News @ M-Media

Author: M-Media

  • ဂျူဗင်တပ်စ်၊ မိုနာကိုတို့ နောက်တစ်ဆင့်တက်၊ ဘေဆယ် သမိုင်းသစ် ရေးတဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်များ

    ဂျူဗင်တပ်စ်၊ မိုနာကိုတို့ နောက်တစ်ဆင့်တက်၊ ဘေဆယ် သမိုင်းသစ် ရေးတဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်များ

    ဒီဇင်ဘာ ၁၀၊ ၂၀၁၄
    M-Media

    – ချန်ပီယံလိဂ် ပထမ အုပ်စုလေးခုရဲ့ အုပ်စုနောက်ဆုံးပွဲတွေကို ဒီနေ့မနက်မှာ ကစားခဲ့ပြီး ဂျူဗင်တပ်စ်၊ မိုနာကို၊ ဘေဆယ်တို့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ရီးယဲလ်က ရာနှုန်းပြည့်နိုင်ပွဲနဲ့ မှတ်တမ်းကောင်းတစ်ခု ရခဲ့ပြီး လီဗာပူးလ်တို့ကတော့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး အခြေအနေနဲ့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

    အုပ်စု A

    ဂျူဗင်တပ်စ် ၀-၀ အက်သလက်တီကို
    အိုလံပီယာကော့စ် ၄-၂ မာလ်မို
    2193843_w2
    အိမ်ကွင်းမှာကစားခဲ့တဲ့ ဂျူဗင်တပ်စ်တို့ သရေတစ်မှတ် ယူနိုင်ခဲ့တာကြောင့် အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်တို့ အသာရခြင်းတော့ မရှိပါဘူး။ အက်သလက်တီကိုက ဖိအားပေးနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် အချို့ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့်သာ အနိုင်မရခဲ့တာပါ။ ဒီပွဲသရေဟာ ဥရောပပွဲတွေမှာ ဂျူဗင်တပ်စ်ရဲ့ အိမ်ကွင်း ၁၀ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကို ရရှိစေခဲ့ပြီး အက်သလက်တီကိုကတော့ ၅ ပွဲဆက်နိုင်ပွဲ ရပ်တန့်ခဲ့ပါတယ်။

    ဂျူဗင်တပ်စ်သာ ရှုံးခဲ့ရင် နောက်တစ်ဆင့်တက်နိုင်တာကြောင့် အိုလံပီယာကော့စ်တို့ အိမ်ကွင်းမှာ ကြိုးစားကစားခဲ့ပြီး ဂိုးပြတ်သွင်းကာ အနိုင် ၃ မှတ်ကိုလည်း ရရှိယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အုပ်စု တတိယနဲ့သာ ကျေနပ်ခဲ့ရပြီး ယူရိုပါလိဂ်မှာပဲ ၀င်ပြိုင်ရပါတော့မယ်။

    အုပ်စု B

    လီဗာပူးလ် ၁-၁ ဘေဆယ်
    ရီးယဲလ် ၄-၀ လူဒိုဂိုးရက်စ်

    2193653_w2

    နောက်တစ်ဆင့်တက်ရေးအတွက် အနိုင်ရဖို့လိုနေတဲ့ လီဗာပူးလ်တို့ အနိုင်မရခဲ့တဲ့အပြင် မရှုံးအောင် အသည်းအသန်ကစားခဲ့ရပါတယ်။ ဒီပွဲမှာ ဘေဆယ်တို့ အံ့သြဖွယ်ခြေစွမ်းပြခဲ့ပြီး ၂၅ မိနစ်မှာပဲ ဖရိုင်းက ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာလည်း ဘေဆယ်ကပဲ အသာရခဲ့ပြီး လီဗာပူးလ်ကတော့ စွဲမက်ဖွယ်ကစားပုံ မရှိခဲ့ပါဘူး။ မိနစ် ၆၀ မှာ မာကိုဗစ် အထုတ်ခံလိုက်ရတာက လီဗာပူးလ်အတွက် ပိုပြီး ဆိုးရွားစေခဲ့ပါတယ်။ အိမ်ရှင်တို့အတွက် သိက္ခာဆယ်ဂိုးကိုတော့ ၈၁ မိနစ်မှာ ဂျရတ်က သွင်းပေးခဲ့တာပါ။ ဘေဆယ်က ဒီပွဲသရေကြောင့် ၇ မှတ်နဲ့ ဒုတိယနေရာရပြီး ရီးယဲလ်နဲ့အတူ နောက်တစ်ဆင့် တက်သွားခဲ့ပါတယ်။

    2193696_w2

    ရီးယဲလ်ကတော့ အိမ်ကွင်းမှာ သက်တောင့်သက်သာ ကစားသွားခဲ့ပြီး ချန်ပီယံလိဂ် ရာနှုန်းပြည့် နိုင်ပွဲမှတ်တမ်းကို ရယူနိုင်ခဲ့ပါတယ်။ ဂိုးတွေကိုတော့ ရော်နယ်ဒို၊ ဘေးလ်၊ အာဘီလိုအာနဲ့ မီဒရန်တို့က သွင်းယူပေးခဲ့တာပါ။ ရီးယဲလ်တို့အဖို့ ပြိုင်ပွဲအားလုံးမှာ ၁၉ ပွဲဆက်တိုက် နိုင်ပွဲရခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အုပ်စုပွဲ ၆ ပွဲစလုံးအနိုင်ရတဲ့ ၆ သင်းမြောက် အသင်းလည်း ဖြစ်လာပါတယ်။

    အုပ်စု C

    မိုနာကို ၂-၀ ဇင်းနစ်
    ဘင်ဖီကာ ၀-၀ လေဗာကူဆင်

    ခံစစ်ပိုင်း အကောင်းဆုံးစွမ်းဆောင်ရည်နဲ့အတူ မိုနာကိုတို့ အိမ်ကွင်းမှာ အနိုင်ကစားပြီး နောက်တစ်ဆင့်ကို အုပ်စုပထမနေရာနဲ့ တက်ရောက်နိုင်ခဲ့ပါတယ်။ ဇင်းနစ်ကလည်း အနိုင်ရရင် နောက်တစ်ဆင့်တက်နိုင်မှာဖြစ်လို့ ကြိုးစားကစားခဲ့ပေမယ့် ဂိုးသွင်းခွင့် မယ်မယ်ရရတော့ ရရှိခဲ့ခြင်း မရှိပါဘူး။ မိုနာကိုအတွက် နောက်တစ်ဆင့် တက်စေမယ့် ဂိုးတွေကိုတော့ အက်ဘ်ဒီနောရ်နဲ့ ဖာဘင်ဟိုတို့က ၆၃ မိနစ်နဲ့ ၈၉ မိတို့မှာ သွင်းယူပေးခဲ့တာပါ။ ဇင်းနစ်တို့ကတော့ ယူရိုပါလိဂ် ၀င်ခွင့်နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

    ပြီးခဲ့တဲ့ပွဲကတည်းက နောက်တစ်တက်ရောက်နိုင်ခဲ့တဲ့ လေဗာကူဆင်အတွက် ဒီပွဲဟာ အုပ်စု ပထမ၊ ဒုတိယ အတွက်သာဖြစ်ပြီး အခွင့်အရေးအချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် သရေကျပြီး အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်တက်ခဲ့ပါတယ်။

    အုပ်စု D

    ဒေါ့မွန် ၁-၁ အန်ဒါလက်ခ်ျ
    ဂါလာတာစာရေး ၁-၄ အာဆင်နယ်
    2193814_w2
    ဒေါ့မွန်နဲ့ အာဆင်နယ် နှစ်သင်းစလုံး နောက်တစ်ဆင့်ကို တက်ပြီးသားဖြစ်လို့ ဒီပွဲဟာ ဒီနှစ်သင်းအတွက် အုပ်စု ပထမ၊ ဒုတိယ နေရာအတွက်သာ ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်ကတော့ ပရီးမီးယားလိဂ်အရှုံးအတွက် ဒီပွဲမှာ ပေါက်ကွဲပြခဲ့ပြီး ပထပိုင်းမှာပဲ ၃ ဂိုးပြတ်ခဲ့ပါတယ်။ အာဆင်နယ်အတွက် ဂိုးတွေကိုတော့ ခြေစွမ်းမပြနိုင်တဲ့အတွက် ဝေဖန်ခံနေရတဲ့ တိုက်စစ်မှူး ပိုဒေါစကီးက ၂ ဂိုးနဲ့ ရမ်ဆေးက ၂ ဂိုး သွင်းပေးခဲ့တာပါ။ ဒေါ့မွန်ကတော့ အန်ဒါလက်ခ်ျနဲ့ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် အာဆင်နယ်နဲ့ ၁၃ မှတ်စီ အမှတ်တူခဲ့ပြီး ဂိုးကွာခြားချက်အရ ဒေါ့မွန်တို့ အုပ်စုပထမနဲ့ နောက်တစ်ဆင့် တက်ခဲ့ပါတယ်။

  • ဆေးဘက်ဝင် အပင်များ သုံးပြီး လက်ရေးဖြင့် နှစ် ၃၀ ကျော်ရေးသားခဲ့သည့် ကုရ်အာန် ကျမ်းစာအုပ် ဒူတိုင်းတွင် ပြသ

    ဆေးဘက်ဝင် အပင်များ သုံးပြီး လက်ရေးဖြင့် နှစ် ၃၀ ကျော်ရေးသားခဲ့သည့် ကုရ်အာန် ကျမ်းစာအုပ် ဒူတိုင်းတွင် ပြသ

    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    world-s-first-herbal-quran-showcased-in-dubai-1418051588-7492
    – ဆေးဖက်ဝင်အပင်များမှ ရရှိသော ပစ္စည်းများကို အသုံးပြုကာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က ရေးသားပြုစုခဲ့သော ကုရ်အာန် ကျမ်းတော်မြတ်ကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ရှိ Heddem Art အနုပညာပြခန်းတွင် ပြသခဲ့သည်ဟု သိရသည်။

    `ဆေဘက်ဝင်အပင်တွေနဲ့ လုပ်ထားတဲ့ ထူးခြားတဲ့ ဒီကုရ်အာန်ကျမ်းတော်မြတ်ကို ဖန်တီးရာမှာ ဘ၀ကို မြှုပ်နှံခဲ့တဲ့ ဟာကင်မ် ဟမ်ဒီ တာဟီရ်ထံကနေ ဒီလို အားထုတ် လုပ်ဆောင်မှုမျိုးကို ရရှိတာ ဂုဏ်ယူစရာပါပဲ´ ဟု Heddem Art မှ အစ္စလာမ်ဘာသာရေးဆိုင်ရာ အကြံပေး အဘ်ဒူလ် အဇီယက်ဇ် ဘင် ဟာဆန် မူလာဝီ မာလာဘာရီက Arabian Business သတင်းဌာနသို့ ဒီဇင်ဘာ ၅ ရက် သောကြာနေ့က ပြောကြားခဲ့သည်။

    အဆိုပါ ကုရ်အာန်ကျမ်းတော်မြတ်ကို တူရကီ ယူနာနီ တိုင်းရင်းဆေးဆရာ ဟာမစ်တာဟီရ်က ၁၉၅၇ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ၂၂ နှစ်တာကာလအတွင်း ၎င်းကိုယ်တိုင် လက်ဖြင့် ရေးသား ဖန်တီးထားခြင်းဖြစ်ပြီး ယူနာနီ ဆေးပညာအရ အာနိသင် အမြင့်မားဆုံး ဆေးဘက်ဝင်အပင်များကို အသုံးပြုထားသည်။

    ဆေးဘက်ဝင်အပင်ပေါင်း ၂၀၀ နီးပါးဖြင့် ဖန်တီးထားသော အဆိုပါကျမ်းမြတ်ကို ဖတ်ရှုသူများအနေဖြင့် စာလုံးများနှင့် စာမျက်နှာအား လက်ဖြင့် လှန်လှော ဖတ်ရှုလျှင်ပင် ဆေးဘက်ဝင် အပင်များ၏ အစွမ်းကြောင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်သည်။

    ထို ကုရ်အာန်ကျမ်းတော်မြတ်မှာ ၇.၅ ကီလိုအလေးချိန်ရှိပြီး ဖန်တီးရာတွင် လိုအပ်သည့် ဒြပ်ပေါင်းကို ဆေးဘက်ဝင် သစ်စေ့၊ အသီး၊ အရွက်၊ ပင်စည်၊ သစ်ခေါက်နှင့် အမြစ်များမှ ရယူခဲ့ခြင်းဖြစ်သည်ဟု Heddem Art မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    `ဒီကုရ်အာန် ကျမ်းတော်မြတ်ထဲက စာလုံးတွေကို ပုံနှိပ်နည်းပညာ၊ ကိရိယာ တန်ဆာပလာ ဒါမဟုတ် ပုံနှိပ်စက်တွေနဲ့ ရိုက်ခဲ့တာ မဟုတ်ဘဲ နှစ်ပေါင်းများစွာ လက်ရေးနဲ့ စိတ်ရှည်စွာရေးခဲ့တာပါ´ ဟု မာလာဘာရီက ထပ်လောင်းပြောကြားခဲ့သည်။

    ယူနာနီဆေးပညာကို ဂရိလူမျိုး ဆရာဝန် ဟစ်ပိုကရေတီးစ် (ဘီစီ ၄၀- ၃၇၀) က စတင်ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ရှေးခတ်အီဂျစ်နှင့် မက်ဆိုပိုတေးမီးယားတို့တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀၀၀ ကျော်ကတည်းက သုံးစွဲလာခဲ့သည်။

    quran_0_0_0_0

    ဆေးဘက်ဝင် ခရင်မ်

    Heddem Art မှ ထုတ်ပြန်သော ကြေညာချက်အရ အဆိုပါ ကုရ်အာန်ကျမ်းတော်မြတ်၏ စာလုံးများ၊ ကဏ္ဍအမည်များ၊ စာမျက်နှာထိပ်ဆုံးနှင့် ဘေးဘက်ရှိ ကဏ္ဍခေါင်းစဉ်များ၊ ဘေးဘောင် ဒီဇိုင်းများနှင့် စာရွက်နံပါတ်များကို ဆေးဘက်ဝင် ခရင်မ်ကို အသုံးပြုကာ ရေးသားထားသည်ဟု သိရသည်။

    စာမျက်မှာ ၆၀၆ မျက်နှာပါဝင်သည့် အဆိုပါ ကုရ်အာန်ကျမ်းတော်မြတ်အတွက် ဒူဘိုင်းရှိ အစ္စလာမ်သာသနာရေးရာ ၀န်ကြီးဌာနမှ မူပိုင်ခွင့်အသိအမှတ်ပြု လက်မှတ်လည်း ထုတ်ပေး ထားသည်။

    `ဘယ်သူကမှ ဒီလိုမျိုး ထူးခြားတဲ့ ကုရ်အန်ကျမ်းတော်တော်မြတ်မျိုး ဒါမှမဟုတ် စာအုပ်မျိုး ဖန်တီးထားတာ မရှိဘူးဆိုတာကို အသိအမှတ်ပြုဖို့အတွက် နိုင်ငံပေါင်း ၈၀ မှာရှိတဲ့ ပြတိုက်ပေါင်း ၁၇၁၄ ခုကို ကျွန်တော်တို့ ဆက်သွယ် စုံစမ်းခဲ့ပါတယ်။ ပြီးတော့ ဒီကုရ်အာန်ကျမ်းတော်မြတ်ကို ၀ယ်ဖို့ ကမ်းလှမ်းလာသူတွေလည်းရှိပြီး ကျွန်တော်တို့က ၀ယ်ယူသူဟာ အစ္စလာမ့်ရဲ့ တန်ဖိုးတွေကို နှစ်သက်မြတ်နိုးတဲ့လူ ဖြစ်သင့်တယ်လို့ သတ်မှတ်ထားပါတယ်´ ဟု မာလာဘာရီ က ဆိုသည်။

    ကုန်အာန်ကျမ်တော်မြတ်မှာ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ထုတ်ပြန်သည့် ကျမ်းဖြစ်ပြီး ထိုကျမ်းကို ရေးသားသီကုံးသူမှာ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်ပင် ဖြစ်သည်။ မူရင်းမှာ အာရဘီဘာသာစကား တစ်ခုတည်းဖြင့်သာရှိပြီး ဘာသာပြန်များကို ကမ္ဘာဘာသာစကားများဖြင့် ပြန်ဆိုထားကြသည်။

    အဆိုပါ ကုရ်အာန်ကျမ်းတော်မြတ်မှာ တမန်တော်မြတ် မုဟမ္မဒ်သခင်ထံသို့ ကောင်းကင်တမန်ကြီး ဂျစ်ဘရာအီလ်မှတစ်ဆင့် ၂၃ နှစ်တာကလအတွင်း အပိုင်းလိုက် ကျရောက်ခဲ့ခြင်းဖြစ်ပြီး မုဟမ္မဒ်သခင်က အာဂုံဆောင်၍လည်းကောင်း၊ တပည့်သာဝကများအား ရေးသားမှတ်တမ်းတင်စေ၍လည်းကောင်း ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

  • ဟောင်ကောင်တွင် အင်ဒို အိမ်အကူ အမျိုးသမီး ဖုန်စုပ်စက် ပါးစပ်ထဲ ထည့်ကာ နှိပ်စက်ခံရ

    ဟောင်ကောင်တွင် အင်ဒို အိမ်အကူ အမျိုးသမီး ဖုန်စုပ်စက် ပါးစပ်ထဲ ထည့်ကာ နှိပ်စက်ခံရ

    ဒီဇင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    Indonesian domestic helper Erwiana Sulistyaningsih lies in a bed whilst being treated at a hospital in Sragen
    – အိမ်အကူလုပ်သားများအား နှိပ်စက်ညှင်းပန်းသည့် နာမည်ပျက်ရှိသော ဟောင်ကောင်တွင် ယခုနောက်ဆုံး အင်ဒိုနီးရှား အိမ်ဖော်တစ်ဦး လူမဆန်စွာ ညှင်းပန်း နှိပ်ခြင်းခံရသည့် သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

    ညှင်းပန်း နှိပ်စက်ခံရသူမှာ အသက် ၂၃ နှစ်အရွယ်ရှိ အိမ်အကူ လုပ်သား အင်ဒိုနီးရှား အမျိုးသမီး  Erwiana Sulistyaningsih ဆိုသူဖြစ်ပြီး သူမအလုပ်လုပ်ခဲ့သော အိမ်ရှင်က ဖုန်စုပ်စက်အား သူမ၏ ပါးစပ်ထဲသို့ထည့်ကာ ညှင်းပမ်းနှိပ်စက်ခဲ့သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။

    ထိုဖုန်စုပ်စက်ဒဏ်ကြောင့် သွားများကျိုးသွားခဲ့ပြီး နှုတ်ခမ်းများလည်း ပဲ့ရွဲ့ထုတ်ကုန်ခဲ့ကာ အလုပ်လုပ်ခဲ့သည့် ၆ လတာကာလအတွင်း ထိုးခြင်း၊ ပါးရိုက်ခြင်း၊ ကန်ကျောက်ခြင်းနှင့် သတိလစ်သွားသည်အထိ ရိုက်နှက်ခြင်းတို့အပါအ၀င် နည်းလမ်းပေါင်းစုံဖြင့် နှိပ်စက်ညှင်းပန်းခြင်း ခံခဲ့ရသည်ဟု ၂ ရက်တာ ကြားနာမှုအတွင်း ဘာသာပြန်မှတစ်ဆင့် Sulistyaningsih က ပြောကြားခဲ့သည်။

    သူမ၏ မျက်နှာ ဆိုးရွားစွာ ဒဏ်ရာရနေသည့် ဓာတ်ပုံများ ယခုနှစ်အစောပိုင်းက အင်တာနက် စာမျက်နှာတွင် ပြန့်နှံ့ခဲ့ပြီးနောက် နိုင်ငံတကာမှ လူ့အခွင့်အရေးအဖွဲ့များက ဟောင်ကောင်အစိုးရအား ပြင်းထန်စွာ ဝေဖန်ကန့်ကွက်ခဲ့ကြသည်။

    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International အဖွဲ့ကမူ ထိုကိစ္စအတွက် ဇွန်လက ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားအလုပ်သများအား ညှင်းပန်းနှိပ်စက်မှုများနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများကို အဆုံးသတ်အောင် ဆောင်ရွက်ရန် ဟောင်ကောင်အစိုးရအား တိုက်တွန်းခဲ့သည်။

    Sulistyaningsih ကမူ အိမ်ရှင်အမျိုးသမီးမှာ သူမအား ကိုယ်လုံးတီးပြုလုပ်ကာ ရေချိုးခန်းထဲတွင် ရေခဲရေဖြင့် လောင်းချခဲ့ပြီး ပန်ကာဖွင့်၍ နာရီပေါင်းများစွာကြာ အေးစက်နေအောင် ထားခဲ့ကြောင်း၊ တစ်နေ့တွင် ၄ နာရီသာ အိပ်ရပြီး နာရီ ၂၀ ခန့် အလုပ်လုပ်ရကြောင်း၊ ကျွေးသည့်အစားအစာမှာလည်း ပေါင်မုန့်အနည်းငယ်နှင့် ဆန်ပြုတ်တစ်ခွက်သာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    သူမ၏ အိမ်ရှင်ဖြစ်သော အသက် ၄၄ နှစ်အရွယ် အမျိုးသမီး လော်ဝမ်သန်ကို ဟောင်ကောင် တရားရုံးက ခန္ဓာကိုယ်အား အပြင်းအထန်နာကျင်စေမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် ရာဇ၀တ်မှုဆိုင်ရာ ခြိမ်းခြောက်အကျပ်ကိုင်မှုတို့ အပါအ၀င် ပုဒ်မ ၂၁ ခုဖြင့် စွဲချက်တင်ထားသည်။

    ref_ CNN

  • လူသားချင်းစာနာ ထောက်ထားမှု ကူညီရေးတွင် တူရကီ ကမ္ဘာအဆင့် ၁ သတ်မှတ်ခံရ

    လူသားချင်းစာနာ ထောက်ထားမှု ကူညီရေးတွင် တူရကီ ကမ္ဘာအဆင့် ၁ သတ်မှတ်ခံရ

    ဒီဇင်ဘာ ၉ ၊ ၂၀၁၄
    M-Media

    Turkey ranked No. 1
    Turkish Cooperation နှင့် Nationa Coordination Agency ၏ တနင်္ဂနွေနေ့ ထုတ်ပြန်သော ၂၀၁၃ ခုနှစ်အစီခံစာအရ တူရကီနိုင်ငံသည် ဌာနဆိုင်ရာများမှ တစ်ဆင့်အားဖြင့်လည်းကောင်း၊ ကမ္ဘာတစ်ဝှန်းရှိ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများမှ တစ်ဆင့်လည်းကောင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးခြင်း ကဏ္ဍ၌ အများဆုံးဖြစ်ကြောင်း၊ ကမ္ဘာ့ပထမအဆင့် သတ်မှတ်ခံရကြောင်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၄.၃ ဘီလီယံအထိ ရှိနေကြောင်း သိရသည်။ ၎င်းမှာ တူရကီနိုင်ငံ၏ Gross National Product – GNP ပေါ် မူတည် တွက်ချက်ထားခြင်းဖြစ်သည်။

    ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်သည့် Economic Co-operation and Development Organisattion စာရင်းအရ တူရကီနိုင်ငံသည် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၏ နောက်တွင် ကမ္ဘာ့စတုတ္ထဆင့် အလှူရှင်နိုင်ငံဖြစ် လာကြောင်း ဖော်ပြသည်။ OECD ကမူ လူသားချင်းစာနာထောက်ထားရေး ကူညီမှုကို ၂၀၁၃ ခုနှစ်၏ GNP ၀.၂၁ ရာခိုင်နှုန်းပေါ် မူတည်ပြီး တူရကီနိုင်ငံအား ပထမနေရာအဖြစ် သတ်မှတ်လိုက်သည်။

    တူရကီ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဒေသဆိုင်ရာ အလိုက် ပိုင်းခြားထားသည်။ အရှေ့အလယ်ပိုင်းတွင် ၅၅.၉ ရာခိုင်နှုန်း၊ အာဖရိကတွင် ၂၄.၇ ရာခိုင်နှုန်း၊ ဗဟိုအာရှနှင့်တောင်အာရှတွင် ၁၅.၃ ရာခိုင်နှုန်း၊ ဘော်လကန်ဒေသများတွင် ၁၅.၃ ရာခိုင်နှုန်းနှင့် အရှေ့ဥရောပတွင် ၃.၁ ရာခိုင်နှုန်းတို့ဖြစ်ကြသည်။

    ထိုကူညီကယ်ဆယ်ရေးအထောက်အပံ့များသည် အာဖဂန်နစ္စတန်၊ ယီမင်၊ ဟေတီ နှင့် ဖိလစ်ပိုင် အပါအ၀င် နိုင်ငံပေါင်း ၁၂၀ အထိ ၂၀၁၃ ခုနှစ်အတွင်း ရောက်ရှိခဲ့သည်။

    ၎င်းတို့ကို အများဆုံးရရှိခံစားရသည့်နိုင်ငံများမှာ ဆီးရီးယား၊ အီဂျစ်နှင့် ကိုင်ဂျစ္စတာန်တို့ ဖြစ်သည်။ ဆိုမားလီယား၊ အာဖဂန်နစ္စတန်၊ ပါလက်စတိုင်း၊ ပါကစ္စတန်၊ ကာဇက်စတန်၊ တူနီးရှား၊ အဇာဘိုင်ဂျန် တို့သည်လည်း အများဆုံးရရှိခံစားရသော နိုင်ငံများစာရင်းတွင် ပါဝင်သည်။

    အဆိုပါစာရင်း၌ တူရကီ၏နောက်တွင် ဂျပန်နှင့် ဂျာမဏီတို့မှ ကပ်လိုက်နေသည်။

    World Bulletin

  • အကျဉ်းသားများအား စီအိုင်အေ၏ နှိပ်စက်ငြှင်းပမ်းမှု အစီရင်ခံစာ ထုတ်ပြန်မည်

    အကျဉ်းသားများအား စီအိုင်အေ၏ နှိပ်စက်ငြှင်းပမ်းမှု အစီရင်ခံစာ ထုတ်ပြန်မည်

    ဒီဇင်ဘာ ၉ ၊ ၂၀၁၄
    M-Media

    _79605257_79605256
    – ၉/၁၁ တိုက်ခိုက်မှုပြီးနောက်ပိုင်း ဖမ်းဆီးထားသည့် သံသယရှိသူများကို CIA ၏ ကြမ်းတမ်းစွာ စစ်ကြောမေးမြန်းမှုများနှင့် ပတ်သက်သည့် အစီရင်ခံစာအား ထုတ်ပြန်ရန်ရှိသောကြောင့် ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန် သံရုံးများအား လုံခြုံရေးတိုးမြှင့်ထားလိုက်သည်ဟု သိရသည်။

    အဆိုပါ အစီရင်ခံစာကို ဒီဇင်ဘာ ၉ ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ပြီး ဥရောပနှင့် အာရှရှိ အမေရိကန်၏ အကျဉ်းစခန်းများတွင် ထိန်းသိမ်းထားသော အကျဉ်းသားများအား အပေါ် CIA က အသုံးပြုခဲ့သော ကြမ်းတမ်းသည့် စစ်ကြောမေးမြန်းမှုများအတွက် ပြည်သူများကို ပထမဆုံး ချပြမည့် အစီရင်ခံစာလည်း ဖြစ်ကြသည်။

    `ဒီအစီရင်ခံစာ ထုတ်ပြန်ခြင်းဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမေရိကန်နဲ့ သက်ဆိုင်တဲ့ အဆောက်အဦးတွေ၊ အမေရိကန်နိုင်ငံသားတွေ အတွက် ကြီးမားတဲ့အန္တရာယ် ဖြစ်နိုင်တဲ့ အနေအထားတွေဆီကို ဦးတည်သွားမယ့် လက္ခဏာတွေရှိနေပါတယ်´ ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျို့ရှ် အားန်နက်စ်က ပြောကြားခဲ့သည်။

    ပြည်သူများအား ဖွင့်ချမည့် အဆိုပါ အစီရင်ခံစာတွင် ၂၀၀၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း အကြမ်းဖက်ဝါဒဆိုင်ရာ တရားစွဲမှုများနှင့် ပတ်သက်ပြီး အမေရိကန်တို့မှ ပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့သည့် သံသယရှိသူ ၁၀၀ ၀န်းကျင်အား CIA မှ စစ်ကြောမေးမြန်းခဲ့မှုများနှင့် ပတ်သက်၍ အနှစ်ချုပ် ဖော်ပြထားပြီး စာမျက်နှာ ၄၈၀ ခန့်ရှိသည်ဟု သိရသည်။

    အစီရင်ခံစာ အပြည့်အစုံမှာ စာမျက်နှာ ၆၂၀၀ ရှိပြီး လျှို့ဝှက်ထားမည်ဖြစ်ကာ ထိုအစီရင်ခံစာအား ဖတ်ရှုပြီးသည့် အမေရိကန် အာဏာပိုင်များကမူ CIA ၏ ကြမ်းတမ်းသော စစ်ကြောမေးမြန်းမှုများက ထူးခြားပြီး အန္တရာယ်ကင်းသည့် ထောက်လှမ်းရေး လုပ်ငန်းတစ်ခုဖြစ်လာရန် မဆောင်ရွက်နိုင်ခဲ့ကြောင်း ထိုအစီရင်ခံစာက ဖော်ပြနေသည်ဟု ပြောကြားခဲ့သည်။

    ကျူးဘားမှ အမေရိကန် စစ်အခြေစိုက် စခန်းရှိ CIA က ဦးစီးသော ဂွာတာနာမို အကျဉ်းစခန်းတွင် အကျဉ်းသားများအား စစ်ကြောမေးမြန်းရာ၌ ရေနှစ်ခြင်း၊ စိတ်ဖိစီးမှုရှိသော အခြေအနေတွင်ထားခြင်းနှင့် အခြားသော ကြမ်းတမ်းသည့် နည်းလမ်းများကို အသုံးပြုခဲ့သည်ဟူသော သတင်းများမှာ ယခင်ကတည်းက ထွက်ပေါ်ထားပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များက ဝေဖန်ကန့်ကွက်မှုများလည်း ပြုလုပ်ခဲ့သည်။

    ref_Agencies