့်၊ ဖောင်ကြီး ၀န်ထမ်း တက္ကသိုလ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ တပည့်များဖြစ်တဲ့ – ခုထိထောင်ကျနေဆဲ – တန်ပြန်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်မှူးချုပ်သန်းထွန်း (ဒေါ်စုရဲ့ contact ဟောင်း) နဲ့ ဝိုင်းတော်သားတွေက ဆရာ၊ ဆရာမများ၊ တခြား ဝန်ထမ်းများကို ဘင်္ဂါလီတွေ ဘယ်လိုခိုးဝင်နေကြောင်း မဟုတ်မမှန်သတင်းတွေ ရိုက်ထည့်ဆိုတော့ နှစ်ပေါင်းဆယ်စုနှစ် ကြာလာတဲ့ အခါမှာတော့ ရိုဟင်ဂျာအသံကြားရင် ခိုးဝင်ဘင်္ဂါလီလို့ လွယ်လွယ်ကူကူ လက်ခံကြတာပေါ့။ စစ်ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်က ရိုဟင်ဂျာမုန်းတီးရေး၊ ဆန့်ကျင်ရေးတွေကို စီမံကိန်းချပြီး လုပ်ခဲ့တာတွေ သက်သေ မှတ်တမ်းမှတ်တွေ တောင်လို ပုံလို့။

    ဦးနေဝင်းကြီး စစ်အာဏာရှင် အနေနဲ့ တိုင်းပြည်အုပ်ချုပ်ခဲ့တဲ့ (၂၆) နှစ် ကာလအတွင်းမှာ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိကဝတ် ပြုခဲ့တာတွေ၊ ပိုဆိုးတာက သူကိုယ်တိုင် ပါလီမန် ဒီမိုကရေစီ စနစ်နဲ့ နိုင်ငံတော်ရဲ့ မူလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို စစ်သားတဦး အနေနဲ့ ဘယ်လို ဦးထိပ်ထားပြီး ကာကွယ်မယ် ပြောခဲ့တာ၊ ဥပဒေနဲ့မူကို လက်ဖမိုးလို့ မှောက်ချီလှန်ချီ လုပ်ခဲ့တာ တတိုင်းပြည်လုံး သိပါတယ်။

    ဦးနေဝင်းကြီး အရိုက်အရာခံခဲ့တဲ့ ဦးသန်းရွှေ၊ ဦးမောင်အေး၊ ဦးခင်ညွန့်နဲ့ လက်ရှိ ဦးသိန်းစိန်၊ တပ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လည်း မှောက်ချီလှန်ချီ သစ္စာမတည်ဆိုတဲ့ အစဉ်အလာဆိုးကြီးနဲ့ ဆက်လက် ချီတက်နေကြလို့ ကျွန်တော်တို့ အမိမြန်မာပြည်ကြီးလည်း ကမောက်ကမတွေဖြစ်၊ တိုင်းရင်းသား ပြည်သူတွေကလည်း ဘဝတွေ ကစဉ့်ကလျား၊ ရိုဟင်ဂျာတွေလည်း လူမျိုးတမြုံတသိုက်ကြီး ဒုက္ခပင်လယ်ဝေ၊ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားတွေလည်း လယ်ပျက် ယာပျက် အလုပ်ပျက်၊ ဘဝပျက်။

    အဓိကကတော့ စစ်ရေး၊ နိုင်ငံရေး ခေါင်းဆောင်ကြီးများ အတ္တစိတ်တွေ၊ မောဟစိတ်တွေ ရှေ့ထား အမှန်တရားကို အမှားတရားလုပ် အမှားတရားကို အမှန်လို ရေငုံနှုတ်ပိတ် နေခဲ့ကြလို့ ကျွန်တော်တို့ တိုင်းပြည်ကြီး ဝေသာလီ ပြည်ပျက်ကြီးလို စစ်မီး၊ လူမျိုးမီး၊ ဘာသာမီးတွေနဲ့ လွတ်လပ်ရေး ရကတည်းက ဒုက္ခပေါင်းစုံ ပြဿနာပေါင်း သောင်းခြောက်ထောင် ကြုံခဲ့ ကြုံရဆဲ ဖြစ်နေတာပါ။

    ငြိမ်းချမ်းစွာ လုပ်ပိုင်ခွင့်၊ တာဝန်လွှဲပေးတာ တခုတည်းနဲ့ အမျိုးသားရေး ပြဿနာကြီး နှစ်ရပ် (၁) ပြည်တွင်း ကိုလိုနီစစ်နဲ့ (၂) ရိုဟင်ဂျာလူမျိုးတမြုံလုံး ချေမှုန်းမှု စီမံကိန်းကြီး ရပ်သွားဖို့ အလားအလာ မမြင်ပါ။

    နောက်ဆုံး အနေနဲ့ ပြောချင်တာကတော့ မြန်မာတွေရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ love of truth (အမှန်တရားကို ချစ်မြတ်နိုးခြင်း) ဆိုတဲ့ လူသား တန်ဖိုး စံနမူနာတခုလို သူ့သားသမီး သုံးယောက်လုံးကိုပါ အလွန်လိုက်နာ ကျင့်သုံးစေချင်ကြောင်း ရေးခဲ့ပြောခဲ့သလို လက်ရှိ စစ်ခေါင်းဆောင်များ ဗိုလ်လောင်းဘဝမှာ ဖတ်ခဲ့ရမယ့် စစ်တက္ကသိုလ်မှာ ပြဋ္ဌာန်းခဲ့တဲ့ “ဗိုလ်ချုပ်အောင်ဆန်း၏ အပြုအမူ၊ အကျင့်အကြံနှင့် အတွေးအခေါ်များ” ဆိုတဲ့ စာအုပ်အရ ဆိုရင်လည်း နောင် တခေတ်၏ အောင်စစ်သည်များဟာ အမှန်တရားကို ချစ်မြတ်နိုး၊ အမှန်တရားကို အခြေခံထားကျင့်တဲ့ လူကောင်းများ၊ နိုင်ငံခေါင်းဆောင်ကောင်းများ စစ်ရေးခေါင်းဆောင်ကောင်း များသာ ဖြစ်သင့်ပါတယ်။

    “ရိုဟင်ဂျာဆိုတာ မြန်မာပြည်မှာ မရှိ” ဆိုပြီး အမှန်တရားကို ပဲကြီးလှော်လောက်တောင် တန်ဖိုးမထားတဲ့ ခေါင်းဆောင်တွေ၊ ဗိုလ်ချုပ် ကတိက၀တ်ပေးခဲ့တဲ့ “ဗမာ တကျပ်၊ ရှမ်း တကျပ်” ဆိုတဲ့ တိုင်းရင်းသား အားလုံး သာတူညီမျှရေး မူဝါဒကို နှစ်နှစ်ကာကာ အယုံအကြည် မထားတာ၊ ဟန်ဆောင် ဖယ်ဒရယ်မူ အော်ကြတာမျိုးတွေဟာ သွားလေသူ ဗိုလ်ချုပ်ကို နေ့စဉ် တံတွေးနဲ့ထွေး၊ မျက်နှာအိုးမဲ သုတ်တာနဲ့ အတူတူပါပဲ။

    ဒီမိုကရစီ စနစ်၊ ဒီမိုကရေစီ နိုင်ငံတော်နဲ့ ဒီမိုကရေစီ လူ့ဘောင်သစ်ကို ကြွေးကြော်ပြီး ထူထောင်နေတဲ့ ကာလသစ်ကြီးမှာ နှစ်ပေါင်း ဆယ်စုနှစ်များစွာက အဘ-အဘများ အစဉ်ဆက်က ကျူးလွန်ခဲ့တဲ့ အမှားတရားများ၊ အမျိုးသား ဒုစရိုက်လုပ်ငန်းကြီးများ ဖြစ်တဲ့ ပြည်တွင်း ကိုလိုနီစနစ်နဲ့ စစ်ကိုသော်လည်းကောင်း၊ ရိုဟင်ဂျာ လူမျိုးစု အပြုံလိုက် ချေမှုန်းရေးကိုသော်လည်းကောင်း၊ ရပ်တန့်က ရပ်ကြဖို့၊ မြန်မာတဦး၊ ဗုဒ္ဓဘာသာဝင် တဦး တချိန်က တပ်မတော်ကို အလွန်လေးစား တပ်မတော် ခေါင်းဆောင်များကို အလွန်တန်ဖိုး ထားခဲ့ဖူးသူ တဦးအနေနဲ့ လူသိရှင်ကြား မေတ္တာရပ်ခံအပ်ပါတယ်။

    နောက်ဆုံးအနေနဲ ပြောရရင်တော့ ကျွန်တော်တို့ ဆွေမျိုးသားချင်း အားလုံးက အမိမြန်မာပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေးကို ကုန်းဘောင်ခေတ်၊ ပဒေသရာဇ် စနစ် လက်ထက်ကတည်းက ပါဝင်ပတ်သက်ခဲ့ကြတာပါ။

    အဖိုးလေး တယောက်ဖြစ်တဲ့ ဦးအံ့ကြွယ် (ကွယ်လွန်) က ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်ကို သူကိုယ်တိုင် တပ်ရင်းမှူး ဘ၀က ကမကထလုပ်ပြီး လက်ထပ်ပေးခဲ့သူ ဖြစ်သလို နောက် အဖိုးလေး တဦးဖြစ်တဲ့ ကွယ်လွန်သူ ဦးဇန်ရင် (ဝဏ္ဏကျော်ထင်) က ဒေါ်စု ဖခင်ကြီး ဗိုလ်ချုပ်ကို ကျောင်းသား ကိုအောင်ဆန်း ဘ၀ကတည်းက ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်မှာ အခန်းချင်းကပ်၊ အတူနေသူ သူငယ်ချင်းဖြစ်ပြီး ကိုအောင်ဆန်း အိပ်ရာထ နောက်ကျတိုင်း အဆောင်မှာ မျက်နှာသစ်စရာ ရေ မရှိတဲ့ နေ့တွေမှာ သူခင်တဲ့ လေးစားတဲ့ ကိုအောင်ဆန်းကို သူ့သောက်ရေအတွက် သိမ်းထားတဲ့ ရေတကောင်းထဲက ရေနဲ့ နေ့စဉ်လိုလို မျက်နှာသစ်၊ သန့်ရှင်းစေခဲ့တဲ့ သူငယ်ချင်းမျိုး ဖြစ်ပါတယ်။ မဆလခေတ် ကျောင်းသား၊ ကျောင်းသူတိုင်း နှုတ်တိုက်ကျက် ရွတ်ဆိုခဲ့တဲ့ “မောင်တို့ကြားကုန်လော့ …” နဲ့ စချီတဲ့ “ရှေးခေတ် ပုဂံပြည်” ဆိုတဲ့ ကဗျာကြီးကို နေသူရိန် ညီလာခံကြီး မှာ သံချိုအနေနဲ့ ဆိုရင်း မျိုးချစ်စိတ်၊ တော်လှန်ရေးစိတ် ပြန့်ပွားအောင် တတပ်တအား ပါဝင်လှုပ်ရှားခဲ့ဖူးသူ ဖြစ်ပါတယ်။

    ၁၉၈၈ ရှစ်လေးလုံး အရေးအခင်း မဖြစ်ခင် ကျွန်တော် အမေရိကန်ကို ပုဂ္ဂလိက ပညာတော်သင်ဆုနဲ့ ကျောင်းသွားတက်ဖို့ ထွက်သွားရင်းက ကိုယ့်တိုင်းပြည်ကြီး ဘယ်လောက် ချွတ်ခြုံကျပြီး ပြာပုံတိုးနေတာ မနေနိုင်လို့ နိုင်ငံရေးနဲ့ဝင်ပြီး ပတ်သက်နေတာပါ။ တပ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ သမ္မတ ဦးသိန်းစိန်လည်း – စရဖချုပ် ကိုမြထွန်းဦးတို့၊ သူ့ဆရာ ယခင် စရဖချုပ် ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေ (ရန်ကုန်တိုင်း ၀န်ကြီးချုပ်) တို့ကိုမေးပြီး ဒီဇာနည်ဆိုတာ ဘယ်လိုလူစားမျိုးလဲ ဆိုတာ မေးကြည့်ပါ။

    အမတ်ကြီး ဦးပေါ်ဦး သာဓက ပေးခဲ့သလို ခေါင်းဆောင်ကြီးများ အားလုံးဟာလည်း အနိစ္စ သဘောနဲ့ တနေ့မှာ လက်ချည်းဗလာ သွားကြမယ့်သူတွေပဲ ဖြစ်ပါတယ်။ လူ့ဘဝ ရတောင့်ရခဲ တိုတိုလေး အချိန်လေးမှာ အမှန်တရားကို အခြေခံတဲ့ ဒီမိုကရေစီ စနစ်၊ နိုင်ငံတော်နဲ့ လူ့ဘောင်သစ်ကြီးကို တည်ဆောက်ကြဖို့ အနူးအညွတ် တိုက်တွန်းအပ်ပါတယ်။

    ခေါင်းဆောင်ကြီး (၄) ဦးလုံး ကာယသုခ၊ စိတ္တသုခနဲ့ ပြည့်စုံပြီး ဘေးဘယာ အပေါင်း ဝေးကြပါစေ။

    စစ်ဒုက္ခခံ ကချင်၊ ရှမ်း၊ ပအိုဝ်း အပါအ၀င် တိုင်းရင်းသား အားလုံးနဲ့ ရိုဟင်ဂျာ လူမျိုးစုများလည်း နိုင်ငံတော်ရဲ့ ဒုက္ခပေးမှု၊ နှိပ်စက်မှု အဖုံဖုံမှ ကင်းဝေးကြပါစေ။

    ကျွန်တော်တို့ ဗမာ့ တပ်မတော်နဲ့ ဗမာပြည်သူတွေက ပြည်ထောင်စု နိုင်ငံကြီးဆိုပြီး ထူထောင်နေတာကို တိုင်းရင်းသား လူမျိုးတွေကတော့ သူတို့ကို ဗြိတိသျှတွေ နယ်ချဲ့သိမ်းပိုက်ခဲ့သလို မျိုး ကိုလိုနီလက်သစ်လုပ်တာလို့ မြင်ပါတယ်။

    ကျွန်တော်တို့ ဗမာတွေက အမျိုးသားနေ့၊ အမျိုးသားခေါင်းဆောင်ကြီးတွေ ဆိုပြီး ကိုယ့်ဘာသာသတ်မှတ် ဂုဏ်ပြုနေကြပေမယ့် တိုင်းရင်းသားတွေမှာလည်း သူတို့ကိုယ်တိုင်သတ်မှတ်ထားတဲ့ အမျိုးသားနေ့ရက်တွေ၊ ခေါင်းဆောင်တွေ ရှိပါတယ်။ ဒါတွေကို ခုထိ အသိအမှတ်ပြု မခံရဘဲ ဖိနှိပ်ချုပ်ချယ်တာတွေ လုပ်နေလို့ ကျွန်တော်တို့ မြန်မာပြည် လွတ်လပ်ရေးရတာ အနှစ် ၇ဝ ရှိတော့မယ်၊ ခုထိ ပြည်ထောင်စု တဝှမ်းလုံးက တိုင်းရင်းသားတွေနဲ့ ဘာသာပေါင်းစုံ ကိုးကွယ်သူတွေ နားလည် လက်ခံနိုင်မယ့် ပြည်ထောင်စုသား အားလုံးနဲ့ ဆိုင်တဲ့ ယုံကြည်ယူဆချက်၊ မျှဝေခံယူချက် ဆိုတာတွေ မရှိဘဲ မအေးချမ်းနိုင်တာတွေ ဖြစ်နေရတာလို့ ကျွန်တော် ယုံကြည်ပါတယ်။

    အဝေးရောက်မြန်မာပြည်သား

    မောင်ဇာနည် –

    ဒေါက်တာမောင်ဇာနည်၏ ကိုယ်ရေးအကျဉ်း
    MA (California)
    PhD (Wisconsin) Visiting Fellow (2011 – 13),
    Human Security and Civil Society Research Unit, Department of International Development, LSE (London School of Economics)

    **ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။

  • The Voice, The Hate Voice, or Non-Ethic Voice ? (The Voice မီဒီယာသို့ ပေးစာတစ်စောင်)

    The Voice, The Hate Voice, or Non-Ethic Voice ? (The Voice မီဒီယာသို့ ပေးစာတစ်စောင်)

    1

    ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၆ ရက် တနင်္ဂနွေနေ့ထုတ် The Voice Daily စာမျက်နှာ ၂၂ ပါ ကန့်ကွက်ရှုတ်ချဖွယ် ဘာသာပြန်ရေးသားချက် များနှင့် စပ်လျဉ်း၍ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားလိုက်ပါသည်။

    ပင်ကိုယ်ရေးသော်လည်းကောင်း၊ ဘာသာပြန်သော်လည်းကောင်း ဘာသာတရားတစ်ရပ်ရပ်နှင့်ပတ်သက်ပြီး ရေးသားဖော်ပြမည်ဆိုလျှင် သက်ဆိုင်ရာဘာသာတရား၏ အခြေခံအကြောင်းတရားများ၊ ဓလေ့ထုံးတမ်းများကို နည်းများမဟူ တီးမိခေါက်မိအောင် လေ့လာထား၊ ဖတ်ရှုထားသင့်ပါသည်။ သို့မဟုတ်ပါက မလိုလားအပ်သည့် ပြဿနာများ၊ အမုန်းတရားမီးပွားများ ထတောက်လာအောင် ဖန်တီးရာရောက်ပါသည်။

    အမေရိကန်နိုင်ငံထုတ် ကမ္ဘာကျော် National Geographic မဂ္ဂဇင်းကြီး၏ရေးသားဖော်ပြချက်များမှာ မီဒီယာကျင့်ဝတ်နှင့်ညီညွတ်ခြင်း၊ အကြောင်းအရာခိုင်မာခြင်း၊ အရေးအသားပြေပြစ်ညက်ညောခြင်း၊ အမှားအယွင်းနည်းပါးခြင်း စသည်တို့ကြောင့် ကမ္ဘာတလွှားတွင် သန်းပေါင်းများစွာသော ပရိသတ်ရှိနေပါသည်။ မည်သည့်အခါမျှ လက်လွတ်စပယ် ရေးသားဖော်ပြခြင်း မရှိသလို အကြိမ်ကြိမ်အဖန်ဖန် တည်းဖြတ်ပြီးမှသာ ပရိသတ်၏လက်ဝယ်သို့ ပို့ကြောင်း သိရှိရပါသည်။ ယခု လူကြီးမင်းတို့၏ The Voice သတင်းစာ အတွင်း ဘာသာပြန်ရေးသားဖော်ပြချက်များ၌ သာမန်မှားယွင်းမျိုး အဆင့်ထက်ကျော်လွန်ပြီး အတော်အတန် မဖွယ်မရာသော အချက်အချို့ကို တွေ့လိုက်ရပါသည်။ ၎င်းတို့အနက် မတော်တဆ မဟုတ်ပဲ တမင်ကြံစည်ထားသလားဟု အထင်ရောက်သွားနိုင်စေသည်များလည်း ပါဝင်နေပါသည်။

    အစ္စလာမ်ဘာသာရေး၏ ဝေါဟာရအသုံးအနှုန်းအများစုသည် အရဗီဘာသာစကား Arabic Language ဖြစ်နေသဖြင့် အရဗီစာပေနှင့် မရင်းနှီးသူများအဖို့ ရေးသားဖော်ပြရာတွင် လွဲချော်လေ့ရှိပါသည်။ အနီးစပ်ဆုံးအသံထွက်ဖြစ်နေခဲ့လျှင် မည်သူမဆို နားလည်ပေးလို့ရပါသည်။ ဥပမာ – (တမန်တော်) မိုဟာမက်၏ အသံထွက်နှင့်ဝေါဟာရအမှန်သည်  “မုဟမ္မဒ်” ဖြစ်ပါသည်။ အစ္စလာမ်သာသနာ၌ ကိုးကွယ်ရာအရှင်ကို Allah “အလ္လာဟ်” ဟုရေးပါသည်၊ အလ္လာ/အလာ မဟုတ်ပါ။

    အဆိုပါဂျာနယ် စာမျက်နှာ ၂၂ မှ (၆၁၀-၆၆၁ ခေါင်းစဉ်တပ်) ပထမဆုံးစာပိုဒ် စာကြောင်းရေ ၆ ၌ “၎င်းသေဆုံးချိန်တွင်” ဟု ရေးထားသည်။ လက်ရှိမြန်မာနိုင်ငံ အတွင်း ဘာသာရေးအရ ထိလွယ်ရှလွယ်ဖြစ်နေဆဲအခြေအနေကြောင့် အပြန်အလှန် လေးစားမှုအရ “ကွယ်လွန်သည်” ဟု ရေးသင့်ပါသည်။ မြန်မာစာတတ်သည့် အစ္စလာမ်ဘာသာဝင်များသည်ပင်လျှင် ရှင်တော်ဂေါတမဗုဒ္ဓမြတ်စွာ ဘုရားအား ဗုဒ္ဓဘာသာဝင်တို့၏ လေးမြတ်သောအသုံးအနှုန်းအတိုင်း “ပရိနိဗ္ဗာန်စံတော်မူသည်” ဟုသာ သုံးနှုန်းဖော်ပြလေ့ရှိကြောင်း တွေ့နိုင်ပါသည်။ ၎င်းစာကြောင်းမှာပင် “အန်မာ(အသိုင်းအ၀န်း)” ဟု ရေးသားပါသည်။ အသံထွက်အမှန်မှာ အွမ္မဟ် Ummah ဖြစ်ပြီး အဓိပ္ပာယ်မှာ လူ့အဖွဲ့အစည်း/ပြည်သူလူထု ဖြစ်ပါသည်။ (တမန်တော် ကွယ်လွန်ချိန်က မဒီနဟ်မြို့ပြ၌ မှီတင်းနေထိုင်နေကြသူများသည် အစ္စလာမ် ဘာသာဝင်တစ်မျိုးတည်း မဟုတ်ပါ။ ခရစ်ယာန်၊ ဂျူး/ရေ၀တီ၊ ဘာသာမဲ့၊ ရိုးရာကိုးကွယ်သူများအားလုံး စုစည်းညီညွတ်သင့်မြတ်စွာ နေထိုင်လျက်ရှိခဲ့ပါသည်။ လူမျိုးနွယ်စုံ အယူဝါဒစုံ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ၎င်းကို အွမ္မဟ် ဟုသာ ရည်ညွှန်းပြောဆိုသုံးနှုန်းခဲ့ကြသည်)။  ဤစာပိုဒ်၏နောက်ဆုံး ပိုင်းတွင် ရေးသားတင်ပြထားချက်က အစ္စလာမ်သာသနာနှင့် အစ္စလာမ်ဘာသာဝင်များ အားလုံး အပေါ် စော်ကားရာ ရောက်သွားစေပါသည်။

    “အနည်းစု (ရှီးယား)က အလ္လာ၏၀မ်းကွဲညီအစ်ကို အလီကို တရားဝင်ဆက်ခံသူအဖြစ် အသိအမှတ်ပြုသည်” ဟု ရေးသားထားသည် ကို တွေ့ရသည်။ အမှန်တကယ် ရေးသားရမည်မှာ “တမန်တော်၏၀မ်းကွဲညီအစ်ကို အလီ” ဟူ၍ ဖြစ်ရပါမည်။ အလီသည် တမန်တော် မုဟမ္မဒ်၏ ညီဝမ်းကွဲ ဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတစ်ပါးတည်း သန့်စင်စွာ တည်နေရှိသော ဖန်ဆင်းရှင်၊ ကိုးကွယ်အပ်ရာ အရှင်သခင်အဖြစ် အစ္စလာမ်ခေါင်းစဉ်အောက်မှ အုပ်စုတိုင်းရှိ အစ္စလာမ်ဘာသာဝင်များအားလုံး အပြင်းစားယုံကြည်ထားကြပါသည်။ အစ္စလာမ်သာသနာ၏ကျမ်းဂန် ကုရ်အာန်၌လည်း အောက်ပါကဲ့သို့ အတိအလင်း ဖော်ပြထားပါသည်။

    (အို – နဘီတမန်တော်) အသင်သည် ဤသို့ပြောကြားပါလေ။ (ထို) အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတစ်ပါးတည်း ဖြစ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်းမှ အကြွင်းမဲ့ကင်းရှင်းတော်မူသော – အရာအားလုံး၏ မှီခိုအားထားရာဖြစ်သော နိစ္စထာဝရအရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည် မဟုတ်။ မည်သူတစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းကိုလည်း ခံခဲ့ရတော်မူသည် မဟုတ်ပေ။ ထိုမှတပါး ထိုအရှင်မြတ်နှင့် ဂုဏ်ရည်တူသူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပါလေ။ ကုရ်အာန်(၁၁၂း၁-၄)

    ဤမျှအထိ ရိုးစင်းရှင်းလင်းစွာဖော်ပြထားချက်ကို ထောက်ချင့်ပြီး ဂျာနယ်ပါရေးသားချက်မှာ အစ္စလာမ်သာသနာဝင် အပေါင်း၏ ကိုးကွယ်ရာ အရှင့်ဂုဏ်ရည်အပေါ် လုံးလုံးလျားလျား ထိပါးစော်ကားရာရောက်နေကြောင်း သိမြင်ပါလိမ့်မည်။   စာစီစာရိုက်အမှား၊ ဘာသာပြန်စာလုံးကျန်ရစ်မှု စသည်တို့မှာလည်း ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါသည်။ ဤသည်ကို လျစ်လျူရှုလိုက်ပါလျှင် တည်ဆဲဥပဒေများအရ နိုင်ငံတော်အသိအမှတ်ပြု ဘာသာတရား၊ ဘာသာတရားဆိုင်ရာ ယုံကြည်ချက်များကို ထိခိုက်စေခြင်း၊ ဘာသာသာသနာ၏ဂုဏ်အင်သိက္ခာကို ညှိုးနွမ်းစေခြင်းတို့အား ကျူးလွန်လုပ်ဆောင်ရာရောက်သွားမည်ဖြစ်ပါသည်။ အကယ်၍ တမင်ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ ရိုးသားသော မှားယွတ်ချွတ်ချော်မှုဖြစ်ပါက လူကြီးမင်းတို့အနေဖြင့် လာမည့်ရက်တင် ထုတ်မည့် သတင်းစာတွင်  “အမှားအယွင်းပြင်ဆင်မှု” ကို အများမြင်သာအောင် တခုတ်တရ ဖော်ပြပေးရန် တာဝန်ရှိပါသည်။

    b

    တစ်ခါ ယင်းစာပိုဒ်၏အောက်တည့်တည့်ဓာတ်ပုံကိုလည်း “မိုဟာမိတ်၏ မွေးရပ်မြေ မက္ကာ” ဟု caption စာတန်းထိုးထားပြန်ပါသည်။ ဘာသာတရားတစ်ရပ်မှ ဦးသျှောင်လူသား၏အမည်နာမကို ဤမျှအထိ အရိုအသေတန်စွာ မရေးသားသင့်ပါ။ ထို့ပြင် ၎င်းပုံသည် မက္ကဟ်မြို့၏၀တ်ကျောင်းတော်ကြီးဖြစ်ကြောင်း တစ်ကမ္ဘာလုံး သိထားကြပါသည်။ အမှန်တကယ်ဖော်ပြသင့်သည်မှာ  “မိုဟာမက်၏ မွေးရပ်မြေ မက္ကာရှိ ဗလီဝတ်ကျောင်းတော်” ဖြစ်ရပါမည်။ ဗလီ သို့မဟုတ် ၀တ်ကျောင်းတော် ဟူသော စာသားကို တမင်ချန်ရစ်ထားသလားဟူသည်ကို ကာယကံရှင်များသာ အသိဆုံးဖြစ်ပါမည်။

    တဖန် (အစ္စလာမ် သမိုင်း) ခေါင်းစဉ်တပ်စာပိုဒ်ရှိ သက္ကရာဇ်စဉ် ဒုတိယစာကြောင်းတွင်လည်း “၆၃၂ မိုဟာမိတ် သေဆုံး” ဟုလည်းကောင်း၊ (အချိန်ပြမျဉ်း) ခေါင်းစဉ်တပ်စာပိုဒ် သက္ကရာဇ်စဉ် ပဉ္စမစာကြောင်းတွင်လည်း “၆၃၁ ဇွန် မဒီနာတွင် မိုဟာမက် သေဆုံး” ဟုလည်းကောင်း နောက်ထပ်နှစ်ကြိမ်တိုင်တိုင် မဖွယ်ရာလွန်းစွာ သုံးနှုန်းထားကြောင်း တွေ့ရပြန်ပါသည်။
    c
    သို့သာမကသေး ဤစာပိုဒ်နှင့်ဘေးချင်းယှဉ်လျက် တမန်တော် မုဟမ္မဒ်၏ ပုံကို ဖော်ပြလိုက်ခြင်းအပေါ် အလွန် အကျည်းတန်သော လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချလိုက်ရပါသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်အစ္စလာမ်ဘာသာဝင်မှ တမန်တော်မုဟမ္မဒ်အား ပုံတူရေးဆွဲသရုပ်ဖော်ခြင်းအမှုကို လက်သင့်မခံ၍ဖြစ်ပါသည်။ တမန်တော်ကိုယ်တိုင် သက်ရှိထင်ရှားရှိစဉ်က ယင်းသို့ဖြစ်မလာစေရန် အတွက် သက်ရှိရုပ်ပုံကားချပ်များရေးဆွဲခြင်းကို တားမြစ်တော်မူခဲ့ပါသည်။ ထပ်ဆင့်ဆိုရလျှင် သမိုင်းမှတ်တမ်းလာ တမန်တော်မုဟမ္မဒ် (ငြိမ်းချမ်းစေသား)၏ ရုပ်ရည်သွင်ပြင်လက္ခဏာများမှာ လက်ရှိကာလ၌ တွေ့နေရသည့် မှန်းဆပုံဖော်ချက်ပန်းချီရုပ်ပုံများနှင့် တက်တက်စင်အောင် မှားယွင်းလွဲချော်လျက်ရှိကြောင်း ဖြည့်စွက်အသိပေးလိုပါသည်။

    တမန်တော်၏ပုံတူ(ရုပ်ပုံ)ကို မှန်းဆရေးဆွဲမှုမှသည် ရုပ်ပြောင်အဆင့်အထိ စော်ကားရေးဆွဲခဲ့သဖြင့် ကမ္ဘာ့နေရာအများအပြားရှိ အစ္စလာမ် ဘာသာဝင်များ မည်သို့ တုန့်ပြန်ခဲ့ကြပုံကို ခေတ်နှင့် မျက်ခြေမပြတ်သော မီဒီယာသမား လူကြီးမင်းတို့အနေဖြင့် သိရှိထားကြပြီးဖြစ်ပါသည်။ ယုတ်စွအဆုံး လူကြီးမင်းတို့ ကိုးကားဘာသာပြန်သည့် စာအုပ်/စာစောင်များတွင် ဖော်ပြထားနေလင့်ကစား လူကြီးမင်းတို့အနေဖြင့် မီဒီယာသတိ၊ ဘာသာတရားဆိုင်ရာ ဗဟုသုတများ၊ နိုင်ငံရေး အကူးအပြောင်း အသိတရားများကို အခြေပြု၍ မဖော်ပြအပ်ပါကြောင်း အသိပေးပါသည်။

    အဆိုပါစာမျက်နှာ၏ထိပ်စည်းတွင်လည်း “အပတ်စဉ် တနင်္ဂနွေနေ့ တစ်ပတ်ခြား ပုံမှန်ဖော်ပြသွားမည်ဖြစ်သည်” ဟု အသိပေးကြေငြာ ထားပါသည်။ ဗွေဆော်ဦး ဘာသာပြန်ရေးသားဖော်ပြချက်မှာပင်လျှင် မဖွယ်ရာမှုများ ပါဝင်နေခြင်း၊ လူထုလက်သို့မပို့မီ အသေအချာ တည်းဖြတ်မှု မပြုခြင်းတို့ကို ထင်ထင်ရှားရှားတွေ့မြင်နေရပါသည်။ ဤအတိုင်းသာ ဆက်၍လွှတ်ထားပါလျှင် ရှေ့ဆက်စာစောင်များ၌ ဤသည်ထက် ဆိုးဝါးသော ပရမ်းပတာရေးသားဖော်ပြချက်များ ပါဝင်လာတော့မည်ဖြစ်ကြောင်း လူအများမှ ရိပ်စားနားလည်နိုင်ပါသည်။

    အကယ်၍များ လူကြီးမင်းတို့မှ သဘောရိုးဖြင့် message ပေး ရေးသားဖော်ပြလိုခြင်း မှန်ပါက အစ္စလာမ်သာသနာအကြောင်း အလျဉ်းမသိရှိသူ၊ မလေ့လာထားသူ၊ အပြန်အလှန်လေးစားတန်ဖိုးထားမှုကို ဂရုမစိုက်သူ၊ (အစ္စလာမ်သာသနာအပေါ် တစ်ဖက်သတ်အမြင်လွဲကြောက်မုန်းရောဂါ) Islamophobia ဝေဒနာသည်များဖြင့် စာတစ်ပုဒ်ဖြစ်ပြီးရော ရေးသားစေသည်ထက် (လူကြီးမင်းတို့ထံ၌ ယင်းသို့အရည်အသွေးပိုင်ရှင် မရှိပါကလည်း) ရေးပြီးစာမူများကို အစ္စလာမ့်ရေးရာနားလည်တတ်ကျွမ်းသူများထံ ဦးစွာပြသတိုင်ပင်ခြင်း၊ အသေအချာစိစစ်တည်းဖြတ်ခြင်းပြီးမှသာ ဖော်ပြသင့်ပါသည်။

    သတိမမူ ဂူမမြင်ခြင်းသာ ဖြစ်ပါစေဟု နှလုံးသွင်း၍ အသိပေးရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။ ခိုင်မာတည်ကြည်သော မီဒီယာကျင့်ဝတ်ကို စောင့်ထိန်းနိုင်ကြပါစေ။ ဘာသာတရားအချင်းချင်း၊ ဘာသာဝင်များအချင်းချင်း အပြန်အလှန် လေးစား နားလည်တတ်ကြပါစေ။ အမှန်တကယ် ပြောင်းလဲချိန်တန်ပြီ ဟု အမြင်ထားတတ်ကြပါစေ။

    ဂျူလိုင်ရဲရင့်
    ၇.၁၂.၂၀၁၅၊ တနင်္လာနေ့

  • “ဓမ္မစကူး-ဗုဒ္ဓဘာသာ ယဉ်ကျေး လိမ္မာသင်တန်း” များ တွင် ကလေးများ၏ နှလုံးသား အတွင်းသို့ အမုန်းတရား များ ရိုက်သွင်းနေမှု မလုပ်စေချင် (ပေးစာ)

    “ဓမ္မစကူး-ဗုဒ္ဓဘာသာ ယဉ်ကျေး လိမ္မာသင်တန်း” များ တွင် ကလေးများ၏ နှလုံးသား အတွင်းသို့ အမုန်းတရား များ ရိုက်သွင်းနေမှု မလုပ်စေချင် (ပေးစာ)

    ဇန်နဝါရီ ၁၃ ၊ ၂၀၁၄
    M-Media
    .ရွှေကရိတ် မောင်မောင် ပေးပို့သည်။
    47
    ကလေးသူငယ်များအား မိမိတို့ ကိုးကွယ်ရာ ဘာသာရေး အဆုံးအမများ ကိုသင်ကြားပေးခြင်း သရဏဂုံစွဲမြဲအောင် လေ့ကျင့်ပေးခြင်းတို့ သည် မွန်မြတ်ကောင်းမွန်သော လုပ်ငန်းများဖြစ်ပါသည်-

    သို့သော်-

    လိမ္မာယဉ်ကျေးသင်တန်း-ဟုအမည်ခံ၍ တိုင်းပြည်၏ အနာဂတ်ကို ပျက်စီးရာပျက်စီးကြောင်းကို ရည်ရွယ်ပြီး လူငယ်များ၏ရင်တွင်းအသည်းတွင်းသို့ အမုန်းတရားများ ရိုက်သွင်းပေးနေခြင်းသည် အလွန် အန္တရာယ်ကြီးသော လုပ်ရပ်ဖြစ်ပါသည်- အဆိုပါ လုပ်ငန်းကို မဘသအဖွဲ့နှင့် ကြံ့ခိုင်ရေးပါတီဝင် များက အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိပါသည်-

    ၁၁-၁-၂၀၁၅ ရက် တနင်္ဂနွေနေ့ နံနက် (၉)နာရီက ရမည်းသင်းမြို့တွင် ဓမ္မစကူး(ယဉ်ကျေးလိမ္မာသင်တန်း) ကျောင်းဆင်းပွဲ အခန်းအနားကျင်းပပြုလုပ်ခဲ့ပါသည်-

    အဆိုပါ အခန်းအနားသို့ ရမည်းသင်းမြို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကိုလည်း ဖိတ်ကြားတက် ရောက်စေခဲ့ပါသည်-

    ရမည်းသင်းမြို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှာ သမ္မတကြီးဦးသိန်းစိန်၏ ခမည်းခမက်ဖြစ်သူ သံအမတ် ကြီးဟောင်း ဦးစိန်ဝင်းအောင် ဥက္ကဌအဖြစ်ဆောင်ရွက်နေ သော မြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့၏ မြို့နယ်အဖွဲ့ခွဲဖြစ်ပါသည်-

    အဆိုပါအခန်းအနားတွင် ကြံခိုင်ရေးပါတီ၏ မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်ဝင်း (ပညာရေးမှူး/ငြိမ်း)မှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပါသည်-

    ထိုသို့ပြောကြားရာ၌ ဦးဇော်ဝင်းက ဓမ္မစကူး တက်ရောက်ခြင်း၏ အကျိုးကျေးဇူးကို သူ၏သားငယ် ကိုဥပမာပြ၍ ပြောသွားပါသည်-

    ဦးဇော်ဝင်းသည် သူ၏သားငယ်နှင့်အတူ မန္တလေးမြို့သို့ အလည်အပတ်သွားခိုက် လမ်းခရီး ကားခေတ္တ ရပ်နားစဉ် သားငယ်က မုန့်စားချင်သည်ဆို၍ မုန့်ဖိုးပေး မုန့်ဝယ်ခိုင်း သောအခါ မုန့်ဝယ်ထွက်သွားပြီးအပြန် သားငယ်လက်ထဲ မုန့်ပါမလာဘဲ ပိုက်ဆံသာပြန်ပါလာသဖြင့် သားငယ်အား မုန့်ဆိုင်မရှိဘူးလားမေးရာ- “မုန့်ဆိုင်က မုတ်ဆိတ်ကြီးနဲ့ ဘာသာခြားတွေဘဲတွေ့လို့ အားမပေးခဲ့ဘူး” ဟုဆိုကာ မုန့်ဖိုးပိုက်ဆံကို ဖခင်အား ပြန်ပေးသဖြင့်-ဦးဇော်ဝင်း အနေနှင့် သားဖြစ်သူအတွက် ဂုဏ်ယူရကြောင်း-

    ဤသည်မှာ ဓမ္မစကူး(ယဉ်ကျေးလိမ္မာသင်တန်း)တက် ရောက်ခဲ့သည့် အကျိုးကျေးဇူးပင်ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါသည်-

    ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင် ဘာသာခြားများ၏ ရှေ့မှောက်တွင် ရည်ရွယ်ချက်ရှိရှိပြောကြားခဲ့ခြင်းဖြစ်ပါ သည်-မည်သည့် ရည်ရွယ်ချက်ဆိုသည်ကိုတော့ မသိရပါ-

    အခန်းအနားသို့ တက်ရောက်ခဲ့သူ ဗုဒ္ဓဘာသာဝင်များ ကိုယ်တိုင်က ဦးဇော်ဝင်း၏ပြော စကားများအတွက် များစွာ စိတ်မချမ်းမမြေ့ဖြစ်နေကြကြောင်း-

    တည်ငြိမ်အေးချမ်းသည့် အခြေအနေတွင်သာ အားလုံး နေလိုကြပြီဖြစ်ကြောင်း-

    ယခုလို ပြောကြားမှုဟာ တည်ငြိမ်အေးချမ်းမှုကို အနှောက်အယှက်ပြုရာရောက်ကြောင်း-

    ကလေးငယ်များ၏ နှလုံးသား အတွင်းသို့ အမုန်းတရား များရိုက်သွင်းနေသည့် ဓမ္မစကူး၏ သင်ရိုးညွှန်းတမ်းများ ကို ပြန်လည်စီစစ် ပြင်ဆင်ရန် လိုအပ်နေပြီဖြစ်ကြောင်း-

    ဦးဇော်ဝင်းပြောကြားချက်များသည် ဓမ္မစကူးနှင့် ဗုဒ္ဓဘာ သာ၏ပုံရိပ်ကို အလွန်အမင်း အကျဉ်းတန်စေကြောင်း- ရမည်းသင်းမြို့ခံများမှ ပြောကြားခဲ့ကြပါသည်-

    မကြာမှီ ရောက်ရှိလာတော့မည့် နွေရာသီ အားလပ်ရက် များတွင် အနယ်နယ်အရပ်ရပ်၌ ဓမ္မစကူး(ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း)များ ဖွင့်လှစ်ကြတော့မည်ဖြစ် ပေသည်-

    ယခုလက်ရှိပုံစံဖြင့် ကလေးသူငယ်များကို လူမျိုးရေး ဘာသာရေးခွဲခြားမှု အမုန်းတရားများ ရိုက်သွင်းပေးနေပါ က ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြ သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ အနာဂတ်မှာ စိုးရိမ်ဖွယ်သာဖြစ်ပါကြောင်း-တင်ပြအပ်ပါသည်-။

    သရုပ်ဖော်ကာတွန်း- လဂွန်းအိန်

    —————————
    M-Media ပေးစာကဏ္ဍတွင် ဖော်ပြပေးစေလိုသူများ [email protected] သို့ စာမူများ ပေးပို့နိုင်ပါသည်။

  • ဘင်္ဂလား ပင်လယ်အော်ဆီက ကျောက်နီမော်ဆိုတဲ့ ရွာ (ပေးစာ)

    ဘင်္ဂလား ပင်လယ်အော်ဆီက ကျောက်နီမော်ဆိုတဲ့ ရွာ (ပေးစာ)

    ဇန်နဝါရီ ၅ ၊ ၂၀၁၅
    M-Media
    . ဦးအောင်ထွန်း ပေးပို့သည်။

    Kyauknimaw-MT
    Photo- Internet

    ယခုအခါမြန်မာနိုင်ငံတွင် သာမက ကမ္ဘာ အရပ်ရပ်၌ပင် လူသိ ထင်ရှားလာသော ကျောက်နီမော်။ အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ်မှ စတင်ကြီးထွားလာသော မြန်မာနိုင်ငံအရပ်ရပ်မှ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတို့၏ မြစ်ဖျားခံရာဟု ယိုးစွပ်ခြင်းခံရသည့် ရွာကလေး။ မပြေးသော် ကန်ရာရှိဆိုသလို ထိုရွာကလေးမှစတင်ခဲ့သော သာမန်လူမှုရေးပြစ်မှုတစ်ခုမှသည် မီးပွားသဖွယ် အနယ်နယ်သို့လွင့်စင်ကာ ရခိုင်ပြည်နယ် တစ်ခုလုံးသာမက ရခိုင်ရိုးမကိုကျော် ၍ မြေပြန့်ဒေသ၊ တောင်ပေါ်ဒေသ အနှံ့အပြားသို့တိုင် အဖျက် မီးတောက်များ ကျယ်ပြန့်ခဲ့၏။

    သမ္မတမှသည် သာမန် လဘက်ရည်ဆိုင် ထိုင်ဝိုင်းအထိ ထိုပဋိပက္ခများနှင့် စပ်လျဉ်း၍ ““ ကျောက်နီမော်မှ စခဲ့သည်”” ဟု ယနေ့ထိ ကိုးကားပြောဆိုနေကြသည့်တိုင် ထို ပဋိပက္ခများကို ကျောက်နီမော် ရွာသားများက မြန်မာ ပြည် အရပ်ရပ်တွင် ဖန်တီးနေခြင်းကား မဟုတ်ပေ။ တဖြည်း ဖြည်းချင်း ဆိုသလို အစိုးရအဆက်ဆက်၊  ခေတ်အဆက် ဆက် ရှိနေခဲ့သည့် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ လူမှုရေး မကြေလည်မှုများသည် အနည်းငယ်ပွင့်လင်း လာသည့်အချိန် အရှိန်အဟုန်ဖြင့် တောက်လျောက်ရန် တာစူနေချိန်တွင် ကျောက်နီမော် ကိစ္စသည် အချိန် ကိုက်ပေါ်ထွက် လာသဖြင့် လောင်စာအပေါ် မီးကျသကဲ့သို့ ဖြစ်ခဲ့ရခြင်းသာဖြစ်သည်။

    ထို ပဋိပက္ခများ၏ နောက်ဆက်တွဲ ရလဒ်အဖြစ် ပေါ်ပေါက်ခဲ့သော အမုန်းတရားများ၊ မယုံသင်္ကာမှုများ၊ ရန်လိုမှုများ၏ လက်ညှိုးပေါင်းထောင်သောင်း၊ မျက်လုံးပေါင်း အသင်္ချေကြားတွင် အခြားသော အစ္စလာမ် ဘာသာဝင်များထက် ကျောက်နီမော် ရွာသားများ အနေခက် ခဲ့ရသည်ဟုဆိုလျှင် လွန်အံ့ မထင်ပေ။ အဆိုပါ ပဋိပက္ခများနှင့် အတူ ရခိုင်ပြည်နယ်မြောက်ပိုင်း မှ““ရိုဟင်ဂျာ”” ပြသနာသည် လည်း ကမ္ဘာသိဖြစ်ခဲ့ရာ ရိုဟင်ဂျာဆိုသူတို့အား ““ဘင်္ဂါလီ””ဟု ကင်ပွန်းတပ်ခြင်းဖြင့် ပြည်တွင်းမှ ပြန်လည် တုန့်ပြန်ခဲ့ကြ၏။ ယင်းသို့ဖြင့် ““ရိုဟင်ဂျာ””လော၊ ““ဘင်္ဂါလီ”” လောဟူသော ပုစ္ဆာတွင်အဖြေမှန်ကိုဖေါ်ထုတ်ရန်ထက် အမြတ်ထုတ်ရန်ကိုသာ အားသန်နေကြပြန်၏။ ယင်းအထဲတွင် ပဲလှော်ကြားဆားညပ် ခံရသူများမှာ ကျောက်နီမော်ရွာသား အစ္စလာမ်ဘာသာဝင်များပင်ဖြစ်သည်။

    ဆိုရလျှင်၊ ကျောက်နီမော်သား အစ္စလာမ်ဘာသာဝင်များသည် မည်သည့်အခါကမျှ မိမိတို့ကိုယ်ကို ““ရိုဟင်ဂျာ””ဟု ခံယူ ခဲ့သည်မရှိပေ။ ရခိုင်မွတ်စလင်ဟု ခံယူသူများ၊ ကမန်ဟုခံယူသူများသာဖြစ်သည်။ သို့ပါလျှက် ယခုအခါ ““ရိုဟင်ဂျာ””နှင့်ရော ကာ ကျောက်နီမော်သား အစ္စလာမ်ဘာသာဝင်များအား ““ဘင်္ဂါလီ””ဟု ယိုးစွပ်  လာကြသောအခါ မဆိုင်သည့် ပြသနာထဲသို့ ဆွဲသွင်းသည်ဟု ခံစားရ၏။ ထိုအခါ ရှင်းသင့်သည်ကို ရှင်းရန်လိုလာ၏။ မရှင်းဘဲ ကြာရှည်ထားပါက အမှားကြာလျှင် အမှန်ဖြစ်ဆိုသကဲ့သို့ဖြစ်ကာ သားစဉ်မြေးဆက် နစ်နာရန်ရှိသဖြင့် ယခုကဲ့သို့ ရှင်းလင်းရခြင်းဖြစ်ပါသည်။

    ကျောက်နီမော်ကျေးရွာသည် ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ ရမ်းဗြဲကျွန်း၏ တောင်ဘက်ယွန်းယွန်း တွင်တည်ရှိပြီး အုပ်ချုပ်ရေး အရဆိုသော် ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်တွင် ပါဝင်ပါသည်။ ကျောက်နီမော် ကျေးရွာအုပ်စုတွင် တိုက်နယ်အဆင့် ဆေးရုံတစ်ရုံ၊ အထက် တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်း ကျောင်းခွဲတစ်ကျောင်း၊ မူလတန်းကျောင်း (၂)ကျောင်း၊ ရဲစခန်းတို့ရှိပြီး ကျေးရွာ အုပ်စုတစ်ခုလုံးတွင် အိမ်ခြေ (၁၆၀၀)ခန့် ရှိ၍ လူဦးရေ အားဖြင့်(၈၈၀၀) ဦးခန့်ရှိသည့် ကျေးရွာကြီး တစ်ရွာဖြစ်ပါသည်။ ကျေးရွာအုပ်စု အတွင်းတွင် ကျောက်နီမော် ရွာမှ အပ ကျန်ရွာ(၃၂)ရွာတို့မှာ ဗုဒ္ဓဘာသာရွာများဖြစ်ပြီး၊ ကျောက်နီမော် တစ်ရွာတည်းသာ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ ရွာဖြစ်ပါသည်။

    ကျောက်နီမော်ရွာသား အစ္စလာမ်ဘာသာဝင်တို့သည် ၀တ်စားဆင်ယင်မှုအရ ပတ်ဝန်းကျင်ရှိ အခြား တိုင်းရင်းသားများနှင့် မခြားနားပေ။ ပညာရေးကိုအားပေးကြသဖြင့် ခေတ်ပညာရော၊ ဘာသာရေးပညာကိုပါ လေ့လာ လိုက်စားကြသည်။ ပျမ်းမျှအားဖြင့် တစ်အိမ်ထောင် တစ်ယောက်နှုန်းခန့် ဘွဲ့ရပညာတတ်များရှိကာ ထိုအထဲမှ ပညာရေး ၀န်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ ဥပဒေပညာရှင်များ၊ ကိုယ်ပိုင်လုပ်ငန်းရှင်များ ရှိနေပါသည်။ ကျောက်နီမော်ရွာတွင် အစဉ်အလာအရ ရေ လုပ်ငန်းလုပ်သူများ လည်းရှိရာ ကျောက်နီမော် ရွာသားများသည် ၀န်ထမ်းများ၊ လုပ်ငန်းရှင်များ အနေဖြင့်ဖြစ်စေ၊ ကုန်သည်များအနေဖြင့်ဖြစ်စေ အရောင်းအ၀ယ်ကိစ္စ၊ ရုံးကိစ္စ၊ သာရေး၊နာရေး ကိစ္စများဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲစသည့် ရခိုင်ပြည်နယ် မြို့ကြီး၊မြို့ငယ်များသို့ ဥဒဟိုဝင် ထွက်သွား လာခဲ့ကြသည်မှာ ခေတ်အဆက်ဆက်မှသည် ယနေ့ထက်တိုင်ဖြစ်၏။ ယင်းမြို့ကြီးမြို့ငယ်များ တွင်လည်း ကျောက်နီမော် ရွာသားတို့၏ သားချင်းများ၊ စီးပွားဘက်များ၊ ကျောင်းနေဘက်များ၊ ဆရာသမားများ၊ တပည့် သားမြေးများ ရှိနေခဲ့သည်သာဖြစ်၏။

    ထိုသို့ခေတ်အဆက်ဆက် လွတ်လပ်စွာသွားလာခဲ့သော ကျောက်နီမော်ရွာသားများမှာ န၀တ-ခေတ်နှောင်းပိုင်းတွင် ရခိုင်ပြည်နယ်ရှိ အခြားသော အစ္စလာမ်ဘာသာဝင်များနည်းတူ ခရီးသွားလာခွင့် ကန့်သတ်ခြင်းကို ခံခဲ့ရပါသည်။ ယင်းနှင့် တစ်ဆက်တည်း တွင် ကျောက်နီမော် ရွာသားများအား နိုင်ငံသားကိစ္စဖြင့် သံသယ၀င်ကာ ခွဲခြားဆက်ဆံခြင်းကိုလည်း ခံရပြန်ပါသည်။ အမှန်စင်စစ် ကျောက်နီမော်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဆက်ဆံ ခြင်း၊ ရောနှောခြင်း၊ ပတ်သက်ခြင်းများကင်းလျှက် သီးခြားရပ်တည်ခဲ့သော ကျေးရွာဖြစ်ပါသည်။

    အစ္စလာမ်ဘာသာကိုးကွယ်ယုံကြည်ရုံမျှဖြင့် ဤသို့ခွဲခြားဆက်ဆံခံရသည်သာမက ယခုနောက်ဆုံး လက်ရှိအစိုးရလက်ထက် ပဋိပက္ခများတွင် ““ရိုဟင်ဂျာ””နှင့်ရောနှောကာ ““ဘင်္ဂါလီ””ဟု ကင်ပွန်းတပ်၍ နှိမ့်ချစော်ကား၊ ရန်လိုမှုများကိုပါ ခံလာရ သဖြင့် ကျောက်နီမော် ရွာသား တစ်ဦး အနေဖြင့် လက်လှမ်းတမီ လေ့လာသိရှိရသော ကျောက်နီမော်ရွာ၏ သမိုင်းကို အနည်းငယ်တင်ပြအပ်ပါသည်။

    ““ကျောက်နီမော်””ဟူသည့် ဘင်္ဂလား ပင်လယ်အော်ထဲမှ ကျေးရွာငယ်လေးသည် မနေ့တနေ့က ပေါ်ပေါက်လာခဲ့ခြင်း မဟုတ်ဘဲ နှစ်ပေါင်း ရာချီ သက်တမ်းရှိသည့် ရှေးဟောင်း တံငါ ရွာကလေး တစ်ရွာဖြစ်၏။ သမိုင်း စာပေအထောက်အထားအရဆိုသော် ကာကွယ်ရေး ၀န်ကြီး ဌာနမှ ၁၉၉၇-ခုနှစ်တွင် ထုတ်ဝေခဲ့သော ““သာသနာရောင်ဝါ ထွန်းစေဖို့”” စာအုပ်၊ စာမျက်နှာ (၆၆)တွင် ဖေါ်ပြချက် အရ၊ ခရစ်သက္ကရာဇ် အေဒီ(၇)ရာစုမှ စ၍ အရှေ့ အလယ်ပိုင်းဒေသ အာရဗ်၊ အီရန် စသည့်နိုင်ငံများမှ မာလာယု ကျွန်းဆွယ်(မလေးရှား)နှင့် အရှေ့အိန္ဒိယ ကျွန်းစု (အင်ဒိုနီးရှား)သို့ ကုန်သွယ်ရေကြောင်း ခရီးနှင်ခဲ့ကြသည့် သင်္ဘောများသည် ရခိုင် ကမ်းရိုးတန်းကို ဖြတ်သန်းရာမှ မုန်တိုင်းမိ၍ သင်္ဘော ပျက်သည့်ဖြစ်စဉ်များ ရှိခဲ့ရာ ရမ်းဗြဲကျွန်းအနီးတွင်လည်း သင်္ဘောများစွာ အကြိမ်ကြိမ် ပျက်ခဲ့သဖြင့် သင်္ဘောသား အစ္စလာမ် ဘာသာဝင်များသည်လည်း ထိုအရပ်တွင်ပင် အခြေချ နေထိုင်ခဲ့ကြောင်း သမိုင်းကျမ်းစာ အစောင်စောင်ကို ကိုးကား၍ဖေါ်ပြထားပါသည်။ ရမ်းဗြဲကျွန်း အနီး အာရဗ် သင်္ဘောများ ပျက်သည့်အရပ်မှာ ““လေးတောင်””ဟူသည့် အရပ်ဖြစ်ကြောင်း အရပ်ရာဇ၀င်၊ ပါးစပ်ရာဇ၀င်များအရ သိရ၏။ ကျောက်နီမော်၏ မူလရွာ ဖြစ်သည့် ““ကျောက်ထရံ”” ရွာ(ယခုတိုင်ရှိသေးသည်)မှ ရှေးလူကြီးများဆို စကားအရ လေးတောင်ဘက်မှ ပြောင်းခဲ့သည့် ရွာဟုဆိုထားရာ ကျောက်နီမော် ရွာသည် သင်္ဘောပျက် အာရဗ်များနှင့် ဆက်စပ်နေကြောင်းသိနိုင်ပါသည်။

    နောက်ပိုင်းတွင် ရခိုင်ဘုရင်များက ၎င်းတို့ထံ အမှုထမ်းခဲ့သည့် ကမန်လေးသည်တော်များအား လုပ်မြေ၊ လယ်မြေများ ပေး၍ နေရာ ချထားခဲ့သည်များ ရှိခဲ့ရာ ဓည၀တီတောင်ကျောင်း ဆရာတော်အပါအ၀င် ပုဂ္ဂလိက သုတေသီများ၏ ဖေါ်ပြချက်များအရ ကမန်များအား ရမ်းဗြဲ (ရမ္မာဝတီ) အပိုင်းတွင်လည်း နေရာချထားခဲ့ကြောင်း သိရှိရပါ သည်။ ကျောက်နီမော်ရွာသို့ ရှေးကရောက်နှင့် သူများနှင့် နောက်မှရောက်လာ သူများ အချင်း ချင်း သွေးနှောကြခြင်းများ ရှိမည်မှာလည်း ဧကန်သာဖြစ်၏။

    ဤသမိုင်းများ၏ ခိုင်မာမှုကို ကျောက်နီမော်ရွာအနီးအနားရှိ နှစ်ပေါင်းရာပေါင်းများစွာ သက်တမ်းရှိ သည့် ဗလီဝတ်ကျောင်း တော်များ၊ အုတ်ဂူသင်္ချီုင်းများက ထောက်ခံနေပါသည်။ ကျောက်ထရံရွာတွင် နှစ်ပေါင်း(၈၀၀) ခန့် သက်တမ်းရှိသည့် ဗလီကြီးနှင့် ဗလီချေတို့ ယခုအချိန်ထိ ရှိနေခြင်း၊ ကျောက်နီမော် ရွာမှ သက်တမ်းနှစ်(၂၀၀)ကျော် ခန့်ရှိသည့် မကျည်းတော ဗလီ၊ ကျောက်နီမော်နှင့် ကျောက်ထံရံ ရွာ နှစ်ရွာကြား ရှိ သင်္ချီုင်းတောင်မှ အရှည် တစ်တောင်ခန့်၊ အထူ လက်လေးသစ်ခန့်ရှိသည့် ယနေ့ခေတ် အုတ်ချပ်များထက် များစွာကြီးသော အုတ်များဖြင့် ပြုလုပ်ခဲ့သည့် ရှေးသူတော်စင်ဟု ယူဆရသူတို့၏ သင်္ချီုင်းဂူများက ကျောက်နီမော်ရွာ၏ သက်တမ်းကြာမြင့်မှုကို တစ်စွန်းတစ်စဖေါ်ပြနေပေသည်။

    ထိုသမိုင်းကြောင်းနှင့် ရုပ်ဝတ္ထု အထောက်အထားများအရ ကျောက်နီမော်ရွာ၏ သက်တမ်းသည် မြန်မာဘုရင် ဘကြီးတော်ဘုရား လက်ထက် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ(၁၈၂၄-ခုနှစ်) ထက်စောသည်သာမက ဘိုးတော်ဘုရားရခိုင်ပြည်ကို တိုက်ခိုက်သိမ်းပိုက်သည့် (၁၈၇၁-ခုနှစ်) ထက်လည်း ရှေးကျနေသည်ကို တွေ့ရမည် ဖြစ်သည်။

    ဤသို့ ရှေးနှစ်ပေါင်း ရာထောင်ချီ၍ သက်တမ်းရှိခဲ့ပြီဖြစ်ကာ၊ ရခိုင်ဘုရင်၊မြန်မာဘုရင်၊ အင်္ဂလိပ် နယ်ချဲ့ခေတ်များတွင် ပတ်ဝန်းကျင်ကျေးရွာ များမှ ညီနောင် တိုင်းရင်းသားများနှင့် ညီအစ်ကို၊ သားအမိဖွဲ့၍ ဆွေမျိုးရင်းချာပမာ နေခဲ့ကြသော၊ မည်သည့် အတားအဆီးမျှ မရှိဘဲ လွတ်လပ်စွာဖြင့် စီးပွားဥစ္စာ၊ ပညာရှာခဲ့ကြသည့် ကျောက်နီမော်ရွာသား အစ္စလာမ် ဘာသာဝင်များသည် ယခုကဲ့သို့ ဒီမိုကရေစီဖေါ်ဆောင်နေသည့် ကောင်းမွန်သော အုပ်ချုပ်ရေးကို ဖေါ်ဆောင်နေသည့် ခေတ်တွင်မှ အကန့်အသတ်များ၊ ခွဲခြားဆက်ဆံခံရမှုများ၊ မမှန်မကန်စွပ်စွဲခံရမှု များဖြင့် ပဋိပက္ခတို့၏ သားကောင်ဖြစ်ရသည်မှာ များစွာဝမ်းနည်းစရာကောင်းလှပေသည်။

    သို့ဖြစ်၍ တာဝန်ရှိဒေသအာဏာပိုင်များ၊ အေးချမ်းသာယာမှုနှင့် အမှန်တရားကိုမြတ်နိုးကြသည့် ညီနောင်ရခိုင် တိုင်းရင်းသားများ စောင့်ကြည့်လေ့လာသူများ အနေဖြင့် ကျောက်နီမော်ရွာသား အစ္စလာမ်ဘာသာဝင် တို့အား စာနာထောက် ထားစွာဖြင့် ရှေးယခင်ကကဲ့သို့ ပွင့်လင်းရင်းနှီး သံသယကင်းစွာ ဆက်ဆံကြစေလိုကြောင်း မေတ္တာရှေ့ထား၍ တင်ပြအပ်ပါသည်။

    ** M-Media သို့ စာရေးသူ ဦးအောင်ထွန်း ပေးပို့လာသည့် ဆောင်းပါးဖြစ်ပါသည်။

    —————————
    M-Media ပေးစာကဏ္ဍတွင် ဖော်ပြပေးစေလိုသူများ [email protected] သို့ စာမူများ ပေးပို့နိုင်ပါသည်။

    အမှားပြင်ဆင်ချက်
    =========
    ဘိုးတော်ဘုရားရခိုင်ပြည်ကို တိုက်ခိုက်သိမ်းပိုက်သည့် (၁၇၈၁-ခုနှစ်)  ဟုပြင်ဆင်ဖတ်ရှုပေးပါရန်။