News @ M-Media

Author: editor

  • အခြေခံဥပဒေပြင်ဆင်ရေး ငှက်ဆိုးထိုးသံ

    အခြေခံဥပဒေပြင်ဆင်ရေး ငှက်ဆိုးထိုးသံ

    ဒီဇင်ဘာ ၁၄ ၊ ၂၀၁၆
    ပြည်ချစ်ပို ရေးသည်။
    2008
    ငှက်ဆိုးထိုးသံကြားလျှင် နိမိတ်မကောင်း၊ သေမင်းတမန်ပင် တံခါးဝရောက်လာနိုင်သည်ဟူ၍ မြန်မာတို့ အယူ အဆရှိကြသည်။ မြန်မာပြည်သူလူထုအများစုက ၂၀၀၈ အခြေခံဥပဒေအား ပြင်ဆင်လိုကြသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးအသံကြားတိုင်း ငှက်ဆိုးထိုးသံကြားဘိအလား၊ စိုးရိမ်ကြသည့်အစု သုံးစုရှိသည်။ အစုသုံးစုတို့မှာ စိုးရိမ်မှုအသီးသီးရှိကြသော်လည်း စိုးရိမ်ကြပုံခြင်းမတူညီကြပေ။ အစုသုံးစုတို့က ဘယ်သူတို့နည်း၊ ဘာကို ဘာ့ ကြောင့်စိုးရိမ်ကြသနည်း။
    ထိုအစုများအနက် တစ်စုမှာ အခြေခံဥပဒေပြင်ဆင်မည်ကိုလုံးဝ လိုလားခြင်းမရှိသော အစုဖြစ်သည်။  စစ်ဗိုလ်ချုပ် များနှင့်၎င်းတို့၏အဆက်အနွယ်များအစုဖြစ်သည် ။

    စစ်ဗိုလ်ချုပ်များသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၁၃ နှစ်ကြာအချိန်ယူ၍ ၎င်းတို့ ကမကထပြု ရေးဆွဲခဲ့သည်။ ၎င်းတို့မှ နိုင်ငံရေးအာဏာ ထိန်းချုပ်ထားနိုင်ရန် ထိုအခြေခံဥပဒေအားဖြင့် အခိုင်အမာ ပြုထား သည်။ အခြေခံဥပဒေအရ အရပ်သားများ သမ္မတဖြစ်ကောင်းဖြစ်နိုင်သော်လည်း စစ်ဦးစီချုပ်က ထိုသမ္မတထက် အာဏာပိုရှိစေရန် ဖန်တီးထားသည်။ ဤကဲ့သို့ အာဏာအခိုင်အမာပြုထားသော  အခြေခံဥပဒေအား လူထုမှ ပြင်ဆင်လိုက်မည်ကို၎င်းတို့ အထူးစိုးရိမ်သည်။ ပြင်ဆင်လိုက်လျှင် အနှစ်၅၀ ကျော်ကိုင်စွဲလာသော အာဏာ သေသွားမည်ဖြစ်သည်။ ထို့အပြင် အရပ်သားအစိုးရ လက်အောက်တွင် အမှုထမ်းရမည်ကို ၎င်းတို့ လုံးဝမလို လားပေ။ မည်သို့ဆိုစေ တချိန်မဟုတ်တချိန်၊ တနေ့မဟုတ်တနေ့တွင် ပြည်သူများက အခြေခံဥပဒေကို မြေကြီး လက်ခတ်မလွဲ ပြင်ဆင်းသွားကြမည်ဖြစ်ပေသည်။ သို့သော် စစ်ဗိုလ်များက ရသမျှအချိန်ဆွဲထား လိုသည်။ ထိုကြောင့်လည်း အခြေခံဥပဒေအား ကာကွယ်စောင့်ရှောက် ရေးသည် တပ်မတော်၏ တာဝန် ဟုကြွေးကြော် ထားသည်။ လိုအပ်သလို အသုံးချနိုင်ရန်အရပ်သား ကျောထောက်နောက်ခံ အင်အားစုကိုလည်း ဖန်တီးထား သည်။ အခြေခံဥပဒေပြင်ဆင်ရန် တာစူနေမှုများ ကိုလည်း ၎င်းတို့က မျက်ခြေမပြတ် စောင့်ကြည့်နေသည်။ အခြေခံဥပဒေပြင်ဆင်ရန် အသံများပေါ်ထွက်လာသောအခါ များတွင် ပြည်သူတို့၏အာရုံတွင် တပ်မတော်ကို မြင်ယောင်လာစေရန် ဖေါ်ဆောင်ပြသလေ့ရှိသည်။

    အခြေခံဥပဒေ ပြင်ဆင်ရေး အသံပေါ်လာတိုင်း စိုးရိမ်စိတ်ဖြစ်ပေါ်လေ့ရှိသော အခြားအစုတစ်စုမှာ တိုင်းရင်းသား အင်အားစုများ အထူးသဖြင့်လက်နက်ကိုင် အင်အားစုများ ထိန်းချုပ်ရာဒေသများမှတိုင်းရင်းသားများဖြစ်သည်။

    ၎င်းတို့သည် ၂၀၀၈ အခြေခံဥပဒေကိုမနှစ်သက်သူများဖြစ်သော်လည်း  အခြေခံဥပဒေပြင်ဆင်ရေးကို စိုးရိမ်သူ များ မဟုတ်သလို အခြေခံဥပဒေမပြင်ရေးအတွက် စိုးရိမ်သူများလည်းမဟုတ်ကြပေ။ အခြေခံဥပဒေပြင်ဆင် ရေး လေသံမြှင့်လာတိုင်း ၎င်းတို့ဒေသတွင် တပ်မတော်ထိုးစစ် နှင့်ကြုံရတတ်သောကြောင့်စိုးရိမ်ကြခြင်းဖြစ်သည်။

    ၂၀၁၀ ခုနှစ်အကုန်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် လူထုအကြား အခြေခံဥပဒေပြင်ဆင်ရေး လေသံမြှင့်လာသည့်ကာလတွင် ကေအိုင်အို ကချင် ထိန်းချုပ်နယ်မြေမှာ  တပ် မတော်မှ ထိုးစစ် (လေကြောင်းတိုက်ခိုက်မှု အပါအဝင်) ကြုံခဲ့ရလေသည်။ နောက်ပိုင်းတွင် ပလောင်ဒေသ၊ ရှမ်းပြည်လက်နက်ကိုင်အင်အားစု ထိန်းချုပ်ရာဒေသများလည်း ထိုးစစ်နှင့်ကြုံခဲ့ရပေသည်။

    ၂၀၁၂ ခုနှစ်  ကြား ဖြတ်ရွေးကောက်ပွဲအပြီးတွင်လည်း ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာပတ်ဝန်း ကျင်အား လေယာဉ်ဖြင့်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းခံခဲ့ရသည်။ (ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်တွင်းမှ အခြေခံဥပဒေပြင်ဆင်သွားမည် ဟူသော ဆုံးဖြတ်ချက်ဖြင့် ရွေးကောက်ပွဲဝင်ရာတွင်  အမတ်နေရာ ၄၄  နေရာအတက် ၄၃ နေရာတွင် အနိုင် ရရှိခဲ့သည်)

    ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရမှဦးဆောင်ကာ ၂၁ ရာစု ပင်လုံညီလာခံကျင်းပသည်။ ထိုညီလာခံတွင် အခြေခံ ဥပဒေပြင်ဆင်ခြင်း သို့မဟုတ် အသစ်ရေးဆွဲခြင်း ပြီးနောက် ရွေးကောက်ပွဲပြုလုပ်သွားရန် လမ်းကြောင်း ချခဲ့သည်။ ထိုညီလာခံနှင့် မရှေးမနှောင်းတွင် ကေအိုင်အို နယ်မြေတွင် စစ်ပွဲအရှိန်မြှင့်လာခဲ့သည်။ ပလောင်နယ်မြေ၊ ရှမ်းနယ်မြေများတွင် လည်း စစ်ပွဲပြင်းထန်လျက် ရှိသည်။ အခြေခံဥပဒေ ပြင်ဆင်မည့်အသံ ထွက်ပေါ်လာလေတိုင်း တိုင်းရင်းသားပြည်နယ်များ အထူးသဖြင့် လက်နက်ကိုင် အင်အားစုများထိန်းချုပ်ရာနယ်မြေများရှိ တိုင်းရင်းသားကျေးရွာများမှ ပြည်သူများမှာ ဘေးဒုက္ခ ကျရောက်မည်ကို စိုးရိမ်ပူပန်ကြရသည်။

    တတိယအစုမှာ- မွတ်စလင်များ (အထူးသဖြင့်ရိုဟင်ဂျာမွတ်စလင်များ) ဖြစ်သည်။ အခြေခံဥပဒေပြင်ဆင်ရေး လေသံကျယ်လောင် လာတိုင်း အဆိုပါအစုမှာလည်း အတွေ့အကြုံများ အရ ထိလွယ်ရှလွယ် အန္တရာယ်နှင့် ကြုံရနိုင်ကြောင်းတွက်ဆ၍ စိုးရိမ်လေ့ရှိကြသည်။
    ၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမတ်နေရာ ၄၄ အနက် ၄၃ နေရာ အနိုင်ရသည်။ မေလတွင်  ရခိုင်မိန်းကလေး မသီတာထွေး မုဒိမ်းကျင့် အသတ်ခံရသည့်သတင်း တနိုင်ငံလုံးသို့ ပြန့်နှံ့ စေခဲ့သည်။ သမ္မတရုံး ညွန်ကြားရေးအရာရှိ ဦးဇော်ဌေး (မှူးဇော်)သည် ၎င်း၏ ဖေစ်ဘုတ်မှတဆင့် အဆိုပါကိစ္စကို မီးထိုးပေးခဲ့သည်။ အကျိုးဆက်အနေဖြင့် ၂၀၁၂ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်၌ လူမျိုးရေးအဓိကရုန်းစတင်ဖြစ် ပွားသွားလေတော့သည်။ ၂၀၁၂ အောက်တိုဘာလမှ အစွန်းရောက် ဗုဒဘာသာတို့မှ မြန်မာမွတ်စလင်များအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။ ၆ လအတွင်း အဓိကရုန်းကြောင့် မွတ်စလင်အများအပြားသေဆုံးပြီး အိုးမဲ့ အိမ် မဲ့ဖြစ်ကြရသည်၊ ရိုဟင်ဂျာ တစ်သိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကာ စခန်းသွင်းခံကြရသည်။

    ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ ၂၁ ရာစုပင်လုံညီ လာခံကျင်းပသည်။ ထိုညီလာခံပြီးနောက် မကြာမီတွင် မောင်းတောမြို့ နယ်တွင် နယ်ခြားစောင့်တပ်စခန်း ၃ခု ကို အမည်မသိ အကြမ်းဖက်အုပ်စုမှ ဝင်တိုက်သဖြင့် တပ်မတော်နှင့် ပြည်သူ့ရဲများ ပူးပေါင်းကာ နယ်မြေရှင်း လင်းရေးဆောင်ရွက်ရာရိုဟင်ဂျာ မွတ်စလင်ရွာများ မီးရှို့ခံကြရကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။ ပြည်တွင်းနှင့်နိုင်ငံခြား သတင်းထောက်များ ထိုဒေသသို့ သွားရောက်ခွင့်မပြုသောကြောင့် ယုံကြည်ရသော အဖြစ်မှန်သတင်းကို သိနိုင်ခွင့် မရကြသော်လည်း လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ရိုဟင်ဂျာ အမျိုးသမီးများ၊ ကလေးများ အသတ် ခံရသည့်သတင်းများ၊ ရိုဟင်ဂျာရွာသားများ အတိဒုက္ခရောက်ရသည့် သတင်းများနေ့စဉ် ထွက်ပေါ်လျှက်ရှိသည်။

    ခြုံ၍ဆိုရပါလျှင် ၂၀၀၈ အခြေခံဥပဒေသည် ဒီမိုကရေစီ အခြေခံများနှင့်မကိုက်ညီ၊ နိုင်ငံတကာအခြေခံ ဥပဒေစံနှင့် မကိုက်ညီသောကြောင့် ပြင်ဆင်ပစ်ရမည်မှာ အမှန်ပင်။ သို့သော် အခြေခံဥပဒေပြင်ဆင်ရေးလေသံ မြှင့်တက်လာတိုင်း တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်သည့်ဒေသနေပြည်သူများမှာမူ တပ်မတော် ထိုးစစ်နှင့်ကြုံရလေ့ရှိကြသည်။ ထို့အတူ မွတ်စလင်များ အထူးသဖြင့် ရခိုင်ပြည်ရှိ  ရိုဟင်ဂျာမွတ်စလင်များမှာ တစ်မျိုးမဟုတ်တမျိုး ပြသနာရှာခံရလေ့ရှိကာ အတိဒုက္ခရောက်ကြရသည်။

    အခြေခံဥပဒေ ပြင်ဆင်ရေးလေသံ သည် တိုင်းရင်းသားလက်နက်ကိုင်ဒေသပြည်သူများနှင့် မွတ်စလင် (ရိုဟင်ဂျာမွတ်စလင်) တို့အတွက် ငှက်ဆိုး ထိုးသံများဖြစ်နေလေရော့သလားဟုတွေးမိသည်။

    အခြေခံဥပဒေပြင်ဆင်ရေးကြိုးပန်းနေသူများသည်  စိုးရိမ် ထိတ်လန့်နေသူများအတွက် အကာအကွယ်ရစေမည့် နည်းလမ်းများကိုရှာဖွေကာ အကာအကွယ်ပြုပြီး အခြေခံဥပဒေ ပြင်ဆင်ရေးကို လျင်မြန်စွာဆောင်ရွက်သွားသင့်ပေသည်။

    ပြည်ချစ်ပို (ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၁၆)

    ** ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်။

  • (၁၄၉၁)ကြိမ်မြောက် မဟာတမန်တော်နေ့ ကျင်းပ

    (၁၄၉၁)ကြိမ်မြောက် မဟာတမန်တော်နေ့ ကျင်းပ

    ဒီဇင်ဘာ ၁၃ ၊ ၂၀၁၆
    M-Media
    သတင်း- သီဟ
    15416834_1824363701164771_358310592_n
    ၁၄၉၁ ကြိမ်မြောက် မဟာတမန်တော်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ကျိုလီယာ ဗလီ ဂေါပခန်းမ တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ တနင်္လာနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

    အခမ်းအနားကို ကျမ်းတော်မြတ်ကုရ်အာန်  ရွတ်ဖတ်၍ ဖွင့်လှစ်ပြီး သဘာပတိက နှုတ်ခွန်းဆက်စကားပြောကြားပြီး ကြိုဆိုခဲ့ပါတယ်။

    အဲဒိနောက် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို ပေးပို့တဲ့ တမန်တော်နေ့ သဝဏ်လွှာကို သာသနာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချူပ် ဦးစိုးမင်းထွန်းက ဖတ်ကြားခဲ့ပါတယ်။

    အဲဒီနောက် တမန်တော်မုဟမ္မဒ် (ငြိမ်းချမ်းပါစေသား) အား မေတ္တာပို့ခြင်း၊ တရားဟောပြောခြင်း၊ ဓမ္မလင်္ကာ ကစီဒါများ ရွတ်ဆိုခြင်း တို့ကို အစီအစဉ်တိုင်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါတယ်။

    ဓါတ်ပုံ -KTS

    15494138_1824363334498141_603651482_n

    15423537_1824363364498138_765522132_n

  • ဆီးရီးယား ဒုက္ခသည် မိသားစုကို သွားတွေ့စဉ် ငိုကြွေးခဲ့တဲ့ ကနေဒါ ၀န်ကြီးချုပ်

    ဆီးရီးယား ဒုက္ခသည် မိသားစုကို သွားတွေ့စဉ် ငိုကြွေးခဲ့တဲ့ ကနေဒါ ၀န်ကြီးချုပ်

    ဒီဇင်ဘာ ၁၂ ၊ ၂၀၁၆
    M-Media

    canadian-prime-minister-justin-trudeau

    ကနေဒါ ဝန်ကြီးချူပ် ဂျက်စတင် ထရူဒေါတစ်ယောက် ဆီးရီးယားက ဒုက္ခသည်မိသားစုကို သွားရောက်တွေ့ဆုံတဲ့ အချိန် ဖြေမဆယ်နိုင်အောင် ငိုကြွေးခဲ့တဲ့ ဗီဒီယိုဖြစ်ပါတယ်။

    ဒဗာနင် ဂါရာဘီဒီယန်ဆိုတဲ့ ဆရာဝန်တစ်ဦးနဲ့ မိသားစုဖြစ်ပြီး လွန်ခဲ့တဲ့ တစ်နှစ်က ထရူဒေါ ခွင့်ပြုခဲ့တဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာက ကနေဒါကို ရောက်ရှိလာသူ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဂါရာဘီဒီယန်ဟာ ဆရာဝန်အဖြစ် အသက်မွေးနေပါတယ်။

    “တစ်ကိုယ်ရေစိတ်ခံစားမှုပါ။ ကျွန်တော် အရမ်း စိတ်မကောင်းဖြစ်မိပါတယ်။ ခင်ဗျားတို့ကို မြင်ရတဲ့အခါ စိတ်ကောင်းဖြစ်ဖို့ ကျွန်တော့်ကိုကျနော် အားတင်းခဲ့ပါသေးတယ်။ ဒီအချိန်ဟာ ကျွန်တော့်အတွက် အင်မတန် အံ့သြစရာကောင်းတဲ့ အချိန်ပါ။ ပြီးတော့ ဒါဟာ ကနေဒါနိုင်ငံရဲ့ အကောင်းဆုံးကို ရောင်ပြန်ဟပ်တာလည်း ဖြစ်ပါတယ်” လို့ သူ့ရဲ့ စိတ်မထိန်းနိုင်မှု အကြောင်းအရင်းကို ဖွင့်ဟခဲ့ပါတယ်။

    ဂါရာဘီဒီယန်ကလည်း ကနေဒါက သူတို့ကို ကြိုဆိုတဲ့အတွက်၊ ကနေဒါနိုင်ငံသား တစ်ယောက်ဖြစ်တဲ့အတွက် ဂုဏ်ယူမိတယ် လို့ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဆီးရီးယားဒုက္ခသည် ၃၅၀၀၀ လောက်ဟာ ကနေဒါကို ရောက်ရှိလာခဲ့ပါတယ်။ အစိုးရရဲ့ ဒီဒုက္ခသည်လက်ခံတဲ့ အစီအစဉ်ကို ကနေဒါပြည်သူ ၄၈ ရာခိုင်နှုန်းလောက်က နှစ်သက်ကြပြီး နောက်ပိုင်းလေ့လာမှုတွေအရတော့ ဒီအစီအစဉ်ကို လက်မခံတဲ့သူတွေက ပိုများခဲ့ပါတယ်။

    ref:Channel 4 News

  • အမုန်းစကား တားဆီး ကာကွယ်ရေး ဥပဒ မူကြမ်း ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြီ

    အမုန်းစကား တားဆီး ကာကွယ်ရေး ဥပဒ မူကြမ်း ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြီ

    15442365_1566960963319693_347946818075002218_n
    နေပြည်တော် ၊ ဒီဇင်ဘာ ၁၂
    .
    ဘာသာရေးကို အခြေခံပြီး အမုန်းစကားများပြောနေသူများအား အရေးယူနိုင်ရေးအတွက် အမုန်းစကားတားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ထားပြီးဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။
    .
    “၀န်ကြီးဌာနမှာရှိတဲ့ ဥပဒေသမားတွေ ပြင်ပဥပဒေပညာရှင်တချို့နဲ့ပါ  တိုင်ပင်ပြီးမှ အသေးစိတ်လေ့လာ မှုပြုလုပ်ပါတယ်။ ပြုလုပ်တဲ့ အခါမှာ တချို့စကားလုံးတွေက နည်းနည်းလေး ပြင်းထန်တဲ့သဘော သက်ရောက်နေလို့ စကားလုံးတွေကို.ပြန်ဖြေလျှော့ပါတယ် ။ ပြီးတော့လည်း ဘာသာအားလုံးအပေါ် တပြေးညီသက်ရောက်မှုရှိစေဖို့အတွက်  ပြည်ထောင်စုရှေ့နေချုပ်ရုံးကို အကြံပြုချက်တောင်းခံပါတယ် ။ ပြည်ထောင်စုရှေ့နေချုပ်ရုံးကနေပြီးမှ အကြံပြုချက်တချို့ပြန် လာပါတယ်” ဟု ၄င်းကပြောသည် ။
    .
    ထိုအကြံပြုချက်များကိုပြင်ဆင်ဖြည့်စွက်ပြီးမှ ဒုတိယဥပဒေကြမ်း ကိုအောက်တိုဘာလ အတွင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး သို့ပြန်ပို့ခဲ့ကြောင်း ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ နိုဝင်ဘာလအတွင်းပေးပို့ခဲ့ပြီး လက်ရှိတွင်တတိယ ဥပဒေ မူကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြထားပြီးဖြစ်ကြောင်း ၄င်းကပြောသည် ။
    .
    ဒီဇင်ဘာလ ၁၂ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး မေးခွန်း များဖြေကြားအပြီး ပြည်သူ့လွှတ်တော်မှ ထွက်ခွာစဉ်တွင် သတင်းမီဒီယာများကို ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
    .
    ပြည်ထောင်စုအစိုးရအဖွဲ့၌ ဆွေးနွေးအပြီးတွင် ၎င်းဥပဒေမူကြမ်းအား လွှတ်တော်သို့ လာမည့်နှစ် ဇူလိုင်လတွင် တင်သွင်းနိုင် မည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားသောကြောင့် အမြင့်ဆုံးပြစ်ဒဏ်များကိုလည်း အသေးစိတ် မပြောကြားနိုင်သေးကြောင်း ၎င်းက ထပ်မံဖြေကြားခဲ့သည်။
    .
    စိုင်းလမင်း
    Popular News Journal မှ ကူးယူဖော်ပြသည်။

  • NO NVC ! (သူ့အမြင်)

    NO NVC ! (သူ့အမြင်)

    ဒီဇင်ဘာ ၁၂ ၊ ၂၀၁၆
    M-Media
    ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ) ရေးသည်။

    no-nvc

    NVC ကိစ္စနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အချက်အလက်များကို ဖော်ပြလိုက်ပါတယ်။

    … ယခင်သမ္မတဟောင်း ဦးသိန်းစိန်က White Card ကိုင်ဆောင်သူများကိုသာ NVC (အစိမ်းရောင် Card) ထုတ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။

    (၁၉၅၁ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ  အပိုဒ်-၁၃(၁)အရ  ထုတ်ပေးထားသော ယာယီသက်သေခံ လက်မှတ်များသည် (၃၁-၃-၂၀၁၅) ရက်နေ့အထိသာ သတ်မှတ်ခဲ့ပြီး၊ ထိုရက်နေ့ နောက်ဆုံးထား၍ အပ်နှံရန် နိုင်ငံတော် သမ္မတရုံး၏ (၁၁-၂-၂၀၁၅)ရက်စွဲပါ အမိန့်ကြေညာစာအမှတ်- ၁၉/၂၀၁၅ဖြင့် ထုတ်ပြန်ကြေညာခဲ့ ပါသည်။ နိုင်ငံတော် သမ္မတရုံး၏ (၃-၄-၂၀၁၅)ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်-၃၁/၂၀၁၅ ဖြင့် ဖွဲ့စည်းတာဝန်ပေးခဲ့သော ယာယီသက်သေခံ လက်မှတ်နှင့် စပ်လျှဉ်းသည့် ကိစ္စရပ်များ လေ့လာသုံးသပ် အကြံပြုရေး ကော်မရှင်၏ အကြံပြုချက်အရ ထိုယာယီသက်သေခံလက်မှတ် အပ်နှံသူများကို “နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား” (Identity Card for National Verification)ထုတ်ပေးရန် ကော်မရှင်၏ အကြံပြုချက်ကို နိုင်ငံတော်အစိုးရက သဘောတူညီပြီး ဖြစ်သဖြင့် တာဝန်ပေးချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနသည် (၅-၆-၂၀၁၅)ရက်နေ့မှစ၍ ထိုယာယီ သက်သေခံကတ်ပြား ထုတ်ပေးရေးကိုဆောင်ရွက်ခဲ့ပါသည်။ White Card အပ်နှံသူများအား NVC ထုတ်ပေးရန် နိုင်ငံတော်အစိုးရက သဘောတူထားခြင်းဖြစ် ပါသည်။၁၉၅၁ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေအပိုဒ်-၁၃(၁)အရ ယာယီသက်သေခံလက်မှတ်(White Card) ကိုင်ဆောင်ထားသူများကိုသာ အပိုဒ်-၁၃(၄)အရ ယာယီသက်သေခံ လက်မှတ်သစ်တစ်ခု (NVC)ထုတ်ပေးခြင်းဖြစ်ပါ သည်။ စတင်ထုတ်ပေးချိန်မှစ၍ သက်တမ်း (၂)နှစ် ရှိပါသည်။ ယာယီ သက်သေခံကတ်ပြား၍ White Card ကို ရုပ်သိမ်းသကဲ့သို့ NVC ကို ရုပ်သိမ်းနိုင်ပါသည်။ ၄င်း နည်းဥပဒေ ၁၃(၄) အရ ယာယီသက်သေခံလက်မှတ် သက်တမ်းစေ့လျှင် နောက်ထပ်သက်သေခံ လက်မှတ် ထပ်မံ ထုတ်ပေးနိုင်သည်။)

    …နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံသား မိဖနှစ်ဦးမှ မွေးဖွားသည့် သားသမီးသည် နိုင်ငံသားဖြစ်ခွင့်ရှိသည် ဟုပြောကြားခဲ့ပါတယ်။
    (ရခိုင်ကော်မရှင် တံခါးပိတ်အစည်အဝေးသို့ တက်ရောက်ခွင့် ရရှိသူ ဦးအေးလွင်တို့နှင့် တွေ့ဆုံစဉ် နိုင်ငံသားမိဖနှစ်ဦးမှ မွေးဖွားသည့် သားသမီးသည် နိုင်ငံသားဖြစ်ခွင့် ရှိသည်ဟု ပြောဆိုခဲ့ကြောင်း ဦးအေးလွင်က ပြောကြားခဲ့ပါသည်။)

    …အလုပ်သမား၊ လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက အမျိုးသားမှတ်ပုံတင် ကတ်ပြား (သုံးခေါက်ချိုး) ကိုင်ဆောင်သူများကို NVC Card လဲလှယ်ရန်မလိုကြောင်းပြောကြားခဲ့ပါတယ်။
    (NVC နှင့်စပ်လျဉ်း၍ တင်ပြရလျှင်၊ (၁၅-၇-၂၀၁၆) ရက်စွဲပါ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၆) တွေ့ဆုံမေးမြန်းခန်းတွင် “အမျိုးသားမှတ်ပုံတင် ကတ်ပြား (သုံးခေါက်ချိုး) ကိုင်ဆောင်သူများကို NVC Card လဲလှယ်ရန်မလိုဘဲ လုပ်ထုံးလုပ်နည်းနှင့် အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ စိစစ်ထုတ်ပေးသွားမည် ဖြစ်ကြောင်း” ပြည်ထောင်စုဝန်ကြီး၊အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၏ ပြောကြားချက်အရ အမျိုးသားမှတ်ပုံတင်ကတ်ပြား (သုံးခေါက်ချိုး) ကိုင်ဆောင်သူများသည် NVC Card လဲလှယ်ရန် မလိုအပ်ပါ။)

    …နိုင်ငံသားအရည်အချင်း စိစစ်ရာတွင် အထောက်အထားတင်ပြမှု အားနည်းလျှင် ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၆၅နှင့် အညီ ဆောင်ရွက်နိုင်ပါတယ်။
    (အထောက်အထားတင်ပြမှု အားနည်းလျှင်(သို့) မည်သည့်နိုင်ငံသား အမျိုးအစားတွင် အကျုံးဝင်ကြောင်း အတည်ပြုရန် ဒွိဟဖြစ်လျှင်(သို့) နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ ပြဌာန်းချက်များနှင့် အကျုံးမဝင်လျှင် (သို့) NVC ကိုင်ဆောင်ထားသူများမှ လျှောက်ထားလာလျှင် လျှောက်ထားသူ (အလွှာရှင်) ၏ဆန္ဒအလျှောက် ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၆၅ အရ လျှောက်ထားရန် ညွှန်ပြပါလိမ့်မည်။)

    ပုဒ်မ-၆၅။    ။ ပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ် အဆုံးအဖြတ်ခံယူရန် အကြောင်းကိစ္စ ပေါ်ပေါက်ပါက ဗဟိုအဖွဲ့သို့ လျှောက်ထားနိုင်သည်။

    ဆောင်ရွက်ပုံအဆင့်ဆင့်မှာ မြို့နယ်ဦးစီးဌာနမှူးရုံးမှအမှုတွဲတည်ဆောက်၍ပဏာမစီစစ်ပါလိမ့်မည်။ မြို့နယ် အဆင့် ၊ ပြည်နယ်/ တိုင်းဒေသကြီးအဆင့် နိုင်ငံသားစိစစ်ရေးကော်မတီများ က စုံစမ်းစစ်ဆေးပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန (ရုံးချုပ်) က ထပ်ဆင့်စိစစ်ပြီး ဗဟိုအဖွဲ့သို့ တင်ပြရပါသည်။ ၄င်းဗဟိုအဖွဲ့မှ မည်သည့်နိုင်ငံသားအမျိုးအစားတွင် ပါဝင်ကြောင်း အပြီးသတ်ဆုံးဖြတ် ပါလိမ့်မည်။ ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ပေးရန် လိုအပ်၍ နိုငံသားစိစစ်ရေး ကတ်ပြား နိုင်ငံသား အမျိုးအစားအလိုက် ထုတ်ပေးရန်မှာလည်း အချိန်ယူ ဆောင်ရွက်ရမည့် ကိစ္စဖြစ်သဖြင့် အလွှာရှင်သည် အချိန်ကာလကြာမြင့်နိုင်သည်ကို သတိပြုရန် လိုအပ်ပါသည်။ NVC နှင့် ပုဒ်မ-၆၅ ဆက်စပ်လာလျှင် နိုင်ငံသား ဖြစ်ရန် အခွင့်အလမ်း နည်းပါးသွားနိုင်ပါသည်။)

    …မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်အများအပြားသည် အခြေခံဥပဒေ (၃) ခုက အသိအမှတ်ပြုထားသော ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူများဖြစ်ကြပါတယ်။
    (မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင် အများအပြားသည် ဥပဒေအရ နိုင်ငံသားဖြစ်ပြီး သူများ ဖြစ်ကြပါသည်။ ၁၉၄၇ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ-၁ဝ၊ ၁၉၇၄ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၁၄၅(ခ)နှင့်၂၀၀၈ခုနှစ် ၊ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၃၄၅(ခ)ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၃)ရပ်က  ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူများကို  အသိအမှတ်ပြု အတည်ပြု ထားပြီး၊ ၁၉၈၂ခုနှစ်၊ မြန်မာ နိုင်ငံသားဥပဒေပုဒ်မ-၆ ကလည်း ထပ်မံ အတည်ပြုထားပါသည်။)

    …မြန်မာနိုင်ငံတွင် ၁၈၂၃ခုနှစ် မတိုင်မီက မိမိ၏ပင်ရင်းနိုင်ငံအဖြစ် အခြေစိုက် နေထိုင်ခဲ့သော အစ္စလာမ်ဘာသာဝင်များ၏ အဆက်အနွယ်များသည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၃ အရ နိုင်ငံသားဖြစ်ကြပါတယ်။
    (၁၉၄၈ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ-၃(၁)တွင်  ၁၈၂၃ ခုနှစ်(မြန်မာသက္ကရာဇ် ၁၁၈၅ခုနှစ်) မတိုင်မီ ကာလကစ၍ မိမိတို့၏ ပင်ရင်းတိုင်းပြည် အဖြစ်ဖြင့် အခြေစိုက် နေထိုင်ခဲ့သော မျိုးနွယ်စုများသည် ၁၉၈၂ခုနှစ် ၊မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၃ တွင် အကျုံးဝင်သော မြန်မာနိုင်ငံ သားများ ဖြစ်ကြပါသည်။ အစ္စလာမ်ဘာသာဝင်များသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ကျော် ၁၂၀၀ခန့်က ရောက်ရှိခဲ့ရာ၊ ၁၈၂၃ခုနှစ် မတိုင်မီက မိမိတို့၏ ပင်ရင်းတိုင်းပြည်အဖြစ်ဖြင့် အခြေစိုက် နေထိုင်ခဲ့သူများ၏ အဆက်အနွယ်များသည် မြန်မာနိုင်ငံသားများဖြစ်ကြပြီး၊ မြန်မာနိုင်ငံအရပ်ရပ်တွင် ပျံ့နှံ့နေထိုင်လျှက်ရှိပါသည်။)

    …လ၀က ဥပဒေများအရ နိုင်ငံသားဖြစ်ပြီးသူများမှ မွေးဖွားသူများသည်လည်းမြန်မာနိုင်ငံသားများဖြစ်ကြပါတယ်။
    (၁၉၄၈ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ၊ ၁၉၄၈ခုနှစ်၊ ပြည်ထောင်စု မြန်မာ နိုင်ငံသားအဖြစ် ရွေးချယ်ရေး အက်ဥပဒေ နှင့် ၁၉၄၇ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ-၁၁ တို့နှင့်အညီ နိုင်ငံသားဖြစ်ပြီး သူများသည်လည်း ၁၉၈၂ခုနှစ် ၊မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၆တွင် အကျုံးဝင်သော မြန်မာနိုင်ငံသားများ ဖြစ်ကြပါသည်။ ၁၉၇၃ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေ ပုဒ်မ-၁၄ တွင် “ဥပဒေ ပြဌာန်းချက် တစ်ရပ်ရပ်ကို အခြားဥပဒေ တစ်ရပ်ရပ်ဖြင့်၊ ရုပ်သိမ်းလျှင် (က)ရုပ်သိမ်းခြင်း ခံရသော ပြဌာန်းချက် ၏ အာဏာသက်ရောက်ခြင်းကို မထိခိုက်စေရ။ ထို့ပြင် ယင်းဥပဒေ ပြဌာန်းချက် အရ နည်းလမ်းတကျ ပြုလုပ် ဆောင်ရွက်ခဲ့သည်တို့ကို မထိခိုက်စေရ။(ခ)ရုပ်သိမ်းခြင်းခံရသော ပြဌာန်းချက်အရ ရရှိခဲ့သည့်ရပိုင်ခွင့် သို့မဟုတ် အခွင့်အရေးကို မထိခိုက်စေရ။”ဟု ပြဌာန်းထားရာ၊ ယင်းအခွင့်အရေးများသည် ယနေ့တိုင် တည်မြဲလျှက်ရှိရာ၊ အဆိုပါ ဥပဒေများအရလည်း အစ္စလာမ်ဘာသာဝင်များ အများအပြားသည် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူများ ဖြစ်ကြပါသည်။)

    ၁၉၈၂နိုင်ငံသားဥပဒေတွင် သွေးနှောများကိုပြန်လည် စိစစ်ရန် မပါဝင်ကြောင်း ဒဂုံမြို့နယ် (မြောက်ပိုင်း) ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေကိုယ်စားလှယ် ဒေါက်တာခင်မောမောင်က ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။
    (သွေးနှော”အသုံးအနှုန်းနှင့် ပတ်သက်၍လည်း တင်ပြလိုပါသည်။၎င်းအသုံးအနှုန်းသည် ၁၉၈၂ နိုင်ငံသား ဥပဒေ၊ နည်းဥပဒေများတွင် မပါဝင်သော ဥပဒေနှင့် မညီညွှတ်သည့် အသုံးအနှုန်း ဖြစ်ပါသည်။ ဥပဒေ ပြဌာန်းချက်တစ်စုံတစ်ရာ မရှိ၍ “သွေးနှော”ဟု ခေါ်ဝေါ် သုံးနှုန်းခြင်းမှာ တည်ဆဲ ဥပဒေများနှင့်ညီညွှတ်ခြင်းမရှိပါ။ ဥပဒေတစ်ရပ် ပြဌာန်းလျှင်၊ ဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ အမိန့် အသီးသီး ရှိပါသည်။ညွှန်ကြားချက်၊ အမိန့်များသည် ဥပဒေ၊ နည်းဥပဒေ၊များကို မကျော်လွန်နိုင်ပါ။ အစ္စလာမ်ဘာသာဝင်များအား သွေးနှောများ ဟု သုံးနှုန်းနေခြင်းမှာ ဥပဒေနှင့် မညီညွှတ်ပါ။)

    …နိုင်ငံသားစိစစ်ရာတွင် စိစစ်သည့်ဗဟိုအဖွဲ့အစည်း လ၀က၀န်ကြီးဌာန၊ နှင့်  နိုင်ငံတော်အစိုးရတို့ကသာ ဆုံးဖြတ်နိုင်ပါတယ်။
    (၁၉၈၂ခုနှစ်၊မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၇၄အရ မြန်မာနိုင်ငံသား စိစစ်ရေး လုပ်ငန်းရပ်များနှင့် စပ်လျှဉ်း၍ နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန နှင့် ဗဟိုအဖွဲ့တို့ကသာ တည်ဆဲဥပဒေများနှင့်အညီ အဆုံးအဖြတ် ပေးနိုင်ပါသည်။ သက်ဆိုင်ရာ ဝန်ကြီးဌာန နှင့် ဗဟိုအဖွဲ့တို့သည် နိုင်ငံတော်အစိုးရကို တာဝန်ခံ၍ မြန်မာနိုင်ငံသား လုပ်ငန်းရပ်များကို အကောင်အထည် ဖေါ်ရပါသည်။ ပုဒ်မ-၇၀(ခ)အရ နိုင်ငံတော် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပါသည်။)

    …NVC ကတ်ပြားများကို အစ္စလာမ် ဘာသာဝင်များကိုသာ သီးခြားကိုင်ဆောင်စေခြင်းမဟုတ်ပဲ နယ်စပ်ဒေသများ၏ နယ်နမိတ်ထိစပ်မှုသဘော သဘာဝအရ နှစ်နိုင်ငံလူမျိုးများရောထွေးနေခြင်း အပေါ် ဥပဒေအရ စိစစ်ခွဲခြားပေးနိုင်ရန်အတွက် အခိုင်အတန့် ကိုင်ဆောင်စေခြင်းဖြစ်ကြောင်းပြောကြားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးကဲ့သို့ မြို့ကြီးပြကြီးများတွင် နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များအား သီးသန့်ခေါ်ယူတွေ့ဆုံ ရှင်းပြရန်လိုအပ်မည် မဟုတ်ပါ။ မြန်မာနိုင်ငံတွင်နေထိုင်ကြသော နိုင်ငံသား အရည်အချင်းပြည့်မှီသည့် အစ္စလာမ်ဘာသာဝင်တို့အား ၁၉၈၂ခုနှစ်မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်ရန်ဖြစ်ပါတယ်။

    (နိုင်ငံသား/ဧည့်နိုင်ငံသား/နိုင်ငံသားပြုခွင့်ရသူများ အတွက်၁၉၈၂ခုနှစ်၊မြန်မာနိုင်ငံသားဥပဒေနည်း ဥပဒေလုပ်ထုံး လုပ်နည်းများ ပြဌာန်းထားပြီးဖြစ်ပြီး၊ အဆိုပါပြဌာန်းချက်များအရ နိုင်ငံသား/ဧည့်နိုင်ငံသား /နိုင်ငံသားပြုခွင့်ရသူများအတွက် အရည်အချင်း သတ်မှတ်ချက်များကို စိစစ်ရာတွင် အထောက်အထားများ ခိုင်မာမှန်ကန်မှုရှိကြောင်း စိစစ်အတည်ပြုသူများကို ရသင့်သော နိုင်ငံသား အမျိုးအစား အလိုက် အသိအမှတ်ပြုလက်မှတ်/ စိစစ်ရေးကတ်ပြားများကို မြို့နယ်/ခရိုင် နှင့် ပြည်နယ်/တိုင်းဒေသကြီး ဦးစီးဌာနမှူးများက လက်မှတ်ရေးထိုး ထုတ်ပေးရပါမည်။ အဆိုပါ ပြဌာန်းချက်များကို ဘောင်ကျော်၍ မဆောင်ရွက်နိုင်ပါ။ အဆိုပါ ပြဌာန်းချက်များ အကျုံးဝင်လျှင် ရသင့်သောနိုင်ငံသား ကတ်ပြားများ  ထုတ်ပေးရမည် ဖြစ်ပါသည်။ နိုင်ငံသားဖြစ်ရန် အရည်အချင်းရှိသူများအား အစုလိုက်အပြုံလိုက် NVCများ ထုတ်ပေးလိုက်လျှင်၊ နိုင်ငံသားဖြစ်ရန် အခွင့်အရေးများ ဆုံးရှုံးကြမည်ဖြစ်ပါသည်။)

    အချုပ်အားဖြင့် တင်ပြရလျှင် ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေသည်၂၀၀ဂ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွှတ်မှု မရှိသော်လည်း ၎င်းဥပဒေမှာ တည်ဆဲဖြစ်နေ၍ ၎င်းဥပဒေ အရသာ ဆုံးဖြတ်ရပါမည်။ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်တွင် အစ္စလာမ်ဘာသာဝင်များအား တည်ဆဲဖြစ်သော ၁၉၈၂ခုနှစ်၊မြန်မာနိုင်ငံသားဥပဒေ ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးပါရန် အနူးအညွှတ် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

    ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)