News @ M-Media

Author: M-Media

  • အစ်မချစ်သူအား လုယူ လက်ထပ်ခဲ့ပြီး နောက်တယောက်နှင့် လက်တွဲနိုင်ရန် သတ်ပစ်

    အစ်မချစ်သူအား လုယူ လက်ထပ်ခဲ့ပြီး နောက်တယောက်နှင့် လက်တွဲနိုင်ရန် သတ်ပစ်

    နိုဝင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media
    Qiao-Li-Tsui
    –  အခြားအမျိုးသားတစ်ဦးနှင် လက်ထပ်နိုင်ရန်အတွက် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးမှာ ၎င်း၏ ခင်ပွန်းဖြစ်သူအား ရိုက်သတ်ကာ မသေမရှင် မြေမြှုပ်ခဲ့သည့် ဖြစ်ရပ်တစ်ခု တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    နိုင်ငံအရှေ့ပိုင်း ဟွန်ဇူးမြို့တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး Qiao Li Tsui မှာ လွန်ခဲ့သည့် ၂ နှစ်ခန့် အသက် ၃၀ အရွယ် Jian Tsao နှင့်တွေ့ဆုံခဲ့ပြီး ချစ်သူများ ဖြစ်ခဲ့ကြသည်။ Jian Tsao မှာ Qiao ၏ အသက် ၂၇ နှစ်အရွယ် အစ်မဖြစ်သူ Wan Niu နှင့် စေ့စပ်ထားသူဖြစ်သော်လည်း Qiao မှာ Jian အား အစ်မဖြစ်သူကို ထားခဲ့ရန် တိုက်တွန်းခဲ့ပြီးနောက် လွန်ခဲ့သည် ၁ နှစ်က လက်ထပ်ခဲ့ကြသည်။

    လက်ထပ်ပြီး တစ်နှစ်ခန့်အကြာတွင် Qiao မှာ အသက် ၂၇ နှစ်အရွယ် Cai Chen နှင့် အွန်လိုင်းတွင် တွေ့ရှိခဲ့ပြီးနောက် ချစ်သူများ ဖြစ်ခဲ့ကြပြီး ၎င်းတို့နှစ်ဦးလက်ထပ်ရန်အတွက် ခင်ပွန်းဖြစ်သူ Jian ကို သတ်ရန် ကြံစည်ခဲ့သည်။

    ထို့နောက် Qiao မှာ ခင်ပွန်းဖြစ်သူအား ပျော်ပွဲစားထွက်ရန်ဟုဆိုကာ တောင်တန်းတစ်ခုပေါ်သို့ ဖျားယောင်းခေါ်ဆောင်သွားပြီး ဓားဖြင့် Jian ရင်ဘတ်အား အချက်ပေါင်းများစွာ ထိုးခဲ့ကာ ခင်ပွန်းဖြစ်သူ သတိလစ်သွားချိန်တွင် ချစ်သူသစ် Cai Chen နှင့်ပေါင်း၍ မြေမြှုပ်ခဲ့ကြသည်။

    သို့သော်လည်း အဆိုပါ စုံတွဲအား ရက်အနည်းငယ်အကြာတွင် ဖမ်းမိခဲ့ပြီး Jian ၏ အလောင်းအား စစ်ဆေးကြည့်ရာတွင် အဆုတ်ထဲ၌ မြေမှုန့်များကို တွေ့ရသောကြောင့် မသေခင် မြေမြှုပ်ခြင်း ခံခဲ့ရသည်ဟု ကောက်ချက်ချနိုင်ခဲ့သည်။

    ၎င်းတို့နှစ်ဦးကိုလည်း တရားစွဲဆိုထားပြီး ပြစ်မှုထင်ရှားပါက Qiao မှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ကျခံရဖွယ်ရှိနေသည်။

    ref_ Mirror

  • ရိုဟင်ဂျာများကို လူသားအဖြစ် အသိအမှတ်ပြုကြောင်း အင်္ဂလန်ဆိုင်ရာ သံအမတ် ဦးကျော်ဇွာမင်းပြော

    ရိုဟင်ဂျာများကို လူသားအဖြစ် အသိအမှတ်ပြုကြောင်း အင်္ဂလန်ဆိုင်ရာ သံအမတ် ဦးကျော်ဇွာမင်းပြော

    နိုဝင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media
    buddha-colorful
    – မြန်နိုင်ငံတွင် ဆယ်စုနှစ်များစွာ ညှင်းပန်းနှိပ်စက်ခြင်းကို ခံနေရသည့် ရိုဟင်ဂျာများကို လူသားများအဖြစ် မိမိတို့က အသိအမှတ်ပြုသည်ဟု အင်္ဂလန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ဇွာမင်းက ပြောကြားလိုက်သည်။

    မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ် အနည်းငယ်မှစ၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း ရိုဟင်ဂျာများအား ဆက်ဆံပုံနှင့် ပတ်သက်၍ နိုင်ငံတကာ၏ ဝေဖန်မှုကို ခံနေရပြီး CNN သတင်းဌာနမှ ခရစ္စတီယိန်း အေမန်ပူရ်းနှင့် အင်တာဗျူးတွင် ဦးကျော်ဇွာမင်းက ယုခု ကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

    “ဟုတ်ကဲ့။ သူတို့ဟာ လူသားတွေပါ။ ဒါပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ လက်မခံပါဘူး” ဟု ၎င်းက ဆိုသည်။

    မျိုးဆက်ပေါင်းများစွာ မြန်မာနိုင်ငံအတွင်း နေထိုင်လာခဲ့သော်လည်း ရိုဟင်ဂျာများမှာ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခံထားရပြီး ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်ကလည်း ရိုဟင်ဂျာများအား နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန် မြန်မာအစိုးရထံ တောင်းဆိုခဲ့သည်။

    သို့သော်လည်း ဦးကျော်ဇွာမင်းကမူ အဖြေမှန်ရရန်အတွက် အချိန်ယူရမည်ဖြစ်ပြီး၊ မီဒီယာများတွင်ဖော်ပြချက်များမှာလည်း မမှန်ကန်ဟု ထည့်သွင်းပြောကြားခဲ့သည်

    “လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်အရင်က မြန်မာနိုင်ငံမှာရိုက်တဲ့ ရမ်ဘို အက်ရှင်ကား တစ်ကားကို ကျွန်တော်ကြည့်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ကျွန်တော်တို့စစ်တပ်နဲ့ပတ်သက်ပြီး ဆိုးရွားတဲ့ အခန်းတွေကို ထည့်ရိုက်ထားပါတယ်။ တကယ်တော့ ကျွန်တော့်ဟာ စစ်တပ်ထဲမှာ နှစ်ပေါင်း ၃၀ လောက် အလုပ်လုပ်လာခဲ့သူပါ။ အခြားသူတွေကို မုဒိမ်းကျင့်ဖို့ သတ်ဖြတ်ဖို့ ကျွန်တော် ဘယ်တော့မှ အမိန့်မပေးခဲ့ပါဘူး။ ဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ ကျွန်တော်တို့ဟာ မီဒီယာမှာဖော်ပြတာနဲ့ တကယ့်အဖြစ်အပျက်တွေကို ချိန်ထိုးကြည့်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၀၉ ခုနှစ်အတွင်း ဟောင်ကောင်ဆိုင်ရာ မြန်မာစစ်သံမှူး ဦးရဲမြင့်အောင်မှာ အင်တာဗျူး တခုတွင် ရိုဟင်ဂျာများ မိမိတို့နှင့် အသားအရောင်မတူဘဲ ဘီလူးတွေလို ရုပ်ဆိုးကြောင်းဖြေကြားခဲ့မှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ဘူးပါonf/

    ref_ CNN

  • အနာဂတ် အန္တရာယ်ကို ညွှန်ပြနေသော မြန်မာပြည်က ဖမ်းဆီး ချုပ်နှောင်မှုများ

    အနာဂတ် အန္တရာယ်ကို ညွှန်ပြနေသော မြန်မာပြည်က ဖမ်းဆီး ချုပ်နှောင်မှုများ

    နိုဝင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media

    rsz_1_farmer
    စစ်တပ်၏ အဓမ္မလယ်မြေသိမ်းမှုတို့အပေါ် ဆန္ဒပြခဲ့ကြ၍ ဖမ်းဆီးခံရသည့် ကျေးရွာငါးရွာမှ လယ်သမားများမှာ ၂၀၁၂ ခုနှစ်ကတည်းကဆိုလျှင် ၂၀၀ နီးပါးရှိနေပြီဖြစ်သည်။ (PHOTO: Han Win Aung)

    လွန်ခဲ့သည့်နှစ်လက ခင်ပွန်းဖြစ်သူ ပြစ်ဒဏ်ချခံလိုက်ရသည့်နောက် မြန်မာနိုင်ငံအနောက်မြောက်ပိုင်း မြေမွန်ရွာရှိ သစ်သားအိမ်စုတ်လေးအတွင်း အမျိုးသမီး တစ်ဦးသည် သူမ၏အနာဂတ်အတွက် စိုးရိမ်သောကဖြစ်လျက် အကြောက်တရားဖြင့် နေထိုင်နေရရှာသည်။

    သူမနှင့်ခင်ပွန်းဖြစ်သူတို့ ပိုင်ဆိုင်ခဲ့သည်ဟု ဆိုသော စိမ်းလွင်လွင်ကွင်းပြင်များထဲက လယ်ယာမြေကွက်ကို စောင့်ကြပ်ထိန်းသိမ်းရန် မြန်မာ စစ်တပ်မှ ဆောက်လုပ်ထားသည့် သွပ်မိုးအိမ်များအား ညွှန်ပြလျက် မျက်ရည်စမ်းစမ်းဖြင့် သူမက ဆိုပါသည်။

    “အခုတော့ ကျွန်မရဲ့ လယ်ယာမြေတွေအားလုံးက စစ်တပ်က သိမ်းပစ်လိုက်ပါပြီ။ ကျွန်မ အမျိုးသားလည်း ထောင်ကျသွားပါတယ်”။

    သူမ၏ခင်ပွန်းသည် ဇူလိုင်နှင့် သြဂုတ်လအတွင်း မတရားဖမ်းဆီးခံရပြီး ထောင်ဒဏ် သုံးလမှ သုံးနှစ်အထိ အမိန့်ချမှတ်ခံရသော လယ်သမား ၅၆ ဦးအနက် အပါအ၀င်ဖြစ်သည်။ သူတို့၏ပြစ်မှုမှာကား ၎င်းတို့၏ ပိုင်ဆိုင်မှုအဖြစ် အငြင်းပွားလျက် ရှိသော လယ်မြေများအတွင်း “ထွန်တုံးတိုက်ပွဲ” တွင် ပါဝင်ခဲ့မှု ဖြစ်ပေသည်။

    လက်ရှိနှစ်များအတွင်း မြန်မာနိုင်ငံသည် နိုင်ငံတကာတန်း ၀င်အောင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးပြုလုပ်နေသည့်နိုင်ငံ တစ်နိုင်ငံအဖြစ် ကြွေးကြော်လျက် ရှိသည်။ အမေရိကန်သမ္မတ အိုဘားမားကလည်း ပြုပြင်ပြောင်းလဲမှု အနေအထားအပေါ် ရှုမြင် သုံးသပ်နိုင်အောင် အာဆီယံထိပ်သီးညီလာခံ တက်ရောက်ရန် ဗုဒ္ဓဟူးနေ့က ခရီးဆန့်လာခဲ့သည်။ သို့သော် စစ်အုပ်ချုပ်ရေး ကာလအတွင်း မြေယာသိမ်းခံခဲ့ရသည့် ပြည်သူများမှာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပြန်လည် ရရှိရေးကြိုးပမ်းရာ၌ အတားအဆီးများ ရင်ဆိုင်နေရဆဲဖြစ်သည်။

    တစစကြီးထွားလာသည့် ပြဿနာ
    ———————————–
    ၂၀၁၂ ခုနှစ်ကတည်းက ထောင်ပေါင်းများစွာသော လယ်သမားတို့သည် မိမိတို့၏ အသိမ်းခံ လယ်ယာမြေများ ပြန်လည်ရရှိအောင် ငြိမ်းချမ်းစွာ အရေးဆို တိုက်ပွဲဝင် လာကြသည်။ ထိုဖြစ်စဉ်မှာ အကယ်၍ သမ္မတ ဦးသိန်းစိန်အစိုးရ အနေနှင့် ပီပြင်ထိရောက်စွာ မကိုင်တွယ် မဖြေရှင်းနိုင်ပါလျှင် ဆက်လက်ဖြစ်ပွားနေဦးမည်ဟု အစိုးရအာဏာပိုင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများက ဆိုသည်။

    ကန့်ဘလူမြို့နယ်တရားရုံးတွင် ကျေးရွာငါးရွာမှ လယ်သမား ၂၀၀ နီးပါးမှာ “ထွန်တုံးတိုက်ပွဲ” တွင် ပါဝင်မှုကြောင့် တရားစွဲဆိုခြင်းကို ရင်ဆိုင်နေရသည်။ ကန့်ဘလူမြို့နယ် အတွင်း၌ လယ်မြေယာမြေ အသီးသီးတို့အား လယ်သမားများမှ ဖြတ်သန်းခြင်း သို့မဟုတ် ထွန်ယက် စိုက်ပျိုးခြင်းမှာ တားဆီးကာကွယ်ရန် လက်နက် ကိုင်ဆောင်ထားသော စစ်သားတို့ဖြင့် တပ်ချထားမှု တိုးပွားလာကြောင်း “ကျွန်မတို့ပိုင် လယ်ယာမြေထဲမှာတောင် လွတ်လပ်စွာသွားလာခွင့် မရှိတော့ပါဘူး” ဟု အဆိုပါအမျိုးသမီးက ပြောကြားသည်။

    ထိုသို့ အဓမ္မသိမ်းဆည်းမှုများ၊ ကန့်ကွက် ဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ သတင်းထောက်များနှင့် ပြောဆိုရန် ကန့်ဘလူမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သူ ဦးသန်းစိန်မှ ငြင်းဆန်ထားသည်။

    “နိုင်ငံခြားသတင်းဌာနတွေနဲ့ မပြောဆိုချင်ပါဘူး”။

    ကန့်ဘလူ၌ တပ်ချထားသည့် စစ်စခန်းများထံ သတင်းထောက်များ ချဉ်းကပ်လာလေလျှင်လည်း မောင်းထုတ်ခဲ့ကြသည်။

    စစ်အုပ်ချုပ်ရေးနှစ်ငါးဆယ်ကာလ၀ယ် နိုင်ငံတော် စီမံကိန်း စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများအတွက်လည်းကောင်း၊ စစ်တပ်နှင့်ဆက်နွှယ်နေသော ပုဂ္ဂလိက ကုမ္ပဏီများအား ငှားရမ်းပေးရန်လည်းကောင်း စစ်တပ်က မြေယာများကို သိမ်းယူကာ မိသားစုထောင်ပေါင်းများစွာကို အဓမ္မရွှေ့ပြောင်းစေခဲ့သည်။

    အစိုးရမှ လျစ်လျူရှုထားသော ဖြစ်စဉ်
    ——————————————–
    အရေးဆိုခွင့်လက်မဲ့ဖြစ်ခဲ့ရသူ တောင်သူလယ်သမားတို့၏ တင်ပြတောင်းဆိုမှု တိုးပွားလာခြင်းကို ကြီးကြပ် ကိုင်တွယ်ရန်အတွက် ၂၀၁၂ ခုနှစ်တွင် (အမည်ခံ) အရပ်သားအစိုးရသစ်မှ မြေယာ စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ စစ်တပ်မှ သိမ်းဆည်းရယူခဲ့သော နိုင်ငံတစ်ဝှန်းလယ်မြေပေါင်း ဟက်တာ တစ်သိန်းခန့် ရှိသည်ဟု ကော်မရှင်၏ ပထမအစီရင်ခံစာ၌ တွေ့ရသည်။ ၎င်းမှာ ခန့်မှန်းချက်သာဖြစ်ပြီး တိကျသော စာရင်းအင်းပင် မဟုတ်သေးကြောင်း အဖွဲ့ဝင်တစ်ချို့က ဆိုသည်။

    ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ရန်ကုန်မြို့မှ ဦးခိုင်မောင်ရီက ကော်မတီ ဖွဲ့စည်းချိန်မှစ၍ တိုင်ကြားတင်ပြချက်ပေါင်း နှစ်သောင်း ရှစ်ထောင်အထက် ရရှိခဲ့သည်ဟု ဆိုသည်။ ကန့်ဘလူမြို့နယ် တည်ရှိသော စစ်ကိုင်းတိုင်းဒေသ တစ်ခုတည်းပင် တရားမ၀င် သိမ်းဆည်းခံရသည့် လယ်မြေမှာ ခန့်မှန်းခြေ ဟက်တာ ရှစ်သောင်း အထက်ရှိသည်ဟု သူ့အဆိုအရ သိရသည်။ သို့သော် လူနည်းစု တိုင်းရင်းသားအရေးအပါအ၀င် ရှေ့ဆက်ဖြစ်ပွားနေသောပဋိပက္ခများကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ ပမာဏအတိအကျကိုမူ မသိရှိရသေးချေ။

    “တိုင်းပြည်အနှံ့မှာ ဒီပြဿနာ ဖြစ်ပေါ်နေပါတယ်။ နိုင်ငံအ၀ှမ်းမှာ စုစုပေါင်း ဧက သုံးသန်းကနေ လေးသန်း (ဟက်တာပေါင်း ၁.၂၁ သန်းမှ ၁.၆၂ သန်းအထိ) ရှိမယ်လို့ ကျွန်တော်တို့ကော်မရှင်က ခန့်မှန်းထားပါတယ်” ဟု သူက အလ်ဂျဇီးရား သတင်းဌာနသို့ ပြောပြသည်။

    အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ပါတီ၏ ရွေးချယ်ခံ လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်သူ ဦးခိုင်မောင်ရီ၏အဆိုအရ စစ်တပ်နှင့် အနီးကပ်ဆက်ဆံရေးရှိနေသည့် လက်ရှိ အာဏာရပါတီမှအစိုးရ အဖွဲ့ဝင်တို့သည် ယင်းပြဿနာအပေါ် ထိရောက် လုံလောက်သော ကိုင်တွယ်ဖြေရှင်းမှု မပြုကြကြောင်း သိရသည်။

    “ဒါဟာ ဒီမိုကရက်တစ်အစိုးရ တစ်ရပ်အတွက် ရရှိနိုင်တဲ့ ပုံရိပ်ဆိုးတစ်ခု ဖြစ်ပါတယ်။ အစိုးရအဖွဲ့က ဒါကို လျစ်လျူရှုထားတယ်။ စစ်တပ်နဲ့ပတ်သက်လာတဲ့ ဘယ်ပြဿနာကိုမဆို အစိုးရအဖွဲ့က ဖြေရှင်းနိုင်စွမ်း မရှိကြဘူး”။

    နိုင်ငံတကာလယ်ယာမြေနှင့် သယံဇာတပြဿနာအရေးကိုလေ့လာသည့် Transnational Institute အဖွဲ့မှ မြန်မာ့ရေးရာ သုတေသီပညာရှင် ကီဗင်ဝုဒ်စ် Kevin Woods က ဤသို့ ငြိမ်းချမ်းစွာဆန့်ကျင် ဆန္ဒပြကန့်ကွက်မှုများသည် လယ်သမားတို့၏ ပိုင်ဆိုင်မှုကို ဖော်ထုတ်တောင်းဆိုသော အလွန်ထိရောက်သည့် နည်းလမ်းတစ်ရပ်ဖြစ်သည်ဟု သူကဆိုသည်။

    “အဓမ္မပြုကျင့်ဆောင်ရွက်မှုနဲ့ ဖမ်းဆီးမှုတွေပေါ် ရဲတပ်ဖွဲ့တုန့်ပြန်ချက်ရယ်၊ ဒီထိန်းချုပ်မှုဗျူဟာရယ်က ဥပဒေသစ်တွေကို ဘယ်လို စံနစ်တကျ ပြုစုဖော်ဆောင်ဖို့ လိုအပ်နေကြောင်း မီးမောင်းထိုးပြသနေပါတယ်။ အစိုးရအဖွဲ့ကို လုပ်ပိုင်ခွင့်ပိုမိုပေးရေး၊ နိုင်ငံသားတွေ အပေါ် ကုမ္ပဏီတွေ ပေးရမယ့်အခွင့်အရေးများ၊ လယ်သမားတွေရဲ့ သက်မွေးမှုနဲ့ လယ်မြေဆိုင်ရာ အခွင့်အရေးတွေ  စသဖြင့်လိုမျိုးပေါ့” ဟု ၀ုဒ်စ်က အီးမေးလ်ဖြင့် ရေးသားပေးပို့ခဲ့သည်။

    ထို့ပြင် သူက ဆန္ဒပြရွာသူရွာသားတွေကို ဥပဒေကြောင်းအရ အရေးဆိုခွင့် မပေးခြင်းသည် သမ္မတဦးသိန်းစိန်အစိုးရမှာ အာဏာရှင် လူတစ်စုကောင်းစားရေး ပန်းတိုင်များကို အကောင်အထည်ဖော်မည့် ဥပဒေကိုသာ အသုံးပြုနေခြင်း ဆိုသော အလားအလာ မကောင်းသည့်အမြင်တစ်ရပ်အား ပေးကမ်းနေကြောင်း ထပ်ဆိုထားသည်။

    မြေယာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြမှုကြောင့် အကျဉ်းကျခဲ့ရသော လူမှုလှုပ်ရှားသူ ဒေါ်မြင့်မြင့်အေးက “ဒါဟာ အနာဂတ်အတွက် အလွန်ကို အန္တရာယ် ကြီးမားပါတယ်” ဟု ပြောပြခဲ့၏။

    ခြိမ်းခြောက်မှုနှင့် အကြပ်ကိုင်မှုများ
    ————————————–
    ကန့်ဘလူမြို့နယ် ကျေးရွာတစ်ရွာမှ ဒေါ်စော ဆိုသူမှာ သူမပိုင် ဧက ၂၀ (၈.၁ ဟက်တာ) လယ်မြေသိမ်းဆည်းခံရသည့်အတွက် နစ်နာဆုံးရှုံးမှုအကျိုးဆက်ကို ခံစားနေရသည်။ မြေယာသိမ်းယူခံရသည့်အတွက် ကျောင်းစားရိတ် မတတ်နိုင်တော့ခြင်းကြောင့် သူမ၏ သမီးနှစ်ဦးကို စားပွဲထိုး အလုပ်အား လုပ်ကိုင်ရန် မန္တလေးမြို့သို့ စေလွှတ်ခဲ့ရသည်။

    “(လယ်ထွန်သပိတ်ပြုလုပ်ကတည်းက) ကျွန်မရဲ့ သားချင်းတစ်ချို့ ထောင်ကျသွားကုန်တာကြောင့် ကျွန်မ စိုးရိမ်ကြောက်ရွံ့လာပါတယ်။ နေရာတကာ စစ်တပ်ရှိနေတဲ့တွက် တစ်နေရာကနေ တစ်နေရာသွားဖို့တောင် မလုံခြုံတော့ပါဘူး” ဟု သူမက ဆိုသည်။

    မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ တောင်သူလယ်သမားများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏လယ်မြေဆိုင်ရာအခွင့်အရေးများမှာ အစိုးရအဖို့ အဓိကကိုင်တွယ်ဖြေရှင်းရမည့်ပြဿနာ ဖြစ်ကြောင်း ကန့်ဘလူလယ်သမားများဖက်မှ နာမည်ကြီးရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။

    “သမ္မတဦးသိန်းစိန်က မိမိတို့ ပြောင်းလဲပြုပြင်နေတယ်ဆိုပြီး ကမ္ဘာကို၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အယုံသွင်းဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် အဖြစ်မှန်ကတော့ သူတို့တစ်တွေ ဘာမှ ပြုပြင်ပြောင်းလဲမှု မပြုလုပ်ကြပါဘူး။ သူတို့(အစိုးရ)ဟာ ပြဿနာတွေကို လျော့ပါးသွားအောင် ဘယ်တောမှ ဥပဒေကြောင်းအရ မဖြေရှင်းကြဘူး။ ထာဝစဉ် အင်အားသုံးဖြေရှင်းနေကြတယ်”။

    အငြိမ်းစားစစ်အရာရှိဟောင်း လက်ရှိ မကွေးတိုင်းဒေသ ဂန့်ဂေါ်မဲဆန္ဒနယ် လွှတ်တော်အမတ်ဖြစ်သူ ဦးလှဆွေက လယ်သမားများသည် ကန့်ကွက်ဆန္ဒပြမှု ပြုလုပ်ကြမည့် အစား စေ့စပ်ညှိနှိုင်းမှုဖြင့်သာ အဖြေရှာသင့်ကြောင်း အမြင်ရှိသည်။

    “လယ်သမားတွေအနေနဲ့ စေ့စပ်ဆွေးနွေးညှိနှိုင်းမှု သဘောထား ရှိဖို့လိုအပ်တယ်။ တကယ်လို့ သူတို့ပိုင်ဆိုင်တဲ့မြေယာက ၅ ဧက (၂ ဟက်တာ) ရှိတယ်ဆိုပါစို့၊ ၂ဧကခွဲ သို့မဟုတ် ၃ ဧက (၁ ဟက်တာမှ ၁.၂ ဟက်တာအထိ) ပြန်ရမယ်ဆိုရင် ကျေနပ်လိုက်ဖို့ ကောင်းပါတယ်”။

    နယ်ခံရွာသားတစ်ဦးဖြစ်သူ ဦးသန်းထိုက်ကမူ မိမိ၏ဘိုးဘွားပိုင်မြေယာနှင့် စပ်လျဉ်း၍ စေ့စပ်ညှိနှိုင်းမှုကိုပင် လက်ခံမည်မဟုတ်ကြောင်း ဆိုသည်။

    “စစ်တပ်က ကျွန်တော်တို့မြေကို (၁၉၉၉ ခုနှစ်မှာ) မတရားသိမ်းပိုက်ခဲ့ပြီး ကျွန်တော်တို့ လယ်သမားတွေအပေါ် ခွေးတွေလို သဘောထား ဆက်ဆံခဲ့ကြတယ်။ ပြန်လည် ရင်ဆိုင်ဖို့ ကြိုးစားခဲ့ကြတဲ့ လယ်သမား တစ်ချို့ကို ထောင်သွင်းအကျဉ်းချခဲ့ကြတယ်။ ဒါကြောင့် ဘယ်သူမှ ဒီလိုလုပ်ဖို့ ရှေ့မတိုးတော့ဘူး”။

    ဒီမိုကရေစီနည်းကျပြုပြင်ပြောင်းလဲရေး ရောင်ခြည် သန်းလာချိန်တွင် ဦးသန်းထိုက်မှာ အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးကတိက၀တ်များအပေါ် ပို၍ အယုံအကြည် ကင်းမဲ့လာပေသည်။ မကြာသေးမီကပင် အသက် ၆၅ နှစ်အရွယ်ရှိ သူ့ဖခင်မှာ (လယ်)ထွန်သပိတ်ထဲ ပါဝင်ဆင်နွှဲမှုဖြင့် ထောင်သွင်း အကျဉ်းချခံခဲ့ရသောကြောင့်ဖြစ်၏။

    “၁၉၉၉ ခုနှစ် စစ်တပ်က ကျွန်တော်တို့ မြေယာတွေကို သိမ်းယူခဲ့ချိန်မှာ လယ်သမားအချို့ကို ဘာအကြောင်းပြချက်မှ မရှိဘဲ ထောင်သွင်းအကျဉ်းချခဲ့ကြတယ်။ ဒီနိုင်ငံဟာ ဒီမိုကရေစီ တိုင်းပြည် ဖြစ်ကောင်းဖြစ်သွားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် စစ်အစိုးရအုပ်ချုပ်မှုနဲ့ ဘာမှမကွာခြားလှပါဘူးဗျာ”။

    xxxxxxxxxxxxxxxxx
    Ref : Al Jazeera
    မူရင်း – Myanmar arrests point to ‘dangerous future
    ပြန်ဆိုသူ – မြင့်မိုရ်မောင်မောင်
    (PHOTO: Han Win Aung)

  • အာဆင်နယ် တိုက်စစ်မှူး ပိုဒေါစကီး လာမည့် ဇန်န၀ါရီတွင် အနာဂတ် အတွက် ဆွေးနွေးတော့မည်

    အာဆင်နယ် တိုက်စစ်မှူး ပိုဒေါစကီး လာမည့် ဇန်န၀ါရီတွင် အနာဂတ် အတွက် ဆွေးနွေးတော့မည်

    နိုဝင်ဘာ ၁၇၊ ၂၀၁၄
    M-Media
    487051_heroa
    – အာဆင်နယ်မှ ထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နေသည့် ဂျာမနီတိုက်စစ်မှူး ပိုဒေါစကီးက ၎င်းမှာ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း၊ ပွဲစဉ်အား စောင့်ကြည့်ခြင်းတို့ဖြင့်သာ အချိန်ကုန်နေရသည်ဟု ပြောကြားလိုက်သည်။

    ဂျီဘရောတာအား ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် သောကြာနေ့ပွဲတွင် ဂျာမနီနှင့် ပွဲချိန်ပြည့် ပါဝင်ကစားခွင့်ရခဲ့သည့် ပိုဒေါစကီးမှာ အာဆင်နယ်အသင်းအတွက် ယခုနှစ်ပရီးမီးယားလိဂ်တွင် လူစားဝင်ကစားသမားအဖြစ် ၄ ပွဲသာ ပါဝင်ကစားခွင့်ရထားသည်။

    ပိုဒေါစကီးက ဂျီဘရောတာနှင့်ပွဲအပြီးတွင် မိမိ၏ ရပ်တည်ချက်ကို ခိုင်မာအောင်ပြုလုပ်ခဲ့ပြီး လာမည့်ဇန်န၀ါရီတွင် အာဆင်နယ်အသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ဖွင့်ဟခဲ့သည်။

    “ပြီးခဲ့တဲ့လေးပွဲမှာ ကျွန်တော်ဟာ အချိန်နည်းနည်းပဲ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။ ဦးထုပ်ဆောင်း၊ လည်စည်းဝတ်ပြီး အခြားသူတွေကစားတာကို ကြည့်နေရတာ၊ အနွေးထည်ကြီးဝတ်ပြီး သွေးပူလေ့ကျင့်ခန်းလုပ်နေရတာနဲ့ပဲ အချိန်ကုန်နေပါတယ်။ ကျွန်တော် ဘာစွမ်းဆောင်နိုင်လဲဆိုတာ အာဆင်နယ်မှာ ပြချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်လုပ်နိုင်တာကိုပြဖို့ အခွင့်အရေး မရပါဘူး” ဟု ပိုဒေါစကီးက ပြောကြားခဲ့သည်။

    ဂျာမနီနည်းပြ ဂျိုအာချင်းလိုကလည်း ပိုဒေါစကီးအနေဖြင့် နိုင်ငံအသင်းတွင် ပါဝင်ကစားချင်ပါက ကလပ်အသင်းနှင့် ပုံမှန်ပွဲထွက်ခွင့်ရရန် လိုအပ်သည်ဟု ပြောကြားထားသည်။

    “နောက်လာမယ့်နှစ်တွေမှာလည်း ကျွန်တော်ဟာ ဘောလုံးကစားချင်ပါတယ်။ ဒါ့ကြောင့် အားလုံးကောင်းပါတယ်လို့ ပြောပြီး စာချုပ်သက်တမ်းပြည့်အောင် ထိုင်စောင့်ရမှာလား?” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။

  • Skype ကို Install မလုပ်ဘဲ သုံးနိုင်မည်

    Skype ကို Install မလုပ်ဘဲ သုံးနိုင်မည်

    နိုဝင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media
    shutterstock_180758705-700x352
    Microsoftက Skypeကို Web Based အဖြစ် မကြာမီ စတင် အသုံးပြုနိုင်တော့မယ်လို့ ကြေငြာပါတယ်။

    ဗွီဒီယို နဲ့စကားပြောနိုင်ဖို့ အတွက်ကတော့ browser plugin ထည့်ပေးဖို့ လိုပါတယ်။

    စီးပွားရေးနဲ့ အဖွဲ့အစည်းတွေ အတွင်း အသုံးပြဖို့ ထုတ်လုပ်ထားတဲ့ Lync ကိုလည်း Skype နဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဧပြီလကလည်း msn messenger (Live messenger) ကို Skypeနဲ့ပဲ အစားထိုးခဲ့ပါတယ်။

    Microsoft ဟာ Skype ကိုဒေါ်လာသန်း၈၅၀၀ နဲ့ ၂၀၁၁ ခုနှစ်က ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

    – daythanix တင်ဆက်သည်။