News @ M-Media

Tag: anti_Muslim_in_Myanmar

  • ပဲခူးတိုင်း ရွှေတောင်မြို့နှင့် နတ်တလင်းမြို့တို့တွင် ဗလီနှင့် မွတ်စလင်မ် အိမ်များအား ဖျက်ဆီးမည် သတင်း ထွက်ပေါ်နေမှုကြောင့် မြို့ခံများ စိုးရိမ်နေ

    မတ်လ ၂၆၊ ၂၀၁၃
    M-Media
    KK

    Shwe Taung and Nattalin

    ပဲခူးတိုင်း ရွှေတောင်မြို့နှင့် နတ်တလင်းမြို့တို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများက ဖျက်ဆီးမည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် မြို့ခံ လူထုမှာ စိုးရိမ်နေကြောင်းသတင်းရရှိသည်။

    “ရွှေတောင်က ဗလီနှင့် မွတ်စလင်မ်အိမ်တွေကို ဒီနေ့ ဖျက်မယ်လို့ သတင်းထွက်နေတယ်။ အခုထိတော့ ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် ငွေကြေးချမ်းသာတဲ့ မွတ်စလင်မ် အိမ်တွေရဲ့ စာရင်းတွေကို လိုက်စုနေတာ သိရတယ်။ ဒီနေ့ဆို ရွှေတောင်မှာ ဆိုင်တော်တော် များများလည်း ပိတ်ထားကြတယ်။ မဖွင့်ရဲကြဘူး။

    ဒီရက်ပိုင်း ပဲခူးတိုင်းမှာ ဖြစ်နေတဲ့ ဗလီတွေနဲ့မွတ်စလင်မ်အိမ်တွေကို အကြမ်းဖက် ဖျက်ဆီး လုယက်နေမှုတွေဟာ တရားပွဲပြီးလို့ ပြန်တဲ့အချိန်တွေပဲဖြစ်နေတယ်။ ထူးတော့ ထူးဆန်းတယ်။ ပြီးတော့ ဦးခင်ညွန့်သွားနေတဲ့ လမ်းတလျှောက်လုံးလည်း ဖြစ်နေတယ်။ တော်တော်တော့ စဉ်းစားစရာပဲ။

    ဗလီတွေ၊ မွတ်စလင်မ်အိမ်တွေကို ဒီလို အကြမ်းဖက် ဖျက်ဆီးခံနေရတာတွေကို အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးအနေနဲ့ နေပြည်တော်ထိ သိအောင်ပြောပြပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးစေချင်ပါတယ်။”လို့ ရွှေတောင်မြို့ခံတစ်ဦးက M-Media ကို ပြောပြလာပါတယ်။

    အလားတူ ရွှေတောင်မြို့နည်းတူ နတ်တလင်းမြို့မှာလည်း ဗလီတွေနှင့် မွတ်စလင်အိမ်တွေကို ယနေ့ညပိုင်းတွင် ဖျက်ဆီးမည်ဟူသော သတင်းများထွက်ပေါ်နေသောကြောင့် နတ်တလင်းမြို့ရှိ မွတ်စလင်မ်များသည် သက်ကြီးရွယ်အိုများနှင့် ကလေးများကို ဘေးလွတ်ကင်းရာနေရာများသို့ ပြောင်းရွှေ့ထားကြောင်း၊ သို့သော် နတ်တလင်းတွင် ၀န်ကြီးရောက်နေ၍ ယခုကဲ့သို့ အကြမ်းဖက်မှုမျိုး ဖြစ်ပွားမလာစေရန် ကာကွယ်သွားမည်ဟု နတ်တလင်းမြို့နယ်အုပ်ချုပ်ရေးမှူးမှပြောကြားကြောင်းလည်း သိရသည်။

  • အင်္ဂပူမြို့နယ်၊ ကွင်းကောက်ရွာတွင် မတည်ငြိမ်မှုများ ဖြစ်ပွား၍ ကျေးရွာရှိ အစ္စလာမ် ဘာသာဝင်များ အခြားမြို့များသို့ ရွှေ့ပြောင်းနေထိုင် ကြရ

    မတ်လ ၂၆၊၂၀၁၃
    M-Media
    သတင်း – ၀ါးပင်လေး

    Ingapu

    အင်္ဂပူမြို့နယ်၊ ကွင်းကောက်ရွာတွင် ယခုလ ၂၂-ရက်နေ့ထဲက မတည်ငြိမ်မူများ ဖြစ်ပွားရာ ကျေးရွာရှိ အစ္စလာမ်ဘာသာဝင် သုံးပုံ နှစ်ပုံခန့်သည် ဟင်္သာတမြို့နှင့် အခြားမြို့များသို့ ရွှေ့ပြောင်းနေထိုင်ကြရကြောင်း သတင်းရရှိသည်။

    အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးအား ဆက်သွယ် မေးမြန်းရာတွင် –

    “ကျွန်တော်တို့ ကွင်းကောက်ကျေးရွာမှာ အစ္စလာမ် ဘာသာဝင် ဦးရေ နည်းပါတယ်။ ၂၂-ရက်နေ့က စပြီး အစ္စလာမ်မုန်းတီးရေး စာရွက် စာတမ်းတွေ ဝေတယ်။ ဂေါတမဗုဒ္ဓဟောထားတာ တစ်လုံးမှ မပါတဲ့ ဘာသာခြားမုန်းတီးရေး၊ မနာလိုဝန်တိုရေး တရားခွေတွေကို ဖြန့်ပါတယ်။ မျိုးတုန်းအောင် လုပ်မယ် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး အသက်အန္တရာယ်ထိ ခြိမ်းခြောက်လာပါတယ်။ ကျွန်တော်တို့လည်း မြို့နယ် အုပ်ချုပ်ရေးမှူးထံ သွားပြီးအကူအညီ တောင်းကြပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးမှူးက အတွေ့တောင်မခံပါဘူး။ ကွင်းကောက် အုပ်ချုပ်ရေးမှူးကို တွေ့တော့ လုံခြုံရေးနှင့် ပတ်သက်ပြီး မရေရာ စကားတွေ ပြောပါတယ်။ တာဝန်မယူနိုင်တဲ့ သဘောမျိုး သက်ရောက်တဲ့ စကားတွေပြောပါတယ်။ အဲဒါနဲ့ ကျေးရွာနေ မွတ်စလင်ဦးရေထဲက သုံးပုံ နှစ်ပုံလောက် ကြောက်လန့်ပြီး မိမိ စီးပွားရေး၊ မိမိ အိုးအိမ်တွေကို စွန့်ပြီး တခြားမြို့တွေဆီကို ထွက်ပြေးကြတော့တယ်။ အခု တစ်ရွာလုံးမှာ မွတ်စလင် အလွန်ဆုံးရှိ အယောက် ၅၀-ကျော် လောက်ပဲကျန်တော့တယ်”ဟု M-Media သို့ပြောပြသည်။

    ယခု အချိန်ထိ ၎င်းကျေးရွာတွင် အစ္စလာမ်ဘာသာဝင်စီးပွားရေး လုပ်ငန်းရှင်များနှင့် အပြိုင်ဖြစ်နေသော ဗုဒ္ဒဘာသာဝင် စီးပွားရေးလုပ်ငန်းရှင်များက ဆူပူအုံကြွမူ ဖြစ်ပေါ်လာရန် ဦးဆောင် စည်းရုံး ဆောင်ရွက်နေကြောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် လက်ဝါးချင်းရိုက် ပေါင်းသင်းထားကြောင်း၊ ထိုကျေးရွာတွင် ကျန်ရှိနေသေးသော အစ္စလာမ် ဘာသာဝင်များ အနေဖြင့် စိုးရိပ်စိတ် တထိပ်ထိပ်နှင့် ဥပဒေရဲ့ အကာအကွယ်မဲ့ နေနေရကြောင်း၊ ဆူပူ အုံ့ကြွမူ ဖြစ်ပေါ်ရန် လှုံဆော်နေသူ များအား အရေးယူ ဆောင်ရွက်ခြင်းမျိုး မပြုလုပ်ကြောင်း စုံစမ်း သိရှိရသည်။

  • မင်းလှမြို့နယ် စစ်ကွင်းမြို့တွင် ဗလီနှင့် မွတ်စလင်မ်ဆိုင်အား အကြမ်းဖက်ဖျက်ဆီး

    မတ်လ ၂၆၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    sitkwinမင်းလှ ။ ။ မနေ့ည (၁၀)နာရီခန့်က ရန်ကုန်-ပြည် လမ်းမပေါ်ရှိ မင်းလှမြို့နယ် စစ်ကွင်းမြို့ရှိ ဗလီနှင့် မွတ်စလင်မ်ပိုင် လ္ဘက်ရည်ဆိုင်အား အကြမ်းဖက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    “သုံးဘီးမော်တော်ဆိုင်ကယ် (၁)စီးနဲ့ လူတစ်စု ရောက်လာတယ်။ ၁၀-ယောက်လောက်တော့ပါတယ်။ သူတို့က ရောက်လာပြီး ဗလီထဲကို ၀င်ရောက်သွားပြီး ဗလီထဲက ပန်းဆွဲတွေ၊ အသုံးအဆောင်တွေ၊ ပစ္စည်းတွေကို ဖျက်ဆီးကြတယ်။ ပြီးတော့ စစ်ကွင်း ဘူတာအဆင်းက နေရာသစ် လ္ဘက်ရည်ဆိုင်ကို တစ်ဆိုင်လုံးဖျက်ဆီးလိုက်ကြတယ်။ နေရာသစ်လ္ဘက်ရည်ဆိုင်က မွတ်စလင်မ်ပိုင်တဲ့ ဆိုင်ပါ”လို့ မျက်မြင်တွေ့ရသူတစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။

  • ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖို အကြမ်းဖက် ဖျက်ဆီးခံရမှု နောက်ဆက်တွဲ သတင်း (၁)

    ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖို အကြမ်းဖက် ဖျက်ဆီးခံရမှု နောက်ဆက်တွဲ သတင်း (၁)

    မတ်-၂၆-၂၀၁၃
    M-Media
    ဇာဏီ

    “အုတ်ဖိုက အိမ်(၁၄)လုံး၊ ဗလီ(၁)၊ ဘာသာရေးစာသင်ကျောင်း ဖျက်ခံလိုက်ရပါတယ်။ ည(၉)နာရီကနေ မနက်(၄)နာရီလောက်ထိ ဖျက်ခဲ့ကြတာပါ။ ဘေးပတ်လည် ရွာတွေကနေ တဘက်ကို လူ(၄၀၀)လောက်စီရှိတယ်။ ချီတက်လာတာက။ အကြမ်းဖက်သမား (၁၀၀၀)ကျော်လောက်က ၀ိုင်းပြီးဖျက်ဆီးကြတယ်။ ဆိုင်ခန်းတွေ ဖျက်ရင်း ဆိုင်ခန်းက ပစ္စည်းတွေလည်း ယူသွားကြတယ်။ ကျွန်တော့်အိမ်လည်း အဖျက်ခံလိုက်ရတာပါ” အုတ်ဖိုက အိမ်ဖျက်ဆီးခံလိုက်ရသော အစ္စလာမ်ဘာသာဝင် တစ်ဦးမှ M-Media ကို ပြောပါတယ်။

  • ပဲခူးတိုင်း ကြို့ပင်ကောက် အကြမ်းဖက် ဖျက်ဆီးခံရမှု နောက်ဆက်တွဲ သတင်း (၁)

    ပဲခူးတိုင်း ကြို့ပင်ကောက် အကြမ်းဖက် ဖျက်ဆီးခံရမှု နောက်ဆက်တွဲ သတင်း (၁)

    မတ်လ ၂၆၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    “ကြို့ပင်ကောက်မှာ မနေ့ညကတည်းက ဖျက်နေတာ အခုမနက် (၅)နာရီခွဲမှ ဖျက်တာရပ်သွားတာပါ။ အိမ်(၁၀)ကျော်ကို ဖျက်ပါတယ်။ ၀ိုင်းဖျက်ကြတဲ့ လူအုပ်ကြီးက (၁၀၀၀)နီးပါးလောက်ရှိပါတယ်။ ဘုန်းကြီးကိုယ်တိုင် ဘိုဒူဇာမောင်းကြီး ဗလီကို ဘိုဒူဇာနဲ့ထိုးဖျက်ပါတယ်။ အိမ်တွေကိုဖျက်ပြီး အခုတော့ အိမ်ထဲက ပစ္စည်းတွေသယ်ထုတ်ပြီး ယူသွားနေကြပါတယ်။ အခုကို အသံတွေကြားနေရပါတယ်။ ရဲတွေရှိတယ်။ လမ်းပေါ်မှာသွားနေတာ။ ပစ္စည်းတွေယူနေတာကို မတားပါဘူး။ ဓါတ်ပုံတော့ လာရိုက်နေတယ်။ ဒါပေမယ့် တစ်ခြားဘာမှ မလုပ်ပေးဘူး။ လူသေတာတော့ မရှိဘူး။ ဒါပေမယ့် လူတစ်ယောက် ဓါးနဲ့ခုတ်ခံလိုက်ရလို့ အခု ကြို့ပင်ကောက်ဆေးရုံပေါ်မှာ ပို့ထားရတယ်။ သူက ရန်ကုန်က ဧည့်သည့်ပါ။ ကြို့ပင်ကောက်မှာလာရင်း ဗလီပေါ်မှာအိပ်နေတာ။ အဲဒါသူ ထွက်ပြေးတော့ ဓါးနဲ့လိုက်ခုတ်တာပါ။ ဓါးနဲ့အခုတ်ခံရတာက ရန်ကုန်ကပါ မျက်မှန်ရောင်းတဲ့ ဦးကျော်စိုးမိုး အသက်(၅၀)၀န်းကျင်ရှိပါပြီ။ အခုထိတော့ ကျွန်တော်တို့ကို ဘယ်သူမှ ဘာမှမေးတာ၊ လာကြည့်တာ မရှိပါဘူးခင်ဗျာ”လို့ ကြို့ပင်ကောက်မြို့ခံက M-Media ကို ပြောပါတယ်။