News @ M-Media

Author: M-Media

  • အချက်အခြာကျသည့် ရွာတစ်ရွာအား IS လက်မှ အီရတ်ရှိ ကာ့ဒ်တပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့

    အချက်အခြာကျသည့် ရွာတစ်ရွာအား IS လက်မှ အီရတ်ရှိ ကာ့ဒ်တပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့

    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media
    10885530_821554631220342_2892188931424385047_n
    – အီရတ်နိုင်ငံမြောက်ပိုင်း ကာ့ဒ်ဒေသတွင်းရှိ မဟာဗျူဟာကျသော ရွာတစ်ရွာကို IS တပ်များလက်မှ ကာ့ဒ်တပ်များက ယမန်နေ့တွင် သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

    သိမ်းယူခဲ့သည့် ရွာမှာ ကာဒ့်ဒေသမြို့တော် အာရ်ဘီလ်မှ ကီလိုမီတာ ၈၀ ကျော် အကွာတွင်ရှိသည့် ဆူလ်တန် အဘ်ဒူလာ ရွာဖြစ်ပြီး ကာဒ့်တပ်ဖွဲ့ Peshmerga မှ တပ်များမှာ IS တပ်ဖွဲ့များကို တစ်အိမ်တက်ဆင်း လိုက်လံ ချေမှုန်းခဲ့ကြသည်။

    တစ်ဂရစ်မြစ်ကမ်းနဖူးတွင် ရှိနေသည့် အဆိုပါရွာမှာ အီရတ်၏ ဒုတိယမြို့တော် မူဆိုးလ်သို့သွားသည့်  အဝေးပြေးလမ်း ဖြတ်သန်းရာ ရွာလည်းဖြစ်ပြီး ထိုရွာအား ဆုံးရှုံးခြင်းက အာရ်ဘီလ်မြို့အား IS အဖွဲ့၏ ကျူးကျော်မှုကို လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်မည်ဖြစ်သောကြောင့် ကာ့ဒ်တပ်များက ထိုရွာအား ထိန်းချုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

    IS အဖွဲ့ကို အီရတ်ရဲတပ်ဖွဲ့၊ စစ်တပ်၊ ကာ့ဒ်တပ်ဖွဲ့များ၊ ရှီအာ ပြည်သူ့စစ်များ၊ ဆွန်နီ လူမျိုးစုများက ပူးပေါင်းကာ တိုက်ခိုက် တွန်းလှန်နေကြပြီး IS လက်ထဲမှ ဒေသအများအပြားကိုလည်း ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

    ၂၀၁၄ ခုနှစ်အတွင်း အီရတ်နိုင်ငံ၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် အရပ်သားနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၁၅၀၀၀ ကျော် သေဆုံးခဲ့ရသည်ဟု အီရတ်အစိုးရက ကြာသာပတေးနေ့က ထုတ်ပြန်သောစာရင်းတွင် ဖော်ပြ ထားသည်။ ထိုသေဆုံးမှုမှာ ၂၀၀၃ ခုနှစ် အမေရိကန်က ကျူးကျော်ခဲ့ပြီးနောက်ပိုင်း တစ်နှစ်အတွင်း သေဆုံးမှုအများဆုံးလည်း ဖြစ်ခဲ့သည်။

    Ref : Aljazeera

  • လူကြီးကြည့်ရုပ်ရှင်ကားများထက် ကလေး ကာတွန်းကားများ၌ အကြမ်းဖက်မှု ဇာတ်ဝင်ခန်းများ ပိုမိုပါဝင်နေ

    လူကြီးကြည့်ရုပ်ရှင်ကားများထက် ကလေး ကာတွန်းကားများ၌ အကြမ်းဖက်မှု ဇာတ်ဝင်ခန်းများ ပိုမိုပါဝင်နေ

    ဇန်နဝါရီ ၃ ၊ ၂၀၁၅
    M-Media
    Children’s cartoons deadlier and more violent than films for adults
    အင်္ဂါနေ့က ထုတ်ပြန်သော သုတေသနအရ ကလေးသူငယ်များအတွက်ကာတွန်းများသည် လူကြီးများသာ ကြည့်ရှုခွင့်ရှိသည့် ရုပ်ရှင်များထက်ပို၍ သေဆုံးခြင်းကို ပိုမိုရုပ်လုံးဖော်လေ့ရှိပြီး အဓိကဇာတ်ကောင်တို့၏သတ်ဖြတ်ခံရခြင်းမှာ ၂ ဆကျော် ပိုမိုပါဝင်နေသည်ဟု ဆိုသည်။

    ကလေးသူငယ်များအတွက် ရည်ရွယ်ထားသည့်ကာတွန်းများ၏ သုံးပုံနှစ်ပုံအတွင်းရှိ အဓိကဇာတ်ဆောင်များ (ဇာတ်လမ်းအထောက်အကူပြုစေရန်) သေဆုံးမှုဖော်ပြချက်တို့မှာ အရွယ်ရောက်ပြီးသူအတွက်ရုပ်ရုပ်များ၏ ထက်ဝက်အတွင်း ပါရှိချက်နှင့်နှိုင်းစာလျှင် နှစ်ဆခွဲရှိကြောင်း၊ သတ်ဖြတ်ခံရခြင်းက သုံးဆနီးပါးမျှပါရှိကြောင်း British Medical ဂျာနယ်၌ ပုံနှိပ်ဖော်ပြလိုက်သော လေ့လာမှုက ဖော်ပြလိုက်သည်။

    “ဘေးဥပဒ်ကင်းပြီး ပိုမိုသိမ်မွေ့တဲ့ ဇာတ်ကြမ်း သို့မဟုတ် ဒရမ်မာဇာတ်ငြိမ် ရုပ်ရှင်ကားတွေထက်ကို ကလေးသူငယ်အကြိုက် ကွန်ပျူတာ ဖန်တီးကာတွန်းကားတွေထဲမှာ လူသတ်ခြင်းနဲ့ အထိန်းအကွပ်မဲ့အခင်းအကျင်းတွေ ဖြစ်နေတာ လက်တွေ့မြင်ရပါတယ်” ဟု သုတေသီ အီယန်ကိုးလ်မန်း Ian Colman နှင့် ဂျိမ်းစ်ကက်ဘရိုက် James Kirkbride မှ ပြောကြားသည်။

    ယင်းလေ့လာချက်မှာ ၁၉၃၇ ခုနှစ် စနိုးဝှိုက် ရုပ်ရှင်မှသည် ၂၀၁၃ ခုနှစ်၏ Frozen အထိ ၀င်ငွေအကောင်းဆုံး ကလေး ကာတွန်းကားများကို သုတေသနပြုထားခြင်းဖြစ်သည်။

    အက်ရှင်ဇာတ်ကြမ်းနှင့် စွန့်စားခန်းရုပ်ရှင်များ မပါဝင်ပဲ ထိုကာလတစ်လျှောက် လူကြီးများအတွက်ရိုက်ကူးသည့် ၀င်ငွေအကောင်းဆုံး ရုပ်ရှင်နှစ်ကားဖြင့် အဓိကဇာတ်ကောင်များ၏သေဆုံးခြင်းများအပေါ် နှိုင်းယှဉ်ခဲ့ကြသည်။ ဤတွင် အဓိကဇာတ်ကောင်တို့၏မိဘများသေဆုံးခန်းမှာ လူကြီးရုပ်ရှင်များထက် ၅ ဆခန့် ဖြစ်နေကြောင်း တွေ့ရှိကြရသည်။

    “Bambi” ၊ “Pocahontas”  နှင့် “Peter Pan” များအတွင်း ပစ်ခတ်မှုမှအစ၊ “The Little Mermaid”  နှင့် “Sleeping Beauty” များအတွင်း ဓားထိုးခြင်းအလယ်၊ “Finding Nemo” နှင့် “Tarzan” တို့အဆုံး တိရစ္ဆာန်များ၏တိုက်ခိုက်ခြင်းတို့ ပါဝင်နေကြသည်။

    သေဆုံးခြင်းဇာတ်ကောင်စရိုက်ပါဝင်မှု မသဲကွဲသည့် ကားများ၊ အရုပ်များကို ပုံဖော်ထားသော ကာတွန်းရုပ်ရှင်များကို လေ့လာမှု၌ မထည့်သွင်းထားပါ။

    ၁၉၃၇ ခုနှစ်ကတည်းက ပြသခဲ့သည့် စနိုးဝှိုက်ရုပ်ရှင်၌ အမျက်ထွက်နေသော လူပုလေးများ၏လိုက်လံဖမ်းဆီးမှုခံရပြီး မင်းသမီးလေး၏မိထွေးဆိုးသည် တောင်ကုန်းအောက်သို့ ကျရောက်ဇာတ်သိမ်းကြောင်း ပါဝင်သည်။ သို့သော် အကြမ်းဖက်မှု မြင့်မားလာသည့်အဆင့်နှင့်ပတ်သက်၍ ယင်းသုတေသန၌ မည်သည့်အထောက်အထားမျှ ပြဆိုမထားချေ။

    AFP

  • ၂၀၁၄ ခုနှစ်၏ အရဲရင့်ဆုံး မွတ်စလင်များ

    ၂၀၁၄ ခုနှစ်၏ အရဲရင့်ဆုံး မွတ်စလင်များ

    ဇန်နဝါရီ ၃ ၊ ၂၀၁၄
    M-Media

    ၂၀၁၄ ခုနှစ်ကတော့ ကားလိပ်ချခဲ့ပါပြီ။ ဒီနှစ်အတွင်းမှာ ဆီးရီးယားနဲ့ အီရတ်မှာ ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုတွေကို အကြောင်းပြုပြီး ခေါင်းထောင် ထလာတဲ့ IS အဖွဲ့ရဲ့ အစ္စလာမ်ခေါင်းစဉ်အောက်က တရားမဲ့တဲ့လုပ်ရပ်တွေကြောင့် ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေဟာလည်း မျက်နှာပျက်ခဲ့ရပါတယ်။ ကမ္ဘာတစ်ဝှမ်း ထိပ်ထိပ်ကြဲ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေနဲ့ မွတ်စလင်အသင်းအဖွဲ့အစည်းတွေက IS၊ တာလီဘန်၊ ဘိုကိုဟရမ် စတဲ့ နိုင်ငံရေးအာဏာရလိုမှုကို အခြေခံပြီး အစ္စလာမ်သာသနာကို အလွဲသုံးစားလုပ်နေတဲ့ ဒီအဖွဲ့တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ခဲ့ကြပါတယ်။

    ဒီလိုအဖွဲ့တွေရဲ့ လုပ်ရပ်နဲ့ ဆန့်ကျင်ဘက်အဖြစ် ကမ္ဘာ့အကျိုး၊ လူ့အဖွဲ့အစည်းအကျိုးကို ကိုယ်ကျိုးမဖက်ဘဲ စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ မွတ်စလင်တွေလည်း ကမ္ဘာတစ်ဝှမ်းမှာ ဒုနဲ့ဒေး ရှိနေပါသေးတယ်။ အဲဒီအထဲကမှ ၂၀၁၄ ခုနှစ်အတွင်း တရားမျှတမှုအတွက်၊ ဒုက္ခရောက်နေသူတွေကို ကယ်တင်ဖို့အတွက်၊ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အသက်တွေကို ကာကွယ်ဖို့အတွက် မိမိတို့ရဲ့ အသက်ကို မဓာနမထားပဲ စွန့်လွှတ်အနစ်နာခံခဲ့တဲ့ အထင်ရှားဆုံး မွတ်စလင် သူရဲကောင်း ၆ ဦးကို ဖော်ပြလိုက်ပါတယ်။

    ၁။ တက်ဆီ အလ်ဘေရက် (ဂျာမနီ)

    Brave Muslim Heroes in 2014

    တူရကီနွယ်ဖွား ဒီအမျိုးသမီးငယ်လေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ မိန်းမြို့ အော့ဖ်ဘန့်ခ်ျလို့ခေါ်တဲ့ မြို့နယ်လေးက စားသောက်ဆိုင်တစ်ခုမှာ အမျိုးသမီးတစ်ယောက် အနိုင်ကျင့်ခံရတာကို သွားရောက်ကယ်တင်ရင်း အနိုင်ကျင့်နေတဲ့ လူရမ်းကားသုံးဦးရဲ့ သတ်ဖြတ်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူ့ရဲ့ ကိုယ်ကျိုးမဖက်တဲ့ စွန့်လွှတ်အနစ်နာခံမှုကို ဂျာမနီတစ်မျိုးသားလုံးက ဂုဏ်ပြုခဲ့ကြပြီး သူ့အတွက်ရည်ရွယ်ကာ ပြုလုပ်တဲ့ ဖယောင်းတိုင်ထွန်းဆုတောင်းပွဲမှာ ပြည်သူထောင်နဲ့ချီ ပါဝင်ခဲ့ကြပါတယ်။ နောက်ပြီး တက်ဆီရဲ့ ဓာတ်ပုံနဲ့ `Sen sviyoruz´ (မင်းကို ငါတို့ချစ်တယ်) ဆိုတဲ့ စာတန်းပါ အင်္ကျီတွေကို ၀တ်ဆင်ခဲ့ကြပြီး တစ်ချို့တွေက `Danke Tugce´ (ကျေးဇူးပါ တက်ဆီရေ) လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ပြီး တက်ဆီအလ်ဘေရက်ရဲ့ ရဲရင့်မှုကို ချီးကျူး ဂုတ်ပြုခဲ့ကြပါတယ်။

    ၂။ အဘ်ဒူလ် အွန်း (စကော့တလန်)

    Brave Muslim Heroes in 2014 2

    ပြီးခဲ့တဲ့ ဇူလိုင်လက ဂလက်စကိုမြို့ တစ်နေရာမှာ အဓ္ဓမပြုကျင့်ခံရဆဲဆဲ စေကော့တစ်ရှ် အမျိုးသမီးတစ်ဦးကို ကယ်တင်လိုက်တဲ့ မွတ်စလင်လူငယ်တစ်ဦး ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်သာရှိတဲ့ အဘ်ဒူလ်ဟာ ဂလက်စကိုအနောက်ဘက်ခြမ်းက ကယ်လ်ဗင်ဂရုဗ် ပန်းခြံမှာ ကျန်းမာရေးအတွက် ပြေးနေတုန်း အမျိုးသမီးတစ်ဦးရဲ့ အကူအညီတောင်းသံကို ကြားခဲ့ရတဲ့အတွက် သွားရောက်ကူညီကယ်တင်ခဲ့ခြင်း ဖြစ်ပါတယ်။ အခင်းဖြစ်ရာနေရာကို အပြေးသွားခဲ့တဲ့ အဘ်ဒူလ်ဟာ လူယုတ်မာကို ကွန်ဖူးကစ်နဲ့ ကန်ခဲ့ပြီး အဲဒီစကော့တစ်ရှ်အမျိုးသမီးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပါတယ်။

    ၃။ အိတ်ဇက် ဟာဆန် (ပါကစ္စတန်)

    Brave Muslim Heroes in 2014 3

    အများအတွက် မိမိရဲ့အသက်ကို စတေးခဲ့တဲ့ ပါကစ္စတန်က Grade 9 ကျောင်းသားလေး ဖြစ်ပါတယ်။ ဇန်န၀ါရီလရဲ့ နေ့တစ်နေ့မှာ တာလီဘန်က အသေခံဗုံးခွဲသမားတစ်ဦးဟာ ဟာဆန်တို့ကျောင်းနားကို ရောက်လာတဲ့အခါ သူဘာလုပ်တော့မယ်ဆိုတာ ဟာဆန်က သိခဲ့ပါတယ်။ အဲဒါကြောင့် ကျောင်းရဲ့ ဂိတ်ပေါက်ဝနားမှာပဲ ဟာဆန်ဟာ ဒီအသေခံဗုံးခွဲသမားနဲ့ ရင်ဆိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ ဗုံးခွဲသမားနဲ့အတူ မိမိရဲ့အသက်ကို စတေးခံကာ အတန်းဖော်တွေနဲ့ ကျောင်သား ရာပေါင်းများစွာရဲ့အသက်ကို ကယ်တင်ခဲ့ပါတော့တယ်။ အသက်အရွယ်နဲ့ မလိုက်တဲ့ ဟာဆန်ရဲ့ပြောင်မြောက်တဲ့ သတ္တိအတွက် ပါကစ္စတန်အစိုးရက `သူရသတ္တိဘွဲ့´ (Sitara-e-Shujaat) ကို ချီးမြှင့်ခဲ့ပါတယ်။

    ၄။ ဖာဂူဆန်မှ မွတ်စလင်များ (အမေရိကန်)

    Brave Muslim Heroes in 2014 4

    အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်က ဖာဂူဆန်မြို့မှာ လူမည်းလူငယ် မိုက်ကယ်ဘရောင်းကို လူဖြူရဲအရာရှိတစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ကိစ္စဟာ အမေရိကန်နိုင်ငံတစ်ဝှမ်း ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ပါတယ်။ လူမျိုးရေးခွဲခြားမှုကို အခြေခံတဲ့ ဒီကိစ္စကိုဆန့်ကျင်ဖို့ သတ္တိရှိရှိ ရှေ့ထွက်လာတာကတော့ `ဖာဂူဆန်မှ မွတ်စလင်များ´ ဆိုတဲ့ မွတ်စလင်အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ မွတ်စလင်တွေဖြစ်ကြတဲ့ နယူးယောက်မှ လင်ဒါ ဆာရ်ဆောရ်၊ ဒက်ထရွိုက်မှ ဒါဝူးဒ်ဝါလစ်၊ မိုင်ယာမီက မိုဟာမက် မာလစ်နဲ့ စိန့်လူးဝစ်က မွတ်စ်တာဖာ အဘ်ဒူလာတို့ ဖြစ်ကြပါတယ်။

    ၅။ ဒေါက်တာ ရှိခ်အူမရ်ခန်း (ဆီရာလီယိုနီ)

    Brave Muslim Heroes in 2014 5

    အမြဲတမ်း ပြုံးနေတတ်ပြီး မျက်နှာချိုတဲ့ ဒေါက်တာ အူမရ်ဟာ ကြောက်မယ်ဖွယ်ကောင်းတဲ့ ကူးစက်မြန် အီဘိုလာရောဂါကို ကုသပေးရင်းနဲ့ အသက်စွန့်ခဲ့ရတဲ့ ပထမဆုံး မွတ်စလင်ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။ ဆင်းရဲချို့တဲ့လှပြီး ဆေးဘက်ဆိုင်ရာ လိုအပ်ချက်တွေ မပြည့်စုံတဲ့ ဆီရာလီယိုနီနိုင်ငံမှာ အီဘိုလာရောဂါသည် ၁၀၀ ကျော်ကို ကုသပေးရင်း အသက် ၃၉ နှစ်အရွယ် အူမရ်တစ်ယောက် လောကကြီးကို စောစောစီးစီးပဲ နှုတ်ဆက်ခွဲခွာခဲ့ရပါတယ်။ အူမရ်ရဲ့နောက်မှာ အီဘိုလာကြောင့် သေဆုံးခဲ့ရတဲ့ မွတ်စလင်ဆရာဝန်တွေ အများကြီး ရှိပါသေးတယ်။

    ၆။ ရေဟာနား ဂျက်ဘာရီ (အီရန်)

    Brave Muslim Heroes in 2014 6

    မိမိကို အဓမ္မပြုကျင့်ဖို့ ကြိုးစားသူကို သတ်မှုနဲ့ ကွပ်မျက်ခံလိုက်ရသူ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ရေဟာနားရဲ့ ကွပ်မျက်ခံရမှုအတွက် Amnesty International အပါအ၀င် နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။

    ref:.onislam

  • ၂၀၁၅ အလင်းအမှောင် မျှော်မှန်းချက် (Editorial)

    ၂၀၁၅ အလင်းအမှောင် မျှော်မှန်းချက် (Editorial)

    ဒီဇင်ဘာ ၃ ၊ ၂၀၁၅
    M-Media (အယ်ဒီတာ့ အာဘော်)

    နှစ်တစ်နှစ် သစ်ခဲ့ပြီပဲ။ ဒါပေမဲ့ စိတ်တွေ မသစ်နိုင်သေးဘူး။ ဘ၀တွေ မသစ်နိုင်သေးဘူး။ ခေတ်လည်း မသစ်နိုင်သေးဘူး။ ပန်းတိုင်လား။ ဟင့်အင်း မပြောင်းလဲဘူး။ အရင်ပန်းတိုင်တောင် ရောက်မှ မရောက်သေးဘဲကိုး။ ဘယ်မှာလာ ပန်းတိုင်အသစ်ရှေ့ရှုနိုင်ပါဦးမလဲ။ ဒီလိုနဲ့ မြန်မာပြည်သူပြည်သားတွေဟာ မသိုးမသံ့ စိတ်အဟောင်းတွေနဲ့ ဘ၀ဟောင်း၊ ခေတ်ဟောင်းထဲမှာ ပန်းတိုင်အဟောင်းဆီ လမ်းဟောင်းအတိုင်း လျှောက်မြဲလျှောက်နေရဆဲပါ။

    ကမ္ဘာက နေကို ပတ်တယ်။ နေ့နဲ့ည ဖြစ်တည်လာခဲ့။ နေ့နဲ့ညပေါင်းရင် တစ်ရက်တဲ့။ ၃၆၅ ရက်ကို တစ်နှစ်လို့ သတ်မှတ်ထားကြတယ်။ တစ်နှစ်ပြည့်ရင် နှစ်သစ်ပြောင်းသတဲ့။ ဒီလိုနဲ့ သူ့ဘာသာသူလည်နေရင်းက လူတွေကို အလုပ်ရှုပ်စေဖို့ အကြောင်း ဖန်လာတယ်။ မွေးနေ့တွေ၊ နှစ်ပတ်လည်တွေ၊ သက်တမ်းတွေ ကိန်းဂဏန်းတွေနဲ့ လုံးထွေးရစ်ပတ်လို့။ ဟုတ်တယ်။ လူတွေကို အလုပ်ရှုပ်ရအောင်လို့  ကမ္ဘာ ကနေကို ပတ်နေလေရဲ့။

    နေကို ကမ္ဘာက တစ်ပတ်ပတ်တယ်။ ပတ်လိုက်တိုင်း လူတွေ အသက်တစ်နှစ်ကြီးကုန်ရဲ့။ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်တော့မယ်။ လွတ်လပ်ရေးက ၆၇ နှစ်ရှိပြီတဲ့။ လက်ရှိမြန်မာအစိုးရလည်း သက်တမ်းစေ့တော့မယ်။ ဒေါ်အောင်ဆန်းစုကြည် မီးစာကုန် ရေခမ်း လုပြီလား။ ရွှေပြည်တော် မျှော်တိုင်းဝေး ရပါဦးမယ်။

    နေကို ကမ္ဘာက တစ်ပတ်ပတ်တယ်။ အလင်းနဲ့ အမှောင်ကို တစ်လှည့်စီ အကွက်ဖော်ခဲ့လေရဲ့။ မစားဘဲ စွန့်ခဲ့ကြသူတွေနဲ့ မစွန့်ဘဲစားခဲ့ကြသူတွေကို မြင်လိုက်ရတယ်။ မြန်မာပြည်ဟာ အမှောင်ဘက်အခြမ်းမှာ ကာလကြာရှည်ခဲ့သလား။ ဒါမှမဟုတ် အမှောင်ကြိမ်နှုန်းများခဲ့တာလား။

    နေကို ကမ္ဘာက အကြိမ်ကြိမ်ပတ်ခဲ့ဖူးတယ်။ ၁၉၄၈ မှာ မြန်မာပြည်လွတ်လပ်ရေးရတယ်။ လွတ်လပ်ရေး မရခင် ၁၉၄၇ မှာ လွတ်လပ်ရေး ပိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ကျဆုံးနှင့်လေပြီ။ လွတ်လပ်ရေး သစ်ပင်ကို ဗိုလ်ချုပ်စိုက်ခဲ့တယ်။ အသီးအပွင့်ကိုတော့ မစားခဲ့ရရှာဘူး။ အသက်က ၃၃နှစ်။ ငယ်ရွယ်ပျိုမျစ်တုန်း ဆုံးရှာတယ်။ သက်တမ်းတိုတဲ့ ဗိုလ်ချုပ်က အခု ရာပြည့်မွေးနေ့ပွဲတွေ ဘာတွေဖြစ်လို့။ မစားဘဲ စွန့်ခဲ့ခြင်းဟာ သက်တမ်းရှည်ခြင်းအကျိုးကို ရစေတတ်သလားပဲ။ ဒီပုံအတိုင်းဆို အနှစ် တစ်ထောင်ပြည့် မွေးနေ့ပွဲလည်း ရှိလာဦးမှာ သေချာတယ်။ လူထုရင်ထဲမှာ သူဆက်လက် ရှင်သန်နေဆဲကိုး။

    မြန်မာအစိုးရကတော့ ၂၀၁၅ ဆိုတဲ့ ပန်းပဲဖိုမှာ နန်းဆွဲပြီး သက်တမ်းရှည်အောင် မီးကင် တူနှက်ဦး မယ်ထင်ပါရဲ့။ ရှေး လူတို့ကောင်းမှုကြောင့် ပြည်သူတွေရဲ့ ရင်ကွဲနာကလည်း အခုထိ အကုရခက်နေတုန်း။ လက်ပံတောင်းတောင်လို စီမံကိန်းတွေ၊ သိမ်းဆည်းခံလယ်ယာမြေတွေနဲ့ အဲဒီရင်ကွဲနာက တိုက်ရိုက် ပတ်သက်နေလေရဲ့။ လယ်မြေ၊ အိမ်ဂရံတွေကို ပေါင်နှံဖဲရိုက်ပစ်ခဲ့တဲ့ ပထွေးဆိုးရဲ့ အကြွေးမွေကို ဆက်ခံနေရတဲ့ သားသမီးတွေလိုအဖြစ်မျိုးနဲ့ မြန်မာပြည်သူတွေအဖြစ်က ရင်နင့်စရာပါ။ ရှယ်ယာပါခဲ့တဲ့ ငတေ အကိုကြီးတို့ကတော့ သူတို့ဘာမှမသိခဲ့သလို မှင်သေသေမျက်နှာပေးနဲ့ ဘောင်းဘီကိုအမြန်ချွတ်၊ တိုက်ပုံနဲ့ ပုဆိုးစွပ်ပြီး ရုပ်ပြောင်းရုပ်လွှဲ နှစ်ကိုယ်ခွဲစရိုက်နဲ့ မှင်သေသေ သရုပ်ဆောင်ကောင်းခဲ့ကြပြန်တယ်။ ဒီနှစ် အကယ်ဒမီဆုကို သူတို့ဆွတ်ခူးအံ့ဆဲဆဲမှာပဲ အကျင့်ဟောင်းတွေ ဘွားကနဲပေါ်ပြီး နှစ်ကိုယ်ခွဲပေမဲ့ တစ်ကိုယ်တည်းစရိုက်ပေါ်သွားတာကြောင့် အကယ်ဒမီဆုနဲ့ ကပ်လွဲသွားကြပုံရပါတယ်။ သူတို့ဟာ သူတို့ကြောင့်ရတဲ့ ပြည်သူတွေရဲ့ရင်ကွဲနာကို ဆေးမြီးတိုနဲ့ကြိတ် ကုဖို့ကြိုးစားနေတဲ့ ဒေါက်တာ ရမ်းကု တွေဖြစ်တယ်။ ဒီလိုနဲ့ အပ်နဲ့ ထွင်းရမယ့်ဟာက ပေါက်ဆိန်နဲ့ထွင်းရမယ့် အခြေအနေကို ရောက်လာ ခဲ့တယ်။ ကျေးဇူးကြီး လှပါပေတယ်။

    ၂၀၁၄ ဟာ အာဏာရှင်ခေတ်ကို အလွမ်းပြေ အလည်ရောက်ရသလိုမျိုး ခါးသက်သက် အရသာကို မြည်းစမ်းခွင့် ပြန်ရတဲ့ကာလလို့သာ ချီးမွှမ်းထောပနာ ပြုထိုက်ပါတယ်။ အခုတော့ သူလည်း လက်ပြနှုတ်ဆက်သွားပါပြီ။ တကယ်တော့ ၂၀၁၄ ဟာ သူ့အမှိုက်တွေကို သူသယ်မသွားခဲ့ပါဘူး။
    မြန်မာပြည်လွတ်လပ်ရေးက ၆၇ နှစ်ရှိပြီလို့ ရှေ့မှာ ဆိုခဲ့မိပါတယ်။ အဖိုးအဖွားတွေရဲ့ တီးတိုး အမှာစကားအရတော့ လွတ်လပ်ရေးဟာ ၁၄ နှစ်သားမှာပဲ ဆုံးပါး သွားရှာပါသတဲ့။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ သူစိုက်တဲ့အပင် သေသွားရင် နောက်တစ်ပင်ထပ် စိုက်နိုင်ဖို့ မြန်မာပြည်သူတွေ အတွက် အမွေပေးခဲ့ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်ချန်ထားခဲ့တဲ့ အမွေပါ။ သူက ဒီမိုကရေစီ သစ်ပင်ကို ပျိုးခဲ့သူပါ။ လွတ်လပ်ရေး ပိသုကာနည်းတူ ဒီမိုကရေစီပိသုကာ ခမြာလည်း မစားဘဲစွန့်မယ့် မျိုးဆက်ပေပဲလား။ ၀မ်းနည်းစရာပါ။ ဒီမိုကရေစီ သက်တမ်းကရော ဘယ်လောက်လဲ။ ၅နှစ်လား။ ၁၀ နှစ်လား။ စကို မစသေးတာလား။ ဘာမှ ရေရေရာရာ မရှိလှ။

    ဂန္ဒီဟာ ငြိမ်းချမ်းရေးရဲ့ သင်္ကေတပါ။ အိန္ဒိယနိုင်ငံရဲ့ လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်ပါ။ မြန်မာ့ လွတ်လပ်ရေးရပြီး လ မကူးခင်မှာပဲ သူ့ကို ဟိန္ဒူအမျိုးသားရေး အစွန်းရောက်ဝါဒီ စစ်သွေးကြွ တစ်ဦးဖြစ်တဲ့ နာသူရမ်ဂေါ့ဆေးက အဆုံးစီရင် လိုက်ပါတယ်။

    ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာတို့ရဲ့လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်ပါ။ ဂန္ဒီထက်အရင် တစ်နှစ်စောပြီး သူ့ကို မျိုးချစ် ပါတီခေါင်းဆောင် ဂဠုန်ဦးစောက အသက်နဲ့ခန္ဓာ အိုးစားကွဲစေခဲ့ပါတယ်။

    အမျိုးသားရေး အစွန်းရောက်ဝါဒနဲ့ မျိုးချစ်ဆိုသူတွေဟာ လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင် တွေအတွက် နိမိတ်ဆိုး တစ်ရပ်လို့တောင် ပြောရမလိုဖြစ်နေပါတယ်။ ဒါဟာ တိုက်ဆိုင်မှုလား။ သီအိုရီ တစ်ခုလား။

    ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ပါ။ အခု သူ့ကို အမျိုးသားရေး အစွန်းရောက်ဝါဒီတွေ၊ မျိုးချစ်ဆိုသူတွေက ပစ်မှတ်ထား တိုက်ခိုက်နေပါပြီ။ တိမ်တွေညိုနေပြီလား။ တောင်စွယ်မှာ နေကွယ်လုပြီလား။ ၂၀၁၄ ကတော့ ကိုယ်လွတ်ရုန်းသွားခဲ့ပါပြီ။ ၂၀၁၅ ဟာ အနက်ရောင်ဝတ်စုံကို ၀တ်ပြီး ရောက်ရှိလာလေရဲ့။ သတိဆိုတာ ပိုတယ်မရှိ။

    တစ်ခုသာ ဆိုစရာ ရှိပါတယ်။ အိုးမဲသုတ်ပေးခံရတဲ့ အိမ်ကြက်တွေ အခွပ်ရပ်ပြီး တစ်ယောက်ကို တစ်ယောက် မှတ်မိကြဖို့ လိုပါတယ်။ ပြည်သူရဲ့ရင်ကွဲနာတွေ အတွက် အုပ်ချုပ်ရေးဒေါက်တာရမ်းကုတွေနဲ့ အလုပ်မဖြစ်တော့ကြောင်းကိုလည်း သိဖို့လိုပါတယ်။ အဲဒီဒေါက်တာရမ်းကုတွေကို ပြောင်းပစ်ကြမလား။ သင်္ချိုင်းတွေကိုပဲ နေရာချဲ့ကြမလား။ တစ်ခုခုတော့ ရွေးချယ် ရပါလိမ့်မယ်။ အနာဂတ်ဘက်အခြမ်းက မှောင်ကြီးမည်းကြီးမို့ မမြင်ရ။ အမှောင်ကို တော်လှန်ဖို့ အလင်းတိုင် ကိုယ်စီဆောင်ခဲ့ကြစေ လိုပါတယ်။ ၂၀၁၅ ကို အောင်မြင်ခြင်း မီးရှူးမီးပန်းတွေ လွှတ်တင်ပြီး ကြိုဆိုလိုက်ကြရအောင်ပါ။

    ဟုတ်ကဲ့။ ၂၀၁၅ မှာ အမှောင်နှင်ပွဲလည်း ရှိနိုင်တယ်။ အမှောင်နွံနစ်ပွဲလည်း ရှိနိုင်ပါတယ်။ ကျွန်တော် တို့လက်တွေနဲ့သာ ကျွန်တော်တို့ ကံကြမ္မာကို ရေးနိုင်ကြတာပါ။

    M-Media ပရိသတ်များ ပညာအလင်းနဲ့ ထင်းရှင်းနိုင်ကြပါစေ။

  • အမုန်းတရားတွေကို ဆန့်ကျင်တဲ့ ဆွီဒင်က မေတ္တာဗုံး

    အမုန်းတရားတွေကို ဆန့်ကျင်တဲ့ ဆွီဒင်က မေတ္တာဗုံး

    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media
    1907961_821295281246277_6057532862001628347_n
    – မကြာသေးမီ ရက်များအတွင်း ဆွီဒင်က ဗလီဝတ်ကျောင်းတော်တွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးတဲ့ နောက်မှာတော့ ဆွီဒင်ပြည်သူတွေက ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း၊ မွတ်စလင်တွေနဲ့ တစ်သားတည်းရှိကြောင်း ပြသဖို့ အတွက် လှုပ်ရှားမှုတွေကို ဆောင်ရွက် ခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့ ကြာသာပတေးနေ့က အက်ပ်ဆာလာမြို့မှာရှိတဲ့ ဗလီဝတ်ကျောင်းတော်ရဲ့ နံရံမှာ မွတ်စလင်ဆန့်ကျင်ရေး စာသားတွေကို ရေးသားထားမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ဒီလုပ်ရပ်ကို ဆန့်ကျင်ဖို့နဲ့ မွတ်စလင်တွေကို ထောက်ခံအားပေးကြောင်း ပြသဖို့ အတွက် အဲဒီမြို့က ဆွီဒင်ပြည်သူတွေဟာ အနီရောင်အသဲပုံ စက္ကူတွေနဲ့ မွတ်စလင်ကို ထောက်ခံအားပေးတယ်ဆိုတဲ့ စာသားတွေကို ဒီဗလီဝတ် ကျောင်းတော်ရဲ့ ၀င်ပေါက်မှာ လာရောက် ချိတ်ဆွဲခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုကို `မေတ္တာဗုံး´ လို့ အမည်ပေးခဲ့ပါတယ်။

    ဒီလှုပ်ရှားမှုအရင် တစ်ရက်က ဒီဗလီဝတ်ကျောင်းတော်ကို ဓာတ်ဆီဗုံးနဲ့ မီးရှို့ ခံခဲ့ရပြီး မီးလောင်ခဲ့ခြင်းတော့ မရှိဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

    အခုသီတင်းပတ်အစောပိုင်းကလည်း အက်စ်လော့ဗ်မြို့က ဗလီဝတ်ကျောင်းတော် တစ်ခု မီးလောင်ခဲ့ပြီး အနည်းငယ် ပျက်ဆီးခဲ့ပါတယ်။ ဒီမီးလောင်မှုဟာ ရှို့မီးလို့ သံသယရှိတဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    ဒါတင်မကသေးဘဲ ခရစ္စမတ်နေ့ကလည်း အက်စ်ကီလ်စ်တူနာမြို့က ဗလီဝတ် ကျောင်းတော် တစ်လုံးထဲကို ပြတင်းပေါက်ကနေ ဓာတ်ဆီဗုံးတစ်ခု ပစ်သွင်းခဲ့လို့ ၀တ်ပြုနေတဲ့သူတွေထဲက ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ဒါပေမယ့် ဆွီဒင်ပြည်သူတွေက ဒီလုပ်ရပ်တွေကို ရှုတ်ချခဲ့ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂ ရက် သောကြာနေ့ကပဲ အဓိကမြို့ကြီးသုံးမြို့ဖြစ်တဲ့ စတော့ဟုမ်း၊ ဂိုသန်ဘာ့ဂ်နဲ့ မာလ်မိုတို့မှာ `ငါတို့ဗလီကို မထိနဲ့´ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွီဒင်ပြည်သူတွေက ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ဒီလိုမွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ လူကြိုက်များဖို့ ကြိုစားလာတဲ့ လက်ယာစွန်းရောက်ပါတီရဲ့ နိုင်ငံရဲ့ ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးတာနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေ ပြင်းထန်လာရာကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။

    ရဲချုပ်ဖြစ်သူ မက်စ် လော့ဖ်ဗင်းကတော့ ဗလီဝတ်ကျောင်းတော်တွေကို တိုက်ခိုက် မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ ရဲတပ်ဖွဲ့အနေနဲ့ လုပ်ငန်း ၃ ခုကို ဆာင်ရွက် သွားမယ်လို့ Radio Sweden ကို ပြောကြားခဲ့ပါတယ်။ ဒီလုပ်ငန်း ၃ ခုကတော့ ဗလီဝတ်ကျောင်းတော်တွေကို စောင့်ကြပ်ပေးခြင်း၊ မွတ်စလင်လူ့အဖွဲ့အစည်းနှင့် ဆွေးနွေးခြင်း၊ ဗလီဝတ်ကျောင်းတော် တိုက်ခိုက်ခံရမှုတွေအတွက် ထောက်လှမ်း ရေးဌာနနဲ့ ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခြင်းတို့ ဖြစ်ပါတယ်။

    ဒါပေမယ့် ဒီတိုက်ခိုက်မှုတွေဟာ တကယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလား ဆိုတာကိုတော့ ပြောဖို့ စောနေသေး တယ်လို့ လော့ဖ်ဗင်းက ဆိုပါတယ်။

    ရှုတ်ချမှုများ
    ———–
    ဆွီဒင်ရဲ့ ပြည်သူ့ဒီမိုကရက်တစ်ဝန်ကြီးချုပ် စတီဖန် လော့ဖ်ဗန်ကတော့ ဒီတိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပါတယ်။

    `ဆွီဒင်မှာ လူတွေဟာ သူတို့ရဲ့အယူဝါဒကို ကျင့်သုံးရာမှာ ဘယ်သူ့ကိုမှ ကြောက်စရာမလိုပါဘူး´ လို့ TT သတင်းဌာနကို လော့ဖ်ဗန် က ပြောကြားခဲ့ပြီး ဒီဝတ်ပြုရာနေရာတွေ လုံခြုံရေးအတွက် အစိုးရထောက်ပံ့ကြေး တိုးမြှင့် ပေးသွားမယ်လို့လည်း ဆိုပါတယ်။

    လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး မဂ္ဂဇင်း Expo ရဲ့အဆိုအရ ပြီးခဲ့တဲ့နှစ်အတွင်း ဆွီဒင်နိုင်ငံက ဗလီဝတ်ကျောင်းတော်တွေ တိုက်ခိုက်ခံရမှုဟာ အနည်းဆုံး တစ်ဒါဇင်လောက်ရှိပြီး အများစုကတော့ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ခြင်းမရှိဘူးလို့ ရေးသားဖော်ပြခဲ့ပါတယ်။

    လူဦးရေ ၉ သန်းသာရှိတဲ့ ဆွီဒင်နိုင်ငံဟာ ဒီနှစ်အတွင်းမှာ ဒုက္ခသည် ၁ သိန်းကျော်ကို လက်ခံဖို့ရှိနေပြီး ယခင် စံချိန်တွေကို ကျော်ဖြတ်တော့ မှာ ဖြစ်ပါတယ်။

    Ref : aljazeera