News @ M-Media
Author: M-Media
  • ဟာလီမာယာကွဘ် စင်ကာပူနိုင်ငံ၏ ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ
    ဟာလီမာယာကွဘ် စင်ကာပူနိုင်ငံ၏ ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ
    ဇန်နဝါရီ ၁၄ ၊ ၂၀၁၃
    M-Media
    Mdm Halimah Yacob
    Madam Halimah Yacob  သည် စင်ကာပူ၏ ပထမဆုံး အမျိုးသမီး လွှတ်တော်ဥက္ကဌဖြစ်လာခဲ့ပြီး တနင်္လာနေ့ နေ့လည်မှစ၍ လွှတ်တော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
    သူမသည် အစိုးရအဖွဲ့ဝင် ၀န်ကြီးတာဝန်မှ တနင်္ဂနွေနေ့က နှုတ်ထွက်ခဲ့လေသည်။ လိင်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က ရာထူးမှ နှုတ်ထွက်သွားခဲ့သော People’s Action Party ၏ ပါတီဝင်ဟောင်း Mr Michael Palmer ၏ နေရာကို တာဝန်ယူထမ်းဆောင်ခြင်းဖြစ်ပြီး လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ရန် ၀န်ကြီးချုပ် Lee Hsien Loong  က အမည်စာရင်းတင်သွင်းခဲ့သည်။
    လွှတ်တော်အတွင်း သူမ၏ ကိုယ်ပိုင်ပုံစံဖြင့် ပြောင်းလဲမှုလုပ်မည်ဟု  Channel News Asia သို့ အစောပိုင်းက ပြောကြားထားခဲ့သည်။
    “လွှတ်တော် ဥက္ကဌနေရာဆိုတာ လုပ်ငန်းဆောင်တာတွေကို ကျွမ်းကျွမ်းကျင်ကျင် စနစ်တကျ စီမံခန့်ခွဲဖို့ဖြစ်ပါတယ်။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း အလုပ်တွေအများကြီးလုပ်ဖို့လည်း လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ (လွှတ်တော်က) လူတိုင်းဟာ လွှတ်တော်ရဲ့ အဆင့်အတန်း၊ သြဇာတိက္ကမနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ အရေးကြီးတဲ့ နေရာကနေ ပါဝင်နေလို့ပါပဲ။ ဒါဟာ သိပ်ကိုအရေးကြီးပါတယ်။” ဟု သူမကဆိုသည်။
    ယခင် Madam Halimah  တာဝန်ယူခဲ့သည့် လူမှုရေး နှင့် မိသားစုဖွံဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီး နေရာတွင် မည်သူ တာဝန်ယူမည်ဆိုသည်ကို ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးပေ။
    သို့ရာတွင် Madam Halimah  ကအဆိုပါတာဝန် ထမ်းဆောင်ရန်အတွက် လုံလောက်သော စိတ်အားထက်သန်မှု ရှိရမည်ဟု ဆိုသည်။
    “အဲဒီ အလုပ်ကိုလုပ်ဖို့အတွက် စိတ်ဝင်စားတဲ့၊ စိတ်ဓာတ်ထက်သန်တဲ့လူမျိုး လိုအပ်ပါတယ်။ ဒီအလုပ်ဟာ အစီအစဉ်တွေ ချမှတ်ရုံတင် မဟုတ်ပါဘူး။ အလုပ်ကိုချစ်ရမယ်။ လူတွေနဲ့ဆက်ဆံတဲ့အခါမှာလည်း လူတွေကိုချစ်ရပါမယ်။  ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဟာ မိသားစု အကျိုးဆောင်အဖွဲ့တွေ၊ လူမှုအကျိုးပြု အဖွဲ့တွေ၊ အများအကျိုးဆောင်ရွက်သူတွေ၊ စေတနာ့ဝန်ထမ်းတွေ စသဖြင့် ဆက်သွယ်ဆောင်ရွက်ရပါတယ်။ အဲဒီလူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။” ဟု သူက ရှင်းပြခဲ့သည်။
    သူမနှစ်သက်သည့် လူမှုရေးလုပ်ငန်းဆောင်တာများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုသည်။
    “ဒီလုပ်ငန်းဟာ ကျမ ဆက်လက်လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်တဲ့ လုပ်ငန်းတစ်ခုပါ။ လိုအပ်နေသူတွေ၊ နွမ်းပါးသူတွေ၊ ဆင်းရဲသားတွေကို  ကူညီရင်းနဲ့ လူမှုရေးအခန်း ကဏ္ဍတွေမှာ ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားမှာပါ။ MSF မှာ ကျမ လုပ်ဆောင်ခဲ့တဲ့၊ ကျမနှစ်သက်တဲ့ နယ်ပယ်က အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ဒါဟာ အရေးကြီးတယ်လို့ ကျမ ထင်ပါတယ်။ ဆက်လက်လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။” လို့ ဟလီမာ ယာကွဘ်က ပြောကြားပါသည်။
    ဟာလီမာယာကွဘ် ဟာ စင်္ကာပူ နိုင်ငံသမိုင်းတလျှောက် လွှတ်တော်ဥက္ကဌ ရာထူးတွင် ရွေးချယ်ခံရသော ပထမဆုံး အမျိုးသမီးစာရင်းဝင်သွားပြီ ဖြစ်သည်။
    ကိုးကား Channel News Asia
  • ဟာဂ်ျကုန်ကျစရိတ် တစ်ဦး ၃၂ သိန်းသာ ရှိသင့်ကြောင်း ဟာဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ် သုံးသပ်
    M-Media
    နေသစ်ထွန်း
    1
    မြန်မာနိုင်ငံမှ ဆော်ဒီအာရေးဘီးယားနိုင်ငံ မက္ကာမြို့သို့ သွားရောက်သော ဟာဂ်ျခရီးစဉ် ကုန်ကျစရိတ်သည် တစ်ဦးလျှင် ၃၂ သိန်းကျပ်သာ ရှိသင့်ကြောင်းဟာဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ် ၂၀၁၂ အစီအရင်ခံစာတွင် ဖော်ပြ ထားသည်။ ၂၀၁၂ ခုနှစ် နှုန်းထားများအရ ဟာဂ်ျသွားသူ တစ်ဦးလျှင် လေယာဉ်လက်မှတ်ခ ၁၅၀၀ ဒေါ်လာ၊ မိုအာလင်မ်ကြေးနှင့်ကားခ  ၂၇၆ ဒေါ်လာ၊ မက္ကဟ် မဒီနာ တည်းခိုခန်းခ ၁၂၀၀ဒေါ်လာ ၊ စားစရိတ် ၂၀၀ ဒေါ်လာ ၊ အထွေထွေစရိတ် ၁၀၀ ဒေါ်လာ ရှိပြီး စုစုပေါင်း အများဆုံးကုန်ကျစရိတ် ၃၄၀၀ ဒေါ်လာ (၂၉သိန်း) သာဖြစ်ကြောင်း ဟာဂ်ျကုမ္ပဏီများအနေဖြင့် အမြတ်ငွေ( ၃သိန်း) ထည့်ပေါင်းပါက အမှန်တကယ် ဟာဂ်ျခရီးစဉ် ကုန်ကျစရိတ်သည် ၃၂သိန်း ဖြင့် အကောင်းဆုံး ၀န်ဆောင်မှု ပေးနိုင်သည်ကို တွေ့ရှိရကြောင်း ၊ ၄င်းအစီအရင်ခံစာတွင်ဖော်ပြထားသည်။
    အိမ်နီးချင်းနိုင်ငံအသီးသီး ၏ တစ်ဦးချင်း ဟာဂ်ျခရီးစဉ် ကုန်ကျစရိတ် ကိုတွက်ချက်ပါက ပါကစ္စတန်နိုင်ငံမှ ဆို လျှင် ၂၉၆၃၅၅၀ ကျပ် ၊ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဆိုလျှင် ၃၁၄၂၇၇၃ ကျပ်၊ အိန္ဒိယနိုင်ငံမှ ဆိုလျှင် ၂၃၁၅၄၆၃ ကျပ် ၊  သီရိလကာင်္ နိုင်ငံ မှ ဆိုလျှင် ၂၇၁၄၂၉၆ ကျပ် ၊ ဖိလစ်ပိုင်နိုင်ငံ မှ ဆိုလျှင် ၃၀၂၄၂၈၃ ကျပ် ၊ မလေးရှား နိုင်ငံ မှ ဆိုလျှင် ၂၄၈၇၈၁၅ ကျပ် အသီးသီး ကုန်ကျစရိတ်ရှိသော်လည်း မြန်မာနိုင်ငံမှ ကုန်ကျစရိတ်  သည် ၂၀၁၂ ခုနှစ် ဈေးနှုန်းအရ ပျမ်းမျှ သိန်း ၄၀ မှ ၄၅ သိန်း ရှိခဲ့သဖြင့် မြန်မာနိုင်ငံ ဟာဂ်ျခရီးစဉ် ကုန်ကျစရိတ်သည် အလွန် များပြားကြောင်း ၄င်းအစီအရင်ခံစာ တွင်ထောက်ပြထားသည်။
    မြန်မာမွတ်စလင်များ လေးစားကြည်ညိုသူ ပုဂ္ဂိုလ်များပါဝင်သော ဟာဂ်ျမစ်ရှင် ပေါ်ပေါက်လာရေး ၊ ဟာဂ်ျဗီဇာ ခွဲတမ်း ၅၀၀၀ မှ ၇၀၀၀အထိ တိုးမြင့်ရေး ၊ လူတစ်စု ၏ ချုပ်ကိုင် ချယ်လှယ်ခံနေရသော မင်းတုန်းမင်း တရား ကြီးလှူဒါန်းခဲ့သော  ဒေါင်းဇရပ်တွင် မဲဟာဂျီ ၃၅၀ ဦး အပြင်  မြန်မာနိုင်ငံသားဟာဂျီ အားလုံး မျှတစွာ တည်းခို နိုင်ရေး ၊ မြန်မာနိုင်ငံ ဟာဂ်ျခရီး သွား ဥပဒေ ပေါ်ပေါက်လာရေး၊ ၂၀၁၃ ခုနှစ် ဟာဂ်ျခရီးစဉ်အပေါ် အမြတ်ထုတ် ရန် ကြိုးပမ်းအားထုတ်မှုများကို ဟန့်တားဆောင်ရွက်ရေး စသည့် လုပ်ငန်းစဉ်များဆောင်ရွက်သွားမည်ဟု ဟာဂ်ျကူညီရေးအဖွဲ့ချုပ် က ဆိုပါသည်။
    ၂၀၁၂ ဟာဂ်ျခရီးစဉ်ကူညီရေး အဖွဲ့ချုပ်မှ နည်းလမ်း မျိုးစုံဖြင့် ကူညီ ဆောင်ရွက်ပေးနိုင်ခြင်းကြောင့် ၂၀၁၂ ခုနှစ်တွင် ဟာဂ်ျခရီး သွားကုမ္ပဏီ ၄၃ ခု ဗီဇာခွဲ တမ်းရရှိခဲ့ကာ ယခင်နှစ်များကဲ့သို့ ဟာဂ်ျဈေးကွက် လက်ဝါးကြီး အုပ်ချုပ် ကိုင်မှု လျော့နည်း သွားခဲ့ ကြောင်း၊ ဟာဂ်ျဝန်ဆောင် ကုမ္ပဏီများ ခရီးအပြိုင်အဆိုင် ဈေးကွက်ဖြစ်ပေါ်လာ ခဲ့ သည်ကို တွေ့ရှိ ရကြောင်း ယင်းအစီအရင်ခံ စာ တွင်သုံး သပ်ဖေါ်ပြထာသည်။
    ဟာဂ်ျခရီးစဉ် အား ကုမ္ပဏီ ၁၀ ခုမှ လက်ဝါးကြီး အုပ်ချုပ်ကိုင်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ဗီဇာခွဲတမ်း ရရှိချိန် နောက်ကျခြင်း  ၊အိုလမာ အဖွဲ့ချု့ပ်မှာ မောင်လာနာ မိုဟမ္မဒ်ယူစွဖ် (ခ) ဦးသိန်းမြင့် အား အမီရ်ရွလ်ဟာဂ်ျ အဖြစ်ရွေးချယ်ခဲ့သော်လည်း အချိန်မှီ တာဝန်ပေးအပ်နိုင်မှုမရှိခြင်း ၊ ကုမ္ပဏီကြီးအချို့ က ဗီဇာခွဲတမ်းမရခင်ကပင် ဟာဂ်ျ ခရီးစဉ် ၁ဦးလျှင် သိန်း ၅၀ မှ ၅၅သိန်း အထိ ကြိုတင်ဈေးဖွင့်ခေါ်ယူခဲ့ခြင်း များဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း သိရသည်။
    နှစ်စဉ် ဆော်ဒီအာရေးဘီယားနိုင်ငံမက္ကာသို့ သွားရောက်ကြသော ဟာဂျီများ ၏ အခက်အခဲကို ကူညီဖြေ ရှင်းပေးနိုင် ရန် ဟာဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ် အား ၁.၄.၂၀၁၂ နေ့တွင် ဖွဲ့စည်းခဲ့သည်။
  • မြန်မာပြည်မှ နာဇီပေါက်စလေးများ
    မြန်မာပြည်မှ နာဇီပေါက်စလေးများ
    ဇန်နဝါရီ ၁၀ ၊ ၂၀၁၃
    ဒီနေ့မြန်မာနိုင်ငံကို ခရီးသွားကြတဲ့ ဧည့်သည်များဟာ လမ်းတွေပေါ်မှာ တီရှပ်ဝတ်လူငယ် အတော်များများကို တွေ့ကြရပါတယ်..။ သူတို့ ၀တ်ထားကြတဲ့ တီရှပ်တွေမှာ စက်ဝိုင်းထဲမှာ နာဇီစင်္ကြာတံဆိပ်နဲ့ အပေါ်ကNazi ဆိုတဲ့စာတန်းကိုလည်း တွေ့ရပါတယ်..။ ဒုတိယကမ္ဘာစစ်တုန်းက ဆိုင်ကယ်စီး ဦးထုတ်ပုံစံပေါ်မှာ နာဇီတံဆိပ်နဲ့ အလှဆင်ပြီး ဆောင်းကြတာကိုလည်း တွေ့ရပါတယ်..။
    မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံး တေးဂီတ၀ိုင်းလည်းဖြစ် .. အမေရိကားကိုလည်း အလည်ရောက်ခဲ့ဖူးပြီး.. ဖေ့စ်ဘွတ်(ခ်) မှာလည်း ပရိသတ် အများအပြားရှိနေတဲ့ The Iron Cross တီးဝိုင်းရဲ့ အမှတ်တံဆိပ်ဟာလည်း ဂျာမန်စစ်သူရဲကောင်းတွေကို ဟစ်တလာ ချီးမြှင့်လေ့ ရှိတဲ့ သံကြက်ခြေ တံဆိပ် ဖြစ်နေတာကို တွေ့ရပြန်တယ်.. အဲဒီ သံကြက်ခြေကို  လင်းယုန်က ချီထားတဲ့ ရုပ်ပုံဟာ လင်းယုန်ရဲ့ ခြေသည်းကြားမှာ နာဇီစင်္ကြာ အစား Iron Cross ကို ချီထားတာပဲ ကွာပါတယ်..။ အဲဒါတွေကိုမြင်ရဖန် များလာတော့မြန်မာဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီအုပ်ချုပ်ရေးဆီကို ဦးတည်နေတယ်လို့ နားလည်ထားကြတဲ့ ခရီးသွားတွေ.. ပညာရေးပညာရှင်တွေ.. စိတ်ဝင်စားသူတွေအဖို့ ဇဝေဇ၀ါ ဖြစ်စေပါတယ်..။ ခရီးသည်တစ်ဦးဖြစ်တဲ့ Micah Rubin က သူ့ရဲ့ ဘလော့ဂ်မှာ ရေးထားတာက “သူတို့ ဒီလိုဝတ်ဆင်ကြတာဟာ ကျော်ကြားလိုမှု အတွက်ပဲ လို့ မျှော်လင့်ပါရဲ့.. ဒါကို လျစ်လျူရှုထားတာဟာ နိုင်ငံရေးယုံကြည်ချက် တစ်ခုခုကြောင့်တော့ မဟုတ်လောက်ပါဘူး..” လို့ ရေးခဲ့ပါတယ်.. သူ့ရဲ့ ဘလော့ဂ်မှာလည်း ရင်ဘတ်မှာ နာဇီစင်္ကြာတံဆိပ်ပါတဲ့ တီရှပ်ဝတ်ပြီး ဆိုင်ကယ်စီးနေတဲ့ လူငယ်လေး တစ်ယောက်ရဲ့ ဓါတ်ပုံကိုလည်း တင်ထားခဲ့ပါတယ်..။
    မြန်မာအကြောင်းသုတေသနပြုခဲ့တဲ့ ဆစ်ဒ်နီတက္ကသိုလ်က မနုသဗေဒပညာရှင် Jane Fergusan က ပြောတာကတော့  “ ကျွန်မအမြင်မှာတော့ ဒီလူငယ်တွေ ဒီလိုတီရှပ်တွေ ၀တ်တာဟာ ပူတဲ့ရာသီမှာ အေးချင်လို့ ၀တ်တာပါပဲ..”
    Nazi_swastika_clean.svg “သူတို့ဟာဒီစင်္ကြာတံဆိပ်ဟာ နာဇီခေတ်ရဲ့ အမှတ်အသား တစ်ခုဖြစ်ခဲ့တယ်ဆိုတာ သိကောင်းသိကြမှာပါ။ ဒါပေမယ့် အခု ၀တ်ဆင်နေကြတာကတော့ အပူဒဏ်က လွတ်အောင် သာမန် တီရှပ်တစ်ထည်ကို ကောက်ဝတ် လိုက်တဲ့ သဘောပါ..။ သူတို့ဟာ သမိုင်းကို ထဲထဲဝင်ဝင် ပြန်ကြည့်မနေကြပါဘူး။ ပြီးတော့ သူတို့ပိုပြီးနားလည်တာက အဲဒီ (ဆွာစတိကာ) ဆိုတဲ့စင်္ကြာတံဆိပ်ဟာ နာဇီ အမှတ်အသား ဆိုတာထက် သက္ကတ ဘာသာ အလိုအရ အောင်မြင်တဲ့ အနာဂါတ် နိမိတ်ကို ကိုယ်စားပြုတယ်ဆိုတာပါပဲ..” လို့ သုံးသပ်ပါတယ်..။
    ဖာဂူဆန်နှိုင်းယှဉ်ပြခဲ့တာ တစ်ခုရှိပါသေးတယ်..။ အဲဒါကတော့ အနောက်နိုင်ငံက အရက်ဘားတွေ နိုက်ကလပ်တွေမှာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ရုပ်ပွားတော်ကို အလှဆင်အဖြစ်ထားသလိုပါပဲ..တဲ့။ အဲဒီလို အလှဆင် ထားလိုက်ခြင်းဖြင့် ဗုဒ္ဓဘာသာကို ယုံကြည် ကိုင်းရှိုင်းသူများကို စော်ကားသလိုဖြစ်စေတယ် ဆိုတာကို သူတို့ မသိကြသလိုပဲ နာဇီစင်္ကြာတံဆိပ်ကို အလှဆင်ဖို့ မြန်မာလူငယ်တွေ ၀တ်ဆင်တာဟာလဲ ဒီသဘောပါပဲ လို့ နှိုင်းယှဉ်ပြခဲ့ပါတယ်..။ အလားတူပဲ တရုတ်စာလုံးတွေကို ဘာမှန်းမသိညာမှန်းမသိနဲ့ ကိုယ်ပေါ်မှာ ဆေးမင် ထိုးထားကြတာလဲ တွေ့ရတာပါပဲ..။ အဲဒီစာလုံးတွေရဲ့ အဓိပ္ပါယ်မှန်ကို သိလို့မှ မဟုတ်တာလို့ လဲ နှိုင်းယှဉ်ပြခဲ့ပါတယ်..။
    မြန်မာတွေ တီရှပ်ဝတ်ကြရာမှာ အကျီကို ကြိုက်လို့ ၀တ်ကြတာဖြစ်ပြီး အဲဒီအကျီမှာအင်္ဂလိပ်လို ရိုက်ထားတဲ့ ကြွေးကျော်သံဟာ ဘာကို ဆိုလိုမှန်း သိတဲ့လူနည်းပါတယ်..လို့ ဖါဂူဆန်ကပြောပါတယ်.. “ တစ်ခုခုကို ရည်ရွယ်ချက် ရှိရှိနဲ့ တမင်လုပ်တာမဟုတ်ရင်.. အဲဒါကို တမင်လုပ်ပါတယ်လို့ မပြောသင့်ပါဘူး”  လို့လဲ ဖါဂူဆန်က ပြောပါတယ်..။
    ဘာပဲဖြစ်ဖြစ်ပါလေ.. နာဇီဘက်တော်သားလို့ ပြောမယ်ဆိုရင်ပြောနိုင်တဲ့ နာဇီတီရှပ်တွေ ၀တ်ဆင်လာတာ ကိုတော့ နိုင်ငံတကာမှာ မွှေစရာတစ်ခု ဖြစ်လာနေပါပြီ..။ ကမ္ဘာတစ်လွှားမှာ ဖြစ်နေတဲ့ ဂျူးမုန်းတီးရေးကို တိုက်ဖျက်နေတဲ့ ကယ်လီဖိုးနီးယား အခြေစိုက် Simon Wiesenthal Center ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျူးဘုန်းတော်ကြီး ရဘ်ဘီ အက်ဘ်ရာဟမ် ကူးပါးကတော့ သူ့ရဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ခေတ်စားလာတဲ့ နာဇီအားပေး အထိမ်းအမှတ်တွေ များပြားလာတာကို ပါဝင်ပတ်သက် ရတော့မှာ ဖြစ်ကြောင်းပြောခဲ့ပါတယ်..။
    “ကျွန်တော်တို့ရဲ့ အခြေခံယူဆချက်ကတော့ မသိနားမလည်လို့ ဒီအထိမ်းအမှတ် ပါတဲ့ အကျီတွေကို ၀တ်နေကြတယ် လို့ မှတ်ယူပါတယ်..။ တစ်စုံတစ်ယောက်ကို မုန်းလို့ တမင်တကာ ၀တ်တာမဟုတ်ပါဘူး.”
    “ဒါပေမယ့် ကျွန်တော်တို့ဟာ ဂျူးလူမျိုးတွေကို မျိုးဖြုတ်သုတ်သင်ဖို့လုပ်ခဲ့တဲ့ အထိမ်းအမှတ်ဖြစ်တဲ့ နာဇီတံဆိပ်ကို ကမ္ဘာ့တစ်နေရာရာမှာ အချိန်တိုတိုအတွင်း ပေါ်ပြူလာ ဖြစ်လာနေတာမျိုးကို မမြင်ချင်ပါဘူး..”
    nazi party and Arakan army
    ရခိုင်တပ်မတော် အမှတ်တံဆိပ် လိုဂိုကို Arakan Army ရဲ့ Facebook Page  မှ ယူပါသည်။
    အိန္ဒိယမှာဆိုရင် ဟစ်တလာရဲ့ အထုပ္ပတ္တိစာအုပ်ဖြစ်တဲ့ Mein Kampf ရဲ့ရောင်းချရမှုဟာ.. အက်ပဲလ် ကို စတင်ထူထောင်သူ စတိဗ်ဂျော့ဘ်စ်ရဲ့ အထုပ္ပတ္တိစာအုပ်ပြီးရင် အရောင်းရဆုံး စာအုပ်ဖြစ်နေတာကိုတွေ့ရကြောင်း.. ၀ယ်ယူကြသူအများစုဟာ တက္ကသိုလ် ဘွဲ့ရများဖြစ်ကြကြောင်းကို ကူးပါးကပြောခဲ့ပါတယ်..။
    ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နဲ့ဂျာမဏီတို့နဲ့ မဟာမိတ်ပြုခဲ့တဲ့ ထိုင်းနိုင်ငံကို ကြည့်မယ်ဆိုရင်လဲပဲ..မြောက်ပိုင်းမြို့တော် တစ်ခုဖြစ်တဲ့ ချင်းမိုင်မှာ ၂၀၁၁ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ကျောင်းပွဲတစ်ပွဲမှာ ကျောင်းသားလေးတွေဟာ ဟစ်တလာနဲ့ နာဇီ အက်စ်အက်စ် တပ်သားတွေရဲ့ ၀တ်စုံတွေကိုဝတ်ပြီး ချီတက်သရုပ်ပြခဲ့ကြတယ်။ Slur လို့ အမည်ရတဲ့ တီးဝိုင်းတစ်ခုကလည်း ဟစ်တလာလို့ အမည်ပေးထားတဲ့ ရုပ်ရှင်နဲ့သီချင်းကို ထုတ်လုပ်တင်ဆက်ခဲ့ကြပြီး အကသမားတွေက ဟစ်တလာ နှုတ်ခမ်းမွေးနဲ့ နာဇီ ပုံစံ အလေးပြုပုံ တွေကို သူတို့ရဲ့ အကထဲမှာ ထည့်သွင်းခဲ့ကြတယ်..။
    ကိုရီးယားမှာလည်း အလှကုန်ပစ္စည်းတွေ အရောင်းမြှင့်တင်ရာမှာတောင် နာဇီအမှတ်တံဆိပ်ကို သုံးခဲ့ကြတယ်.။ အဲဒါတွေကို ကြည့်ပြီး ကူးပါးက “ ဒီဖြစ်စဉ်တွေဟာ အာရှမှာ ပထမဆုံးအကြိမ်ဖြစ်ခြင်းပါလို့ ပြောလိုက်ချင်ပါရဲ့ ဗျာ.. ဒါပေမယ့် ဒါမျိုးတွေ ခဏခဏဖြစ်နေတယ်..။ ဘာကြောင့်ဖြစ်ရပါတယ်လို့ လက်ညှိုးထိုးပြ ဖို့ကလည်းခက်တယ်ဗျ..။” လို့ပြောပါတယ်.။
    ကူးပါး၏ စိုးရိမ်မှုကလည်း အခြေအမြစ်ရှိနေပါတယ်..။ ကမ္ဘာပေါ်မှာ အာရှတိုက်ဟာ ဂျူးလူမျိုးဆိုတာကိုတောင် ကောင်းကောင်း မမြင်ဖူးတဲ့ နေရာဖြစ်တယ်..။ ဒါကြောင့် ဂျူးမုန်းတီးရေးဝါဒဆိုတာကို ဘာမှန်းညာမှန်းသဲသဲ ကွဲကွဲမသိပဲနဲ့ စိမ့်ဝင်လာတာကို မသိလိုက်မသိဖာသာနဲ့ လက်ခံမိသွားနိုင်တယ်..။ အာရှဆိုတာကလည်း အ၀တ်အထည်တွေ အများဆုံးထုတ်လုပ်တဲ့ နေရာဖြစ်လေတော့ အ၀တ်အထည်ဈေးကွက်က တဆင့်ဂျူးမုန်းတီးရေးကို သွတ်သွင်းပြီး ပြန့်နှံ့အောင်လုပ်ချင်ရင် ရန်ကုန်လိုနေရာမျိုးဟာ ဈေးကွက်ကြီးပဲလေ..။
    ဒုတိယကမ္ဘာစစ်ကာလက နာဇီတွေ ဘာလုပ်ခဲ့တယ်ဆိုတာကိုမြန်မာလူငယ်တွေ သိပ်မသိကြဘူး..။ အာရှသား တချို့ဟာ ဟစ်တလာကို ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ်တောင် မြင်နေကြလေသေးရဲ့။ သူတို့ရဲ့အမြင်မှာ အင်္ဂလိပ်နဲ့ပြင်သစ်တို့ဟာ ကိုလိုနီ နယ်ချဲ့သူတွေဖြစ်ပြီး သူတို့ကို ဟစ်တလာက ဆန့်ကျင်ခုခံ တိုက်ခိုက်ခဲ့တယ်။
    အမေရိကန် သမိုင်းပညာရှင် Rosalie Metro ကသူ့ရဲ့ ပါရဂူ ဘွဲ့ယူကျမ်းထဲမှာမြန်မာနိုင်ငံရဲ့ သမိုင်းသင်ပုံကို ဖေါ်ပြခဲ့တယ်..။မြန်မာပြည်မှာ ဟစ်တလာကို များသောအားဖြင့် အကောင်းမြင်ကြတယ်..။ Metro ကမြန်မာပြည်မှာ ခရီးသွားရင်း တက္ကစီမောင်းသူတချို့နဲ့ သမိုင်းအကြောင်း မေးမြန်းဆွေးနွေးကြည့်တဲ့ အခါတချို့က “ဟစ်တလာဟာ လူတော်တစ်ယောက်ဖြစ်ကြောင်း ကြံ့ခိုင်တဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်ကြောင်း ပြောပြတတ်ကြတယ်..” လို့ ပြောပါတယ်။
    မက်ထရိုရဲ့ အပြောအရမြန်မာအစိုးရကထုတ်တဲ့ သမိုင်းဖတ်စာအုပ်တွေမှာ နာဇီတွေရဲ့ ရက်စက်ဆိုးသွမ်းမှုတွေကို ဖေါ်ပြမထားဘူး.. ဟစ်တလာရဲ့ ခေါင်းဆောင်မှုကောင်းခြင်းကိုသာ ဖေါ်ပြထားတယ် လို့ ဆိုပါတယ်..။
    “ သူတို့ဟာ ပထမကမ္ဘာစစ်အပြီး မှာ ဗာဆိုင်းစာချုပ်အကြောင်းကိုပဲ ဖေါ်ပြကြတယ်..။ အဲဒီအချိန်က ဂျာမဏီရဲ့ အခြေအနေက တော်တော်ဆိုးတယ်.။ ဂျာမန်တွေ ဒုက္ခရောက်ရတာဟာ ဂျာမဏီမှာ ရှိတဲ့ ဂျူးတွေက စီးပွားရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ထားလို့ဖြစ်တယ်.. အဲဒီအတွက် ဂျူးတွေမှာ တာဝန်ရှိတယ်.. အဲဒီလိုနဲ့ ဟစ်တလာဟာ ကြံ့ခိုင်တဲ့ ဂျာမန်ခေါင်းဆောင်ဖြစ်လာခဲ့တယ်” လို့ မက်ထရိုက မြန်မာအစိုးရထုတ် ကျောင်းသုံး သမိုင်းစာအုပ်တွေအကြောင်းကို အကျဉ်းချုံးပြီး ပြောပြပါတယ်..။ မက်ထရိုဟာ မြန်မာစာကိုဖတ်နိုင်သူလည်းဖြစ်ပါတယ်..။
    “အဲဒါဟာ ထူးဆန်းအံ့ဖွယ်ပါပဲ.. အဲဒီထဲမှာ ‘သူတို့မှားတယ်’ ဆိုတာ မပါသလို နာဇီတွေဟာဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြတယ်ဆိုတာလဲ မပါဘူး” လို့ပြောခဲ့ပါတယ်..။
    မြန်မာကျောင်းသုံး သမိုင်းစာအုပ်တွေမှာ အင်္ဂလိပ်နဲ့ ဂျပန်တို့ဟာမြန်မာပြည်သူတွေရဲ့ ရန်သူဖြစ်ကြောင်း မြန်မာတွေရဲ့ ဂုတ်သွေးစုပ်ခဲ့သူများဖြစ်ကြောင်း ရေးထားတယ်..လို့ မက်ထရိုကပြောပါတယ်..။
    အာရှနိုင်ငံတချို့မှာ တဖြည်းဖြည်းတိုးပွားလာနေတဲ့ နာဇီလက္ခဏာ တွေကို တိုက်ဖျက်ဖို့အတွက် ၀ိုက်ဆဲန်သဲလ် အဖွဲ့ဟာ ဂျူးတွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ မှတ်တမ်းတွေ ဓါတ်ပုံတွေကို အများပြည်သူသိအောင် ပြပွဲတွေ ခင်းကျင်းပြီးပြသဖို့ လုပ်နေကြပါတယ်..။ ဂျူးလူမျိုးတွေ ၆သန်းလောက် အသတ်ခံရတဲ့ ဓါတ်ပုံတွေ မှတ်တမ်းတွေကို ခင်းကျင်းပြတဲ့အတွက် ၁၉၄၀၀န်းကျင်နှစ်တွေဆီက ဥရောပမှာ ဖြစ်ခဲ့တဲ့ သမိုင်းအဖြစ် အပျက်တွေကိုနှောင်းလူတွေ သိစေဖို့ ရည်ရွယ်ပါတယ်..။ ၀ိုက်ဆဲန်သဲလ် စင်တာ ရဲ့ ပထမဆုံးပြပွဲကို အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာပြသပြီး  ထိုင်းနိုင်ငံဘန်ကောက် မှာတော့ ချင်းမိုင်ကျောင်းက ကျောင်းသားလေးတွေဟစ်တလာနဲ့ နာဇီပုံစံကို ဖေါ်ကျူးခဲ့ကြတာ တွေကို တုန့်ပြန်တဲ့ အနေနဲ့ ဂျူးတွေအစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ မှတ်တမ်းတွေကို ဖေဖေါ်ဝါရီလ ၄ရက်နေ့မှာ ပြသသွားမှာဖြစ်ပါတယ်..။ မြန်မာပြည်မှာတော့ အဲဒီလို ပြပွဲမျိုး တစ်ခါမှ မလုပ်ဖူးသေးပါဘူး..။ ဒါပေမယ့် ဂျူးဘုန်းတော်ကြီး ကူးပါးကမြန်မာပြည်မှာ တစ်ကြိမ်လောက်လုပ်ဖို့ စိတ်ဝင်စားနေပါတယ်..။ ဒါ့အပြင် အဲဒီ ဘုန်းတော်ကြီးဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့က လမ်းတွေပေါ်မှာ ၀င်ရောက်နေရာယူနေတဲ့ နာဇီတံဆိပ်နဲ့ တီရှပ်တွေရဲ့ လာရောက်ရာပင်မလမ်းကြောင်းကိုလည်း ရှာဖွေသွားဖို့ ပြင်ဆင်နေပါတယ်..။
    “တကယ်လို့များ ကုမ္ပဏီတစ်ခုခုဟာ သူ့ရဲ့ ရပ်တည်မှုအတွက် ဒီတံဆိပ်ပါတဲ့ တီရှပ်တွေ ထုတ်လုပ်ြပီးတင်ပို့ခြင်းနဲ့ ကြိုးစားနေတယ်ဆိုရင်တော့ ကျွန်တော်တို့ အဲဒါကို ရပ်သွားအောင် လုပ်နိုင်မယ့် နည်းလမ်းကို ရှာရမှာပဲ..” လို့ ကူးပါးကပြောပါတယ်..။
    ဒီဆောင်းပါးကို ရေးသားသူဟာ ကမ္ဘောဒီးယား အခြေစိုက် ဂျာနယ်လစ်(စ်) တစ်ဦးဖြစ်သူ Julie Masis ဖြစ်ပါတယ်..။
    http://www.atimes.com/ တွင် ဖော်ပြထားသည့် ဆောင်းပါးကို M-Media မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
  • ဘယ်ခေတ်မှ မရှိဘူးသည့် ပုံစံမျိုးဖြင့် ကရင်ပြည်သူများ နိုင်ငံသား အခွင့်အရေး ချိုးဖောက်ခံနေရ
    ဇန်နဝါရီ ၁၂၊ ၂၀၁၃
    M-Media
    နေသစ်ထွန်း
    ဒီမိုကရေစီစနစ်သစ်သို့ တက်လှမ်းနေသော မြန်မာနိုင်ငံတွင်  နိုင်ငံသားအခွင့်အရေး  လူ့အခွင့်အရေး ယခင်က ထက် ပိုမို ရရှိလာသည့် အချိန်ကာလဖြစ်သော်လည်း ကရင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များသည် ခေတ်အဆက် ဆက်ကပင် မရှိခဲ့သည့် ပုံစံမျိုးဖြင့် နိုင်ငံသားအခွင့်အရေး ၊ လူ့အခွင့်အရေး တို့ ချိုးဖောက်ခံနေ ရသည့်အပြင် ဈေးကွက်စီးပွားရေး စနစ် နှင့်အညီ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားခွင့်မရှိ ပိတ်ပင်ခံရသည်။
    ဘာသာ၊ သာသနာကိုကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် ဘုန်းကြီးတစ်ချို့သည် ကရင်လူမျိုး ဗုဒ္ဓဘာသာဝင်များ၏ နိုင်ငံသားအခွင့်အရေး၊ ကိုချိုးဖောက် လာကြသလို နိုင်ငံတော်မှ ကျင့်သုံးနေသော ဈေးကွက် စီးပွားရေးစနစ်ကိုပင် ကျင့်သုံးခွင့်မရှိအောင် လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားမှုကို တားမြစ် လာကြသည်။
    pahan
    ဘာသာမ တူသူများနှင့် စီးပွားရေး၊ လူမှုရေး အရ ဆက်ဆံခြင်းမပြုရန် ၊ အိမ်ခြေရောင်းဝယ်ခြင်းမပြုရန် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာ တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ၁၀.၉.၂၀၁၂ နေ့တွင် စည်းကမ်းချက် လေးချက်ပါသော ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီး အမှတ်(၈၁) ဂလိုဘယ်ပို့စ် ဂျာနယ်မှ ယင်းသတင်းကို အောက်တိုဘာ (၁၉)ရက်နေ့၊ ၂၀၁၂ နေ့တွင် မျက်နှာ ဖုံး သတင်းအဖြစ် ဖေါ်ပြခဲ့သည်။
    ဘားအံမြို့ မဲဘောင် ကျောင်း တိုက်တွင် ၁.၁၂.၂၀၁၂ ပြုလုပ်သော ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က အစည်း အဝေးမှ  ခွင့်ပြုလာလ ကုန်ဆုံး ပြီး ပြစ်ဒဏ်ပေးမည့် ကာလ ရောက်ရှိလာ၍ ဗုဒ္ဓဘာသာဝင်များထံ သတိပေးနှိုးဆော်လွှာ ထုတ်ပြန်ခဲ့သည်။ ယင်းသတိပေးနှိုးဆော်လွှာတွင် ဘာသာခြားဆိုင်များသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀  ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည် ဟု ဖော်ပြထားသည်။
    Pa Aan_ Kayin_State
    ဘာသာခြားဆိုင်မျာသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀ ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည်
    မဲဘောင်ကျောင်းတိုက်၏ ထုတ်ပြန်ချက်ကြောင့် ကရင်လူမျိုး ဗုဒ္ဓဘာသာများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁) နိုင်ငံတော်အခြေခံမူများ အပိုဒ် (၃၅) တွင်ပြဌာန်းထားသော ဈေးကွက် စီးပွားရေးစနစ်ကို လွတ်လပ်စွာ ကျင့်သုံးနိုင်ရန် အခက်အခဲဖြစ်လာခဲ့သည်။
    “ ဘာသာခြားတွေနဲ့ စီးပွားရေး မလုပ်ဖို့ တခါမှ တားမြစ်တာ မကြုံဖူးဘူး။  ဒီလိုကြေညာလိုက်တော့ မွတ်စလင် တွေကို လည်းဈေးမရောင်းရဲ ၊ မွတ်စလင်တွေဆီကလည်း ဈေးမ၀ယ်ရဲ ဘူး။ ဒဏ်ရိုက်ခံထိမှာ စိုးတယ် ” ဟု ဘားအံမြို့ရှိ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါသည်။
    ယင်းသို့ ထုတ်ပြန်ချက်ကြောင့် ဘားအံမြို့၊ လှိုင်းဘွဲ့ ၊ ကော့ကရိတ်၊ ကျုံဒိုး မြို့များတွင် အရောင်းအ၀ယ် သိသိသာသာ ကျဆင်းခဲ့ရပြီး ကျေးလက်နေ ကရင်လူမျိုးများ မြို့တက်ဈေးဝယ်မှု နည်းပါးခဲ့ရသည်။
    “မြ၀တီလမ်းမှာ အဖမ်းအဆီးရှိတာရော၊ မွတ်စလင်နဲ့ ဈေးရောင်းဝယ်လုပ်ရင် ဒဏ်ရိုက်မယ်လို့ ကြေငြာလိုက်တာရော ၊အဲဒါတွေကြောင့် ဈေးရောင်းဝယ်မကောင်းဘူး” ဟု ကျုံဒိုးမြို့ရှိ ဈေးသည် တစ်ဦး က ပြောပါ သည်။
    နိုင်ငံတော် အစိုးရသည် ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု ၊ စီးပွားရေး လုပ်ကိုင်မှု များနှင့် ပတ်သက်၍ ဘာသာ၊ လူမျိုးမခွဲခြားပဲ နိုင်ငံသားတိုင်း တူညီသော အခွင့်အရေးရရှိစေရမည် ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) အပိုဒ် ၃၄၉ အပိုဒ်ခွဲ (ဂ)နှင့် (ဃ) တွင် ပြဌာန်းထားသော်လည်း ကရင်လူမျိုး ဗုဒ္ဓ ဘာသာဝင် အချို့ သည် မိမိလိုအပ်သော ပစ္စည်းများကို ဘာသာခြားထံမှ ၀ယ်ယူရန် ကြောက်ရွံ့ နေကြသည်။
    “ဘာသာခြားဆီက ဈေးဝယ်ရင် ဒဏ်ငွေရိုက်မယ်ဆိုတော့ ရဲကပဲရိုက်မလား၊ ဘုန်းကြီးကပဲရိုက်မလား တော့ အသေအချာမ သိဘူး။ ဒါပေမယ့် ဘာသာခြားဆီမှာတော့ ဈေးမ၀ယ်ရဲဘူး” ဟု နဘူးရွာမှာ ကရင်အမျိုးသမီး ကြီးက ပြောပါသည်။
    ဤသို့သော ဘာသာရေးပဋိပက္ခဖြစ်ပွားစေရန် လှုံဆော်မှုများကြောင့် ကရင်ပြည်နယ် ငြိမ်းချမ်းရေး ထိခိုက်လာ မည်ကို ကရင်ပြည်သူများ အထူးစိုးရိမ်နေကြသည်။
    “ကျွန်တော်တို့ ကရင်ပြည်နယ် ဟာ လွတ်လပ်ရေး နောက်ပိုင်း ကတည်းက မငြိမ်းချမ်းခဲ့တာ ဆယ်စုနှစ်နဲ့ ချီကြာခဲ့ပါပြီ။ အခု ကေအန်ယူနဲ့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့လို့ အရင်ကနဲ့ မတူပဲ ငြိမ်းချမ်းလာ ခဲ့ပါတယ်။ ကျွန်တော် တို့တတွေ ၀မ်းသာနေခဲ့ကြပါတယ်။ ဒါပေမယ့် ဒီငြိမ်းချမ်းရေးရရုံရှိသေး ဘာသာ၊ သာသနာ ကာ ကွယ်ရေးလို့ ဆိုပြီး တည်ငြိမ်မှု ပျက်ပြားအောင် အစ္စလာမ် ဘာသာကို တိုက်ခိုက် တဲ့ စာရွက်တွေ၊ ဒီဗွီဒီ အခွေ တွေ ပျံ့နှံလာခဲ့ပါတယ်။ ဘာသာရေး မှိုင်းတိုက်တာတွေ များပြားလာခဲ့ပါတယ်။ ဒီကနေ ဘာသာဝင်တွေ အ ချင်းချင်း နားလည်မှု လွဲပြီး ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာမှာ စိုးပါတယ်” ရန်ကုန်မြို့သို့ ရောက်ရှိနေသူ ကရင်လူငယ် ကျောင်းသားတစ်ဦးက ပြောပါသည်။
    ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကျင့်သုံးနေသော ဈေးကွက်စီးပွားရေးစနစ် ကိုလည်းကောင်း၊ နိုင်ငံသား အခွင့် အရေး ကို လည်းကောင်း ကို မြန်မာနိုင်ငံအနှံ အပြားက လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံတို့  ယခင် ကထက် ရရှိခံစားနေကြ သော်လည်း ဘာသာရေး မုန်းတီးမှု ဖြန့်ချီနေကြသော ဘုန်းကြီးအချို့၏ ထုတ်ပြန် ချက်ကြောင့် ကရင်ပြည်နယ်ရှိ ဗုဒ္ဓ ဘာသာဝင်များ သည် ယင်းအခွင့်အရေးကို လက်လွတ် ဆုံးရှုံးနေပါသည်။