News @ M-Media

Tag: Bangladesh

  • အတိုက်အခံခေါင်းဆောင်နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် ကြိုးပေးကွပ်မျက်

    အတိုက်အခံခေါင်းဆောင်နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် ကြိုးပေးကွပ်မျက်

    နိုဝင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    bang

    – ပါကစ္စတန်မှ လွတ်လပ်ရေးတိုက်ပွဲအတွင်း လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုကို ပြုလုပ်ခဲ့သည်ဟု ဆိုကာ သေဒဏ်ချခံထားရသည့် အတိုက်အခံခေါင်းဆောင် ၂ ဦးကို ဘင်္ဂလားဒေ့ရှ်က ယမန်နေ့ညပိုင်းတွင် ကြိုးပေးကွပ်မျက်လိုက်သည်ဟု သိရသည်။

    အလီ အဟ်ဆန် မိုဟာမ် မူဂျာဟစ်နှင့် ဆာလာဟွဒ်ဒင် ကွာဒါရ် ချောင်ဒရီတို့ဖြစ်ပြီး တစ်နာရီခြား၍ ကွပ်မျက်ခဲ့ခြင်းဖြစ်ကာ ၎င်းတို့အား မကွပ်မျက်မီ မလိုလားအပ်သော မတည်မငြိမ်မှုများ ဖြစ်ပေါ်မည်စိုး၍ လုံခြုံရေးကို တိုးမြှင့်ခဲ့သည်ဟု ဒါကာရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ၎င်းတို့နှစ်ဦးမှာ သေဒဏ်အတွက် အယူခံဝင်ခဲ့သော်လည်း တရားရုံးချုပ်က ဗုဒ္ဓဟူးနေ့တွင် ပယ်ချခဲ့သည်။ ၁၉၇၁ ခုနှစ် လွပ်လပ်ရေးစစ်ပွဲအတွင်း ကျူးလွန်မှုများအတွက် ဘင်္ဂလားဒေ့ရှ်မှာ ခုံရုံးတစ်ခုကို ဖွဲ့စည်းခဲ့ပြီး ပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်ခဲ့ရာ ဝေဖန်သူများကမူ လက်ရှိအာဏာရအစိုးရမှာ အတိုက်အခံများကို နှိပ်ကွပ်ခြင်းဖြစ်သည်ဟု ပြောကြားမှုများလည်း ရှိနေသည်။

    Ref: Aljazeera

  • အတိုက်အခံ ခေါင်းဆောင် ၂ ဦးကို ဘင်္ဂလားဒေ့ရှ် သေဒဏ်ချတော့မည်

    အတိုက်အခံ ခေါင်းဆောင် ၂ ဦးကို ဘင်္ဂလားဒေ့ရှ် သေဒဏ်ချတော့မည်

    နိုဝင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    bang

    – ၁၉၇၁ ခုနှစ် လွတ်လပ်ရေးစစ်ပွဲတွင် လူသားထုအပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုမျိုးကို ဆောင်ရွက်ခဲ့သည်ဟု ဆိုကာ သေဒဏ်ချမှတ်ထားသည့် အအတိုက်အခံ အကြီးတန်း နိုင်ငံရေးသမား ၂ ဦး၏ အယူခံများကို ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က ယနေ့တွင် ပယ်ချလိုက်သည်ဟု သိရသည်။

    သေဒဏ်ချမှတ်ခံရသူများမှာ ဆလာအွဒ်ဒင် ကွာဒါရ် ချောင်ဒရီနှင့် အလ်ဟာဆန် မဟ်မူးဒ် မူဂျာဟစ်တို့ ဖြစ်ကြပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ဖွဲ့စည်းထားသည့် နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးက စောစောပိုင်းတွင် ချမှတ်ခဲ့သော သေဒဏ်ကို ရုပ်သိမ်းပေးရန် ၎င်းတို့က တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

    ၂၀၁၀ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် အဆိုပါခုံရုံးမှ ၉ လကြာဖြစ်ပွားခဲ့သော ပါကစ္စတန်မှ ခွဲထွက်ရေး စစ်ပွဲအတွင်း လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်များဖြင့် ယခုအချိန်အထိ လူပေါင်း ၂၄ ဦးကို စီရင်ချက်ချပြီး ဖြစ်သည်။

    ချောင်ဒရီမှာ အတိုက်အခံအမျိုးသားရေးပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ထိုခုံရုံးတွင် ပထမဆုံး စီရင်ခံရသည့် အတိုက်အခံခေါင်းဆောင်လည်း ဖြစ်သည်။ မူဂျာဟစ်မှာ ဂျမာအသ် အလ်-အစ္စလာမီပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၎င်းအရင် ခေါင်းဆောင် ၂ ဦးမှာ စီရင်ချက် ချမှတ်ခံခဲ့ရပြီး ဖြစ်သည်။

    Ref: Aljazeera

  • ကလေးတစ်ဦးအား အုပ်စုဖွဲ့သတ်ဖြတ်သူများကို ဘင်္ဂလားဒေ့ရှ် သေဒဏ်ပေး

    ကလေးတစ်ဦးအား အုပ်စုဖွဲ့သတ်ဖြတ်သူများကို ဘင်္ဂလားဒေ့ရှ် သေဒဏ်ပေး

    နိုဝင်ဘာ ၉၊ ၂၀၁၅
    M-Media

    bang
    အဓိကတရားခံ ကမ်ရူ အစ္စလာမ် (အလယ်ပုံ)

    – အသက် ၁၃ နှစ်အရွယ် လူငယ်အား ရိုက်နှက်သတ်ဖြတ်ခဲ့မှုနှင့် ထိုအဖြစ်အပျက်ကို ဗီဒီယိုမှတ်တမ်းတင်ကာ အင်တာနက်ပေါ်တွင် ဖြန့်ဝေခဲ့မှုအတွက် လူလေးဦးကို ဘင်္ဂလားဒေ့ရှ်တရားရုံးက သေဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

    လွန်ခဲ့သည့်လေးလက ဖြစ်ပွားခဲ့သည့် အဆိုပါအမှုအတွက် နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဆီလ်ဟတ်မြို့ တရားရုံးတွင် ယမန်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ သေဒဏ်ချမှတ်ခံရသူများမှ အဓိကတရားခံမှာ ကမ်ရူလ် အစ္စလာမ်ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် ဆော်ဒီသို့ ထွက်ပြေးခဲ့သော်လည်း ဆော်ဒီက ၎င်းအား ပြန်လည် နှင်ထုတ်ခဲ့သည်။

    အသတ်ခံရသူမှာ ရှိခ် မိုဟာမက် ဆမီအူလ် အလမ် ရာဂျွန်ဖြစ်ပြီး ဆိုင်ကယ်ခိုးသည်ဟု စွပ်စွဲဟာ ဆီလ်ဟတ်မြို့တွင် ဇူလိုင်လ ၈ ရက်နေ့က လူအုပ်စုတစ်ခု၏ ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အလောင်းအား စစ်ဆေးမှုများအရ ရာဂျွန်မှာ ဦးခေါင်းနှင့် ရင်ဘတ်တို့အပါအ၀င် ဒဏ်ရာများစွာ ရရှိခဲ့ပြီး ခန္ဓာကိုယ်တွင်း သွေးယိုစီးမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အဖြေထွက်ခဲ့သည်။

    ထိုအဖြစ်ပျက်အား ရိုက်ကူးခဲ့သည့် ၂၈ မိနစ်ကြာ ဗီဒီယိုမှာ အင်တာနက်စာမျက်နှာတွင် ပြန့်နှံ့သွားခဲ့ပြီး ဘင်္ဂလာဒေ့ရှ်ပြည်သူများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ ဗီဒီယိုရိုက်သူ နူရ်အဟ်မဒ်ကို တရားရုံးက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပြီး တိုက်ခိုက်မှုတွင် ပါဝင်သည့် အခြားသူများကို ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။

    ထိုကဲ့သို့ တရားခံများကို တရားဥပဒေအတိုင်း အပြစ်ပေးနိုင်ခဲ့သည့်အတွက် ကျေနပ်မိသည်ဟု ရာဂျွန်၏ ဖခင် ရှိခ် အဇီဇူရ် ရဟ်မန်က ပြောကြားခဲ့သည်။

    “ရာဂျွန်ကို သတ်တဲ့ကိစ္စဟာ တော်တော်လေးကို နှလုံးနာစရာကောင်းတဲ့ ကိစ္စပါ။ ရာဂျွန်ကို သတ်တဲ့သူတွေကိုတော့ ၄ လကြာပြီးမှ အပြစ်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ တစ်နေ့မှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့အတွက် ဥပမာတစ်ခုပါပဲ”

    Ref: Aljazeera

  • ဘင်္ဂလားဒေ့ရှ်တွင် စာအုပ်တိုက်ပိုင်ရှင်တစ်ဦး အသတ်ခံရ

    ဘင်္ဂလားဒေ့ရှ်တွင် စာအုပ်တိုက်ပိုင်ရှင်တစ်ဦး အသတ်ခံရ

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media

    ban

    – ဘာသာရေး အစွန်းရောက်မှုနှင့် ပတ်သက်၍ ဝေဖန်ရေးသားထားသည့် စာအုပ်ကို ထုတ်ဝေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦးမှာ ယမန်နေ့က မြို့တော်ဒါကာတွင် ခေါင်းဖြတ်အသတ်ခံခဲ့ရသည်ဟု သိရသည်။

    ဖေဆယ် အရီဖင်ဆိုသူဖြစ်ပြီး ၎င်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီက ထိုနည်းလမ်းအတိုင်း အသတ်ခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်နွယ်ဖွား အမေရိကန်နိုင်ငံသား အဗီဂျစ် ရွိုင် ရေးသားထားသည့် စာအုပ်များကို ထုတ်ဝေသူဖြစ်သည်။ အရီဖင်မှာ ၎င်း၏ ရုံးခန်းထဲတွင် ထိုကဲ့သို့ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

    ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကမူ လူသတ်သမားများမှာ စာအုပ်ဝယ်သူဟန်ဆောင်၍ ပုံနှိပ်တိုက်သို့ ၀င်ရောက်လာခဲ့ပြီး ရုံးခန်းတံခါးအား သော့ခတ်ကာ အခင်းဖြစ်ပွားချိန်တွင် နည်းဆုံး လူ ၇ ဦးခန့် ထို စာအုပ်တိုက်တွင် ပိတ်မိခဲ့သည်ဟု ပြောကြားခဲ့သည်။

    ယမန်နေ့မနက်ပိုင်းကလည်း ရွိုင်၏ စာအုပ်ကို ထုတ်ဝေသည့် အခြားစာအုပ်တိုက်ပိုင်ရှင် အဟ်မဒ် ရာဟင်မ် တူတူလ်နှင့် စာရေးဆရာနှစ်ဦးကို ၎င်းတို့၏ စာအုပ်တိုက်တွင် လူ ၃ ဦးက သေနတ်၊ ဓားတို့ဖြင့် တိုက်ခိုက်မှုကြောင့် ဒဏ်ရာများရရှိခဲ့သည်။ ထိုတိုက်ခိုက်မှုများအတွက် မည်သည့်အဖွဲ့မှ တာဝန်ယူခြင်း မရှိသေးပေ။

    Ref: Aljazeera

  • ရခိုင့်တပ်မတော်မှ ခေါင်းဆောင်တစ်ဦးကို အကြမ်းဖက်မှုဖြင့် ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

    ရခိုင့်တပ်မတော်မှ ခေါင်းဆောင်တစ်ဦးကို အကြမ်းဖက်မှုဖြင့် ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

    အောက်တိုဘာ ၁၄၊ ၂၀၁၅
    M-Media

    soe

    – မြန်မာနိုင်ငံမှ သူပုန်အဖွဲ့ဖြစ်သော ရခိုင့်တပ်မတော် အဖွဲ့ဝင်တစ်ဦးကို စစ်တကောင်းပြည်နယ် ရန်ဂါမာတီခရိုင်ရှိ ရာဂျက်စ်သာလီမြို့တွင် ဘင်္ဂလားဒေ့ရှ် ဥပဒေစိုးမိုးရေးအဖွဲ့များက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    ဖမ်းဆီးခံရသူမှာ အသက် ၄၅ နှစ်အရွယ်ရှိ ရန်နိုင်စိုး ဆိုသူဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ BGB တို့က ပူးပေါင်းကာ ယနေ့မနက် ၃ နာရီခန့်တွင် အစ္စလာမ်ပူးရ်ဒေသ၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရာဂျက်စ်သာလီ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ၀ါဟီဒွလ္လာဟ် ဆာကာရ်က ပြောကြားခဲ့သည်။

    ရန်နိုင်စိုးကို တရားမ၀င် ၀င်ရောက်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခြင်း စွဲချက်များဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရခိုင့်တပ်မတော်မှ ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟု ဆိုသည်။

    လွန်ခဲ့သည့် ၄၉ ရက်က အဆိုပါသူပုန်အဖွဲ့မှ အုပ်စုစ်တစ်ခုမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB ကိုဝေးလံခေါင်ဖျားသည့် ဘန်ဒါဘန်တောင်တန်းဒေသတွင် တိုက်ခိုက်ခဲ့ပြီး BGB တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

    ရန်နိုင်စိုးကမူ ၎င်းမှာ ရာဂျက်စ်သာလီဒေသတွင် လွန်ခဲ့သည့်နှစ်အတန်ကြာကပင် နေထိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: The Daily Star