News @ M-Media
Author: M-Media
  • အခြေခံဥပဒေပြင်ဆင်ရေး တွန်းအား ဆက်ပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို
    အခြေခံဥပဒေပြင်ဆင်ရေး တွန်းအား ဆက်ပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို
    နိုဝင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    0CA014CD-0C30-4B25-85AF-B25EBD917EAC_w640_r1_s_cx2_cy11_cw82
    – လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များကို ၂၀၁၅ ရွေးကောက်ပွဲပြီး လွှတ်တော်ပြန်ခေါ်ချိန် အတည်ပြုမည်ဟု ပြောကြား ခဲ့သော်လည်း မိမိနှင့် မိမိအား ထောက်ခံသူများမှာ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆက်လက် တွန်းအားပေးသွားမည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
    VOA မြန်မာပိုင်းဌာနနှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းမှာ အရေးကြီးသော ကိစ္စတစ်ခုဖြစ်သည်ဟုလည်း ဆိုသည်။
    “ကျမတို့ အလုပ်စလုပ်ကတည်းက လွယ်နိုင်မယ်လို့တော့ ဘယ်တုန်းကမှ မသုံးသပ်ခဲ့ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်မယ် ဆိုတာကတော့ အဓိက ယုံကြည်ပါတယ်။ ဒီဟာက ဘယ်တော့ဖြစ်မှာလဲ ဆိုတဲ့အပေါ်မှာတော့ ဒီဟာက မေးခွန်းရှိတာပေါ့နော်။ အနှေးနဲ့အမြန်ပေါ့။ ဒါပေမယ့် မြန်လေလေ နိုင်ငံအတွက် ကောင်းလေလေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ဖို့လိုတဲ့ကိစ္စတွေကို မြန်မြန် ပြင်ရဲတဲ့သတ္တိရှိရမယ်။ မြန်မြန်ပြင်နိုင်တဲ့ အရည်အချင်း ကျမတို့မှာ အားလုံးလိုတယ်။ အဲတော့ မြန်လေ တိုင်းပြည် မနာလေပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မြန်မာပြည်သူအားလုံးအတွက် အဆင်သင့်ရှိနေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည့်အချက်များတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားသည့် ပုဒ်မ ၅၉ (စ)လည်း ပါဝင်ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ထိုအပိုဒ်မှာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကို ရည်ရွယ်ခြင်းမဟုတ်ဟု ပြောကြားခဲ့သည်။
    “ဒီကန့်သတ်ချက်ဟာ လူတစ်ယောက်၊ ဒါမှမဟုတ် အုပ်စုတစ်ခု ဒါမှမဟုတ် တိုင်းရင်းသားလူမျိုးစု တစ်ခုကို ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးကို ကာကွယ်ထားတာပါ။ နောက်ပြဿနာတစ်ခုက လွတ်လပ်ရေးမရခင်က ရှိခဲ့တဲ့အခြေအနေကို ထည့်သွင်း စဉ်းစားရပါတယ်။ ပြီးတော့ လူဦးရေ အလွန်များတဲ့ တိုင်းပြည်တွေကြားမှာ ရှိနေရတာကြောင့် လူဝင်မှုကြီးကြပ်ရေးပြဿနာတွေလည်း အများကြီးရှိနေပါတယ်” ဟု ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်
ုထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၅ သန်းသောပြည်သူများ၏ လက်မှတ်များကို ကောက်ယူထားသော်လည်း အခြားသူများ၏ ဆန္ဒကို ကြည့်ရှုရန် လိုအပ်မည်ဟု ပြောကြားခဲ့သည်။
    ဒေါ်အောင်ဆန်းစုကြည်ကမူ ကာကွယ်ရေးဦးစီးချုပ်၏ ထိုသို့ ပြောကြားမှုကိုလည်း တုံ့ပြန်ပြောဆိုခဲ့သည်။
    “ဒီလိုဆိုရင် ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲလုပ်လိုက်လေ။ ကျမတို့ကတော့ အဆင်သင့်ပဲ။ အဲလိုဆိုရင် တခြားလူတွေရဲ့ ဆန္ဒတွေလည်း ပါလာမှာပေါ့” ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။
    ref_ VOA
  • M-Media e-NewsLetter Vol1.No12
    M-Media e-NewsLetter Vol1.No12
    နိုဝင်ဘာ ၂၄ ၊ ၂၀၁၄
    M-Media
    cover
    ဤစာစောင်ငယ်သည် အွန်လိုင်းလုံးဝ အသုံးမပြုနိုင်သူများ၊ အွန်လိုင်း အမြဲမသုံးနိုင်ဘဲ အချိန်အခက်အခဲရှိသူများ  personal print ထုတ်ဖတ်နိုင်ရန် ၊ လက်ဆင့်ကမ်း ဖြန့်ဝေနိုင်ရန် သတင်းနှင့်ဆောင်းပါးအချို့ ကို ကန့် သတ် အနေဖြင့် စုစည်းပေးထားခြင်းဖြစ်ပါတယ်။
    ယခု ထုတ်ဝေဖြန်ချိလိုက်တဲ့ e-Newsletter ကို ဖတ်ရှုသူများ အနေဖြင့် မျက်နှာဖုံးနဲ့ မာတိကာမှာ ပါရှိတဲ့ Link များကို နှိပ်ရုံဖြင့် သတင်းရှိရာ စာမျက်နှာသို့ ရောက်ရှိသွားအောင် Hyperlink များ ထည့်သွင်းပေးထားပါတယ်။
    ကဏ္ဍများကို ယခင်ထက် စုံလင်အောင် စီစဉ်ပေးထားပါတယ်။
    M-Media မှ e-Newsletter ကို ၂ ပတ်တကြိမ် ပုံမှန် ကြိုးစား တင်ဆက်ပေးသွားပါမယ်။
    File Size 7.2 MB
    DownLink
    ————–
    http://goo.gl/sYmp2G
    https://www.dropbox.com/s/pj22mau67m5k13o/Vol.1No.12.pdf?dl=0
    Featured Story
    ——————–
    အာဏာရှင်များကြောက်ရွံ့နေဆဲ အနှိမ်ခံဘုန်းတော်ကြီး (သို့မဟုတ်) အရှင်ဂမ္ဘီရ
    မြန်မာပြည် လူ့အသိုင်းအ၀န်းကြားက ပဋိပက္ခများ
    သူ့အမြင်
    တာဝန်အမဲ့ဆုံး၊ စည်းအပျက်ဆုံးအုပ်စု
    အင်တာဗျူး
    —————-
    ၂၀၁၄ ခုနှစ် “အကောင်းဆုံးသုတေသန စာတမ်းရှင်ဆု’’ ဒေါက်တာစိုးနိုင်နှင့်တွေ့ဆုံခြင်း
    သရော်စာ
    —————
    အေးဂျင့်ဖွတ်နှင့် သမ္မတအိုဘားမား
    ကဗျာ
    ——–
    ကျွန်တော်(လုံးဝ) ဦးမညွတ်ခဲ့ပါဘူး…မေမေ
    သမိုင်း
    ———
    အမျိုးသားနေ့၊ ပထမကျောင်းသားသပိတ်နှင့် မြန်မာမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ
    ထင်ပေါ်ကျော်ကြား မြန်မာမွတ်စလင်မ်ကဏ္ဍ
    —————————————————–
    စာရေးဆရာ တက္ကသိုလ်မောင်မောင်ခင် (အမျိုးသားစာပေဆု ပထမဆုံး ပြဇာတ်စာပေဆုရသူ)
    ကမ္ဘာကျော်မွတ်စလင်မ်များ
    ——————————–
    ကမ္ဘာ့ပထမဆုံး သိပ္ပံပညာရှင် “အိဗ်နု အလ် ဟိုင်သမ်”(Alhazen)
    ကမ္ဘာ့နိုင်ငံများနှင့် ကိုးကွယ်ရာဘာသာ
    ———————————————–
    “ဂျပန်နိုင်ငံခြားရေးဌာန ၀ဘ်ဆိုဒ်မှာဖော်ပြသောအစ္စလာမ်သာသနာအပေါ်အမြင် ဆောင်းပါး”
    မြန်မာသတင်း
    —————-
    ရိုဟင်ဂျာများကို လူသားအဖြစ် အသိအမှတ်ပြုကြောင်း အင်္ဂလန်ဆိုင်ရာသံအမတ် ဦးကျော်ဇွာမင်းပြော
    (မ.မ.လ)ဌာနချုပ်မှပြုလုပ်မည့် ကျပန်းစကားပြောပြိုင်ပွဲ လူမျိုး/ဘာသာမရွေး ၀င်ရောက်ယှဉ်ပြိုင်နိုင်
    အမေရိကန် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်  ကော်မရှင်မှ မြန်မာနှင့်ပတ်သက်ပြီး အစီရင်ခံစာထုတ်
    အောင်ဇေယျတုဂျာနယ်ကိစ္စ မန္တလေးဘာသာပေါင်းစုံအဖွဲ့မှ စာနယ်ဇင်းကောင်စီသို့ တိုင်ကြားစာပေးပို့
    ဖိအားပေးဖြိုဖျက်ခံလိုက်ရသည့် ရမည်းသင်းမြို့မှ  ကန်ကြီးဗလီ
    ကမ္ဘာ့မွတ်စလင်မ်သတင်းများ
    ———————————–
    အင်္ဂလန်မှ ခရစ်ယာန်ဘာသာရေးစည်းဝေးပွဲတွင် မွတ်စလင် ဓမ္မပညာရှင်တစ်ဦး ပထမဆုံးမိန့်ခွန်းပြော
    ပုဝါဆောင်း မွတ်စလင်အမျိုးသမီး ဘော့စနီးယားလွတ်တော်တွင် ပထမဆုံးအမတ်ဖြစ်လာ
    ကနေဒါ စစ်သားဟောင်းများထောက်ပံ့ရေး မွတ်စလင်စီးပွားရေးသမားများ ဦးဆောင်ရန်ပုံငွေရှာ
    ဗြိတိန် မွတ်စလင်မ်ဆန့်ကျင်ရေးလုပ်ခဲ့သူ ဗလီဝတ်ကျောင်းတော်သို့ လာရောက်တောင်းပန်
    အင်ဒိုနီးရှားပြည်သူများ ဘာသာတရား၏ သွန်သင်ညွှန်ပြမှုများဘက်သို့ ပြန်လှည့်မှုတိုးလာ
    Yusuf Islam တစ်ဖြစ် ကမ္ဘာကျော် တေးသံရှင် ကက်စတီဗင် အစ္စလာမ်သို့ကူးပြောင်းခဲ့မှု အသေးစိတ်အတ္ထုပ္ပတ္တိစာအုပ်ထုတ်ဝေ
    နိုင်ငံတကာသတင်း
    ————————-
    ပါလက်စတိုင်းအား အချုပ်အခြာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် အစိုးရအား စပိန်လွှတ်တော်အမတ်များတိုက်တွန်း
    ISIL အဖွဲ့ ပါကစ္စတန်တွင် အခြေမစိုက်နိုင်ဟု လုံခြုံရေးဆိုင်ရာ လေ့လာစောင့်ကြည့်သူများဆို
    ISIL ပေါ်လာပြီးနောက် ယူကေတွင် မွတ်စလင်များအပေါ် တိုက်ခိုက်မှုတိုးလာ
    ဂါဇာရှိ ကုလစာသင်ကျောင်းများကို အစ္စရေး၏ တိုက်ခိုက်မှုအား စစ်ဆေးရန်အဖွဲ့ ဘန်ကီမွန်းဖွဲ့စည်း
    ပါလက်စတိုင်းကျောင်းသား ၁၀၀၀ ကျော်ကို ဗင်နီဇွဲလား နှစ်စဉ်အခမဲ့ ပညာတော်သင်ဆုပေးမည်
    ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုရန် ဥရောပနိုင်ငံများစဉ်းစားနေ
    M-Media e-NewsLetter Vol1.No12
  • မြန်မာအပါအဝင် ၀မ်းတစ်ထွာ အတွက် ခက်ခဲစွာ ရပ်တည်နေရသည့် မလေးရှားမှ ဒုက္ခသည်များ
    မြန်မာအပါအဝင် ၀မ်းတစ်ထွာ အတွက် ခက်ခဲစွာ ရပ်တည်နေရသည့် မလေးရှားမှ ဒုက္ခသည်များ
    နိုဝင်ဘာ ၂၄၊ ၂၀၁၄
    M-Media
    130823-malaysian-solution.gif
    – သူတို့မှာ တရားဝင်အလုပ်လုပ်ခွင့်မရ။ ကလေးများကိုလည်း ကျောင်းထား၍မရ။ ခေါင်းပုံဖြတ်မှု၊ ဖိနှိပ်မှုအန္တရာယ်သာမက ကြိမ်ဒဏ်ရိုက်ခံရမည့် အရေးနှင့်လည်း ၎င်းတို့က ရင်ဆိုင်နေရသည်။ ထိုသူများမှာ အခြားသူများမဟုတ် အမိမြေမှ ထွက်ပြေးခဲ့ရကာ မလေးရှားသို့ လာရောက်ကြသည့် ၁၅၀၀၀၀ သော ခိုလှုံခွင့်တောင်းသူများနှင့် ဒုက္ခသည်များပင် ဖြစ်လေ၏။ ကမ္ဘာ့ အချို့တဲ့ဆုံး ထိုသူများအား ကာကွယ်ရန် မလေးရှား အာဏာပိုင်များနှင့် ကုလမှ တာဝန်ရှိသူများက လုံလောက်စွာ ဆောင်ရွက်ပေးကြခြင်း ရှိ၊ မရှိကို အလ်-ဂျာဇီးရာ၏ 101 East အစီအစဉ် လေ့လာစုံစမ်းကာ ဖော်ပြထားသည့် ရုပ်သံအစီအစဉ်ကို တင်ဆက်ပေးလိုက်ပါတယ်။
    ခီချီဆို၏ မွေးကင်းစကလေးငယ်မှာ ဆိုးရွားသော ကျန်းမာရေးကြောင့် အထူးကြပ်မတ် ကုသမှုကို ခံနေရ၏။ သူမမှာ မီးဖွားမှုမှရရှိသည့် နာကျင်မှုကိုလည်း လောလောလတ်လတ်ပင် ခံစားနေရသည်။ သို့သော်လည်း မြန်မာနိုင်ငံမှ ဒုက္ခသည်တစ်ယောက်ဖြစ်သည့် သူမအတွက် ထိုထက် ဆိုးရွားသည့် ကိစ္စများ ဖြစ်ပျက်ပေတော့မည်။
    သမီးငယ်ကို မွေးဖွားပြီး နောက်တစ်နေ့တွင် သူမ ကလေးမီးဖွားရာ ကွာလာလမ်ပူဆေးရုံသို့ လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူများ ရောက်လာကြသည်။ သူမအနေဖြင့် ကလေးငယ်အား နောက်ဆုံးအကြိမ်အဖြစ် ကြည့်ရှုနိုင်မည်ဟု သူတို့က ပြော၏။ ထို့နောက်မှာတော့ ပူဆွေးဝမ်းနည်းနေသော သူမအား ရဲများက ခေါ်ဆောင်သွားကာ တရားမ၀င် ၀င်ရောက်လာသူများကို ထားသည့် ထိန်းသိမ်းရေးစခန် အတွင်းသို့ ထည့်ထားလိုက်လေသည်။ ထိုထိန်းသိမ်းရေးစခန်းတွင် နေထိုင်နေရသည်မှာ တစ်လခန့်ရှိပြီဖြစ်သည့် သူမအနေဖြင့် သမီးငယ်လေး သေးသလား ရှင်သလားဆိုသည်ကို မသိခဲ့။
    ခီချီဆိုမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကာ မလေးရှားသို့ရောက်လာကြသည့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူ ၁၅၀၀၀၀ ထဲမှ တစ်ဦးဖြစ်လေသည်။ ကွန်းခိုရာနေရာတစ်ခု တွေ့ရှိရမည့်အစား ၎င်းတို့အားလုံးအတွက် ကြိုလင့်နေသည့်အရာကတော့ ဒုက္ခသုက္ခနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုပင် ဖြစ်လေ၏။ အာဏာပိုင်များ၏ လက်ဝယ်တွင်ပါ ထိုကိစ္စများက ဖြစ်ပျက်နေသည်။
    ဒုက္ခသည်များ စိမ့်ဝင်ပြန်နှံ့မှုကို တားဆီးခြင်းနှင့် ပတ်သက်၍ အစိုးရ၏ ဆက်လက်ဆောင်ရွက်နေပြီးကုသသမဂ္ဂ ဒုက္ခသည်များအေဂျင်စီက ထိုကိစ္စအတွက် ဘာမှမလုပ်ဟု ဒုက္ခသည်များက ပြောကြားခဲ့သည်။
    မလေးရှားမှာ ကုလ၏ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်မထိုးထားသည့် နိုင်ငံဖြစ်သည်။ ထို့ကြောင့် မလေးရှားသို့ ၀င်ရောက်လာသူ ဒုက္ခသည်များမှာ UNHCR တွင် စာရင်းပေးသွင်းကြရပြီး ခိုလှုံခွင့်တောင်ခံသည့် လက်မှတ်ကို ရယူကြရသည်။ ထို့နောက်တွင်တော့ အခြားတိုင်းပြည်တစ်ခုသို့ သွားရောက်ရမည့် စာရင်းတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရလေတော့သည်။
    ထိုသို့စောင့်ဆိုင်းရာတွင် တစ်ခါတစ်ရံ ၁၀ စုနှစ်တစ်ခုအထိ ကြာမြင့်သည်။ ဒုက္ခသည်များမှာ ရဲများဖမ်းဆီးမည်ကို ကြောက်ရွံ့မှုဖြင့် နေထိုင်နေရသည်။ ဒုက္ခသုက္ခများသော ထိန်းသိမ်းရေးစခန်းများသို့ ခေါ်ဆောင်မသွားရေးအတွက် အလှဲအလှယ်အဖြစ် ရဲများက ပိုက်ဆံတောင်းကြသည်ဟု ၎င်းတို့က ပြောကြသည်။
    ဒုက္ခသည်များမှာ အလုပ်လုပ်ခွင့်မရှိသလို ၎င်းတို့၏ ကလေးများအား ကျောင်းထားခွင့်လည်းမရှိ။ ၎င်းတို့မှာ လူ့အဖွဲ့အစည်း၏ လောင်းရိပ်များအောက်တွင် ရုန်းကန် လှုပ်ရှားနေရခြင်းကြောင့် ဤသည်က ဒုက္ခသည်အများစုအတွက် ထိလွယ်ရှလွယ်သည့် ရပ်တည်မှုမျိုးလည်း ဖြစ်လေတော့သည်။
    ref_Al Jazeera
  • ဇီဒိန်း၏ နည်းပြခွင့် ပွဲပယ်ပြစ်ဒဏ် ဆိုင်းငံ့
    ဇီဒိန်း၏ နည်းပြခွင့် ပွဲပယ်ပြစ်ဒဏ် ဆိုင်းငံ့
    နိုဝင်ဘာ ၂၄ ၊၂၀၁၄
    M-Media
    408962_heroa
    – ရီးယဲလ်မက်ဒရစ် အရန်အသင်းကို ကိုင်တွယ်နေသည့် ဇီဒန်းအပေါ် နည်းပြလုပ်ခွင့် သုံးလ ပိတ်ပင်ထားခြင်းအား စပိန်ဘောလုံးအဖွဲ့ချုပ်က ဆိုင်းငံ့ပေးခဲ့သည်ဟု သိရသည်။
    ဇီဒိန်းမှာ နည်းပြတစ်ယောက်အဖြစ် ဆောင်ရွက်ရန် လိုအပ်သော အသိအမှတ်ပြု စာရွက်စာတမ်းများ မရှိဟု စပိန်နည်းပြများအသင်းက တိုင်တန်းခဲ့ပြီးနောက် စပိန်ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့သည့်လတွင် ဇီဒိန်းအား နည်းပြလုပ်ခွင့် သုံးလ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
    သို့သော်လည်း ရီးယဲလ်အသင်းက ထိုကိစ္စအား စပိန်အားကစားခုံရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ပြီး အားကစားခုံရုံးကလည်း အဆိုပါ လျှောက်ထားချက်ကို စစ်ဆေးနေစဉ် ဇီဒိန်း၏ ပွဲပယ်ပြစ်ဒဏ်အား ဆိုင်းငံ့ထားရန် ဆုံးဖြတ်ပေးခဲ့သည်။
    ထိုသို့ဆိုင်းငံ့မှုတွင် ဇီဒိန်းအား ကာကွယ်ရန် ၎င်း၏လက်မှတ်အား ပေးအပ်ခဲ့သော လက်ထောက်နည်းပြ ဆန်တီယာဂိုဆန်းချက်၏ ၃ လပွဲပယ်ပြစ်ဒဏ်လည်း ပါဝင်ပြီး ရီးယဲလ်ကမူ ၎င်းတို့ ၂ ဦးလုံးမှာ အသင်းအား ပြန်လည်ကိုင်တွယ်နေသည်ဟု ကြေညာခဲ့သည်။
    ထိုရာထူးအား ထမ်းဆောင်ရန်အတွက် အဆင့် ၃ နည်းပြအသိအမှတ်ပြုလက်မှတ် လိုအပ်သော်လည်း ဇီဒိန်းတွင် အဆင့် ၂ လက်မှတ်သာရှိနေသည်။
  • ခိုင်မှခိုင်တဲ့ကြိုးတစ်မျှင်
    ခိုင်မှခိုင်တဲ့ကြိုးတစ်မျှင်
    နိုဝင်ဘာ ၂၄ ၊ ၂၀၁၄
    M-Media
    .နှင်းဆီခင်ရေးသည်။
    nursing mother
    “သုံးလွန်တင်မှကြိုး ” … တဲ့။ လူတွေသတ်မှတ်ထားကြတာ အမှန်ပဲပေါ့။ သုံးပင်လိမ်ထားတဲ့ ကြိုးကမှတကယ့်ကိုခိုင်ပြီး အသုံးအစွဲခံတာကိုး။ အပ်ချည်မျှင် ကလေးကစလို့ သဘောင်္ကျောက်ဆူးကြိုး အထိ ကြိုးမှန်သမျှ ခိုင်ခိုင်နှောင်းနှောင်းချည်လို့တွယ်လို့ရနိုင်တယ်လေ။ ဒါတွေကလည်း မြင်သာထင်သာလည်း ရှိတယ်။
    ဒါပေမယ့် နှလုံးသားရဲ့အနက်ရိုင်းဆုံးနေရာမှာ သံယောဇဉ်ရှိသမျှ လူချင်းချည်နှောင်ထားဖြစ်တဲ့ ကြိုးလေးတစ်မျှင်ဟာ သေးသွယ်သလောက် အင်အားကြီး လွန်းလှပါတယ်။ အထူးသဖြင့်တော့ အမေနှင့် သားတွေသမီးတွေ အကြားထားကြတဲ့ ကြိုးမျှင်လေးပေါ့။ ဝတ္တု၊ ဆောင်းပါး၊ ကဗျာစာညွှန့် စတာတွေနှင့် ဟိုးပဝေဏသီ ကတည်းကပဲ အမေ့မေတ္တာကိုဖော်ညွှန်း လာခဲ့ကြတာ ခုချိန်ထိလည်း ရေးဖွဲ့လို့ မကုန်နိုင်သလို နောက်နောင် ကမ္ဘာကြီးတည်သရွေ့ရေးလို့ ကုန်မှမဟုတ်ပါဘူးနော်။
    အမေနှင့် ပတ်သက်သမျှ အမှတ်တရလေးတွေကလည်း အကြောင်း တိုက်ဆိုင်လို့ပဲဖြစ်ဖြစ်၊ တမင်ရည်ရွယ်လို့ပဲဆိုဆို ရင်ထဲကိုဖျက်ခနဲ ဝင်ရောက်လာတတ်သည်ပဲ။ တကယ်တော့လေ ရင်ထဲမှာ အကြာကြီးကြာအောင်ထားပြီးမှ လောကကြီးထဲကို ပို့ဆောင်ပေးခဲ့တာ မဟုတ်လား။ အမေနှင့် သားသမီးကြားမှာ တွယ်ငြိထားတဲ့ သံယောဇဉ်ကြိုးက မမြင်ရသည့်တိုင် ခိုင်မှခိုင်ပေါ့။
    ဘဝမှာဘယ်လိုအခက်အခဲလေးကြုံကြုံ “အမေ” လို့နုတ်ကအလိုလိုတမိတတ်ကြတာကို သိစိတ်ရော မသိစိတ်မှာပါ စူးစူးနစ်နစ်မြတ်နိုးနေတဲ့ သံယောဇဉ် အထုကြောင့်ပဲဆိုတာတော့ ငြင်းမရပါဘူးနော်။ မိသားစုတစ်ခုမှာ အဖေနှင့်အမေဟာ နေလိုလလို သြဇာတိက္ကမကြီးသူတွေပါ။ ဒါပေမယ့် ရင်နှင့် အမျှခံစားလာရတဲ့အခါ အဖေ့ထက် (အရှိန်ကြောင့်) အမေ့အနားကပ်ပြီး တိုးတိုးမွှတ်မွှတ် ရင်ဖွင့်ဖြစ်သည်ပဲပေါ့။ အမေ့ဆီကအကောင်းဆုံး အကြံညဏ်တွေရတာ မရတာအပထား “အမေရှိတယ်။ ဘာမှမစိုးရိမ်နဲ့” ဆိုတဲ့ စကားရပ်လေးနှင့်တင် ရင်ထဲကအပူတွေ တစ်ဝက်လောက်အရည်ပျော်ပြီးသားဖြစ်ကုန်ရော။
    တစ်ခါတစ်ရံမှာပေါ့။ ကိုယ့် ရင်ထဲကသောကတွေ ခံစားချက်တွေကို (အမေသိရင် စိတ်ဆင်းရဲမှာစိုးလို့) အမေမသိအောင် သိုဝှက်ထားချင်တယ်။ ဒီတော့ ဖုံးဖုံးဖိဖိ ဟန်မပျက်နေတာပေါ့။ ဒါပေမယ့် ကိုယ့်အမေလေ၊ ဘယ်သူဘယ်ဝါကိုညာလို့ရချင်ရမယ်။ ရင်ထဲကဖြစ်လာခဲ့တဲ့ သားသမီးတွေရဲ့ မျက်လုံးလေးတွေကို ကြည့်လိုက်ရုံနှင့် ရင်ကိုဖောက်ထွင်းမြင်ပြီးသားဖြစ်နေပြီလေ။ အဲဒီလိုသိဖို့ပြင်ဖို့အတွက် အမေ့မှာ ဘွဲ့တွေ တစ်သီကြီးရှိစရာမလိုပါဘူး။ အတန်းပညာလည်းမလိုဘူး။ အမေတိုင်းကျွမ်းကျင်ပြီးသား။
    အဲဒါကြောင့် ပြေလေ့ရှိတာပေါ့။ အိမ်ဦးနတ်ဖြစ်တဲ့ အဖေဆိုတာ မိသားစုတစ်ခုရဲ့ဦးခေါင်းဆိုရင် အမေဟာ အဲဒီဦးခေါင်းကို လှည့်ပေးနိုင်စွမ်းရှိတဲ့ လည်ပင်းပါပဲတဲ့။ ထက်မြတ်တဲ့ ဦးခေါင်းအတွက် လည်ပင်းဆိုတာ မရှိမဖြစ် အရေးပါတဲ့သဘော။
    ကျွန်မလေ အမေ့ကိုအမြဲတမ်းခံစားနေမိတယ်။ အမေဟာ နူးညံ့သိမ်မွေ့တယ် ဒါပေမယ့် သားတွေသမီးတွေ အတွက်ဆိုရင် တောင်တွေကိုတောင်ရွှေ့ပစ်နိုင် စွမ်းရှိတဲ့အစွမ်းရှိတယ်။ ကျွန်မလေ နူးညံ့သိမ်မွေ့ခြင်းနဲ့ အင်အားတွေပြည့်နေတတ်တဲ့ မိန်းမသားတွေကို တအားကြီးကြည်ညိုလေးစားမိတယ်။ အမေ့ဆီကလေ ကျွန်မဟာ လူမှုရေးနဲ့လူသားကောင်းကျိုးတွေ ဆောင်ရွက်ဖို့ တွန်းအားတွေရခဲ့တာပါ။ ကျွန်မ ငယ်ငယ်လေးကတည်းကပဲ အမေကအဲဒီစိတ်ဓာတ်တွေပြုစုလေ့ကျင့်ပေး ခဲ့တာပေါ့။ “အမေဟာ ကျွန်မဘဝမှာ အမြင့်မြတ်ဆုံးအမျိုးသမီးတစ်ယောက်ပါ” လို့ကမ္ဘာကျော်အနုပညာသရုပ်ဆောင် အင်ဂျလီနာဂျိုလီက ရင်ဖွင့်စကားပြောကြားခဲ့ဖူးတယ်။
    အမေနှင့် ပတ်သက်ပြီး ရင်ထဲကစူးနစ်ထိရှခဲ့ရတဲ့ စကားစုလေးတွေကို ကျွန်မဒီကနေ့အထိ မှတ်မိနေဆဲပါ။ အဲဒီအထဲမှာ ကျွန်မမကြာခဏဆိုသလို ဖတ်ပြီးခံစားရလွန်းတဲ့စာညွှန့်လေး တစ်ခုကို မျှဝေခံစားကြည့်မယ်ဆိုရင်တော့
    “Mother- Mum: A shoulder to cry on”
    အမေ… အမေဆိုတာမှီပြီး မှီခိုဖို့ပခုံးတစ်စုံပါလို့ပဲ ဆိုပါရစေ။
    အမေ… အဆုံးမဲ့မေတ္တာတွေပေးခဲ့တဲ့သူ၊ မှီပြီးငိုဖို့ပခုံးတစ်စုံလေ။
    သိပ်ချစ်တဲ့အမေရယ်
    သမီးရဲ့နေ့ရက်တွေကို သက်တံရောင်အလင်းတွေနဲ့ပြည့်စေသူပါ။
    အမေ့အပြုံးလေးဟာ နေမင်းကြီးရဲ့အရောင်လိုတောက်ပလွန်းပါတယ်။ အမေ့အသံက သမီးရင်ထဲက ကြောက့်ရွံ့စိုးရိမ်စိတ်တွေကို ဖယ်ရှားပစ်နိုင်စွမ်းရှိတယ်အမေ။ အမေ့အနမ်းတွေက သမီးပါးပြင်ပေါ်က မျက်ရည်တွေကို ခန်းခြောက်သွားစေတယ် အမေ။
    ဒီလောကကြီးကို အမေခက်ခဲ ပင်ပန်းမှုတွေနဲ့ သမီးကိုပို့ဆောင်ပေးခဲ့တယ်နော်။ သမီးနှလုံးသားမှာအမေဟာ အမြဲတမ်းစိုးမိုးနေမှာပါ။ သမီးကို ယုယကြင်နာမှုတွေနဲ့ နွေးထွေးမှုတွေပေး ခဲ့တဲ့ အမေ့ကို ကျေးဇူးတင်လိုက်တာအမေရယ်။ ပြီးတော့ အမေ့ရင်ခွင်မှာ သမီးကိုဖက်ရင်း စိတ်ဓာတ်ခွန်အားတွေ ပေးခဲ့တယ်နော် အမေ။
    သမီးရယ်…။
    သမီးလေးပါးပြင်က မျက်ရည်စတွေ ခန်းခြောက်ဖို့ပေးစရာအမေ့မှာ စိန်တွေမရှိပါဘူး။
    သမီးရဲ့အပျော်လေးတွေအတွက် အားပါးတရပေးအပ်ဖို့နီလာတွေလည်း အမေ့မှာမရှိပါဘူး။ ဒါပေမယ့် သမီးရယ်…။ အမေ့မှာလေ သမီးမှီပြီးငိုဖို့ ပခုံးတစ်စုံတော့ရှိနေဆဲပါကွယ်။
    နောက်ပြီးသမီးရင်ထဲက လှို့ဝှက်ချက်တွေဖွင့်ပြောရင် အမေနားထောင်ပေးဖို့ အဆင်သင့်ပါ။
    အမေ့မှာလေ… သမီးနွေးထွေးအောင်ပွေ့ဖက်ထားဖို့ လက်အစုံနဲ့ သမီးရင်အေးအောင်ချော့မော့ဖို့ နှလုံးသားတစ်စုံအမြဲရှိနေတယ်ဆိုတာ သမီးလေးယုံ။
    အမေ့ရင်ထဲ ထိုးဖောက်မြင်နိုင်စွမ်းကတော့ သားသမီးတိုင်းမှာ မရှိပါဘူး။ အမေနေရာကိုရောက်လာတဲ့အခါကျမှသာ အမေတစ်ယောက်ရဲ့အချစ်နှင့် သံယောဇဉ်ထုထည်ကို ခပ်ရေးရေးကလေး ခံစားမိလာရာက အသက်အရွယ်ရလေ နစ်နေအောင် ခံစားမိလေပဲဆိုတာ လက်တွေ့ကြုံ ဆုံရတဲ့အခါ သိလာမှာပါ။ ဒီတော့လည်း အမေ့မေတ္တာတွေကို တသသဆင်ခြင်မိရင်…
    စာကြွင်း— လွမ်းလိုက်တာ အမေရယ်
    နှင်းဆီခင်