ဇွန် ၂၄၊ ၂၀၁၇
M-Media
– မြန်မာစစ်တပ်မှာ သောကြာနေ့က ကလေးစစ်သား ၆၇ ဦးကို လွှတ်ပေးခဲ့သည်ဟု ယူနီဆက်ဖ်က ပြောကြားလိုက်ပြီး ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့သည့် စစ်အာဏာရှင်စနစ်အောက် ကလေးစစ်သားများ စုဆောင်းမှု အဆုံးသတ်ရေး အစီအစဉ်အရ ယခုနှစ်အတွင်း လွှတ်ပေးသည့် ပထမဆုံးအသုတ်ဖြစ်သည်။
အင်အား ၅ သိန်းရှိသော မြန်မာစစ်တပ်နှင့် နယ်စပ်ဒေသများတွင် တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် ကလေးစစ်သားအရေအတွက် မည်မျှရှိသည်ကို အတိအကျ မသိရှိရပေ။
အစိုးရစစ်တပ်မှာ ၂၀၁၂ ခုနှစ်က ကုလနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း ကလေးစစ်သားပေါင်း ၈၅၀ နီးပါးကို လွှတ်ပေးခဲ့ပြီးဖြစ်သည်။ ထို့ပြင် အသက်မပြည်သူများအား တပ်သားသစ် စုဆောင်းမှုမှာလည်း ကျဆင်းသွားပြီး အရပ်သားအစိုးရမှာ ကလေးစစ်သားများ လူ့အဖွဲ့အစည်းအတွင်း ပြန်လည် ၀င်ဆံ့နိုင်ရေး ဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်နေသည်။
ယူနီဆက်ဖ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဘာထရန် ဘိန်ဗဲလ်က စစ်တပ်မှာ အသက်အရွယ်ကို တင်းတင်းကြပ်ကြပ် စစ်ဆေးခြင်း၊ တပ်သားသစ် စုဆောင်းမှုကို ဗဟိုမှ ပြုလုပ်ခြင်း စသည့် အားထုတ်မှုများကြောင့် လွန်ခဲ့သည့် ၄ နှစ်ကထက်စာလျှင် ယခုအချိန်၌ ကလေးငယ်တစ်ဦးကို တပ်သားသစ်စုဆောင်းမှုမှာ ပိုမို ခက်ခဲသွားပြီဟု ပြောကြားခဲ့သည်။
သို့သော်လည်း ကျွမ်းကျင်သူများကမူ ကလေးငယ်များမှာ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ လူသစ်စုဆောင်းမှုအန္တရာယ် ရှိနေဆဲဟု ပြောကြားထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က ကမ္ဘာပေါ်တွင် ကလေးစစ်သား အသုံးပြုသည့် နိုင်ငံများစာရင်းမှ မြန်မာနှင့် အီရတ်နိုင်ငံတို့ကို ဖယ်ရှားရန် စီစဉ်နေသည်ဟု Reuters သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။
Ref: India Express, Reuters