News @ M-Media

Author: M-Media

  • ယူရို ၂၀၁၈ ခြေစစ်ပွဲတွင် ပြသာနာ ဖြစ်ခဲ့သည့် ရိုမေးနီးယားနှင့် ဟန်ဂေရီတို့အား UEFA မှ ပြစ်ဒဏ်ချမှတ်

    ယူရို ၂၀၁၈ ခြေစစ်ပွဲတွင် ပြသာနာ ဖြစ်ခဲ့သည့် ရိုမေးနီးယားနှင့် ဟန်ဂေရီတို့အား UEFA မှ ပြစ်ဒဏ်ချမှတ်

    နိုဝင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    Romania-vs-Hungary
    – ယူရို ၂၀၁၈ ခြေစစ်ပွဲအဖြစ် ကစားခဲ့သည့် ရိုမေးနီးယားနှင့် ဟန်ဂေရီတို့၏ Group F ပွဲစဉ်တွင် ပွဲကြည့်စဉ်နှင့် ကွင်းအတွင်း ဖြစ်ပွားခဲ့သော ပြဿနာများအတွက် ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက နှစ်သင်းစလုံးအား ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

    ရိုးမေးနီးယားနိုင်ငံ ဘူခါရက်စ်မြို့၌ အောက်တိုဘာ ၁၁ ရက်နေ့က ကစားခဲ့ပြီး ၁ ဂိုးစီ သရေကျခဲ့သည့် အဆိုပါပွဲတွင် ပွဲကြည့်စဉ်ရှိ နှစ်ဖက်ပရိတ်သတ်များမှာ မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့ပြီး၊ ဟန်ဂေရီ၏ ပထမဂိုးကို ဒိုင်လူကြီးက ငြင်းဆန်ခဲ့ပြီးနောက် ဟန်ဂေရီ ပရိတ်သတ်များက ထိုင်ခုံများအား မီးရှို့ခဲ့သည်။ ထို့ပြင် ဟန်ဂေရီ ပရိတ်သတ်များမှာ လူမျိုးရေး ခွဲခြားမှုများ ပြုလုပ်ခဲ့သည်။

    ထို့ကြောင့် ယူအီးအက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အိမ်ရှင်ရိုမေးနီးယားအသင်းအား မီးပန်းများ၊ ရှူးဒိုင်းများ ပစ်ဖောက်မှု၊ လေဆာပွိုင်တာများ အသုံးပြုမှု၊ ပရိတ်သတ်အား နှောက်ယှက်မှုတို့ဖြင် ဒဏ်ငွေ ယူရို ၃၂၀၀၀ ပေးဆောင်ရန်လည်းကောင်း၊ ဟန်ဂေရီအသင်းကိုမူ လူမျိုးရေးခွဲခြားသည့် အပြုအမူများ၊ မီးပန်းနှင့်ရှူးဒိုင်းများ ပစ်ဖောက်မှု၊ ပရိတ်သတ်အား နှောက်ယှက်မှုတို့ဖြင့် ဒဏ်ငွေ ယူရို ၃၀၀၀၀ ပေးဆောင်ရန်လည်းကောင်း အသီးသီး ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

    ထို့ပြင် နှစ်သင်းစလုံး လာမည့် အိမ်ကွင်းပွဲစဉ်တွင် ကွင်းပိတ်ကစားရန်လည်း သတ်မှတ်ခဲ့ကာ ဘူခါရက် ဘောလုံးကွင်းတွင် ပျက်ဆီးသွားခဲ့သည့် ထိုင်ခုံ ၂၅၀၀ အတွက် တန်ဖိုးများကို ဟန်ဂေရီ ဘောလုံးအဖွဲ့ချုပ်က ရက် ၃၀ အတွင်း ပေးလျာ်ရန်အတွက်လည်း ယူအီးအက်ဖ်အေက ကြေညာချက်တွင် ဖော်ပြခဲ့သည်။ နှစ်သင်းစလုံးမှာ အဆိုပါ ပြစ်ဒဏ်များအတွက် အယူခံဝင်ခွင့်ရှိမည်ဖြစ်သည်။

  • မန်စီးတီးမှာ မန်ယူ၏အဆင့်သို့ မရောက်သေးဟု ဗန်ဂါးလ်ပြော

    မန်စီးတီးမှာ မန်ယူ၏အဆင့်သို့ မရောက်သေးဟု ဗန်ဂါးလ်ပြော

    နိုဝင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    533231_heroa
    – ပြီးခဲ့သည့် ၃ ရာသီတွင် ပရီးမီးယားလိဂ် ဆုဖလားအား ၂ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့သော်လည်း မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းမှာ မိမိတို့အသင်း၏ အဆင့်သို့ မရောက်သေးဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    မန်စီးတီးနှင့် မန်ယူတို့မှာ ယနေ့ညတွင် ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အဖြစ် အီတီဟတ်၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မန်စီးတီးမှာ လွန်ခဲ့သည့် ငါးနှစ်ခြောက်နှစ်ခန့်ကတည်းက မန်ယူထက် သာခဲ့သည်ဟူသော မန်စီးတီးကွင်းလယ်လူ ကိုလာရော့ဗ်၏ စကားအား ဗန်ဂါးလ်က ယခုကဲ့သို့ ပြန်လည်တုန့်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

    “ဆိုရှယ်မီဒီယာမှာ ကျွန်တော်တို့ ပရိတ်သတ်တွေနဲ့ နောက်လိုက်တွေ အများကြီးရှိပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း ဂျာမနီရဲ့ အအောင်မြင်ဆုံးအသင်းပါ။ ပြီးတော့ ဘာစီလိုနာနဲ့ ရီးယဲလ်တို့ကလည်း စပိန်ရဲ့ အကောင်းဆုံး အသင်းတွေပါပဲ။ မန်စီးတီးကတော့ ဒီနေရာရောက်ဖို့ အချိန်အတော်ကြာ ယူရပါဦးမယ်” ဟု ဗန်ဂါလ်းက ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    မန်စီးတီးအသင်း၏ အဓိက ကစားသမားဖြစ်သူ ဒေဗစ်ဆေးလ်ဗား မပါဝင်နိုင်သည့်အတွက် မန်ယူအသင်းက အနိုင်ရရှိပါက ထိုအနိုင်မှာ လေးနက်မှု ရှိ၊ ရှိမရှိ မေးမြန်းရာ ဗန်ဂါးလ်က မိမိတို့တွင်လည်း ဒဏ်ရာရကစားသမား ၇ ဦးခန့် ရှိကြောင်း၊ ဂိုးသွင်းနိုင်သော အသင်းခေါင်းဆောင် ရွန်နီမှာ ၃ ပွဲ ပယ်ပြစ်ဒဏ်ကြောင့် ပွဲများတွင် မကစားနိုင်ခဲ့သော်လည်းမည်သည့်အင်တာဗျူးတွင်မှ ထိုကိစ္စအား ဆင်ခြေတစ်ခုအနေဖြင့် ထည့်မပြောခဲ့ကြောင်း ဗန်ဂါးလ်က ထပ်လောင်းပြောကြားခဲ့သည်။

  • လိုက်ဘေးရီးယားတွင် အကြီးဆုံး အီဘိုလာ ကုသရေး စင်တာတစ်ခု ဖွင့်လှစ်

    လိုက်ဘေးရီးယားတွင် အကြီးဆုံး အီဘိုလာ ကုသရေး စင်တာတစ်ခု ဖွင့်လှစ်

    နိုဝင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    Liberia opens Ebola treatment centre
    – အီဘိုလာကူးစက်ပြန်နှံ့မှုကို ထိရောက်စွာ တားမြစ်နိုင်ရေး ရည်ရွယ်လျက် နိုင်ငံအတွင်း အကြီးဆုံး အီဘိုလာကုသရေး စင်တာ တစ်ခုကို လိုက်ဘေးရီးယားနိုင်ငံ၏ မြို့တော် မွန်ရိုဗီယားတွင် ဖွင့်လှစ်လိုက်ပြီဟု သိရသည်။

    ယမန်နေ့က လိုက်ဘေးရီးယား သမ္မတ အဲလင် ဂျွန်ဆင် ဆာရ်လိဖ်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပြီး ကုလနှင့် အမေရိကန်တို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။ အဆိုပါ စင်တာတွင် အနည်းဆုံး လူနာ ၂၀၀ မှ အများဆုံး ၃၀၀ အထိ ကုသနိုင်မည်ဖြစ်သည်။

    “နောက်ဆုံးမှာတော့ ဒီရောဂါဆိုးကြီးကို ကျွန်တော်တို့ လိုက်မှီနိုင်တော့မယ် အနေအထားကို မြင်ရတာဟာ အားတက်စရာပါ။ ဒီရောဂါကြီးဟာ တောင်ပေါ်က ကျောက်တုံး လိမ့်ကျလာသို့ ကျရောက်လာခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ လ လောက်က ဒါကို ကျွန်တော်တို့ လိုက်မမီ နိုင်တော့ဘူးလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် တိုးတက်မှုတွေကိုတော့ ကျွန်တော်တို့ စတင် လုပ်ဆောင်နေပါပြီ” ဟု အမေရိကန်သံအမတ် ဒီဘိုရက်ချက် မာလက်ခ်က ပြောကြားခဲ့သည်။

    အဆိုပါ စင်တာတွင် ယခုလက်ရှိ၌ လူနာ ၈၀ ခန့်အား ကုမှုပေးနေသည်ဟု နယ်စည်မခြား ဆရာဝန်များအဖွဲ့က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ အီဘိုလာ ပြန်နှံ့နေသည့် အနောက်အာဖရိက နိုင်ငံများတွင် လိုက်ဘေးရီးယားမှာ အဆိုးဝါးဆုံး ပြန့်နှံ့သည့် နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်များမှ စတင်ကာ အီဘိုလာ ကူးစက်ပြန့်နှံ့မှုမှာ လျော့ကျခဲ့သည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမူ ထိုကဲ့သို့ လျော့ကျမှုများ ရှိနေသော်လည်း အခြေအနေအား ပြောင်းလဲနိုင်ရန်အတွက် အားထုတ်မှုများ ပိုမိုလုပ်ဆောင်ရမည်ဟု သတိပေးခဲ့သည်။

  • ၁၉၆၇ ခုနှစ်က အမေရိကန်ရဲ့ USS Liberty ကို အစ္စရေး တိုက်ခိုက်ခဲ့မှု Documentary ထွက်လာ

    ၁၉၆၇ ခုနှစ်က အမေရိကန်ရဲ့ USS Liberty ကို အစ္စရေး တိုက်ခိုက်ခဲ့မှု Documentary ထွက်လာ

    နိုဝင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    B1N03t-CEAE9HD_
    – ၁၉၆၇ ခု အာရပ်-အစ္စရေး ၆ ရက် စစ်ပွဲ အရှိန်မြင့်နေတဲ့ကာလမှာ မြေထဲပင်လယ်က အမေရိကန် စပိုင် သင်္ဘော USS Liberty ကို အစ္စရေးက ရုတ်တရက် သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

    ပထမအကျော့မှာ အစ္စရေးစစ်တပ်က တိုက်လေယာဉ်ကနေ ဒုံးကျည်နဲ့ပစ်တာ၊ အမြှောက်နဲ့ပစ်တာ၊ မီးလောင်ဗုံးနဲ့ ထုတာ စသဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး ဒုတိယအကျော့မှာ ဒီသင်္ဘော နစ်မြုပ်သွားဖို့ အတွက် တော်ပီဒိုနဲ့ ထုခဲ့ပါတယ်။ သင်္ဘောဟာ နစ်မြုပ်ခြင်း မရှိခဲ့ပေမယ့် ဒီပြင်းထန်တဲ့ တိုက်ခိုက်မှုကြောင့် USS Liberty က စစ်သားနဲ့ အရပ်သားလေ့လာဆန်းစစ်သူ ၃၄ ယောက် သေဆုံးခဲ့ပြီး ၁၇၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

    နောက်ပိုင်းမှာ အစ္စရေးဟာ အီဂျစ်စပိုင် သင်္ဘောထင်လို့ မှားယွင်းတိုက်ခိုက်တာပါ ဆိုပြီး တောင်းပန်ခဲ့ပါတယ်။ ကိုယ့်နိုင်ငံသားတွေ ထိရင် ဆတ်ဆတ်ထိမခံတဲ့ အမေရိကန်ကတော့ ဒီအရေးမှာ နှုတ်ဆိတ်နေခဲ့ပြီး သတိပေးတာမျိုးတောင် မလုပ်ခဲ့ပါဘူး။ အဲဒီတုန်းက အမေရိကန် သမ္မတ ဂျွန်ဆင်ကတော့ ဒီကိစ္စဟာ မှားယွင်း တိုက်ခိုက်မိတာလို့ပဲ လက်ခံခဲ့ပါတယ်။

    နောက်ပိုင်းမှာ ဒီကိစ္စကို ဘယ်သူမှ သိပ်မပြောကြတော့ပါဘူး။ USS Liberty ပေါ်က တိုက်ခိုက်ခံရတဲ့ အမေရိကန် စစ်သားတွေတောင်မှ အဲဒီနေ့မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ပြောဖို့ ရှောင်ရှားတတ်ကြပါတယ်။

    ဒါပေမယ့် အလ်ဂျာဇီးရား သတင်းဌာနက ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ လေ့လာမှုတွေပြုလုပ်ခဲ့ကာ Documentary တစ်ခုကို ရိုက်ကူးခဲ့ပါတယ်။

    တိုက်ခိုက်မှုအတွင်း အစ္စရေးတိုက် လေယာဉ်မှူးတွေနဲ့ သူတို့ကို တိုက်ရိုက် ကွပ်ကဲနေတဲ့ ဗိုလ်ချုပ်တွေရဲ့ ပြောစကား အသံတိပ်ခွေ၊ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ အစ္စရေးဗိုလ်ချုပ်၊ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ အမေရိကန် စစ်သားတွေ၊ အရာရှိတွေ၊ ၀ါရှန်တန်က ထိပ်တန်း စစ်အရာရှိဟောင်းတွေ စသဖြင့် အသေးစိတ်မေးမြန်းကာ ရိုက်ကူးထားတာပါ။

    အစ္စရေးဟာ ဘာရည်ရွယ်ချက်နဲ့ USS Liberty ကို တိုက်ခိုက်ခဲ့တာလဲ? ဆိုတာကိုတော့ အောက်ပါလင့်မှာ ကြည့်ရှုခံစားနိုင်ပါတယ်။

    http://aje.me/1vlwq4t

    Source: Al Jazeera

  • ယူအေအီးစစ်တပ် လူသစ်စုဆောင်းပွဲတွင် အမျိုးသမီးများစွာ စာရင်းပေးခဲ့

    ယူအေအီးစစ်တပ် လူသစ်စုဆောင်းပွဲတွင် အမျိုးသမီးများစွာ စာရင်းပေးခဲ့

    နိုဝင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    1df7b7f2-df99-4dd8-a4f1-0c0d02e33e64_16x9_600x338
    –  ပြီးခဲ့သည့် သီတင်းပတ် ဗုဒ္ဓဟူးနေ့က အဘူဒါဘီတွင် ပြုလုပ်ခဲ့သည့် ယူအေအီး စစ်တပ် အခမ်းအနားတစ်ခုတွင် နိုင်ငံ၏ ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရန်အတွက် ကျောင်းသူအများပြားမှာ စာရင်းပေးခဲ့ကြသည်ဟု သိရသည်။

    “ယူအေအီးနိုင်ငံနဲ့ ဒေသတွင်းမှာ ကျား၊ မ တန်းတူညီမျှမှု ပြည့်စုံခြင်းအတွက် အထင်အရှားဆုံးနဲ့ အမြင်သာဆုံးအရာကတော့ စစ်တပ်ထဲကို အမျိုးသမီးတွေ ၀င်ရောက်လာတာပဲ ဖြစ်ပါတယ်။ နိုင်ငံ့ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ဖို့ ယူအေအီးအမျိုးသမီးတွေဟာ ဆန္ဒရှိကြပါတယ်” ဟု အဘူဒါဘီရှိ စစ်ရေးသင်တန်းကျောင်းမှ သင်ကြားရေးမှူး အက်ဇာ ဂျာဆင်မ်က ပြောကြားခဲ့သည်။

    အရှေ့အလယ်ပိုင်း ဒေသအတွင်း မတည်ငြိမ်မှုများ တိုးပွားလာခြင်းကြောင့် ယူအေအီးမှာ ကာကွယ်ရေးဥပဒေများကို ယခုလအစောပိုင်းက ပြင်ဆင်ခဲ့ပြီး အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိ ကျန်းမာသန်စွမ်းသော အမျိုးသားများအားလုံး စစ်တပ်အတွင်း မ၀င်မနေရစနစ်ကို ပြဌာန်းခဲ့သည်။

    ထိုစနစ်အရ အထက်တန်းပြီးသည့် အမျိုးသားများမှာ စစ်တပ်တွင် ၉ လ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး အထက်တန်းမအောင်သည့် အမျိုးသားများမှာ စစ်တပ်တွင် ၂ နှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

    စစ်တပ်တွင် ၀င်ရောက်အမှုထမ်းသူများအတွက် ယူအေအီးအစိုးရက အထူးအခွင့်အရေးများ ပေးထားပြီး စစ်သားများမှာ အစိုးရဌာနများတွင် အလုပ်အကိုင်အခွင့်အလမ်းများ၊ ပညာတော်သင်ဆုရများ စသည့်အခွင့်အရေးများကို ရရှိမည်ဖြစ်သည်။

    အမျိုးသမီးများအတွက်မူ မိမိတို့ ဆန္ဒအလျောက်သာ စစ်တပ်သို့ ၀င်ရောက်ကြရပြီး ယူအေးအီးစစ်တပ်တွင် အမျိုးသမီးများစွာ ၀င်ရောက် အမှုထမ်းလျက်ရှိနေသည်။

    ယူအေအီးလေတပ်တွင်လည်း အမျိုးသမီးအမှုထမ်းများ ရှိပြီး နိုင်ငံ၏ ပထမဆုံး အမျိုးသမီး F 16 တိုက်လေယာဉ်မှူး မက်ဂ်ျမာရီယမ် အလ်-မန်ဆူရီမှာ စက်တင်ဘာနောက်ဆုံး သီတင်းပတ်က ဆီးရီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သော ISIL အဖွဲ့အား လေကြောင်းမှ ချေမှုန်းသည့် စစ်ဆင်ရေးတစ်ခုကို ဦးဆောင် ကွပ်ကဲခဲ့သည်။

    source: Al Arabiya News