စက်တင်ဘာ ၂၂ ၊ ၂၀၁၅
M-Media
အဘာဘီးလ် ပေးပို့သည်။
.
စက်တင်ဘာလ ၂၂ ရက် တွင် ဟဂ်ျကျင့်စဉ် ပထမရက်အဖြစ် ဟာဂျီလောင်းများ မီနာစခန်းတွင် စခန်းချ တည်းခိုနေကြပြီ ဖြစ်ပါတယ်။
.
မီနာတွင် စခန်းချစဉ်တွင် အာရေဗျသဲကန္တာရ ရဲ့ ပူပြင်းသော အပူရှိန်ကို အံတုရင်း အချိန်နှင့် စုပေါင်းဝတ်ပြုခြင်း ကိုယ်စီ ကုရ်အာန်ကျမ်း ရွတ်ဖတ်သရဇ္ဇယ်ခြင်း ကိုးကွယ်ရာအရှင်ကို တမ်းတသတိရခြင်း ဆုမွန်တောင်းခံခြင်းနှင့် တမန်တော်မြတ် မုဟမ္မဒ်သခင်ကို မေတ္တာပို့ခြင်းတို့ကို ကျင့်ကြံလျက်ရှိကြပါတယ်။
.
ကမ္ဘာနေရာ အနှံ့မှ မွတ်စလင်မ်များ ဟဂ်ျကျင့်စဉ် အတွက် လာရောက်ကြရာ မြန်မာပြည်မှ မြန်မာ မွတ်စလင်မ်များလည်း ထောင်ချီပါဝင်ကြပါတယ်။
.
မင်းတုန်းမင်းကြီး မက္ကာမြို့တွင် ဆောက်လုပ် လှူဒါန်းခဲ့သော ဒေါင်းဇရပ် ကောင်းမှုတော်ကို အကြောင်းခံ၍ ဆော်ဒီအစိုးရ ကူညီမှုဖြင့် ရသော မြန်မာအစိုးရ ကိုယ်တာ ဟာဂျီလောင်း ၂၈၀ တို့ဟာ စခန်းအမှတ် (၁၀) တွင် တည်းခိုလျက် ဟဂ်ျ ကျင့်စဉ်ကို ကျင့်ကြံရင်း မြန်မာပြည်ကြီး ငြိမ်းချမ်းရေး တိုးတက်ရေးတို့ အတွက်ပါ ဆုမွန်တောင်းပေးလျက်ရှိကြပါတယ်။
Author: M-Media
-
မြန်မာ မွတ်စလင်မ်များနှင့် ၂၀၁၅ ဟဂ်ျကျင့်စဉ် ခရီးမှတ်တမ်း(၁)
-
အင်ဒိုနီးရှားတွင် ငါးနှစ် ဒုက္ခပင်လယ်ဝေခဲ့သော မြန်မာ ငါးဖမ်း လုပ်သားလေး နိုင်ငံမဲ့ ဘ၀ရောက်နေ
စက်တင်ဘာ ၂၀ ၊ ၂၀၁၅
M-Media
အန်ဘုံ၊ အင်ဒိုနီးရှား ။ ။ အေပီသတင်းဌာနက စုံစမ်းဖော်ထုတ် ရေးသာပြီးနောက်ပိုင်း အင်ဒိုနီးရှား စုံစမ်းရေးမှ ကယ်တင်လိုက်သော ငါးဖမ်းလုပ်သား ၂၀၀၀ ဦးကဲ့သို့ အသက် ၁၈ နှစ်အရွယ်ရှိ ဘင်း ဆိုသူလည်း ပါဝင်ခဲ့သည်။ ထိုငါးဖမ်းလုပ်သားတို့မှာ ငါးဖမ်းလှေပေါ်တွင် အဓမ္မကျွန်ပြုခံရပြီး မိမိတို့နေရပ်သို့ပြန်ရန် မျှော်လင့်ချက်ကင်းမဲ့နေခဲ့ရသူများဖြစ်သည်။ဘင်း မှာ အသက် ၁၂ နှစ်အရွယ်မှာပင် မိဘများ၏စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး အိမ်ရာမဲ့ဘ၀ဖြင့် ထိုင်းနိုင်ငံ လမ်းမများပေါ် တောင်းရမ်း စားသောက်ခဲ့ရသည်။ ၎င်းနောက် ငါးဖမ်းလှေဖြင့် လိုက်ပါလုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။ သူက မိမိသည် ဗမာလူမျိုးဖြစ်သည်ဟု ယုံကြည်လျက် ရှိသော်လည်း ဆွေမျိုးသားချင်းအမည်များ၊ နေရပ်လိပ်စာ စသဖြင့် မဖော်ပြနိုင်၍ သူသည် အင်ဒိုနီးရှားမှာပင် နေရစ် ရမည်ဟု မြန်မာသံရုံးမှ ဆိုသည်။
အောက်ပါတို့မှာ မြန်မာလိုပြောကြားခဲ့သော သူ့စကားများ ဖြစ်ပါသည်။
” ကျွန်တော့်မိဘတွေဟာ ဘယ်အရပ်ဒေသကမှန်း မသိခဲ့ပါဘူး။ သူတို့က ဗမာလူမျိုးဖြစ်တယ် ဆိုတာကိုပဲ ကြားဖူးခဲ့ပါတယ်။ ရေရေရာရာ မသိနိုင်ခဲ့ပါဘူး။ ကျွန်တော်ဟာ (ထိုင်းနိုင်ငံ) ရနောင်းမြို့မှာ နေထိုင်ခဲ့ပါတယ်။ သူတောင်းစားဖြစ်တဲ့ကျွန်တော့်ကို လူတော်တော်များများ သိရှိကြပါတယ်။ ခုချိန်ထိ ကျွန်တော့်ကို မှတ်မိခြင်းရှိမရှိဆိုတာတော့ မပြောနိုင်သေးပါဘူး။
ထိုင်းကပ္ပတိန်တစ်ဦးက ကျွန်တော့်ကို အလုပ်ကောင်းတစ်ခုပေးမယ်ပြောဆိုပြီး ငါးဖမ်းလှေ တစ်စင်းဆီ ခေါ်ဆောင်သွားပါတယ်။ ကျွန်တော်တို့ အင်ဒိုနီးရှားသွားရမယ်ဆိုတာ လုံးဝ မသိရှိခဲ့ကြပါဘူး။ ဘယ်ကို သွားကြောင်း သိနားလည်သွားချိန် အိမ်ပြန်ပို့ဖို့ ကျွန်တော် တောင်းပန်တိုးလျှိုးခဲ့တယ်။ ကျွန်တော့်ဆီမှာ ဘာအထောက်အထားမှမရှိလို့ ပြန်ဖို့မဖြစ်နိုင်ဘူးဆိုပြီး ကပ္ပတိန်က ပြောပါတယ်။ ကျွန်တော့်မှာ မိဘရှိမနေတော့ အထောက်အထားစာရွက်စာတမ်း မဆိုထားနဲ့၊ မွေးစာရင်းပင်လျှင် မရှိခဲ့ပါဘူး။ ဒါကြောင့် ငါးဖမ်းလှေထဲမှာပဲ ဘ၀မြုပ်သွားခဲ့ရတယ်။ လုပ်သားခဆိုလည်း တစ်ကြိမ်တစ်ခါမှ မရရှိခဲ့ပါဘူး။
ကျွန်တော် တစ်ယောက်တည်း ဒီမှာ မနေချင်ဘူးဗျ။ သူငယ်ချင်းတွေနဲ့အတူ အိမ်ပြန်ချင်ပါတယ်။ မြန်မာ သို့မဟုတ် ထိုင်းနိုင်ငံမှာ အသိတစ်ယောက်ယောက် ရှာတွေ့နိုင်မလားလို့ သေသေချာချာ မသိပေမယ့် အိမ်ပြန်ချင်တာပဲသိတယ်။ ဒီမှာ ဘယ်လိုရှင်သန်ရမှန်း မသိဘူး၊ ဒီမှာ တစ်ယောက်တည်း ကျန်ရစ်မှာ ကြောက်တယ် ” ။
အင်ဒိုနီးရှား၊ မာလုကု ခရိုင်၊ အန်ဘုံဆိပ်ကမ်းတွင် သောင်တင်နေသော မြန်မာငါးဖမ်းလုပ်သား ဘင်းကို ၁၀.၉.၂၀၁၅ ကြာသပတေးနေ့က တွေ့ရစဉ်။ (ဓာတ်ပုံ – AP )
ref: AP
-
UNC ပါတီမှ ပယ်ချခံ ကိုယ်စားလှယ် ၆ ဦးမှ သုံးဦးကို ကော်မရှင် ပြန်လည်ခွင့်ပြု
စက်တင်ဘာ ၁၉၊ ၂၀၁၅
M-Media
မိုးစက်
ရန်ကုန်။ ။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော မူလက ပယ်ချခံထားရသော အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ ၆ ဦးအနက် ကိုယ်စားလှယ်လောင်းသုံးဦး ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။အဆိုပါပါတီမှ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်း (၁၂) ဦးတင်သွင်းထားသော်လည်း (၆) ဦးသာ ရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ်လောင်း (၆) ဦးအဖြစ်လျှောက်ထားသူများသည် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ အယူခံဝင်ခဲ့ရာ ကော်မရှင်မှ သုံးဦးကို ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီမှ ဥပဒေတာဝန်ခံ ဦးရန်နိုင် (မြောင်းမြ) က M-Media သို့ပြောသည်။
“အန်ကယ်တို့ကိုသူတို့ပယ်တာက ၂၀၀၈ ဖွဲ့စည်းပုံမှာ မရှိတော့တဲ့ ဥပဒေတွေ၊ အဖေ အမေ နိုင်ငံသားဖြစ်မှုမှာ သံသယရှိတဲ့ ဆိုတဲ့ဟာတွေနဲ့ဆိုတော့ အဲဒါတွေကို အန်ကယ်တို့ဘက်က အထောက်အထားခိုင်မာစွာနဲ့ ပြန်လည်ဖြေရှင်းပြီး ကော်မရှင်မှာ အယူခံဝင်ခဲ့တာပါ” ဟု ၎င်းကဆက်လက်ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်ထံမှ ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်သည့် တရားဝင်စာကို မရရှိသေးပေမယ့် လည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ကိုယ်တိုင် ဖုန်းဆက်၍ပြောသည်ဟုလည်း ဦးရန်နိုင်က ဆိုခဲ့သည်။
အမျိုးသားညီညွတ်ရေး ပါတီမှ ပြန်လည်ရွေးချယ်ခံရသည့် ကိုယ်စားလှယ်များမှာ- ဦးရန်နိုင် (မြောင်းမြ) (သင်္ဃန်းကျွန်းမဲဆန္ဒနယ်)၊ ဦးအောင်မြင့်မင်း (တာမွေမဲဆန္ဒနယ်)၊ ဦးရန်နိုင်ဟိန်း (တောင်ဥက္ကလာမဲဆန္ဒနယ်) တို့ဖြစ်ကြသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ ပြည်သူ့လွှတ်တော် အမတ် ဦးရွှေမောင် အပါအဝင် အစ္စလာမ်ဘာသာဝင် လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ရွေးကောက်ပွဲကော်မရှင်မှ ၇၀% ထက် မနည်းပယ်ချခဲ့ရာ သက်ဆိုင်ရာပါတီများမှ ပြန်လည်ယှဉ်ပြိုင်ခွင့်ရရန် ကော်မရှင်ထံသို့ အယူခံဝင်လျက်ရှိကြသည်။
-
သောကကို ရေလောင်းပေါင်းသင်ခြင်း
စက်တင်ဘာ ၁၈ ၊ ၂၀၁၅
M-Media
နှင်းဆီခင်ရေးသည်။
လူတစ်ခု ပူမှုရယ်က ကုဋေ မကချင်ပါဘူးနော်။ မိုးလင်းလို့ မျက်စိနှစ်လုံး ပွင့်လာတယ် ဆိုကတည်းက မနက်ခင်းနေ့သစ်ရဲ့အပျော်လေးတွေက အတွေးထဲကို ဝင်လာမယ့်အစား၊ အပူတွေ သောကတွေနှင့် စိတ်ပူပန်မှုတွေက ဆောင့်ပြီး ဝင်လာတတ်တာကလား။ ကြည့် အလုပ်သွားရဦးမယ်၊ ကားပိတ်လို့လမ်းမှာ အချိန်တွေအများကြီး ဖြုန်းပစ်ရဦးမှာ၊ အလုပ်နောက်ကျရင် အထက် အရာရှိရှေ့မှာ မျက်နှာငယ်လေးနှင့် အဆူအဟောက်ခံပေဦးတော့ နောက်ကျမယ် ထင်ရင် အိမ်က ခပ်စောစောထွက်လာပေါ့၊ ဆင်ခြင်တွေ လာမပေးနဲ့ဆိုတဲ့ အရာရှိရဲ့စကားတွေကို ခံရပါများလို့ အလွတ်ရနေပြီ။ ဟုတ်ပါတယ်။ ဆင်ခြင်ဖုံးဒေသကနေ မြို့ထဲရောက်ဖို့ အချိန်တွေအများကြီး ပေးရမှန်းသိတယ်။ စောစောထွက်ပါလားဆိုတော့ အလုပ်ကို ယူသွားဖို့ ထမင်းချိုင့်က မမှီပြန်ရော။ စီစဉ် ချက်ပြုတ်ပေးနေတဲ့ အမေတို့ အမတို့ကိုလည်း ပူဆာရမှာ အားနာလှပြီး တွေးလိုက်ရင် သောကတွေအပူတွေ အရွယ်နှင့်ကို မမျှဘူးလို့ ထင်မိတတ်ကြတယ်။ရှိသေးတယ်။ အလုပ်ထဲမှာပဲ ကိုယ့်လို ပင်ပင်ပန်းပန်း ကားတိုးမလာရဘဲ အိမ်ကနေကားလေးနှင့် အခန့်သားလာသူတွေ အိမ်ကကားနှင့် လိုက်ပို့သူတွေ၊ ယုတ်စွ အဆုံး တက္ကစီလေးစီးလို့ အငြိမ့်သားလာကြသူတွေ စုံလို့ပေါ့။ ခက်တာက ကိုယ်ရတဲ့ လခကိုမျက်စောင်း ထိုးကြည့်ရင် တက္ကစီခကို မဖြုန်းရဲတော့ဘူး ဖြစ်သွားရော။ နောက်ပြီး အမေတို့ကို ကိုယ်ရတဲ့ လခလေးထဲကနေ ကန်တော့ချင်သေးတာလည်းဖြစ်လို့ အစစချွေတာတာ စစ်စီတာဟာ အကျင့်တစ်ခုလိုဖြစ်နေတယ်။ ဒီထက်လခပိုကောင်းပြီး ဟန်ကျမယ်ထင်တဲ့ အလုပ် တစ်ခုခုများရရင် လက်ရှိအလုပ်ကို ခြေစုံကန်ပစ်လိုက်မယ်လို့ စိတ်ထဲက ခဏခဏကြုံးဝါးမိတယ်။ ဒါပေမယ့် စိတ်ကူးက စိတ်ကူးပဲလေ။ လက်တွေ့မှဖြစ်မလာတာ၊ ရုန်းနေရဦးမှာပါ လို့တချို့တချို့လူငယ်တွေ တွေးတောမိကြတယ်။ (ရင်ဖွင့်သူတွေလညှ်းရှိကြတယ်။)
ကောင်းပြီ။ လုပ်ငန်းခွင်ကို ဝင်ပြီဆိုတာနှင့် အခက်အခဲဆိုတာ အနည်းနှင့်အများ ကြုံရမှာ သဘာဝပါပဲ။ အရေးကြီးတာက ကိုယ့်ဘဝမှာ ရှောင်လွဲမရတဲ့ သောက၊ ဒုက္ခတွေကို ဘယ်လိုရင်ဆိုင်မယ်၊ ကျော်လွှားမယ်ဆိုတာကသာ အဓိကကျပါတယ်။
သောကစိုးထိတ်မှုတွေကို ရေလောင်း ပေါင်းသင်နေလို့ကတော့ တစ်နေ့တစ်ခြား ရှင်သန်ကြီးထွားလာမှာ ဖြစ် သလို၊ ရေမလောင်း ပေါင်းမသင်၊ မြေသြဇာ မကျွေးဘဲ ထားပစ်လိုက်ရင်တော့ အမြစ်ပါသေပြီး မျိုးပြတ်ရော လို့ ပညာရှင်တစ်ဦးက ဆိုတယ်။ အခက်အခဲနှင့် သောကတွေဆိုတာ သူ့ဘာသာ ရှင်သန်နေတာ မဟုတ်ဘူး။ အားပေးအားမြှောက် လုပ်ပေးသူရှိနေတာကိုး။ ဘဝမှာ ရှောင်လွဲမရတာ လောကဓံ၊ တစ်နည်းပြောရရင် အခက်အခဲနှင့် သောကဆိုတာ လူ့ဘဝရှင်သန်မှုနှင့် အမြွာလို့ ကပ်တွယ်နေတတ်တာမျိုး။
ခေါင်းထဲမှာ သောကပြီးသောက တွေးနေရင်တော့ သောက ပိလို့ သေရုံသာရှိပါတော့မယ်။ အဲဒီလို တွေးငေးနေတဲ့ အချိန်ပိုရှိနေခြင်းက ကိုယ့်ဘဝရဲ့အကြီးဆုံး ရန်သူလို့ပဲ ဆိုပါရစေ။ အခက်အခဲတွေကနေ လွတ်အောင် ထွက်ပြေးလို့လည်း မရပြန်ဘူး။ ဒီတော့ တစ်စုံတစ်ခု လုပ်ဖို့ ကြိုးစားရမှာပါ။ ကိုယ့်မှာအဓိက ပိုင်ဆိုင်ထားတာ ဇွဲသတ္တိ၊ ဘယ်သူမှ ဖြိုဖျက်လုယူလို့မရဘဲ ကိုယ်ပိုင် အရည်အသွေးမို့ ရုန်းကန် လှုပ်ရှားတော့မယ်ဆိုရင်ပေါ့။ အဲဒီဇွဲသတ္တိဟာ တကယ့်ကို တွန်းအားဖြစ်လာမယ်ဆိုတာတော့ အသေအချာယုံထားပါ။
နောက်တစ်ခုက စိတ်ဓာတ်ကြံ့ခိုင်ဖို့။ ကိုယ်ကြိုးစားဆောင်ရွက်နေတဲ့ ကိစ္စတစ်ခုခုကို သူပြောငါပြောနှင့် စိတ်ပျက်လက်ပျက်ဖြစ် မသွားဖို့ အရေးကြီးဆုံး။ မြည်းတစ်ကောင်နှင့် သားအဖနှစ်ယောက် ဇာတ်လမ်းမှာ ပတ်ဝန်းကျင်ရဲ့ အထိုးအနှက် စကားတွေကြောင့် စိတ်ဓာတ်ကျပြီး လိုရာ မရောက်ခဲ့တဲ့ သားအဖနှစ်ယောက်ကို စံထားရင်ပေါ့။ ကိုယ့်သောကကိုဖြို၊ အခက်အခဲတွေကိုဖြေရှင်း စတာတွေကိုလုပ်ရာမှာ ရလာမယ့် အကျိုးဆက်ကို မျှော်တွေးမနေဖို့လည်း လိုတယ်။ လုပ်သင့်လုပ်ထိုက်တာတွေကို တစ်စိုက်မတ်မတ် လုပ်သွားခြင်းဟာ တွေးငေးနေဖို့ အချိန်မရှိအောင်ဖြစ်သွားစေနိုင်တာတော့ အမှန်ပဲလေ။
ရှိသေးတယ်။ ကိုယ့်သောကတွေ ဒုက္ခတွေကို လူတွေတိုင်း ထုတ်ထုတ်ညည်းပြတာ အကျင့်တစ်ခုလိုဖြစ်နေသလားဆိုတာ ကိုယ့်ကိုကိုယ်ဆင်ခြင်သုံးသပ်သင့်တယ်။ ကိုယ်ပြောပြတဲ့အခါ တစ်ဖက်သားက တကယ်ပဲ ခံစားပြီး နှုတ်၊ လက်စတာတွေနှင့် ကူညီပေးရင်တော့ အကောင်းသားပေါ့။ ဒါပေမယ့် အခါခပ်သိမ်းဆိုသလို ကိုယ့်အတွက်အကူအညီရဖို့ဆိုတာ မျှော်လင့်ထားလို့ မရပြန်ဘူး။ နောက်ပြီး ကိုယ့်ဘာသာသေလုမြောပါး ခံစားနေရတာ၊ နားထောင်ပေးသူက ကိုယ်မဟုတ်ဘူး။ သူကအဲဒီလောက် ဘယ်ခံစားနိုင်ပါ့မလဲ ။ နောက်ပြီး အမြဲတမ်းလိုလို စာနာပေးနိုင်ပါ့မလား။
ဒီတော့ ကိုယ့်အခက်အခဲကို အတတ်နိုင်ဆုံးဖြေရှင်းဖို့ နည်းလမ်းတွေကြံဆဖို့လိုတယ်။ တစ်ခုရှိတာက ကိုယ့်အကျိုးကို တကယ်လိုလားပြီး ဗဟုသတအမြော်အမြင်ရှိသူတွေဆီက အကြံကောင်းဥာဏ်ကောင်းရနိုင်စရာရှိတယ်။ ဒါပေမယ့် ပုံသေတွက်ထားလို့တော့ မရဘူး။ အဲဒီသူမှာ ဘယ်လိုအခြေအနေ၊ ဘယ်လိုစိတ်ခံစားမှုရှိနေမယ်ဆိုတာ ကြိုတင်မသိနိုင်ဘူးဆိုတော့ အဲဒီလို (မျှော်လင့်ထားသလောက်) အကူအညီမရခဲ့ဘူးဆိုရင် မရ ရလေခြင်းရယ်လို့ စိတ်အပင်ပန်းမခံပါနဲ့။ လူတွေဟာကိုယ့်အခက်အခဲနှင့်ကိုယ်၊ ဒုက္ခကိုယ်စီရှိနိုင်ပါလားဆိုတာကို အသင့်အတင့်နှလုံးသွင်းကြည့်ဖို့ပဲလိုတယ်။ ဒါဆိုရင် ကိုယ်စိတ်ပေါ့ပါးပြီး ခံစားရသက်သာမှာ သေချာတယ်။
ကိုယ့်ကိစ္စ ကိုယ့်အကျိုးဆောင်ရွက်ရင်း၊သူများကိစ္စသူများအကျိုးကို (ဖြစ်နိုင်ရင်) တစ်နိုင်တစ်ပိုင်ကူညီဆောင်ရွက်နိုင်မယ်ဆိုရင်ပေါ့။ ကိုယ့်ရဲ့သောကတွေဟာ သူရဲ့ပီတိတွေကြောင့် အရည်ပျော်သွားသလို ခံစားရမှာပါ။ ဒါကြောင့်လည်း ပညာရှင်တွေက ဆိုမိန့်ကြတယ်။
သူများအပေါ်ကောင်းတဲ့သူဟာ ကိုယ်တိုင်အတွက် အကောင်းဆုံးဖြစ်စေတဲ့သူပါတဲ့လေ။ ဒီတော့ ဘဝမှာ ရုန်းရင်းကန်ရင်း သောကကိုဖြို၊ ပြိုသွားရိုးအမှန်ပါလို့ ခံယူရင်း။
နှင်းဆီခင်