News @ M-Media

Tag: WiraThu

  • ဦးဝီရသူ ဖြန့်ဝေသည့် အမုန်းပွားစေမည့် ဗီဒီယို ကိစ္စ ကုလနှင့် NLD  ရှုတ်ချ၊ တိုင်သူရှိပါက အရေးယူမည်ဟု ရန်ကုန်တိုင်း အစိုးရပြော

    ဦးဝီရသူ ဖြန့်ဝေသည့် အမုန်းပွားစေမည့် ဗီဒီယို ကိစ္စ ကုလနှင့် NLD ရှုတ်ချ၊ တိုင်သူရှိပါက အရေးယူမည်ဟု ရန်ကုန်တိုင်း အစိုးရပြော

    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media

    wirathu 1

    – ရခိုင်အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုကို အခြေခံရိုက်ကူးထားသည့် ဗီဒီယို၏ အစိတ်အပိုင်းတစ်ခုအား မဘသ ဘုန်းကြီးတစ်ပါးဖြစ်သူ ဦးဝီရသူက လွှင့်တင်ထားမှုအတွက် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ရှုတ်ချခဲ့ကာ Facebook က လည်း ၎င်းတို့၏ စံနှုန်းများကို ချိုးဖောက်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖျက်ပစ်ခဲ့သည်။

    ပြည်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကမူ အဆိုပါ ဗီဒီယိုအား မတွေ့ရှိခဲ့သည့်အတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ သို့သော်လည်း ၎င်းအနေဖြင့် ထိုဗီဒီယိုအကြောင်းကို ကြားသိခဲ့ရကာ သာသနာရေးဝန်ကြီးဌာနအား ကိုင်တွယ်ရန် အသိပေးထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ရန်ကုန်တိုင်းဒေသကြီး ပြန်ကြာရေးဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးဇာနည်ဝင်းကလည်း မိမိမှာ ထိုဗီဒီယိုကို မတွေ့ခဲ့ကြောင်း ပြောကြားခဲ့ကာ၊ တိုင်ကြားသူရှိပါက တရားရုံးတွင် အရေးယူသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “တကယ်လို့ ကျွန်တော်တို့ တိုင်ကြားမှုရပြီဆိုရင်၊ ဘာဖြစ်ခဲ့လဲ၊ ဘယ်နေရာမှာဖြစ်ခဲ့လဲ၊ ဘယ်လိုဖြစ်ခဲ့လဲဆိုတာနဲ့ အကျိုးဆက်တွေအတွက် အထောက်အထားတွေ စုဆောင်းပြီး စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်ကို လုပ်ဆောင်သွားမှာပါ” ဟု ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။

    ၆ မိနစ်စာရှိသည့် အဆိုပါ ဗီဒီယိုမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြနယ်တွင် ဖြစ်ပွားခဲ့သော ရခိုင်အမျိုးသမီးငယ် မသီတာထွေး အဓမ္မပြုကျင့်သတ်ဖြတ်မှုခံရမှုကို အခြေခံရိုက်ကူးထားသည့် “အမည်းရောင်နေ့စွဲများ” ဟု အမည်ရသော ဗီဒီယိုမှ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ အဆိုပါ ဗီဒီယိုအတိုတွင် မသီတာထွေးမှာ ကုလားများ၏ မုဒိမ့်ကျင့်သတ်ဖြတ်မှုကိုခံရသည်ဟု လူမျိုးရေး အမုန်းတရားကို လှုံ့ဆော်ထားသော နာက်ခံစကားပြောမှုလည်း ပါဝင်သည်။

    အဆိုပါ အဓမ္မပြုကျင့်အား အသုံးချလှုံ့ဆော်ကာ မွတ်စလင်များကို ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများမှာ ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တစ်ဝှမ်း ပြန့်နှံ့ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၆၇ ဦးသေဆုံးကာ လူပေါင်း ၁၄၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

    ဘာသာရေးအမုန်းတရား လှုံ့ဆော်မှုဖြင့် စစ်အာဏာရှင်လက်ထက်တွင် ထောင်ဒဏ်ကျခံရဖူးသည့် ဦးဝီရသူကမူ အဆိုပါ ၆ မိနစ်စာ ဗီဒီယိုမှာ အမြည်းသဘော ပြသခြင်းဖြစ်ပြီး၊ ဗီဒီယိုအပြည့်အစုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အာဏာရယူမည့် မတ်လနှောင်းပိုင်းတွင် ဖြန့်ချီသွားမည်ဟု မြန်မာ့တိုင်မ်းစ်သတင်းစာသို့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

    “အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်မှုကို ဦးစားပေးဆောင်ရွက်ဖို့လိုတယ်ဆိုတာ NLD အစိုးရကို ပြသချင်ပါတယ်” ဟု ဦးဝီရသူက ပြောကြားခဲ့သည်။

    NLD အကြီးတန်းတာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးဝင်းထိန်ကမူ ဦးဝီရသူ၏ ထိုလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး နိုင်ငံအတွင်း ပြဿနာဖြစ်ပွားရန် လှုံ့ဆော်နေသည်ဟု ဆိုသည်။

    “အဲဒီပုဂ္ဂိုလ်ဟာ ဘုန်းကြီးအစစ်လား ဒါမှဟုတ် စိတ်ယုတ်စိတ်ပုတ်နဲ့ ပြည်သူလူထုအတွင်းမှာ ပြဿနာဖြစ်အောင် ဖန်တီးနေတာလားဆိုတာ ကျွန်တော် မေးခွန်းထုတ်ချင်ပါတယ်” ဟု Facebook တွင် ဦးဝီရသူလွှင့်တင်ထားသည့် ဗီဒီယိုအတိုကို မဖျက်ပစ်မီ ဦးဝင်းထိန်က ပြောကြားခဲ့သည်။

    12644685_1694030780809023_4155169428695402068_n

    ထို့ပြင် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲမဲဆွယ်မှုအတွင်း NLD ကို မဘသအဖွဲ့က တိုက်ခိုက်မှုကိုလည်း ဦးဝင်းထိန်က ပြန်လည် ရည်ညွှန်းပြောကြားခဲ့သည်။ ဦးဝီရသူအပါအ၀င် မဘသအဖွဲ့ဝင်အချို့မှာ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်ပေးခဲ့ကြသည်။

    “(ဦးဝီရသူရဲ့) ဒီလိုခြိမ်းခြောက်မှုတွေကို ကြောက်နေမယ်ဆိုရင် ကျွန်တော်တို့ အသုံးမကျတဲ့သူတွေ ဖြစ်သွားမှာပေါ့ဗျာ” ဟု ဦးဝင်းထိန်က ထည့်သွင်းပြောကြားခဲ့သည်။

    ဦးဝီရသူလွှင့်တင်ထားသည့် ဗီဒီယိုနှင့်ပတ်သက်၍ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ရုံးမှ ထုတ်ပြန်သည် ကြေငြာချက်တွင်

    “အမုန်းတရား၊ ခွဲခြားဆက်ဆံမှု၊ ရန်လိုမှုနဲ့ အကြမ်းဖက်မှု ဘယ်လိုပုံစံမျိုးကိုမဆို ကုလက ပြင်းပြင်းထန်ထန်၊ ပွင့်ပွင့်လင်းလင်း ရှုတ်ချပါတယ်။ ဒီဗီဒီယိုဟာ လွတ်လပ်စွာဖော်ပြခွင့်ကို တလွဲသုံးတာဖြစ်ပြီး၊ လူ့အဖွဲ့အစည်းတွေအတွင်းမှာ ရန်ညှိုးထားမှု ဖြစ်စေနိုင်တဲ့ အဖျက်သဘော အတွေးအခေါ်တွေကို သွတ်သွင်းပေးတာလည်း ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်သူတွေရဲ့ ပုံရိပ်ကို ညစ်ထေးစေတာဖြစ်ပြီး၊ မြန်မာပြည်သူတွေရဲ့ ယဉ်ကျေးပျူငှာ၊ သနားကြင်နာမှု စိတ်ဓာတ်နဲ့ ဗြောင် ဆန့်ကျင်နေပါတယ်။ ပြီးတော့ ဒီဗီဒီယိုဟာ မြန်မာနိုင်ငံက ဒီမိုကရေစီ ရုန်းကန်လှုပ်ရှားမှု စိတ်ဓာတ်ကိုလည်း ပျက်ဆီးစေပါတယ်” ဟု ပြောကြားခဲ့သည်။

    ပြည်တွင်းအန်ဂျီအိုတစ်ခုဖြစ်သော အက္ခရာအမျိုးသမီးအဖွဲ့မှ ဒါရိုက်တာဖြစ်သူ မထားထားက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အသေးစိတ်ဖော်ပြထားသည့် အဆိုပါဗီဒီယိုမှာ ရွံ့စရာကောင်းသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဦးဝီရသူ၏ ရည်ရွယ်ချက်မှာ အောင်မြင်မည်မဟုတ်ဟု ဆိုသည်။

    “လူတွေက တကယ့်အခြေအနေမှန်ကို နားလည်ကြပါတယ်။ ဒါ့ကြောင့်လည်း သူတို့ကို ဆန့်ကျင်ပြီး အပြောင်းအလဲအတွက်၊ တိုင်းပြည်ရှေ့ဆက်သွားဖို့အတွက် NLD ကို မဲပေးခဲ့ကြတာပါ” ဟု မထားထားက ပြောကြားခဲ့သည်။

    သေဆုံးသွားသူ အမျိုးသမီးငယ်၏ ကျူးလွန်ခံခဲ့ရမှုများကို ဖော်ပြခြင်းမှာ သေဆုံးသူ၏ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ပြီး၊ လူ့ကျင့်ဝတ်နှင့် လူ့ဂုဏ်သိက္ခာကို နားမလည်သူ၏ အပြုအမူသာဖြစ်သည်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch မှ အကြီးတန်း သုတေသနပညာရှင်ဖြစ်သူ ဒေးဗစ် မက်သီဆန်ကမူ ဦးဝီရသူမှာ “အစ္စလာမ်ကြောက်ရောဂါ ပုံစံအသစ်ကို လှုံ့ဆော်ရန် ကြိုးစားနေသည်” ဟု ပြောကြားခဲ့သည်။

    “ဒီဗီယိုထွက်လာတဲ့အချိန်ကိုက သံသယဖြစ်စရာကောင်းပြီး NLD အစိုးရကို အရှက်ရအောင် လုပ်သလိုမျိုးပါပဲ။ ၀ီရသူပဲ့ကိုင်တဲ့ မဘသက အမြတ်ထုတ်တဲ့ ဒီဗီဒီယိုဟာ အခုအချိန် တိုင်းပြည်မှာဖြစ်လို့မရတဲ့ အကြမ်းဖက်မှုကို ပုံဖော်တဲ့ ပုံစံတစ်မျိုးပါပဲ။ ၂၀၁၂ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုအတွက် စစ်မှန်တဲ့ စုံစမ်းစစ်ဆေးမှု လိုအပ်သလို၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ ကြည့်ရှုအရသာခံဖို့မဟုတ်ဘဲ စုံစမ်းစစ်ဆေးအပြစ်ပေးရမယ့် ရာဇ၀တ်မှုတစ်ခု ဖြစ်တယ်ဆိုတာကို သတ်မှတ်ထားတဲ့ ဥပဒေစနစ်တစ်ခုလည်း လိုအပ်ပါတယ်” ဟု မက်သီဆန်က ထည့်သွင်းပြောဆိုခဲ့သည်။

    မွတ်စလင်ဆန့်ကျင်ရေး ၉၆၉ လှုပ်ရှားမှုတွင် ပါဝင်သည့် ဦးဝီရသူကမူ အကြမ်းဖက်မှုအား လှုံ့ဆော်နေသသည်ဟု ပြောကြားချက်များကို ငြင်းဆန်ခဲ့ပြီး ထိုဗီဒီယိုအတိုကို ဇန်န၀ါရီ ၃၀ ရက်နေ့က လွှင့်တင်ခဲ့သည်ဟု အတည်ပြုခဲ့သည်။ Facebook မှ ထိုဗီဒီယိုအား ဖြုတ်ချခဲ့ပြီးနောက် မြန်မာ့တိုင်းမ်စ်သို့ ပြောကြားရာတွင် ထိုကဲ့သို့ ပယ်ဖျက်မှုကို ဂရုမစိုက်ဘဲ DVD ခွေ ထွက်လာရန်သာ ရည်ရွယ်လုပ်ဆောင်နေသည်ဟု ဆိုသည်။

    ကိုးကား – Myanmar Times

  • တောင်ဘလူဗလီနဲ့…တောင်ဘလူရပ် ဆိုတာကို… မသိတဲ့လူတွေအတွက်…

    တောင်ဘလူဗလီနဲ့…တောင်ဘလူရပ် ဆိုတာကို… မသိတဲ့လူတွေအတွက်…

    ဇွန် ၃၀ ၊ ၂၀၁၅
    မောင်မောင် (ရွှေကရဝိတ်) ရေးသည်။
    . 11049562_1611717009096692_5279020691471619428_n
    တောင်ဘလူဗလီရှိတဲ့ တောင်ဘလူရပ်ဆိုတာ…တနေ့မနေ့ကမှ တည်ထားတာမဟုတ်ပါဘူး…

    မန္တလေးမြို့ မွေးဖွားလာ ကထဲက…အတူရှိနေခဲ့တဲ့ ဗလီနဲ့…ရပ်ကွက်ကြီးဘဲဖြစ်ပါတယ်…

    မြန်မာမွတ်စလင် ရပ်ကွက်ကြီးတခုဖြစ်ပါတယ်…..

    တောင်ဘလူရပ်ကွက်သားများဟာ…မန္တလေးဈေးချိုတော်မှာ…ဘယဆေးနဲ့..ချည်ခင်များ…ချည်ထည်များကို(အများစု)ရောင်းချ အသက်မွေးဝမ်းကြောင်းခဲ့ကြပြီးတော့…စီပွားရေးအင်အား တောင့်တင်းတဲ့ သူများဖြစ်ခဲ့ကြပါတယ်…လူမျိုးခြား..စီးပွားရေးသမားတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အင်အားလည်း…ရှိခဲ့ကြပါ တယ်….

    မြန်မာမွတ်စလင်များဖြစ်သည့် အားလျော်စွာ…ဈေးချိုတော် ရုံကြီး ၁၂ရုံရဲ့…ကထိန်တော်ဖြစ်မြောက် ရေး အဖွဲ့ဝင်တွေ…တာဝန်ရှိတဲ့သူတွေလည်း…ဖြစ်ခဲ့ကြပါတယ်…

    မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်…စီးပွားရေးတွေ…ပျက်ပြားသွားခဲ့ကြတဲ့ အချိန်မှာတောင်…တောင်ဘလူ အရပ်သား…မြန်မာမွတ်စလင်တွေဟာ..အခြေအနေမပျက်အောင်…ထိန်းသိမ်း..စီးပွားရှာနိုင်ခဲ့ ကြပါတယ်…၁၉၇၆ခုနှစ်…ပေါက်မြိုင်ဝင်းမီးဘေးမှာ…တရပ်ကွက်လုံး အထိနာခဲ့ပေမဲ့…အိနြေ္ဒမပျက်ခဲ့ ကြပါဘူး….၁၉၈၄ခုနှစ်…ဦးကျားကြီးမီးလောင်လို့… တမြို့နယ်လုံး… မီးသင့်ခံရတော့မှဘဲ..အထိနာခဲ့ရ တာပါ…ဒါပေမဲ့လည်း…ကိုယ်ပိုင်မြေတွေ…ကိုယ်ပိုင်အိမ်တွေနဲ့…ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ပြီး…အခြေအနေ မပျက်နေနိုင်တဲ့သူတွေ…အများကြီးရှိပါသေးတယ်…

    တောင်ဘလူအရပ်သား မြန်မာမွတ်စလင်တွေဟာ…သမိုင်းစဉ် တလျောက်လုံး…ပြည်ထောင်စုမြန်မာ နိုင်ငံသား…အခြားဘာသာဝင်တွေနဲ့…ကွဲပာမှုမရှိဘဲ…အေးအတူ ပူအမျှ…တသားထဲနေခဲ့ကြတာပါ… ပညာတတ်လူတန်းစားတွေ အများစုဖြစ်ကြပြီး… ကျောင်းအုပ်ဆရာကြီးတွေ…ကျောင်းအုပ်ဆရာမကြီး တွေ…ကျောင်းဆရာတွေ…ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ခဲ့သူတွေ…အစိုးရ ဝန်ထမ်းတွေ…ဌာနဆိုင်ရာ အရာရှိတွေ..ရှိခဲ့သလို…မိသားစုတိုင်းလိုလိုထဲမှာ…တပ်မတော်သားတွေလဲ..ရှိခဲ့ကြပါတယ်… တပ်မတော်မှာ…အဆင့်မြင့်အရာရှိကြီးများဖြစ်ခဲ့တဲ့သူတွေရှိသလို…အရာရှိငယ်များ…အရာခံ…အကြပ်တပ်သား…အဆင့်မျိုးစုံမှာ…တာဝန်ထမ်းဆောင်ခဲ့ကြတာဟာ…ဦးနေဝင်းအစိုးရရဲ့…တပ်တွင်းက အစ္စလာမ်ဘာသာဝင်တွေကို..မခွဲခြား…မချိုးနှိမ်ခင်အချိန်အထိဖြစ်ပါတယ်….

    မိသားစု တခုအတွင်းမှာပင်လျှင်…ဖခင် အရာခံဗိုလ်နှင့်…သားဗိုလ်မှူး၂ဦးအထိရှိတာတွေ..တွေ့ခဲ့ရပါ တယ်….

    560402_191144807686760_26613195_n

    အဲ့ဒီတော့…အခုခေတ်လို..ဖျော်ဖြေရေးတွေ မပေါများသေးတဲ့ အချိန်အခါမှာ…တောင်ဘလူ အရပ်သား အများစုဟာ…အားလပ်တဲ့ရက်တွေမှာ…မိမိတို့ဆွေမျိုးသားချင်းတွေ စုစည်းပြီး…အမဲလိုက် ထွက်တတ်ကြပါတယ်…အရွယ်ရောက်ပြီးတဲ့ တောင်ဘလူ အရပ်သားတိုင်းလိုလိုမှာ..အစိုးရထံက တရားဝင် လိုင်စင်နဲ့ ကိုင်ဆောင်တဲ့…အမဲပစ် သေနတ်တွေ…ရှိခဲ့ကြပါတယ်…ဟိုအရင် အချိန်အခါက လေသေနတ်ဆိုတာဟာ…လိုင်စင်မလိုဘဲ…ကိုင်ဆောင်ခွင့်ရှိတဲ့ ပစ္စည်းပါ…

    ပြီးခဲ့တဲ့နှစ်…မန္တလေး အကြမ်းဖက်ခံရမှုမှာ…ကျဆုံးသွားခဲ့တဲ့…ရှဟီဒီ ကိုစိုးမင်းထွေးရဲ့…အဖိုးတော်စပ် သူ…ဦးစလေမန်ဆိုတာဟာ…၃၁လမ်းနဲ့..၈၃လမ်းဒေါင့်… မြန်မာညွန့် စက်ဘီးဆိုင်နဲ့ တွဲလျက်အခန်း တခန်းမှာ…လက်နက် မျိုးစုံပြင်တဲ့ ဝပ်ရှော့…တရားဝင်ဖွင့်ခဲ့တာပါ… အမဲပစ်ရိုင်ဖယ်တွေကို အထူးပြု ပြင်ခဲ့တာဖြစ်ပါတယ်…လေသေနတ်ကျည်ဆံတွေ…နှစ်လုံးပြူး ကျည်ဆံတွေလည်း…ရောင်းပါတယ်… ကိုယ်တိုင်လုပ်ပြီး….ဆိုင်ဖွင့်ပြီး ရောင်းခဲ့တာပါ…

    ဦးစလေမန်ဟာ… ကိုယ်တိုင်လည်း… မုဆိုးကြီးတယောက်ဖြစ်ပါတယ်… မကြာခဏဆိုသလို… သူ့ကိုယ်ပိုင်… ဘေးတွဲဆိုင်ကယ်ကြီးနဲ့…သေနတ်တွေတင်ပြီး… မိတ်ဆွေတယောက်စ… နှစ်ယောက်စနဲ့အတူ…  အမဲပစ်ထွက်လေ့ရှိပါတယ်…ဟာလီဒဘယ်ဆဲန် ဆိုင်ကယ်ဖြစ်လိမ့်မယ် ထင်ပါတယ်….မန္တလေးမြို့မှာ… သူလို ဘေးတွဲ ဆိုင်ကယ်ကို…စီးတဲ့သူက…သူရယ်…၈၃လမ်း…ကျောက်ဗလီ အရပ်ထဲက. ဦးချစ်ညိုရယ် ၂၇လမ်း… လေလ္လာဝင်းအတွင်းက ဦးမူလေးရယ် သုံးယောက်ဘဲရှိခဲ့တာပါ…သုံးဦးစလုံး…မြန်မာမွတ်စလင်တွေချည်းပါဘဲ…

    မကြာခဏဆိုသလို… ဦးစလေမန်တယောက် ဘေးတွဲဆိုင်ကယ်ကြီးနဲ့…သမင်တွေ…ဂျီ(ချေ)တွေ… တင်ပြီး…အမဲလိုက်ပြန်လာတာကို…မှတ်မိနေပါတယ်…

    အဲ့ဒီတော့ …အရင်တုန်းက….တောင်ဘလူ အရပ်သားမှန်ရင်… အမဲမလိုက်ဘူးတဲ့သူ… မရှိသလောက် .. ရှားခဲ့ပါတယ်…

    ၁၉၈၈ခုနှစ်… အရေးအခင်းကြီးအပြီးမှာ… အရပ်သားတွေလက်ထဲမှာ… လိုင်စင်ရှိ… လိုင်စင်မဲ့… သေနတ် တွေ… လုံးဝမထားဘဲ… အပ်နှံခိုင်းတဲ့အတွက်… အားလုံး…အပ်လိုက်ကြရပါတယ်… ဒါပေမဲ့… လက်နက်တွေကို လက်ခံသိမ်းယူတဲ့ ရဲစခန်းက တာဝန်ရှိသူတွေက… ပြောင်းအပိုတွေ… ပြောင်းအပျက်တွေ…  ဒင်အပိုတွေ… ဒင်အကျိုးအပဲ့တွေကို… လက်မခံခဲ့ပါဘူး… အဲ့ဒီတော့  အိမ်တိုင်းလိုလိုမှာ… ပြောင်းအပို တွေ… ဒင် အဟောင်း… အပိုတွေရှိနေခဲ့ပါတယ်… သေနတ်တလက်ကို အပေါ်ယံပြင်ဆင်တဲ့ ပစ္စည်းတွေ လဲရှိနေကြပါတယ်….

    ဒါတွေကို ရေးပြနေတာက…ရပ်ကွက်ရဲ့ အခြေခံကိုမသိ… သမိုင်းကြောင်းကို မသိဘဲ… ဖွတဲ့သူက…  မဖွယ်မရာရည်ရွယ်ချက်နဲ့ ဖွလိုက်တာနဲ့… ဘုမသိ… ဘမသိ…ဟာ… သေနတ်ဒင်တွေတွေ့တယ်…  ပြောင်းအပိုတွေတွေ့တယ်… လက်နက်ပြင်တဲ့ ပစ္စည်းတွေ…တွေ့တယ်…ဆိုပြီး… လန့်ဖြန့်… အစိုးရိမ်ပို နေကြတာတွေ့ရလို့… ရှင်းရှင်းလင်းလင်း သိသွားအောင်…ရေးပြလိုက်တာပါ…

    ခက်တာက…မြန်မာနိုင်ငံမှာ… ဘယ်လူမျိုးတွေ… ဘယ်ဘာသာဝင်တွေဟာ… သမိုင်းစဉ်တလျောက်… ဘယ်လိုနေခဲ့ကြတယ်ဆိုတာကို… မသိ… တနေ့မနေ့ကမှ… လူလားမြောက်လာပြီး… ဘာသာရေးပညာလေးသင်ယူ ပေါက်မြောက်ခဲ့လို့…မြို့ပေါ်တက်…ကျောင်းထိုင်ရတာ… ပေါ်ပြူလာဖြစ်လာတာလေးတခုနဲ့…  မြန်မာတနိုင်ငံလုံး… ဗုဒ္ဓဘာသာဝင်တွေချည်းဘဲ…တသက်လုံးနေခဲ့တယ်လို့ အထင်ရောက်နေတဲ့…. .. မန္တလေးတမြို့လုံးက ကုလားတွေ… စားစရာမရှိအောင်.. လုပ်ပြမယ်…နေစရာမရှိအောင်..လုပ်ပြမယ် လို့…ကျွေးကြော်ထားတဲ့…ဦးဝီရသူလို…သံဃာ အတုအယောင်က…ပါးစပ်ထဲလာရာ စကားလုံးတွေနဲ့… တိုင်းပြည်ကို မီးလောင်တိုက်သွင်းဖို့ကြံစည်နေတာကို… လူအများစုက… အဟုတ်အမှန်ထင်နေတာက ပြသနာဖြစ်နေတာပါ….

    ဦးဝီရသူဟာ…မန္တလေးမြို့ကို…ဖျက်ဆီးဖို့…မန္တလေးမြို့ကို…မီးလောင်တိုက်သွင်းဖို့…နေ့စဉ်နဲ့အမျှ…ဥာဏ်နီ…ဥာဏ်နက်မျိုးစုံ ထုတ်ပြီး… လုပ်ကြံသတင်းတွေလွှင့်ထုတ် ကြံစည်နေတာပါ…

    ဒါကို…မြန်မာနိုင်ငံကို အမှန်တကယ် ချစ်သူများ…မန္တလေးမြို့ကို ချစ်မြတ်နိုးသူများက…အသိတရားရှိရှိ နဲ့… အဖျက်စကားတွေကို နားမယောင်ကြဘဲ… သတိရှိရှိနဲ့…ဝိုင်းဝန်းကာကွယ် စောင့်ရှောက်သင့် ပါတယ်…

    တောင်ဘလူ အရပ်သားများအနေနှင့်လည်း….အထူးသတိပြုနေထိုင်သင့်ပါတယ်… မနှစ်က ဦးဝီရသူရဲ့ စနက်ကြောင့်…တောင်ဘလူ အရပ်သား…ကိုစိုးမင်းထွေး… အသက်ဆုံးရှုံးခဲ့ရတယ်… ဒီနှစ်…ရပ်ကွက် ကို နာမည်ဖျက်ပြီး… အကြမ်းဖက်တိုက်ခိုက်ဖို့… အလှုံ့ဆော်ခံခဲ့ရတာကို…ပေါ့ပေါ့လေး မနေကြဘဲ… မိမိတို့နဲ့ ပတ်သက်ရာ…ရဟန်းရှင်လူများအပါအဝင်… ဆရာတော်ကြီးများ… နိုင်ငံတော် အစိုးရအဖွဲ့ဝင် များကို…ဆက်သွယ်ရှင်းပြ… အကူအညီတောင်းခံပြီး…ဦးဝီရသူရဲ့ အဖျက်အန္တရာယ်မှ…ကင်းဝေး အောင်…အမြန်ဆုံး အကာအကွယ်တောင်းခံသင့်ပါကြောင်း…တင်ပြလိုက်ရပါတယ်…

    စာရေးသူ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • မဘသကို ဆန်းစစ်ခြင်း

    မဘသကို ဆန်းစစ်ခြင်း

    မော်ကွန်း မဂ္ဂဇင်း မှ ကူးယူဖော်ပြပါသည်။
    ခင်မောင်မြင့် နှင့် ကျော်ဇေယျာထွန်း ရေးသည်။
    ကောင်းမြတ်မိုး ပံ့ပိုးသည်။
    Mabatha-643x400
    လွန်ခဲ့တဲ့သုံးနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ အတူ ပေါ်ထွက်လာခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့တွေထဲမှာ အင်အားအကောင်းဆုံး၊ အတက် ကြွဆုံးနဲ့ ပြည်တွင်းပြည်ပ ဝေဖန်ခံရမှုတွေ၊ ထောက်ခံမှုတွေနဲ့ အများအာရုံစိုက်ခံရဆုံးအဖွဲ့ကတော့ မဘသ လို့ အတိုကောက်ခေါ်နေကြတဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ပဲ ဖြစ်ပါတယ်။

    ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်မှာ ၂ဝ၁၃၊ ဇွန် ၂၆-၂၇ ရက်က ကျင်းပခဲ့တဲ့ သံဃာ့ညီလာခံကနေ ပေါ်ထွန်းလာခဲ့တဲ့ မဘသအဖွဲ့ရဲ့ သက်တမ်းဟာ လာမယ့် ဇွန်ဆို ရင်    နှစ်နှစ်တင်းတင်းပြည့်ပါတော့မယ်။

    မဘသအဖွဲ့ဟာ နှစ်နှစ်အတွင်းမှာ အတော်ပဲ အင်အား ကောင်းတဲ့အဖွဲ့ဖြစ်လာခဲ့ပါတယ်။ မဘသအဖွဲ့ထံမှ ရရှိတဲ့စာရင်း ဇယားတွေအရ နှစ်နှစ်အတွင်းမှာ မြန်မာတစ်နိုင်ငံလုံး မဘသ အဖွဲ့ပေါင်း ၁၇၃ ဖွဲ့အထိ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်စုစုပေါင်းရဲ့ ထက်ဝက်ကျော် ဖြစ်ပါ တယ်။ သဘောကတော့ မဘသအဖွဲ့တွေဟာ မြို့နယ်နှစ်မြို့နယ် လျှင် တစ်မြို့နယ်နှုန်းရှိတဲ့ သဘောပါ။

    ဗဟိုအဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်၊ ခရိုင် အဆင့်၊ မြို့နယ်အဆင့်၊ ရပ်/ကျေးအဆင့် ဆိုပြီးတော့ အဆင့်ငါး ဆင့်နဲ့ ဖွဲ့စည်းထားတဲ့ ဒီအဖွဲ့အစည်းမှာ ဥက္ကဋ္ဌက အင်းစိန်ရွာမ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသဖြစ်ပါတယ်။ မဘသ (အထက်မြန်မာပြည်) ဦးဆောင်ဆရာတော်ကတော့ ဦးဝီရသူ (မစိုးရိမ်)ဖြစ်ပြီး မဘသ(အောက်မြန်မာပြည်) ကိုတော့ ဓမ္မဒူတ ဆရာတော် ဦးပညာဝရက တာဝန်ယူထားပါတယ်။ မကွေး ကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက ရန်ကုန်တိုင်းဒေသကြီး ရဲ့ ဦးဆောင်ဆရာတော်အဖြစ် တာဝန်ယူထားပါတယ်။

    နှစ်နှစ်ဆိုတဲ့အတိုင်းအတာအတွင်းမှာ မဘသဟာ ဘာ တွေလုပ်ဆောင်ခဲ့ပါသလဲ၊ ဘယ်အချက်တွေကို လူအများက သဘောကျ ထောက်ခံကြပြီး ဘယ်လုပ်ဆောင်ချက်တွေကိုတော့ အပြစ်တင်ဝေဖန်ခဲ့ကြပါသလဲ။ အမျိုး ဘာသာ သာသနာကို အမှန်တကယ် ထိထိရောက်ရောက် စောင့်ရှောက်ရာကျပါရဲ့လား စတဲ့အချက်တွေကို ဆန်းစစ်ဝေဖန်ဖို့ လိုအပ်ပါလိမ့်မယ်။

    index

    ရည်ရွယ်ချက်တွေ ကောင်းပေမယ့် ဝေဖန်ခံရ

    အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေး၊ တည်တံ့ပြန့်ပွားရေး၊ နိုင်ငံအတွင်း လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှု ပဋိပက္ခတွေ မပေါ်ပေါက်ရေး၊ သာသနာရေး၊ လူမှု ရေးဆောင်ရွက်ကြတဲ့ အဖွဲ့အချင်းချင်း အပြန်အလှန် ချိတ်ဆက် ပံ့ပိုးကူညီနိုင်ရေးဆိုတဲ့ မဘသအဖွဲ့ရဲ့ ရည်ရွယ်ချက်တွေကို ဝေဖန် မှုတွေ မရှိပေမယ့်လည်း ဒီအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မှုအချို့ အပေါ်မှာတော့ ဝေဖန်စရာတွေ ဖြစ်ခဲ့ပါတယ်။

    နွေရာသီမှာ ကလေးသူငယ်တွေကို သင်ပေးတဲ့ ယဉ်ကျေး လိမ္မာသင်တန်းတွေ ဖွင့်လှစ်ခြင်း၊ တနင်္ဂနွေနေ့တွေမှာ ဖွင့်လှစ် ပေးတဲ့ ဓမ္မစကူးလ်တွေ ဖွင့်လှစ်ခြင်းစတာတွေအပေါ်မှာ ရဟန်း ရှင်လူများက နှစ်သက်သဘောကျကြတာကို တွေ့ရပါတယ်။

    မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေလို့ ဆိုသော်လည်း ဗုဒ္ဓ ဘာသာ အသိတရားတွေနဲ့ ကင်းကွာ၊ ပြတ်ထွက်သွားတဲ့အတွက် ဗုဒ္ဓဘာသာရဲ့ ဘာသာရေး အသိတရားတွေကို စောင့်ထိန်းနိုင် အောင် မဘသအနေနဲ့ ယဉ်ကျေးလိမ္မာသင်တန်းတွေ၊ ဓမ္မစကူးလ် တွေ ဖွင့်လှစ်သင်ကြားပေးနေသလို တောရော မြို့ပါမကျန် တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ သင်တန်းတွေ ပေးသွားဖို့ရှိတယ်လို့ မဘသ ဦးဆောင်ဆရာတော်တွေက မိန့်ပါတယ်။

    နယ်လှည့်ဓမ္မကထိကဆရာတော်တစ်ပါးဖြစ်တဲ့ မန္တလေးမှ ဒယ်အိုးလေးဆရာတော် အရှင်တေဇနန္ဒကတော့ ယဉ်ကျေး လိမ္မာသင်တန်းတွေ၊ ဓမ္မစကူးလ်တွေ ဖွင့်လှစ်သင်ကြားပေးနေ တာနဲ့ ပတ်သက်ပြီး ယခုလို မိန့်ပါတယ်။

    ”မဘသက အခုလို ယဉ်ကျေးလိမ္မာသင်တန်းတွေ ပေးနေ တာ ဒါက အင်မတန်ကောင်းတဲ့ ပန္နက်ရိုက်မှုတွေပဲ”

    သို့သော်လည်း အချို့ အချက်တွေကိုတော့ ဝေဖန်ကြတာ တွေ့ရပါတယ်။ အထူးတလှယ် ဝေဖန်ခံရတဲ့ကိစ္စကတော့ အမျိုး စောင့်ဥပဒေပြဋ္ဌာန်းရေးကိစ္စမှာ ဖြစ်ပါတယ်။

    အဲဒီလိုဝေဖန်တဲ့သူတွေထဲမှာ အများဆုံးကတော့ လူ့ အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဖြစ်ပါတယ်။ ဝေဖန်ကြတဲ့ အထဲမှာ နိုင်ငံရေးသမားနဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ ပါ ဝင်ကြပေမယ့် အများစုကတော့ ဒီအဖွဲ့နဲ့ ထိပ်တိုက် မတိုးချင်တာ ကြောင့် လက်ရှောင်ကြတဲ့ သူတွေ ဖြစ်ပါတယ်။

    တကယ်တော့ မဘသကို ဝေဖန်တဲ့နေရာမှာ လူပုဂ္ဂိုလ်တွေ ကပဲ ဝေဖန်ကြတာတော့မဟုတ်ပါဘူး။ နာမည်ကြီး သံဃာအချို့ တောင် ဝေဖန်တဲ့နေရာမှာ ပါဝင်နေကြတာကိုတွေ့ရပါတယ်။

    ရွှေညဝါဆရာတော်ဆိုရင် ကနဦးကာလတွေမှာ မဘသ အဖွဲ့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို ကြိုက်တဲ့အတွက် မဘသအဖွဲ့ထဲ ဝင်ခဲ့တာပါ။

    သံဃာတွေ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ တိုင်း ပြည်ကောင်းအောင် ပြိုင်တူတွန်းမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ခဲ့ပေမယ့် နောက်ပိုင်း စောင့်ကြည့်တဲ့အခါမှာ ပူးပေါင်းလို့ မရ တော့လို့ မဘသအဖွဲ့မှာ ဆက်လက် မပါဝင်တော့တာဖြစ်တယ်လို့ မိန့်ပါတယ်။

    ”ငါ့ရဲ့ ရည်ရွယ်ချက်တွေ၊ စိတ်နေစိတ်ထားတွေနဲ့ အကောင် အထည်ဖော်ဆောင်မှုအပိုင်းတွေမှာ ငါက တစ်မျိုးသားလုံးကို ဗဟိုပြုတဲ့ အကျိုးစီးပွားကို လိုချင်တာ”လို့ ရွှေညဝါဆရာတော်က မိန့်ပါတယ်။

    မဘသရဲ့ လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အဓိက ဝေဖန် ကြတာကတော့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေက အစ္စလာမ် ဘာသာဝင်အမျိုးသားတွေကို လက်မထပ်ကြဖို့ လှုံ့ဆော်စည်းရုံး တာတွေကိုပဲ အများဆုံးဦးတည်နေတယ်ဆိုတဲ့ အချက်ပဲဖြစ် ပါတယ်။

    ပြည်တွင်းမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့ လက်ထပ်တာ တွေက သိပ်မပြောပလောက်ဘူးလို့ ရွှေညဝါဆရာတော်က ယူဆပါတယ်။

    ပြည်ပမှာ ”မြန်မာအမျိုးသမီးကောင်းတွေ အတင်းအဓမ္မ အကျင့်ခံရတာတွေအပါအဝင် တရုတ်ပြည်ကို လူကုန်ကူး ရောင်းစားခံလိုက်ရတာတွေကိုလည်း ဆောင်ရွက်ဖို့လိုအပ်တယ်” လို့ မိန့်ပါတယ်။

    ”အခုတော့ အဲဒီလိုမဟုတ်ဘူးကွာ။ မျက်ကန်းမျိုးချစ်တွေ”လို့ ရွှေညဝါဆရာတော်က ပြောဆိုပါတယ်။

    ရွှေညဝါဆရာတော်လိုပဲ သီတဂူဆရာတော် ဦးဥာဏိ ဿရလည်း မဘသစတင်ဖွဲ့စည်းစဉ်တုန်းက ပါဝင်ခဲ့ပါသေး တယ်။ ဗဟိုကော်မတီအဖွဲ့မှာ ပါဝင်ခဲ့တာပါ။ နောက်ပိုင်းကာလ တွေမှာတော့ မဘသအဖွဲ့မှာ သီတဂူဆရာတော်ကြီး ပါဝင်မှု  ရှိခြင်း၊ မရှိခြင်းနဲ့ ပတ်သက်လို့ အငြင်းပွားမှုတချို့ပင် ဖြစ်ခဲ့ပါ သေးတယ်။

    ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး မဘသအပေါ် သီတဂူ ဆရာတော်ကြီးရဲ့အမြင်ကို သိရှိနိုင်ဖို့ မော်ကွန်းက ဆက်သွယ် ပေမယ့် ဆရာတော်ကြီးကို ဆက်သွယ်လို့မရခဲ့ပါဘူး။ သီတဂူမှ ကျန်တဲ့ဆရာတော်တွေကလည်း သီတဂူဆရာတော်ကြီးရဲ့ ညွှန်ကြားမိန့် မရတဲ့အတွက် အင်တာဗျူးလက်မခံပါဘူးလို့ သီတဂူ ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခ ဒေါက်တာအရှင်ကောဝိဒ သိရီက မိန့်ပါတယ်။

    နှစ်နှစ်အတွင်း မဘသ ဘာတွေလုပ်ဆောင်ခဲ့တယ်ဆိုတာ ကို အခုကြည့်ကြရအောင်ပါ။

    မဘသ ဘာတွေလုပ်ခဲ့လဲ

    အွန်လိုင်းလူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Facebook ကို အသုံးပြုပြီး လူထုနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေလည်း ဖောက်ထားတဲ့ မဘသဟာ နှစ်နှစ်အတွင်းမှာ သဘောထားကြေ ညာချက်အများအပြားကို ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီထုတ်ပြန်ချက်တွေထဲမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ကိစ္စအတော်များများကို ကန့်ကွက် ဆန္ဒပြတာ၊ သဘောထားကြေညာချက်ထုတ်ပြန်တာတွေ များ စွာလုပ်ခဲ့တာကို တွေ့ရပါတယ်။

    အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဘင်္ဂါလီလူ မျိုးတွေကို ရိုဟင်ဂျာလို့ နိုင်ငံတကာက ခေါ်ဝေါ်သုံးစွဲနေမှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့တာတွေ ပါပါတယ်။

    ဒါ့အပြင် လောက်ကိုင်စစ်ပွဲ၊ ပညာရေးဥပဒေကို ကျောင်း သားတွေ ဆန္ဒပြမှု၊ ဗိုလ်ချုပ် နှစ် ၁ဝဝ ပြည့်၊ ပြည်ပရောက် မြန်မာ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးဆုံးရှုံးမှု၊ ဆီးရီးယားနိုင်ငံနှင့် အီရတ်မြောက်ပိုင်း ရှိုISIS အဖွဲ့တွေရဲ့ ဘာသာရေး အစွန်းရောက်လုပ်ရပ် စတာတွေနဲ့ပတ်သက်ပြီး သဘောထားထုတ်ပြန်ကြေညာ ချက်တို့ လုပ်ခဲ့တာကို တွေ့ရပါတယ်။

    မဘသ(ဗဟို)ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ကတော့ မြန်မာ နိုင်ငံရဲ့ အဓိကအထွတ်အမြတ်ထားကြတဲ့ ရွှေတိဂုံစေတီပုံကို မလေးရှားနိုင်ငံထုတှ်Song Singha အရက်ပုလင်းတွေမှာ တံ ဆိပ်ကပ်ရောင်းချနေတာနဲ့ ပတ်သက်ပြီး ဧပြီ ၂၂ ရက်က ကန့်ကွက် ရှုံ့ချခဲ့တာပါပဲ။

    ကြေညာချက်တွေထဲမှာ မဘသအဖွဲ့ကို စွပ်စွဲပြောဆိုနေ ခြင်းနဲ့ ဝေဖန်မှုပြုလုပ်ခြင်းတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ထုတ်ပြန် ချက်တွေလည်း ပါပါတယ်။

    မဘသအဖွဲ့က နောက်ထပ် လိုက်လံဆောင်ရွက်ပေးတဲ့ လုပ်ငန်းတစ်ခုက ဘာသာခြားတွေရဲ့ အဓမ္မပြုကျင့်ခြင်းခံရတဲ့ မိန်းကလေးတွေ၊ အသက်မပြည့်သေးဘဲ အိမ်ထောင်ပြုခံရတဲ့ မိန်း ကလေးတွေအနေနဲ့ သက်ဆိုင်ရာမှာ အမှုဖွင့်ချင်တယ်ဆိုရင် အမှု ဖွင့်နိုင်အောင် လိုက်လံဆောင်ရွက်ပေးတဲ့ အလုပ်ဖြစ်တယ်လို့ မဘသ(ရန်ကုန်တိုင်းဒေသကြီး) ဦးဆောင်ဆရာတော် ဦးပါမောက္ခက မိန့်ပါတယ်။

    ဦးပါမောက္ခကို မော်ကွန်းက တွေ့ဆုံမေးမြန်းတဲ့နေ့က ဆရာ တော်ဟာ အမှုတစ်ခုကို လိုက်ပါဖွင့်ပေးခဲ့ရတယ်လို့မိန့်ပါတယ်။

    ဖြစ်စဉ်ကဒီလိုပါ။ အသက်၁၅ နှစ်အရွယ် ဗုဒ္ဓဘာသာမိန်း ကလေးတစ်ယောက်ဟာ ဘာသာခြားတစ်ယောက်နဲ့ ခိုးရာလိုက် သွားခဲ့တယ်လို့ဆိုပါတယ်။ လိုက်သွားတုန်းက ဘာသာခြားအမျိုး သားက ဗုဒ္ဓဘာသာကို ကူးပြောင်းမယ်လို့ဆိုပေမယ့် ဘာသာခြား ရွာရောက်သွားတဲ့အခါမှာ သူ့ရဲ့ ဘာသာကိုပဲ မိန်းကလေးကို လိုက် ပါပြောင်းလဲရမယ်ဆိုလာတာကြောင့် ပြဿနာဖြစ်လာခဲ့ပါ တယ်။ ဒါ့အပြင် မိန်းကလေးမှာ အသက်မပြည့်သေးတဲ့အတွက် တရား နည်းလမ်းနဲ့အညီ အရေးယူပေးဖို့ ”ကိုယ့်အမျိုးသားရေးဘက်က နေ အမှုဖွင့်ပေးခဲ့ရတယ်” လို့ ဆရာတော် ဦးပါမောက္ခက မိန့်ပါတယ်။

    ဘာသာတူ၊ လူမျိုးတူတွေဖြစ်တဲ့ အမှုတွေကိုတော့ လိုက် ပါဆောင်ရွက်ပေးခြင်းမရှိဘဲ ဘာသာခြားနဲ့ ပတ်သက်တဲ့ အမှုကိစ္စ တွေမှသာ လိုက်ပါကူညီဆောင်ရွက်ပေးတယ်လို့ မဘသအဖွဲ့ ဦးဆောင်ဆရာတော်တွေက ဆိုပါတယ်။

    မဘသတည်ထောင်ခဲ့တဲ့ နှစ်နှစ်အတွင်း ၄င်းကဲ့သို့ အမှု ပေါင်း မည်မျှရှိခဲ့တယ်ဆိုတာကို မော်ကွန်းက စာရင်းမှတ်တမ်း များ တောင်းဆိုသော်လည်း စာရင်းအတိအကျမရှိခဲ့ပါဘူး။

    IMG_9045-643x400

    မဘသရဲ့ အကြီးမားဆုံးလှုပ်ရှားမှု

    နှစ်နှစ်အတွင်း မဘသလုပ်ဆောင်ခဲ့တဲ့ ဆောင်ရွက်ချက် တွေထဲမှာ ယနေ့အထိ အငြင်းပွားဖွယ်အဖြစ်ဆုံးနဲ့ အကြီးမားဆုံး လှုပ်ရှားမှုကတော့ အမျိုးစောင့်ဥပဒေရေးဆွဲ အတည်ပြုရေးလှုပ် ရှားမှုပဲဖြစ်ပါတယ်။

    အမျိုးဘာသာသာသာသနာစောင့်ရှောက်ရေးဆောင်ရွက် နေကြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေ အဓိကစိုးရိမ်တာက မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်ဦးရေများပြားလာပြီး တစ်ချိန်မှာ ဗုဒ္ဓဘာသာနိုင်ငံကနေ အစ္စလာမ္မစ်နိုင်ငံ ဖြစ်သွားမှာကိုပါ။

    အင်ဒိုနီးရှား၊ မလေးရှား၊ အာဖဂန်နစ္စတန်နိုင်ငံတွေဟာ တစ်ချိန်က ဗုဒ္ဓဘာသာထွန်းကားရာနေရာတွေ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်း အစ္စလာမ်ဘာသာဝင်ဦးရေ များပြားလာတဲ့အချိန်မှာ အစ္စလာမ္မစ်နိုင်ငံတွေဖြစ်ကုန်တာတွေဟာ ဘာသာ သာသနာ စောင့်ထိန်းရေး လုပ်ဆောင်နေတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် တွေအတွက် ထိတ်လန့်စရာဖြစ်ရပ်တွေ ဖြစ်ပါတယ်။

    ဒါကြောင့်လည်း မဘသအဖွဲ့ စတင်ဖွဲ့စည်းကတည်းက အမျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင်ရေးဟာ  မဘသရဲ့အဓိက ရည်မှန်း ချက်တစ်ခု ဖြစ်ခဲ့တာပါ။

    ”မွတ်ဆလင်တွေကို လက်ခံလိုက်တာနဲ့ မွတ်ဆလင်ဦးရေ ပွားများလာတာတွေကို သင်ခန်းစာယူဖို့အတွက် သမိုင်းသုတေသနဆိုတာ ရှိတယ်။  အမြဲတမ်းဆောင်ရွက်နေမှာပါ”လို့ ဦးဝီရ သူက ရှင်းပြပါတယ်။

    မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူ ဘာသာ၊ အစ္စလာမ်ဘာသာ စတဲ့ ဘာသာကြီးတွေအပြင် နတ်ကိုး ကွယ်တဲ့သူတွေပါ ပေါင်းလိုက်မယ်ဆိုရင် ကိုးကွယ်တဲ့ဘာသာ ငါးခုရှိပါတယ်။ ဒီအထဲကမှ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်ဘာသာ တွေမှာ အမျိုးစောင့် ဥပဒေတွေ အသီးသီးရှိပြီး ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘာသာအမျိုးသမီးတွေကို ကာကွယ်ပေးမယ့် တိကျတဲ့ ဥပဒေမရှိတဲ့အတွက် အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းဖို့ တောင်းဆိုရ ခြင်းဖြစ်တယ်လို့ မဘသအဖွဲ့ရဲ့ ဦးဆောင်ဆရာတော်တစ်ပါး ဖြစ် တဲ့ ဦးပါမောက္ခကမိန့်ပါတယ်။

    တရားရုံးတွေမှာ တရားရင်ဆိုင်ရတဲ့အခါ ဗုဒ္ဓဘာသာဝင် တွေအတွက် မြန်မာဓလေ့ထုံးတမ်းဥပဒေဟာ တခြားသော ဘာ သာကြီးသုံးခုရဲ့ ဥပဒေတွေကို ကျော်လွန်နိုင်ခြင်းမရှိဘူးလို့ ဆရာ တော်ဦးပါမောက္ခက မိန့်ပါတယ်။

    ”ဗုဒ္ဓဘာသာအမျိုးသမီးတွေကိုလည်း တခြားဘာသာကြီး သုံးခုနည်းတူ တန်းတူအခွင့်အရေးရစေချင်လို့ အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရခြင်းဖြစ်တယ်”လို့ ဆရာတော် ဦးပါမောက္ခက ဆက် လက်မိန့်ပါတယ်။

    တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဘာသာကြီးသုံးခုမှာ အမျိုးသမီးတွေကို ကာကွယ်ဖို့အတွက် ပြဋ္ဌာန်း ထားတဲ့ ဥပဒေလို့ဆိုရာမှာ အဲဒီဥပဒေတွေက ကိုးကွယ်ရာဘာ သာရဲ့ ဓလေ့ထုံးတမ်းတွေသာဖြစ်ပြီး ဥပဒေတစ်ခုအနေနဲ့ မရှိဘူး လို့ ဆိုပါတယ်။

    ”လင်မယားကိစ္စတို့၊ အမွေဆက်ခံတဲ့ ကိစ္စတို့မှာသာ ဒီ ဓလေ့ထုံးတမ်းက အသက်ဝင်တာပါ။ ပြစ်ဒဏ်ပေးလို့မရပါဘူး။လင်မယားကိစ္စ၊ အမွေဆက်ခံတဲ့ ကိစ္စတို့မှာကလည်း နှစ်ဖက် သောပုဂ္ဂိုလ်တွေ ဘာသာတူမှ ဘာသာရေး ဓလေ့ထုံးတမ်းနဲ့ ဆုံး ဖြတ်ပေးလို့ရတယ်။

    ”မတူညီရင်တော့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေနဲ့ ပတ် သက်ရင်တော့ အထူးဥပဒေတစ်ရပ်ရှိတဲ့အတွက်  အထူးဥပဒေ အရ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင် ရာ ဥပဒေအရ ဆောင်ရွက်ရမှာဖြစ်ပါတယ်”လို့ ဦးရောဘတ်စန်း အောင်က ရှင်းပြပါတယ်။

    မည်သို့ပင်ဆိုစေ မဘသကတော့ သူတို့တင်တဲ့ အမျိုး စောင့်ဥပဒေလေးရပ်ကို ပြဋ္ဌာန်းပေးဖို့ကို တောင်းဆိုခဲ့ပါပြီ။

    အဲဒီဥပဒေလေးရပ်ကတော့ ကိုးကွယ်ရာဘာသာကူး ပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လူဦးရေတိုးပွားနှုန်းထိန်းညှိ ခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း၊  မြန်မာဗုဒ္ဓ ဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတို့ဖြစ် ပါတယ်။

    ယခုအချိန်မှာတော့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းနဲ့ မြန်မာဗုဒ္ဓဘာသာ  မိန်းမများ အထူးထိမ်းမြားခြင်းဥပဒေကြမ်းကို ပြည်သူ့လွှတ် တော်က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

    ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတို့က တော့ လွှတ်တော်မှာ အတည်မပြုရသေးပါဘူး။

    အမျိုးစောင့်ဥပဒေတွေဟာ နိုင်ငံအတွင်း ဗုဒ္ဓဘာသာ မဟုတ်တဲ့သူတွေ၊ အထူးသဖြင့် ဘာသာကူးပြောင်းခွင့်နဲ့ လက်ထပ်ထိမ်းမြားခွင့်တွေကို ခွဲခြားမှုတွေဖြစ်စေသလို နိုင်ငံတကာရဲ့ ဘာသာရေး လွတ်လပ်ခွင့်သတ်မှတ်ချက်တွေကို ချိုးဖောက်ရာ ရောက်နေတယ်လို့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော် မရှင်က ဝေဖန်ရှုံ့ချမှုတွေ ရှိခဲ့ပါတယ်။

    မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း ၉ဝ ကျော်က လည်း အမျိုးစောင့်ဥပဒေကို လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့တာ တွေ ရှိပါတယ်။ ၄င်း ကန့်ကွက်ခဲ့တဲ့ အဖွဲ့အစည်းတွေကို စစ်ကိုင်းနဲ့ လားရှိုးမဘသအဖွဲ့တွေက အမျိုးသားသစ္စာ ဖောက်အဖြစ် ထုတ် ပြန်ကြေညာခဲ့ပါတယ်။ မဘသ(ဗဟို)ကတော့ အဲဒါနဲ့ပတ်သက် ပြီး ထုတ်ပြန်တာမရှိဘူးလို့ မဘသ (ဗဟို) သုသတေသနနှင့် သမိုင်းမှတ်တမ်းဌာနအဖွဲ့ဝင် ဦးအောင်မြိုင်က ဆိုပါတယ်။

    အမျိုးစောင့်ဥပဒေတွေနဲ့ ပတ်သက်လာရင် အမြင်အမျိုး မျိုးနဲ့ မတူကွဲပြားတာတွေဟာ များစွာရှိပါတယ်။ လူ့အခွင့်အရေး ပညာပေးမှုတွေ လုပ်ဆောင်နေတဲ့ Equality Myanmar ရဲ့ ဒါ ရိုက်တာတစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးမင်းကတော့ အမျိုးစောင့် ဥပဒေအပေါ်မှာ အခုလို ရှုမြင်သုံးသပ်ပါတယ်။

    ”အမျိုးသမီးတွေကို ကာကွယ်ပေးမယ်ဆိုရင် ဗုဒ္ဓဘာသာ အမျိုးသမီးတွေအပြင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံက အမျိုး သမီးတွေရဲ့ အကြမ်းဖက်ခံရခြင်း၊ အတင်းအကျပ် ဘာသာကူး ပြောင်းစေခြင်း၊ ဘာသာမကူးပြောင်းလို့ နှိပ်စက်တာတွေကိုပါ ကာကွယ်ပေးတဲ့ အားလုံးနဲ့သက်ဆိုင်တဲ့ ဥပဒေမျိုးဖြစ်သင့် တယ်”လို့ ဆိုပါတယ်။

    လူတိုင်းကသာ ကိုယ့်လူမျိုးနဲ့ကိုယ့်ဘာသာကိုပဲ ကာကွယ် နေမယ်ဆိုတဲ့ စိတ်ဓာတ်လွန်ကဲသွားမယ်ဆိုပါက တခြားလူမျိုး တွေရဲ့ ဘဝတွေ၊ ခံစားချက်တွေကို အသိအမှတ်မပြုရာ ရောက် သွားနိုင်တယ်။ ပြီးတဲ့အခါ သံဃာတွေအနေနဲ့ နေရာတိုင်းမှာသာ ပါဝင်နေမယ်ဆိုရင် အစိုးရအုပ်ချုပ်တာမဟုတ်ဘဲနဲ့ သာသနာပိုင် တွေကပဲ အုပ်ချုပ်ခဲ့တဲ့ အင်္ဂလန်က သက်ဦးဆံပိုင်စနစ်လို ပုံစံမျိုး ပြန်ဖြစ်သွားနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

    မဘသအဖွဲ့အနေနဲ့ အမျိုးစောင့်ဥပဒေကို ဆောင်ရွက်တဲ့ အခါ လူ့အခွင့်အရေးနဲ့ ကိုက်ညီမှုမရှိတဲ့အပိုင်းတွေကို လာရောက် ဆွေးနွေးအကြံပေးဖို့ လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းတွေနဲ့ အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တွေကို ဖိတ်ခေါ်ခဲ့သော်လည်း ဥပဒေစတင်ဆောင်ရွက်ချိန်က အမျိုးသမီးအဖွဲ့အစည်းတွေသာ လာရောက်ဆွေးနွေးခဲ့ပြီး နောက်ပိုင်းမှာ လာရောက်ဆွေးနွေးတာမရှိတော့ဘူးလို့ မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဒေါက်တာအရှင်သောပါက က မိန့်ကြားပါတယ်။

    မဘသအဖွဲ့က လုပ်ငန်းဆောင်ရွက်တဲ့အခါ တံခါးပိတ် ဆောင်ရွက်နေတာမျိုးမဟုတ်ဘဲ တံခါးဖွင့်ဆောင်ရွက်ခြင်းသာ ဖြစ်ပြီး လူ့အခွင့်အရေးနဲ့ အမျိုးသမီးဥပဒေတွေနဲ့ ငြိစွန်းနေရင် ကြိုက်တဲ့အချိန်မှာ လာဆွေးနွေးနိုင်တယ်လို့ ဒေါက်တာအရှင် သောပါက က မိန့်ပါတယ်။

    ”ဘေးကနေ အပြစ်ပြောနေမယ့်အစား ဒီအချက်၊ ဒီ အချက်တွေ ငြိစွန်းနေတယ်။ ဒါလေးကတော့ ဒီလိုလေးလုပ်လိုက် ရင် မကောင်းဘူးလားဆိုတဲ့ အကြံပေးမှုတွေနဲ့ လာပြီးတော့ ဆွေးနွေးမယ်ဆိုရင် တို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပြီးတော့ သူ့အကြံကောင်းရင်  လက်ခံသွားမယ်”လို့ ဒေါက်တာအရှင်သော ပါကက ဆက်လက်မိန့်ပါတယ်။

    တွေ့ဆုံဆွေးနွေးတယ်ဆိုရာမှာ တစ်ဖက်နဲ့ တစ်ဖက် အပြန် အလှန်ဆွေးနွေးကြတာဟာ ကောင်းမွန်တဲ့ အလေ့အထဖြစ်ပေ မယ့် တစ်ဦးကို တစ်ဦး အပြန်အလှန်လေးစားမှုနဲ့ တွေ့ဆုံဆွေးနွေး ဖို့ လိုအပ်သလို လုံခြုံမှုရှိဖို့လည်း လိုအပ်တယ်လို့ ဦးအောင်မျိုး မင်းက ဆိုပါတယ်။

    ဒါနဲ့ပတ်သက်ပြီး ဦးအောင်မျိုးမင်းက သူ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

    ”ကျွန်တော်တို့မှာ တွေ့တောင်မတွေ့ရသေးဘူး။ ကျွန် တော်တို့အပေါ်မှာ အမျိုး ဘာသာ သာသနာကို မစောင့်ရှောက် တဲ့သူဆိုပြီး ကြွေးကြော်ခြိမ်းခြောက်တာ၊ စာနယ်ဇင်းတွေမှာ ရေးသားနေတာတွေကို ကြုံတွေ့နေရသမျှ ကာလပတ်လုံး တွေ့ ဆုံဆွေးနွေးမှုက အကျိုးပြုမှာမဟုတ်ဘဲနဲ့ ပိုပြီးတော့ ပဋိပက္ခတွေ ပေါများစရာဖြစ်တယ်”

    မော်ကွန်းမဂ္ဂဇင်းက အရပ်ဘက် လူ့အဖွဲ့အစည်းမှ အမျိုး သမီးနှစ်ဦးကို မေးမြန်းရာမှာ တစ်ဦးက မဘသနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်ဘူးလို့ ပြန်လည်ဖြေကြားခဲ့သလို နောက်တစ်ဦး ကလည်း ဒီအဖွဲ့အစည်းဟာ ရှိနေစရာမလိုဘူးလို့ ထင်တဲ့အတွက် လည်း ဘာမှတ်ချက်မှ မပြောလိုဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေအနေနဲ့ ဘာသာခြား၊ လူမျိုးခြားတွေနဲ့ လက်ထပ်ရတဲ့ အဓိက အကြောင်းအရင်းဟာ စီးပွားဥစ္စာဆင်းရဲခြင်း၊ ဆင်းရဲတဲ့အတွက် အသိဥာဏ်ပညာ ဗဟု သုတနည်းပါးခြင်း၊ အသိဥာဏ်ပညာနည်းပါးတဲ့အတွက် လူတော သူတောထဲ မတိုးရဲခြင်းဆိုတဲ့ အချက်တွေကို အဓိကအခြေခံတယ် လို့ ရွှေညဝါဆရာတော်က မှတ်ချက်ပြုပါတယ်။

    ”ဘာသာခြား၊ လူမျိုးခြားက အဲဒီအားနည်းချက်ကို အမြဲ ချောင်းနေတာ။ အဲဒါတွေကို ဘယ်လိုကာကွယ်နိုင်မလဲ။ အဲဒါ တွေကို ကာကွယ်ဖို့လုပ်တာက  ဥပဒေထက်မကောင်းဘူးလား”လို့ ရွှေညဝါဆရာတော်က မေးခွန်းထုတ်လိုက်ပါတယ်။

    မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းနဲ့ပတ်သက်လို့ တင်းကျပ် တဲ့ ထောင်ဒဏ်၊ သေဒဏ်တွေနဲ့ ဥပဒေတွေကို ပြဋ္ဌာန်းထားပေ မယ့် မိသားစုအတွင်း ဆင်းရဲမွဲတေမှုဒဏ်ကို ရင်ဆိုင်လာရတဲ့အခါ မှာ မည်သည့်အပြစ်ဒဏ်ကိုမှ မကြောက်တော့ဘဲ ကျူးလွန်သူ တွေ ရှိကြတာကြောင့် ဥပဒေဟာ ပြဋ္ဌာန်းထားပေမယ့် မလိုက်နာ ရင် အလကားပဲလို့ ဆရာတော်က ယူဆပါတယ်။

    ”စီးပွားရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဗုဒ္ဓ ဘာသာ ပျောက်ကွယ်စရာ အကြောင်းမရှိသလို သာသနာလည်း ပျောက်ကွယ်စရာအကြောင်းမရှိဘူး”လို့ ရွှေညဝါဆရာတော်က ဆက်လက်မိန့်ပါတယ်။

    အထက်ပါအယူအဆကို မဘသအဖွဲ့ အထက်မြန်မာပြည် ဦးဆောင်ဆရာတော်ဖြစ်တဲ့ ဦးဝီရသူက အခုလို ချေပပါတယ်။

    ”ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေ ဆင်းရဲလို့ ဘာသာ ခြား၊ လူမျိုးခြားတွေကို လက်ထပ်တယ်ဆိုတာတော့ ဟုတ်ပါ တယ်။ ဒါပေမဲ့ နိုင်ငံတော်ဖွံ့ဖြိုးတဲ့အထိ ထိုင်စောင့်နေမှာလား။ ငါးဆယ်ရာခိုင်နှုန်း ချမ်းသာအောင် ထိုင်စောင့်နေရမှာလား။ ဆင်းရဲတဲ့သူတွေကို ကာကွယ်ဖို့ ဥပဒေမလိုဘူးလား။ အဲဒါ အတွက် ကျုပ်တို့က အလုပ်လုပ်နေရတာ”

    ဘယ်သူတွေက ဘယ်လောက်ပဲကန့်ကွက်နေပေမယ့် စတင်ဖွဲ့စည်းကတည်းက ပြင်ဆင်ခဲ့တဲ့ အမျိုးစောင့်ဥပဒေကို တော့ ပြဋ္ဌာန်းဖြစ်အောင် မဖြစ်မနေကြိုးစားသွားမယ်လို့ မဘသ ဦးဆောင်ဆရာတော်တွေက မိန့်ပါတယ်။

    index2

    လုပ်ကိုင်ပုံတွေမှားနေသလား

    မဘသဦးဆောင်ဆရာတော်တွေက လုပ်ဆောင်စရာရှိ တာတွေကို လုပ်ဆောင်နေကြပေမယ့် ယင်းအဖွဲ့ရဲ့ လုပ်ငန်း ဆောင်တာ မှန်သမျှကို သံဃာထုအားလုံးက နှစ်သက်လက်ခံ ကြတာတော့ မဟုတ်ပါဘူး။

    နယ်လှည့်ဓမ္မကထိကဆရာတော်တစ်ပါးဖြစ်တဲ့ မ္တလေးမှ ဒယ်အိုးလေးဆရာတော် အရှင်တေဇနန္ဒက မဘသအဖွဲ့ ရှိသင့် တယ်ဆိုတဲ့အချက်ကို လက်ခံပေမယ့် လုပ်ပုံကိုင်ပုံနဲ့ပတ်သက်ပြီး ဝေဖန်စရာတွေ ရှိနေတယ်လို့ မိန့်ပါတယ်။

    ”ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဆိုတာ သက်ဆိုင်ရာဘာသာတိုင်းမှာရှိတာပဲ။ ခရစ်ယာန်မှာလည်း ရှိတယ်။ အစ္စလာမ်မှာလည်းရှိတယ်။ ဟိန္ဒူမှာလည်း ရှိတယ်။ ဒါပေမဲ့ သူများဘာသာကို မပုတ်ခတ်၊ မစော်ကားတဲ့ အသင်းအဖွဲ့ ဖြစ်ဖို့လိုတယ်”လို့ အရှင်တေဇနန္ဒက ထောက်ပြပါတယ်။

    ဒါ့အပြင် မဘသရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ်မှာလည်း ဒယ်အိုးလေးဆရာတော်က သံသယရှိနေပါတယ်။

    ”ဗုဒ္ဓဘာသာအတွင်းမှာရှိနေတဲ့ ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်ရဟန်းအချင်းချင်းတောင် ယုံကြည်အောင် စည်းရုံးသိမ်း သွင်း နိုင်ခြင်းမရှိတဲ့ ဒီအဖွဲ့အစည်းသည် ဘယ်လိုလုပ် သာသနာ ကို စောင့်ရှောက်နိုင်မှာလဲ”လို့ ဆရာတော်က မိန့်ပါတယ်။

    ”ဦးဇင်းတို့ ယုံကြည်လာအောင်၊ ဒီအဖွဲ့အစည်းကို ဦးဇင်းတို့ အားကိုးလာအောင် သူတို့အနေနဲ့ စည်းရုံးသိမ်းသွင်းဖို့ မလုပ် သင့်ဘူးလား”လို့လည်း အရှင်တေဇနန္ဒက မေးခွန်းထုတ်ပါတယ်။

    သူ့အတွက်ကတော့ လောလောဆယ်မှာ မဘသအဖွဲ့ဟာ အားကိုးစရာမဟုတ်တဲ့အပြင် အနှောင့်အယှက်တောင် အပေးခံ နေရတယ်လို့ အရှင်တေဇနန္ဒက မိန့်ပါတယ်။

    မဘသရဲ့ လုပ်ငန်းစဉ်တချို့ကို ဝေဖန်မိတဲ့အတွက် သူ့မှာ အပုတ်ခတ်ခံနေရ၊ အဆဲအဆိုခံနေရတယ်လို့ အရှင်တေဇနန္ဒက မိန့်ပါတယ်။

    ”မဘသရဲ့ အထက်ပိုင်း ဦးဆောင်ဆရာတော်တွေ မသိ ဘူး၊ ဒီဖြစ်စဉ်တွေကို။ အောက်ခြေမှာရှိနေတဲ့ မြို့နယ်၊ ရပ်/ကျေး အဲဒီက အဖွဲ့တွေက လိုက်နှောင့်ယှက်တယ်။ ကြည့်မြင်တိုင် သရက်တော ၄ လမ်း တရားပွဲဆိုရင် ဦးဇင်းကို တရားပွဲကြိုပင့်ထား တာ တစ်နှစ်လောက်ရှိတယ်။ တရားပွဲနားလည်းနီးရော ဒီမဘသ က ကိုယ်တော်တွေက ဦးဇင်း အဲဒီတရားပွဲကို တက်ရင် မပျက် ပျက်အောင်ဖျက်မယ်တဲ့။ ဒီလိုမျိုးဖြစ်စဉ်တွေရှိတယ်”လို့ ဒယ် အိုးလေးဆရာတော်က မိန့်ပါတယ်။

    နောက်တစ်ခါ မ္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် အာယုပါလက ပရဟိတအသင်းက ကြီးမှူးပြီးလုပ်တဲ့ ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့် တရားပွဲမှာ မြို့နယ်သံဃာ့နာယက၊ အာဏာပိုင် အဖွဲ့ အစည်းတွေက သူ့ကိုခွင့်ပြုပေမယ့် မဘသအဖွဲ့ဝင်တွေက ကန့် ကွက်ခဲ့ကြတယ်လို့ဆိုပါတယ်။

    ”၉၆၉ – မဘသတွေကနေပြီးတော့ ဦးဇင်းကို တရားပွဲလာ ပိတ်တယ်။ တကယ်လို့ ဦးဇင်းက ပလ္လင်ပေါ်ကနေ သံဃာသင်း ကွဲအောင် ဟောပြောလို့ရှိရင် ဒီပွဲကို ပျက်စီးအောင် ဖျက်ဆီးမယ် ဆိုတာတွေ ဖြစ်ခဲ့တယ်။ ဒါတွေက ဦးဇင်းဆီမှာ သက်သေ သာဓက အားလုံးရှိတယ်”လို့ အရှင်တေဇနန္ဒက မိန့်ပါတယ်။

    ”ဒါကြောင့် ဦးဇင်းက တရားဝင်စိန်ခေါ်တာ။ မဘသ၊ ၉၆၉ တွေအကုန်လုံးကို စိန်ခေါ်တယ်လို့ ပြောတာ။ ဘာလို့ မဘသ လုပ်တယ်လို့ ပြောလို့ရလည်းဆိုရင် တရားပွဲဖြစ်မြောက်ရေးကော် မတီတွေကိုယ်တိုင်က ဦးဇင်းကိုပြောတာ”

    ရွှေညဝါဆရာတော်လည်း ဘိုကလေးကို သွားဟောမယ့် တရားပွဲတစ်ပွဲ အပိတ်ခံခဲ့ရဖူးတယ်လို့ဆိုပါတယ်။

    ”ငါ့ကို လက်မခံပါဘူး၊ တရားဟောခွင့်မပေးဘူး(ဆိုပြီး) သူတို့စာတွေထုတ်ပြန်တယ်။ မဘသနဲ့ သံဃာ့မဟာနာယကက ထုတ်ပြန်တာ”လို့ ရွှေညဝါဆရာတော်က မိန့်ပါတယ်။

    ပုံမှန်အနေအထားဆိုရင် ဇွတ်တိုးမှာဖြစ်ပေမယ့် ‘ခွင်’ဆင် ထားတယ်ထင်တာနဲ့ ဘိုကလေးကို မသွားဖြစ်တော့ဘူးလို့ ရွှေည ဝါက မိန့်ပါတယ်။

    ”ဇွတ်တိုးရင် တစ်နေ့သုံးထောင်(ကျပ်)နဲ့ ဒံပေါက်တစ် ထုပ် ကျွေးပြီး လုပ်လို့ရတဲ့ အကောင်တွေ ငါ့ကို လုပ်ကြံမယ်။ငါ နိုင်လည်း မကောင်းဘူး။ သူတို့နိုင်လည်းမကောင်းဘူး။ ဘယ်သူ ပဲနိုင်နိုင် မကောင်းဘူး”

    ဦးဝီရသူကတော့ မဘသမှာ တရားပွဲတွေ၊ ဟောပြောပွဲတွေ လိုက်ပိတ်တဲ့ မူမရှိဘူးလို့ ဆိုပါတယ်။

    ”တရားပွဲပဲဖြစ်ဖြစ်၊ ဟောပြောပွဲပဲဖြစ်ဖြစ် မပိတ်ပင် ကောင်းဘူး။ သူများလုပ်တဲ့ ကုသိုလ် နှောင့်ယှက်ရာရောက်တယ်။ ဦးဇင်းတို့မဘသမှာလည်း အဲဒီလိုမူမရှိပါဘူး”လို့ ဦးဝီရသူက မိန့် ပါတယ်။

    သူကိုယ်တိုင်လည်း တရားပွဲအပိတ်ခံခဲ့ရတယ်လို့ ဦးဝီရသူ က ဆိုပါတယ်။

    ”၂ဝ၁၃ က စမ်းချောင်းက တရားပွဲမှာ ဦးဇင်းတစ်ပါး တည်းကို ချန်ခဲ့တယ်။ အခုလည်း မရမ်းကုန်း ၂ ရပ်ကွက် တရားပွဲ မှာ ဦးဇင်းတစ်ပါးတည်းကို ကွက်ချန်ခိုင်းတယ်။ ဒါတွေက ဒေသ အာဏာပိုင်ရယ်၊ မြို့နယ်သံဃာ့မဟာနာယကရယ် ဒါတွေနဲ့ပဲ ဆိုင်တယ်။ မဘသနဲ့မဆိုင်ဘူး”လို့ ဦးဝီရသူက မိန့်ပါတယ်။

    ဒယ်အိုးလေးဆရာတော်နဲ့ ရွှေညဝါဆရာတော်တို့က သူတို့ ရဲ့တရားပွဲ မဖြစ်မြောက်အောင် အနှောင့်အယှက်ခံခဲ့ရတယ်လို့ ပြောဆိုနေတဲ့အချိန်မှာ စာရေးဆရာထင်လင်းဦးကတော့ သံဃာ အချို့ကို ပြင်းပြင်းထန်ထန်ဝေဖန်မိတဲ့အတွက် ဘာသာ သာ သနာညှိုးနွမ်းစေမှုနဲ့ တရားစွဲခံထားရပါတယ်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အောက်တိုဘာ ၂၃ ရက်မှာ ကျင်းပခဲ့ တဲ့ စာပေဟောပြောပွဲမှာ ဟောပြောခဲ့တဲ့ စာရေးဆရာထင်လင်း ဦးရဲ့ အပြောအဟောတွေဟာ ဗုဒ္ဓဘာသာကို စော်ကားရာကျ တယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

    သူ့ဟောပြောချက်တချို့ကြောင့် သံဃာတော်တွေရဲ့ စိတ် နှလုံးမချမ်းမြေ့ဘူးဆိုတာ သိရတဲ့အတွက် လူအများရှေ့မှာ ရဟန်းသံဃာတွေကို တောင်းပန်ခဲ့ပေမယ့် ချောင်းဦးမြို့နယ်သာသနာရေးဦးစီးဌာနက ခွင့်မလွှတ်ခဲ့ပါဘူး။ တရားစွဲဆိုခဲ့ပါတယ်။

    မဘသအဖွဲ့ကတော့ စာရေးဆရာထင်လင်းဦးကို တရားစွဲ ဆိုထားတာဟာ သူတို့အဖွဲ့က တရားစွဲတာမဟုတ်ဘူးလို့ ဆိုပါ တယ်။ ဒါပေမဲ့ စာရေးဆရာထင်လင်းဦးကို တရားစွဲဖို့အတွက် မဘသအဖွဲ့က ဖိအားပေးခဲ့တယ်ဆိုတဲ့ သတင်းတွေကိုတော့ သတင်းမီဒီယာတွေမှာ တွေ့ မြင်ခဲ့ရပါတယ်။

    မဘသရဲ့မူဝါဒထဲမှာ တရားပွဲတွေ၊ စာပေဟောပြောပွဲတွေ ပိတ်ဖို့ မူဝါဒမရှိပေမယ့် မဘသကို တိုက်ခိုက်ပုတ်ခတ်စော်ကား လာမယ့် စာပေဟောပြောပွဲမျိုး မလုပ်ပါဘူးလို့တော့ ပွဲစီစဉ်တဲ့ သူနဲ့ ဟောပြောမယ့်သူတွေက နယ်မှာရှိတဲ့ မဘသတွေဆီမှာ လက်မှတ်ထိုးရတယ်လို့ ဦးပါမောက္ခက ရှင်းပြပါတယ်။

    အကြောင်းကတော့ အမျိုးဘာသာသာသနာနဲ့ ၉၆၉ ကို စော်ကားဟောပြောလာရင် ပြဿနာတစ်စုံတစ်ရာမဖြစ်အောင် ကြိုတင်တားဆီးတဲ့သဘောလို့ ဆရာတော်က ရှင်းပြပါတယ်။

    ”မဘသတို့၊ ၉၆၉ တို့ကို ထိခိုက်ပုတ်ခတ်လို့ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို ဟောပြောသူနဲ့ ဟောပြောပွဲဖြစ်မြောက်ရေး တာဝန်သာ ဖြစ်တယ်။ မဘသနဲ့မသက်ဆိုင်ဘူး”လို့လည်း ဆရာ တော်က မိန့်ပါတယ်။

    စာရေးဆရာထင်လင်းဦးဖြစ်ရပ်နောက်ပိုင်းမှာ မဘသ ဟာ အဝေဖန်ခံနိုင်တဲ့အဖွဲ့မျိုး မဟုတ်ဘူးလို့ ပြောဆိုမှုတွေလည်း ရှိလာပါတယ်။

    ဝေဖန်မခံနိုင်တာတွေနဲ့ပတ်သက်ပြီး ရွှေညဝါဆရာတော် က ”အခုက ဆတ်ဆတ်ထိမခံ၊ ကြက်ခေါင်းဆိတ်မခံ”လို့ မှတ် ချက်ပြုပါတယ်။

    ”အဲဒါတွေကို လူတွေက မလုပ်ဖို့ ဘုန်းကြီးတွေက ဆုံးမ ရမှာ။ အခုက ဘုန်းကြီးတွေ ကိုယ်တိုင်က အဲဒီလိုဖြစ်နေတယ်”

    မဘသအဖွဲ့ကို ဝေဖန်ပြောဆိုနေခြင်းနဲ့ ပတ်သက်လို့ ဦးဝီရ သူက နိုင်ငံရေးလောကနဲ့ စာနယ်ဇင်းလောကဟာ ဝေဖန်တာနဲ့ ပြစ်မှားစော်ကားတာကို မသဲကွဲသေးဘူးလို့ဆိုပါတယ်။ မဘသ ကို ဝေဖန်ကြသူတွေဟာ ဝေဖန်တဲ့အဆင့်ကို ကျော်လွန်ကာ ပြစ် မှား၊ စော်ကားတဲ့အထိ ဖြစ်နေတယ်လို့ သူကဆိုပါတယ်။
    IMG_8359-643x400
    ပဋိပက္ခတွေနဲ့ ၉၆၉ ဆက်စပ်မှုရှိလား

    မဘသကို အခုလိုထောက်ပြစရာဖြစ်နေတာဟာ မဘသ အဖွဲ့ ဦးဆောင်ဆရာတော်တွေနဲ့ မသက်ဆိုင်ဘဲ တခြားသော မျိုး ချစ်အဖွဲ့တွေက မဘသအဖွဲ့အမည်ခံကာ တစ်သီးပုဂ္ဂလ ရေးသား၊ ပြောဆိုနေခြင်းတွေကြောင့် ဝေဖန်ချင်သူတွေ အတွက် ထောက် ပြစရာတွေ ဖြစ်နေတယ်လို့ မဘသ(အထက်မြန်မာပြည်) ဦး ဆောင်ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။

    တစ်ခါတစ်ရံမှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ ဦးဇင်းတစ် ပါးစသဖြင့် ပြောဟောသွားတာဖြစ်စေ၊ လူမှုကွန်ရက်စာမျက်နှာ မှာ ရေးသားထားတာဖြစ်စေ တချို့က မဘသအဖွဲ့လို့သာ ထင် မြင်ကြတယ်လို့ ဆရာတော်က မိန့်ပါတယ်။

    ”ဦးဇင်းရဲ့ ဖေ့စ်ဘွတ်ခ်မှာတက်နေတာက မဘသနဲ့ မဆိုင် ပါဘူး။ ဦးဇင်းတစ်သီးပုဂ္ဂလပါ။ ဝီရသူသဘောထားပါပဲ။ မဘသ ကလည်း မတားမြစ်ထားဘူး။ အဖွဲ့အစည်းအမည်မသုံးရင် ကြိုက် သလိုလုပ်ခွင့်ရှိတယ်”လို့ ဆရာတော်ဦးဝီရသူက ဆက်လက် မိန့်ပါတယ်။

    မဘသအဖွဲ့ပေါ်လာတာ မကြာသေးတာကြောင့် စည်း ကမ်းပိုင်းဆိုင်ရာမှာ သေသပ်မှုမရှိသေးဘူးလို့လည်း ဆရာတော် က မိန့်ကြားပါတယ်။

    ယခုနှစ် မတ်လ အတွင်း Justice Trust အဖွဲ့မှ ထုတ်ပြန်ခဲ့ တဲ့ အစီရင်ခံစာမှာ ၉၆၉ ခေါင်းဆောင် ဦးဝီရသူဟာ ရခိုင်၊ မိတ္ထီလာ၊ လားရှိုးနဲ့ မန္တလေးတို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ မှာ မွတ်ဆလင်မုန်းတီးရေးတရားတွေ ဟောပြီးဖြစ်စေ၊ လူမှုမီဒီ ယာမှာ လှုံ့ဆော်မှုတွေပြုလုပ်ပြီး ဖြစ်စေ တိုက်ရိုက်ပါဝင်ပတ် သက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ”သူရဲ့ ဟောပြောချက်တွေနဲ့ ရာဇဝတ်ကြောင်း အကြမ်း ဖက်မှုဖြစ်ရပ်တွေ ဆက်စပ်နေမှုဟာ လှုံ့ဆော်မှုအတွက် အဓိက သက်သေအကြောင်းရင်းဖြစ်တယ်”လို့ အစီရင်ခံစာက ဆက် လက်ဖော်ပြထားပါတယ်။

    မဘသဗဟိုအလုပ်အမှုဆောင် သုသတေသနနှင့် သမိုင်း မှတ်တမ်းဌာနအဖွဲ့ဝင် ဦးအောင်မြိုင်ကလည်း ၉၆၉ အဖွဲ့ဟာ အကြမ်းဖက်မှုတွေ ဖြစ်အောင်လုပ်ဆောင်နေတယ်ဆိုတဲ့ ပြော ဆိုချက်တွေကို လုံးဝလက်မခံပါဘူးတဲ့။

    ”၉၆၉ ဟောပြောချက်တွေကြောင့် အဓိကရုဏ်းတွေ ဖြစ် လာတယ်ဆိုတဲ့သတင်းက အမှားကြီးဗျ။ ဟောပြောပြီးမှ ပဋိပက္ခ ဖြစ်လာတာမဟုတ်ဘူး။ အဲဒီစကားကို ကျွန်တော်တို့ ပြတ်ပြတ် သားသားငြင်းဆိုပါတယ်”လို့ ဦးအောင်မြိုင်က ဆိုပါတယ်။

    မဘသဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဒေါက်တာ အရှင်သောပါကကလည်း ၉၆၉ တွေ သွားဟောတဲ့အထဲမှာ ဘာ သာခြားတွေကို ထိခိုက်ဖို့၊ ဘာသာခြားတွေကို သတ်ဖြတ်အနိုင် ကျင့်ဖို့ ဟောပြောမှုဆိုတာ တစ်ခုမှ မရှိခဲ့ဘူးလို့ တုံ့ပြန်ပါတယ်။

    ”ရှိခဲ့လို့ရှိရင် ကြိုက်သလိုလာပြီးတော့ ဆွေးနွေးလို့ရတယ်။ ၉၆၉ ရဲ့ဟောပြောမှုက အကြမ်းဖက်တယ် ဟောတယ်ဆို ဘယ် စကားက ဟောလဲ၊ ဘယ်သူ့ကိုတိုက်ခိုက်အောင်ဟောလဲ”လို့ ဆရာတော်က မေးခွန်းထုတ်ပါတယ်။

    ၂ဝ၁၂၊ ဇွန်က ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနောက်ပိုင်းမှာ ၉၆၉ ကွန်ရက်လှုပ် ရှားမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ၉၆၉ ရဲ့ အဓိပ္ပာယ်က ဘုရား ဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါးနဲ့ သံဃာ ဂုဏ် တော် ကိုးပါးကို ရည်ညွှန်း ထားတာဖြစ်ပါတယ်။ လှုပ်ရှားတဲ့ ရည် ရွယ်ချက်ကတော့ ဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက် ကြရေးဖြစ်ပါတယ်။ အဲဒီထဲမှာ ဗုဒ္ဓဘာသာတွေ ညီညွတ်ကြဖို့၊ စီးပွားရေးလုပ်ငန်းတွေမှာလည်း ကိုယ့်ဘာသာဝင်အချင်းချင်း အားပေးကြဖို့ တိုက်တွန်းတာတွေ ပါပါတယ်။

    ဒါပေမဲ့   ကမ္ဘာ့မီဒီယာစာမျက်နှာမှာတော့ ၉၆၉ လှုပ်ရှားမှု တွေဟာ အကြမ်းဖက်မှုတွေဖြစ်ပေါ်အောင် လှုံ့ဆော်တဲ့အဖွဲ့ အစည်းအဖြစ် ရေးသားကြတာတွေရှိခဲ့ပါတယ်။ အဓိက ထောက် ပြကြတာကတော့ မိမိဘာသာကို ကာကွယ်ထိန်းသိမ်းဖို့ လှုံ့ဆော် ရင်းနဲ့ အခြားဘာသာဝင်တွေကို ခြိမ်းခြောက်တဲ့အပြောအဟော တွေ ပါလာတယ်လို့ ဆိုကြပါတယ်။

    နောက်ပိုင်းမှာတော့ ၉၆၉ လှုပ်ရှားမှုဟာ အမှတ်တံဆိပ် တစ်ခုအဖြစ်နဲ့သာကျန်ခဲ့ပြီး ၉၆၉ သံဃာတော်တွေလည်း မဘသ အဖွဲ့ထဲသို့ ရောက်လာခဲ့ကြပါတယ်လို့ ဦးဝီရသူက ရှင်းပြပါတယ်။

    မဘသမှ သံဃာအချို့ မိမိဘာသာကို ကာကွယ်ထိန်းသိမ်းရေး  လိုက်လံဟောပြောစည်းရုံးတဲ့နေရာမှာ အခြားဘာသာတွေကို ဆိုးဆိုးရွားရွား ပုတ်ခတ်ပြောဆိုတာတွေအပေါ်မှာလည်း ဝေဖန် ကြတာတွေရှိပါတယ်။

    ဦးဝီရသူဆိုရင် သူ့ရဲ့တရားပွဲအချို့မှာ အစ္စလာမ်ဘာသာဝင် တွေကို ရင့်သီးကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ သုံးနှုန်းကာ ပုတ်ခတ် ပြောဟောနေတာတွေ ရှိခဲ့ပါတယ်။

    တခြားသော ဘာသာခြားတွေကို ဝေဖန်ပုတ်ခတ်ခြင်း မပြုဘဲ ပြောဟောစည်းရုံးလို့ မရဘူးလားဆိုတဲ့ မော်ကွန်းမဂ္ဂဇင်း ရဲ့ မေးခွန်းကို ဦးဝီရသူက ”အဲဒါဆို ဂျပန်တော်လှန်ရေးကားတွေ၊ အင်္ဂလိပ်တော်လှန်ရေးကားတွေ မရိုက်နဲ့။ ကမ္ဘာမကြေသီချင်း မဆိုနဲ့။ သူများတွေ စော်ကားတာကို ပြောပြမှ မျိုးချစ်စိတ်ဆိုတာ ပေါ်မှာလေ။ အမှန်တရားကို မြတ်နိုးမှာလေ”လို့ တုံ့ပြန်ပါတယ်။

    နိဗ္ဗာန်ရောက်ကြောင်းတရားဆိုတာ နူးညံ့သိမ်မွေ့စွာ တစ်ခွန်းချင်းဟောရတာဖြစ်ပြီး မိမိဟောကြားနေသည်မှာ နိဗ္ဗာန် ရောက်ကြောင်း တရားဟောနေတာမဟုတ်ဘဲ ဇာတိသွေး၊ ဇာတိ မာန်တွေ ကိန်းအောင်းလာအောင် ဆွပေးရ၊ နှိုးပေးရတာကြောင့် အခုလို နည်းဗျူဟာတွေကို အသုံးပြုနေရတာလို့ ဦးဝီရသူက မိန့်ပါတယ်။

    ”ဦးဇင်းတို့က သူတို့ကို စော်ကားနေတာ၊ တိုက်ခိုက်နေတာ မဟုတ်ဘူး။ ဦးဇင်းတို့က စော်ကားခံနေရတာကို ချပြတာ။ စော်ကားတဲ့သူက ကိုယ်ထိလက်ရောက်စော်ကားတာကို ဦးဇင်းတို့က နာမည်လေးတောင် မတပ်ရဘူးလား။ ဒီဘက်ကလည်း ထည့် တွက်ကြဦး”လို့လည်း ဦးဝီရသူက မိန့်ပါတယ်။

    ဦးဝီရသူသုံးနှုန်းတဲ့ အသုံးအနှုန်းတွေထဲမှာ တစ်ကမ္ဘာလုံး က ရှုံ့ချရတဲ့အထိ ဖြစ်သွားတဲ့ အသုံးအနှုန်းကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးသံတမန် မစ္စရန်ဟီလီကို ‘ပြည့်တန်ဆာမ’နဲ့ နှိုင်း ပြီး ပြောဆိုခဲ့တဲ့ကိစ္စပါပဲ။

    ဘင်္ဂါလီတွေကို ရိုဟင်ဂျာအဖြစ် သတ်မှတ်ပေးဖို့ တောင်း ဆိုနေတာကို လက်မခံနိုင်တဲ့အကြောင်း ကမ္ဘာကသိအောင် အခု လို ပြောဆိုခဲ့ရတာပါလို့ ဦးဝီရသူက ဆိုတဲ့တိုင်အောင် ဒီအသုံး အနှုန်းကြောင့် ကမ္ဘာ့အမြင်မှာ ဗုဒ္ဓဘာသာရဲ့ဂုဏ်သိက္ခာကို ထိ ခိုက်စေတယ်လို့ ဆရာတော်တွေက ဝေဖန်ခဲ့ကြပါတယ်။

    အစိုးရလက်ကိုင်တုတ်လား

    မဘသအနေနဲ့ အမျိုး ဘာသာ သာသနာ ကာကွယ်ထိန်း သိမ်းနေတယ်ဆိုပေမယ့် အစိုးရပိုင်းနဲ့ ပတ်သက်နေတဲ့ ကိစ္စရပ် တွေအပေါ်မှာတော့ လက်ရှောင်နေတတ်ပြီး အစိုးရမကြိုက်တာ တွေကို မလုပ်ဘူးလို့ သံဃာတော်တချို့နဲ့ လူပုဂ္ဂိုလ်တချို့က ဝေ ဖန်ထောက်ပြတာတွေ ရှိပါတယ်။

    ဝေဖန်သူတွေ ထောက်ပြတဲ့ အကြောင်းအရာတွေထဲမှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရှိ လယ်တီသိမ်တော်ကြီး ပြောင်းရွှေ့ခံရတဲ့ ဖြစ်စဉ်၊ ယင်းစီမံကိန်းလုပ်ငန်းခွင်အနီး သေ နတ်နဲ့ ပစ်ခံခဲ့ရတဲ့ ဒေါ်ခင်ဝင်းဖြစ်စဉ်တွေမှာ မဘသအဖွဲ့ဟာ ထိထိရောက်ရောက်ဘာမှ ဝေဖန်ကန့်ကွက်တာမျိုးမလုပ်ခဲ့ဘူးလို့ ထောက်ပြကြပါတယ်။

    အလားတူ ရန်ကုန်မြို့ရှိ သန္တိသုခကျောင်းတိုက် ဝင်ရောက် စီးနင်းခံရမှု၊ သံဃာတော်တွေကို သင်္ကန်းအတင်းချွတ်ကာ တရားစွဲဆိုခံရမှု ဖြစ်စဉ်တွေမှာ မဘသအဖွဲ့က ပါဝင်ခဲ့ခြင်း မတွေ့ ခဲ့ပါဘူး။

    ”ဘာသာခြားက ကိုယ့်ဘာသာကိုလာစော်ကားမှ အမျိုး စောင့်မှာလား၊ ဘာသာအချင်းချင်းက အာဏာ၊ လုပ်ပိုင်ခွင့်၊ ရာ ထူးတွေနဲ့ မတရားအနိုင်ကျင့်တာကိုရော ထိန်းသိမ်းစောင့်ရှောက် ဖို့ မသင့်ဘူးလား”လို့ ဒယ်အိုးလေးဆရာတော် အရှင်တေဇနန္ဒ က မေးခွန်းထုတ်ပါတယ်။

    အရှင်ဝီရသူကတော့ အထက်ပါ ဝေဖန်ထောက်ပြချက် တွေကို အခုလို ပြန်လည်တုံ့ပြန်ပါတယ်။

    ”လယ်တီသိမ်တော် ဖျက်တာက မဟနရဲ့ ခွင့်ပြုချက်နဲ့ ဖျက်တာဖြစ်ပြီး ဖျက်ဆီးတာမဟုတ်ဘဲ နေရာရွှေ့ပြောင်းဖို့ ဖျက် တာဖြစ်တဲ့အတွက် တရားနည်းလမ်းကျတယ်”လို့ မိန့်ကြားပါတယ်။

    လက်ပံတောင်းတောင်အရေးမှာ သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်း နဲ့ ပတ် သက်လို့လည်း ဦးဝီရသူက ”အစိုးရနဲ့ ပြည်သူက ဗုဒ္ဓဘာ သာအချင်းချင်းဖြစ်တာ။ (မဘသက ဝင်ပြီး)မပါဘူး။ လူမှုရေး အရတော့ ဗဟိုမဘသကလည်း ဒေါ်ခင်ဝင်းကို သွားလှူသလို မန္တလေးမဘသကလည်း ဒေါ်ခင်ဝင်းရော ဒဏ်ရာရ ရဲတွေကိုရော သွားလှူတယ်”လို့ မိန့်ဆိုပါတယ်။

    ယင်းသို့ အစိုးရနဲ့ ထိပ်တိုက်တွေ့ရမယ့် ဖြစ်စဉ်တွေအပေါ် မှာ ဝေဖန်ထောက်ပြ၊ ကန့်ကွက်ပြောဆိုတာမျိုး မလုပ်တဲ့အတွက် မဘသအဖွဲ့ဟာ အစိုးရရဲ့ လက်ကိုင်တုတ်များဖြစ်လေမလားဆို တဲ့ အယူအဆမျိုးတွေနဲ့ ဝေဖန်ပြောဆိုကြတာတွေ ရှိပါတယ်။

    ”နိုင်ငံရေးအဖွဲ့အစည်းမဟုတ်တဲ့အတွက်ကြောင့် နိုင်ငံ ရေးမှာ၊ အစိုးရနဲ့ ဆန့်ကျင်တာတွေမှာ မပါဝင်ဖို့ (မဟန က) မေတ္တာရပ်ခံထားတယ်။ သံဃာ့မဟာနာယကကလည်း သူတို့ လုပ်ငန်းစဉ်မှာ ဝင်မပါဖို့ စည်းကမ်းသတ်မှတ်ပေးထားတယ်။ ဦးဇင်းတို့ က အမျိုး ဘာသာ သာသနာကာကွယ်ဖို့ အတွက်ပဲ လုပ်ပိုင်ခွင့်ရှိတယ်”လို့ ဆရာတော် ဦးဝီရသူက မိန့်ဆိုပါတယ်။

    မဘသ (ရန်ကုန်တိုင်းဒေသကြီး)ဦးဆောင်ဆရာတော် ဦးပါမောက္ခကတော့ နိုင်ငံတော်သံဃာ့မဟာနာယကရဲ့ လုပ်ငန်း စဉ် သုံးရပ်ဖြစ်တဲ့ သာသနာသန့်ရှင်းရေး၊ သာသနာတည်တံ့ရေး၊ သာသနာပြန့်ပွားရေးမှာ နောက်က လုပ်ငန်းစဉ်နှစ်ခုဖြစ်တဲ့ တည်တံ့ရေးနဲ့ ပြန့်ပွားရေးတို့ကို ကူညီလုပ်ဆောင်ပေးတယ်လို့ ဆိုပါတယ်။

    ”ဘုန်းကြီးတို့က သန့်ရှင်းရေးဘက်မှာ ဝင်ပြီးတော့ မလုပ်ပါဘူး။ သန့်ရှင်းရေးဘက်မှာ ဓမ္မစက်နဲ့လုပ်လို့မရရင် အာဏာ စက်နဲ့ လုပ်ရတဲ့အတွက် နောက်က အာဏာပိုင်အဖွဲ့အစည်း လို အပ်ပါတယ်”လို့ ဆရာတော်က ရှင်းပြပါတယ်။

    တခြားတစ်ဖက်ကလည်း မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာ သာရေး ပဋိပက္ခတွေဖြစ်ပွားနေတဲ့ အခြေအနေတစ်ခုမှာ  မဘသ အဖွဲ့မှ အချို့သံဃာတော်တွေက တခြားသောဘာသာဝင်တွေ အပေါ် အမုန်းပွားနိုင်စရာစကားတွေ ပြောဆိုနေပေမယ့် အစိုးရ က လျစ်လျူရှုထားသလိုဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေက လည်း ရှိနေပါတယ်။

    ဒါကြောင့်လည်း မဘသဟာ အစိုးရရဲ့ဘက်မှာရှိတဲ့ အစိုးရ ရဲ့ လူတွေလားလို့တောင် ဝေဖန်ခံရတာတွေရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ မဘသအဖွဲ့ကိုယ်တိုင်ကလည်း မဘသအဖွဲ့ဟာ မည်သည့်နိုင်ငံရေးပါတီ၊ မည်သည့် နိုင်ငံရေးအသင်းအဖွဲ့နဲ့မျှ ဆက်စပ်ပတ်သက်မှုမရှိဘူးလို့ ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ ဦးဝီရသူက မိန့်ပါတယ်။

    ”ဒီအဖွဲ့အစည်းဖွဲ့ဖို့အတွက် အစိုးရ အကြံဥာဏ်ပေးတာ လည်း မဟုတ်ဘူး။ အကူအညီလည်း မယူဘူး။ ဆက်စပ်မှုလည်း မရှိဘူး”လို့ ဆရာတော် ဦးဝီရသူက မိန့်ကြားပါတယ်။

    မဘသအနေနဲ့ အမျိုး ဘာာသာ သာသနာနဲ့ ပတ်သက်ရင် အစိုးရက လုပ်ဆောင်နေတဲ့တိုင် မကြိုက်ပါကလည်း ကန့်ကွက် ခဲ့တာတွေ များစွာရှိတယ်လို့ မဘသ ဦးဆောင်ဆရာတော်တွေက တုံ့ပြန်ပါတယ်။

    အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအတွက် ဖွဲ့ စည်းခဲ့တဲ့ မဘသဟာ ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတ ခန့်အပ်ခြင်းဆိုင်ရာ သတ်မှတ်ချက်ဖြစ်တဲ့ ၅၉(စ)ကို ပြင်ဆင်လို တဲ့ တောင်းဆိုမှုတွေကို ကန့်ကွက်ခဲ့ရာက နိုင်ငံရေးပါတီကြီးတစ် ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(ပြည်ခိုင်ဖြိုး) ပါတီနဲ့ နီးစပ်သူတွေဖြစ်တယ်လို့ ဝေဖန်စွပ်စွဲခံခဲ့ရပါသေးတယ်။

    တစ်ဖက်မှာလည်း ၅၉(စ)ကို ပြင်ဆင်လိုတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်NLD နဲ့လည်း ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ် ခဲ့ပါတယ်။

    တချို့သော နိုင်ငံရေးလေ့လာသူတို့က မဘသအဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လာမယ့် ၂ဝ၁၅ ရွေးကောက် ပွဲမှာ လူကြိုက်နည်းအောင် တမင်လုပ်တဲ့ အဖွဲ့သာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် လက်ရှိ အစိုးရရဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေကို ဖန်တီးပေးဖို့အတွက် ဖွဲ့စည်း ထားတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ်တောင် ရှုမြင်ကြပါတယ်။

    မဘသဦးဆောင်ဆရာတော်တွေ တုံ့ပြန်တာကတော့ သူ တို့အနေနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ထောက်ခံသလို ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကိုလည်း ထောက်ခံတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးအတွက်တော့ စိုးရိမ်မှုရှိတယ်လို့ ဆို ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကြောင့် ၅၉(စ)ကို ပြင်မယ်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းကို ခြွင်းချက်အနေနဲ့ ခွင့်ပြုပြီး ကျန်တဲ့သူတွေ မပါဝင်စေရလို့ဆိုတဲ့ ကြေညာချက်ကို မဘသက ထုတ်ပြန်ခဲ့တယ်လို့ ဆရာတော်ဦးဝီရသူက မိန့်ပါတယ်။

    အခြားတစ်ဖက်မှာလည်း အစိုးရက တချို့အခြေအနေတွေ မှာ ပြည်သူကို အာရုံလွှဲဖို့ မဘသကို ‘ဖမ်းစား’တဲ့ လုပ်ရပ်တွေရှိ နေတယ်လို့လည်း ဝေဖန်မှုတွေရှိနေပါတယ်။

    အထူးသဖြင့် ပညာရေးဥပဒေပြင်ဆင်ရေးအတွက် ကျောင်းသားတွေ ဆန္ဒပြတောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတဲ့ တစ်ချိန်တည်းမှာပဲ အစိုးရက ယာယီနိုင်ငံသားမှတ် ပုံတင်ကိုင်ဆောင်ထားသူတွေအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိတယ်လို့ ရုတ်တရက် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

    ဒီလိုဖြစ်လာတာဟာ ပညာရေးဥပဒေပြင်ဆင်ရေးအတွက် ကျောင်းသားတွေ ဆန္ဒပြတောင်းဆိုမှုတွေအပေါ်မှာ အာရုံ ပြောင်း၊ အရှိန်လျော့အောင် အစိုးရက တမင်လုပ်တာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

    ဒီလိုထုတ်ပြန်လိုက်တဲ့အချိန်မှာ မဘသအဖွဲ့ဟာ ကန့်ကွက် ကြေညာချက်တွေ ထုတ်ပြန်ခဲ့သလို ဝှိုက်ကတ်ကိစ္စနဲ့ပတ်သက်ပြီး အစိုးရဘက်မှ တာဝန်ရှိတဲ့သူတွေကို မဘသ(ဗဟို)ကို ခေါ်ပြီး တော့ ဆွေးနွေးခဲ့တယ်လို့ မဘသ ဦးဆောင်ဆရာတော်တွေက မိန့်ပါတယ်။

    မဘသ ဘာဆက်လုပ်မလဲ

    ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဦးဝီရသူမှာ အဖြေရှိနှင့်နေပါတယ်။

    အမျိုးစောင့်ဥပဒေလေးရပ်စလုံး ပြဋ္ဌာန်းပြီးရင်တော့ ”ထိုင်ပြီးတော့ ထောင်ချနေရုံပဲ။ ဘာတရားဟောစရာလိုသေး လို့တုံး။ ဒီဥပဒေမရှိလို့ ကုလားမယူနဲ့ ဟောနေရတာလေ”လို့ ဦးဝီရသူက ပြုံးပြုံးကြီးနဲ့ မိန့်ပါတယ်။

    တစ်ဖက်မှာလည်း ယဉ်ကျေးလိမ္မာသင်တန်းတွေကို မြှင့် တင်သွားမယ်လို့ ဦးဝီရသူက မိန့်ပါတယ်။

    မဘသအဖွဲ့ကို ဝေဖန်ထောက်ပြသူတွေကတော့ မဘသ အဖွဲ့ဟာ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ သူတို့ထောက်ခံတဲ့ ပါတီအတွက် စည်းရုံးပေးတာမျိုး လုပ်ပေးလေမလား၊ သို့မဟုတ် နိုင်ငံရေးပြောင်းလဲမှုတွေကို နောက်ပြန်ဆွဲချင်သူတွေက မဘသ အဖွဲ့ကို ခုတုံးလုပ်ပြီး ပဋိပက္ခတွေဖန်တီးလေမလားဆိုတဲ့ သံသယစိတ်တွေက ရှိနေကြပါတယ်။

    မဘသဦးဆောင်ဆရာတော်ဖြစ်တဲ့ ဒေါက်တာအရှင် သောပါကကသူတို့အဖွဲ့အနေနဲ့ နိုင်ငံရေးလုပ်သွားမှာ မဟုတ် ပေမယ့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကိုတော့ ဆက် လက်စောင့်ကြည့်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။

    ပါတီနိုင်ငံရေးလုပ်သူတွေအနေနဲ့ ”သူ့ပါတီနိုင်ငံရေး သူ့ ဘာသာလုပ်။ တိုင်းပြည်အတွက် သူတို့လုပ်ရင်တော့ တို့အားပေး တယ်။ ဒါပေမဲ့ ဘာသာ၊ သာသနာအတွက် ထိခိုက်တာတွေဖြစ် လာရင် တို့ မဘသကဝင်ပြီးတော့  ထိန်းကျောင်းပေးတာတွေ၊ ညှိနှိုင်းတာတွေ လုပ်ပေးဖို့တော့ ရှိပါတယ်”လို့ မိန့်ပါတယ်။

    မော်ကွန်း မဂ္ဂဇင်း မှ ကူးယူဖော်ပြပါသည်။

    Original Link

    အပိုင်း ၁-http://mawkun.com/feature/%E1%80%99%E1%80%98%E1%80%9E%E1%80%80%E1%80%AF%E1%80%AD-%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%85%E1%80%B9%E1%81%BF%E1%80%81%E1%80%84%E1%80%B9%E1%80%B8-%E1%80%A1%E1%80%95%E1%80%AD/

     

    အပိုင်း ၂- http://mawkun.com/feature/889-2/

    အပိုင်း ၃- http://mawkun.com/feature/%E1%80%99%E1%80%98%E1%80%9E%E1%80%80%E1%80%AF%E1%80%AD-%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%85%E1%80%B9%E1%81%BF%E1%80%81%E1%80%84%E1%80%B9%E1%80%B8-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF/

  • လက်က်ျာစွန်းရောက် ဗုဒ္ဓဘာသာအမျိုးသားဝါဒ  အင်အားကောင်းလာသည့် မြန်မာနိုင်ငံ (ဘာသာပြန်)

    လက်က်ျာစွန်းရောက် ဗုဒ္ဓဘာသာအမျိုးသားဝါဒ အင်အားကောင်းလာသည့် မြန်မာနိုင်ငံ (ဘာသာပြန်)

    မတ် ၃၁ ၊၂၀၁၅
    M-Media

    ST_20150330_NIWIRATHU30_1188612e
    ဗုဒ္ဓဘာသာဝင်တွေ သွေးအေးနေဦးမယ်ဆိုရင် အစ္စလာမ်ဘာသာက မြန်မာနိုင်ငံကို တစ်စစလွှမ်းမိုးသွားမယ်လို့ ဦးဝီရသူက အခိုင်အမာဆိုနေဆဲ (ဓာတ်ပုံ – NIRMAL GHOSH)

     

    မြန်မာနိုင်ငံထောင်တစ်ခုထဲမှာ ၈ နှစ်နဲ့ ၃ လ နေခဲ့ခြင်းက ဦးဝီရသူကို နှူးညံ့သိမ်မွေ့အောင် မပြုလုပ်နိုင်ခဲ့တဲ့အပြင် အခုဆို သူဟာ ပြည်တွင်း ဗုဒ္ဓအမျိုးသားရေးဝါဒရဲ့ လက်ျာစွန်းရောက် ပြယုဂ်တစ်ခုပင် ဖြစ်လာပါတော့တယ်။

    သူ့ရဲ့ အားပါးတရအပြုံးက ဆွဲဆောင်မှုရှိသော်ငြား အဆိုးတရားတွေ ပြောဆိုချိန်မှာတော့ သူ့ဟောပြောချက်တွေက ပြင်းထန်လာပြီး သူ့မျက်လုံးတွေက အရောင်တောက်လာလေ့ရှိပါတယ်။ မွတ်စလင်တွေက ဗုဒ္ဓဘာသာအတွက် အန္တရာယ်ဖြစ်ကြောင်း၊ မိမိရဲ့အခန်းကဏ္ဍဟာ ဘာသာသာသနာကို ကာကွယ်ရေးဖြစ်ကြောင်း ဆိုတာမျိုး ပြောဆိုတဲ့အချိန်မှာပေါ့။

    ဒါတင်မကသေးပါဘူး၊ သူ့ဒဿနနဲ့ ထိပ်တိုက်တွေ့သမျှအရာအားလုံးအပေါ် ပျစ်ပျစ်နှစ်နှစ်ကြီးကို ပြောဆိုတတ်ပါသေးတယ်။

    သာသနာ့ဘောင်ထဲ အသက် ၁၃ နှစ်မှာ ၀င်ရောက်ပြီး ယခု အသက် ၄၇ နှစ်အရွယ်ရှိနေတဲ့ သူဟာ ၉၆၉ လို့ခေါ်ဆိုတဲ့ လက်ျာစွန်းရောက် ဗုဒ္ဓ၀ါဒလှုပ်ရှားမှုထဲ ၂၀၀၁ ခုနှစ်မှာ ပါဝင်ခဲ့တယ်။

    ၂ နှစ်ကြာပြီးတဲ့အခါ မွတ်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှု ဖြစ်ပွားအောင် တို့မီးရှို့မီးတရားဟောခဲ့တဲ့အတွက် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခြင်း ခံလိုက်ရတယ်။

    သို့ပေမယ့်လည်း ၂၀၁၀ ခုနှစ်မှာ အခြားနိုင်ငံရေးအကျဉ်းသားအများအပြားနဲ့ရောပြီး လွတ်မြောက်လာတယ်။ ပြီးတော့ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာကိုသုံးလို့ သူ့ခံယူချက်ကို အသံထုတ်ဆူညံစေခဲ့ပါတော့တယ်။

    အခုဆိုရင် မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့တော် မန္တလေးက သူ့ကျောင်းတိုက်မှာ သူ့လက်အောက်ခံ သံဃာတွေ အပါး ၂၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်က သူ့ဒကာတော်တစ်ဦးပိုင်ဆိုင်တဲ့ ရန်ကုန်မြို့စွန်က မထင်မရှားအိမ်တစ်လုံးမှာ The Straits Times နဲ့ တွေ့ဆုံပါတယ်။

    အကြီးစားသစ်သားထည်ပရိဘောကတွေနဲ့စီတန်းထားပြီး ဧရာမရေခဲသေတ္တာတစ်လုံးပါရှိတဲ့ သာမန်ဧည့်ခန်းဆောင်တစ်ခုထဲမှာ လူတစ်စုနဲ့အတူ စားပွဲဝိုင်းတစ်ခုမှာထိုင်လို့ပေါ့။ သူက လှစ်ကနဲ ပြုံးပြီး “အရှိအတိုင်း ရေးသားတင်ပြမယ် ဆိုရင် မေးလိုရာမေးမြန်းနိုင်ပါတယ်” လို့ ကျနော့်ကို ပြောပါတယ်။

    “အသင်ဟာ တော်တော့ကို ကျော်စောလှပေတယ်” လို့ ကျနော်က သူ့ကို ပြောလိုက်ပါတယ်။

    ၂၀၁၃ ခုနှစ်က တိုင်းမ်မဂ္ဂဇင်းမှာ သူ့မျက်နှာပုံနဲ့ “The Face of Buddhist Terror” လို့ ကင်ပွန်းတပ်ခဲ့တော့ သူ့နောက်တော်ပါးတွေက ဒေါသပေါက်ကွဲပြီး မဂ္ဂဇင်းကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်။

    အဲ့ဒီအချက်ကို ပြန်လည်နှိုးဆွလိုက် သလိုဖြစ်သွားတော့ သူက သူ့ရဲ့ Samsung Galaxy SII ဖုန်းလေးကို ပွတ်ရင်း အသံသွင်း ခလုတ်ကိုနှိပ်လို့ ရယ်မောခဲ့တယ်။

    အခြားတစ်ဖက်မှာ သုံးချောင်းထောက်တိုင်ပေါ်က ကင်မရာမီးနီလေး လင်းလာတာ တွေ့ရတယ်။ အင်တာဗျူးကို မှတ်တမ်းတင် ရိုက်နေတာပါပဲ။

    ဓာတ်ပုံဆရာတစ်ယောက်က မလှမ်းမကမ်းမှာရပ်လို့ ကျနော်တို့ကို ဓာတ်ပုံတွေ ရိုက်နေလေရဲ့။ သူ့ရဲ့ ဒုတိယမြောက် မိုဘိုင်းလ်ဖုန်းက ငါးမိနစ်တစ်ကြိမ် အသံမြည်နေပေမယ့်လည်း သူက လျစ်လျူရှုထားတယ်။

    စကားပြန်ကနေတဆင့် သူက ဒီလို ဆိုပါတယ်။
    “ဒီကျော်စောမှုအပေါ် ဦးဇင်း ဂုဏ်ယူပါတယ်။ ပြဿနာက သူတို့ဟာ ဦးဇင်းကို နိုင်ငံတကာက အဆိုးမြင်အောင် အကြမ်းဖက်သမားလိုမျိုး လူမျိုးမုန်း ၀ါဒီလိုမျိုး ပုံဖော်လိုက်တာပါပဲ။ ဒါပေမယ့် ဦးဇင်းက လူမျိုးခြားကို မုန်းတီးတတ်တဲ့ လူဆိုးကြီး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကို ကာကွယ်ခြင်းက ဦးဇင်းရဲ့ ရည်ရွယ်ချက်ပါပဲ”။

    ဦးဝီရသူဟာ မြန်မာနိုင်ငံအနောက်စွန်းက ဘင်္ဂလားဒေ့ရှ်နဲ့ထိစပ်နေတဲ့ ရခိုင်ပြည်နယ်ကနေ ပြန်ရောက်လာကာစ ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှု နိမ့်ကျလွန်းလှတဲ့ အဲ့ဒီဒေသမှာ မွတ်စလင်-ဗုဒ္ဓဘာသာဝင် ပဋိပက္ခ ဖြစ်ပွားခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာ ဗုဒ္ဓဘာသာဝင် ရခိုင်တွေရဲ့တိုက်ခိုက်မှုကြောင့် ဒေသခံလူနည်းစုမွတ်စလင်တွေ စုပြုံသတ်ဖြတ်ခံရတယ်၊ သောင်းနဲ့ချီ ပြီး နေရပ်စွန့်အိုးအိမ်မဲ့ဘ၀ ရောက်ခဲ့ရတယ်။

    သူက နိုင်ငံအနှံ့ ခရီးဆန့်ပြီး ဗုဒ္ဓဘာသာဝင်တွေခံစားနေရတဲ့ အစ္စလာမ့်အန္တရာယ်အကြောင်း တပ်လှန့်တရားတွေ (သူ့ကိုယ်ပိုင်ကောက်ချက်တွေ)ကို ဟောပြောနေလေ့ရှိတယ်။

    ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း နေရာများစွာမှာပွင့်ထွက်လာခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများအတွက် အောက်ခံ ပုံကြမ်းလောင်းသူဟာ သူပင်ဖြစ်တယ်လို့ ဝေဖန်သူများ၊ သုတေသီများက ဆိုပါတယ်။ သြဇာကြီးမား ထင်ရှားကျော်စောတဲ့ ဘုန်းတော်ကြီးအချို့ကလည်း သူ့ကို လက်မခံကြပါဘူး။

    မွတ်စလင်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အများစုဖြစ်သော်လည်း၊ ဗုဒ္ဓဘာသာဝင်လူများစုမြန်မာနိုင်ငံ အတိုင်းအတာအရ ၈ ရာခိုင်နှုန်းအထိသာရှိမယ်လို့ ခန်းမှန်းရပါတယ်။

    အဲ့ဒီဒေသမှာ မွတ်စလင် ဆန့်ကျင်ရေးအကြမ်းဖက်မှု ကြိုကြားကြိုကြား ရှိလာပေမယ့် သမိုင်းနဲ့ချီပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာခဲ့ကြတာပါ။

    သို့ပေမယ့် ဗုဒ္ဓဘာသာဝင်တွေ သွေးအေးနေဦးမယ်ဆိုရင် အစ္စလာမ်ဘာသာက မြန်မာနိုင်ငံကို တစ်စစလွှမ်းမိုးသွားမယ်လို့ ဦးဝီရသူက အခိုင်အမာဆိုနေဆဲ ဖြစ်တယ်။ ဘာသာကွဲထိမ်းမြားမှုကို ပိတ်ပင်တဲ့ အငြင်းပွားဖွယ်ဥပဒေမူကြမ်းကိုလည်း သူက ကျားကန်ပေးထားပါတယ်။

    ဦးဝီရသူက လက်လွှတ်စပယ်မဟုတ်ဘဲ ကျွန်တော့်ကို တည့်တည့်ကြည့်လို့ ထိန်းထိန်းသိမ်းသိမ်းလေသံနဲ့ ပြောပါတယ်။ မီဒီယာဟာ မျက်စေ့တစ်ဖက်ကိုသာသုံးပြီး ကြည့်မြင်လေ့ရှိတယ်လို့ ဆိုတယ်။

    “ မြန်မာနိုင်ငံမှာ မွတ်စလင်တွေ ရာခိုင်နှုန်းနည်းနည်းလေးပဲလို့ ခင်ဗျားက ပြောတယ်။ မြန်မာနိုင်ငံထဲက ကြိုက်တဲ့ရဲဋ္ဌာနကို သွားကြည့်ပါ။ မုဒိမ်းသမား အများစုက မွတ်စလင်တွေချည့်ပဲ။ မွတ်စလင်နဲ့လက်ထပ်တဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးဟာ ဗုဒ္ဓပုံတော်ကို မဖွယ်မရာလုပ်ခိုင်းတာ ခံရတယ်။ ဦးဇင်းက ဒါကိုသိတော့ အမှန်အတိုင်း ပြောဆိုတယ်။ ဒါကို ဦးဇင်းက အကြမ်းဖက်မှုကိုဖန်တီးနေတယ်လို့ တချို့သူတွေက နားလည်မှုလွဲမှားကြတယ်။ တကယ်တမ်းကျတော့ ဦးဇင်းက မှန်ရာကိုပဲ ပြောဆိုနေတာပါ။ အဲ့ဒီဒုစရိုက်သားတွေကိုသာ ဦးဇင်းက ဒဏ်ခတ်ချင်တာပါ။ တခြားမွတ်စလင်တွေကို မဟုတ်ပါဘူး”။

    ဒီဗီဒီပြစက်ကိုထုတ်ပြီး ဓာတ်ပြားတစ်ချပ်ကိုထည့်လိုက်တယ်။ ၂၀၁၂ ခုနှစ်တုန်းက ရခိုင်ပြည်နယ် မောင်တောက ရိုဟင်ဂျာ မွတ်စလင်အုပ်စုတစ်စု ခဲတွေနဲ့ပစ်ပုံ၊ အိမ်တွေ မီးတင်ရှို့နေပုံကို ဖုန်းနဲ့ရိုက်ကူးထားတဲ့ မြင်ကွင်းပါ။

    “တခြားလူနည်းစုဝင်တွေဖြစ်တဲ့ ဟိန္ဒူနဲ့ခရိယာန်တွေက ပြဿနာမရှာကြဘူး။ မွတ်စလင်တွေကပဲ တခြားဘာသာတွေအပေါ် ဘယ်လိုစော်ကားရမလဲဆိုတာ စဉ်းစားနေကြတာလေ” လို့ သူက ဆိုပါတယ်။

    သူ မီးမွှေးပါတယ်ဆိုတဲ့ မွတ်စလင်ဆန့်ကျင်ရေးဆူပူမှုတွေကိုကြည့်ရင် ပုံစံတူဖြစ်စဉ်တွေကိုသာ အမြဲတမ်း တွေ့နေရပါတယ်။ သာမန်အငြင်းပွားမှုဖြစ်စေ၊ မုဒိန်းမှုဆိုတဲ့စွပ်စွဲချက်ဖြစ်စေ အဲ့ဒီကနေ စတင်လိုက်တယ်။ ပြီးတော့ မွတ်စလင်ဆန့်ကျင်ရေးဖက် ဦးတည်လိုက်ကြတယ်။ ဆိုးဆိုးဝါးဝါးဖြစ်ပျက်ပြီးတဲ့နောက်တော့ တလွဲတချော်ဆိုတာ ပေါ်လာတာချည်းပါပဲ။

    သတင်းတွေက လူမှုမီဒီယာတွေမှာ တောမီးလောင်သလို တမဟုတ်ချင်း ပျံ့နှံ့သွားတယ်။ အဲ့ဒီနောက် ကြိုတင်စုစည်းထားဖွယ်ရှိတဲ့ ဗုဒ္ဓဘာသာဝင်လူအုပ်ကြီးက မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် မိုးကျရွှေကိုယ်လို ကျရောက်လာတယ်။ သူတို့ရပ်ဝန်းကို မီးလောင်တိုက်သွင်းတယ်။ မွတ်စလင်မိသားစုတွေကို ကလေးပင်မချန် ခုတ်ထစ်သတ်ဖြတ်ကြတယ်။

    ဒီအမှုမျိုးဟာ ပြည်ပ အစွန်းရောက်အစ္စလာမစ်အုပ်စုတွေရဲ့ဒေါသကို နှိုးဆွလိုက်တဲ့အပြင်၊ အရှိန်တက်လာတဲ့အကြမ်းဖက်မှုက သုတေသီတွေအကြား စိုးရိမ်စိတ်မြင့်မားသွားစေခဲ့ပါတယ်။

    လစ်ဘရယ်ဒီမိုကရေစီကို ဆန့်ကျင်တဲ့ အတိတ်ခေတ်အမာခံများက နောက်ကွယ်ကနေ ဦးဝီရသူကို ကျားကန်ပေးနေတယ်၊ အမျိုးသားရေးဝါဒကို လက်နက်အသွင် အသုံးချတယ်ဆိုတဲ့ ပြောဆိုချက်များလည်း ရှိနေကြပါတယ်။

    သူက မြန်မာနိုင်ငံရေးသမားတွေနဲ့ချိတ်ဆက်မှုရှိနေတယ်ဆိုတဲ့ ပြောဆိုချက်မှန်သမျှကို ပယ်ချတယ်။ တပြိုင်တည်းမှာပဲ နိုင်ငံတကာချိတ်ဆက်မှုကို တည်ထောင်လိုက်ပြန်တယ်။ ယမန်နှစ်နှောင်းပိုင်းက သူဟာ သီရိလင်္ကာနိုင်ငံက လက်ျာစွန်းရောက်အုပ်စု Bodu Bala Sena ကမကထပြုတဲ့ညီလာခံကို သွားရောက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။

    ဇန္န၀ါရီလမှာ ရှေ့ဆောင်သံဃာတစ်ဦးပီပီ နောက်ထပ်ခြေလှမ်းတစ်ဆင့် တိုးလာခဲ့တယ်။

    မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီက ရခိုင်ပြည်နယ်ရှိ လူနည်းစုရိုဟင်ဂျာမွတ်စလင် အခွင့်အရေးနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် သူမကို ဦးဝီရသူက“ပြည့်တန်ဆာမ” လို့ ပြောဆိုလိုက်ပါတယ်။ အဲ့ဒီစကားအပေါ် ကုလသမဂ္ဂရဲ့အရေးဆိုမှု ခပ်ကြမ်းကြမ်း ထွက်ပေါ်လာတော့တယ်။

    ဒေသခံဗုဒ္ဓဘာသာဝင်ရခိုင်တွေ၊ အစိုးရကိုယ်တိုင်အပါအ၀င် မြန်မာလူထုအများအပြားဟာ ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမ၀င်ပြောင်းရွှေ့အခြေချလာသူ ဘင်္ဂါလီတွေအဖြစ် စွပ်စွဲထားပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုပင်လျှင် ဗုဒ္ဓအမျိုးသားရေးဝါဒီတွေအဖို့ နားမထောင်ချင်စရာအဖြစ် နိုင်ငံရေးအရ အလံထောင်ထားကြတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်ရဟန်းသံဃာတစ်ပါးအတွက်ဖြစ်စေ ဘယ်လိုလူအတွက်ပင်ဖြစ်စေ မစ္စ ယန်ဟီးလီကို “ပြည့်တန်ဆာမ”လို့ ခေါ်ဝေါ်လိုက်ခြင်းက မယဉ်ကျေးနိုင်စရာ ဘယ်လိုမှမဖြစ်ဘူးလားလို့ ကျွန်တော်က မေးမြန်းတဲ့အခါ သူ(ဦးဝီရသူ)က ဒီလို ဖြေကြားခဲ့ပါတယ်။

    “သူမဟာ ဘင်္ဂလီတွေအတွက် အလုပ်လုပ်ပေးနေတဲ့ ကိုယ်စားလှယ်ပါ။ ၁၉၈၂ နိုင်ငံသားဥပဒေအပြောင်းအလဲ ဖြစ်အောင် သူမ ကြိုးစားနေတာ။ ဒါမှ ဘင်္ဂလီတွေအားလုံး နိုင်ငံသားဖြစ်သွားမယ်လေ။ သူမက ကုလသံတမန် တစ်ဦးဖြစ်တယ်။ မွတ်စလင်တွေအတွက် ဘင်္ဂလီတွေအတွက် လော်ဘီလုပ်ပေးနေစရာ မလိုအပ်ဘူး။ နောက်တစ်ကြိမ်ဆိုရင်ဖြင့် သူ့ကို ဖိနပ်နဲ့ ပစ်ပေါက်ရပါလိမ့်မယ်”။

    xxxxxxxxxxxxxxxx
    The Straits Times : Asia Report မှ ဘန်ကောက်အခြေစိုက် Indochina Bureau Chief ဖြစ်သူ Nirmal Ghosh ရေးသားသော Buddhism’s right-wing face in Myanmar ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင်ပြန်ဆိုသည်။ Nirmal Ghosh အား nirmal@sph.com.sg လိပ်စာဖြင့် ဆက်သွယ်နိုင်ပါသည်။

  • အမုန်းတရားနဲ့ အကြမ်းဖက် လှုံ့ဆော်မှု အရေးယူဖို့ ကုလ တိုက်တွန်း

    အမုန်းတရားနဲ့ အကြမ်းဖက် လှုံ့ဆော်မှု အရေးယူဖို့ ကုလ တိုက်တွန်း

    E54AD109-A9EF-4D5C-A9BE-5DDE3C2EACB8_w640_r1_cx0_cy6_cw0_s
    မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee ရန်ကုန်ကို ဆိုက်ရောက်စဉ်။ (ဇန် ၆၊ ၂၀၁၅)

    ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ကို မြန်မာနိုင်ငံမှာ လူသိရှင်ကြား စော်ကားမော်ကား ပြောဆိုတာတွေ၊ အမုန်းပွားအောင် လှုံ့ဆော်ဟောပြောတာတွေ ကို နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူပေးဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂက သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။ အမုန်းတရားနဲ့ Ms. Lee ကို ထပ်ခါတလဲလဲ တိုက်ခိုက် ပြုမူပြောဆိုနေတာတွေကိုလည်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖွဲ့က ကန့်ကွက်ရှုတ်ချလိုက်တာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

    မတ်လ (၂၀)ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များ အဖွဲ့ရဲ့ ကြေညာချက်မှာ မကြာသေးခင် သီတင်းပတ်တွေတုန်းကလည်း Ms. Yanghee Lee ကို ပုဂ္ဂိုလ်ရေးအရစော်ကားတိုက်ခိုက်ပြောဆိုပြီး လူသိရှင်ကြား ခြိမ်းခြောက်တဲ့ဟောပြောပွဲတွေ မြန်မာနိုင်ငံမှာ အနည်းဆုံးနှစ်ကြိမ်လောက်ပြုလုပ်ခဲ့ တယ်လို့ ဖေါ်ပြထားတာပါ။

    ဒီဟောပြောပွဲတွေဟာ မြန်မာအစိုးရအနေနဲ့တိုက်ရိုက်မပတ်သက်ဘူးဆိုပေမယ့် ဒီလိုတိုက်ခိုက်ပြောဆိုချက်တွေကို မြန်မာအစိုးရအနေနဲ့ အရေးယူဖြေရှင်းဆောင်ရွက်ဖို့ ၊ Ms. Yanghee Lee ကို အမုန်းတရားနဲ့ အကြမ်းဖက်အောင် လှုံ့ဆော်တာတွေကို နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူပေးဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များ အဖွဲ့အနေနဲ့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

    ဒါအပြင် ကုလသမဂ္ဂ တာဝန်အပ်နှင်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနဲ့ လာရောက်တဲ့Ms. Lee ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သူရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင် မြန်မာအစိုးရ အနေနဲ့ အပြည့်အ၀ တာဝန်ယူဆောင်ရွက်ပေးဖို့လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေက တိုက်တွန်းထားပါတယ်။

    ဇန်န၀ါရီလက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ် အပြီးမှာလည်း ဦးဝီရသူက စကားလုံး ကြမ်းကြမ်းတမ်းတမ်းသုံးပြီး အများပြည်သူရှေ့ တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။

    ဒီလို ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတပါး အနေနဲ့ ပြုမူပြောဆိုတယ်ဆိုရင် သာသနာညှိုနွမ်းစေမှု၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်မှုစတဲ့ ပုဒ်မတွေနဲ့အရေးယူလို့ရတယ်လို့ ဟောင်ကောင် အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင် မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးကပြောပါတယ်။

    ” Ms. Yanghee Lee ရဲ့ အစီရင်ခံစာအပေါ်မှာ မတ်လ ၁၀ရက်နေ့တုန်းက ထုတ်ပြန်တဲ့ အစိုးရရဲ့ တုန့်ပြန်မှုကို ကြည့်ရင် ကျနော်တို့ အဲ့ဒီ့မှာ ရှာပြီးတော့ တွေ့နိုင်တယ်။ အဲ့တော့ အဲ့ဒီ့မှာ လူတဦးချင်းကိုသော်လည်းကောင်း၊ လူမျိုးတမျိုးနဲ့ တမျိုးကိုသော်လည်းကောင်း၊ လူတစုနဲ့ တစုကိုသော်လည်းကောင်း၊ အမုန်းပွားအောင် လှုံ့ဆော်ဖန်တီးတဲ့ စကားတွေကို ပြောဆိုတယ်ဆိုလို့ရှိရင် ထိရောက်စွာ အရေးယူနေပါတယ်ဆိုပြီးတော့မှ မြန်မာအစိုးရကနေပြီးတော့ စာရေးဆရာ ထင်လင်းဦးကို အရေးယူခဲ့တဲ့ဟာကို သာဓက ပြပြီးတော့ အမှုစွဲဆိုထားတာတွေ ရှိပါတယ်။ အဲ့တော့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် Ms. Yanghee Lee အပေါ်မှာ အခု ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတပါးကနေပြီးတော့ ဒီလိုမျိုး ရဟန်းတော် ကျင့်ဝတ်တွေနဲ့ မညီအောင် ပြောဆိုချက်တွေကို မြန်မာ အစိုးရအနေနဲ့ နောက်ကွယ်ကနေ တမင်ဖန်တီးပြီး လုပ်ဆောင်နေသလား၊ လူတဦးနဲ့တဦး အမုန်းပွားအောင် စီမံဖန်တီးနေသလားဆိုတာတွေကို သံသယကင်းကင်းဖြစ်သွားအောင် လုပ်မယ်ဆိုရင်တော့ မြန်မာပြည်တွင်းမှာ ပြဌာန်း ထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအရ ထိုက်သင့်တဲ့ပုဒ်မတွေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ လိုတယ်လို့ပဲ ကျနော်ကတော့ ပြောချင်တယ်။”

    ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေရဲ့ အကဲဖြတ်အစီရင်ခံစာတွေကို ကန့်ကွက်ခွင့်၊ ဝေဖန်ပြောဆိုခွင့်ဆိုတာရှိပေမဲ့ အဖွဲ့ဝင်နိုင်ငံပေါင်း (၄၇)နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တာဝန်အပြည့် အပ်နှင်းထားတဲ့ အထူး ကိုယ်စားလှယ်တွေကို အကြမ်းဖက်ခြိမ်းခြောက်တာ၊ လူသိရှင်ကြားစော်ကားမော်ကားပြောတာတွေကို ကုလသမဂ္ဂအနေနဲ့ လက်မခံနိုင်ဘူးလို့ သောကြာနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

    မြန်မာနိုင်ငံအနေနဲ့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်ပါ။ ဒါကြောင့် သံတမန်ရေးအရ လာရောက်တဲ့ ကုလသမဂ္ဂကိုယ်စားလှယ်ကို တိုက်ခိုက်ပြောဆိုတာတွေကို မြန်မာအစိုးရအနေနဲ့ အရေးယူဆောင်ရွက် သင့်တယ်လို့ ဦးမင်းလွင်ဦးကပြောပါတယ်။

    ” ကျနော်တို့ မြန်မာနိုင်ငံရဲ့ပုံရိပ်ပေါ့နော်။ ညိုးနွမ်းပျက်စီးစေတဲ့ အတွက် ဒါမျိုးကိုတော့ ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ကျနော်တို့ တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ လူ့အခွင့်အရေးကောင်စီကလည်း ခန့်အပ်ထားတာဖြစ်တယ်။ အဖွဲ့ဝင်အဖြစ် ကျနော်တို့ မြန်မာနိုင်ငံကလည်း ပါဝင်နေတာဖြစ်တယ်။ အဲ့တော့ ဒီလိုမျိုး သံခင်းတမန်ခင်း လာတဲ့သူကို မခြေမငံ ဆက်ဆံတဲ့ ကိစ္စရပ်မျိုး ကတော့ ထိုက်သင့်တဲ့ အရေးယူမှုမျိုး ဆောင်ရွက်သင့်တယ်လို့ ကျနော်တို့ကတော့ ပြောချင်ပါတယ်။”

    ဇန်န၀ါရီလ (၁၆)ရက်နေ့က Ms. Yanghee Lee ကို ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ဦးဝီရသူက တိုက်ခိုက်ပြောဆိုချက်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Husseinu ကိုယ်တိုင်လည်း ဇန်န၀ါရီလ (၂၂)ရက်နေ့က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချထားပါတယ်။

    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြပါသည်။
    http://burmese.voanews.com/content/us-urge-myanmar-to-take-action-for-public-abuse/2689376.html