ကျောင်းစာတွေနဲ့ချည်းရှုပ်နေလို့ မြန်မာရုပ်ရှင်တွေနဲ့ဝေးနေတာ ၈ လလောက်ရှိပါပြီ၊ ကျောင်း ဖွင့်နေတုန်းမှာ Chatting လည်းမလုပ်ဖြစ်။ အရင်ကလို Shwedream တို့ Pansagar တို့လို ၀က်ဘ်ဆိုက်တွေလဲ ဝေးဝေးတခါ မှပဲဝင်ဖြစ်တော့ မြန်မာမှန်သမျှ လွမ်းမိ ပါတယ်။ မြင်သာမြင် မကြင်ရဆိုသလို ရုပ်ရှင်တွေသီချင်းတွေရှိမှန်းသိ ပေမဲ့လည်း မကြည့်ဖြစ်ပါဘူး၊ ဒါနဲ့ စာမေးပွဲတွေ Assignment တွေ အားလုံးပြီးတဲ့နေ့မှပဲ YAMC တို့ Myanmarpyithar.com တို့ကရုပ်ရှင်တွေကို တစ်ကားပြီးတစ်ကား ဆက်တိုက်ကြည့်လိုက် တာ ခေါင်းကိုက်လို့ ဆေးတောင်သောက်ယူရပါတယ်။ ဒီ website ပိုင်ရှင်တွေကို ကျေးဇူးအရမ်းတင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့လို နိုင်ငံခြားမှာရောက်နေတဲ့မြန်မာတွေအတွက် ကိုယ့်ပြည်ကိုယ့်ရွာကို အလွမ်းဖြေဖို့ကြည့်စရာလေး တွေကို အခမဲ့ စုဆောင်းပေးလို့ပါ။ ပြီးတော့ ပြည်တွင်းမှာ ဘာတွေဖြစ်ပြီး ဘာတွေပြောင်းနေတယ် ဆိုတာလည်း နည်းနည်းပါးပါးသိရတာပေါ့။ မြန်မာရုပ်ရှင်တွေကို ဒီထက်ပိုပြီး တင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်
.
ရုပ်ရှင်လောကမှာ Technical နဲ့ပတ်သက်ပြီး တိုးတက်လာတာတွေ့ရတော့ ၀မ်းသာပါတယ်။ အရင်ကလို ဂဂျိုး ဂဂျောင် Background Music တွေ၊ ကြည့်သာကြည့်ရတာ မျက်နှာကိုမမြင်ရလောက်အောင် အလင်းများတာ တွေတော့ သိပ်မရှိတော့ဘူး။ အသံတွေဆိုရင်လည်း ရှင်းရှင်းလင်းလင်းကြားရ၊ နားထောင်ရဆိုတော့ ပိုအရသာ ရှိတာပေါ့။ ဒါပေမဲ့ ဗဟုသုတရမဲ့ရှပ်ရှင်ဆိုရင် မရှိသလောက်ရှားတယ်လို့ထင်ပါတယ်။ ပြီးတော့ မြန်မာပြည်သူ အများစုကို အောက်တန်းစား ဆိုပြီး နှစ်ပေါင်း များစွာ စော်ကားလာခဲ့တဲ့ ကိစ္စလည်း မလျော့သေးဘူးမြင်မိပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်ထင်သလိုပဲ သူများတွေရောထင်သလား၊ ဒါမှမဟုတ် ကျနော်တစ်ယောက် တည်း အဲ့ဒီလိုထင်နေတာလားဆိုတာသိချင်လို့ ဒီဆောင်းပါးလေးကိုရေးလိုက်တာပါ။ ဖတ်ကြည့်ပြီးတော့ အကို၊ အမ၊ ညီ၊ ညီမတို့ထင်တာလေးတွေကိုလည်း ပြောပြပါအုံးလို့။
.
ပြောချင်တာလေးတွေကို စပြောရမယ်ဆိုရင်ဗျာ — ရုပ်ရှင်ကြည့်လိုက်တိုင်း ကုမ္မဏီပိုင်ရှင်တွေ၊ မီလျံနာတွေ၊ သူဌေးသား သူဌေးသမီးတွေချည်းပဲ။ အခုနောက်ပိုင်း ရာဇာနေ၀င်း ကိုး ယိုကားယားလုပ်ပြတာခေတ်စားလာပြီး ကတည်းက Request တွေ၊ Good Morning တွေ၊ နိုင်ငံခြားတွေ မှိုလိုပေါက်လာသလားလို့၊ တစ်ကားလာ လည်း နိုင်ငံခြားမှာပညာသင်၊ နောက် တစ်ကားလာလည်း နိုင်ငံခြားမှာ ကုမ္မဏီထောင်။ ပြောလိုက်ရင်လည်း သိန်းတွေ သန်းတွေနဲ့ချည်းပဲ။ ပြီးတော့ ရုပ်ရှင်ကားတိုင်း လိုလိုကလည်း လူချမ်းသာအကြောင်းချည်းပဲ။
.
တကယ်တမ်းတော့ မြန်မာပြည်သူအများစုဟာ ဆင်းရဲတွင်းနက်ပြီးတော့ ရုန်းကန်နေရတာပါ။ ဒါကြောင့် အချစ် ကားတွေအပြင် လူ့အဖွဲ့အစည်းထဲမှာဖြစ်နေတဲ့ ပြသနာလေးတွေကိုလည်း မီးမောင်းထိုးပြရင် ပိုကောင်းမလား လို့ပါ။ အဲ့ဒါထက်ဆိုးတာက ဆင်းရဲတဲ့လူတွေကို အောက်တန်းစားဆိုပြီး စော်ကားတဲ့ကိစ္စပါ။ ရုပ်ရှင်အတော်များ များမှာ ငွေရှိတဲ့လူကို ဂုဏ်သရေရှိ အထက်တန်းစားလို့ ရည်ညွှန်းပြီး ဆင်းရဲတဲ့လူကို အောက်တန်းစားလို့ ပြောတတ်ကြပါတယ်၊ အမှန်ဆိုရင် အောက်တန်းစားဆိုတာ ဆင်းရဲတာထက် နှက်ရှိင်းပါတယ်။ အဆင့်အတန်းမဲ့၊ ဂုဏ်သ ရေမဲ့၊ အကျင့်ပျက်၊ ဆိုးသွမ်း၊ ကလေကချေ စတဲ့ စတဲ့ အဓိပါယ်တွေ ကပ်ပါလာတယ် ဆိုတာကို စာရေးဆရာတွေ၊ ဇာတ်ညွှန်းသမားတွေ ကျနော်တို့ထက်ပိုနားလည်ပါတယ်၊၊ ဒါပေမဲ့ ပညာရှိ သတိ ဖြစ်ခဲဆိုသလို သတိထားမိပုံရဟန် မတူဘူး။
.
အဆင့်အတန်းမရှိဘူးဆိုပြီး ငွေကြေးမချမ်းသာသူတွေကိုစော်ကားတဲ့ရုပ်ရှင်တစ်ခုကို ဥပမာပေးရရင် “မဆုံခဲ့ ကြရင်” ဆိုတဲ့ ဗီဒီယိုဇာတ်ကားက အကောင်းဆုံးဖြစ်လိမ့်မယ်ထင်တယ်။ အဲ့ဒီထဲမှာ လွင်ပြင် (မင်းမော်ကွန်း) က နှလုံးရောဂါသည်၊ ငယ်ငယ်စိုး (အိနြာကျော်ဇင်) က လွင်ပြင့်ကို ဆေးတိုက်ရတဲ့ သူနာပြုဆရာမအတုလေး ပါ။ ဖြစ်ပုံက ဒီလိုပါ၊ တစ်ရက်မှာ ငယ် က ကားဓာတ်ဆီကုန်သွားလို့ အကူအညီ တောင်းဖို့ဆိုပြီး လွင်ပြင်တို့အိမ် အ၀င် လွင်ပြင့်ကိုဆေးတိုက်ပေးရမဲ့ Nurse အသစ်နဲ့မှားပြီး သူ့ကို အိမ်ထဲခေါ်သွားရာက နေ လွင်ပြင့်ကိုဂရု ဏာသက်ပြီး သူနာပြုဆရာမအတုဘ၀ရောက်သွားရတာပါ။ နှစ်ယောက်စလုံးရဲ့  မိဘတွေက ချမ်းသာပါတယ်။ ဒါပေမဲ့ သူနာပြုဆိုတဲ့ ငယ့်ကို လွင်ပြင့်အမေက ဆင်းရဲတယ်လို့ တရားသေတွက်ထားပါတယ်။ အချိန်တခနအ တွင်းမှာ လူငယ်ချင်းမေတ္တာမျှသွားကြတာကို လွင်ပြင်ရဲ့မိခင်သိတော့ ဘာမဟုတ်တဲ့မိန်းကလေး၊ ဘာ အဆင့်အတန်းမှမရှိတဲ့မိန်းကလေးနဲ့ သူ့သားကိုသဘောမတူဘူးတဲ့။ အဲ့ဒါကို ငယ်ရဲ့ ရှေ့ မှာပြောတာ။ အဲ့ဒီအချိန် အထိ ငယ်ဟာသူနာပြုအစစ်မဟုတ်မှန်း လွင်ပြင့်မိခင်မသိသေးဘူး။ ဟန်ဆောင်မှန်းသိလို့ အကျင့်မကောင်းဘူး ဆိုပြီး သဘောမတူရင်တော့တမျိုးပေါ့။ အခုဟာက ငွေကြေးကြောင့်မလို့ အဆင့်မရှိဘူးဆိုပြီး ကံယာကံရှင် မိန်း ကလေးကို ရှေ့ မှာထားပြီး နှိမ်ချတာကတော့ အရမ်းရုပ်ဆိုးလွန်းလှပါတယ်။
.
ငယ်ကလည်း “အန်တီပြောသလို မျိုး ကျမတို့က အန်တီတို့လောက် မချမ်းသာပါဘူး၊ ဒါပေမဲ့ ဆင်းရဲမွဲတေနေတဲ့ အ တန်းစားထဲကတော့မဟုတ်ပါ ဘူး။ သာမန်လူတန်းစားထက်တော့ပိုပါတယ်” တဲ့။ လွင်ပြင့်မိခင်ပြောတာနဲ့ ငယ်ပြောတာတွေက ဘာကိုပြနေ လည်းဆိုတော့ သူဌေးမဟုတ်ရင် အဆင့်အတန်းမရှိဘူး၊ အောက်တန်းစားဆိုတာကိုပေါ့ဗျာ။ ဒါနဲ့ Nurse ဆိုရင် ဆင်းရဲပြီး အဆင့်မရှိတော့ဘူးတဲ့လားဗျာ။ သူနာပြုဆိုရင် အဆင့်မရှိဘူးလို့ပြောတာဟာ စေတနာ၊ ၀ါသနာနဲ့ ဂရုဏာဆိုတဲ့ နာသုံးနာကိုစားပြီး အားရှိတဲ့ သူနာပြုဆရာမတွေအားလုံးကို သိမ်းကြုံးစော်ကားလိုက်တာလို့ ကျ နော်ထင်ပါတယ်၊ သူနာပြုဆရာမတွေသာမရှိရင် နယ်မှာမပြောနဲ့ ရန်ကုန်လို မြို့ကြီးပြကြီးကလူနာတွေတောင် အသက်မှီမှာမဟုတ်ဘူး၊ ဖိလစ်ပိုင်နိုင်ငံကတချို့ ဒေသနဲ့ အာဖရိကနိုင်ငံတွေမှာဆိုရင် သူနာပြုဆရာမတွေ နိုင်ငံ ခြားထွက်ကုန်ကြလို့ နိုင်ငံထဲမှာ ကျန်းမာရေးဝန်ထမ်းအလုံအလောက်မရှိပဲ လူသေနှုန်းမြင့်လာနေတာကို ဇာတ် ညွှန်းဆရာတွေ၊ ဒါရိုက်တာတွေ၊ မင်းသား မင်းသမီးတွေ အလေးထားပုံမရပါဘူး။ လူ့အသက်ကယ်တဲ့ စေတနာ့ဝန်ထမ်းတွေကိုစော်ကားရဲတဲ့သတ္တိကိုတော့ ချီးကျူးရမလိုပါပဲဗျာ။
.
အဲ—ငွေကြေးဆင်းရဲတော့ကော ဘာဖြစ်လဲဗျာ။ ငွေမရှိပေမဲ့ စိတ်ဓာတ်နဲ့ အကျင့်သီလရှိတဲ့သူတွေ သန်း နဲ့ချီရှိ ပါတယ်။ မြန်မာပြည်အခြေအနေကိုပြန်ကြည့်ရင်လည်း ချမ်းသာသမားက လက်တစ်ဆုတ်စာပဲရှိတာပါ၊ သန်းပေါင်းများ စွာသောပြည်သူတွေက လယ်သမား၊ အလုပ်သမား၊ လက်လုပ်လက်စားဆင်းရဲသားတွေပါ။ ဒီလူ တွေကပဲ တစ်နိုင်ငံလုံး စားဖို့၊ ၀တ်ဖို့၊ သုံးဖို့အတွက် လယ်ကွင်းတွေမှာ၊ စက်ရုံတွေမှာ၊ လမ်းဘေးတွေမှာ နဖူး ချွှေးခြေမကျအောင် ရုန်းကန်နေကြတာပါဗျာ။ အဆင့်အတန်းလို့ပြောတဲ့နေရာမှာရော အကျင့်စာရိတတို့၊ ကိုယ် ကျိုးစွန့်ပြီး အများအကျိုးဆောင်တာတို့ ဘယ်ရောက်သွားလဲ ဆိုတာကို မေးချင်ပါတယ်။ ကျနော်ကလည်း နယ် ကပါ။ မြို့ကြီးထက်စာရင် နယ်တွေမှာ ငွေကြေးဆင်းရဲသမားပိုများတယ်ဆိုတာကို အထူးပြောစရာမလိုပါဘူး။ ဒါပေမဲ့ မြို့ကြီးကလူတွေထက် မပိုရင်တောင် နယ်သူနယ်သားတွေရဲ့ ရိုးသားမှုက မြို့ကြီးသားတွေထက် တော့မနည်းပါဘူး။ စိတ်ဓာတ်မြင့်မားကြပါတယ်။ ကြားသလောက်၊ ဖတ်မိသလောက်ဆိုရင် ဘိန်းမှောင်ခိုကူး သမားတွေ၊ လူမှောင်ခိုကူးသမားတွေ၊ နိုက်ကလက်ထောင်သမားတွေ၊ ရှယ်ယာလိမ်သမား အများစုဟာ မြို့ကြီး တွေမှာနေတဲ့ သူဌေးတွေပါ။ ဒီလိုပြောလို့ သူဌေးတိုင်းမကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး၊
.
ဆိုလိုတာကတော့ဗျာ အဆင့်အတန်းဆိုတာနဲ့ ငွေကြေးချမ်းသာတာနဲ့ကို ညီမျှခြင်းမချကြပါနဲ့လို့။ ငွေကြေးကို ပါဝါလိုသုံးပြီး လူတွေကိုအမျိုးမျိုးဒုခပေးတဲ့ အောက်တန်းကျတဲ့ သူဌေးတွေရှိသလို၊ ငွေကြေးမချမ်းသာပေမဲ့ စိတ် ဓာတ်နဲ့ ကိုယ်ကျင့်တရားမြင့်မားသူတွေ ဒုနဲ့ဒေးပါ။ မြန်မာပြည်သူတွေက သူတို့ရဲ့ ထွက်ပေါက်ဖြစ်တဲ့ ရုပ်ရှင် ကြည့်ခါမှ သြော်— ငါတို့ကဆင်းရဲတယ်။ ဒါကြောင့် ငါတို့ကအောက်တန်းစားတွေပါလားဆိုတဲ့ သိမ်ငယ်မှုမျိုး တွေကို မြန်မာရုပ်ရှင်တွေက မပေးသင့်ဘူးလို့ ထင်ပါတယ်။ ကျေးဇူးရှင်ကို ကျေးစွပ်ဆိုသလိုမျိုး ကိုယ့်ကိုထမင်း ကျွေးတဲ့ ကိုယ့်ပရိတ်သတ်တွေကို အောက်တန်းစားလူဆင်းရဲတွေဆိုပြီး ဖန်သားပြင်ကနေ မစော်ကားကြပါနဲ့ တော့လို့—
.
ဆောင်းပါးရှင် အေကေရဲ့ မျိုးဆက်သစ် ဝေဖန်ရေးမဂ္ဂဇင်းမှာ ၂၀၀၉ ခုနှစ်တွင် ဖော်ပြခဲ့သော ဆောင်းပါးကို ကူးယူဖော်ပြပါသည်။
Author: editor
-
မြန်မာရုပ်ရှင်နှင့် လူတန်းစားပြသာနာ
-
ရခိုင်လုံခြုံရေး အခြေအနေ သတိထား ကိုင်တွယ်ဖို့ ကန်နဲ့ ကုလတိုက်တွန်း
VOA (မြန်မာပိုင်း)
.
ရခိုင်ပြည်နယ်အတွင်းက နယ်ခြားစောင့် ကင်းစခန်း ၃ ခု တိုက်ခိုက်ခံခဲ့ရတဲ့ကိစ္စအပေါ် အထူး စိုးရိမ် ပူပန်ကြောင်းနဲ့ ဒီကိစ္စကို ပွင့်လင်း မြင်သာစွာနဲ့ ဥပဒေအရ ကိုင်တွယ် ဖြေရှင်းဖို့ အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် Vijay Nambiar က တိုက်တွန်းပါတယ်။ ဒါ့အပြင် ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေအတွင်း တိုက်ပွဲတွေ ပြန်လည် ဖြစ်ပေါ်လာနေတဲ့ကိစ္စကိုလည်း အထူး စိုးရိမ်မိကြောင်း Mr. Nambiar က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
.
မြန်မာအစိုးရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ မောင်တော်မြို့နယ်အတွင်းက ကင်းစခန်း (၃) ခုကို အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်သွားခဲ့တဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့ ပြစ်တင် ရှုတ်ချလိုက်ပြီး အခုလို ဖြစ်သွားခဲ့တဲ့အပေါ် အထူး စိုးရိမ် ပူပန်ကြောင်း နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ပြောခွင့်ရအမျိုးသမီး Katina Adams က ပြောပါတယ်။
.
“ရခိုင်ပြည်နယ်မြောက်ပိုင်း အောက်တိုဘာ ၉ ရက်နေ့က နယ်စပ်စခန်း ၃ ခု တိုက်ခိုက်ခံရမှုကို အမေရိကန်ပြည်ထောင်စုက ပြစ်တင် ရှုံ့ချပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရက ဆက်သွယ်ခဲ့ပြီး တကယ် ဖြစ်ရပ်မှန်အကြောင်း အသိနိုင်ဖို့ နောက်ထပ် အချက်အလက်တွေ စုဆောင်းနေချိန်မှာ အခြေအနေကို နီးနီးကပ်ကပ် လေ့လာ စောင့်ကြည့်နေပါတယ်။ ဖြစ်ရပ်ကို တိတိကျကျ ထင်သာ မြင်သာနဲ့ တရားဥပဒေအရ စုံစမ်း စစ်ဆေးပြီး တိုက်ခိုက်မှု ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း တိုက်တွန်းပါတယ်။ တချိန်ထဲမှာပဲ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်တွေကို လေးစား လိုက်နာဖို့ကိုလည်း မေတ္တာရပ်ခံသလို နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်သွားစေဖို့ အုပ်စု အားလုံးတို့ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ရတဲ့ အခြေခံ အကြောင်းရင်းတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ မြန်မာအစိုးရနဲ့ အမေရိကန်က ဆက်လက် ကူညီ ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။”
.
ဒီကိစ္စကို ပွင့်လင်း မြင်သာစွာ အသေအချာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက်လည်း မြန်မာအစိုးရကို တောင်းဆိုထားကြောင်း Katina Adams က ဆက်ပြောပါတယ်။
.
“ဒီဖြစ်ရပ်ကို ထိထိရောက်ရောက်နဲ့ ထင်သာ မြင်သာရှိစွာ စုံစမ်း စစ်ဆေးဖို့အပြင် အဲဒီ ဒေသရှိ လူတွေရဲ့ အခွင့်အရေးတွေနဲ့ ဘေး အန္တရာယ် ကင်းရှင်းရေးအတွက် ကာကွယ် စောင့်ရှောက်ပေးဖို့ကိုလည်း ကျမတို့ တိုက်တွန်းပါတယ်။ အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်နေပြီး ရခိုင်ပြည်နယ်အတွင်း အုပ်စု အားလုံးတို့ကို ကိုယ်စားပြုတဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့လည်း ဆက်သွယ်ခဲ့ပြီး တိုက်ခိုက်မှုအတွင်းနဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ဖြစ်ရပ်မှန်ကို သိရှိနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တရားဝင် စုံစမ်း စစ်ဆေးပြီး နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်ပွားရလေအောင် အုပ်စု အားလုံးတို့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းပါတယ်။”
.
ရခိုင်ပြည်နယ်အတွင်း နယ်ခြားစောင့် ကင်းစခန်း (၃) ခုကို အမည်မသိ လက်နက်ကိုင် အုပ်စုတွေရဲ့ ၀င်ရောက် တိုက်ခိုက်ခြင်း ခံလိုက်ရတဲ့အပေါ် အထူး စိုးရိမ်မိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကြံပေးပုဂ္ဂိုလ် Vijay Nambiar က အောက်တိုဘာလ ၁၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
.
Eri Kaneko ဟာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရအမျိုးသမီး ဖြစ်ပါတယ်။ သူက မစ္စတာ Nambiar ရဲ့ ကြေညာချက်ကို အခုလို ဖတ်ပြပါတယ်။
.
“အမည်မသိလူတွေနဲ့ အုပ်စုတွေက နယ်ခြားစောင့် တပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပေါ်ကို အောက်တိုဘာလ ၉ ရက်နေ့က ညတွင်းချင်း တိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ တိုက်ခိုက်မှုတွေကြောင့်မို့လို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ နေရာ (၃) ခုမှာ တပ်ဖွဲ့ဝင်တွေအပြင် ဒေသခံ အရပ်သားတွေပါ သေဆုံးတဲ့အတွက် လွန်စွာ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ Nambiar က ထုတ်ပြန်ပါတယ်။ ဒါကြောင့် ဒေသခံ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ရှိကြပြီးတော့ ဘာသာခြား အုပ်စုတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုကြဖို့ အခြေအနေ ပိုဆိုးရွားလာအောင် မလုပ်ကြဖို့ကိုလည်း တိုက်တွန်းပါတယ်။ လုံခြုံရေးတပ်တွေအနေနဲ့ မြန်မြန်ထက်ထက်နဲ့ ဥပဒေအရ ဒီကိစ္စကို တုန့်ပြန်ဖို့ လိုအပ်တာကို အထူးအကြံပေး အနေနဲ့ နားလည် သဘောပေါက်ပေမယ့် တချိန်ထဲမှာပဲ သတိထား ကိုင်တွယ်ပြီး အပြစ်မဲ့ အရပ်သားတွေ သေဆုံးမှု၊ အိမ်ယာပစ္စည်းတွေ ဖျက်ဆီးခံရမှု၊ ဒေသခံတွေအပေါ် နှောင့်ယှက် ဟန့်တားမှုတွေကို ရှောင်ကြဉ်ဖို့လည်း အထူးအကြံပေးပုဂ္ဂိုလ်က တိုက်တွန်းပါတယ်။”
.
အလားတူပဲ ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေအတွင်း တိုက်ပွဲတွေ ပြန်လည် ဖြစ်ပေါ်ပြီး အခြေအနေတွေ တင်းမာလာနေတဲ့အပေါ် အထူး စိုးရိမ်ကြောင်းလည်း မစ္စတာ Nambiar က နောက်ထပ် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်လို့ Eri Kaneko က ပြောပါတယ်။
.
အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် ကင်းစခန်း (၃) ကို ၀င်ရောက် တိုက်ခိုက်မှု ဖြစ်သွားခဲ့ပြီးတဲ့ နောက်တနေ့မှာ မောင်တောမြို့နယ်၊ မြို့သူကြီး ကျေးရွာအနီးမှာ အကြမ်းဖက် စီးနင်းတိုက်သူတွေ ရောက်ရှိနေကြာင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေက သတင်းရရှိတဲ့အတွက် ရောက်သွားတာမှာ အဲဒီ ကျေးရွာထဲက လူ ၂၀ ခန့်က တုတ်၊ ဓား ၊ လက်နက်တွေနဲ့ တိုက်ခိုက်တာကြောင့် တပ်မတော်ဘက်က ပြန်လည် ပစ်ခတ်ခဲ့တာမှာ ၀င်ရောက် တိုက်ခိုက်သူ ၄ ဦး သေဆုံးခဲ့ကြောင်း၊ ကျန်လူတွေကတော့ ထွက်ပြေးသွားကြကြောင်းနဲ့ သူတို့ထံက လက်လုပ်သေနတ်နဲ့ ကျည်ဆံတချို့ သိမ်းဆည်း ရမိလိုက်ကြောင်း ၊ တချိန်ထဲမှာပဲ မောင်တောမြို့နယ်၊ ပြောင်းပစ်ကျေးရွာအနီးမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းတွေကို အကြမ်းဖက် ဆီးနင်းတိုက်ခိုက်သူ အင်အား ၃၀၀ လောက်က ၀ိုင်းဝန်းတိုက်ခိုက်တဲ့အတွက် တပ်မတော်ဘက်က ပြန်လည် ပစ်ခတ်မှာတာ အကြမ်းဖက် တိုက်ခိုက်သူတွေဖက်က တဦး သေဆုံးပြီး တပ်မတော်သား ၄ ဦး သေဆုံးခဲ့တယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။
.
မောင်တောမြို့နယ်အတွင်းက ကျေးရွာတချို့ကို တပ်မတော်က ၀င်ရောက် ရှင်းလင်းစဉ် အကြမ်းဖက်သမား ၄ ဦးကို ဖမ်းဆီး ရမိထားကြောင်း ဖမ်းဆီးထားသူတချို့ရဲ့ ပုံနဲ့တကွ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
.
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမှန်တွေ သိရှိနိုင်ဖို့အတွက်နဲ့ တည်ငြိမ်အေးချမ်းမှုရှိရေး ရှင်းလင်း ပြောကြားဖို့အတွက် အောက်တိုဘာလ ၁၁ ရက်ကနေ့ ၁၄ ရက်နေ့အထိ ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘလာ ၁၁ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ ဗုဒ္ဓဘာသာ ဆရာတော်တွေ၊ အစ္စလာမ်ဘာသာရေး အဖွဲ့တွေ၊ စစ်တွေမြို့က မြို့မိ မြို့ဖတွေ၊ ဌာနဆိုင်ရာက ၀န်ထမ်းတွေနဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။
.
ရခိုင်ပြည်နယ်အတွင်းက နယ်ခြားစောင့်စခန်း (၃) တိုက်ခိုက်ခံရမှုအတွင်း ကျဆုံးခဲ့ကြသူတွေရဲ့ မိသားစုတွေအတွက် ဥရောပသမဂ္ဂအနေနဲ့ ၀မ်းနည်းကြောင်းနဲ့ ဒီကိစ္စကို တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့အတွက် တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။
.
အလားတူပဲ နိုင်ငံတကာမှာရှိတဲ့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေကလည်း ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ မူဆလင်တွေအပေါ် စစ်တပ်က အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် စိုးရမ် ပူပန်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့သလို အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအတွက်လည်း နိုင်ငံတကာ အစိုးရထံတွေ တောင်းဆို ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။http://burmese.voanews.com/a/un-rakhine-/3547015.html
-
ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ အစ္စလာမ် ဘာသာရေး အဖွဲ့များ သီးခြားစီတွေ့ဆုံ
စစ်တွေ အောက်တိုဘာ ၁၁
ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့ရှိ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့် ယနေ့ ညနေ ၄ နာရီတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံသည်။တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အောက်တိုဘာ ၉ ရက် ကဖြစ်ပွားခဲ့ သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ ဥပဒေနှင့် အညီ ဆောင်ရွက်နေကြောင်း၊ တည်ငြိမ်အေး ချမ်းရေးအတွက် အလေးထား ဆောင်ရွက်နေကြောင်း၊ အမြန်ပြီး ပြတ်အောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က ရခိုင်ပြည်နယ် အရေးသည် ပြည်ထောင်စု အရေးသာဖြစ်ကြောင်း၊ သေချာဖြေရှင်းနိုင်ခြင်းက နိုင်ငံပုံရိပ်ကောင်း အဖြစ်ခံယူကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ က ယခုလုပ်ရပ်ကို အကြမ်းဖက် လုပ်ရပ်အဖြစ် ရှုမြင်မှု၊ မိမိတို့ လုံခြုံရေးကို အဓိက ထား တိုက်ခိုက်ခြင်းဖြစ်သဖြင့် ပြည်သူများ စိုးရိမ်သောကဖြစ်နေမှု၊ ပါတီများအနေဖြင့် လက်တွဲဆောင်ရွက်လိုမှု၊ ယခုထက် ပိုမိုဆိုးရွားစွာ မဖြစ်စေရန် ရေရှည်စီမံဆောင်ရွက် ပေးစေလိုမှု တို့ကို ပြောကြားသည်။ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသာထွန်းလှက နယ်မြေ အတွင်း ခိုးဝင်သူများအား ခေတ်အဆက်ဆက်တွေ့ရမှု၊ ထို့ပြင် ခေတ်အဆက်ဆက် ပြဿနာ ဖန်တီးနေ မှုများ၊ အနောက်ဖက် နယ်စပ် လုံခြုံရေးကို ခြိမ်းခြောက်နေမှု၊ စီးပွားရေး၊ လူမှုရေးအဖက်ဖက်က လွှမ်းမိုးဆောင်ရွက်နေမှု၊ တိုင်းရင်းသား ကျေးရွာ များတွင် လုံခြုံရေးအပြည့်ထားပေးရန် လိုအပ်မှု၊ မိမိတို့ပါတီက ပူးပေါင်း ဆောင်ရွက်လိုမှု တို့ကို ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ် အလုပ်အမှုဆောင် ဦးအောင်ပန်းသာက ယခုကဲ့သို့ စခန်းသုံးခုကို တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ သေချာစဉ်းစားရန်လိုပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကိုသေချာ စိစစ်ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ရခိုင်မျိုးချစ်ပါတီ ပြည်နယ်အထွေထွေ အတွင်းရေးမှူး ဦးမောင်သန်းက ပညာရေး၊ ကျန်းမာရေးဝန် ထမ်းများအတွက် မည်သို့ဆောင်ရွက်မည်နှင့် ဤဒေသရှိ ပြည်သူများကို စောင့်ရှောက်ပေးရန် လိုအပ်မှုတို့ကို ပြောကြားသည်။တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပြည်နယ်ကော်မတီဝင် ဦးစိန်လှမောင် က မောင်တော ကမ်းနားတလျှောက် လုံခြုံရေး ဆောင်ရွက်ရန်လိုအပ်မှု၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က စီမံချက်ဖြင့် ဆောင်ရွက်ပေးစေလို ပါကြောင်း ပြောကြား သည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမျိုးသားရင်ကြားစေ့ရေးကို ဦးစားပေး ဆောင်ရွက်နေမှု၊ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူကို အချိန်နှင့်တပြေးညီ ချပြ ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိ ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အားလုံးပူးပေါင်း ဆောင်ရွက်မည်ကိုသိရ၍ ၀မ်းမြောက် မှု၊ နိုင်ငံရေးကိစ္စ၊ အမျိုးသားရေးကိစ္စအဖြစ် ခံယူမှု၊ ပြည်သူ၊ အစိုးရ ညီညွတ်စွာ ပူးပေါင်းရန် လိုအပ်မှု၊ လုံခြုံရေးကိစ္စများကို အားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှုတို့ကို ပြောကြားခဲ့သည်။
ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့သည် စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည်စခန်း များမှ တာဝန်ခံများ၊ ရပ်ကွက်ကျေးရွာများမှ အုပ်ချုပ် ရေးမှူးများ၊ အစ္စလာမ် ဘာသာရေးခေါင်းဆောင်များနှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (စစ်တွေ) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ က အောက်တိုဘာ ၉ ရက် အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ထို့နောက် တက်ရောက်လာသည့် အဖွဲ့များက မိမိတို့အနေဖြင့် ထုတ်ပြန်ထား သည့် ဥပဒေများကို လိုက်နာ ရန် အသင့်ရှိကြောင်း၊ ယခုဖြစ်ပွားခဲ့ သည့်ဖြစ်စဉ်များအပေါ် ကန့်ကွက်ရှုတ်ချကြောင်း၊ အားပေးမှုလည်း မရှိကြောင်း၊ အစိုးရကို ပုန်ကန်သည့် မည်သည့်အဖွဲ့အစည်းကို မဆို လက်မခံကြောင်း၊ အကြမ်းဖက် မှုတွင်ပါဝင်သူများ ကိုလည်း ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးစေလိုကြောင်း၊ ယခု အကြမ်းဖက် မှုများ မောင်တောတွင်ဖြစ်ပွားခဲ့သည်ကို သိရကြောင်း၊ ၂၀၁၂ ခုနှစ်က လည်း မောင်တောတွင် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ ပြီး အဆိုပါဖြစ်စဉ်ကြောင့် စစ်တွေ၊ ကျောက်တော် ၊ မြောက်ဦး ရှိ ပြည်သူများ မြေစာပင် ဖြစ်ခဲ့ရကြောင်း ပြောကြားသည်။
MOI မှာ တဆင့် ကူးယူဖော်ပြပါသည်။
-
ကရင်ပြည်နယ်မှ စစ်ဘေးရှောင် ပြည်သူများ အတွက် အစ္စလာမ်ကောင်စီ ဌာနချုပ်မှ အလှူငွေပေးအပ်
စက်တင်ဘာ ၁၀၊ ၂၀၁၆
M-Media
မိုးစက်ဓါတ်ပုံ-Laiza Peace Marching Group FB ရန်ကုန်။ ။ ကရင်ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်မှ ငွေကျပ် သုံးဆယ့်ငါးသိန်းကို အောက်တိုဘာလ ၆ ရက်နေ့က လှူဒါန်းခဲ့ပါတယ်။
အဆိုပါ လှူဒါန်းငွေကို ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာကို အဓိကထား ရည်စူးလှူဒါန်းကြောင်း အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက ဆိုပါတယ်။
“ဒုက္ခသည်တွေ စားရေးနဲ့ပတ်သတ်ပြီး တကယ်ကျပ်တည်းနေတယ်ဆိုတာ ကျွန်တော်တို့ သိရတဲ့အတွက် သူတို့လတ်တလော အဆင်ပြေစေဖို့အတွက် လှူဒါန်းရခြင်း ဖြစ်ပါတယ်” လို့ ဦးတင်မောင်သန်းက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
အဆိုပါ လှူဒါန်းငွေကို အစ္စလာမ်သာသနာရေးရာ ကောင်စီမှ အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များနှင့် ရင်းနှီးသူများမှ မတည် လှူဒါန်းခဲ့ကြောင်းလည်း သိရပါတယ်။
အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်အနေနှင့် သဘာဝဘေးနှင့် အခြားလိုအပ်သည့် မည်သည့်နေရာကိုမဆို လိုအပ်ချက်များအရ ဆက်လက်လှူဒါန်းသွားရန် အစီအစဉ်များ ရှိကြောင်းလည်း သိရပါတယ်။