News @ M-Media

Author: M-Media

  • လိုက်ဘေးရီးယားတွင် အီဘိုလာပြန့်နှံ့မှု လျော့ကျလာပြီဟု WHO ဆို

    လိုက်ဘေးရီးယားတွင် အီဘိုလာပြန့်နှံ့မှု လျော့ကျလာပြီဟု WHO ဆို

    အောက်တိုဘာ ၃၀၊ ၂၀၁၄
    M-Media
    2014102917434593580_20
    – အနောက်အာဖရိကတွင် အီဘိုလာပြန့်နှံ့မှု အများဆုံးဖြစ်နေသော လိုက်ဘေးရီးယားနိုင်ငံတွင် သေဆုံးမှုများ၊ ရောဂါကူးစက်မှုများ လျော့ကျသွားခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်သည်။

    “အီဘိုလာအပေါ်တုံ့ပြန်မှု အသာစီးရပြီလားလို့ ယုံကြည်သလားဆိုရင်တော့… ဟုတ်ပါတယ် ရောဂါကူးစက်မှုနှုန်းကျလာတာကို ကျွန်တော်တို့ တွေ့နေရပါတယ်။ ကျွန်တော်တို့ ဒီမှာ ဂရုစိုက်ဖို့ လိုပါတယ်။ ဒါဟာ တောင်အောက်ကို ပြုတ်ကျသလိုမျိုး (အလျင်အမြန် လျော့ကျတာမျိုး) တော့ မဟုတ်ပါဘူး။ ” ဟု ယမန်နေ့က ပြုလုပ်ခဲ့သော ညှိနှိုင်းအစည်းဝေးတွင် WHO ၏ လက်ထောက် ဒါရိုက်တာ ဘရုစ် အိုင်လ်ဝါဒ်က ပြောကြားခဲ့သည်။

    ယခုလက်ရှိတွင် အီဘိုလာပြန့်ပွားနေသည့် နိုင်ငံ ၈ ခု၌ ရောဂါကူးစက်နေသူ အရေအတွက်မှာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်း ထုတ်ပြန်ချက်အရ ၁၃၇၀၃ ဦး ရှိနေပြီး သေဆုံးသူ အရေအတွက်မှာ ၅၀၀၀ ကျော်နေပြီဖြစ်သည်။

    ပြီးခဲ့သည့် စနေနေ့မှစတင်ကာ ရောဂါကူးစက်သူ အရေအတွက် ၃၀၀၀ ကျော်ရှိခဲ့သည်ဟု သတင်းပေးပို့ခဲ့သော်လည်း အချက်အလက် အဟောင်းများကို မှားယွင်းဖော်ပြမှုကြောင့် ဖြစ်သည်ဟု အိုင်လ်ဝါဒ်က ဆိုသည်။

    ထို့ပြင် အီဘိုလာအား ထိန်းချုပ်နိုင်ပြီဟု ယူဆနိုင်ကြောင်း၊ ယခုနှုန်းအတိုင်း ဆက်သွားပါက ဒီဇင်ဘာ ၁ ရက်နေ့တွင် အီဘိုလာ ထိန်းချုပ်မှုလုပ်ငန်းများ တိုးတက်ရမည်ဟူသော ရည်ရွယ်ချက်မှာ အဆိုးဆုံး ကူးစက်နေသည့် နိုင်ငံများဖြစ်သည့် ဂီနီ၊ လိုက်ဘေးရီးယား၊ ဆီရာလီယိုနီ နိုင်ငံများ၌ ပြည့်မီနိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Source: Agencies
  • အစ္စရေး တိုက်ခိုက်မှုကြောင့် ဂါဇာပြည်သူများ ခံစားရမှုကို ရွှံ့ရုပ်ထုဖြင့် ပါလက်စတိုင်း ပန်းပုပညာရှင် တစ်ဦး ဖန်တီး

    အစ္စရေး တိုက်ခိုက်မှုကြောင့် ဂါဇာပြည်သူများ ခံစားရမှုကို ရွှံ့ရုပ်ထုဖြင့် ပါလက်စတိုင်း ပန်းပုပညာရှင် တစ်ဦး ဖန်တီး

    အောက်တိုဘာ ၃၀၊ ၂၀၁၄
    M-Media
    28-10-14_Clay-Sculptures-Capture-Gazans-Pain
    – လူပေါင်း ၂၀၀၀ ကျော်သေဆုံးခဲ့သည့် အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း တိုက်လေယာဉ်များမှ ကျရောက်လာသော ဗုံးများကို ရှောင်ရှားရန် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ဂါဇာပြည်သူများ၏ နာကျင်ခံစားရမှုများကို ဖော်ပြသော ရွှံ့ရုပ်ထုများကို ပါလက်စတိုင်း ပန်းပုပညာရှင်တစ်ဦးက ထုလုပ်ခဲ့သည်ဟု သိရသည်။

    “ဒီရုပ်ထုတွေဟာ အနုပညာပုံစံသစ်တစ်ခု ဖြစ်ပြီး ဂါဇာပြည်သူတွေရဲ့ နာကျင်ခံစားရမှုတွေကို ဖော်ပြခြင်းတစ်မျိုးပါပဲ” ဟု အဆိုပါ ရွှံ့ရုပ်ထုများကို ထုလုပ်သူ ပန်းပုပညာရှင် အိုင်ယဒ် ဆက်ဘဟ်က France Press သို့ အောက်တိုဘာ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

    ရုပ်ထုများတွင် ခြေဗလာနှင့် အမျိုးသမီးမှာ အ၀တ်အစားမရှိသော ကလေးငယ်အား ချီလာပုံ၊ အသက်အရွယ်ကြီးရင့်သော အဖိုးအိုတစ်ယောက်မှာ တုတ်တစ်ခုကို အားပြုကာ ခက်ခက်ခဲခဲ လက်လျှောက်နေရပုံ စသည့် အစ္စရေးတို့၏ ကျူးကျော်တိုခိုက်မှုကြောင့် ထွက်ပြေးခဲ့ရသော ဂါဇာပြည်သူများ၏ ပုံရိပ်များကို လက်ရာမြောက်စွာ ထုလုပ်ထားသော ရုပ်ထုများလည်း ပါဝင်သည်။

    အဆိုပါ ရုပ်ထုများကို ဖိုင်ဘာမှန်များဖြင့် ထုလုပ်ပြီးနောက် ဆက်ဘဟ်မှာ ရွှံ့များဖြင့်ကျံခဲ့ပြီး အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုကို အများဆုံး ခံခဲ့ရသည့် ဂါဇာစီတီးအရှေ့ပိုင်း ရှီဂျိုင်ယာခရိုင်ရှိ ပြိုကျပျက်ဆီးနေသော အိမ်ရာများအနီးတွင် ရုပ်ထုများအား ထားရှိခဲ့သည်။ ထိုရုပ်ထုများထဲမှ အချို့တွင် သွေးပုံအနီရောင် ဆေးများကိုလည်း ချယ်သခဲ့သည်။

    ဆက်ဘဟ်၏ အားထုတ်မှုများအား ဂါဇာပြည်သူများကလည်း ချီးကျူးခဲ့ကြသည်။

    ဇူလိုင် ၈ ရက်နေ့မှ စတင်ခဲ့ပြီး သီတင်းပတ် ၇ ပတ်တာ ကြာမြင့်ခဲ့သည့် ဂါဇာဒေသအား အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့ကာ ဂါဇာရှိ နေအိမ်များ၊ စာသင်ကျောင်းများ၊ ၀တ်ပြုရာအဆောက်အဦးများ၊ ကုလသမဂ္ဂ ကယ်ဆယ်ရေးစခန်းများ၊ ဆေးရုံများ၊ မသန်စွမ်းကုသရေးစင်တာများ စသည့် အများပြည်သူနှင့် သက်ဆိုင်သော နေရာများအား ပစ်မှတ်ထား ဖျက်ဆီးခြင်း ခံခဲ့ရသည်။

    “ဒီရုပ်တုတွေက ကျူးကျော်တိုက်ခိုက်မှုကို ပြန်လည်အမှတ်ရစေပါတယ်။ အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ကျွန်တော်တို့ ထွက်ပြေးတုန်းကဆိုရင် တစ်ချို့ဆို အတွင်းခံအ၀တ်အစားတွေနဲ့ ပြေးခဲ့ကြရတာပါ” ဟု အစ္စရေး၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် နေအိမ်ပျက်ဆီးသွားခဲ့သည့် အသက် ၂၀ အရွယ် မိုဟာမက် အလ်-လတစ်ဖ်က ၎င်း၏ နေအိမ် မဖျက်ဆီးခံရမီ ထွက်ပြေးခဲ့သည့် အချိန်အား ပြန်ပြောင်းပြောပြခဲ့သည်။

    ကမ္ဘာကြီးအတွက် သတင်းစကား

    ဆက်ဘဟ်ကမူ မျက်နှာပေါ်တွင် နာကျင်ခံစားရမှုပုံရိပ်များ ထင်ဟပ်နေသည့် ၎င်း၏ ရုပ်ထုများမှာ “ဂါဇာရှိနေအိမ်များ၊ အခြေခံအဆောက်အဦးများကို ဖျက်ဆီးခြင်းက ဂါဇာပြည်သူတစ်ရပ်လုံးအား ဖျက်ဆီးခြင်းသာဖြစ်သည်” ဟူသော သတင်းစကားတစ်ရပ်အား အစ္စရေးသို့ ပေးပို့နိုင်မည်ဟု မျှော်လင့်နေသည်။

    အနုပညာဆိုင်ရာ ပါမောက္ခ တစ်ဦးဖြစ်သူ မိုဟာမက် မွတ်စလင်ကလည်း ဆက်ဘဟ်၏ အားထုတ်မှုက စစ်ပွဲ၏ အနိဌာရုံများကို ပြန်ပြောင်း သတိရစေသည်ဟု ပြောကြားခဲ့သည်။

    အစ္စရေး၏ ကျူးကျော် တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင်တွင် နေအိမ် ၅၅၁၀ လုံးမှာ လုံးဝ ပြိုသွားခဲ့ပြီး ၃၁၀၀၀ မှာ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့သည်ဟု ကုလ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

    ဂါဇာဒေသ ပြန်လည်တည်ဆောက်မှုများ ဆောင်ရွက်ရန် ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများက ထောက်ပံ့ငွေများပေးအပ်မည်ဟု ကတိပြုထားပြီး ကျူးကျော် တိုက်ခိုက်မှု ပြီးသွားသည်မှာ ၂ လကျော် ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း အစ္စရေး၏ ပိတ်ဆို့ထားမှုကြောင့် ဂါဇာဒေသအတွင်းသို့ ဆောက်လုပ်ရေး ပစ္စည်းများ ၀င်ရောက်လာနိုင်ခြင်း မရှိသေးပေ။

    “နိုင်ငံရေးသမားတွေကတော့ ဂါဇာဒေသပြန်လည် တည်ဆောက်ဖို့ ရုပ်ပိုင်းဆိုင်ရာ ပျက်ဆီးမှု တွေကို ပြန်လည်ပြင်ဆင်ဖို့ ပြောကြပါတယ်။ ဒါပေမယ့် ဂါဇာပြည်သူ အားလုံးကို ထိခိုက်စေခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားရမှုတွေကို အာရုံစိုက်ဖို့ ကျွန်တော်သူတို့ကို ပြောချင်ပါတယ်” ဟု ဆက်ဘဟ်က ထည့်သွင်းပြောကြားခဲ့သည်။

    Source: OnIslam & News Agencies

  • .လေဆာ သွားတိုက်ဆေးအား Colgate မှ ဒေါ်လာသန်း ၁၀၀ ဖြင့် ၀ယ်ယူ

    .လေဆာ သွားတိုက်ဆေးအား Colgate မှ ဒေါ်လာသန်း ၁၀၀ ဖြင့် ၀ယ်ယူ

    အောက်တိုဘာ ၃၀ ၊ ၂၀၁၄
    M-Media
    Colgate Buys Myanmar Toothpaste Brand
    – အမေရိကန်အခြေစိုက် နာမည်ကြီး သွားတိုက်ဆေး ကုမ္ပဏီဖြစ်သော Colgate-Palmolive ကုမ္ပဏီလီမိတက်မှာ မြန်မာနိုင်ငံရှိ လေဆာအမှတ်တံဆိပ်အား ၀ယ်ယူလိုက်သည်ဟု သိရသည်။

    အကြမ်းဖျင်း ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် ၀ယ်ယူလိုက်ခြင်းဖြစ်သည်ဟု အရောင်းအ၀ယ် ကိစ္စများကို သိရှိသူတစ်ဦးက အင်္ဂါနေ့က ပြောကြားခဲ့ပြီး ထိုကဲ့သို့ ၀ယ်မှုမှာ ၂၀၁၂ ခုနှစ် စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပြီးနောက်ပိုင်း အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခု၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်သည်။

    Colgate မှ ထုတ်ပြန်သော ကြေညာချက်တွင်လည်း လေဆာသွားတိုက်ဆေးနှင့် ရွှေဧရာနဒီကုမ္ပဏီလိမိတက်မှ ထုတ်လုပ်သော တစ်ကိုယ်ရေသုံး ပစ္စည်းများ ထုတ်လုပ်ခွင့်ကို ၀ယ်ယူခဲ့ကြောင်း အတည်ပြုခဲ့ပြီး ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုမှာမိမိတို့ကုမ္ပဏီ၏ စီးပွားရေးတိုးတက်မှု ရည်မှန်းချက်ကို  စီးပွားရေးအရ အရေးပါသော တိုးတက်မှုများ ရှိနေသည့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ထို့ကြောင့် Colgate မှာ လေဆာသွားတိုက်ဆေးနှင့် လေဆာမှ ထုတ်လုပ်မှုအားလုံးကိုဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ Colgate သွားတိုက်ဆေးများကိုလည်း တင်သွင်းဖြန့်ချီသွားမည် ဖြစ်သည်။

    စီးပွားရေးပိတ်ဆို့မှုများပြီးနောက် မြန်မာနိုင်ငံသို့ ၀င်ရောက်လာကြသည့် အမေရိကန်မှ စီးပွားရေးလုပ်ငန်းများမှာ General Electric ကုမ္ပဏီ၊ ကိုကာကိုလာ ကုမ္ပဏီတို့ဖြစ်ကြပြီး Colgate မှာ မြန်မာ့စီးပွားရေးလောကအတွင်းသို့ ၀င်ရောက်လာသည့် တတိယမြောက် အမေရိကန် ကုမ္ပဏီ ဖြစ်လာခဲ့သည်။

    Source: The Wall Street Journal

  • အရှေ့ဂျေရုစလင်တွင် အခြေချအိမ်ရာ တိုးချဲ့ဆောက်လုပ်ရန် အစ္စရေး၏ စီစဉ်မှု ကုလရှုတ်ချ

    အရှေ့ဂျေရုစလင်တွင် အခြေချအိမ်ရာ တိုးချဲ့ဆောက်လုပ်ရန် အစ္စရေး၏ စီစဉ်မှု ကုလရှုတ်ချ

    အောက်တိုဘာ ၃၀၊ ၂၀၁၄
    M-Media
    UN condemns Israeli settlement expansion
    – ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တွင် တရားမ၀င်အခြေချ အိမ်ရာများ ဆောက်လုပ်ရန် အစ္စရေး၏ အစီအစဉ်ကို ကုလသမဂ္ဂမှ ရှုတ်ချလိုက်ပြီး ထိုလုပ်ရပ်က မငြိမ်သက်မှုများ တိုးပွားလာနိုင်ကာ အနာဂတ် ပါလက်စတိုင်းနိုင်ငံတော်၏ အလားအလာကိုလည်း ခြိမ်းခြောက် ခြင်းဖြစ်သည်ဟု ပြောကြားလိုက်သည်။

    ၁၉၆၇ စစ်ပွဲနောက်ပိုင်း ပါလက်စတိုင်းပိုင်နက်များတွင် ဂျူးအခြေချအိမ်ရာများ တိုးချဲ့ဆောက်လုပ်နေသည့် အစ္စရေးမှာ အရှေ့ဂျေရုစလင်တွင် အိမ်ရာ ၁၀၀၀ ဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ နိုင်ငံရေးအကြီးအကဲ ဂျက်ဖရီ ဖဲလ်မန်ကမူ အစ္စရေးအနေဖြင့် နိုင်ငံတကာဥပဒေကို ဖောက်ဖျက်သော အဆိုပါအစီအစဉ်အား ဖျက်သိမ်းရန် တိုက်တွန်းခဲ့ကာ နှစ်နိုင်ငံ ယှဉ်တွဲတည်ရှိမှုဟူသော အဖြေကို ဆန့်ကျင်ခြင်းဖြစ်သည်ဟု ယမန်နေ့က ပြုလုပ်ခဲ့သော ပါလက်စတိုင်းအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အစ္စရေးအနေဖြင့် နိုင်ငံတကာ ကတိက၀တ်များကို စောင့်ထိန်းရန် တိုက်တွန်းခဲ့ပြီး အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံစလုံး အဓိပ္ပါယ်ပြည့်ဝသော ဆွေးနွေးမှုများကို ပြုလုပ်သွားရန် တိုက်တွန်းခဲ့သည်။

    အရှေ့ဂျေရုစလင်အား အနာဂတ်ပါလက်စတိုင်းနိုင်ငံတော်၏ မြို့တော်အဖြစ် သတ်မှတ်ရန် လျာထားထားပြီး ကုလသမဂ္ဂကလည်း သဘောတူထားသည့်နေရာဖြစ်သည်။ ထိုနေရာအား အစ္စရေး၏ ကျူးကျော်မှုအတွက် အမေရိကန်အပါဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းများက လက်မခံချေ။

    Source: Al Jazeera and agencies

  • ရုရှား စစ်လေယာဉ်များ ပုံမှန် မဟုတ်သော ပျံသန်းမှု ပြုလုပ်ခဲ့သည်ဟု နေတိုးအဖွဲ့ပြော

    ရုရှား စစ်လေယာဉ်များ ပုံမှန် မဟုတ်သော ပျံသန်းမှု ပြုလုပ်ခဲ့သည်ဟု နေတိုးအဖွဲ့ပြော

    အောက်တိုဘာ ၃၀၊ ၂၀၁၄
    M-Media
    20141029234354638734_20
    – လွန်ခဲ့သည့် နှစ်ရက်အတွင်း ပင်လယ်နက်၊ ဘောလ်တစ်နှင့် မြောက်ဘက် ပင်လယ်ပြင်၊ အတ္တလန်တိတ် သမုဒ္ဒရာပေါ်ဝေပြင်တို့တွင် ရုရှားစစ်လေယာဉ်များ၏ ပုံမှန်မဟုတ်သော ပျံသန်းမှုများကို တွေ့ခဲ့ရသည်ဟု နေတိုးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    Tu-95 Bear H strategic ဗုံးကြဲလေယာဉ်များ၊ MG 31 တိုက်လေယာဉ်များနှင့် အခြားသော ရုရှားစစ်တပ်မှ လေယာဉ်များပါဝင်သည့် လေယာဉ်အုပ်စုလေးခုမှာ နိုင်ငံတကာလေပိုင်နက်အတွင်း ကြီးမားသည့် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု နေတိုးမဟာမိတ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဂျေး ဂျန်ဇန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထိုကဲ့သို့ တွေ့ရှိခဲ့ရခြင်းကြောင့် နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် နော်ဝေ၊ ဗြိတိန်၊ ပေါ်တူဂီ၊ ဂျာမနီ၊ ဒိန်းမတ်၊ တူရကီနှင့် နေတိုးအဖွဲ့ဝင်မဟုတ်သည့် ဖင်လန်နှင့် ဆွီဒင်တို့မှ တိုက်လေယာဉ်များမှာ အရေးပေါ် ပျံတက်ခဲ့ရသည်။

    သို့သော်လည်း မည်သည့်ပြဿနာမှ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ဂျန်ဇန်ကမူ ရုရှား၏ ထိုကဲ့သို့ ဆောင်ရွက်မှုမှာ ပုံမှန်မဟုတ်ဟု ပြောကြားခဲ့သည်။

    ယူကရိန်းပိုင်နက် ခရိုင်းမီးယားကျွန်းဆွယ်အား ရုရှားက သိမ်းပိုက်ပြီးနောက်ပိုင်း ရုရှားနှင့် နေတိုးအဖွဲ့အကြား သဘောထားတင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ယခုနှစ်အတွင်း ဥရောပလေပိုင်နက်အပေါ် ရုရှားလေယာဉ်များ ပျံသန်းမှုမှာ ၂၀၁၃ ခုနှစ်ထက် ပိုများခဲ့ကာ အကြိမ် ၁၀၀ ကျော်ရှိခဲ့ပြီး မဟာမိတ်တိုက်လေယာဉ်များက ပျံတက်ကာ သတိပေးမှုများ ပြုလုပ်ခဲ့ရသည်ဟု နေတိုးအဖွဲ့၏ ထုတ်ပြန်မှုများတွင် ဖော်ပြထားသည်။

    Source: Associated Press