News @ M-Media

Author: editor

  • သမ္မတသစ် ဦးထင်ကျော်အား ပြည်တွင်း အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများမှ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့

    သမ္မတသစ် ဦးထင်ကျော်အား ပြည်တွင်း အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများမှ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့

    မတ် ၁၆၊ ၂၀၁၆
    M-Media
    မိုးစက်
    U Htin Kyaw 1

    ရန်ကုန်။    ။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏  (၉) ယောက်မြောက် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသော  ရွေးကောက်ပွဲ အနိုင်ရပါတီ NLD ပါတီမှ ရွေးချယ်တင်မြောက်ခဲ့သည့် နိုင်ငံတော် သမ္မတသစ် ဦးထင်ကျော်အား ပြည်တွင်းမှ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများက ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ပါတယ်။

    “ဒီလိုမျိုး စာထုတ်ချင်တာ နှစ်ပေါင်း ၅၀ ရှိပြီ။ လူတွေ ပြည်သူတွေအားလုံး ဒီနိုင်ငံတိုးတက်ဖို့ အတွက် မျှော်နေတာ။ နိုင်ငံတိုးတက်ဖို့ အတွက် အရပ်ဖက် အစိုးရတစ်ဖွဲ့ပေါ်ပေါက်လာတဲ့ အပေါ်မှာ အစ္စလာမ် သာသနာရေးရာ ကောင်စီအနေနဲ့လည်း စောင့်မျှော်လျှက် ရှိနေပါတယ်။ ကျွန်တော်တို့ ဘာသာရေး အဖွဲ့အစည်းအနေနဲ့ ရှေ့ဆက်မယ့် တိုင်းပြည်အတွက် ကျရာကဏ္ဍမှာ ဆောင်ရွက်ဖို့ ရှိပါတယ်” ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်မှ အတွင်းရေးမှူးချုပ်ဖြစ်သူ ဟာဂျီ ဦးတင်မောင်သန်းက ဆိုပါတယ်။
    12380138_543225029174796_1834808141_n
    အဆိုပါ အစ္စလာမ်သာသာရေးရာကောင်စီ ဌာနချုပ်က နိုင်ငံတော်သမ္မတအဖြစ် ဦးဆောင်မည့် အစိုးရအဖွဲ့သစ်သည် ကမ္ဘာ့အလယ်တွင် ဂုဏ်ရှိန်မြင့်မားသော နိုင်ငံတော်အဖြစ် တည်ဆောက်နိုင်ပါစေကြောင်းကိုလည်း ဆန္ဒပြုဆုတောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

    နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့အတွက် ပြည်သူအားလုံးနှင့်အတူ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ထားတာကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ပဲ ဖြစ်ပါတယ်။

    “သမ္မတ သက်တမ်းတစ်လျှောက်မှာလည်း နိုင်ငံအကျိုး အများပြည်သူအကျိုး တိုင်းပြည်အကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်မိပါတယ်။ တိုင်းပြည်ရဲ့တာဝန်တွေမှာလည်း အဖွဲ့ချုပ် အနေနဲ့ စွမ်း စွမ်းတမံဆောင်ရွက်ပေးပြီး နိုင်ငံသားပီသစွာ ကိုယ့်တာဝန်ကို ကျေပွန်အောင် ကျွန်တော်တို့ ဆက်လက် ထမ်းဆောင်ပေးမှာပါ” လို့ မမလ ဌာနချုပ် ဥက္ကဌ ဖြစ်တဲ့ ဟာဂျီ ဦးမြင့်ထွန်းက ပြောဆိုခဲ့ပါတယ်။
    12108772_699003866909419_1701465641962111698_n
    မတ်လ ၁၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့  ပြည်ထောင်စုလွှတ်တော် အစည်းအဝေး  နိုင်ငံတော်သမ္မတသစ် ရွေးချယ်တင်မြှောက်ပွဲတွင် ဒု-သမ္မတ ၃ ဦးတွင် ဦးထင်ကျော်အား မဲ အများဆုံး ၃၆၀ ဖြင့် နိုင်ငံတော်သမ္မတ အသစ်အဖြစ် လည်းကောင်း၊ လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချူပ် ဦးမြင့်ဆွေ (ဒုတိယ ဗိုလ်ချူပ်ကြီး- အငြိမ်းစား) က၂၁၃ မဲ ဖြင့် လည်းကောင်း၊ NLD အမျိုးသား လွှတ်တော် အမတ် ချင်းအမျိုးသား ဦးဟင်နရီ ဗန်ထီးယူ က ၇၉ မဲ အဖြစ်လည်းကောင်း ရရှိခဲ့ကြပြိး  ဒု-သမ္မတ များ အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပါသည်။

  • Prairie Dog နှင့် Bemoulli’s Principle

    Prairie Dog နှင့် Bemoulli’s Principle

    မတ် ၁၆ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    Prairie Dog
    ၁၈ရာစုတုံးက ဆွစ်ဇာလန်သား သင်္ချာနဲ့ ရူပဗေဒပညာရှင် Daniel Bernoulli ဟာ အရည် ၊ အငွေ့တွေနဲ့ ဆိုင်တဲ့ စည်းမျဉ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။

    အရည်/အငွေ့တစ်ခုရဲ့ စီးဆင်းမူအမြန်နှုန်းဟာ အဲဒီ အရည်/အငွေ့ရဲ့ ဖိအားနဲ့ ပြောင်းပြန်အချိုးကျတယ်လို့ ။

    ဆိုတော့ မြန်မြန်စီးဆင်းလေ ဖိအားနည်းလေ ။ စီးဆင်းမှုနှေးလေ ဖိအားများလေပေါ့။

    ဒါကို Bernoulli’s principle လို့ ခေါ်ပါတယ်။

    Bernoulli’s principle ကို လူသားတိုင်းနားလည်ချင်မှ နားလည်ပါလိမ့်မယ်။ ဒါပေမဲ့ ပညာရှင် Daniel Bernoulli မတိုင်ခင်ကတည်းက Prairie Dog တွေဟာ ဒီစည်းမျဉ်းကို နားလည်လို့ လက်တွေ့အသုံးချနေပြီ ဖြစ်ပါတယ်။

    Prairie Dog တွေဟာ မြေအောက် ကျွင်းလှိုင်ခေါင်းထဲမှာနေထိုင်တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့အတွက် ကျွင်းထဲမှာ ကောင်းမွန်တဲ့ လေဝင်လေထွက်စနစ် ရှိဖို့လိုအပ်ပါတယ်။ မဟုတ်ရင် သူတို့ အသက်ရှုကြပ် သေဆုံးကုန်မှာပါ။

    သူတို့ဟာ သူတို့ရဲ့ မြေအောက်ကျွင်းလှိုင်းခေါင်းကို တူးတဲ့အခါမှာ လေဝင်လေထွက် အတွက် လှိုင်ခေါင်းထိပ်၂ဖက်ကို အပေါက် ၂ပေါက် ဖောက်ထားပါတယ်။

    တစ်ပေါက်ရဲ့ တည်နေရာဟာ ကျန်တစ်ပေါက်ရဲ့ တည်နေရာထက် ပိုမြင့်မားပါတယ်။

    ကျွန်တော်တို့သိတဲ့အတိုင်း လေတိုက်ခိုက်မူဟာ အမြင့်ရောက်လေ ပြင်းထန်မြန်ဆန်လေဖြစ်ပြီး၊ အနိမ့်ကိုရောက်လေ လေတိုက်နှုန်းနှေးကွေးလေ ဖြစ်ပါတယ်။

    ဆိုတော့ Prairie Dog တွေရဲ့ ကျွင်းပေါက် ၂ပေါက်ဟာ တစ်ခုနဲ့ တစ်ခု အနိမ့်အမြင့် မတူတဲ့အတွက် အဲဒီ ၂နေရာမှာရှိတဲ့ လေတိုက်နှုန်းတွေဟာ မတူညီပါဘူး။

    အနိမ့်ပိုင်းမှာရှိတဲ့ ကျွင်းပေါက်နား လေတိုက်ခိုက်မူက နှေးကွေးပြီး ၊ အမြင့်ပိုင်းမှာရှိတဲ့ လေတိုက်ခိုက်မူက မြန်ဆန်ပါတယ်။

    ဒါကြောင့် Bernoulli’s principle အရ အနိမ့်ပိုင်းမှာရှိတဲ့ ကျွင်းပေါက်နား လေထုဖိအားဟာ များပြားပြီး၊ အမြင့်ပိုင်းမှာရှိတဲ့ ကျွင်းပေါက်နား လေထုဖိအားဟာ နည်းပါးနေပါတယ်။

    အရည်/အငွေ့တွေဟာ ဖိအားများရာကနေ ဖိအားနည်းရာဆီ စီးဆင်းသွားလာပါတယ်။ ဒါကြောင့် ဖိအားများတဲ့ အနိမ့်ပိုင်းကျွင်းပေါက်ကနေ လေတွေဝင်လာပြီး အသိုက်လှိုင်ခေါင်း တစ်လျှောက်ဖြတ်သန်းကာ ဖိအားနည်းတဲ့ အမြင့်ပိုင်းကျွင်းပေါက်ကနေ ထွက်သွားပါတယ်။

    တကယ်လို့များ သူတို့တွေသာ ကျွင်းပေါက်၂ခုကို အမြင့်တူတူမှာ တည်ဆောက်ထားမယ်ဆို လေဝင်လေထွက်စနစ်ဟာ ဒီလို ကောင်းမွန်နေမှာမဟုတ်ပါဘူး။

    (South Carolina Science Grade 8 , Chapter 12: Gravity, Friction, and Pressure ၊ Pg , 421)
    ( Animal Physiology, Third Edition, by Richard Hill, Gordon Wyse, and Margaret Anderson , Chapter 22 : Induction of Internal Flow by Ambient Currents)

    Fluid Mechanics နဲ့ ပတ်သတ်တဲ့ စာအုပ်တစ်အုပ်မှမဖတ်ရှုဖူးတဲ့ ၊ Bernoulli’s principle အကြောင်း မသင်ကြားခဲ့ရဖူးတဲ့ Prairie Dog တွေဟာ သူတို့ရဲ့ အသိုက်တစ်လျှောတ် လေဝင်လေထွက်ကောင်းမွန်စေရန် ကျွင်းပေါက်၂ခုရဲ့ အမြင့်တွေကို ကွဲပြားစွာ ထားရှိရမယ်ဆိုတာကို ဘယ်လိုများ သိနားလည်နေကြပါလိမ့်။

    ** အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါသည်။

  • ၁၉၆၂ နောက်ပိုင်း ပထမဆုံး ဒီမိုကရေစီနည်းကျ သမ္မတကို လွှတ်တော်က ရွေးချယ်

    ၁၉၆၂ နောက်ပိုင်း ပထမဆုံး ဒီမိုကရေစီနည်းကျ သမ္မတကို လွှတ်တော်က ရွေးချယ်

    Htin
    မတ် ၁၆ ၊ ၂၀၁၆
    ရန်ကုန် (Myanmar Now) – ပြည်ထောင်စုလွှတ်တော်ဟာ စစ်တပ် ကျောထောက်နောက်ခံ မဟုတ်တဲ့ အရပ်သားစစ်စစ် သမ္မတတစ်ဦးကို အင်္ဂါနေ့မှာ ရွေးချယ်လိုက်ပါပြီ။
    .
    ၁၉၆၂ ခုနှစ်မှာ စစ်တပ်က ပါလီမန်ဒီမိုကရေစီအစိုးရလက်ထဲကနေ အာဏာသိမ်းပြီးနောက် ဆယ်စုနှစ်ငါးခုကျော် အကြာမှာ ဒီမိုကရေစီနည်းကျစွာနဲ့ အရပ်သားသမ္မတတစ်ဦးကို ပထမဆုံးအကြိမ် တင်မြှောက်လိုက်ခြင်းပဲဖြစ်ပါတယ်။
    .
    ၆၉ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးထင်ကျော်ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနားမှာ နှစ်ကာလကြာရှည်စွာ ကူညီပံ့ပိုးပေးခဲ့သူတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ် ဒုသမ္မတလောင်းအဖြစ် အဆိုပြုမခံရမီအချိန်ထိတော့ သူဘယ်သူဘယ်ဝါဆိုတာကို ပြည်သူတွေက တိတိကျကျ မသိကြပါဘူး။
    .
    သူ့ကို လွှတ်တော်မှာ စုစုပေါင်းမဲ ၆၅၂ မဲအနက် ထောက်ခံမဲ ၃၆ဝ နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံရဲ့ အမြင့်ဆုံးအဆင့်ကိုပေးထားတဲ့ သမ္မတရာထူးအတွက် ရွေးချယ်တင်မြှောက်လိုက်ခြင်းဖြစ်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က တင်တဲ့ ဦးမြင့်ဆွေက ၂၁၃ မဲ၊ အမျိုးသားလွှတ်တော်ကတင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု အမတ်တစ်ဦးဖြစ်တဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူက ၇၉ မဲ ရရှိကြပြီး ဒုသမ္မတများ ဖြစ်လာကြပါတယ်။
    .
    မဲရလဒ်တွေကို ကြေညာချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေဟာ လက်ခုပ်ဩဘာတီးပြီး ရလဒ်ကို သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
    .
    စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ မြန်မာနိုင်ငံ အတွက် ဦးထင်ကျော် သမ္မတဖြစ်လာခြင်းဟာ အရပ်သားတွေရဲ့ အခန်းကဏ္ဍအားကောင်းလာမယ့် သဘောကို ပြနေပေမယ့် အသက် ၇ဝ ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်အောင် တားထားနိုင်ပြီး သဘောထားတင်းမာသူလို့ နာမည်ထွက်တဲ့ စစ်တပ်ခေါင်းဆောင်ဟောင်းတစ်ဦးကို ဒုသမ္မတအဖြစ် တင်နိုင်ခဲ့တဲ့ စစ်တပ်ရဲ့ ဆက်လက်လွှမ်းမိုးချုပ်ကိုင်ထားမှုကိုလည်း သိထားဖို့ လိုပါမယ်။
    .
    ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ‘ရုပ်ပြသမ္မတ’ အနေနဲ့ပဲရှိမှာဖြစ်ပြီး သမ္မတရဲ့အထက်မှာ သူရှိနေမယ်လို့ ဒေါ်စုကိုယ်တိုင်က ပြောထားပြီးဖြစ်ပါတယ်။
    .
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာ ထောက်ခံမဲ အပြတ်အသတ်နဲ့ နိုင်သွားပြီး တဲ့နောက် ပြည်သူတွေက လူထုခေါင်းဆောင်အပေါ် နှစ်ခြိုက်လိုလားတယ် ဆိုတာကို တပ်မတော်အနေနဲ့ နောက်ဆုံး နားလည်လက်ခံသွားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မတစ်ခုကို ပြန်လည် ပြင်ဆင်ပေးလေ မလားရယ်လို့ မျှော်လင့်ချက်တွေ မြင့်မားခဲ့ကြပါတယ်။
    .
    ဒါပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိရဲ့ ခင်ပွန်း၊ ဇနီးသည်နဲ့ သား၊ သမီးတွေ နိုင်ငံခြားသားဖြစ်နေရင် သမ္မတတာဝန်ယူခွင့် မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းဟာ ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်သလို သူတို့သားနှစ်ဦးဟာလည်း လက်ရှိမှာ ဗြိတိန်နိုင်ငံသားတွေဖြစ်ကြပါတယ်။
    .
    ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့သစ်မှာ နိုင်ငံခြားရေး ဝန်ကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်သွားမယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိပါတယ်။ ဒီရာထူးကိုယူခဲ့မယ်ဆိုရင် သူ့အနေနဲ့ နိုင်ငံရဲ့ နိုင်ငံခြား ဆက်ဆံရေးကို ဦးဆောင်ရင်း တစ်ဖက်ကလည်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေဆုံးဖြတ်ရာမှာ အဓိကကျတဲ့ အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီမှာ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။
    .
    ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတယ်ဆိုတာကလွဲပြီး ဦးထင်ကျော်ရဲ့ နောက်ကြောင်း အချက်အလက်တွေကို သိပ်မသိကြပေမယ့် ပြည်သူတွေကတော့ သူတို့ရဲ့ မထင်မရှား သမ္မတသစ်အပေါ် အပြုသဘောနဲ့ မြင်ကြပါတယ်။
    .
    မြန်မာ့ နိုင်ငံရေးခေတ် စနစ်ပေါင်းစုံကို ဖြတ်သန်းခဲ့ဖူးတဲ့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကတော့ “တိုင်းပြည်ရဲ့ အနာဂတ် ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
    .
    “NLD ပါတီ အစိုးရဖွဲ့နိုင်ပြီဖြစ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို သူတို့ ဖြစ်စေချင်သလို တဖြည်းဖြည်း လုပ်ဆောင် သွားနိုင်မယ်လို့ ထင်ပါတယ်။ ဦးထင်ကျော်အကြောင်းကိုတော့ ကျွန်တော် အများကြီးမသိလို့ မှတ်ချက်မပေးလိုပါဘူး” လို့ သခင်ချန်ထွန်းက ပြောပါတယ်။
    .
    ရန်ကုန်မြို့ထဲမှာ မုန့်ဆိုင်ဖွင့်ထားတဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်မိုးသီ ကတော့ ရွေးကောက်ပွဲမှာ NLD ကို မဲထည့်ခဲ့သူတစ်ဦးပါ။
    .
    သူက “လှိုက်လှဲစွာကြိုဆိုပါတယ်၊ ဦးထင်ကျော် သမ္မတဖြစ်တာကိုပေါ့။ ဆရာကြီး ဦး(မင်း)သုဝဏ်ရဲ့သား ဖြစ်ရုံတင်မကဘူး။ သူကိုယ်တိုင်ကလည်း ပညာတတ်တစ်ယောက်ဖြစ်တဲ့အတွက် တိုင်းပြည်အတွက် အများကြီးမျှော်လင့်မိပါတယ်။ ကျွန်မတို့မှာ သားသမီးတွေလည်းရှိတော့ သူတို့ရဲ့အနာဂတ်အတွက်တင်မကဘူး ကျွန်မတို့ အသက်ကြီးသွားတဲ့အခါမှာ ရင်ဆိုင်ရမှာတွေအတွက်ပါ စိတ်အေးသွားသလိုခံစားရပါတယ်” လို့ ပြောပါတယ်။
    .
    ရန်ကုန်မြို့ထဲမှာပဲနေတဲ့ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ မွတ်စလင်တစ်ဦးဖြစ်သူ ဦးကျော်ဇံကတော့ ဦးသိန်းစိန် လက်ထက်မှာ ဗုဒ္ဓဘာသာ အစွန်းရောက်တွေ ဖြန့်ခဲ့တဲ့ မွတ်စလင် မုန်းတီးရေးတရားတွေကို အစိုးရသစ်က ရပ်တန့် ပေးနိုင်လို့မယ်လို့ထင်ကြောင်း ပြောပါတယ်။
    .
    “ဘာသာရေးနဲ့ပတ်သက်တဲ့ ပဋိပက္ခတွေလည်း လာမယ့် အစိုးရသစ်လက်ထက်မှာ ကွယ်ပျောက်သွားလိမ့်မယ် လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တာလည်း ကောင်းပါတယ်။ သူက အသက်ကြီးပြီဆိုတော့ နားနားနေနေနဲ့ဆိုတော့ အချိန်ကြာကြာနဲ့ပိုပြီးတော့ ဦးဆောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
    .
    ရန်ကုန်မြို့ကပဲ ထင်ရှားတဲ့ မွတ်စလင်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးအေးလွင်ကတော့ သူဟာ သမ္မတသစ်အဖြစ် ရွေးကောက်ခံ ထားရတဲ့ ဦးထင်ကျော်နဲ့ တစ်ကျောင်းတည်း တက်ဖူးပြီး သဘောကျစရာကောင်းတဲ့ လူတစ်ယောက် အဖြစ် သိထားတယ်လို့ ပြောပါတယ်။ မနှစ်က ဒေါ်အောင်ဆန်းစုကြည် အိမ်မှာလုပ်တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအစည်းအဝေး တစ်ခုမှာ ဦးထင်ကျော်နဲ့ ဆုံဖူးစဉ်က မှတ်မိတာတစ်ခုကို ပြောပြပါတယ်။
    .
    “ကိုယ်က မိတ်မဆက်ခင် သူကအရင်လာပြီးတော့ကို စကားပြောတာ။ ဆိုလိုတာက သူက အင်မတန်စိတ်ထားနူးညံ့တဲ့သူပါ။ ဘာမာန်မာနမှရှိဘူး” လို့ ဦးအေးလွင်က ဆိုပါတယ်။
    .
    ဒါ့ပြင် ဦးအေးလွင်က သမ္မတသစ်ရဲ့လက်အောက်မှာ မြန်မာနိုင်ငံက မွတ်စလင်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အတိုင်း နိုင်ငံသား အခွင့်အရေးတွေ အပြည့်အဝရလာပြီး တရားဥပဒေစိုးမိုးမှုကိုလည်း ခံစား ရလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။
    .
    ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ ကိုမြတ်သူက သမ္မတသစ်ဟာ အခြေခံ ဥပဒေအရ သူ့ကိုလုပ်ပိုင်ခွင့်ပေးထားတဲ့ ဝန်ကြီးဌာနတွေမှာ ပြုပြင်ပြောင်းလဲရေးကို အောင်အောင် မြင်မြင် လုပ်နိုင်လိမ့်မယ်လို့ ထင်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ စစ်တပ်က တိုက်ရိုက်ခန့်ထားမယ့် ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေအပေါ်မှာတော့ အလားတူ တိုးတက်မှုမျိုးကို မြင်ရနိုင်မှာ မဟုတ်ဘူးလို့လည်း ဖြည့်စွက်ပြောပါတယ်။
    .
    ဒေါ်စုအပေါ်သစ္စာခံတဲ့ သမ္မတ၊ ဦးသန်းရွှေရဲ့လူယုံတော် ဒုသမ္မတ
    —————————————————————–
    ဦးထင်ကျော်ဟာ မျိုးရိုးစဉ်ဆက် ကောင်းသူတစ်ဦးဖြစ်ပါတယ်။ သူဟာ လန်ဒန်တက္ကသိုလ်ကနေ ကွန်ပြူတာသိပ္ပံဘာသာရပ်နဲ့ ဘွဲ့ရသူတစ်ဦးပါ။ မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားတဲ့ ကဗျာဆရာတစ်ဦးဖြစ်သလို စာရေးဆရာတစ်ဦးလည်းဖြစ်တဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ သားဖြစ်ပါတယ်။ မင်းသုဝဏ်ဟာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းကလည်း ကမာရွတ်မြို့နယ်ရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ဦးဖြစ်ပေမယ့် အဲဒီတုန်းက စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုခဲ့ပါဘူး။
    .
    ဦးထင်ကျော်ဟာ ယခုလွှတ်တော်သက်တမ်းမှာ ကိုယ်စားလှယ်တစ်ဦးမဟုတ်ပေမယ့် စစ်အစိုးရ လက်ထက် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကျခံရစဉ် ကတည်းက အနီးကပ် ကူညီခဲ့သူတစ်ဦးပါ။ သူဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အကြီးတန်း အမှုဆောင်အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။
    .
    သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်စုစုလွင်ကတော့ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ရွေးကောက်ပွဲတွေမှာ နှစ်ကြိမ်ဆက်တိုက် ရွေးကောက်တင်မြှောက်ခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ ဒေါ်စုစုလွင်ရဲ့ ဖခင်ကလည်း NLD ပါတီကို ကနဦးစတင်ထူထောင်ခဲ့သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။
    .
    “ဦးထင်ကျော်က ကိုယ်ရည်ကိုယ်သွေးကောင်းသူ တစ်ယောက်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို သူ တောက်လျှောက် ကူညီလာခဲ့တယ်။ ပိုပြီး အရေးကြီးတဲ့ အချက်က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုလိုက်ပြီဆိုရင် သူဟာ သမ္မတတာဝန်ကို လိုလိုလားလားနဲ့ကို လွှဲပြောင်းပေးမှာပါ” လို့ သမ္မတစိစစ်ရွေးချယ်ရေးမှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်သူ NLD ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းက ပြောပါတယ်။
    .
    လွှတ်တော်က ဒုသမ္မတနှစ်ဦးကိုလည်း ရွေးချယ်ခဲ့ရာမှာ နှစ်ဦးစလုံးက စစ်တပ်အရာရှိဟောင်းတွေပဲ ဖြစ်ပါတယ်။
    .
    ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကို လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း နေရာယူထားတဲ့ စစ်တပ်ကိုယ်စားလှယ်တွေက တင်မြှောက်ခဲ့လို့ ဒုတိယမဲအများဆုံးရသွားခဲ့ ဒုသမ္မတ (၁) နေရာကို ရရှိသွားခဲ့ပါတယ်။ သူ ဒုသမ္မတဖြစ်လာတာဟာ နာမည်မကောင်းတဲ့စစ်အစိုးရခေတ်က လူတစ်ယောက်ကို NLD အစိုးရအဖွဲ့အတွင်း အက္ခရာကျကျ သွတ်သွင်းလိုက်တဲ့ အနေအထားဖြစ်ပါတယ်။
    .
    ဦးမြင့်ဆွေဟာ ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ်သူတစ်ဦးဖြစ်တယ်လို့ သိထားကြသလို ၂ဝဝ၄ ခုနှစ်တုန်းက ထောက်လှမ်းရေးခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဖယ်ရှားခဲ့တဲ့ဖြစ်ရပ်အပြီးမှာလည်း ထောက်လှမ်းရေးကို ကိုင်တွယ်ရသူဖြစ်လာပါတယ်။ ဦးမြင့်ဆွေဟာ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုခံထားရသူတွေ စာရင်းထဲမှာ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးဖြိုခွဲမှုအပြီးတစ်နှစ်အကြာမှာ ထည့်သွင်းခံထားရသူဖြစ်ပြီး၊ ယခုအချိန်ထိလည်း ဒီစာရင်းထဲမှာရှိနေပါသေးတယ်။
    .
    ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူကလည်း စစ်တပ်အရာရှိဟောင်း တစ်ဦးဖြစ်သလို NLD ပါတီရဲ့ ချင်းတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပါတယ်။ ။

    ဓါတ်ပုံအညွှန်း- မတ်လ ၁၁ ရက်နေ့က နေပြည်တော်မှာ တွေ့ရတဲ့ ဦးထင်ကျော် နဲ့ ဇနီး ဒေါ်စုစုလွင် (ဓာတ်ပုံ – NLD)

    Myanmar Now သတင်းဌာနမှ ကူးယူဖော်ပြသည်။

  • စစ်တွေ – နှစ်ခြမ်းခွဲထားတဲ့ မြို့

    စစ်တွေ – နှစ်ခြမ်းခွဲထားတဲ့ မြို့

    Sittwe-A-City-Divided-FEATURE-PHOTO
    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခများကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်မှာ ၃ နှစ်ကျော်ခဲ့ပါပြီ။ ယင်းပဋိပက္ခကြောင့် ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ် ဘာသာဝင်များ ထိခိုက်ခဲ့ကြသည်။ နိုင်ငံတကာ မီဒီယာများက ရိုဟင်ဂျာ ဟု ခေါ်လေ့ရှိသည့် မွတ်စလင်များကို မြန်မာအစိုးရက နိုင်ငံသားပြုခွင့် ငြင်းပယ်ထားပြီး ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူ ဘင်္ဂါလီများအဖြစ် သတ်မှတ်ထားသည်။
    .
    ၂၀၁၂ ခုနှစ် အဓိကရုဏ်း၏ နောက်ဆက်တွဲဖြစ်ရပ်မှာ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် နေထိုင်ကြသူများသည် စိုးရိမ် သံသယမကင်းသည့်စိတ် ဖြစ်ပေါ်နေခြင်းပင် ဖြစ်သည်။ မကြာသေးမီက ဧရာဝတီ သတင်းဌာနအနေဖြင့် စစ်တွေမြို့သို့ သွားရောက် လေ့လာခဲ့ရာတွင် မြို့အနှံ့ လုံခြုံရေးဝန်ထမ်းများ ချထားပြီး မွတ်စလင်များ နေထိုင်သော ရပ်ကွက် အ၀င်လမ်းများတွင် စစ်ဆေးရေးဂိတ်များ၌  ရဲဝန်ထမ်းများကို တွေ့ခဲ့ရသည်။ ယင်းရပ်ကွက်အတွင်း လူသူနေထိုင်ခြင်း မရှိသည့် အိမ်များတွင် လုံခြုံရေး ရဲဝန်ထမ်းများ၏ စခန်းအဖြစ် အသွင်ပြောင်းထားသည်ကို တွေ့ရှိခဲ့ရသည်။
    .
    ဒေသခံများသည် လုံခြုံရေးများ၏ စောင့်ကြည့်မှုအောက်တွင် တိုးတိုးတိတ်တိတ် ပြောဆိုနေထိုင်ကြရပြီး ၎င်းတို့နေထိုင်ရသည့် အနေအထားကို နေအိမ်အကျယ်ချုပ် ကျခံနေရသည် အခြေအနေနှင့် နှိုင်းယှဉ်ခဲ့ပြီး စစ်တွေမြို့ကို လုံခြုံရေး လျှော့ချပေး ရန် မျှော်လင့်ကြောင်း ပြောကြသည်။
    .
    အခွင့်မရှိ မ၀င်ရ
    —————-
    ဧရာဝတီ သတင်းဌာနသည် စစ်တွေသို့ သွားရောက်ခဲ့ပြီး ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံမေးမြန်းရန် မျှော်လင့်ခဲ့ပါသည်။ သို့သော် တာဝန်ရှိသူများက မွတ်စလင် ရပ်ကွက်ဖြစ်သော အောင်မင်္ဂလာ (ဒေသခံများက အမ်ပါလာ ရပ်ကွက်ဟု သိကြသည်) ရပ်ကွက်သို့ ရခိုင်လူမျိုးများအား ၀င်ရောက်ခွင့် မပြုသကဲ့သို့ မွတ်စလင်များကိုလည်း ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများ နေထိုင်သည့် ရပ်ကွက်များသို့ ၀င်ထွက်သွားလာခွင့် တားမြစ်ထားပါသည်။ ထို့သို့ ကန့်သတ်ထား ရခြင်းမှာ မမျှော်လင့်သော ဥပဒေချိုးဖောက်မှုများကို ကာကွယ်ရန်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
    .
    မွတ်စလင်ရပ်ကွက်သို့ သွားရောက် လည်ပတ်မည်ဆိုပါက တရားဝင် ခွင့်ပြုချက် လိုအပ်ပသည်။ ဧရာဝတီ သတင်းဌာန သွားရောက်လေ့လာခဲ့ချိန်တွင် လက်နက်ကိုင်ထားသော လုံခြုံရေး ၀န်ထမ်းတဦးသည် အောင်မင်္ဂလာ ဗလီရှေ့တွင် စောင့်ကြပ်နေသည်ကို တွေ့ခဲ့ရသည်။ ဒေသခံအနည်းငယ်နှင့် စကားပြောနေခိုက် ယူနီဖောင်း ၀တ်ဆင်ထားသော ရဲဝန်ထမ်းတယောက် ရောက်ရှိလာပြီး  လာရောက် လည်ပတ်သည့် ဧည့်သည်များအား မေးခွန်းတချို့ မေးမြန်းပါသည်။
    .
    “ဒီမှာ ကျနော်တို့က သူတို့လုံခြုံရေးအတွက် တာဝန်ယူနေတာပါ။ သူစိမ်းတွေကို အထဲသွားခွင့် မပြုပါဘူး။ ဒီရပ်ကွက်ထဲကို ၀င်ဖို့အတွက် ခင်ဗျားတို့ တရားဝင် ခွင့်ပြုချက်လိုပါတယ်” ဟု ၎င်းက ပြောသည်။
    .
    စစ်တွေတွင် အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသော ရန်ကုန်မှ ရောက်ရှိနေသည့် မွတ်စလင်တဦးဖြစ်သူ ကိုဇော်ဇော်အတွက် ဒေသခံ အာဏာပိုင်များထံမှ ယင်းသို့ လည်ပတ်ခွင့်ပြုမိန့် တောင်းခံရခြင်းမှာ အသစ်အဆန်း မဟုတ်ပေ။
    .
    “တကယ်လို့ ဒီရပ်ကွက်ထဲကို ၀င်ချင်ရင် ရခိုင်ပြည်နယ် အစိုးရရဲ့ တရားဝင် ခွင့်ပြုချက်လိုပါတယ်” ဟု ကြားဝင်ရှင်းပြပြီး.မည်သည့် အင်တာဗျူးမဆို တာဝန်ကျ လုံခြုံရေးဝန်ထမ်းများ၏ စိစစ်အတည်ပြုချက် ရယူပြီးမှသာ မေးမြန်းဆောင်ရွက်
    ရကြောင်း ကိုဇော်ဇော်က ပြောသည်။ ကိုဇော်ဇော်က မွတ်စလင် ရပ်ကွက်များတွင် ရဲတပ်ဖွဲ့များ စခန်းချထားခြင်းမှာ နိုင်ငံရေး ရည်ရွယ်ချက်တခု ဖြစ်နိုင်သည်ဟု ယူဆထားသည်။
    .
    “ဆိုးရွားတဲ့ ရလဒ်တွေ မဖြစ်အောင် ကျနော်တို့ ရှောင်ရှားရမယ်။ ပြီးတော့ ဖြစ်လာမယ့် နောက်ဆက်တွဲတွေကိုလည်း သေသေချာချာ စဉ်းစားဖို့လိုပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တည်ငြိမ်အေးချမ်းဖို့ ကျနော်တို့ အာရုံစိုက်ရမှာပါ” ဟု ကိုဇော်ဇော်က ပြောသည်။
    .
    နေအိမ်အကျယ်ချုပ်
    ———————
    တချိန်က စစ်တွေမြို့ ၊ စည်ပင်ဈေးတွင် အောင်မင်္ဂလာ ရပ်ကွက်နေ မွတ်စလင်များပိုင်ဆိုင်သော ဆိုင်ခန်းပေါင်း ၁၅၀ ကျော်ရှိခဲ့သည်။ ယနေ့အချိန်တွင် မွတ်စလင်များကို ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနေထိုင်သော ရပ်ကွက်သို့ ၀င်ရောက်ခွင့် မပေးသည့်အတွက် စီးပွားရေးဆောင်ရွက်သော နေရာဖြစ်သည့် ထိုဆိုင်ခန်းများ အားလုံးမှာ ယနေ့အချိန်တွင် ပိတ်ထားရပါသည်။
    .
    စစ်တွေမြို့နယ် ဘုမေကျေးရွာတွင် နေထိုင်သူ အာမတ်အိုစန်က ၎င်းတို့ရွာသားများသည် ဈေးဝယ်ခွင့်နှင့် မြို့ထဲတွင် အလုပ်လုပ်ရန် တားမြစ်ခံထားရသည့်အတွက် သဲချောင်းရွာမှ လူသုံးကုန် ပစ္စည်းများကို ၀ယ်ယူကြကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောပါသည်။ သဲချောင်းရွာဆိုသည်မှာ တချိန်က ကျေးရွာဖြစ်သော်လည်း ယခုအခါတွင် ပြည်တွင်း မွတ်စလင်များကို ပြန်လည် နေရာချထားသော ဒုက္ခသည်စခန်းတခု ဖြစ်ပါသည်။
    .
    အာမတ်အိုစန်သည် လမ်းဘေး ဆိုင်ခန်းတခန်း ပိုင်ဆိုင်ပြီး တနေ့လျှင် အများဆုံး မြန်မာငွေ ၃၀၀၀ ကျပ် ၀င်ငွေရှိပါသည်။ သို့သော် ထိုပမာဏမှာ ၎င်းမိသားစုဝင် ၈ ယောက်အား ကျွေးမွေးရန် မလုံလောက်ပါ။ ၎င်း၏ နေအိမ်မှာ ပကတိအတိုင်း
    ကျန်ရှိခဲ့သော်လည်း ဘုမေရွာရှိ အိမ်ခြေ ၄၀ ကျော်သည် ပဋိပက္ခကာလအတွင်း မီးရှို့ဖျက်ဆီး ခံခဲ့ရသောကြောင့် ဒုက္ခသည်စခန်းတွင် နေထိုင်ကြသည်။
    .
    ဒေသခံ အာဏာပိုင်များက တချို့ ရခိုင်လူမျိုးများကို ဒုက္ခသည်စခန်းတွင် ကုန်ပစ္စည်းရောင်းရန် ခွင့်ပြုခဲ့သော်လည်း မွတ်စလင်များကို တူညီသော အခွင့်အရေးမပေးပါ။ စခန်းမှ မည်သည့် နေရာသို့မျှ ထွက်ခွာခွင့်မပြုပါ။
    .
    ဒုက္ခသည်များစခန်းသို့ ရွေ့ပြောင်းသူများသည် အကူအညီပေးသည့် အဖွဲ့များထံမှ အစားအစာနှင့် အ၀တ်အထည်များ စသည့် အထောက်အပံ့များ ရရှိကြသော်လည်း ရွာတွင် ကျန်ခဲ့သည့် လူများမှာ မည်သည့် အကူအညီမျှ မရရှိကြောင်း အာမတ်အိုစန်က ပြောသည်။
    “ဒုက္ခသည်စခန်းမှာ နေရတာထက်စာရင် ကိုယ့်အိမ်မှာ ကိုယ်နေရတာက ပိုကောင်းပါတယ်” ဟု အာမတ်အိုစန်က ပြောသည်။
    .
    လက်ရှိအချိန်တွင် တခြားသူများက ချုပ်နှောင်ခံထားရသူများနှယ် ခံစားနေရသော်လည်း ဘုမေရွာသား အာမတ်အိုစန် အဖို့.ယင်းသို့ တစိုးတစဉ်းမျှ မရှိ။
    .
    အောင်မင်္ဂလာ ရပ်ကွက်အတွင်း နေထိုင်သော မွတ်စလင် အုပ်ချုပ်ရေးမှူး မာမတ်ဟူစိန်ကမူ “ကျနော်တို့ နေအိမ် အကျယ်ချုပ် ကျနေသလို ခံစားရပါတယ်” ဟု ၎င်းတို့ နေထိုင်ရသည့်ပုံစံကို ပြောသည်။
    .
    ပြောင်းလဲသွားတဲ့ ဆက်ဆံရေး
    ——————————–
    ကိုဇော်ဇော်က ၎င်းနှင့် ရင်းနှီးသည့် ဗုဒ္ဓဘာသာ ရခိုင်လူမျိုးသူငယ်ချင်း၊ မိတ်ဆွေများနှင့် ဆက်ဆံရေးမှာ ပဋိပက္ခဖြစ်ပြီး.နောက်ပိုင်း ပျက်ယွင်းခဲ့ကြောင်း ပြောသည်။
    .
    “ပဋိပက္ခတွေ ဖြစ်ပြီးနောက်မှာ ကျနော်တို့ ဆက်ဆံရေးတွေ ပြောင်းလဲသွားခဲ့တယ်။ အခုတော့ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးကို ကျနော်တို့ ပြန်တည်ဆောက်နေကြပါပြီ။ လမ်းမှာတွေ့တဲ့ အခါကျရင် ကျနော်တို့က နှုတ်ဆက်တယ်။ တခါတလေ စီးပွားရေးအကြောင်း ပြောဖြစ်ကြတယ်။ ဒါပေမယ့် အရင်လို အခြေအနေကို ပြန်ရောက်ဖို့က ခက်ခဲနေပါသေးတယ်” ဟု ကိုဇော်ဇော်က ပြောသည်။
    .
    စစ်တွေမြို့ ၊ ဘောက်သီးစုရပ်ကွက်၊ သာသနာ့ရံသီ ဘုန်းကြီးကျောင်းရှိ သြဇာတိက္ကမ ကြီးမားသော ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ဓမ္မိကသည် ၂၀၁၂ ခုနှစ် ပဋိပက္ခများ ဖြစ်ပွားစဉ်ကာလတွင်း မွတ်စလင်နှင့် ဗုဒ္ဓဘာသာ လူမှုအဖွဲ့အစည်းများ အကြား ပြေလည်မှုရစေရန် ကြားဝင် ဖျန်ဖြေခဲ့သူဖြစ်သည်။ လက်ရှိဖြစ်ရပ်များမှာ  မြန်မာအစိုးရက နှစ်ဖက်စလုံးကို အသုံးချ၍ လိုသလို ကစားနေသည်ဟု ဆရာတော်က ရှုမြင်သည်။ ထိုသို့ဆိုလျှင် နှစ်ဖက်စလုံး ထိခိုက်မည်ဖြစ်ပြီး၊ အားနည်းချက်ကို အခွင့်အရေးသမားများက အမြတ်ထုတ်သွားမည် ဖြစ်ကြောင်း ဆရာတော်က ရှင်းပြသည်။
    .
    ဆရာတော် ဘဒ္ဒန္တ ဓမ္မိက မွတ်စလင် ဘာသာဝင်များ နေထိုင်ရာ ရပ်ကွက်တွင် လုံခြုံရေးဝန်ထမ်းများ ချထားခြင်းဖြင့် တာဝန်ရှိသူများက မတူညီသော ဘာသာနှစ်ခုကြား မယုံကြည်မှု၊ တင်းမာမှုများကို အသုံးချကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
    .
    “မွတ်စလင်ရပ်ကွက်တွေကို ရေရှည် စောင့်ကြပ်ဖို့ဆိုတာ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘူး။ ဒါဟာ ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်း မဟုတ်ဘူး။ အဓိက ပဋိပက္ခဖြစ်ရတဲ့ အခြေခံအကြောင်းအရင်းကို ရှာရရမှာ” ဟု ဆရာတော်က ပြောသည်။
    .
    ထိုရပ်ကွက်များ၌ စောင့်ကြပ်နေသော ရဲဝန်ထမ်းအရေအတွက်ကို တာဝန်ရှိသူများက ဖြည်းဖြည်းချင်း လျှော့ချပေးသွားလိမ့်မည်ဟု ဆရာတော်က မျှော်လင့်သည်။
    .
    “တချို့နေရာတွေက လုံခြုံရေးအင်အား (လျှော့ချတာမျိုး) စမ်းသပ်သင့်တယ်။ တကယ်လို့ အဲဒီတနေရာမှာ အောင်မြင်ခဲ့ရင် တခြားနေရာတွေမှာလည်း အဲဒီလိုမျိုး စမ်းပြီးတော့ လုပ်လို့ ရတာပေါ့” ဟု ဆရာတော်က ပြောသည်။
    .
    ကိုဇော်ဇော်ကလည်း ဆရာတော် ဘဒ္ဒန္တ ဓမ္မိက၏ အကြံပြုချက်ကဲ့သို့ အပြောင်းအလဲများကို အသေးအမွှားမှ စတင်ကာ.ဆောင်ရွက်သင့်ကြောင်း ယူဆသည်။ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနှင့် မွတ်စလင်တို့ အတူအကွ စုပေါင်း နေထိုင်ကြခဲ့ကြသော စစ်တွေမြို့ကို ယခင် အနေအထားသို့ ပြန်လည် ရောက်ရှိရန် ဒေသခံတို့ အတွက် စိတ်ကူးယဉ်ဖို့တောင် ခက်ခဲနေပါသေးသည်။
    .
    နှစ်ဖက်အသိုင်းအ၀ိုင်း ပြန်လည် သင့်မြတ်လာစေရေးအတွက် စစ်တွေမြို့တွင် အစိုးရ၏ မဖြစ်စလောက်သော အစပျိုးမှုသာ ရှိခဲ့သည်။ များမကြာမီ အာဏာလွှဲပြောင်းပေးရတော့မည့် သမ္မတ ဦးသိန်းစိန်၏ အကြံပေးတဦးဖြစ်သော ဒေါက်တာ ကျော်ရင်လှိုင် ဦးဆောင်၍ ၂၀၁၄ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ငြိမ်းချမ်းရေး တည်ဆောက်ရန် အဖွဲ့တဖွဲ့ တည်ထောင်ခဲ့ပါသည်။
    .
    ပဏာမ ရည်မှန်းချက်တခုမှာ ဘာသာရေး အဖွဲ့အစည်းနှစ်ခုကြား တင်းမာမှုများ လျော့ကျရန် ဖြစ်သည်။ နှစ်ဖက်အသိုင်း အ၀ိုင်းတွေ့ဆုံကာ ဆွေးနွေးအဖြေရှာမည့် စကားဝိုင်းတခု စီစဉ်ပေးရန် ယင်းအဖွဲ့အား တောင်းဆိုခဲ့ကြသော်လည်း လက်ရှိ အချိန်ထိ ယင်းအစီအစဉ်မှာ အထမမြောက်သေးပေ။
    .
    အသေးစိတ် ထပ်မံ သိရှိနိုင်ရန် ဧရာဝတီ သတင်းဌာနက ဒေါက်တာ ကျော်ရင်လှိုင်၏ ဖုန်းအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။
    .
    အားကိုးရာမဲ့နေသော မတူညီသည့် လူ့အဖွဲ့စည်း နှစ်ခုက နောက်တက်လာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သော အစိုးရအနေဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အထင်အရှား ရှိနေသေးသည့်  ပဋိပက္ခများ၏ နောက်ဆက် တွဲကိစ္စရပ်များကို ဖြေရှင်းရန် မျှော်လင့်လျက်ရှိသည်။
    .
    ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော မိုးမြင့်၏ Sittwe: A City Divided ကို ဆုမွန်ဖြိုး ဘာသာပြန်ဆိုသည်။

    ဧရာဝတီမှ ကူးယူဖော်ပြပါသည်။
    http://mobile.irrawaddy.com/article/2016/03/15/109970.html

  • တိုင်းပြည်ကို မောင်းနှင်သူများရဲ့ လက်တစ်ကမ်းမှ ဦးသျှောင်

    တိုင်းပြည်ကို မောင်းနှင်သူများရဲ့ လက်တစ်ကမ်းမှ ဦးသျှောင်

    DASSK
    ၂၀၁၆ မတ်လ ၈ ရက်၊ ရန်ကုန်မြို့ NLD ဋ္ဌာနချုပ် ရံပုံငွေရောင်းချပွဲတွင်တွေ့ ရသော ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားများနှင့် NLD ပါတီအမှတ်တံဆိပ်ပုံများ။

    မတ် ၁၅ ၊ ၂၀၁၆
    M-Media

    ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဖြစ်မလာနိုင်တော့ပေမယ့် ရှေ့ဆက်ဇာတ်လမ်းမှာ သူမကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။

    မြန်မာနိုင်ငံရဲ့ နောက်တက်မယ့် သမ္မတသစ် ဦးထင်ကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို နောက်ဆုံးအချိန်မှာ သိကြရပါပြီ။ ယခင်က သူနဲ့ပတ်သက်ပြီး မကြားဖူးကြပေမယ့် သိပ်မဆန်းကြယ်လှပါဘူး။ ဒါဟာ တစ်စိတ်တစ်ဒေသသော အစီအမံဖြစ်နေလို့ပါပဲ။

    ယခုသီတင်းပတ်အစောပိုင်းမှာ အတိုက်အခံ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဦးထင်ကျော်ကို ပါတီရဲ့ဦးဆောင်ကိုယ်စားလှယ်လေင်းအဖြစ် အမည်တင်သွင်းခဲ့တယ်။ သမိုင်းဝင်နိုဝင်ဘာရွေးကောက်ပွဲကို သောင်ပြိုကမ်းပြို အနိုင်ရပြီးတဲ့နောက် NLD အနေနဲ့ သမ္မတအမည်တင်သွင်းခွင့် ရရှိသွားတယ်။ သို့တိုင်အောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ သမ္မတ ဖြစ်ခွင့် ရှိမနေပါဘူး။ စစ်တပ်အာဏာရှင်တွေ စီမံရေးဆွဲထားခဲ့တဲ့ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက အဲ့ဒီထိပ်တန်းနေရာအတွက် သူမကို ပိတ်ဆို့တားဆီးထားလို့ဖြစ်ပါတယ်။ နိုင်ငံခြားသားဇနီးခင်ပွန်းနဲ့သားသမီးရှိသူ မည်သူပင်ဖြစ်စေ ပ,ထုတ်လိုက်ဖို့ စစ်ဗိုလ်ချုပ်တွေက ကြိုတင်ပြင်ဆင်စီမံထားခဲ့တာပါ။ အထူးသဖြင့် ဗြိတိသျှအမျိုးသားနဲ့လက်ထပ်ထိမ်းမြားခဲ့ပြီး ဗြိတိန်နိုင်ငံသား သားနှစ်ဦးရဲ့မိခင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တယ်ဆိုတာ အလွန်ထင်ရှားပါတယ်။

    ဒါပေမယ့်လည်း မြန်မာမဲဆန္ဒရှင်အများစုက ဒါကိုအရေးမစိုက်ဘဲ မိမိတို့ဟာ သူမကိုသာ နိုင်ငံ့ဦးဆောင်သူအဖြစ် အလိုရှိကြောင်း သောင်းသောင်းဖျဖျ ပြသခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒါကို ကောင်းကောင်း သိရှိထားပြီးသားပါ။ ရွေးကောက်ပွဲမတိုင်မီကလည်း ပါတီက အနိုင်ရရှိခဲ့ရင် အုပ်ချုပ်ရေးကဏ္ဍတိုင်းမှာ ကိုင်တွယ်စီမံဖို့ ရည်ရွယ်ထားပြီးဖြစ်တယ်လို့ အများသိအောင် ပြောကြားခဲ့ပြီးဖြစ်တယ်။ သူမဟာ “သမ္မတရဲ့အထက်မှာ ရှိနေမယ်၊ ဆုံးဖြတ်ချက်အားလုံးကို ချမှတ်မယ်” ဆိုပြီး လူသိရှင်ကြား ကြေငြာခဲ့ပါတယ်။ သမ္မတဆီမှာ အာဏာမရှိဘူးလို့ မပြောယုံတမယ်ပါပဲ။ အမှန်တကယ်မှာလည်း သူမကသာ ကိုင်တွယ်စီမံသွားမှာကြောင့်ဖြစ်တယ်။ ဦးထင်ကျော်(၆၉ နှစ်)ကို သူမ ရွေးချယ်လိုက်တာဟာ သူမရဲ့ကြွေးကြော်မှု အတိုင်း လျှောက်လှမ်းခြင်းကို ပြသလိုက်ခြင်းလို့ ဆိုရပါမယ်။

    ဦးထင်ကျော်ရဲ့ အရည်အသွေးပြည့်မီမှုက သံသယထားစရာ မလိုအပ်သော်လည်း ကိုယ်ပိုင်နိုင်ငံရေးသြဇာတက္ကိမ မကြီးမားလှပါဘူး။ သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အထက်တန်းကျောင်းနေဖက်ဖြစ်ခဲ့ပြီး ၁၉၆၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က စီးပွားရေးဘွဲ့ကို ဆွတ်ခူးခဲ့တယ်။ အစိုးရအလုပ်ကို ၀င်ရောက်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ဒီမိုကရေစီထောက်ခံသူအတိုက်အခံဖက်နဲ့ ပိုမိုနီးစပ်လာခဲ့တယ်။ ၁၉၉၂ ခုနှစ်မှာ အစိုးရအလုပ်က နှုတ်ထွက်လိုက်ပြီး ဒေါ်စုကြည်ဖက်ကနေ လုပ်ငန်းဆောင်ရွက်ခဲ့တယ်။ ဒေါ်စုကြည်ကို ကိုယ်တိုင်ကိုယ်ကျ ကားမောင်းပို့ဆောင်ပေးတဲ့အထိ သူဟာ သူမရဲ့ အနီးကပ်လက်ရုံးတစ်ဆူ ဖြစ်လာခဲ့ပါတယ်။ (ယခုရက်သတ္တပတ်အတွင်း နိုင်ငံခြားသတင်းဋ္ဌာနများကနေ သူ့အတိတ်အရည်အချင်းကို ခေါင်းစည်း တပ်မိလို့ မြန်မာဆိုရှယ် မီဒီယာတွေမှာ တော်တော့်ကို ပွက်လော ရိုက်သွားကြတယ်)။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အခရာစီမံခန့်ခွဲသူ ဦးထင်ကျော်ဟာ ရိုးသားပြီး နှိမ့်နှိမ့်ချချရှိသူ၊ သိမ်မွေ့ယဉ်ကျေးသူအဖြစ် အကြီးအကျယ် လေးစားခံရသူဖြစ်တယ်။ စစ်တပ်နဲ့နီးစပ်ရာ အရင်းအမြစ်တွေကဆီကပင်လျှင် သူ့ကို လူကောင်းသူမွန်တစ်ဦးအဖြစ် အသိအမှတ်ပြုထားကြောင်း ပြောဆိုကြပါတယ်။

    အကယ်၍ NLD ကို မျိုးရိုးကြီးမြင့်သူတို့ရဲ့အုပ်စိုးမှုခံရတဲ့ပါတီလို့ ဆိုခဲ့မယ်ဆိုရင်လည်း ဦးထင်ကျော်ဟာ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်တစ်ဦးပါလို့ ဆိုရပါမယ်။ သူရဲ့ကွယ်လွန်သူဖခင် စာဆိုကျော်ကြီး မင်းသုဝဏ်က ၁၉၉၀ ခုနှစ်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရသူပါ။ (သို့ပေမယ့်လည်း စစ်အစိုးရရဲ့ ပယ်ဖျက်မှုကြောင့် အမတ်နေရာ မရောက်ခဲ့ရပါဘူး)။ ဦးထင်ကျော်ရဲ့ ယောက္ခထီး ဦးလွင်(ကွယ်လွန်)ကလည်း NLD တည်ထောင်ခဲ့သူများအနက် အပါအ၀င်တစ်ဦးဖြစ်ခဲ့တယ်။ သူ့ဇနီး ဒေါ်စုစုလွင် ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယုံကြည်ရဆုံး အတွင်းစည်းနိုင်ငံရေးသမား တစ်ဦးဖြစ်နေတဲ့အပြင် အောက်လွှတ်တော် အမတ်နဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

    ဦးထင်ကျော်ကို ဘာကြောင့်ရွေးချယ်ဖို့ဆုံးဖြတ်သလဲဆိုတာ ဒေါ်စုကြည်က ပါတီဝင်အမတ်များအစည်းအဝေးတစ်ရပ်မှာ အခုလို ပြတ်သားစွာ ပြောကြားခဲ့ပါတယ်။ “ဒီပုဂ္ဂိုလ်က ပါတီအပေါ် သစ္စာစောင့်သိသူဖြစ်ရပါမယ်။ သစ္စာစောင့်သိသူကိုသာ ကျွန်မတို့ ဦးစားပေး(ရွေးချယ်)တယ်”။ ဒီစကားအသွားအလာအရ ဦးထင်ကျော်သည်သာ NLD ခေါင်းဆောင်ရဲ့အမိန့်ကို ဦးလည်မသုန် နာခံဆောင်ရွက်သွားမယ့် “လမ်းကြောင်းခင်းကျင်းပေးမယ့် သမ္မတ” – Puppet president လို့ သတ်မှတ်ထားပုံရပါတယ်။

    သစ္စာစောင့်သိခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က အလေးထားဖော်ပြခြင်းဟာ တိုင်းပြည်သမိုင်းကို သိထားကြသူအတွက် တမင်ရွဲ့တယ်လို့ ခံစားကြရတယ်။ စစ်တပ်အာဏာသိမ်းပြီး ၁၉၇၀ နှစ်များအစောပိုင်းမှာ အာဏာရှင် ဗိုလ်ချုပ်နေ၀င်းက လူထုအကျိုးဆောင်ရွက်ဖို့အတွက် သစ္စာစောင့်သိခြင်းဟာ အရေးအကြီးဆုံးအဖြစ် ဦးထိပ်တင်ညွှန်းပြခဲ့တယ်။ သူ့ရဲ့ ရုပ်ပျက်ဆင်းပျက်ဆောင်ပုဒ်က “လူကောင်း လူတော်” (ကောင်းခြင်းသည် ပထမ၊ တော်ခြင်းသည် ဒုတိယ) ဖြစ်ပါတယ်။ (ရိုးရာဆိုရိုးစကားဖြစ်တဲ့ လူတော်လူကောင်းကို ပြောင်းပြန်လှန်ထားတာပါ)။ ဗိုလ်ချုပ်နေ၀င်းအဖို့ လူကောင်း ဆိုတာ သစ္စာစောင့်သိခြင်းကို ရည်ညွှန်းခဲ့ပြီး သူ့အပေါ် သစ္စာစောင့်သိသူမှန်သမျှ အစိုးရရဲ့အဓိကနေရာများမှာ ဖြည့်သွင်းခန့်အပ်ခဲ့တယ်။ အာဏာရှင်ကြီးရဲ့အလိုအရ စွမ်းရည်၊ အရည်အချင်းတွေဆိုတာ သစ္စာစောင့်သိမှုရဲ့လက်အောက်ခံသာဖြစ်ပါတယ်။ ဒါကြောင့်လည်း အကျင့်ပျက်ခြစားမှုတွေ၊ အာဏာအလွဲသုံးစားပြုမှုတွေက ဒီရေအလား တိုးပွားလာခဲ့ရတယ်။

    အလားတူ သစ္စာစောင့်သိခြင်း စစ်ဆေးချက်ကို ဒေါ်စုကြည်က သူမရဲ့ ဒုတိယခြေလှမ်းသော့ချက်အဖြစ် အသုံးချလိုက်ပါပြီ။ ဖွဲ့ခြေဥမှာပါဝင်တဲ့ သပွတ်အူ နည်းစဉ်များအရ အထက်လွှတ်တော်အမတ်နေရာအများစု ရရှိခဲ့တဲ့ NLD ဟာ ဒုတိယသမ္မတနှစ်ဦးအနက် တစ်ဦးရဲ့အမည်ကိုလည်း တင်သွင်းခွင့်ရရှိခဲ့တယ်။ အဲ့ဒီနေရာအတွက် ဒေါ်အောင်ဆန်းစုကြည်က ဦးဟင်နရီ ဗန်ထီးယူ (၅၇ နှစ်)ကို ရွေးချယ်ခဲ့တယ်။ ဒီရွေးချယ်မှုကလည်း အံ့အားသင့်စရာ ဖြစ်လာရပါတယ်။ ချင်းအမျိုးသားကိုယ်စားလှယ်ဖြစ်သူ ဦးဟင်နရီဟာ စစ်တပ်အရာရှိ အဖြစ် နှစ်ရှည်လများ အမှုထမ်းခဲ့ပြီး NLD ထဲ ရောက်လာတာ တစ်နှစ်မျှသာ ရှိပါသေးတယ်။ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားမှုမှာ ဘာမှတ်တမ်းမှ မရှိထားပါဘူး။ ဒါ့အပြင် လူနည်းစုတိုင်းရင်းသားပါတီများမှာလည်းကောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများမှာ လည်းကောင်း မည်သည့်ထင်ရှားတဲ့အခန်းကဏ္ဍမှာ မပါဝင်ခဲ့ပါဘူး။ (စိတ်ဝင်စားစရာကောင်းတာကတော့ ဗုဒ္ဓဘာသာဝင် အများစုကြီးစိုးတဲ့နိုင်ငံမှာ ဘာသာခြား ခရစ်ယာန်တစ်ဦးဖြစ်တဲ့သူက နိုင်ငံ့အမြင့်ဆုံး အဆင့်ကို ရှားရှားပါးပါး ရောက်ရှိသွားခြင်းပဲဖြစ်ပါတယ်)။

    သူ့ကို ဘာကြောင့် ရွေးချယ်ရပါသလဲ ?  အဖြေကတော့ လူနည်းစုတိုင်းရင်းသားအုပ်စုဝင်တစ်ဦးဦးကို လိုအပ်ချက်အရ ခန့်အပ်ဖို့ ဆန္ဒရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် သူဟာ မည်သည့်အခိုင်အမာတိုင်းရင်းသားပါတီရဲ့ သစ္စာခံ မဟုတ်ပါဘူး။ ဒေါ်စုကြည်ကိုသာ အကြွင်းမဲ့ သစ္စာစောင့်သိသွားဖို့သာ ရှိနေပါတယ်။

    ဒုသမ္မတနေရာမှာ ဦးဟင်နရီကို အဆိုတင်သွင်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အဖို့ အရဲစွန့်ကြည့်လိုက်တယ်လို့ ဆိုရမှာပါပဲ။ ဒုသမ္မတနှစ်ဦးဟာ အမှန်တကယ်သြဇာရှိတဲ့ ပြယုဂ်ဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ဦးက စစ်တပ်ကြီးစိုးထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ ပေါ်ထွက်လာပါမယ်။ ဒုသမ္မတနှစ်ဦးစလုံးကလည်း အဲ့ဒီကောင်စီရဲ့အဖွဲ့ဝင်များ အဖြစ်ပါဝင်နေမှာပါ။ ဖွဲ့စည်းပုံဥပဒေက ဒီအစုအဖွဲ့ကို အတော်အတန်ကြီးမားတဲ့ အာဏာ အပ်နှင်းပေးထားပေမယ့်လည်း တိုင်းပြည်ကို ဗိုလ်ချုပ်တွေကပဲ ကြီးစိုးထားတဲ့အတွက် စစ်တပ်ကတော့ ဒီအဖွဲ့အပေါ် အမြတ်ထုတ်ဖို့ ခုထက်ထိ တစ်ပန်းသာနေဆဲပါ။ ခုဆိုရင် NLD ကအစိုးရအဖွဲ့ကို (အနိမ့်ဆုံးအားဖြင့် အမည်ခံအရ) တာဝန်ယူကိုင်တွယ်တော့မှာဖြစ်တယ်။ စစ်တပ်ကလည်း ဒီကောင်စီကို အသုံးချဖို့ အကြီးအကျယ် ခြေလှမ်းစလာဖွယ်ရှိနေပါတယ်။

    စစ်ဗိုလ်ချုပ်များက သစ္စာစောင့်သိခြင်းကို ဦးထိပ်ထားကြသူများပီပီ သူတို့ရဲ့ဒုသမ္မတကို သူတို့လို အခွင့်ထူးခံ လူတန်းစားထဲကပဲ ရွေးချယ်မှာဖြစ်တယ်။ စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိရန်ကုန်မြို့တော်ဝန်နေရာကို ယူထားတဲ့ ဦးမြင့်ဆွေကို သူတို့ ရွေးထုတ်ထားကြတယ်။ သူဟာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လူယုံတော်တစ်ဦးအဖြစ် ကျော်ကြားတယ်။ ဒါကိုကြည့်ခြင်းဖြင့် ဦးသန်းရွှေဟာ ကန့်လန့်ကာနောက်ကွယ်က နိုင်ငံရေးအခင်းအကျင်းကို ကစားနေတုန်းပဲ ဆိုတာကို ဖော်ပြနေပါတယ်။

    ဦးမြင့်ဆွေကို အဆိုတင်သွင်းခြင်းဟာ မရိုးသားမှုအဖြစ် ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူများဖက်က အမြင်ရှိနေကြတယ်။ ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများဦးဆောင်တဲ့ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကို ဖြိုခွဲမှုမှာ သူက အဓိကအခန်းကဏ္ဍထဲ ပါဝင်ခဲ့သူဖြစ်တယ်။ လက်ရှိမှာလည်း အကျင့်ပျက်ခြစားသူအစုအဖွဲ့ဝင်အဖြစ် စောင့်ကြည့်ခံနေရသူလည်းဖြစ်တယ်။ ဦးသန်းရွှေအနေနဲ့ ဒါတွေကို ကရုစိုက်ပုံမရပါဘူး။ သူ့ရဲ့ခြွေရံသင်းပင်းဝင်များထဲက ဒုသမ္မတနေရာ ထည့်သွင်းဖို့သာ အဓိကသောကထားနေပုံပါပဲ။ သို့မှသာ သူ့မိသားစုဝင်တွေ၊ သူတို့ရဲ့ကိုယ်ကျိုးစီးပွားတွေရဲ့ အနာဂတ်လုံခြုံရေးအတွက် အာမခံချက်ရှိမယ် မဟုတ်လား။

    ဦးထင်ကျော်ကို ဒုသမ္မတနေရာအတွက် အောက်လွှတ်တော်က မတ်လ ၁၁ ရက်မှာ အတည်ပြုခဲ့တယ်။ မတ်လ ၁၅ ရက်မှာ လွှတ်တော်နှစ်ရပ်စလုံးက ဒုသမ္မတသုံးဦးအနက်တစ်ဦးကို သမ္မတအဖြစ် ရွေးချယ်မှာဖြစ်ပါတယ်။ ဘာဆက်ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိထားကြပြီးဖြစ်တဲ့အတွက် နောက်ထပ်အံ့အားသင့်စရာမရှိတော့ပါဘူး။ လမ်းကြောင်းခင်းကျင်းပေး သူများရဲ့ဦးသျှောင် ဒေါ်အောင်ဆန်းစုကြည် စတင်ကြိုးဆွဲမောင်းနှင်တော့မယ့် ဒီလုပ်ငန်းစဉ်ရဲ့ နောက်ထပ် တစ်ဆင့်ကိုသာ စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။

     

    Foreign Policy တွင် ဖော်ပြခဲ့သော Min Zin ၏ ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင်ဘာသာပြန်ဆိုသည်။