News @ M-Media

Author: M-Media

  • တရုတ်နိုင်ငံတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ၀က်ကိုက်ခံရ၍ သေဆုံး

    တရုတ်နိုင်ငံတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ၀က်ကိုက်ခံရ၍ သေဆုံး

    နိုဝင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    1415884658050_wps_24_Pic_shows_Locals_cut_the_
    – ၀က်ခြံနားသွားသည့် ကလေးငယ်တစ်ဦးအား ကလေးမွေးထားသည့် ၀က်မက ကိုက်သတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့အား စားသောက်ခဲ့သည့် အဖြစ်အပျက်တစ်ခု တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    နိုင်ငံအရှေ့ပိုင်း ဂျီယန်ဆူပြည်နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ရှေ့ရှိ ဥယျာဉ်တွင် ကစားနေသည့် ကီကီအမည်ရ အဆိုပါ ကလေးငယ်မှာ ၀က်ခြံသို့ သွားရောက်ရာမှ သားပေါက်ထားသည့် ၀က်မက ၎င်း၏ ကလေးများအား ကာကွယ်သည့်အနေဖြင့် ကီကီအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    အခင်းဖြစ်ပွားချိန်တွင် မိဘနှစ်ဦးစလုံးမှာ အိမ်အတွင်းသို့ ၀င်သွားချိန်ဖြစ်ပြီး ကလေးငယ်၏ အော်သံကြားသည့်အတွက်ကြောင့် ထွက်ကြည့်ခဲ့ရာ ၀က်မမှာ ကလေးငယ်၏ မျက်နှာအား ကိုဖြတ် စားသောက်နေသည်ကို တွေ့ခဲ့ရသည်။

    “ကျွန်တော်တို့ အိမ်ထဲဝင်ပြီး မိနစ်အနည်းငယ်အကြာမှာပဲ အော်သံကြားခဲ့ရတာပါ။ ကျွန်တော်တို့ထွက်လာတော့ ၀က်မက မီတာ ၈၀ အကွာမှာရှိနေပြီး ကီကီရဲ့ ဦးခေါင်းကို ကိုက်ဖြတ်နေပါတယ်” ဟု အသက် ၂၅ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူ ဆန်ဆိုင်က ပြောကြားခဲ့သည်။

    ထို့နောက် ရွာသားများရောက်ရှိလာကာ အဆိုပါဝက်မအား သတ်ဖြတ်ကြည့်ရှုခဲ့ရာ ဗိုက်ထဲတွင် ကလေးငယ်၏ ဦးခေါင်းအစိတ်အပိုင်းကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။

    “၀က်မတွေဟာ သွန်သင်ရ လွယ်ကူပေမယ့် ဇီးရှိတဲ့ အကောင်တွေနဲ့ သားပေါက်စ အကောင်တွေဟာ ရန်လိုတတ်ကြပါတယ်။ သူတို့နားကို ကပ်တဲ့ဟာမှန်သမျှ သူတို့ရဲ့ သားသမီးတွေကို ရန်မူမယ်လို့ပဲ ထင်ကြပါတယ်။ လယ်သမားတွေအနေနဲ့ သူတို့ရဲ့ ၀က်တွေကို ၀က်ခြံထဲမှာပဲထားဖို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    ref_ Daily Mail

  • အေးဂျင့်ဖွတ် နှင့် သမ္မတ အိုမား

    အေးဂျင့်ဖွတ် နှင့် သမ္မတ အိုမား

    နိုဝင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    secret-service-cartoon-zyglis-495x399နေရာကား ထရိတ်ဒါးဟော်တယ်

    ဓာတ်လှေကား တံခါးပွင့်သွားသည်နှင့် အထဲမှ အိုဘားမားနှင့် သက်တော်စောင့်နှစ်ဦးထွက်လာသည်

    အမေရိကန်နိုင်ငံ၏ သမ္မတကြီး ဖြစ်သော်လည်း ယခုမူ သာမန် ပြည်သူတစ်ယောက်လို ရုပ်ဖျက်ထားသော အိုဘားမားက သက်တော်စောင့်ဘက်လှည့်၍

    “မြန်မာနိုင်ငံကို ဘာတွေ အပြောင်းအလဲဖြစ်နေလဲ ဒီနေ့ ကျုပ်ကိုယ်တိုင်လေ့လာမယ်ပြောထားတာ စီစဉ်ထားရဲ့လား”

    “ဟုတ် သမ္မတကြီး အကုန်စီစဉ်ပြီးသားပါ သမ္မတကြီးနဲ့အတူ လိုက်ပါဖို့ FBI ကမြန်မာနိုင်ငံကိုလွှတ်ထားတဲ့ စပိုင်တစ်ယောက် စီစဉ်ထားပါတယ်”

    “ကောင်းပြီလေ တွေ့လိုက်ရအောင်”

    ဟိုတယ်အပြင်သို့ထွက်လိုက်သည်နှင့် ၇ှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ကျနစွာ ဝတ်ဆင်ထားသော ဘိုင်စကုပ်မင်းသားရှုံးလောက်အောင် ချောမောခန့်ညားလှသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်

    ထိုသူမှ သံလိုက်ဓာတ်ကဲ့သို့ဆွဲငင်အားကောင်းလှသော အသံဖြင့်

    “ဂွတ်မောနင်း ကျနော်က အေးဂျင့်ဖွတ်ပါ တွေ့ရတာ ဝမ်းသာပါတယ်”

်”တွေ့ရတာ ဝမ်းသာပါတယ် အေးဂျင့်ဖွတ် ကျနော်တို့ သွားကြရအောင်လား”

    “အိုကေ အိုမား”

    “ငင် ဘယ်လိုကြီးခေါ်တာတုန်း”

    “ဟုတ်ဘူးလေ သမ္မတကြီး နာမည် အိုဘားမားလို့ခေါ်ရင် လူတွေသိကုန်မပေါ့ ဟူစိန်လို့ခေါ်ရင်လဲ ဒီက မျိုးချစ်တွေက ရိုက်သတ်အုန်းမယ် အာ့ကြောင့် လျှို့ဝှက်နာမည် အိုမားလို့ ခေါ်တာပါ”

    “အင် ကျုပ်က ကိုရီးယားလဲ မဟုတ် အမေလဲမဟုတ် ထားပါကွယ် ထားပါ ဒါဆို ကျုပ်တို့မြို့ထဲ သွားရအောင် ကားရော ဘယ်မလဲ”

    “အိုမား ဟိုက ယူလာတဲ့ကားတွေ ဒီက ဆီအရောတွေထည့်မိပြီး အကုန် ဝပ်ရှော့ပို့ထားရတယ် ခဗျ”

    “ဟမ် ရက်စက်ချက် မြန်မာပြည်ရယ် ဒါဖြင့် မထူးပါဘူး လုပ်သားပြည်သူတွေ ဘဝသိရအောင် ဘတ်စ်ကားစီးကြရအောင်လား”

    “ကောင်းပါပြီ အိုမား”

    “အဲ့နာမည်ကြီး တတ်နိုင်သမျှမခေါ်စမ်းပါနဲ့ကွာ”

    “အိုကေ အိုမား ဟိုမယ် ကားလာပြီ တက်ရအောင်”

    “ဖြည်းဖြည်းပေါ့ ကားတောင်မရပ်သေးဘူး”

    “ကားတွေက မရပ်ဘူး ဟိုမယ် ၂စီး ပြိုင်မောင်းလာတာ ပြေးတက် ပြေး ပြေး”

    ဟေ!

    အိုမားခဗျာ အဲ အိုဘားမားခဗျာ အေးဂျင့်ဖွတ်နောက်မှ အိမ်ဖြူတော် ဝင်အစီးခံရသလို အူယားဖာယား လိုက်ပြေး၍ ကားပေါ်ခုန်တက်လိုက်ရသည်
    “”
    ဟူး မလွယ်ပါလားကွာ ကားစီးရတာတောင်

    ထိုစဉ် စပယ်ယာက

    “ကဲကဲ နောက်တက်လေးတွေ ကားခလှမ်းမယ်!”

    အေးဂျင့်ဖွတ်မှ အိတ်ကပ်ထဲမှ ပိုက်ဆံထုတ်လိုက်ပြီး ဒီမယ် ၂ ယောက်ခ ၂၀၀ ပါ

    စပယ်ယာ ။” ဒါအထူးကား တစ်ယောက် ၂၀၀ ကျတယ်!”

    အိုမား ။ “ဟင် အထူးကားဆိုပြီး ထိုင်ခုံလဲမရ လူတွေလဲ ပြည့်လို့”

    စပယ်ယာ ။ “မရှည်နဲ့ မစီးချင် အခုဆင်း ဒါထုံးစံပဲ!”

    အိုမား ။ “အွတ် ရော့ရော့ နောက်ထပ် ၂၀၀”

    ပိုက်ဆံလှမ်းယူလိုက်ပြီး စပယ်ယာက

    “ကဲကဲ အားလုံး နောက် ၂ မှတ်တိုင်ဆို ဂိတ်ဆုံးမယ်နော်!”

    “အိုမား ။ ဟင်ခုမှ တက်တာလေ မှတ်တိုင်ရောက်ဖို့အဝေးကြီးလိုသေးတဲ့ဟာ”

    “မရှည်နဲ့ ခုက ရုံးဆင်းချိန် ဟိုဘက်ကြောကို ကွေ့မှ မကျေနပ် ပြန်လိုက်စီး ဒါပဲ”

    “အူကြောင်ကြောင်နဲ့ ဘယ်ကလာတဲ့ တောသားလဲမသိ ဘတ်စ်ကား မစီးဘူးဝူးထင်တယ်!”

    အိုဘားမားခဗျာ နိုင်ငံတကာက ခေါင်းဆောင်များ လွှတ်တော်တွင်း အမတ်များနှင့် စကားစစ်ထိုးလာသမျှ မြန်မာနိုင်ငံက စပယ်ယာနှင့်တွေ့မှ ပိတ်ဟောက်ခံနေရသဖြင့် ခပ်ကုပ်ကုပ်နေလိုက်ရသည် ။

    ကဲ ဂိတ်ဆုံးပြီ အားလုံး ဆင်းမယ်!

    အိုမားလဲ စပယ်ယာကို ဘုရှိုးရှိုးရင်း ကားပေါ်က အဆင်း

    ဗွမ်း

    ” ဖူး ဝရူး ဖူး ဟ ဟ အေးဂျင့်ဖွတ် လုပ်ပါအုန်း ကားကြီးက ဘယ်ချောင်းထဲ ဆင်းသွားတာလဲ မသိ ရေနစ်နေတယ် လုပ်ပါအုန်း”

    “အေးဆေးပါ အိုမားရ စောနက မိုးရွာသွားလို့ရေကြီးနေတာ”

    “ဟေ ရေကြီးတာက ကျုပ်ခါးလည်လောက်ရှိတယ် အခု အဝတ်အစားတွေလဲ စိုကုန်ပြီ ဂြိုလ်တုဖုန်းပေး အဝတ်အစားသစ် လာပို့ခိုင်းရအောင်”

    “ခုတလော မီးခဏခဏပျက်တာနဲ့ အားမသွင်းဖြစ်လို့ ထားခဲ့တယ် အိုမား ရော့ ဒီမယ် အမ်ပီတီနဲ့ဆက်”

    “ပေးကွာ”

    ‘တီ တီ တီ’

    ‘လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ….’

    “အေးဂျင့်ဖွတ် အမ်ပီတီက အရင်အတိုင်းပဲ လိုင်းမမိဘူး အခုပေါ်နေတဲ့ ကတ်လေးတွေပေးစမ်းပါဗျာ”

    “ရော့ ဒီမယ် အော်ရီဒူး အိုမား”

    ‘တီ တီ တီ’

    ‘ဝမ်းနည်းပါတယ်ရှင် ………’

    ” တိန် အော်ရီဒူး လဲတူတူပါပဲလား အေးဂျင့်ဖွတ်ရယ် တယ်လီနော်ပဲ ပေးပါတော့”

    “မရှိတော့ဘူး အိုမားရဲ့ နံပါတ်လှလို့ ပြန်ရောင်းစားလိုက်တာ”

    ” ဟမလေး အေးဂျင့်ဖွတ်ရဲ့ ရက်စက်ချက်ဗျာ”

    ” တတ်နိုင်ဘူးလေ ရေစိုကြီးနဲ့ပဲ ဆက်သွားကြတာပေါ့”

    ” ဒါနဲ့ ကျုပ်ခုဗိုက်ဆာလာပြီဗျ အေးဂျင့်ဖွတ် ကျုပ်ဒီကိုလာတုန်း မျိုးချစ်တွေ ဆန္ဒပြတဲ့အထဲ မုန့်ဟင်းခါးစားပါဆိုတာ တွေ့လိုက်တယ် စားဖူးတယ်ရှိအောင် သွားကြရအောင်”

    ” အိုကေ အိုမား ဟိုရှေ့က ဆိုင်ထဲ ဝင်ရအောင် ”

    ဆိုင်ထဲ ဝင်၍ ထိုင်လိုက်ပြီး

    ” ဆိုင်က လူတွေခြောက်ကပ်နေပါလား စီးပွားရေးမကောင်းလို့ လူတွေ မွင်းခါးတောင် လာမစားနိုင်ကြဘူးထင်တယ် အေးဂျင့်ဖွတ်ရ”

    မှာထားသော မွင်းခါးများလာချပြီး တစ်ဇွန်းခပ်စားကာ

    ” ဖွီ မွင်းခါးက အရေကျဲတောက်ပြီး ကြည်နေတာပဲ ငှက်ပျောအူ ကြက်သွန်ဥလဲမပါ ပဲကြော်ကပျော့ပြဲနေရတဲ့အထဲ မုန့်ဖတ်က ချဉ်နေသေးတယ် တော်ပြီကွာ မစားတော့ဘူး ဟေ့ ရှင်းမယ်”

    “၁ သောင်း ကျပါတယ်”

    ” ဟေ မွင်းခါး၂ပွဲကို တစ်သောင်းတောင်ကျတယ် မွင်းခါးကလဲ ဒီလောက်ချာတူးလန်နေတဲ့ဟာ”

    ” ဒါက ဒီလိုရှိပါတယ် လာစားတဲ့သူမရှိလို့ တစ်ခါတစ်လေ လာစားတဲ့သူဆီက ရိတ်တာပါ ပိုင်ရှင် အပြစ်မဟုတ်ပါဘူး မကျေနပ်နောက်လာမစားနဲ့”

    ” အမယ် ပိုင်ရှင်ဖက်ကတောင် ဖာထေးပေးနေသေးတယ် ရင့်ကလဲ ရင့်သေး မန်နေဂျာခေါ်ကွာ မင်းနာမည် ဘယ်သူလဲ”

    ” ရဲထွဋ် ”

    “ရဲထွဋ် ဒီနာမယ် ရင်းရင်းနှီးနှီးသိပါတယ် ဘယ်မလဲ မန်နေဂျာ”

    မန်နေဂျာ “ဗူးလက်လှဆွေ” မအားဘူး ဒီဆိုင် ဘယ်လောက်ကောင်းကြောင်း ဖေ့ဘွတ်ပေါ် ပို့စ်တင်နေတယ်

    ” ဘာ ဒီလောက် စုတ်ပြတ်တဲ့ဆိုင်ကိုများကွာ နောက်မှတ်ထားရအောင် အေးဂျင့်ဖွတ် ဆိုင်နာမည် ကြည့်လိုက်စမ်းကွာ ဘာတဲ့လဲ”

    ” မိဘပြည်သူများခဗျာ တဲ့”

    “ဟင် ဒါဆို ဒီ ဒီ ဆိုင်ပိုင်ရှင်က”

    အိုဘားမားလဲ ကောင်တာမှ ဆိုင်ရှင်ကို လှမ်းကြည့်ကာ ပါးစပ်ကြီးအဟောင်းသားဖြစ်သွားရလေသည် ။

    xxxxxxxxxxxxxxxxxxxxxx

    အိမ်ကြို အိမ်ကြား ပလပ်ကျွတ် ဖွတ်ကြား ရေးသည်။

  • အောင်ဇေယျတု ဂျာနယ်ကိစ္စ မန္တလေးမှ ဘာသာရေးပေါင်းစုံ အဖွဲ့မှ စာနယ်ဇင်းကောင်စီသို့ တိုင်ကြားစာပေးပို့

    အောင်ဇေယျတု ဂျာနယ်ကိစ္စ မန္တလေးမှ ဘာသာရေးပေါင်းစုံ အဖွဲ့မှ စာနယ်ဇင်းကောင်စီသို့ တိုင်ကြားစာပေးပို့

    နိုဝင်ဘာ ၁၁၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    08a90358c11ee706ddd3d48956afee8bfed70005fbadb4f18223a23533435313
    အောက်တိုဘာ ၃၁ က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ

    ရန်ကုန်။    ။ မန္တလေးမြို့ရှိ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များမှ အောက်တိုဘာလ ၁၇ ရက်နေ့ထုတ် အောင်ဇေယျတုဂျာနယ် အတွဲအမှတ် (၄၄) တွင် အစ္စလာမ်သာသနာနှင့် တမန်တော် မိုဟမ္မဒ် အပေါ်အား ပုတ်ခက်ရေးသားထားခြင်းနှင့် ပတ်သက်ပြီး ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ထံသို့ တိုင်းကြားစာ တစ်စောင်ပေး ပို့ထားကြောင်းသိရပါတယ်။

    ယခုကဲ့သို့ ဘာသာတစ်ခုနှင့် တစ်ခုအကြား အမုန်းတရားများဟောပြော ရေးသား ထုတ်ဝေခြင်းသည် ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ဖြစ်ပွားစေပြီး နိုင်ငံတော်ဖွံ့ဖြိုးရေး တိုးတက်အေးချမ်းသာယာရေးကို နှောင့်နှေးစေပြီး မြန်မာနိုင်ငံ၏ ပုံရိပ်ကိုလည်းကျဆင်းစေသောကြောင့် ယင်းကဲ့သို့ ဘာသာရေးများကို ပုတ်ခတ်နေမှုများအား အချိန်မီတားဆီးပေးနိုင်ရန် တိုင်ကြားစာ တစ်စောင်ပေးပို့ထားပါသည်။ ထိုတိုင်ကြားစာအား ပြန်ကြားရေးဝန်ကြီးဌာန၊ သမ္မတရုံးထိသို့လည်း ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

    ယင်းမြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) သို့ ပေးပို့သည့်တိုင်ကြားစာကို မန္တလေးမြို့မှ ဘာသာရေးခေါင်းဆောင်များဖြစ်ကြသည့် ဆရာတော်ဦးကာဝိယ (ဂဋ္ဌန်နီဆရာတော်)၊ ဆရာတော်ဦးဝိသုတ၊ သိက္ခာရဆရာတော် ဦးကျော်ရွှေ၊ ခလီဖွှဟ်ဦးသိန်းဝင်းအောင်၊ ဦးကံကောင်း(ဟိန္ဒူဘာသာရေးအဖွဲ့) စသည့် ဘာသာရေးခေါင်းဆောင် (၆၀) ကျော်တို့မှ လက်မှတ်ရေးထိုးပြီး တိုင်ကြားထားတာဖြစ်ကြောင်း သိရပါတယ်။

    Mdy

    “ကျွန်တော်တို့ မန္တလေးမှာ ဘာသာပေါင်းစုံကလူတွေပေါင်းပြီး သတင်းစာရှင်းလင်းပွဲတစ်ခုလည်း လုပ်ခဲ့ပြီးပြီ။ အခုလည်း ဘာသာရေးခေါင်းဆောင် (၆၀) ကျော် လတ်မှတ်ရေးထိုးထားတဲ့ တိုင်ကြားစာကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ ကိုတိုင်ထားပါတယ်။ ဒီဇင်ဘာလကုန်ထိ အရေးယူမယူစောင့်ကြည့်ပြီး အရေးယူမှု မရှိဘူးဆိုရင်တော့ အဖွဲ့နဲ့တိုင်ပင်ပြီး ဆက်ကြိုးစားဖို့ ရှိပါတယ်” ဟု မန္တလေးမြို့မှ ခလီဖွှဟ်ဦးသိန်းဝင်းအောင် (ဂိုဏ်းချုပ်ဆရာတော် ဃရာနာအစ္စလာမ်သာသနာပရမတ္တမိသားစုအဖွဲ့) က တိုင်ကြား စာပေးပို့ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြပါတယ်။

    ယင်းဂျာနယ်အား အရေးယူပေးရန်အတွက် အထက်မြန်မာပြည် အစ္စလာမ်ဘာသာရေး အဖွဲကြီး မှလည်း မန္တလေးတိုင်းဝန်ကြီးချုပ်ထံ ပေးပို့တိုင်ကြားထားပြီဖြစ်ကြောင်း သိရပါတယ်။

    အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း မန္တလေးမြို့ ကံတက်ကုန်း (မစိုးရိမ်) ကျောင်းတိုက်တွင် ဘာသာပေါင်းစုံမှ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းသတင်းစာ ရှင်းလင်းပွဲမှ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နှောင့်နှေးစေသော အဖွဲ့အစည်းများကို ရှုတ်ချပြီး လူမျိုးဘာသာရေး ပဋိပက္ခများမဖြစ်စေနိုင်ရန် ဘာသာရေးခေါင်းဆောင်များနှင့် တတ်နိုင်သမျှ  ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပုတ်ခတ်ရေးသားနေသည့် အောင်ဇေယျတု ဂျာနယ်အားလည်း ပြင်းထန်စွာ ရှုတ်ချကြောင်း စသည့်အချက်(၆) ချက်ပါသည့် ကြေငြာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။

    အောင်ဇေယျတု ဂျာနယ်၏ အစ္စလာမ်ဘာသာကို စော်ကားရေးသားမှုကို မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှာ နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာသို့ စာပို့တိုင်ကြားခဲ့ပါတယ်။

    အဆိုပါတိုင်ကြားခဲ့မှုနှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ အောင်ဇေယျတု ဂျာနယ်မှာ အခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများကို ချိုးဖောက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ ကြားဝင် ညှိနှိုင်းပေးရန် ပေးပို့တဲ့စာမှာ ဖော်ပြထားတာကို တွေ့ရ့ပါတယ်။

    မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)မှာ အောင်ဇေယျတုဂျာနယ်တာဝန်ရှိသူများကို ခေါ်ယူသတိပေးသည်မှ လွဲ၍ ထင်သာမြင်သာ ရှိသော အရေးယူဆောင်ရွက်မှုများ မရှိသေးတာကို တွေ့ရှိပါတယ်။

    ဆက်စပ်သတင်းများဖတ်လိုလျှင်

    http://www.m-mediagroup.com/news/tag/aung-jeyatu-journal

    mdy1 mdy2

    **ဘာသာပေါင်းစုံမှ သတင်းစာရှင်းလင်းပွဲ ကြေညာချက် Image Credit(MMM)

  • ရိုဟင်ဂျာ အသုံးအနှုန်း အထူးမေးမြန်းရမည့် ကိစ္စ မဟုတ်ဟု ဘန်ကီးမွန်း သတင်းစာ ရှင်းလင်းပွဲမှာပြော

    ရိုဟင်ဂျာ အသုံးအနှုန်း အထူးမေးမြန်းရမည့် ကိစ္စ မဟုတ်ဟု ဘန်ကီးမွန်း သတင်းစာ ရှင်းလင်းပွဲမှာပြော

    large__17afb-ban-kimoon
    အာဆီယံ ထိပ်သီး ဆွေးနွေပွဲကြီးကို တက်ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီး နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

    အတွင်းရေးမှူးချုပ်က ဘာတွေပြောသွားလဲ ဆိုတာ အဲဒီ သတင်းစာ ရှင်းလင်းပွဲကို တက်ခဲ့တဲ့ ဘီဘီစီ အကြီးတန်း သတင်းထောက် ကိုမင်းထက်ကပြောပြထားပါတယ်။

    (ကိုမင်းထက်) အာဆီယံထိပ်သီးဆွေးနွေးပွဲအပြီးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဆိုတော့ ဒီအာဆီယံနဲ့ အာရှဒေသအတွင်းမှာ အဓိကရင်ဆိုင်နေရတဲ့ အချက်ကြီးသုံးချက်လို့ သူယူဆတာကိုပြောတာပေါ့နော် …။ တစ်ခုက ဒီ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားတဲ့ကိစ္စပေါ့။ တောင်တရုတ်ပင်လယ်ကိစ္စကို သူအဓိကရည်ညွှန်းပြီးပြောတာပါ။ ဒီမှာလည်း အေးအေးဆေးဆေးပြေပြေလည်လည်ဖြေရှင်းနိုင်မယ်လို့ သူမျှော်လင့်တယ်ပေါ့။

    နောက်တစ်ခုက ဒီ အီဗိုလာ (Ebola) ဗိုင်းရပ်စ် ရောဂါပိုး။ အဲ့ဒါကို တိုက်ဖျက်တဲ့နေရာမှာ အာရှဘက်ကလူတွေလည်း ဝိုင်းကူပါဝင်ဖို့ အဲ့ဒါကို သူပြောသွားတယ်။

    နောက်တစ်ခုက မြန်မာကို တိတိကျကျပြောတဲ့အပိုင်းက။ သူက မြန်မာဟာ အပြောင်းအလဲတွေဖြစ်နေတယ်။ ဒါကို သူချီးကျူးတယ်။ ဒါပေမယ့် လာမယ့်နှစ်မှာ လုပ်မယ့် ရွေးကောက်ပွဲက အင်မတန်အရေးကြီးတယ်။ အဲ့ဒီရွေးကောက်ပွဲမှာ အားလုံးပါဝင်ပြီး မျှတတဲ့ရွေးကောက်ပွဲဖြစ်စေချင်တယ်။ ဒါမှ ဒါဟာမြန်မာနိုင်ငံရဲ့ မှတ်ကျောက်တစ်ခုဖြစ်လာနိုင်မယ်။

    နောက်တစ်ခုက သူက ” ရိုဟင်ဂျာ” ဆိုပြီးတော့ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့စောင့်ရှောက်ပေးဖို့ ပေါ့နော်။ ရိုဟင်ဂျာတွေကိုလည်း တန်းတူဆက်ဆံတဲ့အခွင့်အရေးတွေပေးဖို့ဆိုပြီးတော့ အစိုးရကို သူပြောခဲ့တယ်။ ပြောလည်းပြေဦးမယ်ဆိုပြီးတော့ သူကပြောသွားပါတယ်ဗျ။

    (BBC မေး) ဒီမြန်မာ့နိုင်ငံရေးအကြောင်းပြောသွားတဲ့နေရာမှာပေါ့ .. သတင်းထောက်တွေဘက်ကကော မစ္စတာ ဘန်ကီမွန်းကို အဓိကဘာတွေ မေးမြန်ကြတာတွေ့ရလဲခင်ဗျ။

    (ကိုမင်းထက်) မေးခွန်းကတော့တိုတိုပဲဆိုတော့ (၄) ယောက်လောက်ပဲမေးလို့ရပါတယ်။ ဒီထဲမှာ နှစ်ယောက်မြန်မာသတင်းထောက်ထဲက မေးတာကတော့ ..။ ကုလသမဂ္ဂက တချိန်လုံး ရိုဟင်ဂျာ ၊ ရိုဟင်ဂျာ နဲ့သုံးနေတယ်ပေါ့နော်။ မြန်မာနိုင်ငံပြည်တွင်းထဲမှာကျတော့ သူတို့ကို ဘင်္ဂါလီလို့ပဲ ခေါ်ကြတယ်။ ဒါကို ကုလသမဂ္ဂက ပြည်တွင်းကလူတွေရဲ့ သဘောထားဆန္ဒကို မလေးစားဘူးလား၊ ထည့်မစဉ်းစားဘူးလားလို့ မေးတဲ့မေးခွန်းရှိပါတယ်ဗျ။

    ဒါကိုတော့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က အခုလိုပြန်ဖြေသွားတယ်။

    သူက ဒီလူတွေကို ပြည်တွင်းမှာ အစိုးရကအစ ဘင်္ဂါလီလို့ခေါ်တာကို သူသိပါတယ်တဲ့ ဒါပေမယ့် ကုလသမဂ္ဂမှာရော၊ နိုင်ငံတကာဘက်မှာရော သူတို့ကို လူသိများတာက ရိုဟင်ဂျာလို့ လူသိများတယ်။ နောက်တစ်ခုက ကုလသမဂ္ဂအနေနဲ့လည်း လူနည်းစုတွေရဲ့ အခွင့်အရေးပေါ့ သူတို့ကိုယ်သူတို့ ဒီလိုခေါ်ဝေါ်သတ်မှတ်နိုင်ခွင့်ရှိတယ်ဆိုတာမျိုးကို အသိအမှတ်ပြုတဲ့အနေနဲ့ သူတို့ကတော့ “ရိုဟင်ဂျာ” လို့ပဲခေါ်ပါတယ်လို့ ပြောပါတယ်။ နောက်တစ်ခု မြန်မာအစိုးရဟာ ဆိုလို့ရှိရင် ရိုဟင်ဂျာတွေကို စိစစ်ပြီးတော့ နိုင်ငံသားအသိအမှတ်ပြုတာတွေ လုပ်ပေးနေတယ်ပေါ့။ ဒီလုပ်ငန်းစဉ်ကိုလည်း မှန်မှန်ကန်ကန် တိတိကျကျ မြန်မြန်ဆန်ဆန်လုပ်ပေးစေချင်တယ်။ နောက်ပြီးတော့ ရိုဟင်ဂျာတွေက မြန်မာနိုင်ငံသားဖြစ်လာပြီ ဆိုလို့ရှိရင်လည်း တခြားနိုင်ငံသားတွေနဲ့ တန်းတူအခွင့်အရေးတွေ ရတဲ့အနေအထားဖြစ်စေချင်ပါတယ်လို့ ထပ်ပြီးပြောသွားပြန်ပါတယ်။

    (BBC မှ မေးမြန်းချက်ကို ပြန်လည်ဖော်ပြပါသည်။)

    Video Credit- Aung Thu Ra

  • မာလီတွင် အီဘိုလာကြောင့် သူနာပြုတစ်ဦး သေဆုံးပြန်

    မာလီတွင် အီဘိုလာကြောင့် သူနာပြုတစ်ဦး သေဆုံးပြန်

    နိုဝင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    a-child-walks-past-a
    – ပြီးခဲ့သည့်လက နိုင်ငံ၏ ပထမဆုံး အီဘိုလာကူးစက်သူအား ကုသပေးခဲ့သည့် အမျိုးသား သူနာပြုတစ်ဦးမှာ အီဘိုလာကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သေဆုံးခဲ့သည်ဟု မာလီဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

    အောက်တိုဘာ လကုန်ပိုင်းတွင် အီဘိုလာကြောင့် သေဆုံးခဲ့ရသည့် ဂီနီနိုင်ငံမှ အသက် ၂ နှစ်အရွယ် သမီးငယ်ကို ပြုစုစောင့်ရှောက်ပေးခဲ့သည့် သူနာပြုတစ်ဦးဖြစ်ပြီး နိုင်ငံ၏ မြို့တော် ဘာမာကိုတွင် အီဘိုလာကြောင့် သေဆုံးခဲ့ခြင်းဖြစ်ည်။ အဆိုပါသမီးငယ်မှာ နောက်ပိုင်းတွင် သေဆုံးသွားခဲ့ပြီး ယခု သူနာပြုတစ်ဦးသေဆုံးမှုမှာ မာလီတွင် အီဘိုလာကြောင့် ဒုတိယမြောက် သေဆုံးမှုလည်းဖြစ်သည်။

    အဆိုပါ သမီးငယ်မှာ နိုင်ငံတစ်ဝှမ်း ဘတ်စ်ကားဖြင့် သွားလာလှည့်ပတ်ခဲ့သောကြောင့် မာလီအစိုးရမှာ အီဘိုလာကူးစက်နိုင်ချေရှိသည့် လူ ၁၀၀ ကျော်ကို ဘာကာမိုရှိ Pasteur ဆေးရုံတွင် သီးသန့်ခွဲထားပြီး ကြပ်မတ်စောင့်ကြည့်လျက်ရှိနေသည်။

    အခြားသော သတင်းရင်းမြစ်တစ်ခုကမူ အီဘိုလာကြောင့် သေဆုံးသွား အဆိုပါ သူနာပြုမှာ ဂီနီနယ်စပ်မှ အီဘိုလာကူးစက်သူတစ်ဦးအား ပြီးခဲ့သည့် နှစ်ပတ်က ပြုစုစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ပြီးနောက် ရောဂါလက္ခဏာပြကာ သေဆုံးသွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အီဘိုလာကြောင့် ယခုအချိန်အထိ သေဆုံးသူမှာ ၅၀၀၀ ခန့်ရှိနေပြီး အနောက်အာဖရိက နိုင်ငံအချို့တွင် ကူးစက်မှုနှုန်း ကျဆင်းလာသော်လည်း မာလီတွင် ယခုကဲ့သို့ သေဆုံးမှုကြောင့် စိုးရိမ်မှုများ မြင့်တက်လာနေသည်။

    – AFP/de/by