News @ M-Media

Author: M-Media

  • ဒီပို့တီဗိုနှင့် အက်သလက်တီကိုတို့ ပွဲမတိုင်မီ ရုန်းရင်းဆန်ခတ်မှုကြောင့် ပရိတ်သတ်တစ်ဦး သေဆုံး

    ဒီပို့တီဗိုနှင့် အက်သလက်တီကိုတို့ ပွဲမတိုင်မီ ရုန်းရင်းဆန်ခတ်မှုကြောင့် ပရိတ်သတ်တစ်ဦး သေဆုံး

    ဒီဇင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    xfan-dies-atletico-madrid-deportivo-la-coruna-1417414886.jpg.pagespeed.ic.q88OWGFS5r
    – တနင်္ဂနွေက ဒီပို့တီဗိုနှင့် အက်သလက်တီကို၏ လာလီဂါပွဲမကစားခင် နှစ်ဖက်ပရိတ်သတ်များ ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ဒီပို့တီဗို ပရိတ်သတ်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ခါးသီးသော ပြိုင်ဘက်များဖြစ်သည့် ၎င်းတို့နှစ်သင်း၏ ပွဲစဉ်ကို လာရောက်ကြည့်ရှုကြသော ၂ ဖက်ပရိတ်သတ်များမှာ ပွဲမစမီ ကွင်းပြင်ပ၌ ပြဿနာဖြစ်ခဲ့ကြခြင်းဖြစ်ပြီး အက်သလက်တီကို ပရိတ်သတ်များက အိမ်ကွင်း ဗင်စင်တေးကယ်လ်ဒါရွန် ကွင်းအနီးရှိ မြစ်ထဲသို့ ဒီပို့တီဗို ပရိတ်သတ်တစ်ဦးအား တွန်းချခဲ့သည်။

    ရေထဲပြုတ်ကျသွားခဲ့သည့် အဆိုပါ ပရိတ်သတ်ကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ရေမွန်းသည့် ဒဏ်ရာကြောင့် သတိပြန်လည်လာခြင်းမရှိဘဲ သေဆုံးသွားခဲ့သည်။

ုထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က ချက်ခြင်းပင် လူ ၁၄ ဦးအား ဖမ်းဆီးခဲ့ပြီး အစွန်းရောက်သည့် ဘောလုံးပရိတ်သတ်များ ကွင်းအတွင်းသို့ မ၀င်နိုင်ရန်နှင့် အကြမ်းဖက်မှုများ မပြုလုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဟု စပိန်အစိုးရက ယမန်နေ့တွင် ကြေညာခဲ့သည်။

    ဒီပို့တီဗို ကစားသမားများနှင့် အသင်းဝန်ထမ်းများမှာ သေဆုံးသွားသော အဆိုပါ ပရိတ်သတ်အတွက် ယမန်နေ့က ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေးအစီအစဉ်တွင် ၁ မိနစ်ခန့် ငြိမ်သက် ဆုတောင်းခဲ့ကြသည်။

  • ရန်ပုံငွေ မရှိတော့၍ ဆီးရီးယား စစ်ပြေး ဒုက္ခသည်များအား ထောက်ပံ့မှု ရပ်ဆိုင်းတော့မည်။

    ရန်ပုံငွေ မရှိတော့၍ ဆီးရီးယား စစ်ပြေး ဒုက္ခသည်များအား ထောက်ပံ့မှု ရပ်ဆိုင်းတော့မည်။

    ဒီဇင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    syria_3124173b
    – မိမိတို့တွင် ရန်ပုံငွေ ပြတ်လတ် သွားခြင်းကြောင့် ဆီးရီးယားဒုက္ခသည် ၁.၇ သန်းကျော်အား ရိက္ခာထောက်ပံ့နေမှုများကို ရပ်တန့် ရတော့မည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် WFP က ပြောကြားလိုက်သည်။

    ယမန်နေ့က ပြောကြားလိုက်ခြင်းဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဂျော်ဒန်၊ လက်ဘနွန်၊ အီရတ်နှင့် တူရကီနိုင်ငံများရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသော ဒုက္ခသည်များအတွက် ဒီဇင်ဘာတစ်လ ရိက္ခာထောက်ပံ့ရန် အနည်းဆုံး ကန်ဒေါ်လာ ၆၄ သန်း လိုအပ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    `WFP ရဲ့ စားနိပ်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းလိုက်ခြင်းဟာ ဒီဒုက္ခသည်တွေရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို ထိခိုက်နိုင်ပြီး သူတို့ကိုလက်ခံထားတဲ့ နိုင်ငံတွေမှာ တင်းမာမှု၊ မတည်ငြိမ်မှုနဲ့ မလုံခြုံမှုတွေ ဖြစ်စေနိုင်ပါတယ်´ ဟု WFP ၏ အမှုဆောင်ဒါရိုက်တာ အာသာရင် ကော်စင်က အလှူငွေထည့်ဝင်ရန် နှိုးဆော်စာတွင် ပြောကြားခဲ့သည်။

    ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့သည့် ဆီးရီးယားစစ်ပွဲအတွင်း ဆီးရီးယားပြည်သူ ၃ သန်းခန့်မှာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ရသည်။

    ကုလ၏ စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ်အရ ဒုက္ခသည်များမှာ ဒုက္ခသည်စခန်းများရှိရာ ဒေသအတွင်းရှိ ဈေးဆိုင်များတွင် အဓိကစားသောက်ကုန်ဖြစ်သည့် ဂျုံ၊ ဟင်းချက်ဆီနှင့် သကြားတို့ကို ဘောက်ချာများဖြင့် ထုတ်ယူနိုင်ပြီး ကိုယ်ဝန်ဆောင်များနှင့် နို့စို့ကလေးများရှိသည့် အမျိုးသမီးများအတွက်လည်း အထူးဘောက်ချာများကို ပြုလုပ်ပေးထားသည်။

    ကုလမှ လတိုင်းတွင် ဆီးရီးယားအတွင်းရှိ ဒုက္ခသည် ၄ သန်းကျော်နှင့် အိမ်နီးချင်းနိုင်ငံများရှိ ဆီးရီးယား ဒုက္ခသည် ၁ သန်းကျော်ကို စားရိက္ခာများ ထောက်ပံ့နေရသည်။

    Al Jazeera

     

  • နော်ဝေ ဘုရင် ၏ မြန်မာခရီးစဉ်တွင် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့

    နော်ဝေ ဘုရင် ၏ မြန်မာခရီးစဉ်တွင် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့

    ဒီဇင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    Norwegian King Harald V to Nay Pyi Taw.
    – မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် နားလည်မှုစာချွန်လွှာ တစ်ခုကို မြန်မာနှင့် နော်ဝေနိုင်ငံ တို့က လက်မှတ်ရေးထိုး ခဲ့ကြသည်ဟု တာဝန်ရှိသူများက ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

    အဆိုပါ နားလည်မှု စာချွန်လွှာကို နော်ဝေဘုင်ကြီး ဟာရဲလ်ဗီ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာသမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ဒီဇင်ဘာ ၁ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

    တွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်နိုင်ငံဆက်ဆံမှု တိုးတက်ရေး၊ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းမှုရရေး ကြိုးပမ်မှုများ၊ ပဋိပက္ခအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်ဆောင်မှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ စီးပွားရေး၊ စွမ်းအင်၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ရွေးကောက်ပွဲ ကျင်းပရေး စသည့် ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

    Daw Aung San Suu Kyi met with Norwegian King and Queen2 Daw Aung San Suu Kyi met with Norwegian King and Queen

    ဘုရင်ကြီးဟာရဲလ်မှာ ဒီဇင်ဘာ ၂ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်းပြောကြားခဲ့ပြီး နော်ဝေနိုင်ငံမှ ငွေကြေးထောက်ပံ့ပေးသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့ ၂ ခုဖြစ်သော Center of Excellence for Greening နှင့် ASEAN Institute for Green Productivity အဖွဲ့တို့ ဖွဲ့စည်းကြောင်းကိုလည်း ကြေညာခဲ့သည်။

    ဘုရင်ကြီးမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။

    နော်ဝေနိုင်ငံမှာ မြန်မာ့ဒီမိုကရက်တစ် အပြောင်းအလဲနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ကူညီပံ့ပိုးပေးနေပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်လည်း မြန်မာငြိမ်းချမ်းရေးစင်တာနှင့် အော်စလိုငြိမ်းချမ်းစင်တာတို့ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိနေသည်။

    နော်ဝေကြက်ခြေနီအဖွဲ့ကလည်း မြန်မာနိုင်အတွင်း ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများကို အကူအညီများ ပေးအပ်လျက်ရှိနေသည်။ နော်ဝေမှာ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံအပေါ်ထားရှိသည့် ပိတ်ဆို့မှုများကို ပထမဆုံးစတင်ဖယ်ရှားပေးသည့် နိုင်ငံလည်းဖြစ်သည်။

    နော်ဝင်ဘုရင်ကြီးမှာ ၎င်း၏ကြင်ယာတော်နှင့်အတူ ၅ ရက်ကြာခရီးစဉ်အဖြစ် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရောက်ရှိလာခြင်းဖြစ်သည်။

    ဆင်ဟွာ

    ဓါတ်ပုံ-NLD Chairperson,သမ္မတရုံး Website

  • ဖိလစ်ပိုင်တွင် ကွန်မြူနစ် သူပုန်များ အရေးပေါ်ယာဉ်အား ချုံခိုတိုက်ခိုက်၊ အရပ်သား လေးဦးသေဆုံး

    ဖိလစ်ပိုင်တွင် ကွန်မြူနစ် သူပုန်များ အရေးပေါ်ယာဉ်အား ချုံခိုတိုက်ခိုက်၊ အရပ်သား လေးဦးသေဆုံး

    ဒီဇင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    66364
    – ဖိလစ်ပိုင်နိုင်ငံရှိ ပြည်နယ်တစ်ခုတွင် ကွန်မြူနစ်သူပုန်များက အရေးပေါ်လူနာတင်ယာဉ်တစ်စီးအား ချုံခိုတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ပြည်သူ့တပ်မတော်သစ် NPA ဟု အမည်ရသည့် အဆိုပါ လက်နက်ကိုင်တပ်မှ အဖွဲ့ဝင်များမှာ တနင်္ဂနွေနေ့ ညနေပိုင်းက နိုင်ငံတောင်ပိုင်း Agusan del Sur ပြည်နယ်ရှိ မာဖီလ်ရွာအနီး အရေးပေါ် လူနာတင်ယာဉ်တစ်စီးကို တပ်ဖွဲ့ဝင် ၂၀ ခန့်ဖြင့် ချုံခိုတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး အလ်ဗာတို ကာရ်ဘာရ်က Anadolu သတင်းဌာနသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါ ယာဉ်တွင် ကလေးငယ် ၈ ဦး အပါအ၀င် လူပေါင်း ၁၅ ဦး လိုက်ပါ စီးနင်းလာပြီး အခင်းဖြစ်ပွားရာနေရာတွင် ၂ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့သည်။ အခြား ၂ ဦးမှာ ဆေးရုံရောက်ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ပြီး အသက် ၈ နှစ်ရွယ် မိန်းကလေးတစ်ဦး အပါအ၀င် အခြား ၄ ဦးမှာလည်း ဒဏ်ရာရခဲ့သည်။

    ကာရ်ဘာရ်ကမူ အဆိုပါ တိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့သူများအား ဖမ်းဆီးရန် အတွက် စစ်တပ်များကို တပ်ဖြန့်ချထားလိုက်ပြီဟု ပြောကြားခဲ့သည်။

    အဆိုပါ လူနာတင်ယာဉ်မှာ မာဖီလ်ရွာအနီးရှိ နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းတွင်ပြုလုပ်သော  ကျေးဇူးတော် ချီးမွမ်းပွဲမှ ပြန်လာခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူများထဲတွင် မာဖီလ်ရွာ၏ အကြီးအကဲ အီမီလီယို ဆိုလီဒိုရ်လည်း ပါဝင်ခဲ့သည်။

    ဖိလစ်ပိုင်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် NPA မှာ ၁၉၆၉ ခုနှစ်ကတည်းက ဖိလစ်ပိုင်အစိုးရအား ဆန့်ကျင်တိုက်ခိုက်လာခြင်းဖြစ်ပြီး အစိုးရ၏ ထုတ်ပြန်မှုအရ NPA ၏ တိုက်ခိုက်မှုကြောင့် လွန်ခဲ့သည့် ၈ နှစ်တာကာလအတွင်း လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ရသည်ဟု သိရသည်။

    ဖိလစ်ပိုင်အာဏာပိုင်များကမူ အဆိုပါ NPA အဖွဲ့မှာ ငှက်ပျောသီး၊ နာနတ်သီး၊ ရာဘာစိုက်ခင်းများ၊ မွေးမြူရေးခြံများနှင့် သတ္တုတွင်းများမှ ဆက်ကြေးကောက်ခံကြသည်ဟုလည်း ပြောဆိုကြသည်။

    NPA ပြောက်ကြားတပ်ဖွဲ့မှာ Agusan del Sur ပြည်နယ်အပါအ၀င် နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင်လည်း တိုက်ခိုက်မှုများကို ပြုလုပ်နေသည်။

     

    World Bulletin

  • အမျိုသမီး ၂ ဦး အရှက်ကို ကာကွယ်ရင်း သေဆုံးခဲ့သည့် ဂျာမန်မွတ်စလင် အမျိုးသမီးအား ပြည်သူများ ဂုဏ်ပြု

    အမျိုသမီး ၂ ဦး အရှက်ကို ကာကွယ်ရင်း သေဆုံးခဲ့သည့် ဂျာမန်မွတ်စလင် အမျိုးသမီးအား ပြည်သူများ ဂုဏ်ပြု

    ဒီဇင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    30-11-14_Germany-Pays-Tribute-to-Hero-Muslim-Student
    – စားသောက်ဆိုင်တစ်ခုတွင် အရှက်တကွဲပြုခြင်းခံရသည့် အမျိုးသမီး ၂ ဦးအား လွတ်မြောက်ရန် ကူညီရင်း သေဆုံးသွားခဲ့သည့် မွတ်စလင်အမျိုးသမီးငယ် တဂ်စီ အလ်ဘေရက်အား ဂုဏ်ပြုရန်အတွက် ဖယောင်းတိုင်ထွန်းကာ စုရုံးမှုအတွင်း ဂျာမနီပြည်သူထောင်ပေါင်းများစွာ ပါဝင်ခဲ့သည်ဟုသိရသည်။

    `မရေမတွက်နိုင်တဲ့ အခြားသော နိုင်ငံသားတွေလိုပဲ ကျွန်တော်ဟာ ဒီကြောက်မယ်ဖွယ် ကိစ္စကိုကြားပြီး တုန်လှုပ်ခြောက်ခြားခဲ့ရပါတယ်။  တဂ်စီဟာ ကျွန်တော်တို့ အားလုံးဆီက ကျေးဇူးတင်မှုတွေ၊ လေးစားမှုတွေကို ထိုက်ထိုက်တန်တန်ရရှိသွားခဲ့ပါပြီ။ သူမဟာ ကျွန်တော်တို့အတွက် အတုယူစရာလူတစ်ယောက်အဖြစ် ရှိနေမှာဖြစ်ပြီး ကျွန်တော်တို့ တစ်နိုင်ငံလုံး သူ့အတွက် ၀မ်းနည်းပူဆွေး နေရတာပါ။ တခြားလူတွေက တခြာနည်းလမ်းကို ရှာကြမယ့်အချိန်မှာ တဂ်စီဟာ အတုယူထိုက်စရာ သတ္တိဗျတ္တိနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသခဲ့ပါတယ်´ ဟု ဂျာမနီ သမ္မတ ဂျိုအာချင်း ဂေါက်က ပြောကြားခဲ့ပြီး တဂ်စီ၏ မိသားစုကိုလည်း ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။

    Tugce-EPA

    အသက် ၂၃ နှစ်အရွယ် တဂ်စီမှာ နိုဝင်ဘာ ၁၅ ရက်နေ့က အော့ဖ်ဘန့်ခ်ျမြို့ရှိ -စားသောက်ဆိုင် တစ်ခု၏ ရေချိုးခန်းရှေ့တွင် အမျိုးသားသုံးဦး၏ အရှက်တကွဲပြုခြင်း ခံနေရသည့် အမျိုးသမီးနှစ်ဦးအား လွတ်မြောက်ရန် သွားရောက်ကူညီခဲ့သည်။

    ထို့နောက် ၁ နာရီခန့် အကြာတွင် အမျိုးသား သုံးဦးထဲမှ အသက် ၁၈ နှစ်အရွယ် ဆာနီလ်အမ်ဆိုသူက တဂ်စီအား ကားပါကင်ထဲတွင် ပြင်းထန်စွာရိုက်နှက်ခဲ့သောကြောင့် တဂ်စီမှာ သတိလစ်မေ့မြောခဲ့ပြီး ကိုးမားရောဂါကို ခံစားခဲ့ရသည်။

    တဂ်စီ၏ မိသားစုများနှင့် မိတ်ဆွေ အပေါင်းအသင်းများက သတင်းကောင်းကို မျှော်လင့် ခဲ့ကြသော်လည်း ဆရာဝန်များကမူ တဂ်စီ၏ ဦးနှောက်မှာ သေဆုံး သွားခဲ့ပြီဟု နိုဝင်ဘာ ၂၆ ရက်နေ့တွင် ကြေညာခဲ့ပြီး မိသားစုကကလည်း တဂ်စီ အသက် ၂၃ နှစ်ပြည့်သည့် နိုဝင်ဘာ ၂၈ ရက်နေ့တွင် အသက်ရှုကိရိယာများကို ဖြုတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

    တဂ်စီ၏ သတ္တိကို ချီးကျူးသည့်အနေဖြင့် ဂျာမန်ပြည်သူထောင်ပေါင်း များစွာတို့မှာ အခင်းဖြစ်ပွားခဲ့သည့် စားသောက်ဆိုင် အရှေ့တွင် တိတ်ဆိတ်စွာ စုရုံး ဆန္ဒပြခဲ့ကြပြီး တဂ်စီအတွက် နောက်ဆုံးနှုတ်ဆက်ခဲ့ကြသည်။
    Tugce1-EPA
    အဆိုပါ လူအုပ်ကြီးမှာ “Seni seviyoruz” (ငါတို့အသင့်ကို ချစ်နေမည်)စသည့် စာတမ်းများရေးသားထားပြီး တဂ်စီ၏ ဓာတ်ပုံကို ကပ်ထားသည့် တီရှပ်များကို ၀တ်ဆင်ကာ ၊ “Danke Tuğçe” (ကျေးဇူးပါ တဂ်စီ) ဟု လက်ရေးဖြင့်ရေးသားထားသော ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ထားကြသည်။

    ထို့ပြင် တဂ်စီ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှု အတွက် Order of Merit ဆု ချီးမြှင့်ရန် အစိုးရထံ တောင်းဆိုလွှာကိုလည်း ဂျာမန်ပြည်သူ ရာပေါင်းများစွာက လက်မှတ်ရေးထိုးခဲ့ကြသည်။

    ဂျာမနီမှာ ပြင်သစ်နိုင်ငံပြီးလျှင် ဥရောပ၌ အစ္စလာမ် ဘာသာဝင် ဒုတိယ အများဆုံးရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေ ၈၂ သန်း၏ ၅ ရာခိုင်နှုန်းခန့်မှာ အစ္စလာမ် သာသနာကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။

    ထို့အပြင် အစ္စလာမ်မှာ ခရစ်ယာန် ပရိုတက်တက်စတင့်နှင့် ခရစ်ယာန်ကက်သလစ် တို့ပြီးနောက် ဂျာမနီ၏ တတိယအကြီးဆုံး အယူဝါဒလည်းဖြစ်သည်။

    OnIslam