News @ M-Media

Author: editor

  • ဘာသာကွဲပြားမှုကြောင့် အပြစ်မကြီး ကြီးအောင် လုပ်ဆောင်ခံနေ ရကြောင်း ဇော်ဇော်လတ်နှင့် ပွင့်ဖြူလတ်တို့ပြောကြား

    ဘာသာကွဲပြားမှုကြောင့် အပြစ်မကြီး ကြီးအောင် လုပ်ဆောင်ခံနေ ရကြောင်း ဇော်ဇော်လတ်နှင့် ပွင့်ဖြူလတ်တို့ပြောကြား

    မန္တလေး ၊ မတ်၉
    မြေးချစ်ညို

    Friday Times News Journal မှ ကူးယူဖော်ပြပါသည်

    ZZL

    ငြိမ်းချမ်းရေးအတွက် အလုပ်လုပ် ရာတွင် ဘာသာကွဲပြားမှုဖြစ်နေ သည့်အတွက် ထောင်မကျ ကျအောင် လုပ်နေသည့် လုပ်ရပ်များရှိနေကြောင်း ဇော်ဇော်လတ်က မီဒီယာများသို့ ပြော ကြားခဲ့သည်။

    မတ် ၉ ရက်နေ့က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် စစ်ဆေးရန် ကျန်ရှိနေသေးသည့် အမှု ဖြစ်သော မတရားအသင်းနှင့် ဆက်သွယ်မှုအတွက် စစ်ဆေးအပြီး ပြန် အထွက်တွင် အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

    ” ဗမာမျိုးရိုးကဆင်းသက်လာတဲ့သူတွေ ဖြစ်တယ်။ နန်းတွင်းမှာ အမှုတော်ထမ်းခဲ့တဲ့ စစ်သူကြီးရွှေလှံဗိုဆိုတာ ကျွန်တော့် အဘိုးတွေဖြစ်တယ်။ ဒါကို တချို့က ပြောကြတယ်၊ ဒီကောင်တွေ မွတ်စလင်မို့လို့ ဒါမျိုးတွေလုပ်နေတာလို့ ကဲ့ရဲ့တာတွေရှိတယ်။ အပြစ်ကို ပိုကြီး အောင်လုပ်ပြီး ထောင်ထဲကိုပို့တာ ခံ နေရတယ်”ဟု ဇော်ဇော်လတ်က ပြောကြားခဲ့သည်။

    အတူဖမ်းဆီးထားခံရသူ ပွင့်ဖြူ လတ်က ¤င်းတို့အနေဖြင့် ငြိမ်းချမ်းရေး အတွက် ဘာသာပေါင်းစုံ အဖွဲ့များ နှင့်အတူ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အား ဦးဆောင်ခဲ့သူများ မဟုတ်ကြောင်း၊ သို့သော် ဖမ်းဆီးခံရ သည့်အချိန်တွင် မိမိတို့သုံးဦးသာ ဖမ်း ဆီးခံခဲ့ရကြောင်းကို မီဒီယာသို့ပြောကြားခဲ့သည်။

    ”ငြိမ်းချမ်းရေးကို လိုလားတဲ့ ဘာသာပေါင်းစုံကသူတွေ တစ်စိတ်တည်း တစ်ဝမ်းတည်း သွားခဲ့ကြတာ ဖြစ်တယ်။ မငြိမ်းချမ်းတဲ့နေရာမှာ ငြိမ်းချမ်းရေးအလံစိုက်ဖို့ ကိုယ်ကျိုးစွန့်လုပ်ခဲ့ ကြတာဖြစ်တယ်။ ဒီထဲကမှ ကျွန်တော် တို့ အစ္စလာမ်ဘာသာဝင်နှစ်ယောက်ကို နိုင့်ထက်စီးနင်းလုပ်ပြီး ဖမ်းထားကြတာ ဖြစ်တယ်”ဟု ပွင့်ဖြူလတ်က ပြောကြားခဲ့သည်။

    ၂ဝ၁၃ ခုနှစ်က ကချင်ပြည်နယ် လိုင်ဇာမြို့သို့ စစ်ဘေးခံပြည်သူများ အတွက် သွားရောက်ကူညီသည့် ခရီးစဉ်တွင် သေနတ်ကိုင်ပြီးဓာတ်ပုံ ရိုက်ခဲ့သည့် ဓာတ်ပုံအား လူမှုကွန်ရက်စာ မျက်နှာပေါ်တွင် တင်ထားခဲ့ပြီးနောက် မတရားအသင်းနှင့် ဆက်သွယ်မှု၊ နယ် စပ်ဖြတ်ကျော်မှုတို့ဖြင့် ဖမ်းဆီးစစ်ဆေး ခဲ့ပြီး၊ အိန္ဒိယနယ်စပ်၊ မိဇူရမ်ပြည်နယ် သို့ သွားရောက်မှုအတွက် ဇော်ဇော် လတ်၊ ပွင့်ဖြူလတ်နှင့် ဇော်ဝင်းဗိုတို့အား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်ခဲ့ပြီးဖြစ် သည်။

    မတရားအသင်းဆက်သွယ်မှုဖြင့် ရင်ဆိုင်နေရသေးသည့် ဇော်ဇော်လတ် နှင့် ပွင့်ဖြူလတ်တို့အား လာမည့် ၁၆ ရက်နေ့တွင် ထပ်မံစစ်ဆေးသွား မည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် တရားရုံးက ထပ်မံချိန်းဆိုလိုက်သည်။

  • ရှဥ့်တို့၏ မာယာ

    ရှဥ့်တို့၏ မာယာ

    မတ် ၉ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။

    Ground Squirrel

    သွေးနွေးသတ္တဝါတွေရဲ့ ခန္ဓာကိုယ်ဟာ အနီအောက်ရောင်ခြည် အပူဓာတ်ကို ထုတ်လွှတ်ပါတယ်။

    ဒီအနီအောက်ရောင်ခြည် ဖြာထွက်မူ အပူဓာတ်ကို ထောက်လှမ်းနိုင်သော သတ္တဝါတွေလဲရှိပါတယ်။

    ဥပမာအားဖြင့် ခလောက်မြွေတွေဟာ သားကောင်တွေရဲ့ ခန္ဓာကိုယ်ကနေ ထွက်တဲ့ အနီအောက်ရောင်ခြည် အပူဓာတ်ကို ထောက်လှမ်းနိုင်စွမ်းရှိသော ထူးရှယ် အာရုံခံ အင်္ဂါ (Pit Organ) ပိုင်ဆိုင်ထားတဲ့ အတွက် ပိန်းပိတ်အောင် မှောင်နေလဲပဲ သားကောင်ကို ရှာဖွေနိုင်စွမ်းရှိနေတာပါ။

    ဒါကြောင့် သွေးနွေးသတ္တဝါတွေဖြစ်တဲ့ ကလ်လီဖိုးနီးယား Ground Squirrel ရှဥ့်တွေရဲ့ အဓိက ရန်သူဟာ ခလောက်မြွေတွေပါပဲ၊

    ခလောက်မြွေတွေဟာ မှောင်မဲနေရင်လဲ ဒီရှဥ့်တွေရဲ့ ခန္ဓာကိုယ်က ထွက်တဲ့အနီအောက်ရောင်ခြည် အပူဓာတ်ကို ထောက်လှမ်းပြီး ရှဥ့်တွေကို သတ်စားပစ်ဖို့ ရှာဖွေနိုင်ပါတယ်။

    ဒါပေမဲ့ ဒီရှဥ့်တွေဟာလဲ အံ့ဩစရာ ကောင်းလောက်အောင် ခလောက်မြွေတွေကို ပြန် အရူးလုပ်နိုင်စွမ်း ရှိနေတယ်ဆိုတာကို University of California , Davis မှ စိတ္တဗေဒ လက်ထောက် ပရော်ဖက်ဆာ ဒေါက်တာ Aaron Rundus နဲ့ အဖွဲ့ဟာ တွေ့ရှိခဲ့ကြပါတယ်။။
    ပုံမှန်အားဖြင့်ဆိုရင် ဒီရှဥ့်တွေရဲ့ အမြှီးဟာ သူတို့ရဲ့ အပေါ်ပိုင်း ခန္ဓာကိုယ်လောက် အပူဓာတ်ကို မထုတ်လွှတ်ပါဘူး။

    ဒါကြောင့် ခလောက်မြွေတွေအနေနဲ့ အမှောင်ထဲမှာ ဒီရှဥ့်တွေရဲ့ အပေါ်ပိုင်းခန္ဓာကိုယ်အရွယ်အစားကိုသာ ကိုယ်စားပြူတဲ့ အပူဓာတ်ကိုသာ ထောက်လှမ်းမိမှာဖြစ်ပါတယ်။

    ဒါပေမဲ့ ထူးဆန်းတာက ဒီရှဥ့်တွေဟာ ခလောက်မြွေတွေနဲ့ စတင်ရင်ဆိုင်တွေ့ရှိပြီး တစ်ခဏအတွင်းမှာ သူတို့ရဲ့ အပေါ်ပိုင်း ခန္ဓာကိုယ်ကဲ့သို့ အပူဓာတ်ထုတ်လွှတ်နိုင်ရန် အမြှီးကို အပူတိုက်ပြီး မြွေရဲ့ မျက်နှာအနားဆက်တိုက် လှုပ်ရမ်းနေပြလိုက်ပါတယ်။

    အမြှီးကို ဘယ်လိုအပူတိုက်လဲဆိုရင် ရှဥ့်ဟာ သူ့ရဲ့ အမြှီးမှာရှိတဲ့ သွေးကြောတွေကို ချဲ့ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းက သွေးပူတွေကို အမြှီးဆီပါ မျှဝေ ပို့ဆောင် ပေးလိုက်တာ ဖြစ်ပါတယ်။

    ဒါဟာ ခလောက်မြွေကို အံ့အားတသင့်ဖြစ် တုန့်ဆိုင်းသွားစေပါတယ်။ ဘာလို့လဲဆိုရင် သူဟာ နဂိုက ရှဥ့်ရဲ့ အပေါ်ပိုင်းခန္ဓာကိုယ်အရွယ်အစားကိုသာ ထောက်လှမ်းမိပြီး ၊ အခုကျတော့ ချက်ချင်း အမြှီးကိုပါ ထောက်လှမ်းမိသွားပါတယ်။

    ဆိုလိုတာကတော့ သူ့သားကောင်ဟာ ရုတ်တရက်ကြီး အရွယ်အစား ကြီးထွားလာတယ်လို့ သူခံစားလိုက်ရပါတယ်။

    ဒီလို ခလောက်မြွေရဲ့ အံ့အားတသင့် ဖြစ် တုန့်ဆိုင်းမူဟာ ရှဥ့်အတွက် ရန်သူ့ဘေးမှ လွတ်မြောက်ရန် အခွင့်အရေးတွေကို ရသွားစေပါတယ်။

    နောက်ထပ်ထူးခြားမူ တစ်ခုကတော့ ဒီရှဥ့်တွေဟာ အနီအောက်ရောင်ခြည်အပူဓာတ်ကို အာရုံခံနိုင်သော ခလောက်မြွေနဲ့ ရင်ဆိုင်တွေ့မှသာ လှည့်စားရန်အတွက် အမြှီးကိုပါ အပူတိုက် လှုပ်ရမ်းပြတာ ဖြစ်ပြီး ၊ ဒီလို အပူဓာတ်အာရုံခံစွမ်းရည် မရှိသော အခြားသော မြွေအမျိုးအစားတွေနဲ့ ရင်ဆိုင်ရရင်တော့ အမြှီးထိ အပူတိုက်ခြင်း အမူကို မပြုလုပ်ကြပါဘူး။

    အနီအောက် ရောင်ခြည်အပူဓာတ်ကို ထောက်လှမ်းနိုင်စွမ်းမရှိသော အခြားသော မြွေအမျိုးအစားတွေကိုတော့ ဒီနည်းလမ်းနဲ့ လှည့်စားလို့ မရမှန်း သူတို့ဟာ နားလည်နေကြပါတယ်။
    ( Ground squirrels use an infrared signal to deter rattlesnake predation by Rundus, Aaron S., Owings, Donald H., Joshi, Sanjay S., Chinn, Erin & Giannini, Nicholas , 2007)

    ဒီရှဥ့်တွေဟာ ခလောက်မြွေတွေကို ပြန်လည် အရူးလုပ်နိုင်ရုံမျှမက ခလောက်မြွေတွေကို အခြားနည်းနဲ့ အသုံးချကြပါသေးတယ်။

    အဲဒါကတော့ သူတို့ဟာ ခလောက်မြွေတွေရဲ့ အရေခွံဟောင်းတွေကို ရှာဖွေပြီး ဝါးစားပါတယ်။ ပြီးတော့ တံတွေးတွေကို သူတို့ရဲ့ ခန္ဓာကိုယ်အနှံ့ သုတ်လိမ်းကြပါတယ်။

    ဒါဟာ မြွေတွေအပါအဝင် အခြားသော သူ့ရဲ့ရန်သူတွေအနေနဲ့ သူ့ခန္ဓာကိုယ်ကနေ ခလောက်မြွေနံ့ ရရှိပြီး ရှောင်ရှားသွားကြစေ ဖို့ဖြစ်ပါတယ်။

    (Bats Sing, Mice Giggle: The Surprising Science of Animals’ Inner Lives By Karen Shanor and Jagmeet Kanwal ; Camouflage , bluff or outmaneuver)

    ဒီရှဥ့်တွေဟာ ကျွန်တော့် အတွက် တွေးစရာတွေ ပေးနေပါတယ်။

    သူတို့ဟာ ဘယ်လိုများ မြွေတွေထဲကမှ ခလောက်မြွေတွေမှာ အနီအောက်ရောင်ခြည် အပူဓာတ်ကို ထောက်လှမ်းနိုင်စွမ်းရှိတယ်လို့ သိနေကြပါသလဲ၊

    သူတို့ဟာ သူတို့ရဲ့ အရွယ်အစားကို ရုတ်တရက်ကြီးမားသွားတယ်လို့ ခလောက်မြွေတွေ မှတ်ထင် တုံ့ဆိုင်းသွားအောင် အမြှီးကို ရုတ်တရက်အပူတိုက်ပစ်ရမယ်လို့ ဘယ်လိုများ နားလည်နေကြပါသလဲ

    ရှင်းပါတယ်။ ဒါတွေဟာ အန္တရာယ်ကြုံမှ ဘာလုပ်ရမလဲလို့ စဉ်းစားရာကနေ ရရှိလာတဲ့ အသိမဖြစ်နိုင်ပါဘူး၊ ဒီလိုစဉ်းစားနေရင် သူဟာ ခလောက်မြွေစာဖြစ်သွားပါပြီ။ ဆိုတော့ ဒီအပြုအမူဟာ သူတို့ရဲ့ မွေးရာပါ ထူးဆန်းသော အသိဉာဏ်ရဲ့ ရလဒ်သာ ဖြစ်ပါတယ်။

    ** အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါသည်။

  • စာမေးပွဲအတွက် ဇွဲ၊လုံ့လ၊ ဝီရိယ  နောက်လိုက်မှာလား? ဗေဒင်၊ယတြာ နောက်လိုက်မှာလား?

    စာမေးပွဲအတွက် ဇွဲ၊လုံ့လ၊ ဝီရိယ နောက်လိုက်မှာလား? ဗေဒင်၊ယတြာ နောက်လိုက်မှာလား?

    မတ် ၉ ၊ ၂၀၁၆
    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်) ရေးသည်။

    Pain-Gain-quote-HD-wallpaper-2015

    ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း (၁၀) တန်း စာမေးပွဲကြီး ကျင်းပနေပြီဖြစ်တယ်။  အချို့ကျောင်းသားများ spot လိုက်နေကြသည်။ အချိ့မှာ ဗေဒင်၊ ယတြာနောက်လိုက်နေကြသည်။ “လူနာမျက်ဖြူစိုက်လေ၊ ဆရာကြိုက်လေ” ဆိုသည့်စကားကလည်း သွေးထွက်အောင် မှန်လှသည်။ ဗေဒင်၊ ယကြာ၊ ယန္တရား ဆရာများကလည်း နေရာပေါင်းစုံမှ အလျှိုလျှို ထွက်ပေါ်လာနေသည်။ သူတို့အား ဆက်သရသော အလှူငွေ ဥာဏ်ပူဇော်ခများကလည်း မနည်းလှ။

    တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး ဖြေဆိုရမည့် ဘာသာရပ် ၆ ခုအတွက် မည်သည့်ဘာသာရပ် ဖြေဆိုတဲ့နေ့မှာ မည်သည့်အရပ်ဖက်ဘက်ကို မျက်နှာမူပါ။ မည်သည့်သစ်သီးကိုစားပါ။ ဘယ်အကြော်ကိုစားပါ။ ဘာပန်းကိုဆောင်သွားပါ။ ဘယ်မှာတင်ပါ။ စာဖြေတဲ့အခါ ဘာ အရောင်ရှိတဲ့ ဘောလ်ပင်ကိုသုံးပါ။ အိမ်ကထွက်ရင် လက်ခုပ် ဘယ်နှစ်ချက် တီးပြီးထွက်ပါ။ စသည်ဖြင့် အခါတော်ပေး ပြောဟောနေသူများကလည်း စုံလင်လှပါသည်။

    ဒါကြောင့်လည်း ကျနော် ရန်ကုန်စက်မှုတက္ကသိုလ် (R.I.T) ကျောင်းသားဘဝက ဗေဒင်၊ ယတြာ များနှင့် ပတ်သက်လို့ ဟောပြောခဲ့ဖူးသော စကားလေးတစ်ခုကို မျှဝေချင်စိတ်ဖြစ်ပေါ်လာပါသည်။ ကိုယ့်အကြောင်း ကိုယ်သိသလောက် မသိတဲ့သူကို ကိုယ့်အကြောင်းကို ပိုက်ဆံပေးပြီး ပြောဟောခိုင်းတဲ့သူတွေဟာ အင်မတန် သနားစရာကောင်းလှတယ် ဟူ၍ ပြောခဲ့ဖူးပါတယ်။

    ကံကိုယုံ၍ ဆူးပုံတက်နင်းလျှင် ဆူး ဆူးခံရမှာ သေချာလှပါသည်။

    ကွယ်လွန်သူ စာရေးဆရာကြီး ပီမိုးနင်းကလည်း ကံဟူသည် အလုပ်ရှင်ဖြစ်တယ်။ အလုပ်ကိုကောင်းစွာလုပ်မှ ကံ၏အကျိုးကို ခံစားရမည်။ မိမိသင်ခန်းစာများကို နည်းမှန်လမ်းမှန် စနစ်တကျကြိုးစား အားထုတ်ခဲ့သူ ကျောင်းသား ကျောင်းသူများ စာမေးပွဲ ကံ ကောင်းကြမည်ဖြစ်သည်။ ထူးချွန်ထက်မြက် ဂုဏ်ထူးပန်းဆင်မြန်းနိုင်ကြပေလိမ့်မည်။

    “‘ဒါပဲကြည့် ကွက်တိ ပါရင်စံ၊ မပါရင်ခံ” သဘောမျိုးထားကာ ကံစမ်းမဲ ပုံစံမျိုး စာမေးပွဲကို သဘောထား ဖြေဆိုနေကြသော ကျောင်းသား ကျောင်းသူများလည်း မြန်မာနိုင်ငံတွင် ဒုနဲ့ဒေး ရှိနေကြပါသည်။

    အနာမခံလျှင် အသားမစံရ (no pain, no gain) ဟူသော စကားသည် စိတ်ဓာတ်ခွန်အားကြီးမြင့်သူ လုံ့လ၊ ဝီရိယရှင်များရဲ့ ရွှေအဆိုအမိန့်တစ်ရပ် ဖြစ်သည်။

    မဟာဇနကမင်းသားသည် ပင်လယ်ပြင်ကြီးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ခြင်းဟာ ဇွဲ့၊ လုံ့လ၊ ဝီရိယ ဟူသော သူရဲကောင်း ၃ ဖော်ကို မဟာမိတ် လုပ်ခဲ့သောကြောင့်သာ အသက်ဘေးမှ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဒါကြောင့် စာဖြေသူ အပေါင်းအား အထူးမှာကြားလိုသည်မှာ “တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ပါသည်။”

    မြတ်စွာဘုရားသခင်က ဟောကြားခဲ့သည်မှာ မိမိကိုယ်သာ အားထားရာ၊ မိမိကိုယ်ရာ  ယုံကြည်ရာ ဖြစ်သည်။ မိမိ၏အနာဂတ်ပန်းတိုင်သည် မိမိလက်ဝယ်တွင် ရှိနေသည်ဟု ယုံကြည်ပြီး စာမေးပွဲကြီး မဖြေဆိုခင်အချိန်ကို ထိထိမိမိ အသုံးချမည်။ ဗေဒင်၊ ယကြာ၊ မန္တရား နောက် Hot- Spot နောက်၊ ကောက်ကောက်မလိုက်ဘဲ ဇွဲ့၊ လုံ့လ၊ ဝီရိယကို အစွမ်းကုန် အသုံးချမည်ဆိုပါက ၂၀၁၆ ခုနှစ် မတ်လ ၉ ရက်တွင် စတင်ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို မုချဧကန် ဖြေဆို အောင်မြင်နိုင်မည် ဖြစ်ပါတော့သည်။

    ဆရာဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်)

  • တက္ကသိုလ်ဝင်တန်း စာမေးပွဲ အတွက် အကောင်းဆုံး အကြံပြု  လမ်းညွှန်ချက်များ

    တက္ကသိုလ်ဝင်တန်း စာမေးပွဲ အတွက် အကောင်းဆုံး အကြံပြု လမ်းညွှန်ချက်များ

    မတ်လ ၉ ၊ ၂၀၁၆

    A few blank sheets ready for been filled in a exam.

    (၁)  တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့် ကဒ်ပြားကို အသေအချာသိမ်းထားပြီး စာမေးပွဲဖြေဆိုမည့်နေ့တွင် ကိုယ်နှင့်တပါတည်း ယူဆောင်သွားရန်။

    (၂)  မိမိဖြေဆိုမည့်ကျောင်း (စာစစ်ဌာန)ကို နံနက်(၉)နာရီမတိုင်မီ အချိန်မီ အရောက်သွားရပါမည်။

    (၃)  စာမေးပွဲဖြေဆိုရန် လိုအပ်သည့် ဘောပင်(အပြာရောင်) အနည်းဆုံး(၃)ချောင်း၊ ခဲတံ(၂)ချောင်း၊   ခဲဖျက်၊ ပေတံ၊ (စာရေးကိရိယာ) အစုံအလင်တို့ကို မြန်မာစာ မဖြေခင် တစ်ရက်အလိုတွင် စုံလင်အောင် စီစဉ်ထားရပါမည်။

    (၄)  စာဖြေသူတိုင်းသည် Ball pen အနီရောင်ကို စာမေးပွဲတွင် လုံးဝ (လုံးဝ) မသုံးစွဲရပါ။

    (၅)  ဘာသာရပ်တိုင်းအတွက် စာမေးပွဲဖြေဆိုခွင့်ပြုချိန်သည် မနက်(၉း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ ဖြစ်သောကြောင့် စာမေးပွဲဖြေဆိုသည့် ခန်းမထဲရောက်လျှင် ရောက်ချင်း၊ စိတ်ကို အတက်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ထားပါ။ ပထမဦးစွာ မိဘနှစ်ပါးနှင့် ကျေးဇူးရှင်များ၊ ဆရာသမားများအတွက် မေတ္တာပို့ဆုတောင်းပါ။

    (၆)  အဖြေလွှာစာအုပ်ငယ် ရလျှင်ရချင်း ခုံအမှတ်၊ စာစစ်ဌာနတို့ကို သတ်မှတ်ထားသော အကွက်၌သာရေးရမည်။ အဖြေလွှာစာရွက်၏ အခြားမည်သည့်နေရာတွင်မျှ မရေးရပါ။

    (၇)  မိမိအဖြေလွှာစာရွက်၌ (၁) လက်ထောက်ကြီးကြပ် လက်မှတ် (၂) ကြီးကြပ်လက်မှတ်တို့ ပါမပါ၊  သေချာစွာ စစ်ဆေးပါ။ သက်ဆိုင်ရာ စာမေးပွဲကြီးကြပ်သူများ၏ လက်မှတ်မပါရှိပါက မိမိစာမေးပွဲခန်းကို စောင့်ကြပ်နေသော ဆရာ/ဆရာမ များအားတင်ပြပါ။

    (၈)  ဖြေဆိုသူသည် မိမိအဖြေလွှာပေါ်တွင် လက်မှတ်တစ်ခုခု ရေးထိုးခြင်း၊ မိမိမည်သူ၊ မည်ဝါဖြစ်ကြောင်းသိစေနိုင်သည့် အမှတ်အသား၊ သင်္ကေတ၊ ပုံ၊ တစ်ခုခုရေးသားခြင်းတို့ကို လုံးဝ မပြုလုပ်ရပါ။ ပြုလုပ်မိလျှင် မိမိအဖြေလွှာ ပယ်ဖျက်ခြင်း ခံရမည် ဖြစ်သည်။

    (၉)  မှား၍ဖြေဆိုမိသော စာလုံး၊ စာကြောင်း၊ စာပုဒ်၊ ပုံ၊ ပုစ္ဆာအစရှိသည်တို့ကို မှင်ဖျက်ဆေး (Correction pen) သုံး၍ ဖျက်ခွင့်မပြုပါ။ မှားဖြေခဲ့သော အကြောင်းအရာပေါ်တွင် မျဉ်းစောင်း(/) တစ်ခုခုရေးပြီး အမှန်ကို ဆက်ဖြေရန်။

    (၁၀) ဘာသာရပ်တိုင်းအတွက် မေးခွန်းများကို ဖြေဆိုရာတွင် မေးခွန်းနံပါတ်စဉ်အလိုက် ဖြေဆိုဖို့ မကြိုးစားပါနှင့်။ စဖြေသည့်မေးခွန်းများသည် အမှန်ကန်ဆုံးဖြစ်ရန် လိုသည်။ အမှားများနိုင်သည့် မေးခွန်းမျိုး စဉ်းစားရန် ခက်ခဲသည့် မေးခွန်းမျိုးကို နောက်ဆုံးမှ ဖြေရန်။ သတ်မှတ်ချိန်မကုန်ခင်  အပုဒ်စေ့အောင်ဖြေပါ။

    (၁၁) ဖြေဆိုသည့်မေးခွန်းနံပါတ်စဉ် မှန်အောင်တက်ပါ။ နံပါတ်စဉ် မှားတက်မိလျှင်၊ မေးခွန်းနံပါတ်စဉ် လုံးဝမတက်မိလျှင် အမှတ်လုံးဝ မရပါ။ လက်ရေးပီသအောင်၊ အဖြေလွှာသပ်ရပ်မှုရှိအောင် အထူးဂရုစိုက်ပါ။

    (၁၂) သတ်မှတ်ထားသော ပုဒ်ရေထက် ပိုဖြေမိလျှင် ပထမဖြေခဲ့သော အပုဒ်ကိုသာ အမှန်ဟု ယူဆပြီး စစ်ဆေးပါလိမ့်မည်။ သတ်မှတ်ထားသော မေးခွန်းအရေအတွက်ထက်ပို၍ ဖြေဆိုမိခြင်းသည် အချိန်ကုန်၊ လူပမ်း၊ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ရုံသာမက၊ စာစစ်သူ၏ အထင်သေးခြင်းကိုပါ ခံရနိုင်ပေရာ အထူးဂရုစိုက်ဖြေဆိုသင့်သည်။

    (၁၃) စာဖြေသူတိုင်းသည် စာမေးပွဲနီးလေလေ၊ စိုးရိမ်စိတ်လွန်ကဲလေလေဖြစ်ပြီး အအိပ်ပျက်၊ အစား ပျက် ဖြစ်တက်သည်။ စာဖြေသူတို့၏ နေ့စဉ် အသုံးပြုရသော စဉ်းစားဥာဏ်၊ မှတ်ဥာဏ်တို့သည်အိပ်ရေး၀၀အိပ်ခြင်းနှင့် လုံးဝပတ်သက်နေပေသည်။ အိပ်ရေးပျက်လျှင် ကိုယ်ခံစွမ်းအားများ လျှော့ကျကာ ကျန်းမာရေးထိခိုက်နိုင်သည်။ အိပ်ရေးပျက်လျှင် ကျက်မှတ်ထားသောစာများ ဦးနှောက်ထဲမှ ပေါ်ထွက်မလာခြင်း၊ စဉ်းစားရ ခက်ခဲခြင်းမျိုးကို ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။

    (၁၄) စာဖြေသူသည် စာမေးပွဲဖြေဆိုနေစဉ်တွင် မေးခွန်းလွယ်နေလျှင် အရမ်းပျော်လွန်းပြီး ပေါ့ဆအမှား များ မှားတတ်သည်။ မေးခွန်းအတော်ခက်နေလျှင် ကြောက်ရွံ့စိုးရိမ်စိတ်လွန်ကဲပြီး၊ ကသောင်းက နင်းဖြစ်ကာ မှားတတ်ပါသည်။

    (၁၅) သတ်မှတ်ထားသော ဖြေဆိုချိန်(၃း၀၀)နာရီအတွင်း (၁၀)မှတ်တန်အတွက် အများဆုံးရရှိသော  အချိန်မှာ (၁၈)မိနစ်ဖြစ်ပြီး၊ တစ်မှတ်တန်အတွက် ရသောအချိန်မှာ (၁)မိနစ် (၄၈)စက္ကန့်ဖြစ်သည်ကို လုံးဝသတိပြုသင့်သည်။ ထို့ကြောင့် အချိန်မှန်ပြနိုင်သော နာရီတစ်ခုခုကို စာမေးပွဲဖြေဆိုရာတွင် ယူဆောင်သွားသင့်ပါသည်။

    (၁၆) စာဖြေသူသည် မိမိအတွက် ခက်သောမေးခွန်းနှင့် ရင်ဆိုင်ရလျှင် စိတ်ကိုအတတ်နိုင်ဆုံး တည်တည် ငြိမ်ငြိမ်ထားကာ အစွမ်းကုန် အကောင်းဆုံးကြိုးစားဖြေဆိုသင့်ပေသည်။

    (၁၇) အချိန်စော၍ မေးခွန်းအားလုံး ဖြေဆိုပြီးနေလျှင် စာမေးပွဲခန်းမထဲတွင် အဖြေလွှာများအား အကြိမ်ကြိမ် စစ်ဆေးနေသင့်ပါသည်။ သတ်မှတ်ချိန်မတိုင်မီ အချိန်စော၍ စာမေးပွဲခန်းထဲမှ ထွက်လာခြင်းမျိုးသည် မိမိ “ရွှေ” အခွင့်အရေးကို မိမိကိုယ်တိုင် လက်လွှတ် ဆုံးရှုံးခြင်းပင် ဖြစ်ပါသည်။

    (၁၈) ဘာသာရပ်တစ်ခုခု ဖြေဆိုပြီးတိုင်း၊ တစ်ဦးနှင့်တစ်ဦး အဖြေတိုက်ခြင်း၊ အဖြေညှိခြင်းတို့ကို ရှောင် ကြဉ်သင့်ပါသည်။ အချို့သော စာမေးပွဲ မေးခွန်းတို့၏ အဖြေများသည် တစ်ခုထက်မက ဖြစ်နိုင်ပေရာ မိမိအဖြေမှားလျှင် စိတ်ဓါတ်ရေးရာကျဆင်းမည်။ မိမိ အဖြေမှန်လျှင် ပျော်ရွှင်မှုလွန်ကဲ၍ ကျန်ဘာသာရပ်များတွင် အနှောက်အယှက်ဖြစ်နိုင်သည်။

    (၁၉) စာဖြေသူသည် ဖြတ်လမ်းအလွယ်လိုက်ကာ အနီးကပ်ခန့်မှန်း မေးခွန်းများကို ယုံစားပြီး စာမေးပွဲဖြေဆိုမည်ဆိုပါက တစ်နှစ်ပတ်လုံး ရင်းနှီးမြှုပ်နှံခဲ့သော အချိန်နှင့်ငွေသည် အချည်းအနှီးဖြစ်သွားနိုင်သည်။

    (၂၀) မေးခွန်းထုတ်သူတိုင်းသည် ပုံမှန်စာကြည့်သူတိုင်းအား၊ အောင်မှတ်ဖိုး အလွယ်တကူပေးထားတက်ပါသည်။ မိမိက ဥာဏ်ကိုလွှာ သုံး၍ ကြိုးစားဖြေဆိုပါက ဘာသာရပ်တိုင်းကို အလွယ်တကူဖြေဆို အောင်မြင်နိုင်ပါသည်။ စာသင်နှစ်စကတည်းက စနစ်တကျ၊ ကြိုတင်ပြင်ဆင်ထားခဲ့သောဝီရိယရှင်တိုင်းသည် လာမည့်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဘာသာစုံဂုဏ်ထူးများစွာနှင့် အောင်မြင်မည်မှာ လုံးဝအသေအချာပင်။

    စာဖြေသူ၊ ကြိုးစားသူအားလုံးအောင်မြင်ထူးချွန်ကြပါစေ။

    ဆရာ ဂျက်ဖရီတင်အုန်း
    (ရန်ကုန်စက်မှုတက္ကသိုလ်)

  • “သူရ”ဘွဲ့ရ မြန်မာ မွတ်စလင် တစ်ဦး (သို့) ဒုတိယ ဗိုလ်မှူးကြီး သူရလှဒင်

    “သူရ”ဘွဲ့ရ မြန်မာ မွတ်စလင် တစ်ဦး (သို့) ဒုတိယ ဗိုလ်မှူးကြီး သူရလှဒင်

    Thura_U_Hla_Din2

    ဒုတိယ ဗိုလ်မှူးကြီး သူရလှဒင် (ကြည်း – ၅၉၁၈)

    (၁၉၂၀-၁၉၈၈) ဒုတိယဗိုလ်မှူးကြီး သူရလှဒင်ကို ၁၉၂၀ခုနှစ်တွင် အဘဦးဘထွန်း၊ အမိ ဒေါ်မုန်းတို့မှ ပျဉ်းမနားမြို့တွင်ဖွားမြင်ခဲ့သည်။ ပျဉ်းမနားမြို့ ဘက်ပတစ်အထက်တန်း ကျောင်း တွင် တက္ကသိုလ်ဝင်တန်းအထိတက်ရောက်ပညာသင်ကြားခဲ့သည်။

    ၁၉၄၂ ခုနှစ်တွင် ရန်ကုန် ယုဒသန်ကောလိပ်မှ ဥပစာဝိဇ္ဇာတန်းကို အောင်မြင်ခဲ့သည်။

    ၁၉၄၅ ခုနှစ်တွင် ဒေါ်ခင်ရွှေနှင့်ထိမ်းမြားလက်ထပ်ခဲ့ပြီး သားသမီး(၅)ဦး ထွန်းကားခဲ့သည်။

    ၁၉၄၆ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ပျဉ်းမနားမြို့အမှတ်(၅) ဗမာ့ သေနတ်ကိုင် တပ်ရင်းသို့ ဝင် ရောက်ခဲ့ပြီး တပ်သားအဆင့်ဖြင့် စတင်အမှုထမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဒုအရာခံဗိုလ်အဆင့်ဖြင့် မေမြို့တပ်မတော်ပညာရေးကျောင်း၌ တာဝန်ထမ်းဆောင်ခဲ့သည်။

    ၁၉၄၈ ခုနှစ်တွင် အရာခံဗိုလ်အဆင့်ဖြင့် တပ်မတော် ဗိုလ်သင်တန်းကျောင်း၌ ပညာရေးနည်းပြအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး ပညာရေးနည်းပြ သင်တန်းတက်ရောက်ရန် စင်္ကာပူနိုင်ငံသို့ စေလွှတ်ခြင်းခံခဲ့ရသည်။

    ၁၉၅၀ ခုနှစ်တွင် ဗိုလ်သင်တန်းကျောင်းအပတ်စဉ် (၄) ဗိုလ်လောင်း သင်တန်းသို့တက်ရောက်ခဲ့ပြီး ပြန်တမ်းဝင်အရာရှိ ဒုဗိုလ်အဆင့်ဖြင့် ကယားတပ်ရင်း (၁)တွင် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။

    တပ်မတော်တွင် တာဝန် ထမ်းဆောင်နေစဉ် အတွင်း ၁၉၅၂ ခုနှစ်တွင် ရှမ်းပြည်နယ် မူဆယ်၊ မုန်းယု၊ ကြူကုတ် နယ်မြေများတွင် ကျူးကျော်သူ တရုတ်ဖြူများကို သတ္တိပြောင်မြောက်စွာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သဖြင့် “သူရ” သတ္တိရွှေတံဆိပ်ကို နိုင်ငံတော်မှ ချီးမြှင့်ခြင်းခံခဲ့ရသည်။

    ၁၉၅၂ခုနှစ်မှ ၁၉၆၂ခုနှစ်အတွင်း လေ့ကျင့်ရေး(၁)၊ စစ်ထောက်ချုပ်ရုံး၊ သေနတ်ကိုင်တပ်ရင်း(၃)နှင့် ခြေလျင်တပ်ရင်း(၂၁) တို့တွင် အဆင့်ဆင့်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် အမှတ် (၁၀၇) ခြေမြန်တပ်ရင်း၌ ဒုတပ်ရင်းမှူး ရာထူးဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေစဉ်အတွင်း ယာဘက်လက် အရိုးကျိုး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    တပ်မတော်မှ နိုင်ငံရေးတာဝန်ပြောင်းရွှေ့ပေးအပ် ခဲ့သဖြင့် ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ၌ တိုင်းကြီးကြပ်ရေးကော်မတီ တိုင်းခွဲအမှတ် (၅) ဖွင့်လှစ်နိုင်ရန်အတွက် အတွင်းရေးမှူးတာဝန်ဖြင့် ၁၉၆၃ ခုနှစ်မှ ၁၉၆၅ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။၁၉၆၅ ခုနှစ်တွင် တပ်မတော်မှပြန်လည်ခေါ်ယူချက်အရ တပ်ရင်းမှူး တာဝန်ဖြင့် ခြေလျင်တပ်ရင်း(၅၈)တွင် ၁၉၆၈ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။

    ၁၉၆၈ခုနှစ်တွင် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး (စစ်ရုံးချုပ်)သို့ ဒု-ညွှန်ကြား ရေးမှူး အဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင် ခဲ့သည်။၁၉၇၀ခုနှစ်တွင် ပင်မစစ်လက်နက်ပစ္စည်းတပ်(အင်းတိုင်) သို့ တပ်မှူးကြီး အဖြစ် ပြောင်းရွှေ့တာဝန်ယူခဲ့ရပြီး ၁၉၇၉ခုနှစ်တွင် ကျန်းမာရေး အခြေအနေကြောင့် နိုင်ငံတော်သို့ တပ်မတော်မှအငြိမ်းစားယူခွင့်ပြုပါရန် လျှောက်ထားချက်အရ အငြိမ်းစားယူခွင့် ရရှိခဲ့ပါသည်။

    နိုင်ငံတော်မှ ဒုတိယဗိုလ်မှူးကြီး သူရလှဒင်အား လွတ်လပ်ရေးတံဆိပ်၊ နိုင်ငံတော် စစ်မှုထမ်းကောင်းတံဆိပ်၊ “သူရ” သတ္တိရွှေတံဆိပ် တို့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ တပ်မတော်မှ အငြိမ်းစားယူပြီးနောက်တွင် ဘာသာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို တတ်အား သရွေ့ဆောင်ရွက်ခဲ့သည်။ ဒုတိယဗိုလ်မှူးကြီး သူရလှဒင် သည် ၁၉၈၈ ခုနှစ် ဇူလိုင်လ(၅)ရက်နေ့တွင် ရန်ကုန်မြို့နေအိမ်၌ ဆီးချိုရောဂါဖြင့် အလ္လာဟ် အရှင်မြတ် အမိန့်တော်ခံယူခဲ့သည်။

    ဒုတိယဗိုလ်မှူးကြီး သူရလှဒင်သည် လေသံအေးအေးနှင့် မာန်မာနမရှိဘဲ စိတ် သဘောထားပြည့်ဝသူဟု သူ၏ မိတ်ဆွေများက ပြောစမှတ်ပြုကြသည်။ သမိုင်း ပညာရှင်ကြီး ဇေယျကျော်ထင်ဗိုလ်မှူးဘရှင်နှင့်လည်း ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။ ဘာသာတရား ကိုင်းရှိုင်းသူလည်းဖြစ်သည်။

    နိုင်ငံတော်နှင့်ပြည်သူလူထု အကျိုးကို စွမ်းစွမ်းတမံ သတ္တိပြောင်မြောက်စွာ ထမ်းဆောင်ခဲ့သော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်မှူးကြီး သူရလှဒင်၏ အတ္ထုပ္ပတ္တိကို ခေတ်ကြေးမြင်မဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြ အပ်ပါသည်။

    ” ခေတ်ကြေးမြင်မဂ္ဂဇင်း စာတည်းအဖွဲ့က ဒုတိယဗိုလ်မှူးကြီး သူရလှဒင်၏ အတ္ထုပ္ပတ္တိကို ၄င်း၏ သားဖြစ်သူနှင့် တွေ့ဆုံမေးမြန်း၍ ပြုစုထားခြင်းဖြစ်ပါသည်။ “

    “ခေတ်ကြေးမြင် မဂ္ဂဇင်း(၂၀၁၄-၁၅)  မှကူးယူဖော်ပြပါသည်။ “