News @ M-Media
Author: M-Media
  • ဆောက်သက်တမ်နှင့် ပွဲတွင် ၀င်းဂါးအား ဆဲဆိုခဲ့သည့် အာဆင်နယ် ပရိတ်သတ် တစ်ဦး အဖမ်းခံရ
    ဆောက်သက်တမ်နှင့် ပွဲတွင် ၀င်းဂါးအား ဆဲဆိုခဲ့သည့် အာဆင်နယ် ပရိတ်သတ် တစ်ဦး အဖမ်းခံရ
    ဇန်န၀ါရီ ၂၊ ၂၀၁၅
    M-Media
    10425403_820874391288366_8641332075106034304_n
    – ယမန်နေ့က ဆောက်သက်တမ်အား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အာဆင်ဝင်းဂါးကို ဆဲဆိုခဲ့သည့် အာဆင်နယ် ပရိတ်သတ်တစ်ဦးမှာ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရသည်။
    ပွဲပြီးဆုံးရန် ၁၀ မိနစ်ခန့်အလိုတွင် အသင်း၏ ရှုံးနိမ့်နေမှုကို မကျေနပ်သည့် အသက် ၂၅ နှစ်အရွယ် ပရိတ်သတ်တစ်ဦးက အာဆင်နယ်နည်းပြအဖွဲ့များ ထိုင်ရာ ခုံတန်းသို့ ၀င်လာသောကြောင့် လုံခြုံရေးများက ထိန်းသိမ်းခဲ့ရပြီး နောက်ပိုင်းတွင် ရဲလက်သို့ အပ်ခဲ့သည်။
    အဆိုပါ ပရိတ်သတ်မှာ ၀င်းဂါးနှင့် ၎င်း၏ လက်ထောက်နည်းပြအား စော်ကားသည့် အမူအရာကို လုပ်ပြခဲ့ပြီး နှုတ်ဖြင့်လည်း ဆဲရေးတိုင်းထွား ခဲ့သည်ဟု သိရသည်။
    `ဟုတ်ပါတယ်။ လူငယ်တစ်ယောက်ပါ။ သူက ဆောက်သက်တမ်ပရိတ်သတ်လို့ ကျွန်တော်ထင်ပါတယ်။ သူ လုံးဝ ရန်မလိုပါဘူး။ တစ်ခုခုပြောလိုက်တယ်လို့ လည်း ကျွန်တော်မထင်ပါဘူး´ ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ဆောက်သက်တမ်နည်းပြ ရော်နယ်လ်ကိုးမန်းကမူ ထိုအဖြစ်အပျက်ကို မမြင်တွေ့ခဲ့ဟု ဆိုသည်။
    ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရသည့် အာဆင်နယ်အသင်းမှာ ပရိတ်သတ်များ၏ ငြိုငြင်မှုကို ခံနေရပြီး ဒီဇင်ဘာလကလည်း စတုတ်စီးတီးအသင်း အား ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ၀င်းဂါးမှာ ပရိတ်သတ်များ၏ လှောင်ပြောင်မှုကို ခံခဲ့ရသည်။
    Ref : goal.com
  • အသင်းမှာ ဒိုင်လူကြီးများပေးသော ခရစ္စမတ် လက်ဆောင်ရခဲ့ဟု မော်ရင်ဟိုလှောင်ပြောင်
    အသင်းမှာ ဒိုင်လူကြီးများပေးသော ခရစ္စမတ် လက်ဆောင်ရခဲ့ဟု မော်ရင်ဟိုလှောင်ပြောင်
    ဇန်န၀ါရီ ၂၊ ၂၀၁၅
    M-Media
    1907930_820869471288858_8908235107315474131_n
    – ပြီးခဲ့သည့်ပွဲစဉ် ၂ ခုတွင် မိမိတို့မှာ ဒိုင်လူကြီးကပေးသော ခရစ္စမတ်လက်ဆောင် များ ရရှိခဲ့သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက လှာင်ပြောင်ပြောကြား လိုက်သည်။
    မော်ရင်ဟိုမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့ကပင် မိမိအသင်းအား အပြစ်ပေးရန် ဒိုင်လူကြီးများအကြား လှုပ်ရှားမှုများ ရှိနေသည်ဟု ပြောကြား ခဲ့ပြီး၊ ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချယ်ဆီးမှာ မြို့ခံပြိုင်ဘက် စပါး အသင်းအား ၅ ဂိုး ၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်တွင် မူ ဒိုင်လူကြီးများအပေါ် မော်ရင်ဟို၏ သဘောထားမှာ ပိုမိုတင်းမာလာခဲ့သည်။
    `ကျွန်တော်အရှုံးကို မုန်းပါတယ်။ ဒါပေမယ့် နယူးကာဆယ်နဲ့ပွဲရှုံးတာကို ကျွန်တော်လက်ခံပါတယ်။ ပွဲတာဝန်ရှိသူတွေရဲ့ စွမ်းဆောင်ရည်က သန့်ရှင်း ခဲ့တယ်လေ။ ရှုံးသွားတဲ့ပွဲအတွက် မတူညီတဲ့ ခံစားမှုမျိုး ရှိပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ခုမှာ ကျွန်တော်တို့ အရေးပါတဲ့ ခရစ္စမတ်လက်ဆောင်တွေ ရခဲ့ပါတယ်။ ဘောလုံးကို ချစ်မြတ်နိုးသူတိုင်း မကြိုက်တဲ့ လက်ဆောင်မျိုးပေါ့ဗျာ´ ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
    ထို့ပြင် စပါးအသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် မိမိတို့အသင်းမှာ နောက်တန်းအမှားများ ရှိခဲ့ကြောင်း၊ စပါးအသင်းမှ တိုက်စစ်မှူးများကို မထိန်းနိုင်ခဲ့ကြောင်း မော်ရင်ဟိုက ၀န်ခံပြောကြားခဲ့သည်။
    Ref : goal.com
  • လီဗာပူးလ် အသင်းခေါင်းဆောင် ဂျရတ် ရာသီကုန်လျှင် ထွက်ခွာတော့မည်
    လီဗာပူးလ် အသင်းခေါင်းဆောင် ဂျရတ် ရာသီကုန်လျှင် ထွက်ခွာတော့မည်
    ဇန်န၀ါရီ ၂၊ ၂၀၁၅
    M-Media
    10898217_820864254622713_2846870656984165381_n
    – လီဗာပူးလ်အသင်းတွင် ၁၆ နှစ်ကျော် ကစားလာခဲ့သည့် အင်္ဂလန်ကွင်းလယ်လူ စတီဗင်ဂျရတ်က မိမိအနေဖြင့် ရာသီ ကုန်တွင် အသင်းမှ ထွက်ခွာတော့မည်ဟု ပြောကြားလိုက်သည်။
    ဂျရတ်၏ လက်ရှိစာချုပ်မှာ ယခုနှစ်ဘောလုံးရာသီအပြီးတွင် ကုန်ဆုံးမည်ဖြစ်ပြီး နည်းပြ ဘရန်ဒန်ရော်ဂျာကမူ ဂျရတ်အား အသင်းတွင် ဆက်လက် ရှိနေစေချင်ကာ အသင်းကလည်း ပြီးခဲ့သည့် ဒီဇင်ဘာလတွင် စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သည်။
    သို့သော်လည်း အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ဂျရတ်က ၎င်းအနေဖြင့် မိမိ၏ ဘောလုံးသမားဘ၀အား ပရီးမီးယားလိဂ် အပြင်ဘက်တွင် ကုန်ဆုံး ချင်သည်ဟု ဆိုသည်။
    `ကျွန်တော့်ရဲ့ဘ၀မှာ အခက်ခဲဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး ကျွန်တော်နဲ့ ကျွန်တော့် မိသားစုဟာ ကောင်းမွန်တဲ့ အချိန်တစ်ခု အတွက် တော်တော်လေးစဉ်းစားပြီး ဆုံးဖြတ်ခဲ့တာပါ´ ဟု ဂျရတ်က ပြောကြားခဲ့သည်
    ဂျရတ်အား ထိပ်တန်းအသင်း အများအပြားက စိတ်ဝင်စားနေပြီး အမေရိကန် မေဂျာလိဂ်ကလပ် အလ်အေ ဂလက်ဆီ အသင်းကလည်း ခေါ်ယူရန် ကြိုးစားနေသည်။
    ဂျရတ်ကမူ အသင်းမှ ထွက်ခွာတော့မည်ဟု ကြေညာခြင်းမှာ မိမိ၏ အနာဂတ်နှင့် ပတ်သက်၍ ကောလဟာလများက နည်းပြနှင့် အသင်းအား အနှောက်အယှက် မဖြစ်စေရန် ဖြစ်ကြောင်း၊ မိမိ၏ဘ၀တွင် ကြီးမားသောအစိတ်အပိုင်းမှ ပါဝင်သည့် ကလပ်အသင်းအား နှုဆက်ပါသည်ဟု ပြောကြားရခြင်းမှာ အလွန်ခက်ခဲကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref : goal.com
  • ကိုယ့်တက်လမ်းကိုတော့ ကိုယ်တိုင် မပိတ်ကြပါနဲ့ (ပေးစာ)
    ကိုယ့်တက်လမ်းကိုတော့ ကိုယ်တိုင် မပိတ်ကြပါနဲ့ (ပေးစာ)
    ဇန်နဝါရီ ၂ ၊ ၂၀၁၄
    M-Media
    .ပေးပို့သူ- ချယ်ရီမင်းဆွေ
    hard working
    လူငယ်လေး အချို့မှာ လွဲမှားနေတဲ့ အယူတွေရှိတာကို အစ်မ ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတော့ အံ့သြမိတာပေါ့ ငယ်လေးတို့ရေ.။
    ကြည့်စမ်း….ကိုယ့်တက်လမ်းကို ကိုယ် ကိုယ်တိုင် ပိတ်ထားပါလား???  ဆိုတဲ့ အတွေးနဲ့အတူ ငယ်လေးတို့ကို ပြောပြချင်သွားတယ် ။ ဒီလိုလေ.. အစ်မရဲ့ လုပ်ငန်းခွင်မှာ ကြုံတွေခဲ့ရတာပါ….
    သိတဲ့အတိုင်း (အိမ်ဆောက်ပစ္စည်းနဲ့ပရိဘောဂ လုပ်ငန်းသုံး) Aluminum ချောင်းတွေမှာ အမျိုးအစားက ရာကျော်ရှိတာ ။ အစ်မ အလုပ်ဝင်တော့ အဲဒါတွေကို ပုံလေးတွေနဲ့တကွ အမည်ကို တွဲပြီးမှတ်ရသလို တစ်ခါတစ်ရံ ဂိုဒေါင်ထဲသွားပြီး ပစ္စည်းတွေကြည့်ရင်း လေ့လာမှတ်သားရတယ် ။ တစ်နေ့ ပိုင်ရှင်လာကြည့်တဲ့အချိန် ပစ္စည်းထုတ်လက်စ ရောက်တာ သိပ်မကြာသေးတဲ့ အသစ် ၀န်ထမ်းလေးက ဘာမှမသိသလိုလေး ချက်ခြင်းဖြစ်သွားတာကို အစ်မ တအံ့တသြနဲ့ သတိပြုမိသွားတာပေါ့။
    ပိုင်ရှင်ပြန်သွားချိန်မှာ “ဘာဖြစ်လို့ ဆက် မထုတ်တာလဲ” မေးတော့”ကျွန်တော် သိနေ ၊ တတ်နေတာ သိသွားရင် ကျွန်တော်ဘဲ ပိုပင်ပန်းမှာပေါ့”တဲ့လေ။ဘယ့်လောက်တောင် ဥာဏ်နည်းရသလဲကွယ်။
    အစ်မတော့မချင့်မရဲ ဖြစ်မိပြီး နားဝင်အောင် ရှင်းပြခဲ့ရတယ် ငယ်လေးတို့ရေ။
    “မင်း ဒီလောက်အချိန်ပိုင်းလေးအတွင်းမှာ ဒီအမျိုးအစားတွေ တော်တော်လေး တီးမိခေါက်မိသွားတာကို ပိုင်ရှင်သာ သိသွားကြည့်..မင်းကို ပထမဆုံး သတိထားမိသွားမှာ ..
    ပြီးတော့ မင်းကို ဂရုတစိုက် စောင့်ကြည့်သွားမှာ..
    နောက်မင်းရဲ့ လုပ်ရည်ကိုင်ရည် ကြိုးစားမှုကို အချိန်နဲ့အမျှ သိသွားတဲ့နောက် မင်းက အချိန်တိုလေးအတွင်းမှာ အဆင့်တခုကို မြင့်တက်သွားမှာပေါ့ ငယ်လေးရ..
    ကြိုးစားတာက ဘယ်သောအခါမှ အချီးနှီးမဖြစ်ဘူးလေ။ မင်း အခု အနိမ့်ဆုံးအဆင့် အထမ်းသမား ကနေ နောက် အထမ်းသမားတွေရဲ့ ခေါင်းဆောင် နောက် ပစ္စည်းထုတ် တာဝန်ခံ နောက် ဂိုဒေါင်မှုး အဆင့်ဆင့် မင်းအမြန်ဆုံး တိုးတက်ပြောင်းလဲသွားမှာလေ။
    မင်းမြင်တတ်ရမှာပေါ့ ငယ်လေးရယ် ။ မင်းက ကျွန်တော် တတ်တာသိသွားရင် ပင်ပန်းမှာပေါ့ ဆိုပေမယ့်ပင်ပန်းခံတာနဲ့အမျှ မင်းကြိုးစားမှုကို မင်းအထက်အရာရှိကရော လစ်လှုရှုမယ်ထင်သလား..သူ့ရဲ့လက်အောက်က ဘယ်ဝန်ထမ်းဟာဖြင့်ကြိုးစားတယ် ဘယ်သူကဖြင့် အပါးခိုတယ် ၊ပျင်းရိတယ် စသည်ဖြင့်အစည်းအဝေးတိုင်းမှာ ပြောရတယ် ။ဆုပေး ဒဏ်ပေး စနစ်ဆိုတာရှိတယ်ကွ ။
    ပိုင်ရှင်က အဆင့်ဆင့်အုပ်ချုပ်မှုတွေ ချပေးထားတာကလည်း သူ့ဝန်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည်ကို သိချင်လို့ဘဲလေ။ မင်းတို့အထက်နေရာတွေကို အပြင်ကခေါ်ယူတာထက် အောက်ခြေကတက်လာတဲ့ ကျွမ်းကျင်ပြီးဖြစ်တဲ့မင်းတို့ထဲကတော်တဲ့သူတွေကိုဘဲ အဆင့်ဆင့် မြေတောင်မြှောက်ပေးချင်တာ ပိုင်ရှင်တွေရဲ့စိတ်ဘဲကွ။
    မင်းဘက်ကလည်း အလုပ်ကို တာဝန်ကျေအောင်လုပ်ပေးနေတာထက် စေတနာလေးပါ ပိုဆောင်းပြီး လုပ်ပေးကြည့်စမ်းပါအုံး..အဲဒီ့စေတနာတွေအတွက်လည်း အလကားမဖြစ်ဘူး ငယ်လေးရ ။
    ငါ့ကိုဒီလောက်ဘဲ ပေးထားတာ ဒါနဲ့ဘဲ တန်အောင်လုပ်ပေးမယ် ဆိုတာထက် ကိုယ်လုပ်နေတဲ့ အလုပ်ကို (ဘယ်လောက်ဘဲ သေးနှုတ်ပါစေ) စေတနာလေးထားပြီး ဂရုတစိုက် စိတ်နှစ်ပြီး လုပ်ပေးလိုက်ပါ ငယ်လေးရယ် ။
    ကြိုးစားတဲ့သူအတွက် ကြိုးစားမှုကြောင့်ရတဲ့ အောင်မြင်မှုရဲ့ အသီးအပွင့်တွေကို ချိုမြိန်စွာ ခံစားရလေ့ရှိပါတယ်လို့ တရှည်တလျှားရှင်းပြခဲ့ရသေးတယ် ။
    အစ်မ လေးလေးနက်နက် ပြောချင်တာက ကိုယ့်တက်လမ်းကိုတော့ ကိုယ်တိုင် မပိတ်ကြပါနဲ့ ငယ်လေးတို့ရယ်။။။
    —————————
    M-Media ပေးစာကဏ္ဍတွင် ဖော်ပြပေးစေလိုသူများ [email protected] သို့ စာမူများ ပေးပို့နိုင်ပါသည်။
  • အီဂျစ်စွန့်စား သွားလာသူတစ်ဦး တောင်ဝင်ရိုစွန်းသို့ ရောက်ရှိ
    အီဂျစ်စွန့်စား သွားလာသူတစ်ဦး တောင်ဝင်ရိုစွန်းသို့ ရောက်ရှိ
    ဇန်န၀ါရီ ၂၊ ၂၀၁၅
    M-Media
    10906313_820585304650608_6006340081951807018_n
    – ကမ္ဘာ့အမြင့်ဆုံး တောင် ၇ လုံးကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် အီဂျစ်နိုင်ငံမှ စွန့်စားသွားလာသူတစ်ဦးမှာ ယခုတစ်ပတ်အတွင်း တောင်ဝင်ရိုးစွန်းသို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်ဟု သိရသည်။
    အိုမာ ဆမ်ရာဟုခေါ်သည့် အဆိုပါ အီဂျစ်နိုင်ငံသားမှာ ကမ္ဘာ့ အအေးဆုံး၊ လေအထန်ဆုံးနှင့် အခြောက်သွေ့ဆုံး တောင်ဝင် ရိုးစွန်းကို ရောက်ရှိရန်အတွက် အန်တာတိကတိုက်တွင် ၁၁၁ ကီလိုမီတာ အကွာအဝေးကို ခက်ခဲစွာ ကျော်ဖြတ်ခဲ့ရသည်။
    ဂျာမနီ၊ ရုရှားနှင့် အိန္ဒိယနိုင်ငံတို့မှာ အဖွဲ့ဝင် ၁၁ ဦးပါသည့် ဆမ်ရာတို့အဖွဲ့မှာ နေ့စဉ် ၉ နာရီခန့် နှင်းလျှောစီးကာ ခရီးသွားခဲ့ရပြီး ရာသီဥတုအခြေအနေကိုလိုက်၍ တစ်နေ့လျှင် ၁၄ ကီလိုမီတာမှ ၁၆ ကီလိုမီတာအထိ ခရီးတွင်ခဲ့ဟု ဆိုသည်။
    ဆမ်ရာမှာ တောင်ဝင်ရိုးစွန်းသို့ ပြီးခဲ့သည့် တနင်္လာနေ့က ရောက်ရှိခဲ့ခြင်းဖြစ်ပြီး တစ်ရက်အကြာ အင်္ဂါနေ့တွင် ၎င်း၏ အောင်မြင်မှုကို ဆိုရှယ်မီဒီယာများ၌ ရေးသားဖော်ပြခဲ့သည်။
    `နှစ်သစ်ရောက်ဖို့ နီးကပ်နေတဲ့အချိန်မှာ ရရှိခဲ့တဲ့ ဒီအောင်မြင်မှုနဲ့အတူ ၂၀၁၅ ခုနှစ်ဟာ အီဂျစ်နိုင်ငံနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်ကြတဲ့ လူတိုင်းအတွက် ကောင်းမွန်တဲ့ နှစ်တစ်နှစ် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်´ ဟု ဆမ်ရာက ၎င်း၏ အောင်မြင်မှုကို ဖွင့်ဟခဲ့သည်။
    ထို့ပြင် ၎င်းအနေဖြင့် အစာအိမ်ရောဂါပြင် အချို့သောအခက်အခဲများကို ကြုံတွေ့ခဲ့ရသော်လည်း မိမိ၏ သက်လုံကို ထိန်းကာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
    တိုက်ကြီး ၇ တိုက်မှ ကမ္ဘာ့အမြင့်ဆုံး တောင် ၇ လုံးကို တက်ရောက်နိုင်ခဲ့သည့် ဆမ်ရာမှာ `စွန့်စားသွားလာမှု ဂရင်စလင်းပြိုင်ပွဲ´ အား အောင်မြင်ရန် အတွက် လက်ရှိတွင် မြောက်ဝင်ရိုးစွန်းကိုသာ သွားရောက်ရန် ကျန်ရှိနေပြီး ၎င်းကလည်း ၂၀၁၅ ခုနှစ် ဧပြီလတွင် မြောက်ဝင်ရိုစွန်းသို့ သွားရောက်မည်ဟု ပြောကြားခဲ့သည်။
    10906102_820585324650606_2313581754703299524_n
    ယခုနှစ်မှာ အာရပ်စွန့်စားသွားလာသူများ အောင်မြင်သည့် နှစ်တစ်နှစ်ဖြစ်ပြီး ပြီခဲ့သည့်မေလကလည်း ဆော်ဒီအာရေဗျမှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ရာဟာမိုဟာရက်မှာ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ကို တက်ရောက်နိုင်ခဲ့သည်။
    ထိုသို့ တက်ရောက်နိုင်ခဲ့ခြင်းကြောင့် မိုဟာရက်မှာ ဧ၀ရက်တောင်ထိပ်ကို ရောက်ရှိသည့်ဆော်ဒီအာရေဗျ၏ ပထမဆုံးအမျိုးသမီး ဖြစ်လာခဲ့ပြီး အာရပ်များထဲမှ အသက်အငယ်ဆုံး ဧ၀ရက်တောင်ရောက် အမျိုးသမီးလည်း ဖြစ်သည်။
    Source : alarabiya
    ပုံ ၁ – တောင်ဝင်ရိုးစွန်းသို့ ရောက်ခဲ့သည့် အိုမာဆမ်ရာ
    ပုံ ၂ – ဧ၀ရက်တောင်ကိုတက်ခဲ့သူ ဆော်ဒီအာရေဗျမှ ရာဟာ မိုဟာရက်