News @ M-Media
Category: ပေးစာ/ပြန်စာကဏ္ဍ
  • Peace and Justice-Building Network မှ သမ္မတဦးသိန်းစိန် ထံသို့စာပေးပို
    ဧပြီ ၄ ရက်၊ ၂၀၁၃
    M-Media
    မြန်မာနိုင်ငံမြို့များ၊ ရွာများတွင် ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် သွေးထိုး လှုံဆော်၍ နောက်ကွယ်မှ ကြိုးကိုင်နေသူများကို စုံစမ်းစစ်ဆေး အရေးယူပေးရန်အတွက် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တည်ဆောက်ရေး ကွန်ရက်မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့က စာပေးပို့ခဲ့ကြောင်းသိရပါသည်။ စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
    သို့
    ဦးသိန်းစိန်
    နိုင်ငံတော်သမ္မတ
    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ
    နေပြည်တော်။
    ရက်စွဲ။ ။၂၀၁၃ခုနှစ်၊ ဧပြီလ (၁)ရက်။
    အကြောင်းအရာ။ ။မြန်မာနိုင်ငံမြို့များ၊ ရွာများတွင် ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်၍ နောက်ကွယ်မှ ကြိုးကိုင်နေသူများအား စုံစမ်းစစ်ဆေး အရေးယူပေးပါရန်။
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ကြလျက်ရှိရာ၊ နိုင်ငံသားများအတွက် တရားမျှတမှု၊ သာတူညီမျှမှု၊ တရားဥပဒေစိုးမိုးရေးတို့ကို ဦးတည်၍““ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တည်ဆောက်ရေးကွန်ရက်”” (Peace and Justice-Building Network) အမည်ဖြင့်၊ (၂၇-၃-၂၀၁၃)ရက်နေ့က ဖွဲ့စည်းခဲ့ပါသည်။
    ရခိုင်ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်များတွင် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှု များရှိလာခဲ့ပြီး၊ ရန်ကုန်မြို့၊ လှိုင်သာယာနှင့် သာကေတမြို့နယ်များတွင် ဆက်လက်ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၃ခုနှစ်၊ မတ်လ (၂၀)ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့ရှိဗလီများကို ဖျက်စီး၊ ဘာသာရေး စာသင်ကျောင်းများကို ဖျက်၊ နေအိမ်များကို မီးရှို့၊ ဈေးဆိုင်များကိုလုယက်၊ လူများကိုသတ်ဖြတ်သော အကြမ်းဖက်ဖြစ်ရပ်များ ၀မ်းနည်းကြေကွဲဖွယ်ရာဖြစ်ပွားခဲ့ပါသည်။ လူအသေအပျောက်များရှိခဲ့ပြီး၊ လူတစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ အတိဒုက္ခရောက်လျက်ရှိပါသည်။
    ထိုမှဆက်၍ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှ၊ နတ္တ လင်း၊ ဇီးကုန်းမြို့များရှိ ဗလီများကို ဖျက်စီး လူသတ်အကြမ်းဖက် လုယက်ခဲ့ကြပါသည်။ကြို့ပင်ကောက်မြို့တွင် ဗလီ(၁)လုံးကို ဘူဒိုဇာဖြင့် ဖျက်စီးခဲ့ကြပါသည်။
    ရန်ကုန်မြို့၌ပင် ကျီးလန့်စာစား အခြေအနေသို့ ရောက်ရှိလာပြီး လူအများ၏နေ့စဉ်လူမှု စီးပွားရေး ဘ၀များ ပျက်ယွင်းလာနေချိန်တွင် နိုင်ငံတော်သမ္မတကြီးမှ သွေးထိုးလှုံ့ဆော်၊ ပဋိပက္ခဖန်တီးသူများအား အရေးယူမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ရာ၊ သမ္မတကြီး၏မိန့်ခွန်းအား များစွာနှစ်ထောင်းအားရ ရှိခဲ့ကြပါသည်။
    ရိုးသားစွာတင်ပြရလျှင် ထိုသို့သော အကြမ်းဖက်၊ လုယက်၊ သတ်ဖြတ်မှုများကို ဆက်လက်မဖြစ်ပွား စေရန် ကြိုတင်ကာကွယ်ဟန့်တား၍ ထိရောက်စွာ အရေးယူရမည်ဖြစ်ပါသည်။ ပဋိပက္ခ္ခများကို အထိရောက်ဆုံး ကာကွယ်ရန် နည်းလမ်းမှာ သွေးထိုးလှုံဆော်မှုများကို ကန့်လန့်ကာနောက်ကွယ်မှ ကြိုးကိုင်ဖန်တီးနေသူများကို ဥပဒေနှင့်အညီအချိန်မှီ အရေးယူဖော်ထုတ်ရန် အရေးကြီးပါသည်။
    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ရခိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်ရခိုင်ပြဿနာ များသည် မြန်မာပြည်(အခြားတိုင်းနှင့် ပြည်နယ်များ)သို့ ကူးစက်မည်ဖြစ်ကြောင်း လွန်ခဲ့သည့် ၅လခန့်က ကြိုတင်၍ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါသည်။“ ရခိုင်ကိစ္စသည် ရခိုင်များဖန်တီးခြင်း မဟုတ်ကြောင်း၊ ပြီးလာပြီးခါမှ ရခိုင်တွေအကုန်လုံးကို သွတ်သွင်းခဲ့ကြောင်း၊ ကန့်လန့်ကာနောက်ကွယ်တွင် အဖွဲ့အစည်း ရှိကြောင်း၊ ဘယ်သူလဲဆိုတာ လက်ညှိုးထိုးပြီးတော့ ပြောလို့မကောင်းကြောင်း၊” ၄င်း ရခိုင်ပြဿနာသည် မြန်မာပြည်ကို ကူးတော့မည်ဟု ယူဆလျှုင် မနက်ဖြန်ကူးမည်ဆိုလျှင် ဒီနေ့ရပ်လိမ့်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ကြီးမှာ ရခိုင်နှင့်မဟုတ်ဘဲ ဗမာတွေနှင့် ပြဿနာဖြစ်တော့မည်ဟု ယူဆသည့်နေ့တွင် ယခုဖြစ်နေသော ပြဿနာငြိမ်း သွားလိမ့်မည်ဖြစ်ကြောင်း၊”ဒေါက်တာအေးမောင်နှင့် မြန်မာပို့စ်သတင်းဂျာနယ် (အတွဲ-၄၊ အမှတ်-၄၂)တွေ့ဆုံမေးမြန်းခန်းတွင် ဖော်ပြခဲ့ပါသည်။ကြိုတင်၍ အကွက်ကျကျ စီမံခဲ့ခြင်းဖြစ်၍ မိတ္ထီလာမြို့တွင် ပြဿနာရှာရန် အကြောင်းပြချက် သက်သက်ဖန်တီးခြင်းသာ ဖြစ်ကြောင်း ထင်ရှားနေပါသည်။
    (၂၅-၁၀-၂၀၁၂)ရက်စွဲပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးသတင်းထုတ်ပြန်ချက် (၁/၂၀၁၂)အရလည်း “ရခိုင်ပြည်နယ် ပဋိပက္ခ နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့်၊ ၄င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည် ””ဟု (၂၆-၁၀-၂၀၁၂)ရက်စွဲပါ နေ့စဉ်သတင်းစာ များတွင် ဖော်ပြခဲ့ပါသည်။နိုင်ငံသားများ၏လူ့အခွင့်အရေးကို ကာကွယ်ရန် သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈-၁၁-၂၀၁၂)ရက်စွဲပါ သတင်းထုတ်ပြန်ချက်(၂/၂၀၁၂)အရလည်း ပဋိပက္ခများတစ်ကျော့ပြန် မဖြစ်ပွားစေရေးအတွက် လိုအပ်သည်များကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အကြမ်းဖက်ကျူးလွန်သူများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
    ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေသည် (၂၆-၃-၂၀၁၃)ရက်နေ့က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် “နိုင်ငံရေးပါတီတစ်ချို့လည်း နောက်ကွယ်မှာ ရှိနေကြောင်း”ထည့်သွင်း ပြောကြားခဲ့ပါသည်။
    သို့ဖြစ်၍ နိုင်ငံတော်အကြီးအကဲများလည်း သိရှိထားပြီးသော ပဋိပက္ခများကို ဖန်တီးကြိုးကိုင်၍ ကန့်လန့်ကာနောက်ကွယ်မှ ပြစ်မှုကျူးလွန်သူများကိုဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူပေးပါရန် အလေးအနက် တိုက်တွန်းမေတ္တာရပ်ခံအပ်ပါသည်။
    တောင်းဆိုချက်များ
    ၁။ နိုင်ငံတော်
    ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများအပါအ၀င် အခြားတိုင်းနှင့် ပြည်နယ်များရှိမြို့များရှိ ဗလီဝတ်ကျောင်း များ၊ ဘာသာရေးစာသင်ကျောင်းများ အစ္စလာမ်ဘာသာဝင်နှင့် အခြားဘာသာဝင် မြန်မာနိုင်ငံသားများ၏ အသက်အိုးအိမ်၊ ပစ္စည်းများကို နိုင်ငံတော်မှ နောက်နောင်ထပ်မံမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်စောင့်ရှောက် ပေးပါရန်။
    ၂။ နိုင်ငံရေးပါတီများ
    ၈၈မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးပါတီများ ဘာသာရေးအဖွဲ့အစည်းများ၊ အားလုံးလက်တွဲ၍ တိုင်းပြည်အတွက် ကျရောက်လာမည့် အန္တရာယ်ကို ဆက်လက်မဖြစ်ပွားစေရေး ကြိုတင်စုပေါင်း ကာကွယ်ရန်၊ ရှုံ့ချသော ကြေညာချက်များ ထုတ်ပြန်ပေးရန်။
    ၃။ သံဃာတော်များ
    ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် အမျိုးသားစည်းလုံးညီညွှတ်ရေးကို ဦးတည်၍ သံဃာတော်များမှ ဗုဒ္ဓဘာသာတရားစစ်၊ တရားမှန်များကို ဟောကြားသင်ပြပေးပါရန်။
    ၄။ တရားရေး
    ပြစ်မှုကျူးလွန်မှုများကို တရားစွဲအဖွဲ့အစည်းများနှင့် တရားရုံးများမှ တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာ အရေးယူအပြစ်ပေးရန်။
    ၅။ မီဒီယာနှင် အင်တာနက်
    ဘာသာတရားတစ်ခုနှင့် တစ်ခု ပဋိပက္ခဖြစ်ပွားစေရန် သွေုးထိုးလှုံ့ဆော်သည့် အရေးအသားများကို ရှောင်ကျဉ်၍ ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးကို ဦးတည်၍ ရေးသားရန်နှင့် သွေးထိုးလှုံဆော်သော ဂျာနယ်များကို အရေးယူရန်။ အင်တာနက်တွင် ဘာသာရေး အမုန်းတရားရန်တိုက်သော Hate Speech များကို အရေးယူရန်၊ တားမြစ်သည့်အမိန့်မားထုတ်ပြန်ရန်၊ လိုအပ်လျှင်ဥပဒေပြဌာန်းပေးပါရန်။
    ၆။ ဒုက္ခသည်များ
    မန္တလေးတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးများ အတွင်းရှိ ဒုက္ခသည်များ(လူမျိုး/ဘာသာမခွဲခြားဘဲ)အား နိုင်ငံတော်မှ လုံခြုံရေး စီစဉ်ပေးရန်နှင့် မိမိတို့ မူလနေရပ်များတွင် နေအိမ်များပြန်လည်ဆောက် လုပ်ခွင့်ပြုရန်။
    ၇။ ဗလီများ၊ ဘာသာရေးစာသင်ကျောင်းများ
    ပျက်စီးသွားသော ဗလီများ၊ စာသင်ကျောင်းများကို အမြန်ဆုံးပြန်လည်ဆောက်လုပ်ခွင့်ပြုရန်။
    ၈။ CD , DVD အခွေများ
    တရားမ၀င်သွေးထိုးလှုံဆော်သော CD,DVD အခွေများ၊ အမှတ်အသားများကို သိမ်းဆည်း အရေးယူရန်။
    ၉။ မတရားသင်းကြေညာ၍ အရေးယူဖျက်သိမ်းပေးရန်
    တရားမ၀င်ကြိုးကိုင်လှုပ်ရှားသော အဖွဲ့အစည်းများကို မတရားသင်းကြေညာ၍ အရေးယူဖျက်သိမ်းရန်။
    ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ဘာသာပေါင်းစုံ၊ တိုင်းရင်းသားလူမျိုးများ အားလုံးတို့သည် ငြိမ်းချမ်းစွာ၊ အေးအတူပူအမျှ၊ ချစ်ချစ်ခင်ခင်နေထိုင်လာခဲ့ကြသော သမိုင်းအစဉ်အလာကောင်းများ ရှိခဲ့ကြသည့် အလျှောက်၊ နိုင်ငံတော် သမ္မတကြီး ဦးဆောင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်လည်း ကျွန်တော်များ ကွန်ရက်အနေဖြင့် တက်တက်ကြွကြွပါဝင်ပူးပေါင်း ဆောင်ရွက်ရန်ဆန္ဒပြုအပ်ပါသည်။
    ရိုသေလေးစားစွာဖြင့်
    president1-page-001 president2-page-001 president3-page-001 president4-page-001
  • နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့ ဥက္ကဌ ဆရာတော် ဘုရားထံသို့ အိတ်ဖွင့်ပေးစာ
    နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့ ဥက္ကဌ ဆရာတော် ဘုရားထံသို့ အိတ်ဖွင့်ပေးစာ
    မတ်လ ၂၄ ၊ ၂၀၁၃
    ဂုဏ်လင်း ပေးပို့သော အိတ်ဖွင့်ပေးစာ
    သို့
    ဥက္ကဌဆရာတော်ဘုရား
    နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့
    အကြောင်းအရာ။ ။  အခြားဘာသာဝင်များ အပေါ် ယုတ်ညံ့စွာစော်ကား အနိုင်ကျင့်ပြီး မိမိ၏ ဘာသာသာသနာကို ပြန်၍ သိက္ခာကျအောင် ပြုလုပ်နေသူ အလဇ္ဇီ ရဟန်းတုများ နှင့် နောက်လိုက် တောကြောင်တို့အား မသိကျိုးကျွံ ပြုနေခြင်းသည် သံဃာ့နာယကအဖွဲ့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းခြင်းနှင့်အတူ ကမ္ဘာနှင့်ချီ၍ အရှက်ရဖွယ် ဖြစ်နေပါကြောင်း မေတ္တာရပ်ခံလျှောက်ထားခြင်း။
    ” ရှက်ခြင်းရှိသောသူကို မိမိကိုယ်ကို စောင့်ရှောက်သောသူဟူ၍ သိအပ်၏။” (အတ္တရ ရက္ခိတ သုတ်၊ သံယုတ်) ”
    ဆရာတော်ဘုရားကြီးခင်ဗျား –
    စိတ်ကျန်းမာ၍ ရုပ်ကျန်းမာပါစေ။
    ၃၈ဖြာ မင်္ဂလာတွင် “ဂါရဝေါစ” ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာတစ်ပါးတွင် ပါဝင်သည့်အတွက်၊ တပည့်တော်၏စာ၌ အချို့သူများအား နာမည်သာရေးကာ၊ ဂါရ၀ပြု စကားလုံးများ ထည့်မရေးထားသည်ကို ခွင့်လွှတ်တော်မူပါဘုရား” ။
    မရိုသေထိုက်သူကို ရိုသေ ဂါရ၀ ထားမိပါက “အမင်္ဂလာ” ဖြစ်ရာ ၊ တပည့်တော်၏ စာ မင်္ဂလာရှိစေချင်၍ ဖြစ်ပါသည်။
    ရတနာသုံးပါးတွင် ဘုရား၊ တရား၊ သံဃာ ဟူ၍ အစဉ်လိုက်ရှိရာ၊ သံဃာသည် သုံးပါးမြောက်ဖြစ်ပြီး သူ့ရှေ့တွင် ဘုရား နှင့် တရားက လက်ဦးမှု ရယူထားပါသည်။ ဆိုလိုသည်မှာ ယင်းသံဃာကိုယ်၌က ဘုရားရှင်ကို လက်ခံယုံကြည်ပြီး၊ တရားစောင့်ထိန်းမှု ရှိရပါသည်။ သို့မှသာ သံဃာစစ်စစ် ဗုဒ္ဓသားတော်မည်ပါသည်။
    ” ရဟန်းတို့၊ မှားယွင်းသော အမြင်သည် တရားမဟုတ်၊ မှန်ကန်သော အမြင်သည် တရားမည်၏။ မှားသော အမြင်ကြောင့် များစွာသော ယုတ်ညံ့အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏။ ဤသည်ကား အကျိုးမဲ့ရာတည်း။ မှန်သော အမြင်အကြောင်းကြောင့် များစွာသော ကုသိုလ်တရားတို့ ဖြစ်ကုန်၏။ ဤသည်ကား အကျိုးတည်း။ ” (အဇိတ သုတ်၊ အင်္ဂုတ္တိုရ်)
    ယခုအခါတွင် အပုပ်ကောင် ရုပ်ဆောင်ထားသော ခန္ဓာကိုယ်ကိုသာ သင်္ကန်းစည်းကာ၊ နှလုံးသားကို သင်္ကန်းစည်းမထားသော ရဟန်းတု၊ သံဃာယောင်များသည် ဆူပူအုံကြွမှု နှင့် အဓိကရုဏ်းများ ပေါ်ပေါက်အောင် စင်မြင့်ပေါ်တွင်ဟောပြော၍ တစ်နည်း၊ စာတိုစာရှည်ဖြင့် လုပ်ကြံရေးသားခြင်းက တစ်ဖုံ၊ မုသားစွပ်စွဲပြောဆို ၀ါဒဖြန့်ဝေမှုကလည်း တစ်မျိုးအားဖြင့် အရှက်နည်း အတင့်ရဲကာ ယုတ်ညံ့စုတ်ချာသော အလုပ်ကိုပြုလုပ်နေကြပါသည် ဆရာတော်ဘုရား ။
    ထိုသင်္ကန်းရုံ အလဇ္ဇီရဟန်းများ တစ်စထက်တစ်စ များပြားလာလျှင် ထေရ၀ါဒ ဗုဒ္ဓဘာသာသည်လည်း ထိုသံဃာယုတ်များကို မှီ၍ ဗိုလ်ချုပ် သတိပေးဖူးသည့် နိုင်ငံကြီး ဖြစ်လာနိုင်ပြီးနောက် မသူတော်တို့၏ သာသနာသာ ဖြစ်လာမည်ကို စိုးရိမ်မိပါသည်။ အကြောင်းမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် သံဃာတော်တို့၏အပိုင်းသည် အပြန်အလှန် တည်မှီနေ၍ ဖြစ်ပါသည်။
    ကြောက်စရာကောင်းလှသော အလဇ္ဇီရဟန်းတို့အကြောင်းကို တပည့်တော်မှ အနည်းငယ်တင်ပြပါရစေ ဆရာတော်ဘုရား။
    ၁။    ပညာဝရ (ဓမ္မဒူတ – သိမ်ဇရပ်) အလဇ္ဇီရဟန်းက ၁၆-၁-၂၀၁၃ နေ့၊ စော်ဘွားကြီးကုန်းတရားပွဲတွင် ” ဘ၀လမ်းခွဲ တရားတော် ” ဟု အမည်တပ်ကာ ဟောကြားရာ၌ –
    ကျောင်းဆောက်ဖို့ ကားပေါ်မှ ပစ္စည်းများလာချသောအခါ၊ တိပိဋကကိုယ်တော် မင်းကွန်းဆရာတော် ဘုရားကြီးက ” ဘယ်ဆိုင်က ၀ယ်လာတာလဲ ” ဟု မေးရာ ၊ ဆိုင်နာမည်ပြောတော့ ၊  ” ဒါမွတ်စလင်ဆိုင်ဘဲ၊ ဘာဖြစ်လို့ မွတ်စလင်ဆိုင်က ၀ယ်လာရတာလဲ” ထပ်မေးရာ၊ ” ဗမာဆိုင်က ဈေးကြီးလို့ပါ ဘုရား ” ဟု လျှောက်တင်ရာ၊ ဆရာတော်ဘုရားက ” ဈေးကြီးရင် ကြီးပါစေ ၊ ဗမာဆိုင်ကပဲ ၀ယ် ” ဟု ပြောဆိုကြောင်း၊ ပညာဝရက ပညာမရသော စကားများထည့်သွင်းပြောဆိုသွားပါသည်။ အလဇ္ဇီပညာဝရ၏စကားများကို ခွဲခြမ်းစိစစ်ရပါသော် –
    (က) တိပိဋက မင်းကွန်းဆရာတော်ကြီးက မန္တလေးရှိ ဘယ်ဆိုင်က ဗမာဆိုင်၊ ဘယ်ဆိုင်က မွတ်စလင်ဆိုင်၊ ဘယ်ဆိုင်က တရုတ်ဆိုင် စသည်ဖြင့် အတိအကျ သိနေပုံထောက်လျှင် ဆရာတော်ဘုရားကြီး၏ ပိဋကတ်တော် အာဂုံဆောင်နိုင်မှုကိုပင် သံသယ၀င်စရာ ရှိလာပါတော့သည်။ “ မန္တလေးမြို့ပေါ်က ဆိုင်တွေအကြောင်း သုတေသနပြုနေရလို့ ဆရာတော်ခမျာ စာကျက်ချိန်၊ စာချချိန် ၊ တရားမှတ်ချိန်၊ မေတ္တာပို့ချိန်ကော ရှိသေးရဲ့လား ” အတွေးဝင်မိပါသည်။
    (ခ) မင်းကွန်းဆရာတော်၏ ” မေတ္တာပို့ ဆုတောင်း ” မှာ အလွန်ပြောင်မြောက်သည့်အတွက် သီချင်းအသွင်အဖြစ်ပင် သီဆိုခဲ့ကြပါသည်။ ဆရာတော့်မေတ္တာပို့ ဆုတောင်းသည် မြန်မာပြည်မှာ သာမက ကမ္ဘာကျော်ဆုတောင်းလည်း ဖြစ်ခဲ့ရပါသည်။ ယခုတော့  – “……..အနန္တစကြ၀ဠာ၊ အနန္တသတ္တ၀ါတို့ ” ဟုအစချီလျက် အနန္တနှင့်ချီသော ဆုတောင်းပိုင်ရှင်က မန္တလေးက မွတ်စလင်များအပေါ်ကျတော့ မေတ္တာ မထားနိုင်သည်မှာ ရယ်စရာကောင်းသည့်အပြင်၊ တရားနှင့် ပုဂ္ဂိုလ်၊ ပုဂ္ဂိုလ်နဲ့ သူ့ဆုတောင်း သတ်သတ်စီဖြစ်လျက် ဆန့်ကျင်ဘက် အသွင်ဆောင်သွားသောကြောင့် အလဇ္ဇီရဟန်း ပညာဝရ ပြောချလိုက်ပုံမှာကား ရွံ့မုန်းစရာပင် ကောင်းနေပါတော့သည်။
    (ယင်းသို့ မင်းကွန်းဆရာတော်ဘုရားကြီး၏ နာမည်ကို ခုတုံးလုပ်ပြီး ပေါကြောင်ကြောင် မုသားစကားများဖြင့် အရောင်တင်သွတ်သွင်းလျက် ရိုးသားသော ဗုဒ္ဓဘာသာဝင်များ၊ အသိဥာဏ်ဆင်းရဲသော ဗုဒ္ဓဘာသာဝင်များအတွင်း အလဇ္ဇီရဟန်း ပညာဝရ၏ လှုံဆော်သွေးထိုးမှုသည် သံဃာအယောင်ဆောင်ခြင်းက တစ်ပြစ်၊ မုသားစကား ကလိန်ကကျစ်တရားများဟောခြင်းက တစ်ပြစ် ဖြစ်ခြင်းကြောင့် ဘာသာတရားအရရော ဥပဒေကြောင်းအရပါ ပြစ်မှုမြောက်သူတစ်ဦး ဖြစ်ပါသည်။
    (ဂ) ” ဗမာဆိုင်တွေက ဈေးကြီးတယ်” ဟု ဆိုရာ သူ့စကားအရ ဗမာများကို “ အမြတ်ကြီးစား ၀ိသမလောဘသားများ ” ဟု တိုက်ရိုက် စော်ကားလိုက်ရာ ရောက်သွားပါသည်။
    (ဃ) မွတ်စလင်တို့၏ ယုတ်မာပုံများ ဟုဆိုကာ ဇာတ်နာအောင် လုပ်ကြံပြောကြားနေသော်လည်း၊ ပညာဝရ အနေနှင့် ရယ်ကာမောကာ ပြောဆိုပြနေပုံကို ကြည့်လျှင်ပင် အဖြစ်မှန်အကြောင်းမဟုတ်သည်ဖြစ်သဖြင့် သူတကယ်စိတ်မနာကြောင်း ဖော်ပြနေပါသည်။
    (င) မွတ်စလင်တို့၏စီးပွားရေးကိုတိုက်ခိုက်အောင်လှုံဆော်ကာ တစ်ပါးအမျိုးသားတို့၏အကျိုးကိုပျက်စီးစေခြင်း၊ မွတ်စလင်တို့၏ ဘာသာရေး အဆောက်အအုံများနှင့် စာသင်ကျောင်းများကို ချိုးဖဲ့ဖျက်ဆီးခြင်း၊ မွတ်စလင်များအပေါ် ရွံ့ရှာ မုန်းတီးလာအောင် လုပ်ကြံ ဇာတ်ဆင်ဝါဒဖြန့်ခြင်းများကို ဖန်တီးလျက် – အများသူငါတို့ မွတ်စလင်များနှင့် မပတ်သက်ရဲ၊ မဆက်ဆံရဲတော့ဘဲ မွတ်စလင်များအပေါ်အထင်သေးလာစေရန် စီမံကိန်းများချကာ ဗုဒ္ဓဘာသာဝင်ဦးရေများပြားလာဖို့ လုပ်ဆောင်နေခြင်းက ” ဗုဒ္ဓ၀ါဒီအမည်ခံ အကြမ်းဖက်အရေးတော်ပုံကြီး ” ပေါ်ပေါက်လာစေရေးအတွက် တာဆူနေကြသကဲ့သို့ ဖြစ်နေပါသည်။
    ဆရာတော်ဘုရားကြီးခင်ဗျား။
    ၂။    ထိုအလဇ္ဇီရဟန်းတို့၏ လုပ်ကြံဟောကြားချက်များကို တပည့်တော်အနေဖြင့် တစ်ခုချင်း တင်ပြချေဖျက် သုတ်သင်ပါက စာမှာ ရှည်လျားသွားပါမည်။
    ဆရာတော်ကြီးများအား အားနာလှပါသဖြင့် တပည့်တော်မှ ခြုံငုံတင်ပြလျှောက်ထားအပ်ပါသည်။
    * ဗလီတွေမှာ လက်နက်တိုက်တွေ ရှိတယ်။
    * ၇၈၆ ဆိုတာ ၂၁ ဖြစ်လို့ ၂၁ ရာစုမှာ ဗမာပြည်ကို အစ္စလာမ်က လွှမ်းမိုးရမယ်။
    *  ဗုဒ္ဓဘာသာဝင်မိန်းကလေးတွေကို ယူနိုင်သူဖြစ်ယင် ဗလီတွေက ဆုငွေချီးမြှင့်တယ်။
    * အစ္စလာမ်ထဲဝင်တဲ့သူတွေဟာ ရွှေတိဂုံစေတီနဲ့ မဟာမြတ်မုနိစေတီတော်ပုံတွေကို ခြေနဲ့ အရင် နင်းပြပြီးမှ ၀င်ရတယ်။
    * ဂျိဟာဒ် ဆိုတာ ဘာသာမတူတွေကို သတ်ခြင်းသာ ဖြစ်တယ်။
    * မွတ်စလင်ကန်ထရိုက်တွေ တိုက်ဆောက်ရင် ဗလီအတွက် တစ်ခန်းချန်ထားတယ်
    စသည်တို့အပါအ၀င် အခြားသော စကားများစွာတို့မှာ ခိုင်မာခြေမြစ်မှုမရှိသော ယုတ္ထိယုတ္တာကင်းမဲ့သော အသိမ်အဖျင်း မုသားစွပ်စွဲချက်များသာ ဖြစ်ပါသည်။
    “ ရွှေတိဂုံ နဲ့ မဟာမြတ်မုနိပုံတွေကို ခြေနဲ့နင်းပြီးမှ အစ္စလာမ်ဘာသာထဲ ၀င်ရတယ် ” ဟူသည် ပညာမပြည့်ဝသော ပညာဝရ ၏ သိမ်ဖျင်းနိမ့်ကျသည့် ပုတ်ခတ်စွပ်စွဲချက်သာ ဖြစ်ပါသည်။
    ” အမိယုတ် နှုတ်ကြမ်း ” ဟု ဆိုရပါလိမ့်မည်။ မွတ်စလင်တွေကို ၄င်းတို့လေးစားလိုက်နာရသော ကုရ်အာန်ကျမ်းထဲ၌ အတိအလင်း လမ်းညွှန်ဆုံးမထားပါသည်။
    ” အသင်တို့သည် အခြားကိုးကွယ်ရာများကို ကဲ့ရဲ့ခြင်း မပြုကြလေနှင့်။ ” (ကုရ်အာန် ၆း၁၀၈)
    ထို့ကြောင့် အခြားကိုးကွယ်ရာများအား ကိုယ်ထိလက်ရောက်စော်ကားရန် ဝေးစွ၊ နှုတ်ဖြင့်ပင် ပြစ်မှားခွင့် မရှိပါ။
    ” ကောင်းသောအလုပ်ကိုသာ ပြုလုပ်ကြကုန်လော့ “။ (ကုရ်အာန် ၂၂း၇၇) ဟု ညွှန်ကြားထားသဖြင့် အောက်တန်းကျသည့်အလုပ်ကို အသာထားဦး၊ သာမန် မကောင်းမှု တစ်ခုတလေကိုပင်လျှင် အစ္စလာမ်က  ပြုလုပ်ခွင့် ပေးမထားပါ။
    စင်စစ်သော် တမန်တော်မုဟမ္မဒ်ညွှန်ပြခဲ့သော –  တမန်တော်အိဗ်ရာဟင်မ်၏ ” မိလ်သလ် ” လမ်းစဉ်ကို လိုက်နာသူအား မွတ်စလင်ဟု ခေါ်ဆိုပါသည်။
    ” အသင်တို့၏ သာသနာကို ငါအရှင်မြတ်က ကြပ်တည်းခက်ခဲမှု လုပ်ထားတော် မမူ။ အသင်တို့ ဖခမည်းတော်ကြီး အိဗ်ရာဟင်မ်လမ်းစဉ်ဖြစ်ကာ၊ အသင်တို့ကို မွတ်စလင်များဟု ကင်ပွန်းတပ်လေပြီ။” (ကုရ်အာန် ၂၂း၇၈) ဟူ၍လည်းကောင်း၊ ” အလ္လာဟ်အရှင်၏ အမိန့်တော်များကို နာခံလျက်၊ ကောင်းသောအမှုကို ပြုကျင့်ကာ ဖြောင့်မတ်မှန်ကန်သော အိဗ်ရာဟင်မ် ၏ လမ်းစဉ်ကို လိုက်နာသူ အကြင်သူထက် မည်သူ၏ဘ၀တည်ဆောက်မှုလမ်းစဉ်က ပိုကောင်းပါ့မည်နည်း” ( ကုရ်အာန် ၄း၁၂၅) ဟူ၍လည်းကောင်း ဖော်ပြထားပါသည်။
    တမန်တော်အိဗ်ရာဟင်မ်၏လမ်းစဉ်ကို လိုက်နာသူ မွတ်စလင်တိုင်းသည် အစ္စလာမ်ကို မယုံကြည်သူများအား ရိုက်နှက်ဖို့ ဆဲဆိုဖို့ဝေးစွ၊  ကြမ်းတမ်းသောစကားကို မဆိုထားဘိ၊ ထိုသူများအတွက် အလ္လာဟ့်ထံ၌ ဆုမွန်ကောင်းပင် တောင်းပေးရပါသေးသည်။ ၄င်းသဘောထားနှင့်စပ်လျဉ်းသည့်ကျမ်းချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
    ” အိဗ်ရာဟင်မ်က ” အို- ကျွန်တော်မျိုးတို့၏ ဖန်ဆင်းရှင်၊ မည်သူမဆို ကျွန်တော်မျိုးအား နာခံခဲ့ပါသော် ထိုသူသည် ကျွန်တော်မျိုး၏ အဖွဲ့ဝင်ဖြစ်ကာ၊ ကျွန်တော်မျိုးအား မနာခံဖီဆန်ပါသော် ဧကန်အမှန် အရှင်မြတ်သည် ခွင့်လွှတ်တော်မူသောအရှင်၊ သနားကြင်နာတော်မူသောအရှင်သာ ဖြစ်တော်မူပါသည်။ ” (ကုရ်အာန် ၁၄း၃၆)
    “ ၂၁ရာစုမှာ အစ္စလာမ်လွှမ်းမိုးရေးစီမံကိန်း – ၇၈၆ ” ဟူသည့် ရမ်းတုပ်စွဲချက်အား မွတ်စလင်တို့မှ တအံ့တသြ ဖြစ်ကြရပါသည်။ အကြောင်းမှာ – “၇၈၆” ဟူသည် ကုရ်အာန် (၁း၁)ကို အက္ခရာသင်္ချာကိန်းဂဏန်းအရ တွက်ချက်ထားမှုတစ်ခုသာ ဖြစ်ပါသည်။ ယင်းစာကြောင်းမှာ ” ကရုဏာပေါ် ကရုဏာဆင့်တော်မူသော အလ္လာဟ်အရှင်၏ နာမတော်ဖြင့် ” ဟု အဓိပ္ပါယ်ရပါသည်။ မွတ်စလင်မ်များသည် မည်သည့်အရာကိုပြုလုပ်ဆောင်ရွက်သည်ဖြစ်စေ ဤဒီဓမ္မလမ်းညွှန်အား ဆင်ခြင်နှလုံးသွင်းရပါသည်။ ( ကြည့်ရှုလေ့လာရန် – ကုရ်အာန် ၁၁း၄၁၊၂၇း၃၀၊ ၉၆း၁)
    ကရုဏာကင်းမဲ့သောအလုပ် မလုပ်မိစေရန် သစ္စာမာန်တင်း၊ နှလုံးသွင်းရေး ဓမ္မသတိလေ့ကျင့်ခန်း ဟုဆိုရမည် ဖြစ်ပါသည်။ ဤနေရာ၌ ယင်းသို့ ကုရ်အာန် (၁း၁)ကို အက္ခရာသင်္ချာကိန်းဂဏန်းအရ  “၇၈၆” အက္ခရာတန်ဖိုးအဖြစ် တွက်ချက်ခြင်းကို အာရဗ်တွေက အသိအမှတ်မပြုသည်ကို သိရန်လိုအပ်ပါသည်။ ၄င်းနည်းစံနစ်မှာ အိန္ဒိယတိုက်နယ်မှ မွတ်စလင်များသာ အသုံးပြုကြလင့်ကစား  လက်မခံသူများလည်း ရှိပါသေးသည်။ “ ၇၈၆ မှာပါတဲ့ ဂဏန်းသုံးလုံးပေါင်းရင် ၇+၈+၆ =၂၁ ရလို့ ၂၁ရာစုကို ရည်ရွယ်တာ ” ဆိုသည့် စွပ်စွဲချက်ကြောင့် မွတ်စလင်များ ထပ်ဆင့်အံ့သြနေရပါသည်။ အဘယ်ကြောင့်ဆိုသော် အရဗီအက္ခရာ၏စုပေါင်းကိန်းအား ထိုကဲ့သို့ ထပ်ဆင့်ပြန်ပေါင်း၍ မရပါ။ အဓိပ္ပာယ်မဲ့သွား၍ ဖြစ်ပါသည်။
    ဖော်ပြပါအယူအဆကို တင်ပြနေခြင်းမှာ အစ္စလာမ်ကိုမသိ၊ ကုရ်အာန်ကို မလေ့လာသောကြောင့်သာ ဖြစ်ပါမည်။
    ” ယှဉ်တွဲကိုးကိုယ်သူများ မနှစ်မြို့သော်ငြားလည်း  ထိုအရှင်မြတ်သည် မိမိ၏စေတမန်အား အလုံးစုံသော ၀ါဒလမ်းစဉ်များထက်ဝယ် ထင်ရှားပေါ်လွင်စေရန် တရားလမ်းညွှန်၊ လမ်းစဉ်မှန်တို့ဖြင့် စေလွှတ်ခဲ့လေပြီ “။ (ကုရ်အာန် – ၆၁း၉)
    တရားလမ်းစဉ်တစ်ရပ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် ထင်ပေါ်စေခြင်း ဖြစ်ဖို့ရာ –
    (က) ထောင့်စုံ၊ ဘက်စုံမှ ညွှန်ကြားပေးနိုင်သော ဓမ္မလမ်းညွှန်ဖြစ်ရမည်။
    (ခ) ၀ါဒလမ်းစဉ်ကိုယ်၌ကလည်း မှန်ကန်သော လမ်းစဉ်၊ “သစ္စာမဂ္ဂင်” ဖြစ်ရမည်။  ရနံ့သင်းမှုကို သေးသိမ်ညံ့ဖျင်းမှုဖြင့် မတည်ဆောက်နိုင်ပါ။ ဖြစ်လာသမျှအတွက် သစ္စာအလှနှင့်သာ အောင်မြင်ကျော်လွှားနိုင်ပါမည်။
    မွတ်စလင်ဗလီများကို ချောင်ကြိုချောင်ကြား၌ ပုန်းလျှိုးကွယ်လျှိုး မတည်ဆောက်ထားကြပါ။ မြို့လယ်ကောင်တွေမှာ ရှိတာများပါသည်။ မွတ်စလင်တို့သည် တစ်နေ့ (၅)ကြိမ် ၀တ်ပြုကြရပါသည်။ ဗလီထဲရောက်လျှင် မည်သူမဆို ကြိုက်ရာနေရာတွင် နေရာယူဝတ်ပြုနိုင်ပါသည်။ မည်သူ့ကိုမျှ ပုံသေနေရာပေးခြင်း နှင့် အဆင့်အတန်းခွဲခြားခြင်း မရှိသဖြင့် မည်သူမဆို မွတ်စလင်ယောင်ဆောင်ကာ အလွယ်တကူ  ၀င်ရောက်လေ့လာအဖြေရှာနိုင်ပါသည်။ အလဇ္ဇီရဟန်းတို့ စွပ်စွဲသလိုမျိုး အလျဉ်း မဟုတ်ကြောင်း အချိန်တိုအတွင်းမှာပင် အထင်းသားမြင်နိုင်ပါသည်။
    ၃။     ယခု ဖြစ်ပျက်ကြုံတွေ့နေရသော အဖြစ်အပျက်များ၏နောက်ကွယ်၌ လက်ရှိအာဏာပိုင်အချို့ ပါဝင်ပတ်သက်နေသည်ဟု တပည့်တော် ထင်မြင်ယူဆပါသဖြင့် ၊ တပည့်တော်၏ လုံခြုံရေးအတွက် နာမည်ရင်းကို မဖော်ပြနိုင်သည်ကို နားလည်ခွင့်လွှတ်ပေးပါ ဘုရား။ ယင်းသို့ ယူဆသုံးသပ်မိရသည့်အကြောင်းမှာ —-
    (က) လူ့သက်သေအထောက်အထား၊ စာရွက်စာတမ်း အထောက်အထား၊ အခွေ(ရုပ်ရော၊ အသံပါ ) အထောက်အထားများရှိပါလျက် ထိုသို့ လူသိရှင်ကြား လုပ်ကြံသွေးထိုးဟောပြောနေသော အလဇ္ဇီရဟန်းများကို သက်ဆိုင်ရာမှ ဘာတစ်ခုမျှ အရေးယူဆောင်ရွက်မှု လုံးဝ မရှိခြင်း။
    (ခ) ၈-၁၂-၂၀၁၃ (စနေနေ့)၌ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ အောင်မြေသာယာကျောင်းတွင် ဂိုဏ်းပေါင်းစုံ သာသနာထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့၏ မွတ်စလင်ဆန့်ကျင်ရေးအခမ်းအနား၌ ယူနီဖေါင်းဝတ်ရဲအရာရှိ ထိုင်နားထောင်သည်ကိုပင် တွေ့မြင်ရခဲ့ရပါသည်။  ထိုအစည်းအဝေး၌ တည်ဆဲဥပဒေကိုချိုးဖောက်ကာ ယင်းတို့က အာဏာရှင်ပုံစံနှင့် လက်ရှိလွှတ်တော်အမတ်များကိုရော ၊ သမ္မတအဖွဲ့ နှင့် အစိုးရအဖွဲ့များကိုပါ ထီမထင်ကြောင်းပြသ၍ ၄င်းတို့၏ကိုယ်ပိုင်စည်းမျဉ်းများကို အများပြည်သူမှလိုက်နာရန် ဥပဒေသဖွယ်ထုတ်ပြန်ခဲ့ကြသည်မှာ အထင်အရှားဖြစ်ပါသည်။ သို့သော်လည်း  ယနေ့ထက်တိုင် မည်သည့် အရေးယူဟန့်တားမှုမျှ မရှိသေးပါ။
    (ဂ) အလဇ္ဇီ ပညာဝရ၏ ပြောကြားမှု၌ ” မနေ့က (၁၅-၃-၂၀၁၂)၊ ပြန်ကြားရေးဝန်ကြီးရဲ့ကတော်နဲ့ တွေ့လို့တောင် ပြောလိုက်သေးတယ် ” ဟု တရားပွဲတွင် တရားဝင် ထုတ်ဖော်ပြောဆိုသွားရာ အလဇ္ဇီရဟန်းတို့နှင့် အာဏာပိုင်အချို့ ဆက်နွယ်မှုနှင့်ဆက်ဆံမှုများ ရှိနေကြောင်း ငြင်းဆိုမရအောင်ပေါ်လွင်သွားခြင်း . . .  စသည့် စသည့် အချက်များကြောင့်ဟု တင်လျှောက်လိုက်ရကြောင်းပါ ဘုရား။
    ဂုဏ်လင်း
  • မြန်မာမွတ်စလင်မ် ပြည်သူများအား မုန်းတီးသူများသို့  မေးခွန်း (ပေးစာ ကဏ္ဍ)
    မြန်မာနိုင်ငံတွင် မွတ်စလင်မ်မုန်းတီးရေးရေချိန် မြင့်သထက်မြင့်လာနေသည်။ ယခင့်ယခင်က မွတ်စလင်မ်မုန်းတီး ရေး စာပေများကို အစိုးရနှင့် ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့ အစည်းများက ဖြန့် နေကြောင်း ကြားဖူးသော်လည်း ကိုယ်တိုင်မတွေ့ ဖူးမမြင်ဖူးခဲ့။ အင်တာနက်ခေတ်စားလာသော ယခုခေတ်သယမတွင် မွတ်စလင်မ်ပြည်သူများ အားပုတ်ခတ်ရေးသားသော အီးမေးလ်များ၊ ဖေ့စ်ဘွတ်စာမျက်နှာများ၊ ကော်မန့် များကို နေ့ စဉ်လိုလို မြင်နေ ကြားနေရသည်။ ဒီကိစ္စနှင့် ပတ်သက်၍ မြန်မာမွတ်စလင်မ်ပြည်သူတစ်ယောက်အနေဖြင့် မြန်မာဗုဒ္ဓဘာသာ ပြည် သူများကိုမေးခွန်းတချို့ မေးချင်သည်။ မေးခွန်းများ မမေးခင် ကျနော့်အကြောင်း ပြောပါမည်။
    ကျနော်သည် မြန်မာပြည်တွင်မွေးဖွားသော မြန်မာပြည်သားတယောက်ဖြစ်သည်။ မနေ့ တနေ့ကမှမြန်မာပြည်သို့  တိုင်းတပါးမှ ၀င်ရောက်လာသူမဟုတ်။ အိန္ဒိယမှ ရွေ့ ပြောင်းဝင်ရောက်လာသော မိဘများမှမွေးဖွားသည်မဟုတ်။ အဘိုးအဘွားမဆို သူတို့ ၏မိဘများပင် ဗမာနှင့် တိုင်းရင်းသားများဖြစ်သည်။
    ကျနော်သည် မြန်မာ့မြေပေါ်မွေး မြန်မာ့မြေပေါ်တွင်ကြီး မြန်မာကျောင်းတွင် ပညာသင်၍ ဗမာ စကားပြောသည်။ ဗမာစာပဲတတ်သည်။ မြန်မာပြည်တွင် မွေးဖွားကြီးပြင်းသည့်အတွက် မြန်မာလိုဝတ်သည်၊ မြန်မာပြည်ကိုချစ် သည်။ မြန်မာပြည်သည် ကိုယ့်တိုင်းပြည်၊ မြန်မာလူမျိုးသည် ကိုယ့်လူမျိုးဟုခံယူသည်။
    ကုလားစကားဟုခေါ်သော တောင်အာရှစကားများမတတ်။ ရေးလည်းမရေးတတ်၊ ဖတ်လည်းမတတ်ပါ။ အိန္ဒိယ လည်း မရောက်ဖူး၊ ဆွေမျိုးလည်း မရှိပါ။ အိန္ဒိယနိုင်ငံရေး စီးပွားရေးလည်း ကျနော်နဲ့ လည်း မဆိုင်ပါ။ မြန်မာ ပြည်သာလျှင် ကျနော့် အမိမြေဖြစ်သည်။မြန်မာပြည် ငြိမ်းချမ်းစေချင်သည်။ ဆင်းရဲတွင်းမှလွတ်မြောက်စေလို သည်။
    ရပ်ကွက်ထဲမှ ဗုဒ္ဓဘာသာပြည်သူများနှင့်ယှဉ်လျှင် ဘုန်းကြီးကျောင်းသွားတာနှင့် ဗလီသွားတာပဲကွာသည်။ ကျန်တာကတော့ နေပူလည်းအတူတူ မိုးရွာလည်း အတူတူ၊ ကုန်ဈေးနှုန်းတက် လည်းအတူတူ၊ လုပ်အားပေး သွားရလည်း အတူတူဖြစ်သည်။ ရပ်ကွက်ထဲ မီးပျက်လျှင် ကျနော့်အိမ်တစ်အိမ်တည်း ကွက်ပြီး လျှပ်စစ်မီးမလင်းသကဲ့ သို့ နွေရာသီရေရှားလျှင်လည်း ကျနော့်အိမ်ရေတွင်း တစ်တွင်းတည်းကွက်ပြီး ရေမထွက်ပါ။ စစ်တပ်အုပ်ချုပ်သည့် တိုင်းပြည်တွင် ကျနော့်တစ်အိမ်တည်း အခွင့်အရေးထူးတွေမရပါ။
    ဘုရားစူးမိုးကြိုးပစ် – အစ္စလာမ်သာလျှင်မှန်ကန်ပြီး တခြားဘာသာတွေ မှားသည်ဟု တခါကမှ မပြောဖူး။ ယုံ လည်းမယုံကြည်ပါ။ ကျနော့်မိသားစုနှင့် ပတ်ဝန်းကျင်တွင်လည်း အစ္စလာမ်ဘာသာအကြောင်း စည်းရုံးဝါဒဖြန့်  နေသူများမရှိပါ။ ကျနော်သူငယ်ချင်းများတွင်လည်း ဗုဒ္ဓဘာသာကိုစော်ကားပြီး အစ္စလာမ်ဝါဒ ဖြန့် ချိနေသူများမတွေ့ ပါ။ ဘာသာတိုင်း သူ့အယူအဆ နှင့်သူဖြစ်ကြောင်း၊ အခြားဘာသာများကို လေးစားရန်လိုအပ်ကြောင်း၊ မိမိကိုယ်ကို ကောင်းအောင်နေထိုင်ရမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ရှေ့ ရှုရမည်ဖြစ်ကြောင်း အာပေါက်အောင် ပြောနေသူများသာဖြစ်သည်။ အများနည်းတူကိုးကွယ်ခွင့်နှင့် ကုလားဟုခေါ်ကာ နှိမ့်ချနေမှုများကို ရပ်တံ့ပေးရန် တောင်းဆိုနေသူများသာဖြစ်သည်။ ဘာသာမတူသူများအကြား နားလည်မှုရစေရန်၊အမုန်းတရားမပွားစေရန် ကြိုးစားနေသူများ လိုလားနေသူများဖြစ် သည်။
    ကျနော်အပါအ၀င် ကျနော့်မိသားစု အသိုင်းအ၀ိုင်းနှင့် အွန်လိုင်းတွင်သိကျွမ်းရသော မွတ်စလင်မ်သူငယ်ချင်း များထဲတွင် ရှင်ဂေါတမ ၊ ဗုဒ္ဓသာသနာ၊ သံဃာတော်များ ၊ မယ်သီလရှင်များ၊ ဘုန်းကြီးကျောင်းများနှင့် ဗုဒ္ဓ ဘာ သာဝင်များကို နှုတ်နှင့်ဖြစ်စေ ကိုယ်နှင့်ဖြစ်စေ နှိမ့်ချ စော်ကားနေသူများမရှိပါ။ ဗုဒ္ဓ အမည်ခံ နိုက်ကလပ်များ၊ Rude Buddha ကဲ့သို့  ရုပ်ရှင်များကိုပင်မလုပ်သင့်ကြောင်း ယူဆသူများ၊ စိတ်မကောင်းသူများဖြစ်သည်။ အဆိုပါ လုပ်ရပ်များကိုပင် ကန့်ကွက်ကြောင်းကြေငြာချက်များ ထုတ်ပြန်ခဲ့သည်များရှိပါသည်။
    သို့ သော် မြန်မာမွတ်စလင်မ်ပြည်သူများအား အမေနှမများကိုင်၍သော်လည်းကောင်း၊ ရုပ်ပုံများဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ နစ်နာအောင် အမျိုးမျိုး စော်ကားနေသည်ကို နေ့ စဉ်နှင့်အမျှတွေ့ ရသည်။ ဘိုင်းကောင်းကျောက်ဖိ ယဉ်ကျေးသိမ်မွေ့ ပါသည်ဆိုသည့် မြန်မာအမျိုးသမီးငယ်များပင် ရိုင်းရိုင်းပျပျ စကားလုံး ရင့် ရင့်သီးသီးများဖြင့် မြန်မာမွတ်စလင်မ် ပြည်သူများအား လူမြင်သူထင် ဆဲဆိုနေသည်။
    ဤမျှမက ဆုတောင်းဝတ်ပြုဆောင်များကို ဖျက်ဆီးသူများက တရားဥပဒေကင်းစွာဖျက်ဆီးလိုက်ကြသည်ကို ၀မ်းသာအားရ အားပေးအားမြောက်ပြု ရေသားပြောဆိုနေကြသည်။
    ပြောဆိုနေကြသည်များထဲတွင် ခိုင်ခိုင်မာမာ အချက်အလက်မှန်များဖြင့် အပြုသဘောပြောဆိုသည်မဟုတ်ဘဲ စိတ်အထင်ဖြင့် ဘာသာစွဲဖြင့် အမုန်းတရား သက်သက်ဖြင့် ပြောဆိုနေကြောင်း ထင်ထင်ရှားရှားတွေ့ နေရသည်။ အချို့ ဆိုရင်မွတ်စလင်မ်အကြောင်း မဆိုနှင့် မွတ်စလင်မ်မိတ်ဆွေ (သို့ ) အိမ်နှီးချင်း (သို့ ) အသိတယောက်မှ မရှိ ပေ။ ကြားဖူးနားဝဖြင့် အမုန်းတရားပွားနေ ခြင်းဖြစ်သည်။
    ထို့ ကြောင့် မွတ်စလင်မ်ပြည်သူများအား မုန်းတီးနေသည့် ဗုဒ္ဓဘာသာပြည်သူများသို့ မေးခွန်းများမေးချင်သည်။
    (၁) သင့်တွင် မြန်မာမွတ်စလင်မ် သူငယ်ချင်း (သို့ ) အသိရှိပါသလား။ သင်ဘယ်လောက်ရင်းနှီးပါသလဲ။
    (၂) သင့်ကို သူက ဗုဒ္ဓဘာသာသည် မှားနေပြီး အစ္စလာမ်ဘာသာ သာလျှင်မှန်သည် ဟု စည်းရုံးဖူးပါ သလား။
    (၃) ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ဗုဒ္ဓ သံဃာတော်များ၊ ကျောင်းများ၊ ဗုဒ္ဓဘာသာဝင်များကို သင်သိသောမြန်မာမွတ်စလင်မ်တဦးဦးက ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ စကားလုံးအရေးအသားဖြင့်ဖြစ်စေ စော်ကားဖူးပါသလား။
    (၄) သင်လိုအပ်နေချိန်တွင် ဗုဒ္ဓဘာသာဖြစ်လို့ ဆိုကာ လျစ်လျူရှု ခွဲခြားဆက်ဆံခံရဖူးပါသလား။
    ကျနော်ကြီးပြင်းလာသည့် မိသားစု အသိုင်းအ၀ိုင်းတွင် အခြားဘာသာကိုစော်ကား စည်းရုံးနေသည့် လူများမရှိပါ။ ဘာသာရေးခွဲခြားမှုမရှိပါ။ ကျနော် လိပ်ပြာသန့် သည်။ အကယ်၍ စာဖတ်သူသည် ကိုယ်တိုင် စော်ကားခံရဖူး လျှင်ဖြစ်စဉ် အချက်အလက်ဖြင့် ကျနော့်ထံ ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။ အများ စုဖြစ်သည့် အလယ်အလတ် မွတ်စလင်မ်ပြည်သူများနှင့် လက်တွဲ၍ ဗုဒ္ဓဘာသာဝင်များဖက်မှ ရပ်တည်ပါမည်။ ဗုဒ္ဓဘာသာအား စော်ကားခြင်း၊ ခွဲခြားခြင်း၊ အချို့ စွပ်စွဲသည့် “လူမဆန်စွာ စည်းရုံးခြင်း” ဆိုသည့်ပြသနာကို လက်တွဲ တိုက်ဖျက်မည်ဟု ကတိပေး သည်။
    ကျနော်က ဗုဒ္ဓဘာသာကို  မစော်ကားသကဲ့သို့  ကျနော့်သာသနာနှင့် မြန်မာမွတ်စလင်မ်ပြည် သူများအား ကြားဖူးနားဝဖြင့် မုန်းတီးနေခြင်း၊ စော်ကားပြောဆိုနေခြင်း၊ အကြမ်းဖက်ခြင်းများကို ရပ်တံ့ပေးရန် မေတ္တာရပ်ခံပါသည်။
    နေမျိုး
    Photo Credit –Myanmar Muslims Voice FB
  • အပြစ်မဲ့များ လွတ်မြောက်စေချင် (ပေးစာကဏ္ဍ)
    ဒီဇင်ဘာ ၂၈ ၊ ၂၀၁၂
    M-Media
    IMG_0051
    စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသူ (၆) ဦး
    မှတ်ချက် ။ ။ ပေးပို့သူရဲ့ ကင်မရာမှ Date Setting ကြောင့် နေ့စွဲလွဲနေသည် ဖြစ်ကြောင်း အကြောင်းကြားပါသည်။
    ကျွန်တော်တို့ (၆)ဦးတို့သည် ၁၇.၁၂.၂၀၁၂ နေ့က စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ကြပါ သည်။ ဇွန်လက ဖြစ်ပွားခဲ့သော ရခိုင်အကြမ်းဖက်တို့၏ တစ်ဘက်သတ်ဆူပူအုံကြွကြီးသည် ကျွန်တော်တို့၏ ရသေ့တောင်မြို့နယ် ၊အနောက်ပြင်ကျေးသို့ ရောက်ရှိလာခဲ့ပါသည်။ ကျွန်တော်တို့ ရိုဟင်ဂျာလူမျိုးများနေထိုင်သော အနောက်ပြင်ကျေးရွာ၏ အရှေ့ဘက်တွင် မေယုမြစ်ရှိ ကျန်(၃) ဘက်တို့တွင် ရခိုင်ကျေးရွာ(၂၂)ရွာဖြင့် ဝန်းရံလျက်ရှိပါသည်။
    ယခုနှစ် ဇွန်လ(၁၉) ရက်နေ့က ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ ရခိုင်ကျေးရွာသားများနှင့် အနယ်နယ် အရပ်ရပ်မှ ရခိုင်အကြမ်းဖက်များ ကြိုတင်စီမံချက် များကို စနစ်တကျ ပြုလုပ်ပြီး နံနက်(၈း၀၀) နာရီခန့်တွင် အင်အား အလုံးအရင်းနှင့် ကျွန်တော်တို့ ကျေးရွာအား ဝင်ရောက် မီးရှို့ ၊ သတ်ဖြတ်မှုများကို ပြုလုပ်ခဲ့ပါသည်။
    ထိုသို့ ရခိုင်အကြမ်းဖက်တွေရဲ့ ရန်အား ခုခံကာကွယ်ရာမှ ကျွန်တော်တို့ကျေးရွာသား အများအပြားကျဆုံးခဲ့ပြီး ရခိုင် အကြမ်းဖက်သမားများမှာလည်း သေဆုံးမှုများ ရှိကောင်း ရှိနိုင်ပါသည်။ ဤနေရာတွင် ဥပဒေဘက်သားများကို မီးမှောင်ထိုးပြစရာ (၁)ခု အဖြစ်တင်ပြလိုသည်မှာ မိမိကျေးရွာ သားများမှ ရခိုင်ကျေးရွာများသို့ သွားရောက် တိုက်ခိုက်ခြင်းမျိုး မဟုတ်ဘဲ သူတို့လာတိုက် မိမိတို့ဘက် မှ ကိုယ်ကိုကာကွယ် ခုခံရာမှ အကြမ်းဖက်သမားများမှ သေဆုံးခြင်းဖြစ်သည်ကို မြင်စေလိုပါသည်။ ကျွန်တော်တို့ ကျေးရွာနှင့် အနီးစပ်ဆုံး ရခိုင်ရွာဆိုလျှင် မိနစ်(၂၀)ခန့် လျောက်လာရမည်ဖြစ်ပြီး အများသောကျေးရွာများမှာ တစ်မိုင်နှစ်မိုင်ခန့် ပင်ဝေးနေပါသည်။
    IMG_0054
    မတရားအဖမ်းခံခဲ့သည့် မွတ်စလင်မ် အဖိုးအို
    မှတ်ချက် ။ ။ ပေးပို့သူရဲ့ ကင်မရာမှ Date Setting ကြောင့် နေ့စွဲလွဲနေသည် ဖြစ်ကြောင်း အကြောင်းကြားပါသည်။
    အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် (၁၁)နာရီခန့်တွင် တပ်ရင်း(၅၃၈) မှ လုံခြုံရေး အင်အား (၃၀)ကျော်ရောက်ရှိလာခဲ့သည်။ နောက်တစ်နေ့ ၂၀.၆.၁၂ နေ့တွင် ရဲလုံခြုံရေးများရောက်ရှိလာခဲ့ပါ သည်။ သူတို့ရောက်ရှိလာပြီး ကျွန်တော်တို့ အပြစ်မဲ့ ကျေးရွာသူသားများကို  ဖမ်းဆီးခဲ့ရာ လူမမယ် နှင့် ကျွန်တော်တို့ လို ကျောင်းသားအပါအဝင် သက်ကြီးရွယ်အို (၂၀၀)ခန့် အားဖမ်းဆီးခေါ်ဆောင်သွားပြီး ရဲ လုံခြုံရေးသည် ၄င်းတို့ ကိုယ်တိုင် ညုင်းပန်းသည့်အပြင် အရပ်သားရခိုင် အကြမ်းဖက်သမားများအား လည်း ရိုက်နှက်သတ် ပုတ်ခြင်းများကို ပြုလုပ်စေပါသည်။
    ထိုနောက် ကျွန်တော်တို့ကို စစ်တွေအကျဉ်းထောင်သို့ ပို့ခဲ့ပါသည်။ လမ်းခုလမ်းတွင်လည်း နည်းမျိုးစုံဖြင့် ရက်စက်သောကြောင်း သွားကျိုးသူကျိုး ၊ အတွင်း ဒဏ်ရာရသူရ နှင့် စစ်တွေအကျဉ်း ထောင်သို့ ကျွန်တော်တို့ကျေးရွာသား (၁၇၅)ဦး ရောက်ရှိလာခဲ့ပါသည်။
    ကျွန်တော်တို့ အကျဉ်းသားများအား မတရားချုပ်နှောင်းထား၍ လူမဆန်စွာ သတ်ပုတ် ရိုက်နှက်မှုများ ကိုပြုလုပ်ကြပါသည်။ ထိုအထဲတွင် ညုင်းပန်းမှု ဒဏ်ကြောင့်(၂)ဦးဆုံးသွားပါသည်။ ထောင်ထဲတွင် နည်းမျိုးစုံဖြင့် ရက်စက်၍ မပြီး ၊ တရားရုံး တင်သောအခါတွင် တရားခွင်ရှိ တရားသူကြီး၏ ရှေ့မှောက် ၊နောက်ကွယ်တွင် ပင် အရပ်သားများမှ ဝင်ရောက် ရိုက်နှက်မှုများကို ပြုလုပ်ကြပါသည်။အခုလို ညုင်းပန်းမှုမျိုး အဘယ်မှာ ရှိအံနည်း ကျွန်တော်တို့ အဖွဲ့ အကျဉ်းသား (၁၇၅) ဦးမှာ ခိုးကိုးရာမဲ့ အကျဉ်းသား ဘဝနှင့်နေခဲ့ရပါသည်။ ပြင်ပမှ ထောင်ဝင်စာ လည်းမရှိပါ။
    ဘယ်ဘဝမှ ဝဋ်ကြွှေးပါနည်း ဤမျှနှင့် တန်ပါစေ ငရဲမှသာ ကင်းလွတ်ခွင့်ရမည်ဆိုသော်လည်း ဝဋ် ဆိုသည်မှာ           လည်စမြဲပါ..
    တစ်လှည့်ခံရမည်မှာ သေချာပါသည်။
    ကျွန်တော်တို့လွတ်မြောက်လာသလို့ ကျန်ရှိနေသော ကျွန်တော်တို့၏ ကျေးရွာသားများ အပြစ်မဲ့သားကောင်းများလည်း ကျွန်တော်တို့နည်းတူ လွတ်မြောက်စေချင်ပါသည်။
    ထောင်မှလွတ်မြောက်လာသူ(၆)ဦး၏ အမည်များမှာ-
    (၁) မုဟမ္မဒ် အာယွဘ်    (ဘ) ဦးအဒူဟာရှိမ်း             အသက်    (၁၈)နှစ်
    (၂) မုဟမ္မဒ် အာမင်း     (ဘ) ဦးဂျာလာလ်               အသက်    (၁၇)နှစ်
    (၃) အဒူရော်ရှိတ်        (ဘ) ဦးဂုလ္လာလ်ဟူးဆောင်း   အသက်    (၅၈)နှစ်
    (၄) အဒူဆလာမ်         (ဘ) ဦးအာလီအာမာတ်        အသက်    (၃၀)နှစ်
    (၅) မုဟမ္မဒ် အီနူစ်         (ဘ) ဦးဖေါ်ဇော်လောက်      အသက်     (၃၅)နှစ်
    (၆) အဒူဆလာမ်           (ဘ) ဦးဇော်လာလ်ဒိန်        အသက်      (၅၈)နှစ်
    ** တရားဥပဒေမဲ့ ဖမ်းဆီးခံရပြီးလွတ်မြောက်လာသူ တဦးရဲ့ M-Media ကို ပေးပို့လာတဲ့ ပေးစာဖြစ်ပါတယ်။
    မှတ်ချက် ။ ။ ပေးပို့သူရဲ့ ကင်မရာမှ Date Setting ကြောင့် နေ့စွဲလွဲနေသည် ဖြစ်ကြောင်း အကြောင်းကြားပါသည်။
  • ရခိုင်ပြည်နယ်မှ ရာဇဝတ်မှုများ အမှု့မှန်ပေါ်ရေးအတွက် ပြည်သူတဦးမှ အိတ်ဖွင့်ပေးစာ သမ္မတထံပို့
    ရခိုင်ပြည်နယ်မှ ရာဇဝတ်မှုများ အမှု့မှန်ပေါ်ရေးအတွက် ပြည်သူတဦးမှ အိတ်ဖွင့်ပေးစာ သမ္မတထံပို့
    “ရခိုင်ပြည် ကျောက်နီမော်နှင့် တောင်ကုတ်မြို့များတွင် ဖြစ်ပွါးခဲ့သော လူသတ်မှုများနှင့် ပက်သက်၍ အမှုမှန်ပေါ်ပေါက်ရေး ပြန်လည်စစ်ဆေးပေးပါရန် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သို့ တင်ပြတောင်းဆိုခြင်း”
    သို့
    ဦးသိန်းစိန်
    နိုင်ငံတော် သမ္မတ
    သမ္မတရုံး၊ နေပြည်တော်
    မှ
    ဦးကျော်ဦး
    အမှတ် ၂၃၂-၈၃ လမ်း၊ ၂၇-၂၈ လမ်းကြား
    မန္တလေးမြို့။
    ရက်စွဲ။ ။ ၂၀၁၂ ခု အောက်တိုဘာ (၂၇) ရက်
    အကြောင်းအရာ။        ။ ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာနှင့် တောင်ကုတ်မြို့များတွင် ဖြစ်ပွါးခဲ့သော လူသတ်မှုများကို အမှုမှန်ပေါ်ပေါက်ရေး၊ တရားခံ အစစ် အမှန် ဖေါ်ထုတ်ရေးအတွက် အထူးခုံရုံး ဖွဲ့စည်း၍ နိုင်ငံတော်အဆင့် တရားသူကြီးများဖြင့် အများပြည်သူ ရှေ့မှောက်တွင် ထင်သာမြင်သာရှိစွာ ပြန်လည် စစ်ဆေးပေးပါရန်-
    သမ္မတကြီးခင်ဗျား-
    ရိုသေ လေးစားစွာ စာရေးတင်ပြ တောင်းဆိုပါသည်။
    ၁။ ကျွန်တော်သည် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တစ်ဦး ဖြစ်ပါသည်။ ကျွန်တော်၏ မိဘ ဘိုးဘွားမှစ၍ မြန်မာနိုင်ငံသားများ ဖြစ်ကြပြီး ကျွန်တော် ယခုနေထိုင်သောမြေနေရာတွင် မန္တလေးမြို့ စတင်တည်ထောင်စဉ်ကပင် နေထိုင်ခဲ့ပါသညါ။ ကျွန်တော်၏ ဘိုးဘေးများသည် မင်းတုန်းမင်းလက်ထက် မင်းမငထမ်းများ ဖြစ်ပါသည်။ ကျွန်တော်တို့၏ မူလ ဘိုးဘေးအဆက်အသွယ်များသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော် အင်းဝခေတ်ကတည်းက အင်းဝမြို့တောင်ဘီလူးရပ်တွင် နေထိုင်ခဲ့ကြပါသည်။ အင်းဝမြို့တောင်ဘလူး(တောင်ဘီလူး) ရပ်ကွက်တွင် ယနေ့အထိ ဗလီတွင်းဟု အရပ်ကခေါ်နေသည့် ရေတွင်းတစ်တွင်း ရှိပါသည်။ ထိုရေတွင်းနှင့် မလှမ်းမကမ်းတွင် အင်းဝခေတ်က ကျွန်တော်တို့၏ ဘိုးဘေးများ ဝတ်ပြုခဲ့သည့် ရှေးဟောင်းဗလီ၏ အုတ်မြစ်အုတ်ရိုးများ ရှိနေပါသည်။ တောင်ဘလူရပ်မှ မြန်မာ့ရိုးရာ ယွန်းပညာရှင် ကိုဇော်မင်းထွန်း၏ အိမ်အနီးတွင် အင်းဝခေတ် တောင်ဘလူဗလီ၏ အုတ်ရိုးအစအန အကြွင်းအကျန်များ ယနေ့တိုင် တွေ့ရှိနိုင်ပါသေးသည်။ အင်းဝမြို့မြစ်သာရပ်တွင်လည်း ကျွန်တော်တို့၏ ရှေးဟောင်းမျိုးဆက်များ ယနေ့တိုင်နေထိုင်လျှက် ရှိကြပါသည်။ ဤသို့ ရှည်လျားစွာ တင်ပြနေရခြင်းမှာ ယခု သမ္မတကြီးထံ စာရေးနေသူသည် သမ္မတကြီး အုပ်ချုပ်နေသည့် နိုင်ငံ၏ နိုင်ငံသားစစ်စစ် တစ်ဦးဖြစ်ကြောင်း သိစေလို၍ ဖြစ်ပါသည်။
    ၂။ သမ္မတကြီးထံ ယခုလို စာရေးသား တင်ပြရခြင်းမှာလည်း သာမန်ရေးရိုးရေးစဉ် လုပ်ငန်းသဘော ရေးနေခြင်းမဟုတ်ပါ။ ယခု အသက်အရွယ်အထိ ကျွန်တော်သည် နိုင်ငံတော် အကြီးအကဲ အပါအ၀င် အုပ်ချုပ်ရေး အာဏာပိုင် အဆင့်ဆင့်ထံ စာရေးတင်ပြသည်ဟူ၍ မရှိခဲ့ဘူးပါ။ ထိုသို့ မရေးခဲ့ခြင်းမှာ ရေးစရာအကြောင်း မရှိ၍  မဟုတ်ပါ။ ကျွန်တော့် တစ်သက်တာကြုံတွေ့ခဲ့ရသော နိုင်ငံရေး၊လူမျိုးရေး၊ သာသနာရေး၊ အမျိုးသားရေး ကိစ္စများနှင့် ပက်သက်၍ နိုင်ငံတော်သို့ တင်ပြစရာ၊ အသိပေးစရာများ ကြုံခဲ့ ရှိခဲ့ပါသည်။ သို့သော် ကျွန်တော်ရေးသည့်စာ အမှိုက်ခြင်းထဲ ရောက်မှာကို သိထားသောကြောင့် မရေးခဲ့ခြင်း ဖြစ်ပါသည်။ ယခုသမ္မတကြီးမှာ ပြုပြင်ပြောင်းလဲရေးကို ကမ္ဘာသိ ကြွေးကြော်ပြီး ကမ္ဘာကလက်ခံအောင်လည်း လုပ်ပြသော၊ ယခင်ခေါင်းဆောင်များနှင့် ဘယ်လိုမှ မယှဉ်နိုင်သော သမ္မတကြီး ဖြစ်ပါသည်။
    သမ္မတကြီး၏ အောင်မြင်မှုများအတွက် နိုင်ငံသားတစ်ယောက် အနေနှင့် ရင်ထဲ အသဲထဲက ဂုဏ်ယူမိပါသည်။
    သမ္မတ သက်တမ်း ကုန်ဆုံးသည်အထိ ယခု အရှိန်အဟုန်အတိုင်း အောင်မြင်မှု သရဖူ ဆောင်းနိုင်ရန် မျှော်လင့်  ဆုတောင်းမိပါသည်။
    သမ္မတကြီးကို မိဘသဖွယ် သဘောထားပြီး အားကိုးတကြီး တင်ပြနေခြင်း ဖြစ်သည်ကိုလည်း လက်ခံစေချင်ပါသည်။
    ၃။ သမ္မတကြီးခင်ဗျား။ ဒီနေ့ဟာ ကျွန်တော်တို့ အစ္စလာမ် ဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ် အီးဒ်နေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ မွတ်စလင်မ်များအတွက် တစ်နှစ်မှာ နှစ်ရက်ဘဲရှိတဲ့ တရားဝင် ပျော်ပွဲရွှင်ပွဲရဲ့ ရက်တစ်ရက် ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မပျော်နိုင်ပါဘူး။ ကျွန်တော်တို့ ဆိုရာမှာ မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ ရှိနေတဲ့ မွတ်စလင်မ်အားလုံးကို ဆိုလိုတာပါ။ နိုင်ငံတော်က အီးဒ်လုပ်ဖို့ ခွင့်ပြုတယ်လို့ ဆိုတယ်။ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းခေါင်းဆောင်များက လုံခြုံရေးမရှိလို့ အီးဒ်မလုပ်ပါနဲ့လို့ ကြေညာတယ်။ တကယ်လဲ အစ္စလာမ်ကို ဦးတည်ထိုးနှက်နေတဲ့ လှုပ်ရှားမှုများကို နေရာ အတော်များများမှာ တွေ့နေရပါတယ်။ ဒီလို ထိလွယ်ရှလွယ် အနေအထားမှာ ဘာသာရေး အဖွဲ့ကြီးက အီးဒ်မလုပ်ပါနဲ့လို့ ကြေညာတာလဲ အပြစ်ပြောလို့ မရပါဘူး။
    ၃။ ကျွန်တော်တို့ ဘာကြောင့် ဒီအဖြစ်မျိုး ကြုံရတာလဲ။ ဒီကနေ့ မနက်မိုးလင်းကတည်းက ကျွန်တော့်ခေါင်းထဲမှာ ဒီမေးခွန်းပဲ ရှိနေပါတယ်။ ကျွန်တော်တို့ ဘာအပြစ်လုပ်မိသလဲ။ ကျွန်တော်တို့ ဘာမှားနေသလဲ။ ကျွန်တော်တို့ ဘယ်လောက်များ ကြီးလေးတဲ့ ပြစ်မှုတွေ ကျူးလွန်မိလို့ ခုလို မလုံမခြုံဘ၀ကို ရောက်ရတာလဲ။
    ကျွန်တော်ကိုယ်တိုင် ယခုအသက် ၅၀ ကျော်သည်အထိ ရာဇ၀တ်မှု တစ်စုံတစ်ရာကြောင့် ပြစ်ဒဏ်ကျခံခဲ့ဖူးခြင်း မရှိဖူးပါ။ နိုင်ငံသားကောင်းပီသစွာ တစ်သက်တာ နေထိုင်ခဲ့ပါတယ်။ မိဘကအစ ဆွေမျိုးသားချင်း အများအပြားဟာ နိုင်ငံ့ဝန်ထမ်းများ ဖြစ်ပြီး ရာဇ၀တ်မှု အမျိုးမျိုးနဲ့ ကင်းသူများ ဖြစ်ပါတယ်။ ကျွန်တော့် ပတ်ဝန်းကျင် ကျွန်တော့်အသိုင်းအ၀ိုင်းမှာလည်း  ဥပဒေလေးစား လိုက်နာသူများ၊ ကောင်းရောင်း ကောင်းဝယ်  သမာအာဇီဝလုပ်ကိုင် စားသောက်သူများချည်း ဖြစ်ပါတယ်။ သူတို့အားလုံးလည်း ဒီကနေ့ မပျော်နိုင်ကြပါဘူး။
    ၄။ ဒီကနေ ဖြစ်နေတဲ့ အခြေအနေအရပ်ရပ်ဟာ ကျွန်တော် ယခုတင်ပြတဲ့ မသီတာထွေးအသတ်ခံရမှုကို အခြေခံပါတယ်။ မသီတာထွေး အသတ်ခံရတဲ့အတွက် တောင်ကုတ်မြို့မှာ အပြစ်မဲ့တဲ့ အစ္စလာမ်ဘာသာဝင် နိုင်ငံသား (၁၀)ဦး အသတ်ခံရပါတယ်။ အဲဒီအပြစ်မဲ့နိုင်ငံသား (၁၀) ဦးဟာ ရက်ရက်စက်စက် အသတ်ခံရပြီးနောက် မပြီးသေးဘဲ သူတို့အကြောင်း သတင်းစာမှာ ဖေါ်ပြရာမှာ “မူစလင်ကုလား” တွေလို့ ဒုတိယအကြိမ် ရက်ရက်စက်စက် အစော်ကား ခံကြရပါတယ်။  အပြစ်မဲ့ အသတ်ခံရသူတွေကို “မူစလင်ကုလား”တွေလို့ ရေးတာ သိပ်ရင့်သီးလွန်းပါတယ်လို့ တင်ပြတော့ “ပြည်တွင်းနေ မွတ်စလင်မ်များ” ဆိုပြီး ပြင်ပေးတယ်။ ပြည်တွင်းနေ မွတ်စလင်မ် ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်က စဉ်းစားကြည့်ရင် “မူစလင်ကုလား” ဆိုတာထက် ပိုပြီး ဆိုးရွားပါတယ်။ အပြစ်မဲ့ ရက်ရက်စက်စက် အသတ်ခံရပြီးတဲ့နောက်မှာ မြန်မာနိုင်ငံသား (၁၀)ဦးဟာ “နိုင်ငံမဲ့တွေ” အဖြစ် ကြေညာခံရတယ်လို့ ကျွန်တော်တို့ အဓိပ္ပါယ် ကောက်လို့ ရပါတယ်။ တတိယမြောက် ရက်စက်စော်ကားခံရတာပါ။
    ဒီလိုလူဗိုလ်ပုံအလယ်မှာ အပြစ်မဲ့တဲ့လူ(၁၀)ယောက်၊ (၁၁)ယောက်ကို မျက်မြင်သက်သေမရှိအောင် သတ်နိုင်ခြင်းဟာ နောက်ပိုင်း ယနေ့ ထိ လူစုလူဝေးနဲ့  အနိုင်ကျင့် လုယက်သတ်ဖြတ်မှုတွေကို လက်ရဲဇက်ရဲဖြစ်အောင် မီးစိမ်းပြလိုက်ခြင်းသာ ဖြစ်တယ်လို့ ဆိုရင် ဘယ်သူမှငြင်းနိုင်မှာ မဟုတ်ပါဘူး။ ဒီအမှုရဲ့  တရားခံအစစ်အမှန်တွေနဲ့  နောက်ကွယ်က သွေးထိုးလှုံ့ ဆော်သူတွေကို တရားခွင် မတင်နိုင်မခြင်းလည်း ရခိုင်ပြည်ဟာ အေးချမ်းမှာ မဟုတ်ပါဘူး။ ဒီလိုဘဲ ကျွန်တော်အနေနဲ့  တိတိကျကျ ယုံကြည်လို့  သမ္မတကြီးထံ တင်ပြတောင်းဆိုနေခြင်းဖြစ်ပါတယ်။
    ၇။ ဒီအမှုနှစ်ခုကို  ပြန်လည်စစ်ဆေးတဲ့အတွက် ရရှိမဲ့အကျိုးရလဒ်တွေကို  ကျွန်တော်နေတဲ့ အကျယ်တ၀ံ့ရေးလိုလှပါတယ်။ ဒါပင်မဲ့ သမ္မတကြီးရဲ့ တန်ဖိုးရှိလှတဲ့ အချိန်နာရီ မိနစ်တွေကို ထောက်ထားပြီး  ဒီမျှဘဲ တင်ပြလိုက်ပါတယ်။
    ၉။ တပြိုင်နက်မှာဘဲ ဒီအမှုတွေကို ပြန်လည် စစ်ဆေးပြီး လုံလောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ မပြုမချင်း၊ တခြားတိုင်းနဲ့ ပြည်နယ်များမှာ နေထိုင်ကြတဲ့ ကျွန်တော်တို့ မြန်မာမွတ်စလင်မ်များဟာလည်း သမ္မတကြီး ဦးဆောင် တည်ထောင်တဲ့ ဒီမိုကရက်တစ် လူ့ဘောင်ကြီးထဲမှာ အားကိုးရာမဲ့ မျက်နှာငယ်ရတဲ့ ဘ၀၊ လုံခြုံမှု မရှိတဲ့ ကျီးလန့်စာစားဘ၀၊ မျှော်လင့်ချက်မဲ့ အနာဂတ် ပျောက်ဆုံးတဲ့ဘ၀များနဲ့ ဆက်လက်ရင်ဆိုင်ကြရဦးမှာဘဲ ဆိုတာကို ၀မ်းနည်းကြေကွဲစွာ အသိပေးတင်ပြလိုက်ရပါတယ်။
                                                                                           လေးစားစွာဖြင့်
                                                                                            ကျော်ဦး
                                                                                     EMDY -၃၅၁၉၁၇
                                                                 အမှတ်(၂၃၂) ၈၃လမ်း၊ ၂၇x၂၈လမ်းကြား မန္တလေးမြို့
                                                                 ခေတ္တ- အမှတ်(၁၀၃) ၊ ၅ရပ်ကွက် ၊ ရကက(၃)
                                                                            ပြင်ဦးလွင်မြို့