News @ M-Media

Tag: Myanmar Military

  • မြန်မာစစ်တပ်ပိုင်လုပ်ငန်းများနှင့် အဆက်အသွယ်ဖြတ်မည်ဟု နာမည်ကျော် ဖက်ရှင်ကုမ္ပဏီများ  ထုတ်ပြန်

    မြန်မာစစ်တပ်ပိုင်လုပ်ငန်းများနှင့် အဆက်အသွယ်ဖြတ်မည်ဟု နာမည်ကျော် ဖက်ရှင်ကုမ္ပဏီများ ထုတ်ပြန်

    သြဂုတ် ၂၆၊ ၂၀၁၉
    M-Media

    Photo credit – Nikkei Asian

    -မြန်မာစစ်တပ် လက်အောက်မှာရှိနေတဲ့ စက်မှုဇုန်တွေနဲ့ ဆက်သွယ်လုပ်ကိုင်မှုကို အဆုံးသတ်ဖို့ ဆောင်ရွက်နေတယ်လို့ နာမည်ကြီး ဖက်ရှင်ကုမ္ပဏီတွေက ပြောကြားလိုက်ကြောင်း Nikkei Asian Review သတင်းဌာနက ဒီကနေ့မှာ ဖော်ပြလိုက်ပါတယ်။

    ဟောင်ကောင်အ၀တ်အထည် ကုမ္ပဏီ Esprit က သူတို့အနေနဲ့ မြန်မာစစ်တပ်နဲ့ နွယ်တဲ့ အထည်ချုပ်စက်ရုံနဲ့ ဆက်သွယ်လုပ်ကိုင်မှု ဖြတ်တောက်လိုက်ပြီလို့ ပြောကြားခဲ့သလို H&M နဲ့ Bestseller တို့ကလည်း အခြေအနေကို သုံးသပ်နေတယ်လို့ ဆိုပါတယ်။

    နိုင်ငံတကာ အ၀တ်အထည် ကုမ္ပဏီတွေက သူတို့ ဆက်သွယ်လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံစာရင်းကို ချပြထားရာမှာ နာမည်ကြီး တံဆိပ် တော်တော်များများကို ချုပ်ပေးနေတဲ့ စက်ရုံတွေဟာ စစ်တပ် ဦးပိုင်းစီးပွားရေးလုပ်ငန်းစု MEHL က ပိုင်ဆိုင်တဲ့ စက်မှုဇုန် ၂ ခုမှာ ရှိနေတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အချက်အလက်ရှာဖွေဖို့ ကုလက ဖွဲ့စည်းထားတဲ့ အဖွဲ့ဟာ သြဂုတ်လအစောပိုင်းက အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး မြန်မာစစ်တပ်က ချုပ်ကိုင်ထားတဲ့ ဧရာမ စီးပွားရေးလုပ်ငန်းစု ၂ စုဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက် MEHL နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC တို့အကြောင်းကို ဖွင့်ချခဲ့ပါတယ်။

    ဆောက်လုပ်ရေး၊ ကျောက်စိမ်း၊ ကုန်ထုတ်လုပ်မှု၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေအပါအ၀င် နိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်း စုစုပေါင်း ၁၂၀ ကျော်ကို ဒီလုပ်ငန်းစု ၂ ခုက ချုပ်ကိုင်ထားတာဖြစ်ပြီး ရရှိတဲ့ အကျိုးအမြတ်တွေကလည်း စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ပံ့ပိုးပေးသလို ဖြစ်နေတယ်လို့ အချက်အလက်ရှာဖွေရေးအဖွဲ့က ဆိုပါတယ်။ ဒီလုပ်ငန်းစု ၂ ခုဟာ ပြည်တွင်းက ခရိုနီကုမ္ပဏီ အနည်းဆုံး ၂၇ ခုနဲ့ အဆက်အသွယ်ရှိနေတယ်ဆိုတာ ကုလက တွေ့ရှိခဲ့ပါတယ်။

    နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ဖို့လည်း ကုလက တိုက်တွန်းခဲ့ပါတယ်။

    ဖက်ရှင်ကုမ္ပဏီများ


    Photo credit – Nikkei Asian

    Next၊ Bestseller၊ H&M၊ Marks & Spencer၊ C&A နဲ့ Esprit တို့လို ဖက်ရှင်ကုမ္ပဏီတွေ ဆက်သွယ်လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံတွေဟာ ဦးပိုင်လုပ်ငန်းစုပိုင် စက်မှုဇုန်တွေဖြစ်တဲ့ ငွေပင်လယ် စက်မှုဇုန်၊ ပျဉ်းမပင် စက်မှုဇုန်တွေမှာ တည်ရှိတာပါ။

    Esprit ကုမ္ပဏီက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် ငွေပင်လယ် စက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်လုပ်ငန်း Perfect Gains Garment Manufacturing နဲ့ အဆက်အသွယ် ချက်ခြင်းဖြတ်တောက်တော့မယ်လို့ Nikkei Asian ကို ပေးပို့တဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

    အရင်တုန်းက မြန်မာစစ်တပ်နဲ့ ပတ်သက်မှုရှိတာကို မသိတဲ့အတွက် ဆက်သွယ်လုပ်ကိုင်ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    H&M ကတော့ သူတို့အနေနဲ့ ကုလအစီရင်ခံစာပါ တွေ့ရှိချက်တွေကို သုံးသပ်နေပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ကုလ၊ ဥရောပသမဂ္ဂတို့ရဲ့ အကြံပြုချက်တွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း၊ ဒီကိစ္စကို သေသေချာချာ စုံစမ်းနေပြီး သင့်လျော်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    လူ့အခွင့်အရေးကို အလေးထားမြှင့်တင်တဲ့ စီးပွားရေးလုပ်ငန်း ဖြစ်ရေးအတွက် ဥပဒေအရ ရှိနေတဲ့ တာဝန် ၀တ္တရားတွေကို အပြည့်အ၀ လိုက်နာသွားမယ်လို့လည်း H&M က အီးမေးလ်မှာ ရေးသားခဲ့ပါတယ်။

    BestSeller ကလည်း ကုလရဲ့ အစီရင်ခံစာပါ အချက်အလက်တွေကို သုံးသပ်နေတယ်လို့ ဖြေကြားခဲ့ကြောင်း Nikkei Asian က ဖော်ပြပြီး C&A ကတော့ မေးမြန်းမှုကို ပြန်မဖြေဘူးလို့ ဆိုပါတယ်။

    Marks & Spencer ဟာ မြန်မာစစ်တပ်ကပိုင်တဲ့ စက်မှုဇုန်နှစ်ခုက အထည်ချုပ် စက်ရုံတွေနဲ့ ဆက်သွယ်လုပ်ကိုင်နေတာကို တွေ့ရသလို၊ ဦးပိုင်နဲ့ တောင်ကိုရီးယားကုမ္ပဏီ Pan-Pacific Co တို့ ပူးတွဲပိုင်ဆိုင်တဲ့ Myanmar Wise-Pacific Apparel လုပ်ငန်းနဲ့လည်း အဆက်အသွယ် ရှိနေပါတယ်။

    Wise-Pacific နဲ့ အဆက်အသွယ် ဖြတ်လိုက်ကြောင်း Marks & Spencer က ထုတ်ပြန်ခဲ့ပေမယ့် ဘယ်တုန်းက ဘာ့ကြောင့် ဖြတ်လိုက်လဲဆိုတဲ့ မေးမြန်းမှုကို မဖြေဘူးလို့ Nikkei Asian က ဖော်ပြထားပါတယ်။

    အခုလအစောပိုင်းက ဘယ်လ်ဂျီယံ ဆက်သွယ်ရေးကုမ္ပဏီ Newtec က သူတို့ဟာ MEC နဲ့ အဆပ်အစပ်ရှိတဲ့ Mytel နဲ့ ဆက်သွယ်ဆောင်ရွက်မှုကို ဖြတ်တောက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    မြန်မာ့ စီးပွားရေးဦးပိုင် လိမိတက် MEHL ကတော့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း မရှိဘူးလို့ Nikkei Asian က ဖော်ပြထားပါတယ်။ ဒီလုပ်ငန်းကို စီမံနေတဲ့ အဖွဲ့ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ ကာကွယ်ကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းတို့က ဦးဆောင်တာ ဖြစ်ပါတယ်။

    သူတို့ ၂ ဦးစလုံးဟာ နိုင်ငံတကာဥပဒေအရ စစ်ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာဝန်ရှိသူတွေလို့ ကုလက သတ်မှတ်ထားပါတယ်။ နိုင်ငံအတွင်း လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုအတွက်လည်း ကုလရဲ့ ပိတ်ဆို့မှုကို ခံထားရပါတယ်။

    Ref: Nikkei Asian Review

  • မြန်မာနိုင်ငံမှ အကောင့်၊ ပေ့ခ်ျနှင့် ဂရုပ် ၂၀၀ ကျော်ကို Facebook ထပ်မံဖျက်ချ

    မြန်မာနိုင်ငံမှ အကောင့်၊ ပေ့ခ်ျနှင့် ဂရုပ် ၂၀၀ ကျော်ကို Facebook ထပ်မံဖျက်ချ

    သြဂုတ် ၂၂၊ ၂၀၁၉
    M-Media

    -မြန်မာနိုင်ငံက အကောင့်၊ page နဲ့ group စုစုပေါင်း ၂၀၀ ကျော်ကို ထပ်မံပိတ်ပစ်ခဲ့ပြီး ‘မသာ မာတဲ့ အပြုအမူတွေကို လုပ်ဆောင်လို့ဖြစ်တယ်’ လို့ Facebook က သြဂုတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ပိတ်ခံရတာတွေက Facebook အကောင့် ၈၉ ခု၊ page ၁၀၇ ခု၊ group ၁၅ ခုနဲ့ Instagram အကောင့် ၅ ခုတို့ ဖြစ်ပါတယ်။ ပိတ်ပစ်လိုက်တဲ့ page တစ်ချို့မှာ follower ၉ သိန်းလောက်ရှိပြီး၊ တစ်ချို့ group တွေမှာ member ၆၇၀၀၀ လောက်ရှိတယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ဖျက်ခံလိုက်ရတဲ့ Instagram အကောင့်တစ်ချို့ဟာ follower ၄၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

    အဲဒီ page တွေကို ကန်ဒေါ်လာ ၁၂၀၀ ဖိုးလောက် အသုံးပြုကာ ကျော်ငြာထားပြီး ဒီငွေတွေကို အမေရိကန်ဒေါ်လာ၊ ရုရှား ရူဘဲလ်တို့နဲ့ ပေးချေခဲ့တယ်လို့ Facebook ရဲ့ ဆိုက်ဘာလုံခြုံရေး အကြီးအကဲ Nathaniel Gleicher က ပြောပါတယ်။

    “ဒီလှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာရှိတဲ့သူတွေဟာ အကောင့်အတုတွေကို အသုံးပြုပြီး လူတွေများများ ဖတ်လာအောင်၊ လူသိများလာအောင်ဆောင်ရွက်တာ၊ page တွေ၊ group တွေကို ကိုယ်တွယ်တာတွေ လုပ်ဆောင်တာပါ။ သတင်း၊ ဖျော်ဖြေရေး၊ ရာဇ၀တ်မှု၊ တိုင်းရင်းသားအရေး၊ အနုပညာအကြောင်း၊ စစ်တပ်အကြောင်းတွေကို ပုံမှန်တင်ကြပါတယ်။ ဒါတွေရဲ့နောက်ကွယ်ကလူတွေဟာ သူတို့ ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ်ဖို့ ကြိုးစားပေမယ့် စစ်တပ်နဲ့ အဆက်အသွယ်ရှိတဲ့လူတွေနဲ့ ဆက်နွယ်နေတယ်ဆိုတာကို ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ်”

    ဒီအကောင့်တွေ၊ page တွေနဲ့ group တွေကို ပိတ်ပင်တာဟာ သူတို့တင်တဲ့ ပို့စ်တွေကြောင့်မဟုတ်ဘဲ သူတို့ရဲ့ မသမာတဲ့ သဘောထားကြောင့် ဖြစ်တယ်လို့လည်းက Facebook က ပြောပါတယ်။

    “ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုကို အသုံးပြုပြီး လူတွေအပေါ် အမြတ်ထုတ်တာကို မလိုလားတာကြောင့် ဒီလိုကိစ္စတွေကို သိရှိ ဟန့်တားနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ”

    မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာအသိုက်အဝိုင်း အန္တရာယ်ကင်းစေဖို့အတွက် ကြိုးပမ်းလုပ်ဆောင်နေပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမုန်းစကားတွေ၊ သတင်းအမှားတွေ ပြန့်နှံ့တာကို တားဆီးနိုင်ရေး ဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်လို့လည်း Facebook ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref : Frontier Myanmar

  • ဘယ်လ်ဂျီယံ ကုမ္ပဏီတစ်ခုက မြန်မာစစ်တပ်နှင့် အဆက်အသွယ်ဖြတ်ကြောင်း ထုတ်ပြန်

    ဘယ်လ်ဂျီယံ ကုမ္ပဏီတစ်ခုက မြန်မာစစ်တပ်နှင့် အဆက်အသွယ်ဖြတ်ကြောင်း ထုတ်ပြန်

    သြဂုတ် ၁၄၊ ၂၀၁၉
    M-Media

    -မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေမှာ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းတွေက တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုပေးသလို ဖြစ်နေတယ်ဆိုတဲ့ ကုလရဲ့ အစီရင်ခံစာတစ်စောင် ထွက်လာပြီးနောက်ပိုင်း ဘယ်လ်ဂျီယံ ကုမ္ပဏီတစ်ခုက မြန်မာစစ်တပ်နဲ့ အဆက်အသွယ်ဖြတ်တောက်ကြောင်း ကြေငြာလိုက်ပါတယ်။

    ဂြိုဟ်တုဆက်သွယ်ရေး ကုမ္ပဏီ Newtec ဖြစ်ပြီး မြန်မာနိုင်ငံက တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်း Mytel နဲ့ ဆက်ဆံလုပ်ကိုင်နေတာပါ။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပါအ၀င် နိုင်ငံတစ်ဝှမ်းက တိုင်းရင်းသားလူနည်းစုတွေအပေါ်အစိုးရစစ်တပ်က ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ဖို့ ကုလက ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ဝင် ၃ ဦးပါ အချက်အလက်ရှာဖွေရေးကော်မတီဟာ အခုလအစောပိုင်းက အစီရင်ခ့စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

    အစီရင်ခံစာထဲမှာ စစ်တပ်ပိုင် လုပ်ငန်းစု ၂ ခုက တိုင်းပြည်ရဲ့ စီးပွားရေးအပေါ် လက်ဝါးကြီးအုပ်ထားမှုကို အသေးစိတ် ဖော်ပြခဲ့ပြီး ဒီလုပ်ငန်းစုတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေဟာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို တစ်ဖက်တစ်လမ်းကနေ အားပေးကူညီသလို ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် မြန်မာစစ်တပ်နဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ မလုပ်ဖို့လည်း နိုင်ငံတကာ ကုမ္ပဏီတွေကို အချက်အလက် ရှာဖွေရေးအဖွဲ့က တိုက်တွန်းခဲ့ပါတယ်။

    Newtec ရဲ့ အခုတစ်ပတ်အစောပိုင်းက ကြေငြာချက်မှာ မိမိတို့အနေနဲ့ “ကုလအစီရင်ခံစာပါ
    အကြံပြုချက်တွေကို လိုက်နာပြီး Mytel နဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေကို ရပ်တန့်လိုက်တယ်” လို့ ဖော်ပြထားပါတယ်။

    “တပ်မတော်ရဲ့ အကြမ်းဖက်လှုပ်ရှားမှု၊ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ကြမ်းကြုတ်မှုတွေနဲ့ ဆက်စပ်နေတဲ့ ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လိုကုမ္ပဏီမျိုးကိုမှ သိသိကြီးနဲ့ ပစ္စည်းတွေ ရောင်းမှာ မဟုတ်ပါဘူး” လို့ Newtec က ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းမှုကို Mytel ရဲ့ ပြည်သူ့ဆက်ဆံရေးဌာနက ပြန်လည်ဖြေကြားခြင်း မရှိဘူးလို့ VOA သတင်းဌာနက ဖော်ပြပါတယ်။

    Newtec ရဲ့ ဒီလုပ်ရပ်အပေါ် ကျွမ်းကျင်သူတွေက ချီးကျူးမှုတွေ ရှိခဲ့သလို၊ ဆောင်ရွက်တာ နောက်ကျတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမယ်ဆိုရင် တရားစွဲမယ်လို့ Newtec ရဲ့ စီအီးအို Thomas Van den Driessche က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ Burma Campaign UK အဖွဲ့ကို ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

    လူ့အခွင့်အရေးရှေ့နေဖြစ်ပြီး ကုလရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ခရစ္စတိုဖာ ဆီဒိုတီက သူတို့အဖွဲ့ အစီရင်ခံစာထုတ်ပြန်ပြီးနောက်ပိုင်း စစ်တပ်နဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ နိုင်ငံခြားကုမ္ပဏီတစ်ချို့က သူတို့ရဲ့ ဆက်ဆံရေးကို ပြန်လည်ဆန်းစစ်နေတဲ့ဆိုတဲ့ အကြောင်းကြားမှုတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: VOA

  • မြန်မာနိုင်ငံအတွင်း ကျူးလွန်မှုများကို စီးပွားရေးလုပ်ငန်းများက ပံ့ပိုးနေသည်ဟု ကုလအစီရင်ခံစာတွင် ဖော်ပြ

    မြန်မာနိုင်ငံအတွင်း ကျူးလွန်မှုများကို စီးပွားရေးလုပ်ငန်းများက ပံ့ပိုးနေသည်ဟု ကုလအစီရင်ခံစာတွင် ဖော်ပြ

    သြဂုတ် ၆၊ ၂၀၁၉
    M-Media


    ပည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက် (MEHL) ပိုင် ဆာလ်ဖျူရစ်အက်ဆစ်စက်ရုံ

    -မြန်မာစစ်တပ်က ဦးစီးလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ၊ အဲဒါတွေနဲ့ ဆက်သွယ်နေတဲ့ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းတွေဟာ မြန်မာနိုင်ငံအတွင်း စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးကူညီပေးနေသလို ဖြစ်နေတဲ့အတွက် ဒီလုပ်ငန်းတွေကို အရေးယူဖို့ ကုလ အချက်အလက်ရှာဖွေရေးကော်မရှင်က နိုင်ငံတကအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။

    နိုင်ငံအနောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေ အပါအ၀င်၊ တိုင်းရင်းသားတွေ၊ လူနည်းစုတွေအပေါ် စစ်ခေါင်းဆောင်တွေက ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အချအလက်ရှာဖွေဖို့ ကုလကဖွဲ့စည်းထားတဲ့ အဖွဲ့က မနေ့မှာ အစီရင်ခံစာစောင် ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီအစီရင်ခံစာမှာ တိုင်းပြည်ရဲ့ စီးပွားရေးကို စစ်ခေါင်းဆောင်တွေက ခေတ်အဆက်ဆက် လက်ဝါးကြီးအုပ်ထားပြီး၊ စစ်တပ်ပိုင်လုပ်ငန်းနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေဟာ နိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနေသလို ဖြစ်နေတယ်လို့ ထောက်ပြထားပါတယ်။

    “ပြည်တွင်း၊ ပြည်ပ လုပ်ငန်းတွေကနေ စစ်တပ်က ရရှိနေတဲ့ အကျိုးအမြတ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်လွတ်ခြေလွတ် လုပ်ဆောင်နေတာကို တွန်းအားပေးလို ဖြစ်နေပါတ” လို့ အချက်အလက်ရှာဖွေရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

    ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတွေက လုပ်ငန်းတွေအပါအ၀င် မြန်မာစစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ နိုင်ငံခြားကုမ္ပဏီ ၅၉ ခုအကြောင်းကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အစ္စရေး၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့က နိုင်ငံပိုင်လုပ်ငန်းတွေအပါအ၀င် အနည်းဆုံး နိုင်ငံခြား ကုမ္ပဏီ ၁၄ ခုလောက်က မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချနေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    လက်ဝါးကြီးအုပ်ထား

    ကုလရဲ့ အစီရင်ခံစာမှာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီး ၂ ခုဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက် (MEHL) နဲ့ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ရဲ့ တည်ဆောက်ပုံတွေ စီးပွားရေးကွန်ယက် ဖြန့်ကျက်ထားပုံတွေကို ဖော်ပြထားပါတယ်။

    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် လက်ရှိ စစ်ခေါင်းဆောင်တွေ၊ အရင်က စစ်ခေါင်းဆောင်ဟောင်းတွေ ချုပ်ကိုင်ထားတဲ့ အဲဒီ လုပ်ငန်းကြီး ၂ ခုဟာ ကျောက်စိမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့နဲ့ နိုင်ငံရဲ့ အဓိက၀င်ငွေရတဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၁၂၀ လောက်ကို လုပ်ကိုင်နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

    အကျိုးအမြတ်ပေါင်းများစွာ ရနေတဲ့ အဲဒီလုပ်ငန်းတွေဟာ အရပ်သားအစိုးရရဲ့ စောင့်ကြည့်ထိန်းချုပ်မှုအောက်မှာ မရှိဘဲ၊ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ဒီအကျိုးအမြတ်တွေက တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်စေကြောင်းလည်း အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    စစ်ခေါင်းဆောင်တွေဟာ သူတို့ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကနေ လွတ်မြောက်နေရုံသာမကဘဲ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုကို ဖျက်လိုဖျက်ဆီးလုပ်နေကြောင်း၊ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အုပ်ချုပ်မှုစနစ်ကို လိုချင်ရင် တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ အုပ်ချုပ်ရေးမှာ စစ်တပ်က ကြီးကြီးမားမား ၀င်ရောက်စွက်ဖက်နေမှုကို အနည်းဆုံးဖြစ်အောင်၊ စစ်တပ်ကို အရပ်သားအစိုးရ ထိန်းချုပ်မှုအောက်ရောက်အောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

    ပြည်ပလုပ်ငန်းများလည်း တာဝန်မကင်း

    ၂၀၁၆ ခုနှစ်ကစလို့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတဲ့ နိုင်ငံခြားကုမ္ပဏီ ၁၄ ခုကို အစီရင်ခံစာမှာ ဖော်ပြထားပြီး၊ ဒီလို ရောင်းချမှုတွေကို လုံးဝ ပိတ်ပင်နိုင်ရေး ဆောင်ရွက်ဖို့လည်း ကုလလုံခြုံရေးကောင်စီကို တိုက်တွန်းထားပါတယ်။

    မြန်မာ စစ်ခေါင်းဆောင်တွေကို အမေရိကန်၊ ဥရောပသမဂ္ဂ ကနေဒါနဲ့ သြစတေးလျတို့က ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားပါတယ်။

    အချက်အလက်ရှာဖွေရေးအဖွဲ့ကတော့ တကယ်တမ်း ထိရောက်ဖို့ဆိုရင် ပိုပြီးထိရောက်တဲ့ အရေးယူမှု၊ မြန်မာစစ်တပ်က ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းအုပ်စု ၂ ခု၊ မြန်မာစစ်တပ်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာနိုင်ငံတွေက သီးခြား ပစ်မှတ်ထားအရေးယူတဲ့ လှုပ်ရှားမှုမျိုး လိုအပ်တယ်လို့လည်း အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

    အချက်အလက်ရှာဖွေရေးအဖွဲ့ကို ဦးဆောင်တဲ့ မာဇူကီ ဒါရုစ်မန်က မြန်မာနိုင်ငံရဲ့စီးပွားရေး
    လက်ဝါဒကြီးအုပ်ခံရမှုကနေ ကင်းလွတ်ရေးအတွက် စစ်တပ်နဲ့ကင်းတဲ့ လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်ဖို့ နိုင်ငံခြားကုမ္ပဏီတွေကို တိုက်တွန်းတာ၊ စစ်တပ်ပိုင်လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူတာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဆောင်ရွက်သင့်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    “ဒါဟာ သဘာဝသယံဇာတ အပါအ၀င် မြန်မာနိုင်ငံရဲ့ စီးပွားရေး လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးတိုးတက်စေဖို့ အားပေးရာရောက်သလို၊ ပြည်သူလူထုအပေါ် တာဝန်ခံမှုရှိစေရေး၊ တန်းတူညီမျှဖြစ်ရေးနဲ့ ပွင့်လင်းမြင်သာမှုရှိရေး အကူအညီပေးရာလည်း ရောက်ပါတယ်”

    Ref: DW, hrw.org

  • စစ်ဖက်ဆက်ဆံမှု တိုးမြှင့်ရေး မြန်မာနှင့် အိန္ဒိယတို့ သဘောတူ

    စစ်ဖက်ဆက်ဆံမှု တိုးမြှင့်ရေး မြန်မာနှင့် အိန္ဒိယတို့ သဘောတူ

    ဇူလိုင် ၃၁၊ ၂၀၁၉
    M-Media

    -လေ့ကျင့်ရေး၊ ရေပြင်လုံခြုံရေးနဲ့ စောင့်ကြည့် ထောက်လှမ်းရေးတွေအပါအ၀င် နှစ်နိုင်ငံ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဖို့အတွက် မြန်မာနဲ့ အိန္ဒိယတို့ဟာ တနင်္လာနေ့မှာ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

    တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်းမှာ ဒီလို လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဟာ အိန္ဒိယစစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ စစ်ဦးစီးအရာရှိချုပ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    “ဆွေးနွေးမှုတွေ ပြီးတဲ့အခါမှာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အိန္ဒိယနဲ့ မြန်မာတို့ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အိန္ဒိယရဲ့ East Asia ပေါ်လစီအရ အရှေ့အာရှနိုင်ငံတွေကို ဦးစားပေး ဆက်ဆံရာမှာ မြန်မာနိုင်ငံဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အိန္ဒိယက တိုးမြှင့် လုပ်ဆောင်ခဲ့ပါတယ်” လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အိန္ဒိယနဲ့ မြန်မာတို့ဟာ နယ်စပ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်ပြီး၊ အခုနှစ် အစောပိုင်းက နှစ်နိုင်ငံပူးပေါင်းကာ နယ်စပ်က သူပုန်အဖွဲ့တွေကို တိုက်ထုတ်ရေး ဆောင်ရွက်ခဲ့ကြပါတယ်။

    အိန္ဒိယက မြန်မာစစ်တပ်အပေါ် လက်နက်ထောက်ပံ့ပေးမှုတွေလည်း မြင့်တက်လာခဲ့ပြီး အခုနှစ်နွေရာသီက မြန်မာရေတပ်အတွက် ပြည်တွင်းဖြစ် တော်ပီဒိုဒုံးကျည်တွေကို အိန္ဒိယက ပို့ဆောင်ပေးခဲ့ကာ ခန့်မှန်းချေ ကန်ဒေါ်လာ ၃၇.၉ သန်း တန်ဖိုး ရှိပါတယ်။

    မြန်မာ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံမှုအတွင်း ကာကွယ်ရေး၊ လုံခြုံရေး၊ စွမ်းအား မြှင့်တင်ရေး၊ ဆေးဘက်ဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အခြေခံအဆောက်အဦးအသစ်များ ပိုမိုဆောက်လုပ်ရေးတွေအပါအ၀င် နှစ်နိုင်ငံစစ်တပ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယ ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref : The Diplomat