News @ M-Media

Author: M-Media

  • တိုက်စစ်မှူး ဟင်နရီ မေဂျာလိဂ်ကို စွန်ခွာတော့မည်၊ အာဆင်နယ်ပြန်ရောက်ရန် သတင်းထွက်

    တိုက်စစ်မှူး ဟင်နရီ မေဂျာလိဂ်ကို စွန်ခွာတော့မည်၊ အာဆင်နယ်ပြန်ရောက်ရန် သတင်းထွက်

    ဒီဇင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    666171_heroa
    – မိမိတို့အသင်း၏ ပြင်သစ်တိုက်စစ်မှူး ဟင်နရီမှာ စာချုပ်သက်တမ်းကုန်ဆုံးပါက အသင်းမှ ထွက်ခွာတော့မည်ဟု အမေရိကန် မေဂျာလိဂ်ကလပ် ရက်ဒ်ဘူးလ်က ပြောကြားလိုက်သည်။

    အသက် ၃၇ နှစ် ရှိပြီဖြစ်ပြီး ၄ နှစ်ခွဲစာချုပ်ချုပ်ဆိုထားသည့် ဟင်နရီမှာ ယခုနှစ်ဘောလုံးရာသီပြီးလျှင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်တော့မည်ဖြစ်ပြီး ရက်ဒ်ဘူးလ်မှ ထွက်ခွာပြီးနောက် ဘောလုံးသမားဘ၀မှ အနားယူတော့မည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

    အသင်း၏ တရားဝင်ဝဘ်ဆိုက်မှ ထုတ်ပြန်သောကြေညာချက်တွင် ဟင်နရီက မိမိအတွက်ပျော်ရွှင်မှုများကို ဖန်းတီးပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ကြောင်း၊ အသင်း၏ မည်သည့်အချိန်၌မဆို အားပေးခဲ့ကြသည့် ပရိတ်သတ်များအားလုံးကိုလည်း ကျေးဇူးတင်ပြီး မိမိအတွက် အဓိပ္ပါယ်ရှိသော အားပေးမှုများအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    ရက်ဒ်ဘူးလ်အသင်း၏ ရာသီနောက်ဆုံးပွဲမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြီးဆုံးသွားပြီဖြစ်ပြီး၊ အာဆင်နယ်နည်းပြ ၀င်းဂါးက ၎င်း၏ တပည့်ဟောင်းဖြစ်သူ ဟင်နရီအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

  • ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု ဇကာတင် စာရင်းထွက်ပေါ်၊ ဘိုင်ယန် ဂိုးသမား နျူအာ ပါဝင်လာ

    ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု ဇကာတင် စာရင်းထွက်ပေါ်၊ ဘိုင်ယန် ဂိုးသမား နျူအာ ပါဝင်လာ

    ဒီဇင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    672581_heroa
    – ၂၀၁၄ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆု၏ နောက်ဆုံး ၃ ဦး ဇကာတင်စာရင်းကို ယမန်နေ့က ထုတ်ပြန်ခဲ့ရာ ရော်နယ်ဒို၊ မက်ဆီနှင့် ဘိုင်ယန်မြူးနစ်ဂိုးသမား နျူအာတို့ ပါဝင်ခဲ့သည်ဟု သိရသည်။

    ရီးယဲလ်နှင့်အတူ ခြေစွမ်းပြခဲ့သည့် ရော်နယ်ဒိုမှာ အဆိုပါဆုအား ရရှိရန် ရေပန်းအစားဆုံး ဖြစ်နေပြီး ထိုဆုလေးကြိမ်ရ မက်ဆီမှာ ၃ ဦးဇကာတင်စာရင်းတွင် ၈ နှစ်ဆက်တိုက် ပါဝင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    ဘိုင်ယန်မြူးနစ်အသင်းနှင့် ကမ္ဘာ့ဖလားဆုရ ဂျာမနီအသင်းတို့၏ အဓိက ဂိုးသမားဖြစ်သည့် နျူအာမှာ ၁၉၆၃ ခုနှစ်က ဂိုးသမား လက်ဇ် ယာရှင် အကောင်းဆုံး ဘောလုံးသမားဆုကို ရပြီးနောက်ပိုင်း ပထဆုံးအကြိမ်အဖြစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ရရှိနိုင်သည့်ဂိုးသမား ဖြစ်လာခဲ့သည်။

    အကောင်းဆုံး ဘောလုံးသမားဆုအပြင် တစ်နှစ်တာအကောင်းဆုံး နည်းပြဆု ဇကာတင်စာရင်းကိုလည်း ထုတ်ပြန်ခဲ့ရာ ရီးယဲလ်အား ဆယ်ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ အန်ဆယ်လော့တီ၊ လာလီဂါချန်ပီယံ အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်နီနှင့် မျိုးဆက်သစ်အသင်းဖြင့် ဂျာမနီအား ကမ္ဘာ့ဖလားရရှိအောင် ဦးဆောင်နိုင်ခဲ့သည့် ဂျာမနီနည်းပြ ဂျိုအာချင်းလိုတို့ ပါဝင်ခဲ့သည်။

    အဆိုပါ ဆု ၂ ဆုစလုံးကို ဇန်န၀ါရီလတွင်ပြုလုပ်မည့် Ballon d’Or ဆုပေးပွဲအခမ်းအနားတွင် ကြေညာသွားမည်ဖြစ်သည်။

  • ခြေစွမ်းဆက်ထိန်းပြီး  အမှတ်ကွာဟမှုလျော့ချရန် မန်ယူကွင်းလယ်လူ မာတာ တိုက်တွန်း

    ခြေစွမ်းဆက်ထိန်းပြီး အမှတ်ကွာဟမှုလျော့ချရန် မန်ယူကွင်းလယ်လူ မာတာ တိုက်တွန်း

    ဒီဇင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    586181_heroa
    – ပရီးမီးယားလိဂ်ဆုဖလားအား စိန်ခေါ်နိုင်သည်အထိ ဖြစ်လာရန်အတွက် မိမိတို့၏ လက်ရှိ ပုံစံကောင်းကို ပွဲကြပ်ကာလများရှိနေသည့် ဒီဇင်ဘာအထိ ဆက်လက်သယ်ဆောင်သွားရန် မန်ယူတိုက်စစ်မျူး မာတာက အသင်းဖော်များအား တိုက်တွန်းလိုက်သည်။

    ပြီးခဲ့သည့် ပွဲစဉ် ၁၃ ဟားလ်စီးတီးအသင်းအား ၃ ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သော ပွဲမှာ မန်ယူအသင်း၏ ယခုနှစ်ရာသီ ၃ ပွဲဆက်နိုင်ပွဲဖြစ်ပြီး အသင်းမှာလည်း အဆင့် ၄ နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။

    သို့သော်လည်း ထိပ်ဆုံးမှ ချယ်ဆီးအသင်းနှင့် ၁၁ မှတ်ကွာဟနေပြီး မာတာကမူ အသင်းအနေဖြင့် ယခုပုံစံကောင်းအား နှစ်သစ်အထိဆက်လက်သယ်ဆောင်ကာ အမှတ်ကွာဟမှုများကို လျော့ချနိုင်မည်ဟု မျှော်လင့်နေသည်။

    `စနေနေ့က လေးရက်အတွင်း အိုးထရက်ဖို့မှာ ပထမဆုံး ၂ ပွဲမြောက်နိုင်ပွဲကို ကျွန်တော်တို့ ရခဲ့ပါတယ်။ အသင်းဟာ ကောင်းမွန်တဲ့ အခိုက်အတန့်တွေနဲ့အတူ ခိုင်မာတဲ့ စွမ်းဆောင်ရည်မျိုး ရှိနေပါပြီ။ ကွင်းထဲက ကျွန်တော့်ပုံစံကိုလည်း ကျွန်တော် တော်တော်ကြိုက်ပါတယ်´ ဟု မာတာကဆိုပြီး ယခုရလဒ်ကောင်းမှာ ပွဲကြပ်များရှိနေသည့် ဒီဇင်ဘာလထိ ဆက်လက်ရှိနေမည်ဟု မျှော်လင့်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

  • စံပယ်ဖြူ –  ဌာနေသို့ တခေါက်တခါ

    စံပယ်ဖြူ – ဌာနေသို့ တခေါက်တခါ

    ဒီဇင်ဘာ ၂၊ ၂၀၁၄
    စံပယ်ဖြူ  ရေးသည်။
    (မိုးမခ) မှ ကူးယူဖော်ပြသည်။

    610x406x969-1_jpg_pagespeed_ic_MTV_zwA5UT

    ကျွန်မ၏ နေရပ်ဌာနီသို့ တခေါက်ပြန်ရောက်ခဲ့တဲ့ အကြောင်းတွေကို မိုးမခကို ပြန်ပြီးဖောက်သယ် ချချင်ပါတယ်။ အရင်ဆောင်းပါးတွေမှာ ကျွန်မတို့ ရွာအကြောင်း ရေးဖူးပါတယ်။ ကျုံပျော်မြို့နယ်က မိုးကြိုးပစ်ရွာ ဖြစ်ပါတယ်။ ဗမာလူမျိုး အများဆုံးနေထိုင်ပြီး၊ ကရင်အိမ်ခြေ (၅၀)နဲ့ မွတ်စလင်အိမ်ခြေ(၂၀) လောက်ရှိတဲ့ ရွာပါ။ စံပြကျေးရွာလို့ သတ်မှတ်ထားတဲ့ ကျွန်မတို့ရွာမှာ (၉၆၉)အဖွဲ့လည်း ခိုင်ခိုင်မာမာ ရှိနေပြီဖြစ်ပါတယ်။

    ရွာမှာ တပတ်လောက်နေတဲ့ အချိန်လေးမှာ ဆွေးမျိုးတွေဆီ အိမ်လည်ရတာနဲ့ မအားလပ်နိုင်ပါ။ အခါတလေမှ ပြန်တာဆိုတော့ ဟိုအိမ်က ထမင်းခေါ်ကျွေးလိုက် ဒီအိမ်က ထမင်းခေါ်ကျွေးလိုက်နဲ့ ဟင်းကောင်းလည်း စားခဲ့ရပါတယ်။ နိုဝင်ဘာလ ဆောင်းလေအေးဝင်စဖြစ်ပြီး၊ ဆောင်းရနံ့တွေ ရတာကို သဘောကျပါတယ်။ အချိန်အခါမဟုတ် မိုးတွေရွာလို့ စပါးနဲ့ ပဲတွေ လေးလွင့်ပျက်စီးရလို့ ရွာကလူတွေ စိတ်ပျက်စွာ ညည်းညူကြပါတယ်။ ရွာသီဥတု ဖောက်ပြန်ခြင်းနဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ ဒဏ်ကို လှိမ့်နေအောင် ခံကြရတာ တောင်သူလယ်သမားတွေ။ အခုဆိုရွာတွေမှာ အလုပ်သမားတွေ ရှားသွားလို့ အလုပ်တွေ နှောင့်နှေးကြ ပါတယ်။ ရွာက လူတွေ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ နယ်စပ်တွေမှာ အလုပ်သွားကြတယ်။ ရွာမှာ ကျန်ခဲ့တဲ့ လူတွေက အလုပ်ကြမ်းမလုပ်ကြသူတွေ။ နှစ်လုံးထီ၊ သုံးလုံးထီဖြတ်ရောင်းပြီး သက်တောင့် သက်သာနေကြသူတွေ ဖြစ်ပါတယ်။ ဘွဲ့ရစာတတ်သူတွေပေါတဲ့ ကျွန်မတို့ရွာမှာ အရက်သမားနဲ့ လောင်းကစားတွေလည်း ပေါပါတယ်။

    လျှပ်စစ်မီးမရှိတဲ့ ကျွန်မတို့ရွာမှာ ညဆိုခြင်တွေ သိပ်ပေါလို့ (၉)နာရီမထိုးခင် အိပ်ရာဝင်ဖြစ်ပါတယ်။ ရွာကို ပြန်မလာခင် ရန်ကုန်မှာသုံးတဲ့ MPT ဖုန်းကဒ်က ရွာမှာ လိုင်းမမိဘူး။ ကျွန်မဆီ ဆက်သွယ်တဲ့သူတွေ လူကြီးမင်းနဲ့ ငြားကြလေသတည်းပေါ့။ ရွာမှာ အင်တာနက် မရှိလို့ ကျုံပျော်မြို့ပေါ် ရောက်မှ အီးမေးစစ်ရပါတယ်။ Facebook ကို ကျွန်မ သိပ်မသုံးပေမဲ့ အီးမေးကိုတော့ တစ်ပတ်တကြိမ်လောက် စစ်ရပါတယ်။ အရေးကြီးတဲ့ အီးမေးတွေ ၀င်နေမှာစိုးလို့ ဖွင့်ကြည့်တာ ကွန်းနက်ရှင်က နှေးချက်က သိကြတဲ့အတိုင်းပါပဲ။ စိတ်ရှည်ရှည်ထားပြီး၊  အချိန်အကြာကြီး စောင့်ဖွင့်မှ ကျွန်မရဲ့ gmail အကောင့်ထဲကို ၀င်လို့ရတယ်။ စာတွေကို ဖွင့်ဖတ်လို့ မရပါ။ ကွက်ကြားမိုးရွာတဲ့ ကျွန်မတို့ တိုင်းပြည်မှာ ကျုံပျော်မြို့နယ်က သမ္မတလို ၀န်ကြီးလို လူကြီးတွေရဲ့ မွေးရပ်မြေ မဟုတ်လေတော့ လူကြီးနယ်မြေတွေလို မဖွံ့ဖြိုးဘူးလို့ ဆိုရမလို။ ငပုတော မြို့နယ်က သမ္မတဦးသိန်းစိန်ရဲ့ မွေးရပ်ဇာတိဆို သိပ်ဖွံ့ဖြိုးလာတယ် ဆိုးကိုး။ ထားပါတော့။

    လက်ရှိအစိုးရက လယ်မားတွေကို သက်သာချောင်ချိအောင် ဘဏ်ငွေတွေ တစ်ဧက တစ်သိန်းနှုန်းနဲ့ ထုတ်ချေးပေးတာ (၂)နှစ်ရှိပြီးဆိုလို့ ၀မ်းသာမိပါတယ်။ အရင်တုန်းက အစိုးရထုတ်ပေးတဲ့ ဘဏ်ငွေက မဖြစ်စလောက်လေးမို့ လယ်စရိတ်အတွက် မလောက်ပါ။ လယ်စရိတ်လိုရင် ရွာကသူဌေးတွေဆီမှာ အတိုးကြီးကြီးချေး၊ သို့မဟုတ် စပါးပေးယူရပါတယ်။ စပါးပေးယူတယ်ဆိုတာ အချိန်တန် စပါးပေါက်ဈေးထက် အများကြီး ဈေးလျှော့ပြီး ငွေကြိုယူထားခြင်း ဖြစ်ပါတယ်။ စပါးပေါ်ချိန်ရောက်ရင် ငွေတိုးတွေ စပါးကြွေးတွေဆပ်ရတာနဲ့ လယ်ကထွက်သမျှစပါး ကုန်ပါတယ်။ ရာသီဥတုဖောက်ပြန်လို့ လယ်ရေမြုပ်တဲ့ နှစ်တွေဆို အကြွေးဆပ်စရာ စပါးက မရှိတော့ အကြွေးတွေ နှစ်ဆတက်သွားပါတယ်။ ဒီလိုနဲ့ လယ်ကို အကြွေးနဲ့ ထိုးဆပ်ရသူတွေ အများကြီး။ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အဖေနဲ့ လယ်သမားတွေရဲ့ ဘ၀ပုံရိပ်တွေက ကျွန်မဘ၀ရဲ့ နောက်ခံရှုခင်း တွေပါ။

    ဆင်းရဲမွဲတေမှု လျော့ကျရေးအတွက် ဆောင်ရွက်ပေးနေပါတယ်ဆိုသော အစိုးရ အဖွဲ့အစည်းများနဲ့ အချို့သော အဖွဲ့အစည်းများ စဉ်းစားမိစေချင်တဲ့ အကြောင်းအရာတခုကိုလည်း ကျွန်မ တင်ပြလိုပါတယ်။ ယခုလက်ရှိရွာမှာ မရှိဆင်းရဲသားတွေ ရင်နှီးလုပ်စားဖို့ ငွေထုတ်ချေးပေးတဲ့ စနစ်က ဘ၀င်မကျစရာပါ။ ထုတ်ပေးတဲ့ငွေကို လစဉ်ပြန်ဆပ်ရတဲ့နှုန်း၊ တပတ်တခါပြန် ဆပ်ရတဲ့နှုန်းတွေကို ကျွန်မ တွက်ကြည့်လိုက်တော့ ငွေတစ်ရာကို နှစ်ဆယ်ကျပ်မှာ အတိုးနှုန်းရှိပါတယ်။ ဒီလောက်များတဲ့ အတိုးနှုန်းတွေက ဆင်းရဲသားတွေအတွက် အလွန်ကို ၀န်ပိစေပါတယ်။ အကယ်၍များ ကျွမ်းကျင်သော လုပ်ငန်းရှင်တွေ ဒီလိုအတိုးနှုန်းတွေနဲ့ ငွေယူပြီး၊ စီးပွားရေလုပ်ငန်းတွေမှာ ရင်နှီးမြှုပ်နှံရမယ်ဆိုရင် အမြတ်မထွက်ပဲ ဒေ၀ါလီခံ ရဖို့သာရှိပါတယ်။

    ကုန်းကောက်စရာမရှိတဲ့ လူမွဲတွေကို မတန်တဆ အတိုးနှုန်းတွေနဲ့ ငွေထုတ်ချေးပေးကြတာ တကယ်ကူညီရာ ရောက်ပါသလား ဆိုတာကို စေတနာရှင်ဆိုသူများက အဖြေရှာ သုံးသပ်သင့်ပါတယ်။ တကယ်ကူညီပေးချင်တယ်ဆိုရင် အတိုးနှုန်း သက်သာစွာ ချေးပေးသင့်ပါတယ်။ အကြွေးယူပြီးရင် ပြန်မဆပ်ချင်တဲ့ ဆင်းရဲသားတွေ အစိုးရငွေ၊ အဖွဲ့အစည်းရဲ့ငွေတွေကိုတော့ ပြန်မဆပ်ပဲ မနေရဲကြပါဘူး။ သူတို့ ဖြစ်တဲ့နည်းနဲ့ ပြန်ဆပ်ကြပါတယ်။

    နောက်ထပ် ဖောက်သယ်ချချင်တဲ့ အကြောင်းအရာကတော့ အမျိုးဘာသာကို အလွန်ချစ်ကြသည် ဆိုသော (၉၆၉) အဖွဲ့ဝင်များအကြောင်းပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ဘယ်သူက စလဲလို့ ကျွန်မ စပ်စုကြည့် ပါတယ်။ ရွာက ကျောင်းထိုင်ဘုန်းကြီးက စတာလို့ဆိုပါတယ်။ ဟုတ်မဟုတ်တော့ ကျွန်မလည်း အတိအကျ မသိရပါ။ ကျွန်မတို့ရွာမှာ မွတ်စလင်အိမ်ခြေ (၂၀)လောက်ရှိတယ်ဆိုတော့ အဲဒီမွတ်စလင်တွေနဲ့ ကင်းကင်းရှင်းရှင်း နေဖို့ စည်းရုံးကြတယ်။ ကျွန်မတို့ ရွာကို သက်သေတည်ဆိုတဲ့ ဆောင်းပါးမှာ ကျွန်မတို့ရွာက ဗုဒ္ဓဘာသာဝင်နဲ့ မွတ်စလင်တွေ သင့်သင့်မြတ်မြတ် ရှိကြတယ်လို့ ရေးခဲ့မိပါတယ်။ အခုတော့ အရင်လို မဟုတ်တော့တာကို စိတ်မကောင်းစွာ သိခဲ့ရပါတယ်။

    မွတ်စလင် လယ်သမားတယောက်ရဲ့ လယ်ထဲကို ဗုဒ္ဓဘာသာဝင် ကောက်စိုက်သမတွေ ကောက်စိုက် ဆင်းတာကို (၉၆၉) အဖွဲ့က သွားပြီးပြသနာလုပ်လို့ ကောင်းစိုက်သမတွေ အားလုံးလယ်ထဲက ပြန်တက်လာကြရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီလုပ်ရပ်က သူတပါးအကျိုးစီးပွား ပျက်စီးကြောင်းကို ဖြစ်စေတာမို့ မလုပ်သင့်ဘူးဆိုတာကို ဘွဲ့ရအချို့ပါဝင်တဲ့ (၉၆၉) အဖွဲ့ဝင်တွေ မစဉ်းစား မဆင်ခြင်နိုင်တာကို အံ့သြစွာ တွေ့ရပါတယ်။ သူတို့အဖွဲ့ကို အားမပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း မကျေနပ်ကြဘူးလို့ ဆိုပါတယ်။ ဘေးရွာက ဘုန်းကြီးများနဲ့ ရွာသားများကို (၉၆၉) အဖွဲ့ ဖွဲ့ဖို့စည်းရုံးကြတာ မအောင်မြင်ပါ။ ရွာက လူနည်းစုဖြစ်တဲ့ ကရင်တွေ (၉၆၉) အဖွဲ့ထဲ မ၀င်လို့ ဗုဒ္ဓဘာသာဝင် မစစ်ဘူးလို့ ဝေဖန်ပုတ်ခပ် ပါတယ်။ ရွာက ကရင်တွေအများစု ကျွန်မနဲ့ ဆွေမျိုးမကင်းသူတွေ။ ကျွန်မ အမျိုးတွေ အေးအေးလူလူ နေကြတာကို ကျေနပ်မိပါတယ်။

    ရွာမှာ သာရေးနာရေးတွေရှိရင် အရင်ကလို အသံချဲ့စက်ဖွင့် ပါတယ်။ မင်္ဂလာဆောင်ဆိုရင် မင်္ဂလာသီချင်းနဲ့ အချစ်အလွမ်း သီချင်းတွေ ဖွင့်ကြပါတယ်။ နာရေးဆိုရင်တော့ တရားခွေတွေ ဖွင့်ပါတယ်။ ရွာသားတွေကြိုက်တဲ့ ဆရာတော် ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)ရဲ့ တရားတွေဖွင့်တယ်။ ခုနောက်ပိုင်း အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရေး တရာခွေတွေလည်း ဖွင့်ကြပါတယ်။ လူ့အခွင့်အရေးထက် အမျိုးသားရေးက ပိုအရေးကြီးတယ် ဆိုလား။ တရွာလုံးကြားနိုင်တဲ့ အသံချဲ့စက်ကတဆင့် ကျွန်မ ကြားခဲ့သော ဘုန်းကြီးတပါးရဲ့ ဟောပြောမှုတွေဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် တစုံတရာ သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒီအတွက်လည်း စိတ်မကောင်း ဖြစ်မိပါတယ်။

    ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေ ရေရှည်ကို ကြည့်တတ်တဲ့ ဥာဏ်အမြော်အမြင်တွေ ရှိကြရင်၊ မြတ်စွာဘုရား ဆုံးမတော်မူခဲ့တဲ့အတိုင်း ဆူကြုံအလတ် လူသတ္တ၀ါ အားလုံးပေါ် အပိုင်းအခြား အကန့်အသတ်မရှိ မေတ္တာထားနိုင်ကြရင် ရှုပ်ထွေးတဲ့ ပြသနာတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ သုံးသပ်မိပါတယ်။

    ရွာပြန်တဲ့အခိုက် အိမ်လည်ထွက်ရင်း တိုင်းရေးပြည်ရေးတွေကို စိတ်ဝင်စားသူတွေနဲ့ တွေ့ရင် နားလည်သလောက် ဆွေးနွေးဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံခြားကနေ ဘယ်လိုမဲပေးမှာလဲ၊ သံရုံးကနေ တဆင့်မဲပေးမှာလားလို့ မေးတဲ့သူက မေးပါတယ်။ အခြေအနေကောင်းရင် ကိုယ်တိုင်ကိုယ်ကျ ပြန်လာပြီး မဲပေးမယ်လို့ ကျွန်မ ပြန်ဖြေပါတယ်။ ၂၀၁၀ လိုရွေးကောက်ပွဲ မျိုးဆိုရင်တော့ လေယာဉ်လက်မှတ်ဖိုး အကုန်ခံပြီး ပြန်မလာဘူး။ သံရုံးကနေ တဆင့်မဲပေးဖို့အတွက် သံရုံးကလူတွေကို မယုံဘူးလို့ စိတ်ထဲရှိတာ ဖြေလိုက်ပါတယ်။ အခြေခံ ဥပဒေကို မပြင်ရင် ကျွန်မတို့ ဘယ်လို ရှေ့ဆက်ကြမလဲလို့ မေးမိတော့၊ ကျွန်တော်တို့က နောက်လိုက်တွေပဲ ကိုယ့်ရှေ့က ခေါင်းဆောင် တွေရဲ့နောက်ကို လိုက်ကြရုံပေါ့လို ပြန်ဖြေပါတယ်။ အဲဒီအဖြေကို ကျွန်မ သဘောကျမိပါတယ်။ ရွာမှာ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း၊ နိုင်ငံရေး အခြေအနေ မျက်ခြေမပြတ် စောင့်ကြည့်လေ့လာသူတွေ ရှိနေတာကိုတော့ ကျေနပ်မိပါတယ်။

    ရွာတခေါက် ပြန်ရောက်တဲ့အခိုက်မှာ မြင်သမျှ တွေ့သမျှ အလုံးစုံကိုတော့ စာမဖွဲ့လိုပါ။ ဧရာဝတီတိုင်းမှာ ရှိတဲ့ စံပြကျေးရွာဆိုသော ရွာတရွာရဲ့ လက်ရှိအခြေအနေကို စာဖတ်သူများ သဘောလောက် သိရအောင် ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါတယ်။ မမြင်ရတဲ့ ရေပြင်အောက်က ရေခဲတုံးကြီးကို မှန်းဆကြည့်နိုင်ဖို့၊ ရေပြင် ထက်က ရေခဲတုံးရဲ့ ထိပ်ပိုင်းလေးကို ဖွင့်ပြလိုက်ခြင်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ ကျေးလက် လူဦးရေက မြို့ပြထက်လူဦးရေ ပိုများတာမို့ ကျေးလက်နေလူထုရဲ့ လိုအပ်ချက်နဲ့ သူတို့ရဲ့ အတွေးအမြင် တွေကို နားလည်နိုင်ဖို့ အရေးကြီးတယ် ဆိုတဲ့အကြောင်း တင်ပြလိုက်ပါတယ်။

    ရွှင်လန်းချမ်းမြေ့ကြပါစေ။
    ၁၊၁၂၊၂၀၁၄။

    http://moemaka.com/archives/41050

  • မြန်မာအမျိုးသမီးများ ကြုံတွေ့နေရဆဲ လိင်အကြမ်းဖက်မှု

    မြန်မာအမျိုးသမီးများ ကြုံတွေ့နေရဆဲ လိင်အကြမ်းဖက်မှု

    ဒီဇင်ဘာ ၂ ၊ ၂၀၁၄
    M-Media

    တိုင်းရင်းသားလူ့အဖွဲ့အစည်းများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာ့ GDP ကြီးထွားနှုန်းက ဖုံးကွယ်ထားလေသလော ?

    20141126104245713734_20

    ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း အချို့မှ လတ်တလောပြင်းထန်စွာ ဝေဖန်နေမှုနှင့် သက်ဆိုင်ခြင်း မရှိသကဲ့သို့ မြန်မာ့ဒီမိုကရေစီ လမ်းကြောင်းကား အာဏာပိုင်များနှင့် စီးပွားရေး လုပ်ငန်းများမှ ပွဲတော်တည်နေသည်မှာ လေးနှစ်တိုင်ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့တစေ တိုင်းပြည်၏ အကူးအပြောင်းဝန်းကျင်မှ အဆိုများက နိုင်ငံတွင်းရှိ အဖယ်ကြဉ်ခံရဆုံး အုပ်စု၏ တကယ့်အရှိတရားကို ပိတ်ဖုံးထားပေသည်။

    တိုင်းရင်းနွယ် လူ့အဖွဲ့အစည်းရှိ အမျိုးသမီးများ အဖို့မူ သမ္မတဦးသိန်းစိန်၏ ပြန်လည်ပြုပြင်ရေး အစိုးရအဖွဲ့ကို နိုင်ငံတော်ကျောထောက်နောက်ခံပြု လိင်အကြမ်းဖက်သော လူ့အခွင့်အရေး ချိုးဖောက်ချက်များဖြင့် စွဲမှတ်ထား၏။ လာမည့်အင်္ဂါနေ့သည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ အပေါ် အကြမ်းမဖက်ရေးနေ့ ဖြစ်ပြီး၊ မြန်မာနိုင်ငံ တစ်ဝှန်း စစ်တပ်၏ မုဒိန်းသားကောင်အဖြစ် အမျိုးသမီးတို့၏ ဘ၀များအား ဆက်လက် အညွန့်ချိုးနေခြင်းကို ပြသရန် အခွင့်အလမ်းကောင်း တစ်ရပ်ဖြစ်သည်။

    မြန်မာ့အကူးအပြောင်း ပြောဆိုကြသူများမှာ တိုင်းရင်းသား လူ့အဖွဲ့အစည်းများအကြောင်း သိပ်အသံ မထွက်ကြချေ။ တိုင်းရင်းသားနယ်ပယ်များတွင် အခြေခံ လူ့အခွင့်အရေး ခံစားခွင့်နှင့် မျှတသော တရားစီရင်မှုတို့မှာ ယခင်အတိုင်း အလှမ်းဝေးနေဆဲပင်။ နိုင်ငံတကာမှစေလွှတ်သော ဖွံ့ဖြိုးရေး ပရောဂျက်များက  မြန်မာစစ်တပ်၏ ကိုယ်ကျိုးစီးပွား ပမာဏနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုသာ တဟုန်ထိုး အရှိန်မြင့်မားသွားစေခဲ့သည်။ ဤပြစ်မှု ကျူးလွန်သူများမှာမူ ပြစ်ဒဏ်၏ စက်ကွင်းမှ လွတ်မြောက်နေဆဲဖြစ်သလို၊ ထိုသူတို့ လက်မှလွတ်ပြီး ရှင်သန်ကျန်ရစ်သူများမှာလည်း မိမိတို့ဘ၀ကို ပြန်လည် ထူထောင်ရာတွင် အစိုးရထံမှ မည်သည့် အကူအညီမရ၊ သို့သာမက မိမိတို့ကြုံဆုံရမှုတို့ကို ထုတ်ဖော် မပြောရဲလောက်အောင်ပင် အကြောက်တရားဝင်သည့် အကျိုးဆက်များသာ ဖြစ်ပေါ်နေသည်။

    အပြောင်းအလဲ နတ္ထိ
    ———————-
    မြန်မာအမျိုးသမီးများအဖွဲ့ Women’s League of Burma သည် ဤဒုစရိုက်များကို မှတ်တမ်းပြုနိုင်ရန် တိုင်းရင်းသား အမျိုးသမီးများနှင့်အတူ ဆောင်ရွက်နေသည်မှာ ၁၅ နှစ်ကျော် ရှိနေပြီဖြစ်သည်။ ၂၀၁၀ ခုနှစ်မှစ၍ လိင်အကြမ်းဖက်မှုနှင့် လိင်ပိုင်းစော်ကားရန်ကြံစည်မှုများဆိုင်ရာ သီးခြားဖြစ်အင်ပေါင်း ၁၁၈ မှုကို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ ကျွန်မတို့၏နောက်ဆုံး အစီရင်ခံစာတွင် ဖော်ပြသည့် အတိုင်း “မျှော်လင့်ချက်ရှိခဲ့သော် ဖော်ထုတ်ပြောဆိုသူများ ရှိပေဦးမည်” ဟုသာ ဆိုရပါမည်။ ဤပမာဏသည် ယင်းပြဿနာ၏ အတိမ်အနက်ကို ထုတ်ပြနေသလို ထင်တိုင်းကြဲစော်ကားမှုများ ရှိနေကြောင်း ကိုယ်စားပြုချက်ပင်ဖြစ်၏။ လူ့အခွင့်အရေးကာကွယ်သူများမှ တရားမျှတမှု အတွက် လက်တွဲကြိုးပမ်းရာတွင် ဖော်ပြပြောဆိုသည့် ကြုံဆုံလွတ်မြောက်လာသူများမှာ ခြိမ်းခြောက်ခြင်း၊ အနှောင့်အယှက်ပေးခြင်းကို ရင်ဆိုင်ကြရသည်။ ဤသည်ကား ဦးသိန်းစိန်၏ ပြန်လည်ပြုပြင်ရေး အစိုးရလက်အောက်မှ အမျိုးသမီးတို့၏ သရုပ် မှန်ကားချပ်တည်း။ မြန်မာနိုင်ငံရေး အကူးပြောင်းသည် လေးနှစ်ကာလသို့ ၀င်ရောက်လာပြီး ကွဲပြားခြားနားမှု များစွာ ရှိလာသည်ဟုထင်ရသော်လည်း စင်စစ်၌ ဘာဆိုဘာမျှ  မပြောင်းလဲခဲ့ပါ။ ဤအချက်ကို ရှင်းလင်း ထင်ရှားစေသည့် အကြောင်းအချို့ရှိနေသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံစည်းမျဉ်းတို့မှာ မဖွယ်ရာမှုများဖြင့်သာ တည်ဆောက် စီရင်ထားသည်။ ညှင်းပန်းမှုများမှ မလှိမ့်တပတ်ပြစ်ဒဏ်ရှောင်နိုင်အောင်၊ လွှတ်တော်တွင်း ဥပဒေပြုချက်မှန်သမျှ အဆုံးသတ် ဆုံးဖြတ်နိုင်အောင်၊ လူ့အခွင့်အရေး ကာကွယ်သူများနှင့် လူမှုလှုပ်ရှားသူများကို မတရားဖမ်းဆီး ထိန်းသိမ်းနိုင်အောင် စစ်တပ်ကို အခွင့်အလမ်း ပံ့ကူပေးထားသည်။ မြန်မာ့ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ဥပဒေကြောင်းက လိင်ခွဲခြားမှုအား တရားဝင် အပ်နှင်းထားကြောင်း သိသူနည်းပါးလှ၏။ ဤအချက်နှင့်စပ်လျဉ်း၍ ကုသမဂ္ဂမှ သတိပေးထားသည်။ လိင်ပိုင်းဆိုင်ရာ တဖက်စောင်းနင်းဖြစ်စဉ်များမှာ မြန်မာနိုင်ငံတစ်ဝှမ်း အမျိုးသမီးများအဖို့ လက်တွေ့ကြုံဆုံ ခံစားနေရသည်။ နိုင်ငံတော်ကျောထောက်နောက်ခံ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု၊ မုဒိန်းမှု၊ တရားစီရင်ခြင်းကို အကွက်ကျကျ တိမ်းရှောင်မှု၊ နိုင်ငံရေးနှင့် လူထုရေးကဏ္ဍ၌ ဖယ်ကြဉ်ခြင်း စသည်တို့ဖြစ်သည်။

    စစ်တပ်ကို မလှိမ့်တပတ်ပြစ်ဒဏ်ရှောင် ခွင့်ပေးထားခြင်းက တရားမျှတ မှုရရှိရေးအတွက် အကာအဆီးဖြစ်နေစေသည်။ တရားစီရင်ရေး၊ ရဲဌာန၊ နိုင်ငံရေး ကိုယ်စားလှယ်များ စသော နိုင်ငံ့ အာဏာပိုင်များ၏ လက်ဝင် လျှိုပတ်သက်နေမှုများကြောင့် ထိုအချက်အား ခိုင်မာအားကောင်းသွားစေသည်။ အကြောင်းမှာ စစ်တပ် ကျူးလွန်သည့်ပြစ်မှုများကို လူထုမြင်ကွင်းမှ ကင်းလွတ်သော စစ်ခုံရုံးများ၊ တပ်တွင်းစီရင်ရေးစနစ်ထံ လွှဲပြောင်းပေးနေခြင်းကြောင့် ပွင့်လင်းမြင်သာသည့် အရေးယူမှုဖြစ်လာအောင် စစ်တပ်အား ဖိအား မပေးနိုင်၍ဖြစ်သည်။

    စစ်အုပ်စုအဖွဲ့ဝင်တစ်ဦးဦးနှင့် သက်ဆိုင်သော အမှုအခင်းဖြစ်လာလျှင် တရားမျှတမှုရရှိနိုင်ရန် အခွင့်အလမ်းနည်းပါးလှကြောင်း လွတ်မြောက် ကျန်ရစ်သူများနှင့် ဒေသဆိုင်ရာအဆင့် အာဏာပိုင်များက သိထားကြသည်။ တရားမျှတမှုရအောင် ရတတ်သမျှလမ်းကြောင်းများဖြင့် တရားခံအားအရေးယူနိုင်ရေး အတွက် ကြိုးပမ်းကြသူအမျိုးသမီးများမှာ ဒေသတွင်းအဆင့်မှာပင် ပြည်နယ် အာဏာပိုင်များက ရှေ့ဆက်မတိုးရေးကို မကြာခဏဆိုသလို တိုက်တွန်းခံကြရသည်။

    ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ကင်းမဲ့နေခြင်းက နိုင်ငံကျောထောက်နောက်ခံ လိင်အကြမ်းဖက်မှုမှ လွတ်မြောက်ကျန်ရစ်သူများအတွက်ရော ၎င်းတို့အတွက် တရားမျှတမှုရရန် ဆောင်ရွက်နေကြသူ လူ့အခွင့်အရေးကာကွယ်သူများအတွက်ပါ အကြောက်တရား ယဉ်ကျေးမှုကို ဖန်တီးပေးလိုက်လေသည်။ ကျွန်မတို့၏ အစီရင်ခံစာသစ်တွင် အမှန်တရား ထွက်ရှိမလာအောင် စစ်တပ်မှ မည်သို့မည်ပုံ ခြိမ်းခြောက်နှောင့်ယှက်သည်ကို အသေးစိပ်ဖော်ပြထားပါသည်။ လွတ်မြောက်လာသူများနှင့် လူ့အခွင့်အရေး ကာကွယ်သူတို့၏၀န်းကျင်များက ၎င်းတို့၏ ပုဂ္ဂလ လုံခြုံရေးအပေါ် ဖြစ်လာမည့် အန္တရာယ်ကို သတိထားနေရသည်။ တရားမျှတမှုရရှိရေး အခွင့်အလမ်း နည်းပါးလွန်းသဖြင့် လူအများအပြားမှာ သူတို့၏ကိုယ်ပိုင် ဘ၀နှင့်ရင်းပြီး စွန့်စားခြင်းထက် နှုတ်ဆိတ်လိုက်ကြကုန်သည်။ လက်ရှိပြန်လည်ပြုပြင်ရေးနှစ်များ အတွင်း ဤဆိတ်ဆိတ်နေ ယဉ်ကျေးမှုအား ဖြိုခွဲရန် စစ်တပ်နှင့် အစိုးရက ဘာဆိုဘာမျှ မပြုလုပ်ခဲ့။

    ဖွံ့ဖြိုးရေးပရောဂျက်များ
    ————————–
    သို့သာမက ဖွံ့ဖြိုးရေးပရောဂျက်များနှင့် အနီးကပ် ဆက်နွှယ်နေသော တိုင်းရင်း လူ့အဖွဲ့အစည်းများထဲ လူ့အခွင့်အရေး ချိုးဖောက်နေခြင်းကို နိုင်ငံတကာမှ အသိအမှတ်ပြုပေး ရပေမည်။ ဤပရောဂျက် အများအပြားသည် သယံဇာတကြွယ်ဝသည့် ဒေသများ၌ ပြုလုပ်နေကြသည်။ ထိုဒေသများဝယ် တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်တပ် အကြား ပဋိပက္ခများ ဖြစ်နေခြင်း၊ ရှေ့ဆက်နေခြင်း၊ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များကို မကြာခဏ ချိုးဖောက်ခြင်း ရှိနေကြသည်။ စစ်တပ် အင်အား အရှိန်အဟုန်ဖြင့် တိုးချဲ့အားကောင်းလာသည်နှင့် အမျှ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် အခြားဒေသများထက် လူ့အခွင့်အရေး ချိုးဖောက်မှု ကြီးထွားလာခဲ့သည်။

    ဤသည်မှာ မြန်မာ့ဖွံ့ဖြိုးမှုဇာတ်လမ်း၏ အခြားတစ်ဖက်မှမြင်ကွင်းဖြစ်သည်။ GDP ကြီးထွားမှုခြေထောက်များအောက်၌ တိုင်းရင်းသားတို့၏ လူ့အခွင့်အရေးများ စတေးခံနေရသည်။ အမျိုးသမီးများ ဘ၀မြှင့်တင်ရေး(NSPAW) အတွက် နိုင်ငံတော် စီမံကိန်းအဖြစ် ကြေငြာချက်များ၊ ယခုနှစ်အစောပိုင်း ဗြိတိန်အစိုးရဦးဆောင်သော ပဋိပက္ခများ၌ လိင်အကြမ်းဖက်မှုအဆုံးသတ်ရေးကော်မတီ၏ ကြေငြာချက်အပေါ် လက်မှတ်ထိုးသဘောတူညီချက်မှုများတွင်လည်း ပြောစရာများ ရှိနေသည်။ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှု၏ ရင်းမြစ်အကြောင်းအပေါ် ပစ်မှတ်ထားခြင်း၊ အမျိုးသမီးအပေါ် ချိုးနှိမ်ခွဲခြားမှုမှန်သမျှ အဆုံးသတ်ခြင်း၊ အနာဂတ်မြန်မာ့ လူ့ထုနှင့်နိုင်ငံရေးတွင် အမျိုးသမီးတို့၏ ပါဝင်မှုအခန်းကဏ္ဍ ခိုင်မာစေခြင်း စသည့် ဦးတည် ရည်ရွယ်မှုများကြောင့် ထိုထိုသောအကြောင်းအရာများမှာ မူအရ လက်ခံကြိုဆိုစရာများချည်းဖြစ်၏။ သို့သော် မြန်မာ့ အကူးအပြောင်းကာလ၌ လက်တွေ့ကျကျပြုပြင်ပြောင်းလဲရေး ကတိက၀တ်များနှင့်အတူ အရေးအရာ အများအပြားမှာ အောက်ခြေ အဆင့်အထိ သက်ရောက်မှု အလွန်တရာ နည်းပါးလျက်ရှိသည်။

    အစိုးရအနေနှင့် ၎င်းတို့၏ ကတိက၀တ်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ချက် တစ်ခုတစ်လေကိုလည်းကောင်း၊ အမျိုးသမီးများစွာကို ထိရောက်စွာ အကျိုးပြုပြောင်းလဲစေသည့် နည်းလမ်းများကိုလည်းကောင်း တွေ့မြင်ရသူ Women’s League of Burma အဖွဲ့ဝင်များအနက် တစ်ဦးမျှမရှိ။ ဒေသတွင်း အရပ်သားလူ့အဖွဲ့အစည်းများမှာ လုံခြုံရေး အန္တရာယ်များနှင့် စိုးရွံ့ကြောက်လန့်ခံပြင်းနေရဆဲ။ မည်သည့်အပြောင်းအလဲမဆို ဗဟိုအဆင့်၌ စတင်ပြုလုပ်ရပါမည်။ ဆယ်စုနှစ်များစွာကြာညောင်းလာသော လူ့အခွင့်အရေး ချိုးဖောက်မှုပုံဟန်များနှင့် မြန်မာ့တိုင်းရင်း အမျိုးသမီးများအပေါ် တရားမျှတမှုငြင်းဆိုချက်များကို ဗဟိုအဆင့်မှ အပြောင်းအလဲ လုပ်နေခြင်း မရှိပါ။ ယခုသော် နိုင်ငံတော်ကျောထောက်နောက်ခံ လိင်အကြမ်းဖက်မှုဒဏ်ခံရပြီး ကြာမြင့်စွာ လျစ်လျူရှုခံရသော မြန်မာ့အမျိုးသမီးများ အတွက် အမြစ်လှန်ပြောင်းလဲမှုကို ကျွန်မတို့ တောင်းဆိုရပါမည်။

    xxxxxxxxxxx

    Al Jazeera  တွင် ဖော်ပြခဲ့သော Women’s League of Burma ၏ အတွင်းရေးမှူးချုပ် ဒေါ်တင်တင်ညို  ရေးသားသည့် Sexual violence continues for Myanmar women ကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။