News @ M-Media
Tag: satire
  • မခံချင်ဘူးဗျ (သရော်စာ)
    မခံချင်ဘူးဗျ (သရော်စာ)
    မျိုးတင့်သန်း
    ဟိုတစ်နေ့က ဂျာမန်မိတ်ဆွေတွေနဲ့ဆုံတယ်။ ဟိုအကြောင်းဒီအကြောင်းပြောကြရင်းနဲ့ ….
    လွတ်လပ်စွာပြောဆိုရေးသားခွင့်ခေါင်းစဉ်ရောက်သွားတော့ တစ်ယောက်က ကျနော့ကိုပြောတယ်။
    ” မင်းတို့တိုင်းပြည်မှာ စစ်ဗိုလ်ချုပ်တွေအုပ်ချုပ်တုန်းက  အခုလို အတန်အသင့်လွတ်လပ်ဖို့မပြောနဲ့  ဘာမှမပြောရဲ မရေးရဲဘူးမဟုတ်လား?” တဲ့။
    ကျနော်လည်းစိတ်ထဲဖျင်းကနဲဖြစ်သွားလို့ပက်ကနဲပြန်ပြောလိုက်တယ်။
    ” ဟေ့ ဗိုလ်ချုပ်တွေလက်ထက်တုန်းက အခုထက်ပိုလွတ်လပ်တယ်ကွ၊  NLD အကြောင်း မကောင်းပြောမယ်၊ ရေးမယ်ဆို အစိုးရပိုင်သတင်းစာမှာတောင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရတယ်ကွ ”
    လို့ ပြန်ပက်ထဲ့လိုက်တယ်။
    ဟော ပြီးခဲ့တဲ့ အပါတ် သောကြာနေ့  ၀တ်ပြုဖို့  တူရကီဗလီ သွားပြန်တော့ တစ်ခါ တူရကီမိတ်ဆွေတွေနဲ့စိတ်ညစ်ရပြန်ရော။
    ” ဟေ့ မင်းတို့တိုင်းပြည်မှာ အခုအစိုးရက မွတ်စ်လင်မ်တွေအပေါ်  ဘာသာရေးနှိပ်ကွပ်မှုတွေလုပ်နေတယ်ဆို ?” တဲ့။
    ကျနော်ကလည်း မဟုတ်တာပြောရင်၊ ကြားရရင်မခံတတ်လေတော့
     ” ဟေ့ အခုအစိုးရ၊ အခုအစိုးရလို့ မစွတ်စွဲကြပါနဲ့ကွ။  ၁၉၆၂ နေဝင်းအစိုးရကစပြီး အစိုးရအဆက်ဆက် အကွက်ချပြီး  ဒီလိုပဲနှိပ်ကွပ်ခဲ့တာပါကွ ”
    လို့ပြန်ပက်ထဲ့လိုက်တယ်။
    ဟုတ်တယ် ကျနော်က ကိုယ့်နိုင်ငံ ကိုယ့်အစိုးရအကြောင်း မဟုတ်မတရားပြောဆို စွပ်စွဲရင် မခံချင်ဘူးဗျ။
  • အမှား ဖြစ်သွားသော အမှန်တရား (သရော်စာ)
    အမှား ဖြစ်သွားသော အမှန်တရား (သရော်စာ)
    သစ်ဆန်းခန့်
    (၁)
    ယမန်နေ့ထုတ်ဝေသော သတင်းစာများတွင် ပါလာသော လူသတ်မှုတွင် အလိုရှိနေသော မောင်ဂန့် အား..
    တာဝန်သိ ပြည်သူများ နှင့် ပြည်သူ့ရဲတပ်ဖွဲ့ ပူးပေါင်းကာ ဖမ်းဆီးရမိထားသဖြင့် ရုံးခန်းထဲတွင် စစ်ဆေးလျက်ရှိသည်။
    (၂)
    စခန်းမှူး – မောင်ဂန့်  ဒီမနက်က ဂျာနယ်တွေ ထဲမှာပါလာတဲ့ လူသတ်မှုမှာ လူမျိုးစွဲ ဘာသာစွဲ အညိုးကြောင့်
    ရခိုင်အမျိုးသား တစ်ဦးကို မင်းက မသေမချင်း လည်ပင်းညစ်သက်နေတယ်လို့
    မျက်မြင်သက်သေ ဂျာနယ်တွေက ရေးထားပြီး မင်းကို တရားစွဲထားတယ်..
    အဲ့အတွက် မင်း ဘာပြောချင်လဲ?
    မောင်ဂန့် – (မျက်နှာငယ်လေးဖြင့်) အဖြစ်က မနှစ်ကနဲ့ မတူပါဘူး စခန်းမှူးကြီးရယ်
    ဒီအဖြစ်အပျက်က ကျွန်တော်ဘယ်လိုရှင်းရှင်း ဘယ်သူမှ မယုံကြပါဘူး အဟင့်…
    စခန်းမှူး – ဘာမှ မပူပါနဲ့ မောင်ဂန့် တရားဥပဒေမှာ ကျောသားရင်သား မခွဲခြားထားပါဘူး တရားမျှတစေရပါမယ်..
    မောင်ဂန့် – ဟင်.. ဂယ်လား စခန်းမှူးကြီး ဒါဆို အနော့်အဖြစ်အပျက်လေးကို ပြောပြပါ့မယ် တကယ်တရားမျှတစေချင်ပါတယ် ခင်ဗျာ..
    စခန်းမှူးကြီး – ကဲ ပြောပါကွာ ဘယ်လိုစဖြစ်ကြတာလဲ?
    မောင်ဂန့် – အဖြစ်ကတော့ ဒီလိုပါဗျာ….
    (၃)
    မောင်ဂန့် ဆိုတာ အများသိကြတဲ့ အတိုင်းပင် ဒီလိုအရေးအခင်း ကာလမျိုးတွင်
    သူများတကာတွေ Facebook မှာ ဆိုရှယ်ဆိုက်တွေမှာ အားရပါးရ မိုးမွှန်အောင် ဆဲလို့ ကောင်းနေချိန်မှာ
    ရန်မဖြစ်ပဲ ငြိမ်းချမ်းရေးအတွက်သာ ရှေ့ရှုပြီး တိုင်းရင်းသားပြည်သူများ ရင်ကြားစေ့စည်းလုံးညီညွှတ်ရေးအတွက်
    ကိုယ်ကျိုးစွန့် အနစ်နာခံကာ လှုပ်ရှားဆောင်ရွတ်လျက်ရှိကြောင်း သိကြမည်ထင်ပါတယ် 😀
    တစ်ရက်မှာတော့ Online ပေါ်မှ ငြိမ်းချမ်းရေးဝါဒအယူရှိသူ ရခိုင်အမျိုးသား တစ်ဦးနှင့် ရင်းနှီးခင်မင်ကာ
    ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြရင်း နှစ်ဦးစလုံးမှာ အပြင်မှာ တွေ့ကာ ဆက်လက် ဆွေးနွေးလိုစိတ်ရှိသဖြင့်
    လူစည်ကားရာ စားသောက်ဆိုင်တွင် စကားပြောရန် ချိန်းလိုက်ကြလေသည်။
    (၄)
    မောင်ဂန့် – တွေ့ရတာ ၀မ်းသာပါတယ်ခင်ဗျာ ဒီလို ငြိမ်းချမ်းရေးစိတ်ဓါတ်ရှိတဲ့ ရခိုင်အမျိုးကောင်းသား တစ်ဦးနဲ့
    ဒီလိုတွေ့ဆုံ ဆွေးနွေးခွင့်ရတာ ဂုဏ်ယူပါတယ် ခင်ဗျာ…
    ရခိုင်အမျိုးသား – ကျွန်တော်ကလဲ ငြိမ်းချမ်းရေးကို ဦးစားပေးသူ အစ္စလာမ်ဘာသာဝင်
    အမျိုးကောင်းသား မောင်ဂန့် နဲ့ ခုလိုတွေ့ဆုံရတာ
    ဂုဏ်ယူဝမ်းမြောက်မိပါတယ်…
    (၅)
    သို့ဖြင့်
    မောင်ဂန့် နှင့် ရခိုင်အမျိုးသားတို့ သည်
    ဆွေးနွေးရင်း စားသောက်ရင်းဖြင့် ငြိမ်းချမ်းရေးအတွက် ဦးတည်သော အစီအစဉ်များကိုလဲ
    တိုင်ပင် ဆွေးနွေးလျက် ရှိစဉ်…
     ရခိုင်အမျိုးသား သည် ထမင်းစားသောက်နေရာမှ ငါးရိုးဆူးသဖြင့်
    ပါးစပ်က အစ် အစ် ဟုသာ အသံမြည်နိုင်ပြီး မျက်ဖြူလန်လျက်ရှိလေရာ
    မောင်ဂန့် တစ်ယောက် မိတ်ဆွေအတွက် စိုးရိမ်ပူပန်လျက်
    ရခိုင်အမျိုးသား မိတ်ဆွေအား လည်ပင်းတွင် တစ်နေသော အရာအား ထွက်စေလိုသော စေတနာဖြင့်
    လည်ပင်းအား ညစ်ကာ ရှေ့တိုးနောက်ဆုတ်ဖြင့်
    တစ်နေသော အစူးအား ထွက်စေရန် ကြိုးပမ်းလျက်ရှိရာ..
    ရခိုင်အမျိုးသားအား ထွက်ပြီလား ထွက်ပြီလား ဟု အော်ဟစ်မေးရင်း
    လည်ပင်းအား ညစ်ကာ တစ်နေသော အရာအား တွန်းထုတ်လျက်ရှိသော်လဲ ကံမကောင်းစွာ
    ရခိုင်အမျိုးသား မိတ်ဆွေသည် မျက်ဖြူလန်ကာ ပါးစပ်မှ အမြုတ်များ တစီစီ ထွက်လာလျက်ရှိပေ၏..
    ထိုအချိန်မှာပဲ
    တစ်ခြားစားသောက်နေကြသူများသည် အလန့်တကြားအော်ဟစ်လျက်
    မောင်ဂန့် တို့ဆီ ပြေးလာကြသည်
    ဟာ လုပ်ပါအုံး ဟိုကုလား ငါတို့ လူကိုအသေသတ်နေပြီ
    သို့ဖြင့် တစ်ယောက် ကို တစ်ရာက ၀ိုင်းရိုက်ကြရာ
    မောင်ဂန့် တစ်ယောက် လောကကြီးဖြင့် ခတ္တခဏ အဆက်အသွယ်ပျက်သွားလေတော့သည်။
    ထို့နေ့က ထိုနေရာတွင် မြန်မာပြည်ရဲ့ စတုထ္တမဏ္ဍိုင် ဟု
    အများသိကြသော ဂျာနယ်လစ် သတင်းထောက်များပါ ရှိနေလေရာ
    ထို့နေ့ သတင်းစာတွင် ခေါင်းစည်းပိုင်းက ပါလာသော သတင်းမှာ
    (ဘင်္ဂလားဘက်မှ ခိုးဝင်လာသော ရိုဟင်ဂျာသူပုန်တစ်ဦးသည်
    လူလည်ခေါင်တွင် ရခိုင်အမျိုးသား တစ်ဦးအား ရက်ရက်စက်စက် လည်ပင်းညစ်သက်မှု)
    ဟူ၍ ပါရှိလာလေသည်…
    နိုင်ငံပိုင် သတင်းစာများနှင့် ရုပ်မြင်သံကြားမှ မျက်မြင်သက်သေ ပြည်သူများအား
    အင်တာဗျူးရာ…
    အဲ့ ကုလားကလေ အသေ သတ်တာဗျ
    ပါးစပ်ကတောင် အော်လိုက်သေးတယ်
    မှတ်ပြီလား မှတ်ပြီလား ဆိုပြီးတော့လေ… 😛
    (၆)
    မောင်ဂန့် – အဖြစ်အပျက် အလုံးစုံကတော့ အဲ့ဒါပါပဲ စခန်းမှူးကြီးရယ်…
    စခန်းမှူး –  ဟင်….
    စခန်းမှူးကြီး လဲ ဟင်.. ဟုသာ သံရှည်ဆွဲလျက် ငုတ်တုတ်မေ့သွားချေလေသည်။ 😛
    (ဇတ်သိမ်း)
    နောက်နေ့ သတင်းစာများနှင့်ဂျာနယ် ရုပ်မြင်သံကြားမီဒီယာများတွင်လဲ
    မောင်ဂန့်ရုပ်ပုံကြီး ဖြင့် ပြည်တွင်းနေ အစလာမ်ဘာသာဝင် ဟန်ဆောင်သော ပြည်ပမှခိုးဝင်လာသူ
    ရိုဟင်ဂျာ ကုလားအား ချေမှုန်းရေး ဒို့အရေးဟု ကြေညာစာတမ်းများ ပေါ်ပေါက်လာကာ
    ဘယ်တော့မှ အမျိုးမချစ်ကြသော မြန်မာပြည်သူများသည်လဲ
    ရခိုင်တိုင်းရင်းသားများအား ကာကွယ်ပါဟူသော
    ဆိုင်းဘုတ်ကြီးများကိုင်ဆောင်ကာ ဟစ်ကြွေးလျက်ရှိကြကုန်လေ၏…
     စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်ပါသည်။
  • ရွှေနိုင်ငံနှင့်ရိုဟင်ဂျာ (သရော်စာ)
    သြဂုတ်လ ၅ ရက်၊ ၂၀၁၂
    ကနေဒါမှမေခလာ
    ကမ္ဘာ့အလည်တွင် ရွှေနိုင်ငံဟူသည် ပြိုင်စံရှား တစ်ခုတည်းသောတိုင်းပြည်ဖြစ်သည်။ ယင်းတိုင်းပြည်သည် အလွန်အင်မတန်မှ သံယံဇာတ ပေါကြွယ်ဝလှသည့်အပြင် မျိုးမြင့်မြတ်သော ပညာတတ်လူတန်းစားများ အများစုနေထိုင်ကြသည်။ ၂၁ ရာစုအထိ သိပ္ပံပညာရှင်ပေါင်းများစွာ၊ အသိပညာရှင်ပေါင်းများစွာ၊ နိုဘယ်လ်ဆုရှင်များစွာ၊ သမိုင်းပညာရှင်များစွာတို့  အပြင်လူမျိုးစုနှင့်ယဉ်ကျေးမှု့ ဆိုင်ရာသရုပ်ခွဲပညာတွင်လည်း သူမတူအောင် ထူးချွန်သူများအား မွေးထုတ်ပြီးဖြစ်လေသည်။
    ထို့ ကြောင့်နိုင်ငံတကာမှပင် အလွန်လေးစားအားကျအတုယူနေရသည်။ အုပ်ချုပ်ရေးစနစ်၊ ပညာရေးစနစ် စသည် စသည်တို့ သည်လည်းပြိုင်စံရှား အထူးကောင်းမွန်လှသည့် အပြင် လူတစ်ဦးချင်းစီ၏စည်းကမ်း၊ လူ့ ဘောင်အသိုက်အ၀န်းအားအကျိုးပြုမှု၊ ဘာသာတရား ကိုင်းရှိုင်းမှုတို့ မှာလည်း စံနမူနာယူစရာအတိပင်ဖြစ်သည်။
    ယင်းကဲ့သို့ ပြည့်စုံကောင်းမွန်လှသော တိုင်းပြည်သို့ လာရောက်လည်ပတ်ချင်သူ၊ လာရောက်အခြေချနေထိုင်လိုသူများစွာတို့ သည် ယင်းနိုင်ငံသို့ ရောက်ရှိအခြေချရန်အစဉ်မျှော်လင့် ကြိုးစားလျက်ရှိကြသည်။ သိုသော်ဗီဇာစနစ် စည်းကမ်းတင်းကြပ်ပြီး လုံခြုံရေးစနစ်အားကောင်းလွန်းသောကြောင့် အနည်းငယ်မျှချမ်းသာရုံ၊ ပညာတတ်ရုံဖြင့် ယင်းတိုင်းပြည်သို့ ခြေမချနိုင်ပေ။ ဤသို့ သောအခြေအနေတွင် ယင်းတိုင်းပြည်သို့ အလုံးအရင်း နှင့် ၀င်ရောက်လာနိုင်သောသူများရှိလာခဲ့သည်။ ယင်းတို့ လူမျိုးတို့ သည်အလွန်တရာမှဆင်းရဲနုံ့ ချာပြီး ပညာမဲ့ ဥစ္စာမဲ့ အရုပ်ဆိုးအကျည်းတန် လူတန်းစားများဖြစ်ကြသည်။ ထိုလူတန်းစားမျိုးကို ရိုဟင်ဂျာဟု အမည်တွင်သည်။
    ယင်းလူမျိုးတို့ သည် သူတို့ ၏ပင်ကိုယ်အရည်အချင်းကြိုးစားမှုကြောင့်မဟုတ်ဘဲ ရွှေနိုင်ငံ၏ သနားကြင်နာတတ်သော၊ ဖေးမှကူညီတတ်သော ရွှေလူမျိုးတို့ သည် နယ်စပ်မှဝင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းရိုဟင်ဂျာလူမျိုးတို့ အခြေချခွင့်သည် ၂၀ ရာစုတွင် ပိုမိုလာသည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့ နေထိုင်ခွင့်ရကြသော ပြည်နယ်သည် အင်မတန်မှသံယံဇတပေါကြွယ်ဝသည့်အပြင်၊ တရားမျှတသောအုပ်ချုပ်ရေးစနစ် နှင့် ကမ္ဘာ့ခေတ်အမှီဆုံးခေတ်ပေါ် ဆက်သွယ်ရေး နည်းပညာများဖြင့် ပြည်နယ်အတွင်း နေထိုင်ကျသူများကို ထောက်ပံ့ပေးထားပြီး နေချင့်စဖွယ် ဖြစ်နေသောကြောင့်ဖြစ်သည်။ ယင်းပြည်နယ်တွင် ရွှေ၊ငွေ၊ကျောက်သံပတ္တမြား အပြင် ရေနံ၊သဘာဝဓာတ်ငွေ့ နှင့် အဆင့်မြင့်စိုက်ပျိုးရေးထုတ်ကုန်များအပြင် နည်းပညာမြင့် မော်တော်ယာဉ်များ၊ လေယာဉ်ပျံများနှင့် အီလက်ထရောနစ်ပစ္စည်း ထုတ်ကုန်တို့ မှာ စုံလင်လှသည်။ ထို့ ကြောင့်ယင်းပြည်နယ်ရှိ ရွှေရခိုင်ဟုခေါ်တွင်သော မျိုးမြင့်မြတ်သော၊ လှပတင့်တယ်ပြီး ပညာတတ်ရည်မွန်သော သူများသည် ရွှေကိုမြေလိုသုံး၊ ငွေကိုရေလိုသုံးနိုင်ကြသည်။
    ရိုဟင်ဂျာများသည် ရွှေရခိုင်လူမျိုးတို့ အား အလွန်အမင်း မနာလိုစိတ်ရှိနေကြသည်။ သူတို့ ကဲ့သို့ ရွှေပန်းကန်များ၊ ရွှေခွက်များဖြင့် စားတော်ပွဲတွင် ရွှင်ပြလိုကြသည်။ ယင်းသို့ သောအခြေအနေများက ငတ်ပြတ်စုတ်ပြတ်နေသော ရိုဟင်ဂျာများကို ယင်းပြည်နယ်တွင် အခြေချနေထိုင်လိုစိတ်ပြင်းပြနေခြင်းဖြစ်သည်။ ရွှေနိုင်ငံမှ ရွှေလူမျိုးတို့ သည် ယင်းရိုဟင်ဂျာများကို သနားသောအားဖြင့် နယ်စပ်ဂိတ်ပင်မထား၊ နိုင်ငံသားစိစစ်ရေးကဒ်ပင်မလို ဧည့်စာရင်းဆိုသည်ကိုကြားဖူးသူဟူ၍မရှိလောက်အောင်
    နေထိုင် သွားလာခွင့်ပြုပေးခဲ့ကြသည်။
    နေအိမ်မရှိသောရိုဟင်ဂျာများကို နေထိုင်စရာများစီစဉ်ပေးခြင်း၊ ပညာသင်ကြားပေးခြင်း၊ အစာရေစာထောက်ပံခြင်း၊ သာသနာပြုခွင့်ပေးခြင်း၊ အလုပ်လက်မဲ့ဖြစ်နေသူများကို အလုပ်အကိုင်ဖန်တီးပေးခြင်းစသည်ဖြင့် ယင်းတို့ ဘ၀တွင်လူဖြစ်ရကျိုးနပ်အောင်ပင် လူသားခြင်းစာနာသောစိတ်အပြည့်ဖြင့် ကူညီပေးနေခဲ့သည်။ ဤသို့ နေထိုင်လာခဲ့ကြရာ ၂၁ရာစုအရောက် ၂၀၁၂ တွင် ရွှေလူမျိုးတို့ သည် ဆိုးသွမ်းရမ်းကားလာသော ရိုဟင်ဂျာလူမျိုးတို့ ကိုမဟာဗျူဟာကျကျ နှင်ထုတ်ရန် ဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရွှေနိုင်ငံတွင် မည်သည့်ရွှေလူမျိုးမှ မကျူးလွန်ဖူးသော မုဒိမ်းမှုကို ရိုဟင်ဂျာ (၃)ဦးတို့ က ဆန်းသစ်တီထွင်စွာ ကနဦး ကျူးလွန်မိကြခြင်းဖြစ်သည်။ မည်သို့ မှသည်းမခံနိုင်သော ရွှေလူမျိုးတို့ သည် အမျက်ဒေါသ ချောင်းချောင်း ထွက်လျက် ရွှေရခိုင် ပြည်နယ်သို့ လာရောက်သော ရွှေနိုင်ငံ၏ အခြားမြို့များဖြစ်သော တောင်တွင်းကြီး၊မြောင်းမြ တို့ မှ (၁၀) ဦးပါဝင်သော(ရိုဟင်ဂျာတစ်ဦးမျှပင်မပါသော) ရွှေနိုင်ငံဖွား မွတ်စလင်တရားဟောအဖွဲ့  အားအုပ်စုလိုက် ညင်သာစွာ သုတ်သင်လိုက်ကြသည်။
    ပြစ်မှုကျူးလွန်သော တရားခံ (၃)ဦးအနက် ပြစ်မှု့ထင်ရှားသော ထက်ထက်ဆိုသူမှာ ရွှေနိုင်ငံ၏ ထောင်တွင်း၌ပင်မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ ထောင်တွင်း၌ မိမိကိုယ်ကိုအဆုံးစီရင်ရန် လွယ်ကူလောက်အောင် အထောက်အပံ့များ ရှိသည် မရှိသည်ဆိုသည်မှာ ယင်းရွှေနိုင်ငံ၏တာဝန်ရှိသူများသာသိခွင့်ရကြမည်။ အကြမ်းဖက်သမားဘင်လာဒင်ကဲ့သို့  ဆိုးသွမ်းယုတ်မာသော ထက်ထက်ဆိုသည်ကိုလည်း သေသောအခါ မည်သူမျှအလောင်းမတွေ့ ရှိနိုင်တော့ပေ။ ရက်စက်ကြမ်းကြုတ်သော
    ယင်းထက်ထက်ဆိုသည်ကို မည်သည့် ပြည်ပမီဒီယာမှမြင်တွေ့ ဖူးလိုက်ခြင်းမရှိပေ။ အဓိကဇာတ်ကောင်သည် ဤမျှနှင့်ပင် နိဂုံးချူပ်လေသည်။
    ကျန်တရားခံနှစ်ဦးမှာ လည်းမီဒီယာရှေ့ တွင်ပေါ်ထွန်းလာပြီးမကြာမှီသေဒဏ်ဖြင့်ဇီဝိန်ချူပ်လေသည်။ မွတ်စလင်(၁၀)ဦးအား ရွှေလူမျိုးများက ဒေါသအလျောက် ညင်သာစွာ ဆုံးမလိုက်သူများမှာတော့ ယနေ့ ရွှေနိုင်ငံမီဒီယာများတွင် ပျောက်ခြင်းမလှပျောက်ကွယ်နေလေသည်။ ယင်းနှင့်တစ်ဆက်တည်း ဆက်သွယ်ရေးနည်းစနစ် လွန်စွာကောင်းမွန်ပြီး အင်တာနက်စနစ်မြန်ဆန်သောရွှေနိုင်ငံ၏ အင်တာနက်စာမျက်နှာများတွင်လည်း ယင်းရိုဟင်ဂျာများနှင့်ပတ်သက်ပြီး ရွှေလူမျိုးတို့ သိမ်မွေ့ စွာဆဲဆိုသံများ၊ ဘာသာတရားကို စော်ကားသောအဆင့်မြင့်လုပ်ကွက်များ၊ မဟာဗျူဟာကျကျပူပေါင်းပါဝင်သူများဖြင့်စည်ကားလျက်ရှိကြသည်။
    ကမ္ဘာ့အင်တာနက်စာမျက်နှာများတွင်လည်း ရွှေနိုင်ငံမှတရားဝင် အမှန်အကန်မထွက်လာသော အချက်အလက်များကြောင့် အကြံအဖန်အချက်အလက်များသာကြီးစိုးလာပြီး ကြိမ်းသူကကြိမ်း၊ ဆဲသူကဆဲ၊ စိန်ခေါ်သူကစိန်ခေါ်နေကြလေပြီ။ ထို့ ပြင် ငတ်ပြတ်မွဲခြောက်နေကျသောကမ္ဘာ့ မီဒီယာများသည်လည်း အလွန်ကြွယ်ဝချမ်းသာသော ရိုဟင်ဂျာများ၏ လာဘ်ပေးမှုကိုရယူကာ ဘက်လိုက်ရေးနေကြလေသည်။ ရွှေတိုင်းပြည်၏ ရွှေလူမျိုးတို့ ၏ သိက္ခာဂုဏ်သတင်းကာ ကမ္ဘာ့အလည်တွင်မွေးပျံ့ကျော်ဇော
    လျက်ရှိသည်။ ရွှေတိုင်းပြည်သည် မေတ္တာတရားကြီးစိုးအခြေခံနေကြသူများဖြစ်သဖြင့် ကမ္ဘာ့လူဦးရေ အတော်အများကပင်တန်ပြန်မေတ္တာဖြင့်ချစ်ခင်မပျက်ရှိနေကြသည်။  မကြာမှီကပင် 7day news ဟုခေါ်တွင်သော ရွှေမီဒီယာသည် အမည်၊ မှတ်ပုံတင်နံပါတ် နှင့် နေရပ်ဒေသ အပြည့်အစုံဖြင့်ကမ္ဘာ့အလည် မီဒီယာတွင် သတင်းထွက်ပြီးသော ညင်သာစွာ ဆုံးမသုတ်သင်ခံလိုက်ရသူ ရွှေနိုင်ငံဖွား မွတ်စလင်(၁၀)ဦးကို အိန္ဒိယနိုင်ငံတောင်ပိုင်းကဟု မီဒီယာတွင်ပါဝင်စေခဲ့ခြင်းအားဖြင့် ရွှေနိုင်ငံ၏ ရွှေမီဒီယာများကို ကမ္ဘာကမည်သို့ တုန့် ပြန်မည်ဆိုသည်မှာ နှင့် ရွှေလူမျိုးတို့ ၏ရိုဟင်ဂျာ နှင်ထုတ်သုတ်သင်ရေးဗျူဟာသည် စောင့်ကြည့်ရမည့် ကိုရီးယားဇာတ်လမ်းတွဲပင်ဖြစ်သည်။
  • နားမလည်ဘဲ အသာကြည့်နေစမ်းပါ (သရော်စာ)
    နားမလည်ဘဲ အသာကြည့်နေစမ်းပါ (သရော်စာ)
    မျိုးတင့်သန်း
    ကျနော်တို့တစ်တွေ အာဆင်နယ်ကို ကြိုက်တာ ဘယ်လိုကြိုက်မှန်းမသိဘူး၊ ဖလားတွေရရ မရရ၊ နိုင်နိုင်နိုင် မနိုင်နိုင် အားပေးရတာအမော။
    အာဆင်နယ် ပွဲများဆို မမောနိုင် မပမ်းနိုင် အိပ်ရေးအပျက်ခံပြီးလည်းအားပေးရတာပဲ။
    ဒါပေမဲ့ မန်ယူ၊ ချယ်ဆီး၊ အခု မန်စီးတီး တို့နဲ့များတွေ့ရင် အားမလိုအားမရ နှလုံးရောဂါရမဲ့အနေအထား။
    ကိုယ့်ဖက် တစ်ဂိုးလောက် အသွင်းခံလိုက်ရရင် အတူကြည့်တဲ့ မိတ်ဆွေတွေကို
    ” ကြည့်နေပါ ဒါ ဝင်းဂါး က အသာ လွှတ်ပေးထားတာ ”
    နှစ်ဂိုးလောက် အသွင်းခံရရင်
    ” ဒါ အသာထိုးကြွေးထားတာ၊ ဝင်းဂါးက ဆရာကြီးပဲ မယုံရင်ကြည့် ဒုတိယပိုင်း ဘယ်ကောင်ကို ဘယ်ကောင်နဲ့လူစားလဲပြီး ဘယ်ဗျူဟာဟနေ ဘယ်ဗျူဟာကိုပြောင်းလိမ့်မယ် ကြည့် ကြည့် ”
    ကိုယ်သိသလောက်တတ်သလောက်နဲ့ သူ့ကို ပုဂ္ဂိုလ်ရေးလေးစားမှူအစွဲနဲ့ ထောက်ခံအားပေးကျားကန်ထားရတာ။
    ဒုတိယပိုင်း ကိုယ်ကတစ်ဂိုးမျှမသွင်းနိုင်တဲ့အပြင် တတိယဂိုးပါအသွင်းခံရတော့
    ” ဟာ ဝင်းဂါး ဘာလုပ်တာလဲ? ”
    ဒါပဲကိုယ်ကပြောနိုင်စွမ်းရှိတာကိုး။
    ပွဲပြီးတော့လည်း အရှုံးပဲ၊ကိုယ်လည်း စိတ်မကောင်းချင်းကြီးစွာ အားမလိုအားမရနဲ့ခြေကုန်လက်ပမ်းကိုကျလို့။
    ကိုယ်ကပရိတ်သတ်လေ ကိုယ့်အသံဝင်းဂါးကြားတာမှတ်လို့ကြားကော သူကလုပ်မှာမို့လား ?
    ကိုယ်ကဘာမို့လို့? သူကဆရာကြီးလေ.. ပွဲကအရှုံးနဲ့အဆုံးသတ်သွားပြီလေ။
    ကိုယ်ကပရိတ်သတ်ဆိုတော့ ကိုယ့်အသင်းပဲနိုင်စေ့ချင်တာပေါ့။
    အေးလေသူလည်း သူ့အခက်အခဲနဲ့သူပဲလို့ အားမလိုအားမရကြားက ”ဝင်းဂါး” ကို နားလည်ပေးဖြည့်တွေးပေးခဲ့ရတာလဲကြာပါပြီ။
    မချင့်မရဲနဲ့ နှလုံးရောဂါရဖို့များတယ်။
    ဒါပေမဲ့ ရှုံးပွဲဆက်ရ ဖလားလက်မဲ့ နှစ်ပေါင်းများလည်း ကိုယ်တို့တွေက ဖလားရတဲ့အသင်း၊ အောင်ပွဲဆင်တဲ့အသင်း ပြောင်းပြီးအားမပေးပါဘူး။
    ဘာကြောင့်လဲဆိုတော့ ”ဝင်းဂါး” ဦးဆောင်တဲ့ ”အာဆင်နယ်” ဆိုတဲ့အသင်းကို နှလုံးသားထဲက ကိုမြတ်မြတ်နိုးနိုး စွဲလမ်းတာလေ၊
    တိုနီအဒမ်၊ ဆီးမင်း၊ဘားကင့်အနားယူ၊ပီရက်၊ ဝီးတော့ဒ်၊လွန်းဘတ်၊ကိုးလ်၊ဖလာမင်နီ၊အွန်နရီ၊နောက်ဆုံး
    ဖာဘရီဂတ်စ် တို့အသင်းပြောင်းလည်း ” ဝင်းဂါး ” ဦးဆောင်တဲ့ ” အာဆင်နယ် ” ကို မြတ်နိုး စွဲလမ်းနှစ်သက်စွာဖြင့်အားပေးမြဲပဲ။
    အေး ” ဝင်းဂါး ” မရှိတော့ရင်တော့ ကိုယ့်စိတ် အာမ မခံနိုင်ဘူးဟေ့။
    အခု မြန်မာပြည်က ”အာဆင်နယ် ” ကိုလည်း ကြည့်နေပါ မကြာခင် ”ဝင်းဂါး” ဘယ်လိုလုပ်ပြစ်မှာ ”နားမလည်ဘဲအသာ ကြည့်နေစမ်းပါ၊ ကြည့်နေစမ်းပါ’‘ လို့ကိုယ့်ကိုယ်ကို အားတင်းရင်း အားပေးနေဆဲ။
  • အခုချိန် တိုင်တန်းနစ်သင်္ဘောကြီး နစ်မြုပ်သွားရင်…..ဘာသံတွေကြားရမလဲ? (သရော်စာ)
    နိုင်ငံအသီးသီးက တုန့်ပြန်ချက်တွေ၊ သဘောထားကြေညာချက်တွေ ထွက်ပေါ်လာမှာ အမှန်ပါပဲ။
    အမေရိကန်။    ။ “လွတ်လပ်စွာသွားလာနေတဲ့ တိုင်တန်းနစ်သင်္ဘောကြီးကို အကြမ်းဖက်သမားတွေ တိုက်ခိုက်တာခံလိုက်ရပါပြီ။ ကျုပ်တို့ ငြိမ်ငြိမ်နေလို့မရတော့ဘူး။ ပါကစ္စတန်နယ်စပ်မှာပုန်းအောင်နေတဲ့ တာလီဘန်တွေနဲ့အယ်ကိုင်ဒါတွေကို တုန့်ပြန်လက်စားချေရမယ်”
    (အိုဘားမား)
    ဗြိတိန်။          ။ “ကျွန်တော် အမေရိကန်သမ္မတကြီးကို ပြောချင်တာက ကျွန်တော်တို့ပူးပေါင်းပြီး ဒီတိုင်တန်းနစ်သင်္ဘောကြီးနစ်မြုပ်မှုရဲ့နောက်ကွယ်မှာ အီရန်သမ္မတ အာမာဒီနီဂျက်ရဲ့ ပါဝင်ပတ်သက်မှုရှိတယ်ဆိုတာ သက်သေပြရမယ်။ အီရန်ဟာ တကယ်ပဲ ကမ္ဘာကြီးကို ခြိမ်းခြောက်နေပါပြီ”
    (ဒေးဗစ်ကင်မရွန်း)
    အစ္စရေး။        ။“တိုင်တန်းနစ်ကို နှစ်မြှုပ်ပစ်တာ ဟားမတ်နဲ့ဟစ်ဇ်ဘိုလာတွေရဲ့ လက်ချက်ဆိုတာ သက်သေအလုံအလောက်ရှိတယ်။ ဒါမတော်တဆ မဟုတ်ဘူး။ အသေခံဗုံးခွဲသမားတွေရဲ့ လက်ချက်ပဲ။ ပါလက်စတိုင်းဒေသကို ကာဖျူးထုတ်ရမယ်၊ နယ်မြေကန့်သတ်ထားရမယ်၊ အဘက်ဘက်က ပိတ်ဆို့ရမယ်၊ အကြမ်းဖက်တွေ ခိုအောင်းနိုင်တဲ့ ဒုက္ခသည်စခန်းတွေကို ဖျက်ဆီးပစ်ပြီး ရှင်းပစ်ရမယ်”
    (နေတန်ယာဟု)
    မြန်မာပြည်ပါတီ။        ။“ယင်းကိစ္စ ရိုဟင်ဂျာတိမှာ တာဝန်ဟိတယ်။ ရိုဟင်ဂျာတွေ တိုင်တန်းနစ်ကို ခိုးစီးပြီး ကိုယ့်သင်္ဘောကိုယ်ပြန် မီးရှို့လို့ သင်္ဘောနစ်တာဖြစ်ရမယ်။ ယင်းကောင်တိကို သတ်ပိုက်ကေ့။ သင်္ဘောပေါ်က ကျောက်ပိုက်ကေ့။
    (မျိုးချစ်ရခိုင်ပါတီ)
    မြန်မာမီဒီယာ။ ။ “ဟုတ်ပါတယ်။ ရေထဲနစ်မြုပ်သွားတဲ့ တိုင်တန်းနစ် သင်္ဘောပေါ်က ရိုဟင်ဂျာတွေကို မှတ်ပုံတင်ပြန်စစ်သင့်တယ်။ သူတို့မှာ သင်္ဘောစီးလက်မှတ်ရှိမရှိ စိစစ်ပြီးမှ ဒုက္ခသည်အဖြစ် လက်ခံသင့်ပါတယ်။ လူ့အခွင့်အရေးတွေ အော်မနေနဲ့။ မကြေနပ်ရင် တတိယ သင်္ဘောပေါ် ခေါ်တင်သွားကြပါ။
    (ပြည်တွင်းမျိုးချစ်မီဒီယာများ)
    ကုလ။  ။ “သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီကို  ကျွန်တော်တို့ကိုယ်စားလှယ်တွေ စေလွှတ်ပြီးပါပြီ၊ ဒီတိုင်တန်းနစ်သင်္ဘောကြီး တစ်ခုလုံးနစ်မြုပ်သွားတာဟာ အစုလိုက်အပြုံလိုက်သေစေမှု မဟုတ်ပါဘူးလို့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ တရားဝင်ထုတ်ပြန်ချက်အရ သိရပါတယ်။”
    (ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်း)
    တိုင်တန်းနစ်ပေါ်မှ ဒုက္ခသည်များ။               ။ ဟယ်လို … ကျွန်တော်တို့ တိုင်တန်းနစ်သင်္ဘောကြီး ရေခဲတောင်နဲ့ တိုက်မိပြီး နစ်မြူပ်သွားပြီ.. လူတွေအားလုံးလည်း နစ်ပြီးသေတော့မယ်…..ကယ်ကြပါဦး… နေစရာလည်းမရှိဘူး… စားစရာလည်းမရှိဘူး….. အား…ရေခဲတုံးကြီးတွေက အေးလိုက်တာ…သွေးခဲပြီး သေတော့မယ်….ဟယ်လို.. ကယ်ပါဦး…ဟယ်လို…….”