News @ M-Media

Author: editor

  • လူမျိုးဘာသာမရွေး နိုင်ငံသား အခွင့်အရေး တန်းတူ ခံစားခွင့်ရှိဟု ဘန်ကီမွန်းပြော

    လူမျိုးဘာသာမရွေး နိုင်ငံသား အခွင့်အရေး တန်းတူ ခံစားခွင့်ရှိဟု ဘန်ကီမွန်းပြော

    DB7C687F-3C90-45FC-AE4B-40E94DDF7980_cx6_cy6_cw80_w987_r1_s_r1
    မြန်မာနိုင်ငံတွင်းက မတူညီတဲ့ ဘာသာ လူမျိုးနောက်ခံရှိ ပြည်သူအားလုံးဟာ တန်းတူရည်တူ နိုင်ငံသားအခွင့်အရေးတွေ ခံစား ရယူခွင့်ရှိသင့်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။
    .
    ရခိုင်ပြည်နယ်တွင်း ကြုံတွေ့နေရတဲ့ အခြေအနေတွေကိုဖြေရှင်းဖို့ ကော်မရှင်ဖွဲ့စည်းခဲ့တဲ့အပေါ်မှာလည်း လက်ရှိ အစိုးရကို ချီးကျူးပြောဆိုသွားပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့တော့ နေပြည်တော်ကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။
    .
    ဒီကနေ့ညဦးပိုင်း နေပြည်တော် နိုင်ငံခြားရေးဌာနမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဖြစ်ပေမယ့်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကပဲ အဓိကထားပြီး ပြောဆိုထားတာပါ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ ချီးကျူး ပြောဆိုခဲ့ပေမယ့် စိန်ခေါ်အကဲစမ်းချက်တွေ ရှိတယ်ဆိုတာလည်း ထောက်ပြသွားပါတယ်။ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်ထဲကအခြေအနေတွေကို မီးမောင်းထိုးပြောခဲ့ပါတယ်။
    .
    “ဘယ်လူမျိုးဖြစ်ဖြစ် ဘယ်ဘာသာဝင်ဖြစ်ဖြစ် ၊ဘယ်လိုစီးပွားရေးအခြေအနေ အောက်မှာဖြစ်ဖြစ် မြန်မာပြည်သူအားလုံးဟာ လွတ်လပ်မျှတပြီးတော့ ဘေးကင်းလုံခြုံတဲ့အခြေအနေအောက် ၊ ပိုပြီးကောင်းမွန်တဲ့ လူမှုစီးပွား အခွင့်အလမ်းတွေ လိုလားနေတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရော ကျနော်ပါ သဘောထားတူခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ အခြေအနေတွေက ရှုပ်ထွေးနေပါတယ် ပြဿနာ ဇစ်မြစ်ကို ဖြေရှင်းဖို့ကလည်း အစိုးရက လိုလားတာတွေ့ရပါတယ်။ IDP ဒုက္ခသည်စခန်းမှာ ၄ နှစ်ကြာဆင်းဆင်းရဲရဲ ကျပ်တည်းတဲ့ အနေအထားတွေအောက်နေနေရတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်မကင်းဖြစ်မှုကိုလည်း ကျနော်ပြောပြပါတယ်။ တခြားနေရာက ပြည်သူတွေလိုပဲ သူတို့ဟာလည်း သူတို့အနာဂတ်အတွက် မျှော်လင့်ချက်တွေနဲ့ လူသားဂုဏ်သိက္ခာတွေ ရသင့်ပါတယ်။ ရိုဟင်ဂျာလူမှုအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ လူမျိုး လက္ခဏာသတ်မှတ်ချက်အခွင့်အရေးရဖို့ သတ်သတ် မဟုတ်ပါဘူး။ မတူတဲ့ဘာသာ မတူတဲ့ လူမျိုးရှိတဲ့ မြန်မာပြည်သားအားလုံး အခွင့်အရေး မျှမျှတတနဲ့ ဟန်ချက်ညီညီ အတူတကွ ယှဉ်တွဲနေထိုင်သွားလာဖို့ လိုပါတယ်။”
    .
    ဒါ့အပြင် မြန်မာနိုင်ငံအတွက် မှီတင်းနေထိုင်ကြတဲ့ လူမျိုးအားလုံးတန်းတူညီတူ နိုင်ငံသားအခွင့်အရေးရဖို့ အခြေအနေကိုလည်း သူက မီးမှောင်းထိုးပြောသွားပါတယ်။ သူ့အနေနဲ့ အတွင်းရေးမှူးချုပ်တာဝန်ယူစဉ်တလျှောက် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ နီးနီးကပ်ကပ် ဆက်ဆံခဲ့တဲ့ အခြေအနေတွေကိုလည်း အတွင်းရေးမှူးချုပ်က ပြောဆိုသွားပါတယ်။
    .
    အထူးသဖြင့်တော့ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစိုးရတာဝန်ယူချိန်မှာ အတူတကွ တွဲလုပ်ရတာကို သူ့အနေနဲ့ ဂုဏ်ယူတဲ့အကြောင်းပြောပါတယ်။
    .
    “ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတကွ လက်တွဲလုပ်နိုင်တာအတွက် အင်မတန်ဂုဏ်ယူမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလိုမျိုး အစိုးရအဖွဲ့အတွင်း နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့ အချိန်ကာလမျိုးမှာ ကုလသမဂ္ဂဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို အစဉ်မပျက်ထောက်ခံခဲ့တာပါ။”
    .
    သူ့အနေနဲ့ အတွင်းရေးမှူးချုပ်တာဝန်ယူစဉ်မြန်မာစစ်အစိုးရကို အပြောင်းအလဲအတွက် တိုက်တွန်းခဲ့တာကိုလည်း ပြောဆိုသွားသလိုပဲ၊ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်စတင်ဆောင်ရွက်ခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကိုလည်း ချီးကျုးပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရသစ်အတွက် အကဲစမ်းမှုတွေ အခက်အခဲတွေ ရှိပေမယ့်လို့ အခုဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ညီလာခံကနေပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေ ရှေ့ တိုးဆောင်ရွက်နိုင်ဖို့ဟာ နိုင်ငံတကာ မိသားစုရဲ့ မျှော်လင့်ချက်ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကပြောပါတယ်။
    .
    ၂၁ ပင်လုံနဲ့ ပတ်သက်လို့တော့ ပါဝင်သူတွေရဲ့ စိတ်ရှည်မှု၊ ပိုင်းဖြတ်မှုနဲ့ ဆွေးနွေးလိုစိတ်တွေအပေါ်မှာ သူ့အနေနဲ့ ချီးကျူးကြောင်းလည်း ပြောဆိုသွားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သတင်းပတ်က လှုပ်ခတ်သွားခဲ့တဲ့ ငလျင် ကြောင့် လူ ထိခိုက်သေဆုံးမှုတွေနဲ့ သမိုင်းဝင် ဘုရားပုထိုး ပျက်စီးမှုတွေအပေါ်မှာ ၀မ်းနည်းတဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုသွားပါတယ်။
    .
    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။

    http://burmese.voanews.com/a/ban-ki-moon-equality-of-the-rights-/3486510.html

  • အဓိကရုဏ်းတွေကို နှိမ်နင်းနိုင်ဖို့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ကော်မတီတွေ ဖွဲ့စည်း

    အဓိကရုဏ်းတွေကို နှိမ်နင်းနိုင်ဖို့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ကော်မတီတွေ ဖွဲ့စည်း

    14192138_10154637790373128_4150213300037074399_n

    တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဘာသာရေးအဓိကရုဏ်းတွေကို တားဆီးနှိမ်နင်းနိုင်ဖို့အတွက် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ကော်မတီတွေ စတင်ဖွဲ့စည်းနေပါတယ်။

    ပြည်ထောင်စုအဆင့်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ဖွဲ့စည်းခဲ့ပြီး တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဆက်လက်ဖွဲ့စည်းနေတာလို့ ရှမ်းပြည်နယ် ရဲချုပ် အောင်အောင်က ပြောပါတယ်။

    ” ပြည်ထောင်စုအဆင့် ပြည်ထဲရေးဝန်ကြီး ဥက္ကဌအဖြစ်ဖွဲ့ထားတဲ့ အဖွဲ့အောက်မှာ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေအားလုံး ဖွဲ့ရပါတယ်။ သဘာဝဘေးအန္တရာယ်နဲ့မဆိုင်ပဲနဲ့ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေ ဖြစ်လာရင် ကျနော်တို့က အချိန်မီ ကိုင်တွယ် ထိန်းသိမ်းနိုင်အောင်ပါ” လို့ ပြောတာဖြစ်ပါတယ်။

    တိုင်းနဲ့ ပြည်နယ်အသီးသီးရဲ့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ကော်မတီမှာ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ၀န်ကြီးတွေနဲ့ ရဲချုပ်တွေ ပါဝင်တာဖြစ်ပါတယ်။

    အဲ့ဒီကော်မတီအောက်မှာ လုပ်ငန်းကော်မတီကို ထပ်ဆင့်ဖွဲ့စည်းပြီး မြို့နယ်အလိုက် ဖွဲ့စည်းရာမှာ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ လည်း ပါဝင်မှာဖြစ်ပါတယ်။

    ရှမ်းပြည်နယ် အရေးပေါ်ကာလစီမံခန့်ခွဲရေး ကော်မတီမှာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဥက္ကဌအဖြစ်ဆောင်ရွက် မှာဖြစ်ပြီး ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးက ဒုတိယဥက္ကဌ၊ ရဲချုပ်က အတွင်းရေးမှူးတာဝန်ယူထားပြီး အဖွဲ့ဝင်စုစုပေါင်း ၂၉ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

    ဓါတ်ပုံ – (လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်)

    RFA မြန်မာပိုင်းမှ ကူးယူဖော်ပြပါသည်။

  • ” လူ့အခွင့်အရေးနဲ့ စိန်ခေါ်မှုများ ”  (ဆွေးနွေးချက်)

    ” လူ့အခွင့်အရေးနဲ့ စိန်ခေါ်မှုများ ” (ဆွေးနွေးချက်)

    14034739_10154615821148128_805723550342819069_n
    သြဂုတ်လ ၂၈ ရက်နေ့ RFA (မြန်မာပိုင်း) အစီအစဉ်မှာ ” လူ့အခွင့်အရေးနဲ့ စိန်ခေါ်မှုများ ”  ခေါင်းစဉ်အောက်မှ မေးမြန်းဆက်သွယ်မှုများကို  ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (ငြိမ်းချမ်းမေတ္တာ) တည်ထောင်သူ ဟာဂျီ ဦးအေးလွင်နဲ့ ညီမျှခြင်း မြန်မာ အဖွဲ့ဒါရိုက်တာ ဦးအောင်မျိုးမင်း တို့ ၏ ပင်တိုင်ဆွေးနွေးမှု ဖြစ်ပါတယ်။

    * ရခိုင် အကြံပေးကော်မရှင်နှင့် ပတ်သက်ပြီး ကန့်ကွက်နေမှုများကို ဟာဂျီဦးအေးလွင်ရဲ့ မှတ်ချက်၊
    .
    * UPR (Universal Periodic Review) နှင့် ပတ်သက်ပြီး ဦးအောင်မျိုးမင်းရဲ့ ရှင်းလင်းချက်၊
    .
    * မွေးရာပါအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ လူတိုင်းတန်းတူ အခွင့်အရေးတွေ နဲ့ ပတ်သက်ပြီး ဦးအောင်မျိုးမင်းရဲ့ ရှင်းလင်းချက်၊

    * အမုန်းတရား ဆိုတာ ဘာလဲ ? ဟာဂျီဦးအေးလွင်ရဲ့ ဖြေရှင်းချက်၊

    * အစ္စလာမ်ဖြစ်လို့ လူမျိုး ပြောင်းပြီးမှတ်ပုံတင်မှာ ဖော်ပြခံရမှု၊ မြို့သစ်တွေမှာ လူနည်းစုဘာသာဝင်တွေ ရဲ့ သာသနိက အဆောက်အအုံတွေ တရားဝင် မရှိတဲ့ ကိစ္စ၊

    * ကုလ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေး စုံစမ်းတဲ့ အထူးကိုယ်စားလှယ် ဘာကြောင့် ဆက်ရှိနေတာလဲ ၊ ဘယ်တော့ မှ မရှိတော့မှာလဲ  ဦးအောင်မျိုးမင်းရဲ့ ပြောကြားချက်၊

    * ယခင်သမ္မတ ဦးသိန်းစိန် လက်ထက် စတင် ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အပေါ် ဟာဂျီဦးအေးလွင်နှင့် ဦးအောင်မျိုးမင်းတို့၏  မှတ်ချက်၊

  • “မျက်ဝန်းလင်းစေသူ နှင့် ဘဝအလှဆင်သူ” စာအုပ် ဘယ်သူ အကြောင်းရေးတာလဲ?

    “မျက်ဝန်းလင်းစေသူ နှင့် ဘဝအလှဆင်သူ” စာအုပ် ဘယ်သူ အကြောင်းရေးတာလဲ?

    သြဂုတ် ၃၀၊ ၂၀၁၆
    M-Media
    မိုးစက်
    U Than Myint Soe
    သမိုင်းသင်ခန်းစာယူပြီး ယဉ်ကျေးတဲ့ သမိုင်းတွေကို ဖန်တီးနိုင်ရန်၊ ယဉ်ကျေးတဲ့ သမိုင်းတစ်ခုကို တည်ဆောက်နိုင်ရန်အတွက် မျိုးဆက်သစ်တွေ အတုယူနိုင်စေဖို့အတွက် မျက်ဝန်းလင်းစေသူနှင့် ဘဝအလှဆင်သူတစ်ဦးဖြစ်တဲ့ ဟာဂျီဦးသန်းမြင့်စိုးအကြောင်းကို စာရေးဆရာ (၁၈) ဦးက စုပေါင်း ဂုဏ်ပြုရေးသားထားတဲ့ စာအုပ်ကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့မှာ စာအုပ်မိတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။

    သာမန် ဈေးရောင်းလက်လုပ်လက်စား သမားများကို ကူညီသည့် အစီအစဉ်တစ်ခုဖြစ်သည့် ဆင်းရဲသူများဘဝ မြင့်တင်ရေးလုပ်ငန်းစဉ်၊ ကျန်းမာရေးစောင့်ရှောက်လုပ်ငန်းအဖြစ် လူမျိုးဘာသာမရွေး မျက်စိခွဲစိတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်၊ အမျိုးသမီးများအတွက် နွေရာသီ အမျိုးသမီးစက်ချုပ် သင်တန်းဆိုပြီး လက်မှုပညာများကို သင်ကြားပေးသည့် လုပ်ငန်းစဉ်၊ ဒုက္ခရောက်နေတဲ့ သူများကို စွမ်းစွမ်းတမံ ကူညီခဲ့တဲ့ ဟာဂျီ ဦးသန်းမြင့်စိုးရဲ့ ဘဝခရီးလမ်းတစ်လျှောက် အကြောင်းအရာများကို “မျက်ဝန်းလင်းစေသူ နှင့် ဘဝအလှဆင်သူ” ဆိုသည့် စာအုပ်ထဲမှာ ရေးသားထားပါတယ်။

    ရန်ကုန်၊ မန္တလေး၊ ဖျာပုံက စာရေးဆရာ (၁၈) ယောက်လောက်က ဟာဂျီဦးသန်းမြင့်စိုးအကြောင်းကို အဆိုပါ စာအုပ်တွင် တစ်ယောက်တစ်မျိုး မတူညီအောင် ရေးသားထားကြသည်မှာ ဟာဂျီဦးသန်းမြင့်စိုးအကြောင်းကို စုံလင်စွာ သိရှိနိုင်ပါတယ်။

    တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေနဲ့ ဒုက္ခဆင်းရဲ အကူညီလိုနေတဲ့ သူတွေကို သူဘယ်လို ကယ်တင်ခဲ့လဲ၊ မျက်စိခွဲစိတ် စမ်းသပ်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဘာကြောင့် သူလုပ်ဆောင်ခဲ့တာလဲ၊ ထိရောက်မယ့် အလှူတွေကို သူဘယ်လို ရွေးချယ်ပြီး လှူတန်းခဲ့လဲ၊  ဘာသာတရားရဲ့ အဆုံးအမအောက်မှာ သူ့အလှူအတန်းကို ဘယ်လို လုပ်ဆောင်ခဲ့လဲ၊ မျက်လုံးပေါင်းတစ်ထောင်ရှိသူလို့ သူ့ကို လူတွေက ဘာကြောင့်သတ်မှတ်ကြတာလဲ၊ သူကွယ်လွန်ခါနီး နောက်ဆုံးအချိန်ထိ သူလူသားအကျိုးပြုလုပ်ငန်းတွေကို ဘယ်လိုလုပ်ဆောင်သွားသလဲဆိုတာ စာရေးဆရာကြီးများစွာ ရေးသားထားတဲ့ “မျက်ဝန်းလင်းစေသူ နှင့် ဘဝအလှဆင်သူ” ဆိုသည့် စာအုပ်ထဲမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

    အဆိုပါ စာအုပ်ကို ကြယ်စင် မေတ္တာ သွေးလှူ ရှင်များ အသင်း နှင့် လူ မှု အခြေ ပြု အ ဖွဲ့ ( CBO ) ရိုက်နှိပ်ဖြန့်ချိတာဖြစ်ကြောင်း သိရှိရပါတယ်။ ဆက်သွယ်ရန် ဖုန်းနံပါတ်များကတော့ ၀၉-၃၃၀၄ ၇၈၂၆၊ ၀၉-၇၃၄၉ ၄၀၆၈၊ ၀၉-၄၃၁၀ ၄၃၅၉၊ ၀၉-၄၃၂၀ ၇၉၆၈၊ ၀၉-၄၀၂၆ ၂၃၀၅၈ ဖြစ်ပါတယ်။

    “မျက်ဝန်းလင်းစေသူ နှင့် ဘဝအလှ ဆင်သူ” အထုပတ္တိ စာအုပ်မှာ ” အနေတတ်၍ အသေမြတ်သူ ” ခေါင်းစဉ်ဖြင့် ပါဝင်ရေးသားထားတဲ့ ဆောင်းပါးရှင် အောင်သစ်(မန္တလေး) (ခ) အလင်းရောင်မှ ၄င်း၏ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားတဲ့ ဦးသန်းမြင့်စိုးအကြောင်း အကျဉ်းချူပ်ကို ပူးတွဲ၍ ဖော်ပြလိုက်ပါတယ်။

    မျက်ဝန်းလင်းစေသူ (သို့) ဟာဂျီ ဦးသန်းမြင့်စိုး
    ——————————————-ပရဟိတ အလုပ်တွေကို မြန်မာနိုင်ငံ မှာ အသင်းအဖွဲ့တွေနဲ့လုပ်နေကြတာ တွေ့ရပါတယ်။တစ်ဦးတစ်ယောက် ထဲနဲ့ ပရဟိတ လုပ်နေသူအချို့ရှိတဲ့ အထဲက အများအကျိုးကို ထိထိ ရောက်ရောက် တစ်ယောက်ထဲနဲ့ထူး ထူးခြားခြားလုပ်သွားသူတစ်ဦး မန္တလေးမြို့ မှာ ရှိခဲ့ဖူးပါတယ်။အဲဒီလူ ဟာ အစ္စလာမ်ဘာသာဝင် ဟာဂျီ ကိုသန်းမြင့်စိုး ဖြစ်ပါတယ်။
    .
    တစ်နေ့မှာ ပါဝါမျက်မှန်ကို အမြဲ တပ်ဆင်နေရတဲ့ ကိုသန်းမြင့်စိုးဟာ ပါဝါမျက်မှန်ကိုချွတ်ပြီး ရေချိုးခန်းမှာ တစ်မိနစ်လောက် မျက်စိမှိတ်ထားရာ မှောင်မည်းနေတဲ့အတွက် ဘာအရာ ဝတ္ထုကိုမျှ မမြင်နိုင်တဲ့အဖြစ်ကို ဆိုက်ရောက်သွားခဲ့ပါတယ်။အဲဒီအချိန်မှာ သူဟာ မျက်စိမမြင်တဲ့ သူတွေရဲ့ အဖြစ်ကိုစဉ်းစားမိပါတယ်။မျက်စိ မမြင်တာ ဘဝတစ်ခုလုံးဆုံးရှုံးစေ တာပဲလို့ စာနာနားလည်သွားပြီး မျက်စိမမြင်တဲ့လူ မျက်စိမှုန်တဲ့လူတွေကို မျက်စိအလင်းရအောင် ကူညီမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
    .
    ဟာဂျီကိုသန်းမြင့်စိုးဟာ မန္တလေး မြို့ ၃၅ လမ်း ၈၃ – ၈၄ လမ်းကြားမှာ Raleigh Sticker Shop ဆိုင်ကို ဖွင့်ပြီး စီးပွားရှာလို့ရတဲ့ ကိုယ်ပိုင် အမြတ်ငွေမှ မျက်စိမမြင်သူ များအား လူမျိုးဘာသာ မခွဲခြားဘဲ ခွဲစိတ်ခ အကုန်ကျခံလှူဒါန်းခဲ့တာ တစ်နှစ်ကို လူ ၂၀၀ နီးပါးမျှ မျက်စိ အလင်းရစေ ခဲ့ပါတယ်။သူ ဟာ မကွယ်လွန်မီ အချိန်ထိ မျက်စိမမြင်သူ လူဦးရေ ၁၀၀၀ ကျော်ခန့်ကို သူ့ကိုယ်ပိုင်ငွေ နဲ့ မျက်စိခွဲစိတ်ပေးပြီး အလင်းရစေခဲ့ ပါတယ်။မျက်စိလူနာများစွာကို စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီး မျက်စိခွဲစိတ်ဆရာဝန်မ ကြီး ဒေါက် တာ မေချိုချိုအေး နဲ့ ချိတ်ဆက်ကာ ခွဲစိတ် အလင်းရစေခဲ့ပါတယ်။အချို့ ကို မန္တလေး American visions မှ ဒေါက်တာ ဇော်ထွန်းလင်း နဲ့ ကျော် ဆေးခန်း မှာ ခွဲစိတ် အလင်းရ စေခဲ့ပါတယ်။ စာရေးဆရာ ကျော်ရင်မြင့် က ကိုသန်းမြင့်စိုးကို ဂုဏ်ပြုတဲ့ အနေနဲ့ ” မျက်လုံးပေါင်း တစ်ထောင် ရှိသူ ” ဆိုတဲ့ဆောင်းပါးကို ( ၆ – ၆ – ၂၀၀၈ ) နေ့ထုတ်”မော်ဒန် ” ဂျာနယ်မှာ ရေးသားခဲ့ပါတယ်။
    .
    ကိုသန်းမြင့်စိုး ဟာ ရေနံ့သာ မှာ ရှိတဲ့ အနာကြီးရောဂါသည် လူ အယောက် ၂၀ ကိုလည်း မျက်စိ အလင်းရအောင် ဒေါက်တာဦးစိန်ဝင်း နဲ့ ခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။

    ကိုသန်းမြင့်စိုးဟာ အလှူရေစက် လက်နဲ့မကွာ သူဖြစ်ပါတယ်။ နာဂစ်လေဘေးကျရောက်စဉ်က ဖျာပုံ မြို့ကို မန္တလေးမှ မွတ်စလင် အလှူရှင်များဖြစ်တဲ့ ဟာဂျီကိုအောင်ဇော်ဝင်း(စွမ်းအား လျှပ်စစ် )၊ ဟာဂျီ ဦးအောင်မြင့်ထွန်း ( Hi Tech )တို့ နဲ့ သိန်းငါးရာ တန်ဖိုးရှိ အစားအသောက် လူသုံးကုန်ပစ္စည်း များကို လေဘေးဒဏ် ဒုက္ခသည် လူမျိုးဘာသာမခွဲခြားဘဲ သွားရောက် လှူဒါန်းရာမှာလည်းပါဝင်ခဲ့ပါတယ်။ မေမြို့ (ပြင်ဦးလွင်) ဈေးကြီးထဲမှဈေး ဆိုင်ငယ်လေးများဟာ အရင်းအနှီး အတွက် ငွေတိုးချေးသူထံမှ မတန်တဆ အတိုးနဲ့လုပ်ကိုင်စား သောက်နေကြရတာကို ကိုသန်းမြင့်စိုး သိရှိတဲ့အခါမှာ အလွန်သနားပြီး မြို့ခံ ဦးညီညီရဲ့အကူအညီပေးမှု၊ ပံ့ ပိုးမှုနဲ့ ဈေးသည်များကို အတိုးမဲ့ချေး ငွေ ထုတ်ပေးကာ ဆင်းရဲဒုက္ခ ပြဿနာများအားပြေလည်စေခဲ့ပါတယ်။

    ကိုသန်းမြင့်စိုးဟာ မန္တလေးမြို့ သစ် သင်ပန်းကုန်းက အလုပ်လက်မဲ့ မိန်းကလေးများကိုလည်း မိမိကိုယ်ပိုင်ငွေမှ ရင်းနှီး မတည်ကာ အပ်ချုပ်စက်များဝယ်ကာ fatimah foundation စက်ချုပ်သင်တန်းကို ဖွင့်လှစ်ထူထောင်သင်ကြားစေခဲ့တာ အောင်မြင်ခဲ့ပါတယ်။
    လောက မှာသူတော်ကောင်း တွေဟာ အသက်တိုတယ်လို့ ဆိုချင် ပါတယ်။ဟာဂျီကိုသန်းမြင့်စိုး ဟာ သွေးကင်ဆာ ရောဂါကို သိန်းရာချီ အကုန်အကျခံကာ ကုသသော်လည်း ( ၁ – ၃ – ၂၀၁၁ ) အသက် ၅၇ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဇနီး ဟာဂျီမ ဒေါ်မြင့်မြင့်မော် နဲ့သား ဖြိုးအာကာ ဥက္ကာကျော်တို့ကျန်ရစ်ခဲ့ပါတယ်။

  • ဒု- ဗိုလ်မှူးကြီးကျော်ဝင်း [နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)၊ မော်ကွန်းဝင် (ပထမဆင့်)၊ စစ်မှုထမ်းကောင်းဘွဲ့]

    ဒု- ဗိုလ်မှူးကြီးကျော်ဝင်း [နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)၊ မော်ကွန်းဝင် (ပထမဆင့်)၊ စစ်မှုထမ်းကောင်းဘွဲ့]

    သြဂုတ် ၂၈ ၊ ၂၀၁၆
    M-Media
    Conel - Kyaw Win 2
    ကျောင်းသားဘဝ
    ——————–
    ၁၄-၄-၁၉၁၉ ရက်နေ့တွင် ထားဝယ်မြို့၊ခုံဝင်းဒရ်ရပ်၌ မြန်မာမွတ်စလင်မ် ဦးတိုးကျင်၊ အမိဒေါ်သိန်းခင်တို့မှ မွေးဖွားခဲ့ပါသည်။ ဖရစ်ရပ် ဆရာကြီး ဦးမျိုးရင် မူလတန်းကျောင်းနှင့် ၁၉၃၀ မှ ၁၉၃၅ ခုနှစ်ထိ ခုံဝင်းဒရပ်ဆရာမကြီး ဒေါ်အေးမေ အလယ်တန်းကျောင်းတွင် ပညာသင်ကြားပြီး ၁၉၃၅- ခုနှစ် တွင် အစိုးရဟိုက်စကူးကျောင်းသို့ ပြောင်း၍ ၁၉၃၉ ခုနှစ်တွင် (၁၀)တန်းအောင်သည်အထိ ပညာသင်ကြားခဲ့ပါ သည်။
    .
    နိုင်ငံရေး
    ———
    ၁။ ကျောင်းသားသမဂ္ဂ။    ။ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ကျောင်းသား ဘ၀ (၁၇) နှစ်သား အရွယ် (၁၉၃၆ မှစ၍ ၁၉၃၉ ခုနှစ်အထိ) ထားဝယ်ခရိုင်လုံးဆိုင်ရာကျောင်းသားသမဂ္ဂတွင် အတွင်း ရေးမှူးတာဝန် ၀တ္တရားများကို ထမ်းဆောင်လျက်၊ ကျောင်းသားများနှင့် ခရိုင်လူထုတစ်ရပ်လုံးအား ကျောင်းသားအရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုတို့တွင် ခေါင်းဆောင်မှုပေးခဲ့ပါသည်။ အထက်ပါ လုပ်ဆောင်ချက်ကို သိရှိသူများမှာ ဦးဗဆွေ (နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်)၊ ဗိုလ်မှူး တင်ထွန်း (နိုင်ငံ့
    ဂုဏ်ရည်ပထမအဆင့်)နှင့် သခင်တင်ထွန်း (ထားဝယ်) တို့ဖြစ်ကြပါသည်။
    .
    ၂။ တို့ဗမာအစည်းအရုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။            ။ ၁၉၃၉ခုနှစ် (၁၀)တန်းအောင်၍ ကျောင်းမှထွက်သောအခါတွင်လည်း ထားဝယ်ခရိုင်လုံးဆိုင်ရာ တို့ဗမာအစည်းအရုံးနှင့်ပူးပေါင်း၍နယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါသည်။
    .
    ၃။ လက်ရုံးတပ်နှင့် မြို့မတပ်။            ။ တို့ဗမာအစည်းအရုံး လက်ရုံးတပ်အင်အားနယ်ချဲ့များမှ.နှောက်ယှက်သဖြင့် မြို့မတပ်အမည်နှင့် တပ်ဖွဲ့ကို အသွင်ပြောင်း တည်ထောင်ရာတွင် တာဝန်ခံတစ်ဦးအဖြစ်ဖြင့် ပါဝင်ခဲ့ပါသည်။
    .
    စစ်ရေး
    ———
    ၄။ ဘီအိုင်အေခေတ်။        ။ ၁၉၄၂ ခုနှစ်၊ ဇန်န၀ါရီလတွင် ဂျပန်စစ်ဗိုလ်ကြီးများဖြစ်ကြသော ကာဝါးရှီမာ၊ အီဇူမီယားတို့နှင့် မြန်မာစစ်ဗိုလ်များဖြစ်ကြသော ဗိုလ်လက်ျာ၊ ဗိုလ်လရောင် တို့ ခေါင်းဆောင်၍ ယိုးဒယား(ထိုင်း)မှ ထားဝယ် စစ်ကြောင်း ဘီအိုင်အေတပ်သည် ထားဝယ်မြို့သို့ ရောက်ရှိပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) တိုးချဲ့ဖွဲ့စည်းရာတွင် အရာရှိတစ်ဦးအဖြစ် ဖြင့် တာဝန်ထမ်းဆောင်၍ လက်ရုံးတပ်နှင့် မြို့မတပ်သားများအား လက်နက်တပ်ဆင်ခြင်း၊ လေ့ကျင့်ရေးပေးခြင်း၊ (ဘီအိုင်အေ) တပ်မတော်သားအသစ်များ စည်းရုံးခြင်း၊ စုဆောင်းခြင်းများနှင့်နယ်ချဲ့တပ်များအား တိုက်ခိုက်ခြင်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
    .
    ဘီဒီအေခေတ်
    ———–
    ဘီဒီအေခေတ်တွင် ပထမပတ် ဗိုလ်သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းခံရသော်လည်း ကျန်းမာ ရေးချွတ်ယွင်းသွား၍ ဗိုလ်သင်တန်းတက်ရန် အချိန်မမီလိုက်သဖြင့် မင်္ဂလာဒုံအကြပ်တင်တန်းသို့တက်ရောက်ခဲ့ရပြီး၊ ကျောင်းဆင်းသောအခါ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကင်းတပ်တွင် တာဝန်ထမ်းဆောင်ရင်း တိုင်းစစ်ဌာနချုပ်မှ လျှို့ဝှက်စီစဉ်သော နိုင်ငံရေးသင်တန်းသို့ တက်ရောက်သင်ကြားခဲ့ပြီး၊ တိုင်းစစ်ဌာနချုပ်၏ စီစဉ်ချက်အရ တိုင်းစစ်ဌာနချုပ်တည်ရှိရာ (မြေထဲ) အောင်လံ၊ သရက်မြို့တွင်ရှိသော အရာရှိနှင့် အကြပ်များအား နိုင်ငံရေးသင်တန်း ပြုလုပ်ပို့ချပေးခြင်း။
    .
    ၁၉၄၅ ခုနှစ် တော်လှန်ရေး နီးကပ်လာသောအခါ အခြေခံနယ်မြေတည်ဆောက်ရေးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းရန်အတွက် (မြေထဲ) အောင်လံမြို့နယ် သမ္ဗုလကျေးရွာကို အခြေခံ၍ ကျေးရွာများကိုဦးဆောင်စည်းရုံးခဲ့ခြင်း (အထက်ပါလုပ်ဆောင်ချက်များကို သိရှိသူများမှာ နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှူးချုပ်စိန်ဝင်း) (နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်)၊ ဗိုလ်မင်းလွင် (ဆောက်လုပ်ရေး ကော်ပိုရေးရှင်း)နှင့် သံအမတ်ကြီး ဦးလှရွှေတို့ဖြစ်ပါသည်။
    .
    တော်လှန်ရေးနှင့် မျိုးချစ်တပ်မတော် (ပီဘီအက်ဖ်)
    —————————————
    မြေထဲ(အောင်လံ) မြို့နယ်၊ သမ္ဗုလကျေးရွာကို အခြေခံ၍ ကျေးရွာစည်းရုံးရေးလုပ်နေစဉ်အတွင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် မြေထဲအောင်လံမှ ပြန်ခေါ်၍ အထူးဆက်သားအဖြစ် တာဝန်ပေးအပ်ပြီး စစ်ဦးစီးချုပ်ထံစာပို့ခိုင်း၍ ဦးစီးချုပ်ကြီးထံပေးရပါသည်။ ထို့နောက် ဦးဗဆွေ၊ သခင်ထွန်းသော်၊ သခင်တင်ထွန်း (ထားဝယ်) တို့နေသော အမှတ်(၂၈)၊ ဘိုလိမ်းလမ်းသို့ သွားရောက်ရပါသည်။
    .
    ရေဒီယိုစက်လျှို့ဝှက်ယူသွားရန် အထူးတာဝန်ပေးအပ်ခံရခြင်း
    ——————————————-
    ထားဝယ်မြို့၊ သခင်ချိန်ပိုအားပေးအပ်ရန် သခင်တင်ထွန်းမှတစ်ဆင့် ရေဒီယိုစက်တစ်လုံး လက်ခံယူပြီး တော်လှန်ရေးဆင်နွှဲရန် တာဝန်ကျသော တိုင်း(၅) ထားဝယ်သို့ မော်လမြိုင်-ရေးမြို့တို့မှတစ် ဆင့်သွားရောက်ရပါသည်။ ယင်းအချိန် မြေထဲ (အောင်လံ)တွင်လည်းကောင်း၊ ရန်ကုန်တွင်လည်းကောင်း၊ ဂျပန်အချို့အား တပ်မတော်သားများက သတ်ဖြတ်၍ ကင်ပေတိုင်များကပိုက်စိပ်တိုက် ရှာဖွေနေချိန်ဖြစ်၍ ရန်ကုန်မှ မော်လမြိုင်သို့သွားရန် ရန်ကုန်ဘူတာကြီးသို့အရောက်တွင် ကင်ပေတိုင်များ၊ ဂျပန်စစ်မှုထမ်းများနှင့် ရေဒီယိုစက်ကို စစ်ကျောပိုးလွယ်အိတ်ဖြင့် လွယ်ထားသော ကျွန်တော်နှင့် ပက်ပင်းတိုးပါတော့သည်။ သိသွားလျှင် သေရမည်မှာ မုချဖြစ်သော်လည်း၊ ဟန်ကိုယ့်ဖို့ မာန်သူ့ဖို့ဆိုသောစကားနှင့်အညီ စွန့်စားရပါတော့သည်။ ဂျပန်များက ဘယ်ကလာ၍ ဘယ်သွား
    မည်နည်း၊ ဂျပန် စစ်မှုထမ်းအချို့ကို သတ်သူကို သိသလား၊ မင့်ဓားကို ခဏပြပါစသည်ဖြင့် မေးမြန်းသည်ကိုမှင်သေသေဖြင့် ထားဝယ်သို့ အခွင့်နှင့် သွားမည်ဖြစ်ကြောင်း၊ ဓားကိုကြည့်လိုလျှင်ပြမည် ဖြစ်ကြောင်းပြောပြီးဓားကိုပြပါသည်။ ဓားသွားတွင်သံချေးအနည်းငယ် တက်နေသဖြင့်၊ ၎င်းသည်သွေးဓားမဟုတ်လား၊ မင်းသတ်ရာမှာ ပါသလားစသည်ဖြင့်မေးသည်ကို ခရီးသွားနေသရွေ့ဓားကိုမတိုက်ဖြစ်ကြောင်း၊ သံချေးရိုးရိုးဖြစ်ကြောင်း၊ အချိန်နီးနေ၍တွဲရှာခွင့်ပြုရန် ခွင့်တောင်းပြီး၊ ကင်ပေတိုင်များနှင့် ဂျပန်စစ်မှုထမ်းများစီးသည့်တွဲတွင်ပင် စွန့်စားပြီး ရေးမြို့သို့ လိုက်ခဲ့ပါသည်။မော်လမြိုင်သို့ရောက်သောအခါလည်း အခြားနေရာများတွင်တည်းခိုလျှင် စစ်ဆေးမေးမြန်းခြင်းခံရပြီး သိရှိလျှင်သေမည်မှာ မုချဖြစ်၍ ကင်ပေတိုင်များနှင့်နီးနီးကပ်ကပ်နေလျှင် သံသယမဖြစ်နိုင်ဘဲရှိမည်ဟုတွက် ဆပြီး၊ မော်လမြိုင်တွင်လည်း ကင်ပေတိုင် စခန်းတွင်ပင် တည်းခိုခွင့်တောင်းပြီး စွန့်စားတည်းခိုခဲ့ပါသည်။
    .
    မော်လမြိုင်မှ ရေးသို့ အသွားတွင်လည်း ဂျပန်များစီးသည့်တွဲတွင်ပင် စီးပြီးသွားခဲ့ပါသည်။ရေးသို့ရောက်သောအခါ ထားဝယ်ဘက်ကမ်းသို့ ကူးပြီး အခြေအနေ လေ့လာနေစဉ်၊ဂျပန်စစ်သား တစ်သိုက်ထားဝယ်သို့သွားရန် ကားပေါ်တက်နေသည်ကိုမြင်၍ ထားဝယ်သို့လိုက်ပါရန် ခွင့်တောင်းရာခွင့်ပြုသဖြင့်၊ ဂျပန်စစ်သားများကြားတွင်ပင် စွန့်စားပြီးလိုက်ခဲ့ပါသည်။
    .
    ထားဝယ်သို့ရောက်လျှင်ရောက်ချင်း သခင်လူရှိန်မှ တစ်ဆင့် သခင်ချိန်ပိုထံသို့ ရေဒီယိုပေးအပ်လိုက်ပြီး၊ ညဘက်တွင် တွေ့ဆုံလိုကြောင်း မှာကြားလိုက်ပါသည်။၎င်းအချိန်တွင် သခင်ချိန်ပိုသည်ထားဝယ်မြို့ပေါ်တွင်ရှိသော်လည်း လျှို့ဝှက်စွာ နေထိုင်၍ လုပ်ငန်းအစီအစဉ်များကို ချမှတ်လုပ်ဆောင်လျက်ရှိပြီး ဖြစ်ပါသည်။
    .
    မဟာမိတ်တပ်မှလေထီးသမားများ ဆင်းသက်ရေးအတွက် အထူးတာဝန်ပေးအပ်ခံရခြင်း
    —————————————-
    မဟာမိတ်တပ်မှ လေထီးသမားများ လေထီးဖြင့် လျှို့ဝှက်ဆင်းသက်ရေး ကိစ္စတွင်နေရာ ရွေးချယ် ရေး၊လက်ခံကြိုဆိုရေး၊ နေရာချထားရေး၊ လုံခြုံရေးတို့ကို တာဝန်ပေးအပ်သဖြင့် တာဝန်ယူ လုပ်ဆောင်ခဲ့ပါသည်။
    .
    လေထီးဆင်းမည့်နေရာကို သရက်ချောင်းမြို့နယ် ကြာအင်းကျေးရွာမှ အတွင်းဘက်သို့ဝင်ပြီး(၃)မိုင်ခန့်သွားရသော ချောင်းကျသော အင်းပြားရွာအနီးလယ်ကွင်းကို ကျေးရွာတော်လှန်ရေးခေါင်းဆောင်ဖြစ်သူ ဦးကျော်လွန်း၊ ဦးဘရွှေတို့နှင့် တိုင်ပင်ရွေးချယ်ခဲ့ပါသည်။ သတ်မှတ်ထားသောရက်အတွင်း ကျွန်တော်ဦးကျော်လွန်း၊ ဦးဘရွှေ(၃)ယောက် လယ်ကွင်းတွင် အမှတ်အသားအတိုင်းမီးပုံများပြုလုပ်ရန်စီစဉ်ပြီး၊ ညတွင် လျှို့ဝှက်စောင့်ကြိုကြပါသည်။ သန်းခေါင်ချိန်ခန့်တွင် လေယာဉ်သံကြားသဖြင့် အချက်ပြမီးပုံများရှိရာ လေယာဉ်လာရောက် ပျံဝဲပါသည်။ သို့သော် လေထီးမဆင်းသက်ဘဲ ပြန်လည်ထွက်ခွာသွားပါသည်။ နောင်တွင်သိရသည်မှာ ညောင်ဇင်ကျေးရွာတွင် အလှူလုပ်၍ ညကြည့်ချင်ပွဲခံနေသဖြင့် စိတ်မချ၍ မဆင်းကြောင်း သိရှိရပါသည်။
    .
    ထို့နောက် မြိတ်မြို့တွင် ခရိုင်တာဝန်ထမ်းဆောင်လျက်ရှိသော သခင်စံဝင်းထံ စေလွှတ်သဖြင့်မြိတ်မြို့သို့သွားရောက်နေစဉ်အတွင်း မိမိရွေးချယ်ခဲ့သော နေရာတွင်ပင် (FORCE 136) မှ အချက်ပြဆက်သွယ်ရေးသမား ချင်းအမျိုးသားတစ်ဦး ၀ိုင်ယာလက်ဆက်သွယ်ရေးပစ္စည်း အပြည့် အစုံနှင့် ထားဝယ်သား ဗိုလ်ပါလေးတို့ ဆင်းသက်ကြကြောင်း မြိတ်မြို့မှအပြန်တွင် သိရပါသည်။
    .
    တော်လှန်ရေးအောင်မြင်ရန်နှင့် သခင်ခေါင်းဆောင်များအတွက် စွန့်စားရန်တာဝန်ပေးခံရခြင်း။
    ——————————————–
    မတ်လ(၂၇) ရက်နေ့ ကျော်လွန်လာသဖြင့် ခြေရာဖျောက်၍ တိုင်း(၅)လျှို့ဝှက်ဌာနချုပ်သို့ ၀င်တော့မည်ဖြစ်ကြောင်း သခင်ချိန်ပိုအား သတင်းပို့ရာ သခင်ချိန်ပိုက ဂျပန်ကင်ပေတိုင်များသည် မိမိကိုယခုလိုဖမ်းဆီးခြင်းမပြုဘဲ လွှတ်ထားသည်မှာ မြို့ပေါ်တွင် လျှို့ဝှက်နေကြသော သခင်တော် လှန်ရေးသမားများ(ဥပမာ-သခင်ချိန်ပို) ထင်ထင်ပေါ်ပေါ်နေ၍ မြေအောက်တော်လှန်ရေးသမားများနှင့် ဆက်သွယ်လှုပ်ရှားနေသော ပုဂ္ဂိုလ်များ(ဥပမာ-သခင်ဖိုးမှဲ့) စသည်တို့ကို ခြေရာခံရန် မိမိ၏လှုပ်ရှားမှုကို လေ့လာအကဲခတ်၍ ဖော်ထုတ်ဖမ်းဆီးနိုင်ရန်ဖြစ်ကြောင်း၊ ထို့ကြောင့် စွန့်စားပြီး ဧပြီလ သင်္ကြန်ပြီးသည်အထိ မြို့ပေါ်တွင်ပင် ပေါ်ထင်စွာဣနြေ္ဒမပျက် သတိဝီရိယဖြင့်နေပြီး သင်္ကြန်ပြီးမှ တိုင်း(၅)ဌာနချုပ်သို့သွားရောက်ရန် ညွှန်ကြားသဖြင့် တော်လှန်ရေး အောင်မြင်ရေးနှင့် အများအ
    တွက် စွန့်စားခဲ့ရသည်။
    .
    သင်္ကြန်ကျပြီးသည်နှင့် နှစ်ရက် သုံးရက်ခန့် အတွင်းဂျပန်ကင်ပေတိုင်(၂)ယောက်နှင့် စကားပြန်တစ်ဦး မှောင်စပျိုးချိန်တွင် အိမ်သို့ဖမ်းဆီးရန် လာရောက်ကြသည်။ စကားပြန်မှာ တပည့်ဖြစ်နေ၍ ဆရာ့အားဖမ်းဆီးရန်လာခြင်းဖြစ်ကြောင်း တီးတိုးပြောသဖြင့် အိမ်ခန်းထဲပြန်ဝင်ပြီး အစ်ကိုအား ဂျပန်များ နှင့် စကားပြောရန် ဧည့်ခံဖို့ထွက်စေပြီး အိမ်နောက်ဖေးဘက်မှ ရှောင်တိမ်းလွတ်မြောက်၍ ကြာအင်းရွာမှတစ်ဆင့် တိုင်း(၅)စစ်ဌာနချုပ်ရှိရာ အင်းပြားရွာသို့ သွားရောက်ပြီး တော်လှန်ရေး ဆက်လက်
    ဆင်နွှဲပါသည်။
    .
    တိုင်း(၅)တွင် တော်လှန်ရေးအတွင်း တပ်များကို တိုးချဲ့စည်းရုံးဖွဲ့စည်း၍ တော်လှန်ရေး ဆက်လက်ဆင်နွှဲခဲ့ရာ ဒုဗိုလ်၊ ဗိုလ်အဆင့်ဖြင့် တိုးမြှင့်ခံရပြီး တိုင်းစစ်ဌာနချုပ်တွင် တပ်ရေးဗိုလ်ကြီးအဖြစ်တော်လှန်ရေးပြီးသည်အထိ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။ အထက်ပါ လုပ်ဆောင် ချက်များကို သိရှိသူများမှာ ဦးဗဆွေ (၀န်ကြီးချုပ်ဟောင်း၊ နိုင်ငံ့ဂုဏ်ရည်ပထမအဆင့်) ဗိုလ်မှူးတင်ထွန်း (နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်)နှင့် သခင်တင်ထွန်း (ထားဝယ်)တို့ ဖြစ်ကြပါသည်။
    .
    မျိုးချစ်တပ်မတော်အား ယခုလက်ရှိ တပ်မတော်သို့ အသွင်ပြောင်း ပြန်လည်ဖွဲ့စည်းရာတွင် ဆက်တိုက်ပါဝင်ခဲ့ရာ ၁၉၄၆ ခုနှစ် ဇန်န၀ါရီလ(၁၄)ရက်နေ့တွင် မြန်မာ့တပ်မတော် ပြန်တမ်းဝင်အရာရှိ ဘီစီ-၃၅၇၈ ဒု-ဗိုလ်အဖြစ် ခန့်အပ်ခြင်းခံရပြီး ပြည်မြို့ မြန်မာ့သေနတ်ကိုင်တပ်ရင်း(၄)သို့ နိုင်ငံတော်ကောင်စီဝင်များဖြစ်ကြသော ဗိုလ်မှူးကြီးသန်းစိန်၊ ဗိုလ်မှူးကြီးမင်းသိမ်း၊ ဗိုလ်မှူးကြီး  သာကျော်တို့နှင့်အတူ သွားရောက်၍ (၁၁-၁-၄၈)ခုနှစ်အထိ တာဝန်ယူခဲ့ရပါသည်။
    .
    ဗဟိုစစ်ကျောင်းတွင် ခေါင်းဆောင်လူငယ်သင်တန်းမှူးဗိုလ်ကြီးအဖြစ်လည်းကောင်း၊ လကရ(၁) မင်္ဂလာဒုံတွင် တပ်ရေးဗိုလ်ကြီးအဖြစ်လည်းကောင်း၊ စစ်ရုံးတွင်ဦးစီး(က) စစ်ဆင်ရေး/လေ့ကျင့်ရေး (တပ်)၊ ဗဟိုစစ်ကျောင်းတွင် ယာယီကျောင်းအုပ် ဗိုလ်ကြီးအဖြစ်လည်းကောင်း၊ ဒု-ကျောင်းအုပ် ဗိုလ်မှူးအဖြစ်လည်းကောင်း၊ ယာယီကျောင်းအုပ်ဗိုလ်မှူးအဖြစ်လည်းကောင်း၊ ဒု-တပ်ရင်းမှူး ခလရ(၁၄)ဗိုလ်မှူး အဖြစ်လည်းကောင်း၊ ခလရ(ဂ)ယာယီ တပ်ရင်းမှူး ဗိုလ်မှူးအဖြစ် လည်းကောင်း
    ခလရ(ဂ)တွင် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအဖြစ်လည်းကောင်း၊ ခလရ(၃)တွင် ဒုတိယဗိုလ်မှူး ကြီး တပ်ရင်းမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
    .
    ခလရ(၃)တွင် တပ်ရင်မှူး ဒု-ဗိုလ်မှူးကြီးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူး၊ ပါကစ္စတန်နိုင်ငံ ဒေသန္တရ ဗိုလ်မှူးကြီးအဖြစ် ပါကစ္စတန်နိုင်ငံတွင်လည်းကောင်း၊ ချင်း(၄)တွင် တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးအဖြစ်လည်းကောင်း၊ ခလရ(၇)တွင် တပ်ရင်းမှူး၊ ဒု-ဗိုလ်မှူးကြီးအဖြစ် လည်းကောင်း၊ ရပခတွင် ဒု-တိုင်းမှူး၊ ဒု-ဗိုလ်မှူးကြီးအဖြစ်လည်းကောင်း၊ အရှေ့ပိုင်း နယ်ခြားတိုင်းတွင် တိုင်းမင်းကြီးအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့ပါသည်။
    .
    ခလရ(၇)တွင် တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးအဖြစ်လည်းကောင်း၊ ရပခတွင် ဒု-တိုင်းမှူး၊ ဒု-ဗိုလ်မှူးကြီး အဖြစ်လည်းကောင်း၊ အရှေ့ပိုင်း နယ်ခြားတိုင်းတွင် တိုင်းမင်းကြီးအဖြစ်လည်းကောင်း၊ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနတွင် အထွေထွေ အုပ်ချုပ်ရေးမှူး၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့ ဒု-ဗိုလ်မှူးကြီးအဖြစ်လည်းကောင်း၊ ကချင်(၄)တွင် တပ်ရင်းမှူးဒု-ဗိုလ်မှူးကြီးအဖြစ်လည်းကောင်း၊ နတခတွင် ဦးစီး(ပ)ရေးထောက် ဒုတိယဗိုလ်မှူးကြီးအဖြစ် လည်းကောင်း၊ စက်မှုဝန်ကြီးဌာနတွင် အထူးအရာရှိ ဒုတိယဗိုလ်မှူးကြီးအဖြစ်လည်းကောင်း၊ စက်မှုဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်၊ ဒေသန္တရစက်မှုလက်မှု ကြီးကြပ်ကွပ်ကဲမှု ညွှန်ကြား ရေးဦးစီးဌာန၊ ဒုတိယဗိုလ်မှူးကြီးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
    .
    စက်မှုဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် ဒေသန္တရစက်မှုလက်မှုကြီးကြပ်ကွပ်ကဲမှု  ညွှန်ကြား ရေးဦးစီးဌာန၊ ဒုတိယဗိုလ်မှူးကြီးအဖြစ်လည်းကောင်း၊ အမှတ်(၂) စက်မှုဝန်ကြီးဌာနတွင် ဦးဆောင်ညွှန်ကြားရေးမှူး၊ စက္ကူနှင့်ဓာတုဗေဒလုပ်ငန်း ကော်ပိုရေးရှင်း၊ တပ်မတော်မှ အငြိမ်းစားယူပြီး အရပ်ဘက် တာဝန်အဖြစ်ဖြင့် ကူးပြောင်းထမ်းဆောင်ခဲ့ပါသည်။ ၁၈-၇-၇၇ ခုနှစ်တွင် အမှတ်(၂)စက်မှုဝန်ကြီးဌာန၊ စက္ကူနှင့်ဓာတုဗေဒလုပ်ငန်း ကော်ပိုရေးရှင်း၊ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ်မှ အငြိမ်းစားယူခဲ့ပါသည်။
    .
    ထားဝယ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၌ ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရပါ၍ ၁၈-၅-၈၆ ရက်နေ့မှ တာဝန်ယူခဲ့သည်။
    .
    ၁၉၈၄ ခုနှစ် ဟာ့ဂ်ျ ရွေးချယ်ရေးအဖွဲ့တွင် တနင်္သာရီတိုင်း ပြည်သူ့ကောင်စီကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ ၁၉၈၆ ခုနှစ် ဟာ့ဂ်ျရွေးချယ်ရေးအဖွဲ့တွင်  တနင်္သာရီတိုင်း ပြည်သူ့ကောင်စီ ကိုယ်စားလှယ်အဖြစ်လည်းကောင်းတာဝန်ယူခဲ့သည်။
    .
    မော်ကွန်းဝင်ပထမအဆင့်ဘွဲ့ကို နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ဘီအိုင်အေ၊ ဘီဒီအေ၊ ပီဘီအက်ဖ် တပ်မတော်တို့တွင် ဆက်တိုက်ပါဝင်ကြိုးပမ်းဆောက်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်မှ (၂၇-၉-၇၅)နေ့တွင် ချီးမြှင့်ခြင်း ဖြစ်ပါသည်။ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်ဘွဲ့ကို  နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ဘီအိုင်အေ၊ ဘီဒီအေ၊ ပီဘီအက်ဖ်  တပ်မတော်တို့တွင် အသက်စွန့်ကြိုးပမ်း စွမ်းစွမ်းတမန်တာဝန်ထမ်းဆောင်ခဲ့ခြင်းကြောင့် နိုင်ငံတော် မှ ၄-၁-၈၄ နေ့တွင် ချီးမြှင့်ခံရပါသည်။
    .
    နိုင်ငံတော် စစ်မှုထမ်းဟောင်းဘွဲ့ကို တပ်မတော်ထဲဝင်သည့် ၁၉၄၂ ခုနှစ်မှ ၁၉၇၂ ခုနှစ် အငြိမ်းစား ယူသည်အထိ နှစ်ကာလရှည်လျားစွာ စစ်မှုထမ်းခဲ့သည့်အပြင်၊ စစ်သက်တမ်းတစ်လျှောက်တွင် ပြစ်မှုကင်းရှင်းခြင်းကြောင့် နိုင်ငံတော်က ၆-၁-၈၃ နေ့တွင် ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။
    .
    ဒု-ဗိုလ်မှူးကြီးကျော်ဝင်းသည် ထားဝယ် ကူးသန်းရောင်းဝယ်ရေးလီမီတက်တွင် ပထမဦးဆုံး ဒါရိုက်တာ (၇) ဦးအနက် တစ်ဦးဖြစ်ခဲ့သူ အီး-အေစူလတီ (ခ) ဦးဘအို၏ သားသမက်ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် အနိစ္စရောက်ခဲ့သော ဒါရိုက်တာဦးထွန်းရှိန်၏နေရာတွင် အစားထိုး၍ ဒါရိုက်တာအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ ကုမ္ပဏီ၏ လုပ်ငန်းများကို (၆) နှစ်မျှ မိမိစွမ်းဆောင်နိုင်သည့်ဘက်မှ အထူးကြိုးစား၍ ကူညီဆောင်ရွက်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ကျန်းမာရေးချို့တဲ့လာခဲ့သဖြင့် ဒါရိုက်တာအဖြစ်မှ နုတ်ထွက်ခဲ့သည်။

    (ဒု) ဗိုလ်မှူးကြီးကျော်ဝင်း မှာ ၆-၉-၂၀၀၆ တွင် ကွယ်လွန်ခဲ့ပါသည်။

    ** ဧကရာဇ်စာဆိုနှင့် မိုးစင်ကြယ် စာစောင်ပါ ရွှေဘိုသီရိမာလာ၏ ဆောင်းပါးကို ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။

    (ဓါတ်ပုံများ ပေးပို့ကူညီသည့် ဒု-ဗိုလ်မှူးကြီး ကျော်ဝင်း၏ ဆွေမျိုးများအား M-Media မှ ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။ )