News @ M-Media

Category: အာရှ-ပဖိဖိတ်

  • မိမိတို့ပိုင်နက်အတွင်း တိုက်ခိုက်မှုထပ်ဖြစ်ပါက ပြတ်သားစွာ ဆောင်ရွက်သွားမည်ဟု တရုတ်စစ်တပ် ကြေညာ

    မိမိတို့ပိုင်နက်အတွင်း တိုက်ခိုက်မှုထပ်ဖြစ်ပါက ပြတ်သားစွာ ဆောင်ရွက်သွားမည်ဟု တရုတ်စစ်တပ် ကြေညာ

    မတ် ၁၅၊ ၂၀၁၅
    M-Meida

    Rebel soldiers of Myanmar National Democratic Alliance Army (MNDAA) gather at a military base in Kokang region

    – မြန်မာစစ်လေယာဉ်မှ ဗုံးတစ်လုံးမှာ သောကြာနေ့က တရုတ်နိုင်ငံအတွင်းရှိ ကြံစိုက်ခင်းထဲသို့ ကျရောက်ကာ တရုတ်နိုင်ငံသား ၄ ဦး သေဆုံးခဲ့ပြီးနောက် တရုတ်ပိုင်နက်အတွင်း မြန်စစ်တပ်၏ ထိုအဖြစ်အပျက်မျိုး ထပ်ရှိလာလျှင် ပြတ်သားသည့်ဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဟု တရုတ် စစ်ဘက်ဆိုင်ရာ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

    တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ထိစပ်လျက်ရှိနေသည့် ကိုးကန့်ဒေသတွင်း မြန်မာအစိုးရတပ်များမှာ ကိုးကန့်လက်နက်ကိုင်များနှင့် ပြီးခဲ့သည့်လကတည်းက တိုက်ပွဲများ ဖြစ်ပွားနေပြီး လေကြောင်းမှ တိုက်ခိုက်မှုများလည်း ပြုလုပ်နေကာ တရုတ်နိုင်ငံကမူ တင်းမာမှုများကို လျှော့ချရန် မြန်မာအစိုးရအား တိုက်တွန်းထားသည်။

    သောကြာနေ့က တရုတ်ပိုင်နက်အတွင်း လေယာဉ်ဗုံးဆံ ကျရောက်မှုနှင့်ပတ်သက်၍ မြန်မာအစိုးရက ငြင်းဆိုထားပြီး နှစ်နိုင်ငံအကြား နားလည်မှုလွဲမှားစေရန် လက်နက်ကိုင်များက ပစ်ခတ်ခြင်းဖြစ်မည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း လက်နက်ကိုင်များတွင် စစ်လေယာဉ်များ မရှိချေ။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုအဖြစ်အပျက်အတွက် မြန်မာသံအမတ်အား ဆင့်ခေါ်ကာ ဖြေရှင်းချက်တောင်းခဲ့သည်။ တရုတ်လေတပ်ကလည်း နယ်စပ်အနီး ကင်းလှည့်ရန်နှင့် တရုတ်လေပိုင်နက်ကို ကာကွယ်ရန်အတွက် လေယာဉ်များကို ပို့ဆောင်ထားပြီး နယ်စပ်တစ်လျှောက် ကင်းလှည့်စောင့်ကြပ်မှုများ ပြုလုပ်နေသည်။

    တရုတ် ဗဟိုစစ်ကော်မရှင်မှ ဒုတိယအကြီးအကဲဖြစ်သူ ဖန်ချန်လွန်က မြန်မာလေတပ်မှ လေယာဉ်များမှာ ယခုတစ်လောတွင် တရုတ်လေပိုင်နက်သို့ အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ဒီပြဿနာရဲ့လေးနက်မှုကို မြန်မာဘက်က မဖြစ်မနေ အသိအမှတ်ပြုရမယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သေသေချာချာဆောင်ရွက်ရမယ်။ အပြစ်ရှိတဲ့သူတွေကို အပြစ်ပေးရမယ်။ သေဆုံးသွားတဲ့ မိသားစုဝင်တွေကို တောင်းပန်ပြီး နစ်နာကြေးလည်း ပေးရပါမယ်။ ပြီးတော့ တရုတ်နိုင်ငံကို ရှင်းပြရမယ်” ဟု အရေးပေါ်ဖုန်းခေါ်ဆိုမှုအတွင်း မြန်မာစစ်တပ်အား ပြောကြားခဲ့ကြောင်း ဖန်က ဆိုသည်။

ုထို့ပြင် ထိုကဲ့သို့ အဖြစ်အပျက်မျိုး ထပ်မဖြစ်စေရေး စစ်တပ်အား ထိန်းသိမ်းရန်အတွက် မြန်အစိုးရမှာ တင်းကြပ်သည့် ဆောင်ရွက်မှုများကိုလည်း ပြုလုပ်ရမည်ဟု ဖန်က ထည့်သွင်းပြောကြားခဲ့သည်။

    “အဲဒီလိုမဟုတ်ရင်တော့ တရုတ်ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ဖို့အတွက် တရုတ်စစ်တပ်ဟာ
    တိကျပြီး ပြတ်သားတဲ့ ဆောင်ရွက်မှုမျိုးတွေကို ပြုလုပ်ရပါလိမ့်မယ်”

    မြန်မာလေတပ်၏ ပစ်ခတ်မှု တရုတ်ပိုင်နက်အတွင်းသို့ ကျရောက်ခြင်းမှာ ယခုသီတင်းပတ်အစောပိုင်းကလည်း ဖြစ်ပွားခဲ့ပြီး လူနေအိမ်တစ်လုံး မီးလောင်ပျက်ဆီးခဲ့သည်။

    Ref: Channelnewsasia

  • အိန္ဒိယတွင် မုဒိမ်းမှုသံသယရှိသူအား လူအုပ်ကြီးမှ ရိုက်နှက်သတ်ဖြတ်သည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာပြန်

    အိန္ဒိယတွင် မုဒိမ်းမှုသံသယရှိသူအား လူအုပ်ကြီးမှ ရိုက်နှက်သတ်ဖြတ်သည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာပြန်

    မတ် ၁၄၊ ၂၀၁၅
    M-Media

    naga land

    – အိန္ဒိယနိုင်ငံ နာဂလန်းပြည်နယ်တွင် မုဒိမ်းကျင့်လူသတ်မှုအတွက် သံသယရှိသူ လူငယ်တစ်ဦးကို လူအုပ်ကြီးက ရိုက်နှက်သတ်ဖြတ်သည့် ဗီဒီယိုတစ်ခု ထပ်မံပေါ်ထွက်လာခဲ့သည်ဟု သိရသည်။

    အသတ်ခံရသူမှာ အသက် ၁၈ နှစ်အရွယ်ရှိ အီဘိုချာဆိုသူဖြစ်ပြီး အသက် ၁၁ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား မုဒိမ်းကျင့်သတ်ဖြတ်မှုဖြင့် သံသယရှိခံရသူ ဖြစ်သည်။ ဒေါသထွက်နေသော လူအုပ်ကြီးမှာ အီဘိုချာအား မီလူရီဟုခေါ်သည့် ရွာအလယ်သို့ တရွတ်တိုက်ဆွဲခ်ါသွားပြီး တစ်ကိုယ်လုံးချွတ်၍ ကြိုးဖြင့် တန်းလန်းချီကာ တစ်နာရီခန့်ကြာ ရိုက်နှက်ခဲ့ကာ အီဘိုချာမှာ ထိုဒဏ်ရာဖြင့်ပင် သေဆုံးခဲ့သည်။ အီဘိုချာအား ရိုက်နှက်သတ်ဖြတ်မှုကို လူ ၁၀၀၀ ခန့်က ကြည့်ရှုခဲ့ကြသည်။

    အဆိုပါအဖြစ်အပျက်မှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက မီလူရီရွာနှင့် ၁ ကီလိုမီတာဝေးသော တောအုပ်တစ်ခုတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေး၏ အလောင်းကို တွေ့ရှိပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အီဘိုချာမှာ သေဆုံးသူမိန်းကလေး၏ အိမ်နားတွင် နေထိုင်သူဖြစ်ပြီး အလောင်းတွေ့ပြီးနောက် ထွက်ပြေးရာမှ ပြစ်မှုကျူးလွန်သူအဖြစ် ရွာသားများက သံသယရှိကာ ထိုကဲ့သို့ ဖမ်းဆီး ရိုက်နှက်ခဲ့ခြင်းဖြစ်ကာ ထိုအဖြစ်အပျက်အား ရိုက်ကူးထားသော အဆိုပါ ဗီဒီယိုမှာ ယခုအချိန်မှ ထွက်လာခဲ့သည်။

    လူအုပ်ကြီးမှာ အီဘိုချာသေဆုံးပြီးနောက် ၎င်း၏ အလောင်းအား စွန့်ပစ်ထားခဲ့ပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။

    နာဂလန်းပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ ၀ါဘန်း ဂျမီးရ်ကမူ အဆိုပါ မုဒိမ်းကျင့် လူသတ်မှုအတွက် ရဲတပ်ဖွဲ့အား တိုင်ကြားခြင်းမရှိသေးဘဲ အီဘိုချာကိုလည်း မဖမ်းဆီးရသေးခင် ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အီဘိုချာအား ဥပဒေပ ရိုက်နှက်သတ်ဖြတ်ခြင်းအတွက်လည်း ယခုအချိန်အထိ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးထားခြင်း မရှိသေးပေ။

    ပြီးခဲ့သည့်တစ်ပတ်ကလည်း အဆိုပါ နာဂလန်းပြည်နယ်တွင် အသက် ၁၉ နှစ်အရွယ်ကျောင်းသူတစ်ဦးကို အကြိမ်ကြိမ်မုဒိမ်းကျင့်မှုဖြင့် သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားစဉ် လူအုပ်ကြီးမှာ အကျဉ်းထောင်အား ဖောက်ကာ ၎င်းအား ထုတ်ယူ၍ ရိုက်နှက်သတ်ဖြတ်မှုတစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။

    Ref: Dailymail

  • တရုတ်ပိုင်နက်အတွင်း ဗုံးဆံကျရောက်ပေါက်ကွဲမှု မြန်မာသံအမတ်အား တရုတ်ခေါ်ယူသတိပေး

    တရုတ်ပိုင်နက်အတွင်း ဗုံးဆံကျရောက်ပေါက်ကွဲမှု မြန်မာသံအမတ်အား တရုတ်ခေါ်ယူသတိပေး

    မတ် ၁၄၊ ၂၀၁၅
    M-Media

    c1eacb945ec14c128faa4cd2c9820fd5_18

    – မြန်မာလေတပ်မှ ကြဲချသည့် ဗုံးတစ်လုံးမှာ တရုတ်နိုင်ငံအတွင်းရှိ ကြံစိုက်ခင်းထဲသို့ ကျရောက်ကာ တရုတ်နိုင်ငံသား ၄ ဦး သေဆုံးခဲ့ပြီးနောက် တရုတ်အစိုးရက မြန်မာသံအမတ်အား ဆင့်ခေါ်ကာ သတိပေးခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

    တရုတ်နယ်စပ်အနီး ကိုးကန့်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်များအား မြန်မာစစ်တပ်က ထိုးစစ်ဆင်နေစဉ်အတွင်း ယမန်နေ့က လေကြောင်းမှ ဗုံးကြဲချရာတွင် ယူနန်ပြည်နယ် အနောက်တောင်ပိုင်း လင်ကျန်မြို့ရှိ ကြံစိုက်ခင်းတစ်ခုသို့ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများအပြင် ဒဏ်ရာရရှိသူ ၉ ဦး ရှိခဲ့သည်။

    ထို့ကြောင့် တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး လျူ ဇန်မင်းက တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကို ယမန်နေ့ညပိုင်းက ဆင့်ခေါ်ကာ ဖြစ်ပွားခဲ့သည့် ကိစ္စအတွက် သတိပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ စေ့စေ့စပ်စပ်ပြုလုပ်ရန်နှင့် ချက်ခြင်း အရေးယူရန်၊ ထိုဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်ပွားစေရေးအတွက် ထိရောက်သောဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟောင်လီက ပြီးခဲ့သည့် ၂ ရက်အရင်ကလည်း ဗုံးဆံအချို့မှာ တရုတ်နိုင်ငံ နယ်နမိတ်အတွင်း ကျရောက် ပေါက်ကွဲခဲ့သောကြောင့် လူနေအိမ်တစ်လုံး ပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ကိုကန့်ဒေသအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အဆိုပါဒေသမှ ပြည်သူ ၃ သောင်းကျော်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းသို့ ၀င်ရောက်ခိုလှုံနေရသည်။ တရုတ်နိုင်ငံကမူ မြန်မာအစိုးရအနေဖြင့် တင်းမာမှုကို လျော့ချရန် တိုက်တွန်းခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်ရေး ခြိမ်းခြောက်မှုအတွက်လည်း သတိပေးခဲ့သည်။

    Ref: Channelnewsasia

  • ဂျပန်နိုင်ငံရှိ မြို့တစ်မြို့တွင် ဓားထိုးမှုကြောင့် လူ ၅ ဦးသေဆုံး

    ဂျပန်နိုင်ငံရှိ မြို့တစ်မြို့တွင် ဓားထိုးမှုကြောင့် လူ ၅ ဦးသေဆုံး

    မတ် ၉၊ ၂၀၁၅
    M-Media

    Untitled

    – ဂျပန်နိုင်ငံအနောက်ပိုင်း အာဝါဂျီရှီမာကျွန်းရှိ ရာဇ၀တ်မှုအဖြစ်နည်းသော ဆူမိုတိုမြို့ငယ်လေးတွင် လူတစ်ဦးက အိမ်နီးချင်းများအား ဓားဖြင့်ထိုးမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များမှာ အိမ်တစ်အိမ်တွင် သတိလစ်နေသော အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသမီးနှစ်ဦးနှင့် ဒဏ်ရာအပြင်းအထန်ရနေသည့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦးတို့ကို တွေ့ရှိခဲ့ရသည်။

    ထိုနောက် ၎င်းတို့အား နီးစပ်ရာဆေးရုံသို့ တင်ပို့ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။ ထို့ပြင် အနီးအနားရှိ အိမ်တွင်လည်း အသက် ၈၀ ကျော် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးကို သေဆုံးသည်ကို ထပ်မံတွေ့ရှိခဲ့ရသည်။

    တိုက်ခိုက်ခဲ့သူမှာ အသက် ၄၀ အရွယ်ရှိ အလုပ်လက်မဲ့တစ်ဦးဖြစ်သူ တာဆူဟီကို ဟီရာနိုဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။ ဂျပန်မီဒီယာများကမူ ဟီရာနိုမှာ အခင်းဖြစ်ပွားရာ အနီးအနားတွင် အဘွားဖြစ်သူနှင့် နေထိုင်သူဖြစ်ပြီး သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည်ဟု ကနဦး ၀န်ခံထားသည်ဟု ဆိုသည်။

    ဒေသခံများက ဟီရာနိုမှာ အိမ်အပြင်သို့ထွက်ခဲပြီး ငယ်ရွယ်စဉ် ကျောင်းနေကတည်းက လူ့အဖွဲ့အစည်းနှင့် သီးသီးခြားခြားနေထိုင်သူဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထိုသို့ကျူးလွန်မှု၏ နောက်ကွယ်တွင် မည်သည့်အကြောင်းအရင်းရှိသည်ကို မသိရသေးသော်လည်း ရဲတပ်ဖွဲ့၏ မေးမြန်းမှုအရ ၎င်းမှာ ဟီကီကိုမိုရီ အခြေအနေတွင် နေထိုင်ခဲ့ရသည်ဟု ဟီရာနိုက ဆိုသည်။ ဟီကီကိုမိုရီ၏ အဓိပ္ပါယ်မှာ “ဖယ်ကျဉ်ခြင်း” ဖြစ်ပြီး မိဘများမှာ ၎င်းတို့၏ သားသမီးများအား ဆယ်ကျော်သက်နှောင်းပိုင်းနှင့် ၂၀ ကျော်အရွယ်များတွင် လူ့အဖွဲ့အစည်းနှင့် အဆက်အသွယ်ဖြတ်တောက်ကာ အိမ်ရှိ အခန်းကျဉ်းထဲတွင် နှစ်ပေါင်းများစွာ နေထိုင်စေသည့် အခြေအနေမျိုးဖြစ်သည်။

    Ref: abc

  • MH 370 လေယာဉ်ပျောက်ဆုံးခြင်း တစ်နှစ်ပြည့် ကျန်ရစ်သူမိသားစုများ ကျင်းပ

    MH 370 လေယာဉ်ပျောက်ဆုံးခြင်း တစ်နှစ်ပြည့် ကျန်ရစ်သူမိသားစုများ ကျင်းပ

    မတ် ၈၊ ၂၀၁၅
    M-Media

    plane 3

    – ပြီးခဲ့သည့်နှစ် မတ်လက ပျောက်သွားခဲ့သည့် မလေးရှားလေကြောင်းလိုင်းမှ MH 370 ၏ တစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို လေယာဉ်ပေါ် ပါသွားကြသူများ၏ ကျန်ရစ်သူ မိသားစုများက ယနေ့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    ကျန်ရစ်သူမိသားစုများ ဖွဲ့စည်းထားသည့် Voice 370 အဖွဲ့မှာ မလေးရှားမြို့တော် ကွာလာလမ်ပူရှိ ရှော့ပင်းမောလ်တစ်ခုတွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

    ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းသို့အသွား လမ်းတွင် ပျောက်ဆုံးခဲ့သည့် အဆိုပါလေယာဉ်ကို ရှာဖွေမှုမှာ တစ်နှစ်ရှိလာပြီ ဖြစ်သော်လည်း ယခုအချိန်အထိ မည်သည့် သဲလွန်စမှ တွေ့ရှိရခြင်း မရှိသေးပေး။ အဆိုပါ ရှာဖွေမှုနှင့် ပတ်သက်၍ မလေးရှားအစိုးရက ယနေ့တွင် ကြားဖြတ် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ရန် ရှိနေသည်။

    ရှာဖွေမှုများကို လုပ်ဆောင်နေသည့် မလေးရှား၊ တရုတ်နှင့် သြစတေးလျ နိုင်ငံများကမူ အဆိုပါ လေယာဉ်မှာ တောင်အိန္ဒိယသမုဒ္ဒရာတွင် ပျက်ကျသွားသည်ဟု သံသယရှိနေပြီး ရှာတွေ့လိ့မ်မည်ဟုလည်း ယုံကြည်နေသည်။

    “အဖြေနဲ့ အပျက်အစီးအပိုင်းအစလိုမျိုး တိကျတဲ့သက်သေ မရှိခြင်းက ဒါကိုပြောဖို့ ပိုပြီး ခက်ခဲစေပါတယ်။ နိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ ကျွန်တော်တို့မှာ ရှိနေတဲ့ အထောက်အထား အနည်းငယ်နောက်ကို ဆက်လိုက်သွားမှာပါ။ မလေးရှားအနေနဲ့ ရှာဖွေမှုကို ဆက်လုပ်သွားမှာဖြစ်ပြီး MH 370 ကို ရှာတွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်က ပြောကြားခဲ့သည်။

    ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားသည့် အဆိုပါလေယာဉ်မှာ မတော်တဆ ပျက်ကျသွားခြင်းဖြစ်ပြီး လေယာဉ်ပေါ် ပါလာသူအားလုံးလည်း သေဆုံးသွားပြီဟု မှတ်ယူကြောင်း မလေးရှားအစိုးရက ဇန်န၀ါရီနှောင်းပိုင်းတွင် တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ကျန်ရစ်သူမိသားစုများကမူ အဆိုပါ သတင်းထုတ်ပြန်မှုအတွက် ကျေနပ်ခြင်း မရှိကြပေ။

    Ref: Aljazeeraa