နိုဝင်ဘာ ၂ ၊ ၂၀၁၄
M-Media
– ပြီးခဲ့သည့် သီတင်းပတ် ဗုဒ္ဓဟူးနေ့က အဘူဒါဘီတွင် ပြုလုပ်ခဲ့သည့် ယူအေအီး စစ်တပ် အခမ်းအနားတစ်ခုတွင် နိုင်ငံ၏ ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရန်အတွက် ကျောင်းသူအများပြားမှာ စာရင်းပေးခဲ့ကြသည်ဟု သိရသည်။
“ယူအေအီးနိုင်ငံနဲ့ ဒေသတွင်းမှာ ကျား၊ မ တန်းတူညီမျှမှု ပြည့်စုံခြင်းအတွက် အထင်အရှားဆုံးနဲ့ အမြင်သာဆုံးအရာကတော့ စစ်တပ်ထဲကို အမျိုးသမီးတွေ ၀င်ရောက်လာတာပဲ ဖြစ်ပါတယ်။ နိုင်ငံ့ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ဖို့ ယူအေအီးအမျိုးသမီးတွေဟာ ဆန္ဒရှိကြပါတယ်” ဟု အဘူဒါဘီရှိ စစ်ရေးသင်တန်းကျောင်းမှ သင်ကြားရေးမှူး အက်ဇာ ဂျာဆင်မ်က ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်း ဒေသအတွင်း မတည်ငြိမ်မှုများ တိုးပွားလာခြင်းကြောင့် ယူအေအီးမှာ ကာကွယ်ရေးဥပဒေများကို ယခုလအစောပိုင်းက ပြင်ဆင်ခဲ့ပြီး အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိ ကျန်းမာသန်စွမ်းသော အမျိုးသားများအားလုံး စစ်တပ်အတွင်း မ၀င်မနေရစနစ်ကို ပြဌာန်းခဲ့သည်။
ထိုစနစ်အရ အထက်တန်းပြီးသည့် အမျိုးသားများမှာ စစ်တပ်တွင် ၉ လ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး အထက်တန်းမအောင်သည့် အမျိုးသားများမှာ စစ်တပ်တွင် ၂ နှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
စစ်တပ်တွင် ၀င်ရောက်အမှုထမ်းသူများအတွက် ယူအေအီးအစိုးရက အထူးအခွင့်အရေးများ ပေးထားပြီး စစ်သားများမှာ အစိုးရဌာနများတွင် အလုပ်အကိုင်အခွင့်အလမ်းများ၊ ပညာတော်သင်ဆုရများ စသည့်အခွင့်အရေးများကို ရရှိမည်ဖြစ်သည်။
အမျိုးသမီးများအတွက်မူ မိမိတို့ ဆန္ဒအလျောက်သာ စစ်တပ်သို့ ၀င်ရောက်ကြရပြီး ယူအေးအီးစစ်တပ်တွင် အမျိုးသမီးများစွာ ၀င်ရောက် အမှုထမ်းလျက်ရှိနေသည်။
ယူအေအီးလေတပ်တွင်လည်း အမျိုးသမီးအမှုထမ်းများ ရှိပြီး နိုင်ငံ၏ ပထမဆုံး အမျိုးသမီး F 16 တိုက်လေယာဉ်မှူး မက်ဂ်ျမာရီယမ် အလ်-မန်ဆူရီမှာ စက်တင်ဘာနောက်ဆုံး သီတင်းပတ်က ဆီးရီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သော ISIL အဖွဲ့အား လေကြောင်းမှ ချေမှုန်းသည့် စစ်ဆင်ရေးတစ်ခုကို ဦးဆောင် ကွပ်ကဲခဲ့သည်။
source: Al Arabiya News
Leave a Reply
You must be logged in to post a comment.