News @ M-Media

Author: M-Media

  • ရေနံသိုလှောင်ကန် ဖျက်ဆီးမှု လက်ဘနွန်အား လျော်ကြေး ဒေါ်လာ သန်း ၈၅၀   အစ္စရေး ပေးရန် ကုလ ဆုံးဖြတ်

    ရေနံသိုလှောင်ကန် ဖျက်ဆီးမှု လက်ဘနွန်အား လျော်ကြေး ဒေါ်လာ သန်း ၈၅၀ အစ္စရေး ပေးရန် ကုလ ဆုံးဖြတ်

    ဒီဇင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    _79858714_79858713

    – ၂၀၀၆ ခုနှစ်တွင် ဟစ်ဇဘိုလာအား အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုအတွင်း လက်ဘနွန်ပိုင် ရေနံသိုလှောင်ကန် ပျက်ဆီးမှုအတွက် လျော်ကြေး ကန်ဒေါ်လာ သန်း ၈၅၀ ကျော် ပေးဆောင်ရန် တောင်းဆိုထားသည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့သည်ဟု သိရသည်။

    အဆိုပါ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၁၉ ရက်နေ့နှောင်းပိုင်းက အတည်ပြုခဲ့ခြင်းဖြစ်ပြီး သိုလှောင်ကန် ပျက်ဆီးမှုမှ ယိုစိမ့်ထွက်ပေါ်လာသည့် ရေနံများမှာ လက်ဘနွန်ကမ်းရိုးတန်းနှင့် ဆီးရီးယား ကမ်းရိုးတန်းအထိ ပြန့်နှံ့ခဲ့ကာ ဆိုးရွားသည့် ရေထုညစ်ညမ်းမှုကို ဖြစ်စေခဲ့သည်ဟု ဖော်ပြထားသည်။

    ထိုအဖြစ်အပျက်အတွက် နစ်နာကြေးပေးရန် ကုလက အစ္စရေးအား ယခင်ကတည်းက တောင်းဆိုခဲ့ပြီး ယခု ပထမဆုံးအကြိမ်အဖြစ် လျော်ကြေး ပမာဏအတိအကျကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ထိုဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၇၀ က ထောက်ခံမဲပေးခဲ့ပြီး အစ္စရေး၊ အမေရိကန်၊ ကနေဒါ၊ မိုက်ခရိုနီးရှားနှင့် မာရှယ်ကျွန်းတို့က ကန့်ကွက်ခဲ့ကြသည်။

    အစ္စရေးမှာ ပါလက်စတိုင်းအပါအ၀င် ပတ်ဝန်းကျင်ရှိ အာရပ်နိုင်ငံများအား အကြောင်းအမျိုးမျိုးပြကာ ကျူးကျော်တိုက်ခိုက်မှုများရှိပြီး အများပြည်သူနှင့် သက်ဆိုင်သောနေရာများ အများဆုံးပျက်ဆီးခဲ့ရသည်။

    AP

  • အစ္စလာမ်သာသနာရေးရာကောင်စီ နှစ်(၆၀) ပြည့် နှင့် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့် အခမ်းအနား ပြုလုပ်မည်။

    အစ္စလာမ်သာသနာရေးရာကောင်စီ နှစ်(၆၀) ပြည့် နှင့် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့် အခမ်းအနား ပြုလုပ်မည်။

    ဒီဇင်ဘာ ၂၀ ၊၂၀၁၄
    M-Media
    သီဟ
    IRAC
    အစ္စလာမ် သာသနာရေးရာကောင်စီ နှစ်(၆၀) ပြည့် နှင့် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့် အခမ်းအနား တရပ်ကို မနက်ဖြန် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ STRAND HOTEL ၌ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီအား (၁၉၅၄)ခုနှစ် ၊ ဒီဇင်ဘာလ(၅)ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ယခုနှစ် ၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် တွင် နှစ်(၆၀) ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

    အစ္စလာမ် သာသနာရေးရာကောင်စီ အတွင်းရေးမှူးချုပ် တာဝန်ကို ၁၉၅၆ ခုနှစ် မှ ၁၉၇၀ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သော ကွယ်လွန်သူ ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် (မြန်မာနိုင်ငံသမိုင်းကော်မရှင်)၏ မွေးနေ့မှာ ယခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ နှစ်(၁၀၀) ပြည့်မှာဖြစ်ပါတယ်။

    Image Credit – IRAC FB Page

    ဆက်စပ်သတင်းများဖတ်လိုလျှင်
    ===================
    အစ္စလာမ် သာသနာရေးရာ ကောင်စီ ပေါ်ပေါက်လာပုံ
    http://www.m-mediagroup.com/news/8671

    ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် အကြောင်းပိုစ်များ ဖတ်ရန်
    http://www.m-mediagroup.com/news/tag/bashin

  • ” စောင့်ကြသူများ” (ကဗျာ)

    ” စောင့်ကြသူများ” (ကဗျာ)

    ဒီဇင်ဘာ ၂၀၊ ၂၀၁၄
    M-Media
    .ရေးသူ-အိမ်ဝေးသူ(KZ)

    10425095_607026392736851_7121517094900951877_n

    ငါတို့စောင့်ခဲ့ကြတယ်
    မျှော်လင့်ချက်တို့ ပျောက်ရှခဲ့တဲ့အထိ။

    ငါတို့စောင့်ခဲ့ကြတယ်
    ယုံကြည်ချက်တို့ မှေးမှိန်ခဲ့တဲ့အထိ။

    ငါတို့စောင့်ခဲ့ကြတယ်
    လူမမည်ရှိုက်သံတို့ တိမ်ဝင်ခဲ့တဲ့အထိ။

    ငါတို့စောင့်ခဲ့ကြတယ်
    သမီးပျိုတို့ အခါမလင့်ခင် အပျိုရည်လွင့်ခဲ့တဲ့အထိ။

    ငါတို့စောင့်ခဲ့ကြတယ်
    အသိုက်အမြုံတို့ ကြေမွပျက်ဆီးခဲ့တဲ့အထိ။

    ငါတို့စောင့်ခဲ့ကြတယ်
    သက်ဝင်ယုံကြည်မှုတို့ ချနင်းခံခဲ့တဲ့အထိ။

    ငါတို့စောင့်ခဲ့ကြတယ်
    သူရဲကောင်းတို့သွေး မြေခခဲ့တဲ့အထိ။

    ငါတို့စောင့်ခဲ့ကြတယ်
    စောင့်ခဲ့ကြတာ…အနှစ် နှစ်ဆယ်ကျော်တဲ့အထိ။

    ငါတို့စောင့်နေကြစဲ
    ဖုန်းဆိုးမြေမှာ ဖြစ်တည်လာမယ့်
    ပန်းခင်းကြီးကို မျှော်မှန်းရင်း။

    ငါတို့စောင့်နေကြစဲ
    မုန်တိုင်းနောက်က တိုက်ခတ်လာမယ့်
    လေပြည်အေးကို တောင့်တရင်း။

    ငါတို့စောင့်နေကြစဲ
    အလင်းထဲမှာ (မှောင်မိုက်စွာ) နေထိုင်ရင်း
    အမှောင်ထဲမှာ (လင်းလက်စွာ) ရှင်သန်ရင်း
    ငါတို့တတွေ..
    စောင့်ရင်းနဲ့ စောင့်ခဲ့ကြတယ်။
    စောင့်လက်စနဲ့ စောင့်နေကြစဲ။

    ——————–
    အိမ်ဝေးသူ(KZ)
    ——————–

  • နည်းပညာတက္ကသိုလ် ပေါင်းကူးစာမေးပွဲ ကျောင်းသားများ ယုံကြည်မှုနည်း

    နည်းပညာတက္ကသိုလ် ပေါင်းကူးစာမေးပွဲ ကျောင်းသားများ ယုံကြည်မှုနည်း

    ဒီဇင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    သူရိန်
    10877585_10200197273810771_270441474_n
    နည်းပညာတက္ကသိုလ်များ၏ ပေါင်းကူးစာမေးပွဲများကို လာမည့်နှစ် ဇွန်လကုန်တွင် ကျင်းပပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာက ဒီဇင်ဘာလ၁၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှ တဆင့်ကြေညာလိုက်သည်။ ထိုသို့ ပေါင်းကူးနှစ်တွင် နစ်နာခဲ့သော ကျောင်းသားကျောင်းသူများ ပြန်လည် ပညာသင်ခွင့်ရရန် စာမေးပွဲကျင်းပပေးမှုကို အဆိုပါ ကျောင်းသားကျောင်းသူအချို့က အယုံအကြည် ကင်းမဲ့လျက်ရှိကြသည်။ သမာသမတ်ရှိမှု အားနည်းခြင်း ဗဟိုချုပ်ကိုင်မှုများရှိနေသည်ဟု ယူဆခြင်း ပွင့်လင်းမြင်သာမှု အားနည်းခြင်းများကြောင့် ကျောင်းသားများအကြား ယခုကဲ့သို့ သံသယစိတ်များ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်းသိရသည်။

    ဝင်ခွင့်ဖြေဆိုမည့် ကျောင်းသားများအနေဖြင့် သက်ဆိုင်ရာ ဘာသာအလိုက် ဖြေဆိုရမည့် scope များအားသင့်လျော်မျှတစွာ သတ်မှတ်ပေးရန်တောင်းဆို ထားကြပြီး အောင်စာရင်းမူဝါဒများကိုလည်းဝင်ခွင့်မဖြေဆိုမှီ အများပြည်သူသိရှိရန် ထုတ်ပြန်ပေးရန် မျှော်မှန်းထားကြသည်။ ဒါ့အပြင် ဝင်ခွင့်အောင်မြင် သူများကို ကျောင်းပြန်လည် တက်ရောက်ခွင့်ပေးရန် အတွက် ရာခိုင်နှုန်းဖြင့် သတ်မှတ် ခေါ်ယူခြင်းမျိုးကိုလည်း ကျောင်းသားများက မလိုလားကြပေ။ ကျောင်းသား အများစုက စာစစ်ဇုန်အလိုက်သာ အဖြေလွှာ စစ်ဆေးခြင်းနှင့် ဝင်ခွင့်အောင်စာရင်း ထုတ်ပြန်ပေးရန် လိုလားလျက်ရှိပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန အဆင့်ဆင့်က ဝင်ရောက်စွတ်ဖက်မှုများကို ပပျောက်စေလိုကြသည်။ ပြီးခဲ့သည့် နိုဝင်ဘာလလယ်က ထုတ်ပြန်ခဲ့သော နည်းပညာ တက္ကသိုလ်များ၏ အောင်စာရင်း ရလဒ်တွင် အောင်မြင်သူ ကျောင်းသား အများအပြားကို ရာခိုင်နှုန်းဖြင့် ဖြုတ်ချခဲ့ပြီး ကျောင်းသားအများစု နစ်နာခဲ့ရကြောင်းသိရသည်။

    ယခုနှစ် ၂၀၁၄ခုနှစ်တွင်လည်း ပေါင်းကူးစာမေးပွဲများကို ကျင်းပပေးခဲ့ပြီး အချို့သောကျောင်းများတွင် အောင်မြင်သူမရှိ အနေအထားဖြင့် အောင်စာရင်းများ ထုတ်ပြန်ခဲ့ရကြောင်းသိရှိရသည်။

  • လူမျိုးခွဲခြားသည့် Instagram မှတ်ချက်ကြောင့် ဘာလော့တယ်လီ တစ်ပွဲပယ်ခံရပြီး ဒဏ်ငွေဆောင်ရ

    လူမျိုးခွဲခြားသည့် Instagram မှတ်ချက်ကြောင့် ဘာလော့တယ်လီ တစ်ပွဲပယ်ခံရပြီး ဒဏ်ငွေဆောင်ရ

    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media
    Mario Balotelli
    – Instagram စာမျက်နှာတွင် ရေးသားခဲ့သည့် အငြင်းပွားဖွယ် လူမျိုးရေးခွဲခြားမှု မှတ်ချက်ကြောင့် လီဗာပူးလ်တိုက်စစ်မှူး မာရီယိုဘာလော့တယ်လီအား FA မှ တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်ဟု သိရသည်။

    ဘာလော့တယ်လီမှာ နီတန်းဒိုးကုမ္ပဏီ၏ ကမ္ဘာကျော်ဂိမ်းဇာတ်ကောင် မာရီယိုကို အသုံးပြုကာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သည့် မှတ်ချက်ကို ရေးသားခဲ့သော်လည်း အဆိုပါမှတ်ချက်တွင် ဂျူးလူမျိုးများအား ထိခိုက်စေသည့် အသုံးအနှုန်းပါဝင်သည်ဟု ဝေဖန်မှုများရှိခဲ့သည်။

    ထို့ကြောင့် FA မှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်ပြီး ဒဏ်ငွေ ပေါင် ၂၅၀၀၀ ကိုလည်း ဒဏ်တပ်ခဲ့သည်။ ထို့ပြင် ပညာပေးအစီအစဉ်တစ်ခုကိုလည်း ဘာလော့တယ်လီက တက်ရောက်ရမည်ဖြစ်သည်။

    ထိုမှတ်ချက်အတွက် ဘာလော့တယ်လီက ချက်ချင်းပင် တောင်ပန်ခဲ့ပြီး မိမိမှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သည့်အနေဖြင့် ဟာသနှောကာ ရေးသားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    FA ၏ ထိုပြစ်ဒဏ်ကြောင့် စနေနေ့တွင် ကစားမည့် အာဆင်နယ်အသင်းနှင့် အရေးပါသောပွဲတွင် ဘာလော့တယ်လီမှာ ပါဝင်နိုင်မည်မဟုတ်ပေ။

    ဘာလော့တယ်လီမှာ လီဗာပူးလ်သို့ စတင်ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ရုန်းကန်ခဲ့ရပြီး ပြဿနာအချို့လည်း ဖြစ်ပွားခဲ့ကာ ယခုအချိန်အထိ အသင်းအတွက် ၂ ဂိုးသာ သွင်းယူပေးထားနိုင်သည်။