News @ M-Media

Author: M-Media

  • မီဒီယာရဲ့ တဖက်စောင်းနင်းဖော်ပြမှုက ကနေဒါပါမောက္ခအား အစ္စလာမ်သို့ ဦးတည်စေခဲ့

    မီဒီယာရဲ့ တဖက်စောင်းနင်းဖော်ပြမှုက ကနေဒါပါမောက္ခအား အစ္စလာမ်သို့ ဦးတည်စေခဲ့

    ကိုင်ရို- မွတ်စလင်တွေနဲ့ အစ္စလာမ်ဘာသာတရားကို မီဒီယာတွေရဲ့ အပျက်သဘောဆောင်တဲ့ဖေါ်ပြချက်တွေက ကနေဒါနိုင်ငံသား ပါမောက္ခတစ်ယောက်ကို အစ္စလာမ်နှင့်ကုရ်အာန်ကျမ်းတော်မြတ်ကို လေ့လာရန် စေ့စော်ခဲ့ပြီး အစ္စလာမ်အယူဝါဒကို သက်ဝင်ယုံကြည်သူအဖြစ် ဦးတည်စေခဲ့သည်။

    “ဆော်ဒီအာရေးဗီးယားကိုရောက်တော့မှ အနောက်တိုင်းမီဒီယာတွေဟာ အစ္စလာမ်ဘာသာတရားကို ပြင်းထန်ပြီး အကြမ်းဖက် အယူဝါဒအဖြစ် ဘယ်လောက်တောင် မှားယွင်းဖေါ်ပြနေတယ်ဆိုတာကို ကျွန်တော် သိလိုက်ရတယ်။” ဟု အဗ်ဒွလ်အဇစ် တက္ကသိုလ်ရဲ့ အင်္ဂလိပ်ဘာသာစကား ပါမောက္ခဖြစ်တဲ့ ကနေဒါနိုင်ငံသား ဒေးဗစ် ရိုင် ၀ိုးကီး က အာရပ်နယူး သတင်းစာကို မတ်လ ၃၀ ရက်နေ့က ပြောကြားခဲ့သည်။

    “တကယ်တော့ အစ္စလာမ်ဘာသာဟာ ငြိမ်းချမ်းရေးနဲ့၊ ကမ္ဘာ့ညီရင်းအစ်ကို ၀ါဒဖြစ်ပါတယ်။”

    ၀ိုးကီ သည် ကမ္ဘာ့မွတ်စလင်လူငယ်များအစည်းအရုံး ရဲ့ ဌာနချုပ်မှာ ဗုဒ္ဓဟူးနေ့က ရှဟာဒတ်ပေးခဲ့ပြီး သူ၏အမည်ကိုလည်း ဒါဝူးဒ် အဖြစ် ပြောင်းလဲခဲ့သည်။

    အစ္စလာမ် နှင့် ခရစ်ယာန် ဘာသာနှစ်ခုကို နိုင်းယှဉ်လေ့လာပြီးတဲ့နောက် အစ္စလာမ်ဘာသာသို့ပြောင်းရန် သူ့ကို ဦးတည်စေခဲ့သည်ဟု ဆိုသည်။

    “ကျွန်တော် ဆော်ဒီကိုရောက်တဲ့အခါ အနောက်တိုင်းက မမှန်မကန် ပြောဆိုနေတာတွေနဲ့ စစ်မှန်တဲ့အစ္စလာမ် ဘာသာတရားဟာ အများကြီးကွဲပြားနေတယ်ဆိုတာကို သတိပြုမိခဲ့ပါတယ်။”

    “ဒါကြောင့် ဒီအယူဝါဒကို စေ့စေ့ပေါက်ပေါက်လေ့လာဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ အစ္စလာမ်နဲ့ ပက်သက်ပြီး အများကြီးလေ့လာပြီးတဲ့နောက်မှာတော့ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ကျွန်တော့်ကို ဖြောင့်မတ်မှန်ကန်တဲ့လမ်းဆီ ညွှန်ပြခဲ့ပါတယ်။ ဒါကြောင့်လည်း အစ္စလာမ်ဘာသာကို လက်ခံဖို့ ဆုံးဖြတ်ခဲ့တာပါ။” ဟု သူကဆိုသည်။

    အနောက်တိုင်းမီဒီယာများက မွတ်စလင်များကို ကြမ်းတမ်းသူများအဖြစ် မကြာခဏဖေါ်ပြကြလေသည်။

    မီဒီယာတွေနဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေဟာ မွတ်စလင်တွေကို ခက်ထန်သူ၊ အန္တရာယ်ရှိသူ၊ ခြိမ်းခြောက်က်တတ်သူများအဖြစ် ဖော်ပြကာ အစ္စလာမ်အပေါ် အခြေအမြစ်မရှိစွပ်စွဲမှုတွေ၊ မလိုမုန်းထားမှုတွေနဲ့ အစ္စလာမ်မိုဖိုးဘီးယား (အစ္စလာမ်ကိုကြောက်စိတ်) စတာတွေကို ဆက်လက်ပြန့်ပွားစေသည်ဟု ဗြိတိန် ၏ မကြာသေးခင်က လေ့လာထားချက်တွင် ဖေါ်ပြထားလေသည်။

    အလ္လာဟ်အရှင်မြတ်နှင့် လူသား ဆက်သွယ်မှု။

    သူ့ရဲ့ နက်နက်ရှိုင်းရှိုင်းလေ့လာမှုက အစ္စလာမ်ဘာသာကို လက်ခံရန် ဦးတည်စေခဲ့သည်ဟု သူက ဆိုသည်။

    “ကျွန်တော့ရဲ့ မွတ်စလင်သူငယ်ချင်းတော်တော်များများက အစ္စလာမ်ကို လက်ခံဖို့ တိုက်တွန်းကြပါတယ်။”

    “တခါကဆို ပီဇာအရောင်းစာရေးတယောက်က ကျွန်တော့ကို မကြာခင် မွတ်စလင်ဖြစ်လာဖို့ သူဆန္ဒရှိတယ်လို့ ဆိုတယ်ဗျ။” ဟု သူကပြောသည်။

    အစ္စလာမ်ဆီ ပြန်လှည့်အပြီးမှာ အလ္လာအရှင်မြတ်နှင့်ဆက်သွယ်မှုကို ပိုပြီး ခိုင်မာချင်သည်ဟု ဆိုသည်။

    “ဘာသာတရားဆိုတာ လူတွေဖန်တီးထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး ယုံကြည်မှုဆိုတာကတော့ အလ္လာဟ်အရှင်မြတ်နဲ့ လူသားတွေရဲ့ ကြားထဲက ဆက်သွယ်မှုပဲ။”

    “ကိုယ်တိုင် အလ္လာဟ်အရှင်မြတ်နဲ့ ဆက်သွယ်ပြီးပဲ ကျွန်တော့်ရဲ့အချိန်တွေကို ကုန်ဆုံးချင်ပါတယ်။ အခြားလူတွေရဲ့ဆက်သွယ်မှုနဲ့ ပက်သက်ပြီး ကျွန်တော် အလုပ်ရှုပ်မခံချင်ပါဘူး။” ဟု အာရပ်နယူး သို့ သူကဖွင့်ဟခဲ့သည်။

    ဒါဝူးဒ်၏ အစ္စလာမ်ကို လက်ခံမှုသတင်းက ဆော်ဒီနိုင်ငံသားအမြောက်အများကို ပီတိဖြစ်စေခဲ့သည်။

    “ထောင်ပေါင်းများစွာသော လူတွေဟာ အယူဝါဒအမျိုးမျိုးကို ယုံကြည်ကြတယ်ဗျ။ ဒါပေမယ့် ၀ိုးကီး လို ပညာတတ် အမျိုးသားတွေ၊ အမျိုးသမီးတွေကတော့ နှစ်စဉ်နှစ်တိုင်း အစ္စလာမ်ကို သက်ဝင်လာကြတာပဲ။”

    “စာအုပ်ဆိုင်တိုင်းမှာ အင်္ဂလိပ်ဘာသာပြန် ကုရ်အာန်တွေ၊ အစ္စလာမ်နဲ့ ပါတ်သက်တဲ့ စာအုပ်စာတမ်းတွေ အများကြီးရှိနေတယ်။ ၀ိုးကီး လို ရိုးသားတဲ့လူတွေကို အစ္စလာမ်က ဘ၀င်ကျစေမှာ အသေအချာပါပဲ။” ဟု ကမ္ဘာ့မွတ်စလင်လူငယ်များအစည်းအရုံး၏ လက်ထောက် အတွင်းရေးမှူး ဒေါက်တာ မိုဟာမက် ဘာဒါဒါ က ပြောသည်။

    source: http://www.onislam.net/english/news/global/456433-media-bias-leads-canadian-professor-to-islam.html

    ဘာသာပြန်-ဝေဇင်

  • အလယ်အလတ်ကျသော ထိပ်တန်းမွတ်စလင်မ် ပညာရှင် (၅)ဦး ဗီဇာပိတ်ရန် ပြင်သစ်ထပ်မံကြိုးပမ်း

    အလယ်အလတ်ကျသော ထိပ်တန်းမွတ်စလင်မ် ပညာရှင် (၅)ဦး ဗီဇာပိတ်ရန် ပြင်သစ်ထပ်မံကြိုးပမ်း


    ဆာကိုဇီအစိုးရသည်  ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်ဓမ္မသတ်ပညာရှင်ဟု တစ်ကမ္ဘာလုံးကအသိအမှတ်ပြုထားသော အလယ်အလတ်ကျသူ နိုင်ငံတကာ အစ္စလာမ့်ပညာရှင်များ သမဂ္ဂ ဥက္ကဌ၊ ဥရောပ အစ္စလာမ့်ဓမ္မသတ် ကောင်စီဥက္ကဌနှင့် အော့စဖို့ဒ်တက္ကသိုလ် အစ္စလာမ့်လေ့လာရေး စင်တာအကြီးအကဲ အလ်အဇ်ဟရ်ပညာရှင် ဒေါက်တာရှိခ် ယူစွဖ်အလ်ကဒွာဝီကို ပြင်သစ်နိုင်ငံတွင် ကျင်းပမည့် အစ္စလာမ့် အစည်းအဝေးကြီးသို့ လာရောက်ခြင်းမှ ပိတ်ပင်ရန် ကြိုးပမ်းအပြီးတွင် နောက်ထပ် ပညာရှင်များကိုလည်း ထပ်မံပိတ်ပင်ရန် ကြိုးစားလျက်ရှိသည်။ နောက်ဆက်တွဲအနေဖြင့် နာမည်ကျော်ပညာရှင်များဖြစ်သော ဆော်ဒီနိုင်ငံမှ ရှိခ်Ayed Bin Abdallah al-Qarni နှင့် ရှိခ်Abdallah Basfar ၊ အီဂျစ်မှ အစ္စလာမ့်ပညာရှင်Safwat al-Hijazi နှင့် အရင် ဂျေရုစလင် မုဖ်သီဟောင်း Akrama Sabri တို့ကိုလည်း ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါသည်။

    ထို့အပြင် ပြင်သစ်နိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ်သမဂ္ဂက အဆိုပါ အစည်းအဝေးသို့ ဆွစ်မှ အစဉ်အလာကြီးသော ပညာရှင် Tariq Ramadan အား ဖိတ်ကြားထားခြင်းနှင့် ပတ်သက်ပြီးလည်း အလိုမကျဖြစ်နေပြန်သည်။ သို့သော်လည်း ဆွစ်ဇလန်မှာ ဥရောပ ဗီဇာကင်းမဲ့ဇုံမှာ ပါနေသောကြောင့် ပြင်သစ်အစိုးရအနေနှင့် သူ့ကိုမတားနိုင် ဖြစ်နေပေသည်။ Tariq Ramadan မှာ အစွန်းရောက်မှုနှင့် အကြမ်းဖက်မှုများကို ဆန့်ကျင်တားမြစ်ပြီး ဥရောပ မွတ်စလင်မ်လောကမှာ ဦးဆောင်လှုပ်ရှားနေသူ အစ္စလာမ့်အတွေးအခေါ် ပညာရှင်တစ်ဦးဖြစ်သည်။ အစ္စလာမ့်နှင့်ပတ်သက်ပြီး စာအုပ်ပေါင်း ၂၀နှင့် ဆောင်းပါးပေါင်း ၇၀၀ခန့်ကို ရေးသားခဲ့ပြီး သူ့၏ ဥရောပအစ္စလာ့မ်ရေးရာ လှုပ်၇ှားမှုများအတွက် Time မဂ္ဂဇင်းမှ ၂၁ရာစု၏ အတွေးအခေါ်ပိုင်းဆိုင်ရာ နည်းလမ်းသစ် ရှာဖွေသူတစ်ဦးအဖြစ် မှတ်တမ်းတင် ဖော်ပြခြင်းခံထားရသူလည်း ဖြစ်သည်။ ၂၀၀၃ခုနှစ်က အမေရိကန်၏ အီရတ်ကျုးကျော်စစ်ကို ဆန့်ကျင်လှုပ်ရှားသူ အနေဖြင့်လည်း နာမည်ကျော်ကြားလေသည်။ သူ၏ အဘိုးမှာ ယနေ့ကမ္ဘာကျော်နေသော် အီဂျစ်မှ မွတ်စလင်မ် ညီအစ်ကိုတော်များအဖွဲ့ကို စတင်တည်ထောင်ခဲ့သူတို့အနက် တစ်ဦးဖြစ်ပြီး ထိုလှုပ်ရှားမှုအတွက် ကြိုးပေးခံရသူတို့အနက်မှ တစ်ဦးဖြစ်သည်။

    ကိုး- The Global Mufti ( အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်မှ ရိုက်နှိပ်ထုတ်ဝေသော ရှိခ်အလ်ကဒွာဝီ၏  Biography), OnIslam.net, Wikipedia

  • ကိုဖီအာနန် ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက် ဆီးရီးယား လက်ခံပြီ

    ကိုဖီအာနန် ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက် ဆီးရီးယား လက်ခံပြီ

    ဒမက်စကတ် အစိုးရက ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ် သံတမန် ကိုဖီအာနန် ရဲ့ ဆီးရီးယား ပဋိပက္ခအဆုံးသတ်ရေး အဆိုပြုချက် ခြောက်ချက်ကို လက်ခံလိုက်ပြီလို့ ကိုဖီအာနန်ရဲ့ ပြောရေးဆိုခွင့် ရှိသူ က အင်္ဂါနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

    “ကုလသမဂ္ဂကလက်ခံသဘောတူထားတဲ့ ကိုဖီအာနန်ရဲ့ အဆိုပြုချက်ကို လက်ခံကြောင်း ဆီးရီးယားအစိုးရက အထူးသံတမန် ကိုဖီအာနန် ဆီကို စာရေးအကြောင်းကြားခဲ့ပါတယ်” လို့ပြောရေးဆိုခွင့် ရှိသူ Ahmad Fawzi က ကြေငြာချက်ထဲမှာ ဖော်ပြပါသည်။

    “ဒီလက်ခံမှု့ဟာ အရေးကြီးတဲ့ ကနဦးခြေလှမ်းလို့ မစ္စတာအာနန်က မှတ်ယူပါသည်။ ဒီအဆိုပြုချက်ကိုလက်ခံ လိုက်တာဟာ သွေးထွက်သံယိုသက်ဖြတ်မှု့တွေကို အဆုံးသတ်နိုင်ဖို့၊ ဒုက္ခသည်တွေကို အကူအညီတွေပေးနိုင် ဖို့၊ ဆီးရီးယား ပြည်သူတွေရဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲကို စတင်နိုင်မယ့် အခြေအနေတစ်ရပ် ဖန်တီး ပေးနိုင်ဖို့ အတွက် ကနဦးခြေလှမ်းဖြစ်ပါတယ်။” လို့ သူက ဆက်ပြောပါတယ်။

     

    မစ္စတာ အာနန်က ဆီးရီးယားသမ္မတ အာဆက်ထံ ဒီသဘောတူညီမှု့ကို ချက်ချင်း အကောင်အထည်ဖော်ဖို့ စာရေးသားပေးပို့ထားတယ်လို့ သိရပါသည်။

    အာနန်ရဲ့ တောင်းဆိုချက်တွေထဲမှာ ကုလသမဂ္ဂက ဦးဆောင် ပြီး အကြမ်းဖက်မှု့တွေ ရပ်ဆိုင်းဖို့၊ အစိုးရရဲ့ တပ်တွေ လက်နက်ကြီးတွေကို ဆန္ဒပြ မြို့တွေကနေရုပ်သိမ်းဖို့၊ လူသားခြင်းစာနာတဲ့အကူအညီတွေပေးဖို့ တစ်နေ့ကို နှစ်နာရီ အပစ်အခတ် ရပ်နားဖို့ ၊ တိုက်ခိုက်မှု့တွေဖြစ်ပွားနေတဲ့ နေရာအားလုံးကို သွားလာခွင့် ပြုဖို့ အချက်တွေပါဝင်ပါသည်။

    ပြီးခဲ့တဲ့နှစ်တွေက ဆန္ဒပြမှု့တွေကြောင့် အဖမ်းဆီးခံထားရသူတွေကို လည်း ပြန်လွှတ်ပေးဖို့ အာနန်က တိုက်တွန်းထားပါတယ်။ ဒီဆန္ဒပြပွဲတွေမှာ အသတ်ခံရသူပေါင်း ၉၁၀၀ ကျော်ရှိမယ်လို့ စောင့်ကြည့်လေ့လာ သူတွေက ခန့်မှန်းပါသည်။

    အခု ငြိမ်းချမ်းရေးအဆိုပြုချက်တွေကို အကောင်အထည်ဖော် ဖို့ဟာ ဆီးရီးယားပြည်သူတွေအတွက်ရော၊ အစိုးရအတွက်ရော နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက်ပါ အရေးကြီးတဲ့ လုပ်ဆောင်ချက်ဖြစ်တယ် လို့ မစ္စတာအာနန်က ပြောကြောင်း Fawzi က ပြောကြားပါသည်။

    Source : http://www.nowlebanon.com/NewsArticleDetails.aspx?ID=380582#ixzz1qO…

    Translated by LMH

  • လူ ၁၀ယောက်မက သေဆုံးခဲ့ရတဲ့ လစ်ဗျားက လူမျိုးစုအဓိကရုဏ်း

    လူ ၁၀ယောက်မက သေဆုံးခဲ့ရတဲ့ လစ်ဗျားက လူမျိုးစုအဓိကရုဏ်း

    February 24, 2012 က Tripoli Medical Centre မှာ ဆေးကုသမှုခံယူနေတဲ့ လစ်ဗျားလူမျိုးတစ်ယောက်

    “Toubu မြို့က လူမျိုးစုတွေနဲ့ လစ်ဗျားတောင်ဘက်မြို့လေးဖြစ်တဲ့ Sabha မြို့က လူမျိုးစုတွေကြားမှာ တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပြဿနာ တိုက်ခိုက်မှုကြောင့် အဲ့ဒီ့မြို့ရှိလူ ၁၀ယောက် သေဆုံးသွားပါတယ်” ဟု တောင်ပိုင်းနယ်မြေဒေသ လုံခြုံရေးတာဝန်ခံ Fezzan, Abdelrahman Seif al-Nasr က AFP ကိုပြောကြားသွားပါတယ်။
    “ဒီနေ့(တနင်္လာနေ့)မှာလည်း လူ၁၀ယောက်မက အသတ်ခံရပါသေးတယ်” လို့ သူကထပ်မံပြောကြားခဲ့ပါတယ်။
    တစ်ခါ ဒီလိုတိုက်ခိုက်ခဲ့မှုကြောင့် မြို့လယ်ကနေရာအချို့ ပျက်စီးသွားရတဲ့အပြင် လူပေါင်း ၁၅ ယောက်ကနေ အယောက် ၂၀ ခန့် သေဆုံးသွားကြတယ်လို့  သူပုန်အဖွဲ့ဝင်ဟောင်း တစ်ဦးက ပြောကြားခဲ့ပါတယ်။

    Toubu က သိမ်းပိုက်ထားတဲ့ စစ်ရေးအဆောင်အအုံတွေကို ပြန်ပြီး သိမ်းပိုက်လာနိုင်တယ်။ တိုက်ခိုက်မှု့တွေကတော့ ဆက်ဖြစ်နေပြီး ပိုပြီးတောင် ဆိုးရွားလာပါတယ် လို့ သူပုန်အဖွဲ့ဝင်ဟောင်း Ali al-Dhib က ပြောပါတယ်။

    ဒေသအာဏာပိုင်တွေကို လွဲအပ်ဖို့ Toubu က ငြင်းဆန်နေတဲ့အတွက် တိုက်ခိုက်မှု့တွေ ဖြစ်လာတာလို့ သူက ထပ်ပြောပါတယ်။ ဒီအာဏာပိုင်တွေထဲက တစ်ယောက်ဟာ Bussif လူမျိုးစုဝင်တစ်ယောက်ကို သတ်ဖြတ်ခဲ့ကြောင်းလည်း စွပ်စွဲ ထားပါသေးတယ်။

    ၂၀၁၂ ဖေဖော်ဝါရီထဲကဖြစ်နေတဲ့ ကုဖ်ရာက ဆာဟာရ အိုအေစစ်မှာ ဖြစ်ပွါးခဲ့တဲ့ Zwai မျိုးနွယ်တွေနဲ့ တိုက်ခိုက်မှုမှာလည်း Toubu မျိုးနွယ်ဝင်တွေ သေကြေခဲ့ပါတယ်။

    အာဖရိကနိုင်ငံ က မျိုးနွယ်ဝင် လူမျိုး၂စုကြားက အဓိကရုဏ်းကြောင့် လူပေါင်းများစွာရဲ့ အသက်တွေ သေကြေပျက်စီးမှုတွေ ဖြစ်နေခဲ့ပါတယ်။

    http://www.presstv.ir/detail/233287.html

    Translated by Noble

  • အလယ်အလတ် မွတ်စလင်မ်ပညာရှင် အလ်ကွာရာဒါဝီအား အစွန်းရောက်ဟု စွတ်စွဲပြီး ပြည်ဝင်ခွင့်မရအောင် ပြင်သစ်နိုင်ငံမှ လုပ်ဆောင်

    အလယ်အလတ် မွတ်စလင်မ်ပညာရှင် အလ်ကွာရာဒါဝီအား အစွန်းရောက်ဟု စွတ်စွဲပြီး ပြည်ဝင်ခွင့်မရအောင် ပြင်သစ်နိုင်ငံမှ လုပ်ဆောင်

    ပြင်သစ်နိုင်ငံ ပဲရစ် မြို့တွင်  နောက်လမှာကျင်းပမယ့်  အဓိကကျတဲ့အစ္စလာမ်မစ်ကွန်ဖရင့်ကို တက်ရောက်မယ့် နာမည်ကျော် မွတ်စလင်ပညာရှင်ဖြစ်တစ်ဦးဖြစ်တဲ့ ရှိတ်ယူစွဖ် အလ်ကွာရာဒါဝီကို ဥရောပ၀င်ရောက်ခွင့် ပိတ်ပင်ဖို့အတွက် ပြင်သစ်က စီစဉ်နေပါတယ်။

    “ရှင်းရှင်းပြောရရင် ဒီကွန်ဖရင့်ကို တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ ဒီလိုလူမျိုးကို ပြင်သစ်မြေကနေ မကြိုဆိုပါဘူး။” လို့ ပြင်သစ်သမ္မတ ဆာကိုဇီက ပြင်သစ်အင်ဖို ရေဒီယိုကို ပြောကြားခဲ့ပါတယ်။ ကွာရာဒါဝီဟာ နိုင်ငံတကာမွတ်စလင်မ် ပညာရှင်များ ယူနီယံ(IUMS)ရဲ့ ဥက္ကဌဖြစ်ပြီး၊ ပြင်သစ်ကို လာရောက်လည်ပတ်ဖို့တွက် ပြင်သစ်အစ္စလာမ် အဖွဲ့အစည်း (UOIF) ရဲ့ ဖိတ်ကြားခြင်း ခံထားရတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။

    ဒါပေမယ် ဆာကိုဇီကတော့ ကာတာနိုင်ငံမှာ အခြေစိုက်နေထိုင်တဲ့ ကွာရာဒါဝီကို တိုင်းပြည်ထဲဝင်ခွင့်ပြုမှာမဟုတ်ဘူးလို့ဆိုပါတယ်။ “ဒီလူကို ပြစ်သစ်သမ္မတနိုင်ငံက ကြိုဆိုမှာမဟုတ်ဘူးဆိုတာကို ကာတာနိုင်ငံကိုလည်း သိစေလိုပါတယ်” ဟုဆာကိုဇီက ပြောပါတယ်။

    ဆာကိုဇီက ဆန်းသစ်တဲ့(အစွန်းရောက်တဲ့)အမြင်တွေကို အားပေးနေတယ်လို့ ဆိုတဲ့ အဲဒီတရားဟောဆရာကို နိုင်ငံတွင်းဝင်ရောက်ဖို့ တားမြစ်တဲ့ ကြေညာချက်ထွက်လာပြီး နောက်တနေ့မှာပဲ ပြင်သစ်နိုင်ငံ တူးလော့မြို့မှာ အလ်ကိုင်ဒါးအဖွဲ့ဝင် သေနတ်သမား တယောက်ရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတခု ဖြစ်ခဲ့ပါတယ်။ ဆာကိုဇီရဲ့ အနီးကပ်အကြံပေးဖြစ်တဲ့ ဟင်နရီ ဂွာအီနို ကတော့ “သူလာမှာမဟုတ်ပါဘူး။ ပြင်သစ်အစိုးရဟာ ကွာရာဒါဝီ ၀င်ရောက်ခွင့်ကို ဟန့်တားဖို့အတွက် အစီအစဉ်တွေချမှတ်လိမ့်မယ်” လို့ စောစောပိုင်းက ပြောကြားထားပါတယ်။

     “ဒီပုဂ္ဂိုလ်ဟာ သံတမန် ပတ်စပို့ကိုင်ထားတဲ့အတွက် ဗီဇာမလိုပါဘူး။ ဒါပေမယ့် ပြစ်သစ်ကိုဝင်ရောက်တာကို တားမြစ်ဖို့အတွက် အစီအစဉ်တွေကိုတော့ လုပ်နိုင်ပါလိမ့်မယ်။” လို့ ပြင်သစ် ရေဒီယို ဂျေ ကို ပြောကြားခဲ့ပါတယ်။

    “ပြင်သစ်အစိုးရက အစွန်းရောက်တဲ့ ဘယ်လို တရားဟောဆရာမျိုးကိုမှ နိုင်ငံထဲ ပေးမ၀င်ပါဘူး။”

    ကမ္ဘာပေါ်မှာ သြဇာအလွှမ်းမိုးဆုံး မွတ်စလင်ပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ကွာရာဒါဝီ ဟာ သူရဲ့ အလယ်အလတ်ရှိတဲ့ အမြင်တွေကြောင့် လူသိများပြီး ကမ္ဘာတ၀ှမ်းလုံးကလည်း လေးစားကြပါတယ်။

    ကွာရာဒါဝီ ဥရောပ ဖသ်ဝါနှင့် သုသေသနကောင်စီရဲ့ ဥက္ကဌတယောက်လည်းဖြစ်ပြီး၊ အောက်စဖို့ဒ် တက္ကသိုလ် အစ္စလာမ့် လေ့လာရေးစင်တာရဲ့ အကြီးအကဲ တစ်ယောက်လည်းဖြစ်ပါတယ်။

    သူဟာ စာအုပ်ပေါင်း တစ်ဒါဇင်လောက်ကိုလည်း ရေးသားထုတ်ဝေခဲ့ပြီး၊ အစ္စလာမ့်ဥပဒေနှင့် တားမြစ်ချက်များ (The Lawful and the Prohibited in Islam) စာအုပ်ကတော့ အကျော်ကြားဆုံးဖြစ်ပါတယ်။

    ၉/၁၁ တိုက်ခိုက်မှု၊ မက်ဒရစ်နဲ့ လန်ဒန် တိုက်ခိုက်မှုအပါအ၀င် အနောက်နိုင်ငံများအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုများ၊ အဲဒီလိုပဲ နိုင်ငံခြားခရီးသွားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီ ဗုံးဖေါက်ခွဲမှု စတဲ့  အစွန်းရောက်တိုက်ခိုက်မှုအားလုံးကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။

    အဲလ်ဂျီးရီးယား မြို့တော်အတွင်း ကုလသမ္မဂ္ဂ ရုံးခွဲကို တိုက်ခိုက်တာအပါအ၀င် အာရဗ်နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ပက်သက်ပြီးလည်း ပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ယခင် လန်ဒန်မြို့တော်ဝန်ဟောင်းဖြစ်တဲ့ ကင်လစ်ဗင်စတုန်း ကတော့ ကွာဒါရာဝီကို “ပြောင်းလဲတိုးတက်လာတဲ့ မွတ်စလင် တွေရဲ့ခေါင်းဆောင်” တစ်ယောက်အဖြစ်သတ်မှတ်ပြီး၊ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဂျွန် ၂၃ နဲ့ နိုင်းယှဉ် ပြောဆိုခဲ့ပါတယ်။ ကွာဒါရာဝီရဲ့ ယုံကြည်စိတ်ချရတဲ့ ဒီမိုကရေစီကို ထောက်ခံအားပေးမှု၊ အစ္စလာမ်နဲ့ အနောက်နိုင်ငံများအကြားမှာရှိတဲ့ လစ်ဟာမှုများကို ပေါင်းကူးပေးနိုင်မယ့် စွမ်းအားနဲ့ ပက်သက်ပြီးတော့လည်း ချီးကျူးပြောဆိုခဲ့ပါတယ်။

     

    Ref:http://www.onislam.net/english/news/europe/456372-france-to-bar-qaradawi.html

     

    Translated by Wai Zin