News @ M-Media

Category: M-Media Blog

  • “လူထဲက…လူ” (M-Media Blog ကဏ္ဍ- ကဗျာ)

    မေ-၂-၂၀၁၃
    M-Media
    အိမ်ဝေးသူ (KZ)

    Lu

     
    လူ…ဆိုတာ
    လူ…ကို
    ကာကွယ်…ရမယ်။

    တကယ်ဆို
    “လူသားဆန်ခြင်း” မုခ်ဝ အောက်မှာ
    လူဟာ…အဖြူအမည်း ခွဲခြားစရာမလိုဘူး
    လူဟာ…ဟိန္ဒူ၊ ဗုဒ္ဓ အငြင်းပွားစရာမလိုဘူး
    လူဟာ…မွတ်စလင်မ်၊ ခရစ်ယာန် သွေးကွဲစရာမလိုဘူး။

    ခုတော့ကွယ်…
    လူ့မျက်နှာပျောက်နေတဲ့…..လူ
    လူ့ ဖြစ်တည်မှုကို မေ့လျော့ထားတဲ့…လူ
    လူ့ကျင့်ဝတ်ကို ဥပေက္ခာပြုထားတဲ့…လူ
    အဲဒီလူသေးသေးလေးတွေရဲ့ လူမဆန်မှုကြောင့်
    အခြား…လူသေးသေးလေးတွေရဲ့ ရင်ဘတ်ထဲက
    နှလုံးသားအကြီးကြီးတွေ ငိုချင်းချရတာ များလှပြီ။

    သြော်…
    လူ…လူ့ …လူး တွေကြောင့်
    လူး..လွန့်…လွန်း…နေရတဲ့…လူ့ ဘဝတွေများကွယ်။

  • ငါဧည့်သည်ပါ (ကဗျာ- လဂွန်းအိမ်)

    ငါဧည့်သည်ပါ (ကဗျာ- လဂွန်းအိမ်)

    ဧပြီ ၃၀-၂၀၁၃
    ငါငယ်ငယ်ကလေ
    ငါ့နိုင်ငံမြေပုံ
    အဲလေ….ဆောရီး
    မင်းတို့နိုင်ငံမြေပုံကို
    အလွတ်ဆွဲနိုင်အောင်လေ့ကျင့်ခဲ့တယ်
    ခုထိအလွတ်ရနေသေးတယ်

    ငါငယ်ငယ်က
    ပညာရည်ချွန်ဆုပေးပွဲတိုင်းမှာ
    ငါတို့အမျိုးသားဝတ်စုံ
    အဲလေ….ဆောရီး
    မင်းတို့အမျိုးသားဝတ်စုံနဲ့
    အမြဲဆုတက်ယူခဲ့ဖူးတယ်

    ငါငယ်ငယ်က
    အရပ်ရှည်လို့
    စာရလို့ဆိုပြီး
    ဆရာမတွေက မော်နီတာခန့်တယ်
    ငါတို့နိုင်ငံတော်အလံ
    အဲလေ….ဆောရီး
    မင်းတို့နိုင်ငံတော်အလံကို
    အလေြး့ပုတဲ့အခါ
    ငါတို့နိုင်ငံတော်သီချင်း
    အဲလေ….ဆောရီး
    မင်းတို့နိုင်ငံတော်သီချင်းကို
    ငါ့အသံနဲ့တိုင်ပေးခဲ့ရတယ်

    ငါငယ်ငယ်က
    ငါတို့နိုင်ငံအတွက်
    အသက်စွန့်သွားခဲ့တဲ့
    အာဇာနည်ကိုးဦးအတွက်
    အဲလေ….ဆောရီး
    မင်းတို့နိုင်ငံအတွက်
    အသက်စွန့်သွားခဲ့တဲ့
    အာဇာနည်ခုနစ်ဦး
    ကုလားရာဇတ်နဲ့ ကိုထွေးကို
    ဖယ်လိုက်တယ်ကွာ
    သူတို့အတွက်ပန်းချီပြိုင်ပွဲပထမဆုကို
    ယူပေးခဲ့ဘူးတယ်
    ကျောင်းမှာ ပန်းချီဆွဲတဲ့ကောင်မရှိဘူးလေ
    ငါပဲဆွဲပေးခဲ့ရတယ်

    ငါငယ်ငယ်ကလေ
    ငါ့နိုင်ငံရဲ့သမိုင်းကိုသင်ရင်
    ဆောရီးကွာ
    မင်းတို့နိုင်ငံရဲ့သမိုင်းကိုသင်ရင်
    သိပ်စိတ်ဝင်စားတာပဲ
    ငါတို့သူရဲကောင်းတွေအကြောင်း
    ဆောရီး
    မင်းတို့သူရဲကောင်းတွေအကြောင်း
    ငါသိပ်စိတ်ဝင်စားတာပဲ
    ဒါကြောင့် ငါ့အနုပညာနာမည်က
    လဂွန်းအိမ် ရယ်လို့ဖြစ်ခဲ့တယ်
    မင်းတို့သတိမထားမိတဲ့
    အလောင်းဘုရားရဲ့ သူရဲကောင်း
    မင်းလှနော်ရထာအကြောင်း
    အိုးဝေဦးညိုမြရဲ့
    ကုန်းဘောင်ရှာပုံတော်မှာဖတ်မိတော့
    သစ္စာရှိလွန်းလို့
    သစ္စာဖေါက်ဖြစ်သွားတဲ့ သူရဲကောင်းကြီးအကြောင်း
    ငါသံဝေဂရခဲ့တယ်

    အခုလား
    ငါ့နိုင်ငံကသူရဲကောင်းတွေအကြောင်း
    ဆောရီး
    မင်းတို့နိုင်ငံက သူရဲကောင်းတွေအကြောင်း
    ရုပ်ရှင်ကာတွန်းဇာတ်လမ်းရေးနေတယ်ကွာ
    သူရဲကောင်းတို့ပုံရိပ်များအမည်နဲ့ပေါ့
    ငါ့နိုင်ငံရဲ့ သဘာဝအလှတွေ
    ဆောရီးကွာ
    မင်းတို့နိုင်ငံရဲ့ သဘာဝအလှတွေကို
    ငါပန်းချီရေးနေတယ်
    ဆောရီးပါသူငယ်ချင်းတို့ရာ
    ငါ့ကိုယ်ငါ ဧည့်သည်လို့
    အခုမှသိရတဲ့အတွက်
    ငါ့နိုင်ငံလို့မပြောတော့ဘူး
    ငါ့နိုင်ငံမဟုတ်တဲ့နိုင်ငံရဲ့အရေးကိစ္စတွေကိုလဲ
    ငါဝင်မပါမိအောင် စိတ်မွေးနေပါပြီ
    ငါဧည့်သည်ပါ

  • အစ္စလာမ်ဆန့်ကျင်ရေး ရုပ်ရှင်ထုတ်လုပ်ခဲ့သူ အစ္စလာမ်သို့ သက်ဝင် ယုံကြည်လာသူဖြစ်လာပြီးနောက် ၊ တမန်တော် ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ပြီး တမန်တော်အား ရည်စူးတောင်းပန်ခဲ့

    ဧပြီ ၂၂ ၂၀၁၃

    M-Media
    fp02_big
    အစ္စလာမ်အား တစ်ဖက်သတ်ကြောက်ရွံ့စော်ကားနေသူ အစွန်းရောက် ဒတ်ခ်ျနိုင်ငံရေးသမား Geert Wilders ၏ပါတီ၌ ဦးဆောင်အဖွဲ့ဝင်ဟောင်း  Arnoud Van Doorn သည် လွန်ခဲ့သည့်လက အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်လိုက်သည်။ သူသည် အစ္စလာမ်သာသနာနှင့် တမန်တော် Muhammad အား စော်ကားသည့် ရုပ်ရှင်ထုတ်လုပ်ခဲ့သူ တစ်ဦး ဖြစ်သည်။ ယင်းရုပ်ရှင်အား ကမ္ဘာတစ်ဝှန်း၏ ပြစ်တင် ရှုတ်ချမှုကြောင့် အစ္စလာမ့် တမန်တော်အကြောင်းကို လေ့လာရာမှ အစ္စလာမ်အား လက်ခံသက်ဝင် လိုက်ခြင်းဖြစ်သည်ဟု သူက ဆိုသည်။

    The Hague City Council အကြံပေးအရာရှိ နှင့် နယ်သာလန်နိုင်ငံ ပါလီမန်အဖွဲ့ဝင် ဒတ်ခ်ျအမျိုးသား Doorn သည် မိမိ၏ Twitter ကိုယ်ပိုင်စာမျက်နှာမှ အစ္စလာမ်ကိုလက်ခံသည့် ဆုံးဖြတ်ချက်နှင့်အတူ အရဗီဘာသာဖြင့် အစ္စလာမ့်ယုံကြည်ချက်ဆိုင်ရာ သက်သေခံစကားအား ဖော်ပြခဲ့သည်။ ထိုသတင်းကို ကနဦးပိုင်းတွင် အခြားသူများက သူ၏ နောက်ပြောင်မှုဟု ထင်မှတ်ခဲ့ကြသည်။ ၄င်းနောက် အစ္စလာမ်အား လက်ခံကျင့်သုံးမည့် မိမိ၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ကြောင်း Doorn က မြို့တော်ဝန်ထံ တရားဝင်အကြောင်းကြားစာ ပေးပို့ခဲ့သည်။ များမကြာသေးမီကပင် မိမိ၏ လုပ်ငန်းခွင်အတွင်း မိမိအား ၀တ်ပြုခွင့်ပြုရန်ကိုလည်း လျှောက်ထားတင်ပြလိုက်သည်။

    အင်္ဂလိပ်ဘာသာဖြင့်တင်ဆက်သည့် Al-Jazeera Channel ထံ သူမှ ဤသို့ပြောကြားသည်။

    Far-right-Dutch-Politician-Reverts-to-Islam

    “ ဒါဟာ လူအတော်များများအတွက် မျှော်လင့်မထားတဲ့ကိစ္စဖြစ်နေတော့ လူတွေ သံသယ၀င်နေကြတာကို ကျွန်တော် နားလည်ပါတယ်။ ဒီကြီးကျယ်တဲ့ဆုံးဖြတ်ချက်ကို ကျွန်တော် ပေါ့ပေါ့တန်တန် ချခဲ့ရတာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ကုရ်အာန်ကျမ်း၊ ဟဒီးဆ်(တမန်တော့်သြ၀ါဒ)၊ စွန္နဟ်(တမန်တော့်ဓလေ့နည်းနာ) နဲ့ အခြား(အစ္စလာမ်)ကျမ်းဂန်များကို တစ်နှစ်နီးပါး ထဲထဲဝင်ဝင် သုတေသနပြုလေ့လာခဲ့တယ်ဆိုတာ ကျွန်တော့်ရဲ့အရင်းနှီးဆုံးလူတွေ သိကြပါတယ်။ ဒါ့အပြင် မွတ်စ်လင်မ်တွေနဲ့ ဘာသာတရားအကြောင်း ဆွေးနွေးခဲ့တာလည်း မနည်းမနောပါဘဲ။ လူနည်းစုတစ်ချို့က ကျွန်တော့်ကို သစ္စာဖောက်လို့ ဆိုကြတယ်။  ဒါပေမယ့် လူတော်တော်များများကတော့ ကျွန်တော်ဟာ သိပ်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခု တကယ်လုပ်နိုင်ခဲ့ပြီလို့ သတ်မှတ်ကြပါတယ်။ အစ္စလာမ်အပေါ် အဆိုးမြင်စေတဲ့ ဖြစ်ရပ်အမြောက်အများ ကျွန်တော် ကြားနေခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ကိုယ်တိုင်ဆန်းစစ်လေ့လာမှုမလုပ်ဘဲ လူတွေရဲ့အထင်အမြင်နောက်ကို လိုက်တတ်တဲ့လူစား မဟုတ်ဘူးလေ။ ဒါ့ကြောင့် စူးစမ်းလိုစိတ်သက်သက်နဲ့ အစ္စလာမ့်အကြောင်းပိုသိလာအောင် နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့တာပါ။ မြောက်များစွာသောလူတွေအတိုင်း အမှားအယွင်းတွေကျူးလွန်ခဲ့မိတာဖြစ်ပေမယ့် ဒီမှားယွင်းမှုထဲကနေ သင်ခန်းစာအများကြီး ရခဲ့ပါတယ်။ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လိုက်တဲ့အတွက် ကျွန်တော့်အဖို့ အဆုံးသတ်လမ်းစဉ်မှန်တစ်ခု ရှာဖွေတွေ့ရှိသွားတယ်လို့ ခံစားရပါတယ်။ ဒါဟာ ခြေလှမ်းသစ်တစ်ရပ်ဖြစ်ပြီး ထပ်မံလေ့လာသင်ကြားဖို့လိုအပ်နေသေးကြောင်းကိုလည်း နားလည်ခဲ့ပါတယ် ”။

    Doorn သည် မိမိပါတီ၏ အစ္စလာမ်ဆန့်ကျင်ရေးလမ်းစဉ်ကြောင့် သာသနာနှင့်စပ်လျဉ်းသော အမှန်တရားအား မိမိဖာသာ တူးနှိုက်ထုတ်ဖော်ရန် စိတ်ပိုင်းဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။ လူချင်းမမြင်ဖူးသော သူ၏ Twitter မိတ်ဆွေအမြောက်အများကလည်း သူ့အနေအထားကို နားလည်ကြောင်း၊ သူ့ရွေးချယ်မှုးကို ထောက်ခံကြောင်း အားပေးခဲ့ကြသည်။

    တစ်ချိန်က Freedom Party အဖွဲ့သားဖြစ်ခဲ့ခြင်းအပေါ် နောင်တရမရကို မေးမြန်းရာ “ ဘ၀ရဲ့ကြုံတွေ့မှုမှန်သမျှမှာ ရည်ရွယ်ချက်ကိုယ်စီ ရှိနေကြောင်း ကျွန်တော် နားလည်ခဲ့ပါပြီ။ ဒါပေမယ့် အခုအချိန်လို သိမြင်နားလည်ထားခဲ့ယင်တော့ ကျွန်တော်ဟာ တခြားလမ်းကြောင်းတစ်ခု ရွေးချယ်ဖြစ်ခဲ့မယ်ဆိုတာ သံသယဖြစ်စရာတောင် မလိုပါဘူး ” ဟု ဖြေဆိုခဲ့သည်။

    Arnoud Van Doorn သည် မဒီနဟ်မြို့တော်ရှိ တမန်တော့်ဗလီဝတ်ကျောင်းသို့သွား၍ အစ္စလာမ့်စော်ကားမှု ရုပ်ရှင်ကဏ္ဍ၌ ပါဝင်ဆောင်ရွက်မိသည့်အပေါ် အထူးဝမ်းနည်းကြေကွဲရကြောင်း တမန်တော်အား ရည်ညွှန်းတိုင်တည်ပြောဆိုခဲ့သည်။ မဒီနဟ်ဝတ်ကျောင်းမှ အိမာမ်(ရှေ့ဆောင်ဆရာတော်)နှစ်ပါးထံ မွတ်စ်လင်မ်ကောင်းတစ်ဦးဖြစ်လာရေး၊ အနောက်တိုင်းတွင် အစ္စလာမ့်လမ်းစဉ်ဖြင့် အဆင်ပြေအောင် နေထိုင်ကျင့်သုံးနိုင်ရေးအတွက် လမ်းညွှန်ချက်ခံယူပြီးနောက် ၊ မက္ကဟ်မြို့သို့ထွက်ခွာကာ အွမ္မရဟ် (တာဝန်မဟုတ်သော ဟဂ်ျအငယ်စား ကျင့်ဝတ်)ကို ပြုကျင့်ဆောင်ရွက်ခဲ့သည်။

    Okaz/Saudi Gazette

  • အပယ်ခံ (ကဗျာ- M-Media Blog ကဏ္ဍ)

    ရေးသူ- အောင်ဇော်

    never-give-up

    ဒီမြေမှာ မွေးဖွားပြီး
    ဒီမြေမှာ ခေါင်းချစရာလေး တနေရာအတွက်
    ငြင်းပယ်ခံရတဲ့ ငါတို့ရဲ့ဘ၀……

    ဒီမြေမှာ လူဖြစ်ရပေမဲ့
    ဒီမြေမှာ ငါတို့ရဲ့ ခြေအစုံတွေ
    ရပ်တည်ခွင့် မရတဲ့ဘ၀…..

    ဒီမြေမှာ အသက်ရှင်သန်နေလျှက်
    လွတ်လပ်စွာ နေထိုင်သွားလာခွင့်
    မရတဲ့ ငါတို့ရဲ့ ဘ၀…..

    ဒီမြေမှာ ငါတို့ရှိနေပေမဲ့
    ငါတို့ရဲ့ အနာဂတ်မျိုးဆက်တွေ
    ငြင်းပယ်ခံရတဲ့ ဘ၀…..

    တမြေတည်းနေ တရေတည်းသောက်
    တမိုးအောက်မှာ ရှင်သန်ရပေမဲ့လည်း
    ကိုးကွယ်ယုံကြည်ရာ တခုအတွက်နဲ့
    တသက်စာ ငြင်းပယ်ခံရတဲ့ ဘ၀…..

    သို့ပေမယ့်
    ငါတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဒာကိုယ်သာ
    ဆန့်ကျင် ပိတ်လှောင်တားဆီးလို့ရပေမယ့်…….

    ငါတို့ရဲ့ နှလုံးသားထဲက
    ယုံကြည်ချက်တွေ….

    ငါတို့ရဲ့ ဦးနှောက်ထဲက
    အတွေးအခေါ် တွေကိုတော့
    ဘယ်သူမှ ပိတ်လှောင်တာဆီးလို့ မရနိုင်ဘူး….

  • ငါဘယ်တော့မှ မသိမ်ငယ်ဘူး (M-Media Blog ကဏ္ဍ)

    ဧပြီ ၉ ၊ ၂၀၁၃
    M-Media
    ရေးသူ-Julia

    Never_Give_Up

    စင်္ကာပူ အလည်ရောက်တုန်း သူငယ်ချင်း တစ်ယောက်က ဒီလိုပြောဖူးတယ် “ငါတော့ ဒီမှာ မြန်မာလို့ပြောရမှာရှက်လို့ မြန်မာလိုမပြောဘူးဟယ်.. အင်္ဂလိပ်လိုပဲပြောရအောင်။” အဲဒီတုန်းကသူ့ကို “ဟဲ့.. ငါတို့မြန်မာပြည်ကလူတိုင်း စုတ်ပြတ်နေတာ မဟုတ်ဘူး၊ ငါတို့လို ရုပ်ချော စာတော်ပြီး ချမ်းသာတဲ့ မြန်မာတွေလဲ ရှိတယ်ဆိုတာ သူတို့သိရအောင် ငါတို့က မြန်မာလိုပိုပြောရမှာဟဲ့” ဆိုပြီးတောင် ရယ်မောရင်းသူ့ကိုအားပေးခဲ့ပါတယ်။ နောက်သူ မြန်မာပြည်ပြန်လာတုန်း တွေ့ကြတော့ “ဟိုမှာစာလာသင်တဲ့ Indian လေးတွေ Pakistan လေးတွေ အရမ်းချောတာပဲ.. ထောင်ထောင်မောင်းမောင်းနဲ့  သန့်ပြန့်နေတာပဲ၊ ဒီမှာလဲ နင့်အသိထဲမှာ အဲလိုမျိုးရှိရင် မိတ်ဆက်ပေးပါဟယ်” တဲ့။ သူ့စကားကို အတည်ယူလို့လဲ ရှာမပေးခဲ့ပါဘူး။

    အခု မြန်မာလို့ပြောရမှာ ၀န်လေးတဲ့ အဲဒီမိန်းကလေးက Onlineမှာ ကုလားမုန်းတီးရေး စာတွေ အားရပါးရ Click နှိပ်ပြီး Share နေလေရဲ့။ အဲလိုတွေမြင်ရတော့ ပြောချင်တဲ့ စကားတွေ ရင်ထဲကရော ခေါင်းထဲကပါ တန်းစီပြီး ပေါ်လာပါတယ်။ ကိုယ့်အမျိုးဘာသာကို ချစ်တတ်ရင် ကိုယ့်အမျိုးဂုဏ် ကိုယ်ဖော်ပါ။ သူများအမျိုးကို မစော်ကားပါနဲ့၊ သူများလေးစားတဲ့ ဘာသာကို သိသရောင် နဲ့ သွားမပုတ်ခတ်ပါနဲ့။ သူများလူမျိုး၊ ဘာသာကို စော်ကားပြောဆိုလိုက်တဲ့ စကားတစ်ခွန်းဟာ ကိုယ့်ဘက်ကိုဘယ်လောက် ကြီးမားတဲ့ တန်ပြန်သက်ရောက်မှုတွေ ရောက်လာနိုင်တယ်ဆိုတာ မသိရင်တော့ တော်တော့်ကို သနားစရာကောင်းတဲ့ အဖြစ်ပါပဲ။ ဒါမှမဟုတ်ရင်လည်း ခုနမိန်းကလေးလို ကိုယ့်အမျိုးတောင် မချစ်တတ်ဘဲ သံယောင်လိုက်နေသူသာ ဖြစ်ပါလိမ့်မယ်။

    မြန်မာဆိုပြီးပြောရမှာ ရှက်လို့ အချင်းချင်းတောင် မြန်မာလို မပြောရဲဘဲ ခုကျမှ မျိုးချစ်စိတ်ဓာတ်ဆိုပြီး လူသတ်မှုကိုအားပေးနေ သူတို့ရေ… ငါဟာလဲ မြန်မာနိုင်ငံသား မှတ်ပုံတင်ကို လာဘ်တစ်ကျပ်မထိုးဘဲ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားတဲ့ မြန်မာပြည်မှာ မွေးတဲ့ မြန်မာနိုင်ငံသားတစ်ဦးပါပဲ။ တိုင်းပြည်ဆင်းရဲတာ မတိုးတက်တာ ငါတို့အပြစ် မဟုတ်ဘူး.. မြန်မာပြည်သူ (ဘာသာပေါင်းစုံ)တို့ဟာ စစ်ဖိနပ်အောက်မှာ နှစ်၄၀ကျော် သနားစရာကောင်းတဲ့ အဖိနှိပ်ခံတွေဖြစ်ခဲ့တယ်ဆိုတာ အများသိပါတယ်။ ငါကတော့ ဘယ်နေရာရောက်ရောက် ငါဟာ မြန်မာနိုင်ငံသားပါလို့ ပြောဖို့မရှက်ပါဘူး။ ဆင်းရဲ စုတ်ပြတ်တဲ့၊ လူ့အခွင့်အရေးဆိုတာ ဘာမှန်းတောင် မသိကြတဲ့ တိုင်းပြည်မှာ မွေးလာလို့ဆိုပြီး အမေ့ကိုလည်း အပြစ်မတင်ဖူးပါဘူး။ ဒီတိုင်းပြည်မှာ မွေးဖွားလာတာ ဘုရားပေးတဲ့ ငါ့ရဲ့ ကံကြမ္မာပါပဲ။ ဒီအတွက်ငါကျေနပ်ပါတယ်။ ငါ့လူမျိုးကိုရော သိချင်ပါသေးလား… ငါကတော့ ဘိုးဘွားလက်ထက်ထဲက သွေးနှောလာခဲ့ပါတယ်၊ မိဘလက်ထက်မှာလဲ သွေးနှောပါတယ်.. ငါ့သွေးကို ငါဂုဏ်ယူတယ်.. ငါချစ်တဲ့ ငါ့ဘိုးဘွားတွေရဲ့သွေးကိုး။ သူတို့ဘာလူမျိုးတွေ ဖြစ်တယ်ဆိုတာထက် သူတို့ဟာဘယ်လိုစိတ်သဘောရှိတယ်ဆိုတာပဲ ငါစိတ်ဝင်စားတယ်။ ငါ့ကိုယ်ငါ ဘာလူမျိုးဆိုတာထက်.. ငါ့ကိုယ်ငါ “လူ” လို့ပဲ သတ်မှတ်ပါတယ်။ ဒီစာဖတ်နေတဲ့ လူတွေထဲမှာရော သွေးတစက်တလေမှ မနှောဖူးဘူးကွ ဆိုတဲ့လူရှိပါသလား။ ဘာလူမျိုးဆိုတာကြီးကို လက်ကိုင်ထားပြီး လူ့အကျိုးမပြုတဲ့ လူ့ဘီလူးတွေထက်စာရင် ‘ငါဟာလူသားပါ’ လို့ခံယူပြီး လူအချင်းချင်းစာနာတတ်သူတွေဟာ လူဖြစ်ရကျိုးနပ်ပါတယ်။

    ငါဟာမြန်မာနိုင်ငံသား၊ လူအများထဲက လူသားတစ်ဦးဖြစ်ပြီး ကိုးကွယ်ရာ ဘာသာကတော့ ဦးနှောက်နဲ့ ရော နှလုံးသားနဲ့ပါ ရွေးချယ်ထားတဲ့ အစ္စလာမ်ဘာသာပါပဲ။ ငါ့မွေးရပ်ဟာ ဘာသာခြားတွေ များလွန်းတဲ့တိုင်းပြည်မို့ ငါ့နိုင်ငံသားကို ပြောင်းလဲပစ်နိုင်တဲ့ အင်အားလဲ ငါ့မှာရှိပါတယ်.. ဥာဏ်စွမ်းလဲ ရှိပါတယ်။ ဘယ်နိုင်ငံမဆို ငါကြိုက်တဲ့အချိန် သွားနိုင်ပါတယ်..  ဒါပေမဲ့ဘယ်တော့မှ ငါ့မွေးရပ်ကို မစွန့်ခွာဘူး.. ဘိုးဘွားမိဘတွေရဲ့ အမှတ်တရတွေ ရှိတဲ့ ဒီတိုင်းပြည်ကို ချစ်တယ်။ ထင်တိုင်းကြဲနေတဲ့လူတစ်စုကလွဲလို့ ကျန်တဲ့အစိတ်အပိုင်းတွေ အားလုံးကို ငါချစ်တယ်.. သူငယ်ချင်းတွေကိုချစ်တယ်.. သစ်ပင်တွေ ရေမြေတောတောင်တွေ နဲ့ မိုးတွင်းမှာ ရေလျှံနေတဲ့ ရန်ကုန်မြို့ကလမ်းတွေကိုတောင် ငါချစ်တယ်။ ရန်ကုန်နေပူ ခြစ်ခြစ်တောက်မှာ ယိမ်းဝှေ့နေတဲ့ သစ်ပင်တွေကို ငါချစ်တယ်။ မသမာသူတွေ ငါတို့အပေါ်မသမာစိတ်ထားလို့ ငါတို့ လိုက်မထားဘူး။ စစ်အာဏာရှင်တွေကို ကယ်ပါယူပါ ဆိုပြီးငါတို့ မတောင့်တခဲ့ဘူး.. တစ်တိုင်းပြည်လုံး ခွေးဇာတ်ပြန်ခင်းမှာကိုသာ ငါတို့စိုးရိမ်ခဲ့တယ်။ တိုင်းပြည်အနာဂတ်အတွက် ရင်လေးခဲ့တယ်။ လူနည်းစုဖြစ်တဲ့ ငါတို့ဟာ ကြုံလာအမျှကို အံကြိတ် ခံခဲ့တယ်။ ငါတို့ဟာသစ္စာတရားကို နားလည်တယ်။ ဒါဟာငါတို့ရဲ့ ‘ယုံကြည်မှု’ ကသင်ပြပေးခဲ့တာပဲ။

    အစ္စလာမ်ဘာလဲဆိုတာ သိချင်ရင် online မှာ အစ္စလာမ်ကျမ်းစာကို Photoshop တွေနဲ့ပြင်ထားတဲ့ စာသား အတုအယောင်တွေသာ ဖတ်မနေပဲ ကျမ်းအစစ် ဘာသာပြန်တွေ ရှိပါတယ် လေ့လာပါ။ လေ့လာဖို့ အချိန်မရှိပါဘူး ဆိုတဲ့ လူတွေအတွက်တော့ အစ္စလာမ်ဆိုတာ ကိုးကွယ်ယုံကြည်ရာအရှင်  တစ်ပါးတည်းသာရှိပြီး ငြိမ်းချမ်းမှုကိုဖော်ဆောင်တဲ့ ဘာသာလို့ ပြောချင်ပါတယ်။ ဟုတ်ပါတယ်… ဘာသာရေး ခုတုံးလုပ်သူတွေ၊ မသိနားမလည်ပဲ သွားပုပ်လေလွင့် ပြောဆိုတတ်သူတွေကြောင့် အစ္စလာမ်ဟာ သတင်း မမွှေးခဲ့တဲ့အခါများလည်းရှိပါတယ်။ ဒါပေမဲ့ “ပါးစပ်တစ်ရာ ကပြောတိုင်းလဲ အမှန်မဟုတ်” ဆိုတာကို ငါတို့သာသိတယ်။ ငါတို့ရဲ့စစ်မှန်တဲ့ ယုံကြည်မှုက ပျောက်ပျက်မသွားပါဘူး။

    ငါကိုးကွယ်တဲ့ ဘာသာဟာ “ငါ့ရွေးချယ်မှု” ဖြစ်တယ်။ အဲဒီအတွက်ငါအမြဲတမ်း ဂုဏ်ယူတယ်။ လူမျိုးဆိုတာ မွေးရာပါ ကံကြမ္မာ ဖြစ်ပြီး ဘာသာက ကိုယ့်စိတ်ကြိုက် ရွေးချယ်ခွင့်ရှိတယ်။ ဘာသာအားလုံးဟာ ကောင်းမွန်တဲ့အဆုံးအမတွေသာ ဖြစ်တယ်။ ငါကတော့ ငါ့ရဲ့ဖြစ်တည်မှု၊ ငါ့ရဲ့ရွေးချယ်မှု၊ အားလုံးအတွက် ဂုဏ်ယူတယ်။ ငါဘယ်တော့မှ မသိမ်ငယ်ဘူး။ တကယ်လို့ငါ့မှာ ယုံကြည်မှု နဲ့ အသက် ဒီနှစ်ခုထဲက တစ်ခုပဲ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် နောက်ဆုံး ထွက်သက်အထိ ငါ့ရဲ့ယုံကြည်မှုကိုထွေးပိုက်သွားမယ်။ ငါတို့ဟာ တစ်ခါပဲရှင်သန်ပြီး တစ်ခါပဲသေဆုံးရတဲ့ လူတွေပါ။ ဒါပေမဲ့.. ငါတို့ရဲ့ ယုံကြည်မှုက ထာဝရရှင်သန်နေမယ်….။

    -Julia

    ** M-Media စာဖတ်ပရိတ်သတ် တဦးပေးပို့လာတဲ့ ဆောင်းပါးဖြစ်ပါတယ်။ M-Media ကို သတင်း၊ ဆောင်းပါး၊ ကာတွန်း၊ ဝတ္ထုတို အခြားသုတ၊ ရသ ကဏ္ဍ အစုံအတွက် ပေးဖို့နိုင်ပါတယ်။ [email protected] သို့ အီးမေးလ်ပေးနိုင်ပါတယ်။ စိစစ်ပြီးတော့ဖော်ပြပေးသွားပါမယ်။