News @ M-Media

Author: M-Media

  • မ.ဘ.သ အဖွဲ့ ၏အဆုံးသတ်ပစ်မှတ် NLD

    မ.ဘ.သ အဖွဲ့ ၏အဆုံးသတ်ပစ်မှတ် NLD

    စက်တင်ဘာ ၂၇ ၊ ၂၀၁၅
    M-Media

    12049635_1085279841516167_5911873362568271202_n
    ဓါတ်ပုံ ဧရာဝတီ

    အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ မဘသအဖွဲ့ အပေါ် သိက္ခာချတဲ့ တာဝန်မဲ့ စကားများပြောကြားပြီး မိမိတို့ရဲ့ဗုဒ္ဓဘာသာ ကာကွယ်စောင့်ရှောက်ရေးကြိုးပမ်းချက်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေကြောင်း မဘသ အဖွဲ့ဝင် အမျိုးသားရေး ၀ါဒီဘုန်းကြီးများက တန်ပြန် တံဆိပ်တပ်ခဲ့ပါတယ်။

    မဘသအဖွဲ့ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက် တစ်ရပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီဟာ ဆိုရှယ်မီဒီယာကဖြစ်စေ၊ ဘုန်းတော်ကြီးကျောင်း ကွန်ရက်များကဖြစ်စေ အစွန်းရောက် အမျိုးသားရေးဝါဒီများရဲ့ နိုင်ငံနဲ့အ၀ှမ်း အပုပ်ချတိုက်ခိုက်မှုကို ဘယ်လိုခံနေရကြောင်း ထပ်မံ မီးမောင်းထိုးပြသလိုက်ပါတယ်။

    NLD ပါတီကို သိက္ခာချဖို့၊ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ အတွက် မဘသ အုပ်စုများဟာ တရားပွဲတွေ၊ လက်ကမ်း စာစောင်နဲ့ စီဒီခွေများဖြန့်ဝေခြင်းကို အသုံးချနေတယ်လို့ NLD ထိပ်တန်း ပါတီဝင်များက စက်တင်ဘာ ၂၁ ရက်မှာ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဧရာဝတီတိုင်းက မြို့နယ်သုံးခု၊ တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းက တစ်မြို့နယ်စီမှာ အဆိုပါနည်း အတိုင်း ပါတီကို တိုက်ခိုက်ခဲ့ကြောင်း ဆိုပါတယ်။

    နိုင်ငံရေးထဲ ဘာသာရေးကို တလွဲ အသုံးချနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ အကြောင်းကြား တိုင်တန်းခဲ့သော်လည်း အစိုးရဖက်က မည်သည့် အရေးယူမှု မရှိတာကို တွေ့ရတယ်လို့ ဦးဝင်းထိန်က ပြောကြားပါတယ်။

    ‘မဘသအဖွဲ့က ထုတ်ဝေဖြန့်ချိတဲ့ လက်ကမ်း စာစောင်တွေနဲ့တစ်ကွ ဓာတ်ပုံတွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ထိ ပြန်ကြားမှု မရှိသေးပါဘူး’ ။

    စက်တင်ဘာ ၂၃ ရက်နေ့ မဘသအဖွဲ့ထုတ်ပြန်ချက်မှာ မဘသဟာ မည်သည့်အဖွဲ့အစည်း မည်သည့်ပါတီနောက် မလိုက်ခဲ့ပါ။ သို့သော် အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေး အတွက် မည်သည့်အုပ်စုနှင့် မဆို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ ဘယ်ပါတီကိုမှ မတိုက်ခိုက်ကြောင်း ငြင်းဆိုခဲ့ပေမယ့် တိုင်းပြည် လူမျိုးဘာသာကို ဖျက်ဆီးဖို့ကြိုးစားနေတဲ့ မည်သည့်လူပုဂ္ဂိုလ်၊ အုပ်စုကိုမဆို ဖယ်ရှားသွားမယ်လို့ အခိုင်အမာ ဆိုပြန်ပါတယ်။

    NLD ရဲ့ထိပ်တန်းခေါင်းဆောင် ဦးတင်ဦးရဲ့မှတ်ချက်များဟာ တာဝန်မဲ့လှကြောင်း၊ အမျိုးဘာသာ သာသနာကာကွယ်ရေးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်လို့ ယူဆရကြောင်း အဆိုပါထုတ်ပြန်ချက်ထဲ ပါဝင်နေပါတယ်။

    မဘသဗဟိုကော်မတီက ပုံနှိပ် စာရွက်စာတမ်းများ ထုတ်ဝေဖြန့်ချိဖို့ မည်သည့် ညွှန်ကြားချက်ကိုမှ မထုတ်ပြန်ခဲ့ပါဘူး၊ နိုင်ငံရေးထဲ ပါဝင်စွက်ဖက်မှု မရှိပါဘူးလို့ ရန်ကုန် မဘသအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးပါမောက္ခက ဆိုပါတယ်။ သို့တစေ ‘အမျိုးဘာသာသာသနာ ဖျက်ဆီးမယ့်သူအတွက် ပြည်သူတွေရဲ့ မဲပေးမှုကို မလိုလားဘူး’ လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

    မဘသ သို့မဟုတ် မဘသနဲ့ နီးစပ်သူများက မွတ်စ်လင်မ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ထင်ထင်ရှားရှား ပြုလုပ်နေကြတယ်၊ NLD ဟာ မွတ်စ်လင်မ်တွေနဲ့ အနီးကပ်ဆက်ဆံမှုရှိနေတယ်၊ ပါတီခေါင်းဆောင်ဟာ မွတ်စ်လင်မ်တွေ အပေါ် စာနာသူဖြစ်တယ် စသဖြင့် သတ်မှတ်ပြောဆိုနေကြောင်း ရန်ကုန်နဲ့ အခြားမြို့များက မဲဆန္ဒရှင်များထံမှ သိရပါတယ်။

    လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ တည်ငြိမ်မှုကို ထိန်းသိမ်းကြဖို့ သမ္မတ ဦးသိန်းစိန်က ပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အစိုးရအနေနဲ့ ရိုဟင်ဂျာ မွတ်စ်လင်မ်တွေကို မဲပေးခွင့် ရုပ်သိမ်းကြောင်း၊ မဘသအဖွဲ့ကတင်သွင်းတဲ့ မျိုးစောင့်ဥပဒေလေးရပ်ကို အတည်ပြုပြဋ္ဌာန်းကြောင်း – သမ္မတရုံးက အသိပေးသလိုလိုနဲ့ ဗုဒ္ဓအမျိုးသားရေးဝါဒလှိုင်းတံပိုးထဲ မဲဆန္ဒရှင်များကို မသိမသာ မောင်းသွင်းခဲ့ပါတယ်။

    ယမန်နေ့က ဘုန်းကြီး၊ မယ်သီလရင်၊ အမျိုးသားရေး ၀ါဒအဖွဲ့ဝင်လူငယ်များ ပါဝင်ကြတဲ့ မဘသထောက်ခံသူဦးရေ တစ်သောင်းဝန်းကျင်ရှိ လူအုပ်တစ်အုပ်ဟာ နေပြည်တော်ရဲ့တပေါင်းခန်းမမှာ စုရုံးပြီး မျိုးစောင့်ဥပဒေပြဋ္ဌာန်းမှု အတွက် အောင်ပွဲခံခဲ့ကြပါတယ်။

    ‘အမျိုးဘာသာသာနာ မပျောက်ကွယ်အောင် ထိန်းသိမ်း ကာကွယ်ပေးမယ့် ဥပဒေများကို ဖန်တီးဖော်ဆောင်ခွင့်ရရှိတဲ့အတွက် ၀မ်းမြောက်ကျေနပ်မိပါတယ်။ ဒီဝမ်းမြောက်မှု အပေါ် ဖော်ပြဖို့ရာ စကားလုံး မရှိပါဘူး’ လို့ နေပြည်တော်မဘသအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဝိလာသက ဆိုပါတယ်။

    သမ္မတဦးသိန်းစိန်က သြဂုတ်လအတွင်း မျိုးစောင့် ဥပဒေလေးရပ် အသက်ဝင်ရေး လက်မှတ်ရေးထိုးပြီးနောက် မဘသအုပ်စုဟာ နိုင်ငံအနှံ့ လှည့်လည်အောင်ပွဲခံနေခဲ့ကြပါတယ်။ အဲ့ဒီဥပဒေများက ဘာသာရေးနဲ့လိင်ပိုင်းဆိုင်ရာ ခွဲခြားချိုးနှိမ်မှုကို ဆက်လက် အဓွန့်ရှည်စေတယ်ဆိုပြီး လူ့အခွင့်အရေး အုပ်စုများက ကန့်ကွက်ရှုတ်ချထားခဲ့ကြပြီးလည်း ဖြစ်ပါတယ်။

    အောင်ပွဲခံအခမ်းအနားများအတွက် အစိုးရဖက်မှ ငွေကြေးထောက်ပံ့ပေးကမ်းမှု မရှိပါ။ အမျိုးသားရေးဝါဒီသံဃာများက တစ်သိန်းကျပ်ထည့်ဝင်ကြသလို ရန်ကုန်တိုင်းမဘသအဖွဲ့က ကျပ်ငွေ သုံးသန်း ထောက်ပံ့ပေးကမ်းပါတယ်လို့ ဦးဝိလာသက ပြောပါတယ်။

    မဘသအဖွဲ့ရဲ့အဆိုအရ တိုင်းပြည် အနှံ့အောင်ပွဲခံ အခမ်းအနားများ အတွက် မိုးထိမိုးမိ ဗုဒ္ဓဘာသာ အဖွဲ့အစည်းက ကျပ်ငွေ သန်း ၇၀ လှူဒါန်းခဲ့ပြီး၊ တော်သလင်းလပြည့် စက်တင်ဘာ ၂၈ ရက်နေ့မှာ ရန်ကုန်ကို ပြန်လာစုစည်းကြမယ်လို့ သိရပါတယ်။

    မဘသအဖွဲ့ဟာ ရွေးကောက်ပွဲပြီးတဲ့နောက် ဘယ်အစိုးရ တက်တက် အမျိုးဘာသာသာသနာ အပေါ် မည်သည့်စော်ကားမှုကိုမျှ လက်ခံမှာမဟုတ်ဘူး၊ ဒါကြောင့် ကမ္ဘာဆုံးတိုင် မြန်မာနိုင်ငံမှာ မဘသ ရှိနေမှာဖြစ်ကြောင်း၊ မဘသဟာ နိုင်ငံရေးပါတီအသွင်မျိုး လုပ်ကိုင်ဆောင်ရွက်သွားမှာမဟုတ်သလို လက်ရှိအစိုးရရဲ့သြဇာတည်မြဲအောင်လုပ်ဖို့ ရည်ရွယ်ချက်လည်း မရှိကြောင်း နာမည်ကြီး ဘုန်းတော်ကြီးတစ်ဦးဖြစ်သူ ဦးသောပါကမှ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းကို နိုင်ငံမဲ့ ဘ၀ဖြစ်စေခဲ့တဲ့ ၁၉၈၂ နိုင်ငံသားဥပဒေ ပြန်လည်ရုပ်သိမ်းအောင် မည်သည့် နိုင်ငံရေးပါတီကမှ မကြိုးစားကြဖို့ သူက သတိပေးလိုက်ပါတယ်။

    ဆောင်းပါးရှင်  Ei Ei Toe Lwin   ရေးသားပြိး Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သည့် “Ma Ba Tha takes aim at defamation accusations ” ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

  • မြန်မာ မွတ်စလင်မ်များနှင့် ၂၀၁၅ ဟဂ်ျကျင့်စဉ် ခရီးမှတ်တမ်း(၅)

    မြန်မာ မွတ်စလင်မ်များနှင့် ၂၀၁၅ ဟဂ်ျကျင့်စဉ် ခရီးမှတ်တမ်း(၅)

    စက်တင်ဘာ ၂၆ ၊ ၂၀၁၅
    M-Media
    အဘာဘီးလ် ပေးပို့သည်။

    DSCN1504
    Photo-zikrifuad

    ယနေ့ ဟဂ်ျ ကျင့်စဉ် ပဉ္စမမြောက်ရက်အဖြစ် ဟာဂျီလောင်းများသည် စခန်းချရာ မီနာကွင်းပြင်မှ ရှိုက်တွာန် မာရ်နတ် အထိမ်းအမှတ် တိုင် သုံးခုကို ခဲပေါက်ရန် ဂျမရတ် အဆောက်အဦးသို့ မွန်းလွဲချိန်တွင် အသုတ်လိုက် သွားခဲ့ကြပါတယ်။

    အစ္စလာမ်၊ ခရစ်ယာန်နှင့် ဂျူးဘာသာတရား သုံးခု ဦးသျှောင်ကြီး တမန်တော် အီဘရာဟင်သခင်နှင့် သားတော်ကြီး အစ္စမိုင်အီလ်သခင်တို့ ကိုးကွယ်ရာ အရှင့် အမိန့်ကို နာခံရန် လာစဉ်တွင် ရှိုက်တွာန်မာရ်နတ်က သွေးဆောင်နှောင့်ယှက်ခဲ့ရာ မောင်းထုတ် ဆန်ကျင်ခဲ့ကြတဲ့ ထိုဖြစ်စဉ်ကို အထိမ်းမှတ်ပြုသည့် ကျင့်စဉ်ကို ကိုးကွယ်ရာအရှင်မှ ဟဂ်ျကျင့်စဉ်တွင် ပါဝင်ရန် တမန်တော်မြတ် မုဟမ္မဒ်သခင်မှ တဆင့် အမိန့်ပေး ကျင့်သုံးပြစေခဲ့ပါတယ်။

    ဟာဂျီလောင်းများသည် ထိုမာရ်နတ်အထိန်းမှတ်ကို ကျောက်ခဲဖြင့် ပစ်ပေါက်စဉ်တွင် မိမိတို့ မကောင်းစိတ် အကုသိုလ်စိတ်များကို စွန့်ပယ်နေသည် မိမိတို့ မာရ်နတ် သွေးဆောင်မှုကို လုံးဝလက်မခံ ဆန်ကျင်ကြောင်း နှလုံးသွင်းကျရပါတယ်။

    ထို့သို့မာရ်နတ် သွေးဆောင်မှုမှ အကာအကွယ်ရရန်နှင့် မိမိကိုယ်ကို ပြုပြင်နိုင်ရန် ကိုးကွယ်ရာအရှင်မြတ်ထံ ခိုလှုံဆုမွန်တောင်းခံရပါတယ်။

    ဟာဂျီလောင်း အများစုမှာ ညနေမတိုင်ခင်ကတည်းက ထိုကျင့်စဉ်ကို ဆောင်ရွက်ခဲ့ကြပြီး မက္ကာမြို့တော်သို့ပြန်ကာ ဟာဂျီများ အဖြစ်ခံယူသွားကြပြီဖြစ်ပါတယ်။

    အချို့မှာလည်း နေအေးချိန်ကိုစောင့်၍ နေမဝင်မည် ကျင့်ဆောင်ကြမည်ဖြစ်ပါတယ်။

    အပိုင်း
    ၁။ http://www.m-mediagroup.com/news/45863
    ၂။ http://www.m-mediagroup.com/news/45929
    ၃။http://www.m-mediagroup.com/news/45953
    ၄။ http://www.m-mediagroup.com/news/45963

    12063871_634043050072168_2797501525372392654_n
    ဓါတ်ပုံ – မ.မ.လ

    1545870_1917639125126931_4043158591883658011_n 12019787_1917639421793568_6811974713398136680_n 12063320_1917639318460245_6356696565421594942_n

  • ဘာသာ၊ သာသနာများ အကြား အပြန်အလှန် လေးစား အသိအမှတ်ပြုမှု မင်္ဂလာ သတင်းများ

    ဘာသာ၊ သာသနာများ အကြား အပြန်အလှန် လေးစား အသိအမှတ်ပြုမှု မင်္ဂလာ သတင်းများ

    စက်တင်ဘာ ၂၅ ၊ ၂၀၁၅
    တင်ဝင်း (ခေတ္တ-ဂျပန်) ရေးသည်။
    12032135_10205870710840374_3804666230962951060_n
    ဒီနှစ်ဆန်းပိုင်းက အမေရိကန်ပြည်ထောင်စုမှာ ဂျူးဘာသာဝင်များရဲ့ ဝတ်ပြုပွဲမှာ အစ္စလာမ် ဘာသာဝင်များက အတူတကွ ပါဝင် ဝတ်ပြုခဲ့ကြသလို အစ္စလာမ် ဘာသာဝင်တွေရဲ့ဝတ်ပြုပွဲမှာ ဂျူးဘာသာဝင်တွေက အတူတကွ ပါဝင် ဝတ်ပြုခဲ့ကြပါတယ်။
    ဂျူးဘာသာဝင်တွေရဲ့ နှစ်သစ်ကူးပွဲ Rosh Hashana မှာ အီရန် နိုင်ငံ သမ္မတ ဟာဆန် ရိုဟာနီ က ဂျူး ပြည်သူများ ထံ နှုတ်ခွန်းဆက် လွှာ ပေးပို့ခဲ့ပါတယ်။

    တနင်္လာနေ့ နံနက်စောစော အီရန် နိုင်ငံ သမ္မတ ဟာဆန် ရိုဟာနီရဲ့ တွီတာ အကောင့်မှာ “ကျွန်တော်တို့ သာသနာတွေ(ဂျူးနှင့် အစ္စလာမ်) ရဲ့ အတူတကွ ဆင်းသက်ပေါက်ဖွားလာခဲ့တဲ့ ပင်မ ဖြစ်တဲ့ အီဗရာဟီမီ ရင်းမြစ်က ကျွန်တော်တို့ကို ပိုမိုနက်နက်ရှိုင်းရှိုင်း အပြန်အလှန် လေးစားကြဖို့နှင့် အပြန်အလှန် နားလည်မှု တွေတိုးပွားလာပြီး ငြိမ်းချမ်းရေးကို ရယူနိုင်ဖို့ ဆောင်ကျဉ်းပေးပါစေ” လို့ရေးသားခဲ့ပါတယ်။ သင့်အပေါ် ကောင်းသောနှစ်သစ် ကျရောက်ပါစေလို့ အဓိပ္ပါယ်ရတဲ့ ဂျူးဘာသာစကာဒအရ L’shanah tovah tikatev v’taihatem ကို အတိုကောက်ခေါ်ဝေါ်တဲ့ L’Shanah Tovah လို့ ရေးသားထားပါတယ်။
    အီရန် နိုင်ငံရဲ့ အထွဋ်အထိပ် နိုင်ငံဦးသျှောင်လည်း ဖြစ်၊ ဘာသာရေး ခေါင်းဆောင် တဦးလည်း ဖြစ်သူက အခုလို အကြီးဆုံးရန်ဘက်လို့ အီရန်တွေက အမြဲ ယူဆလေ့ရှိတဲ့ ဂျူးတွေဆီကို နှစ်သစ်ကူး သဝဏ်လွှာ ပို့သခဲ့ခြင်းက မတူတဲ့ ဘာသာ၊ သာသနာများ အကြား အပြန်အလှန် လေးစား အသိအမှတ်ပြုရေး အတွက် နမိတ်ကောင်း တခုဖြစ်တာ သေချာပါတယ်။

    belluno-vatikan-karol-wojtyla-pope-john-paul-ii-kisses-the-koran-of-islam_johannes-8_32
    “Koran And Holy Bible Are The Same” His holiness Pope Francis At White House
    လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (၂၂/၉/၂၀၁၅) အမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ မြက်ခင်းပြင်မှ တနာရီကြာ ပြောဆိုခဲ့တဲ့ သူရဲ့မိန်ခွန်းမှာ ပုပ်ရဟန်းမင်းကြီးက ကျမ်းမြတ်ကုရ်အာန်နှင့် ကျမ်းမြတ်ကုရ်အာန်ပါ တရား ဒေသနာများ သမ္မာကျမ်းတော်နှင့် တန်းတူ ခိုင်မာ မှန်ကန်တဲ့ ကျမ်းဖြစ်တာကြောင့် သမ္မာကျမ်းတော်နှင့် တန်းတူ ရိုသေမြတ်နှိးကြရမယ်လို့ မိန့်ကြားခဲ့ပါတယ်။ ယေရှုသခင်၊ (ဂျူးတို့၏) ဂျဟိုးဝါး ဘုရားသခင်နှင့် အလ္လာဟ် အရှင်မြတ်တို့ဟာ ကမ္ဘာအနှံ့ အမည်နာမ အမျိုးမျိုးနှင့် ခေါ်ဆိုနေကြပေမယ့် တဆူတည်းသော ဘုရားသခင်ကို ရည်ညွန်းတယ်ဆိုတာ ထင်ရှားပါတယ်။

    ကျွန်တော်တို့ရဲ့ တူညီတဲ့ ယုံကြည် ကိုးကိုယ်ရာကို ခွဲခြားပစ်ဖို့ ရာစု နှစ်ပေါင်းများစွာကြာအောင် မလိုအပ်ပဲ သွေးချောင်း စီးခဲ့ကြရပါတယ်။

    အမှန်မှာတော့ ဒီ တဆူတည်းသော ကိုးကွယ်ရာကို စည်းကပ် ကိုးကွယ်ခြင်းက ကျွန်ပ်တို့ကို လူထုကြီး အဖြစ်၊ အမျိုးသားတွေ နိုင်ငံတွေ အဖြစ် ကမ္ဘာ တဝှန်း ပေါင်းစည်း ပေးထားခြင်းပဲ ဖြစ်ပါတယ်။
    pope15
    သတ်မှတ် ခေါ်ဝေါ်တဲ့ အမည်နာမတွေ ဘယ်လိုပဲ ကွဲပြားနေပါစေ၊ ကျွန်တော်တို့ အားလုံးဟာ တဆူတည်း သော ဘုရားရှင်ရဲ့ သားသမီးများသာ ဖြစ်ကြပြီး၊ ကျွန်တော်တို့ကဟာ တဦးရဲ့ ယုံကြည်မှုကို တဦးက လေးစား အသိအမှတ်ပြုနိုင်တဲ့ အဖြစ်ကို ရောက်ပြီဆိုရင် ကျွန်တော်တို့က ကမ္ဘာပေါ်မှာ ဘယ်တုန်းကမှ ရယူအောင်မြင် နိုင်ခဲ့ခြင်း မရှိဘူးသေးတဲ့ ငြိမ်းချမ်းတဲ့ ခေတ်ကာလကြီးကို ဆောင်ကျဉ်း နိုင်မှာ ဖြစ်ပါတယ်။

    ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးကွယ်မှုတွေကို တစုတစည်းထည်း ဖြစ်အောင် ပေါင်းစည်းခြင်းဖြင့် အံ့ဘွယ်သရဲ အောင်မြင်မှု တရပ်ကို ရယူရမယ့် အချိန်ဟာ အခု အချိန်ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ ဒီဇင်ဘာလက ခရစ်ယာန်များရဲ့ အဓိက ဘာသာရေး ဗဟိုဌာန ဖြစ်တဲ့ ဗာတီကန် နန်းတော်ကြီးမှာ ရှည်လျားလှတဲ့ အစ္စလာမ် ဘာသာရေး ဝတ်ပြု ဆုတောင်းမှုကို ပြုလုပ်အပြီး၊ အစ္စလာမ် ဘာသာဝင်များက ပေးအပ်ခဲ့တဲ့ ကျမ်းမြတ်ကုရ်အာန်ကို သက်တော် (၇၈)နှစ်ရှိပြီ ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နမ်းရှုပ်ခဲ့ပါတယ်။

    ဗာတိကန် နန်းတော်ကြီးက ပုပ်ရဟန်းမင်းကြီးက လာမည့် အောက်တိုဘာလ ကုန်လောက်မှာ အစ္စလာမ် ဘာသာဝင် အကြီးအကဲများနှင့် နောက်တချိန်တွေ့ဆုံပြီး အစ္စလာမ်သာသနာ အကြောင်း လူအများ ပိုမို သိရှိပြီး၊ ပိုမိုနားလည် လာအောင် ဘယ်ပုံဘယ်နည်း လုပ်ဆောင်ကြမှာလဲ ဆိုတာကို ပြောဆိုဆွေးနွေးကြဖို့ စီစဉ် ထားပါတယ်။

    ခရစ်ယာန် သာသနာရဲ့ အထွဋ်အထိပ် ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အထက်ပါ အပြုအမူဟာ မတူတဲ့ ဘာသာ၊ သာသနာများ အကြား အပြန်အလှန် လေးစား အသိအမှတ်ပြုရေး အတွက် အလွန်အရေးပါတဲ့ ခြေလှမ်းသစ် တရပ် ဖြစ်တယ် ဆိုတာ ကတော့ အသေအချာပါပဲ။

    ဒါ့ကြောင့် ကျွန်တော်တို့ မြန်မာ နိုင်ငံသား မွတ်စ်လင်မ်တွေက ကျွန်တော်တို့ နောင်တော်တွေနှင့် အပြန်အလှန် နားလည်မှုပြန်လည်ရရှိဖို့၊ အပြန်အလှန် ယုံကြည်မှု ပြန်လည်ရရှိဖို့ နှင့် ရှေးယခင်ကလို ပြန်လည်သင့်မြတ်ဖို့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားရှာဖွေကြပါစို့။

    တင်ဝင်း (ခေတ္တ-ဂျပန်)
    ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်။

    ** စာရေးသူ၏ ခွင့်ပြုချက်ဖြင့် M-Media တွင် ဖော်ပြပါသည်။

  • ဟဂ်ျ ခရီးစဉ်တွင် Multi Points Company ဖြင့် သွားရောက်သည့် မြန်မာ ဟာဂျီ သေဆုံး၊ပျောက်ဆုံးမှု စာရင်း ပြင်ဆင်ချက်

    ဟဂ်ျ ခရီးစဉ်တွင် Multi Points Company ဖြင့် သွားရောက်သည့် မြန်မာ ဟာဂျီ သေဆုံး၊ပျောက်ဆုံးမှု စာရင်း ပြင်ဆင်ချက်

    စက်တင်ဘာ ၂၆ ၊ ၂၀၁၅
    M-Media
    သီဟ

    ဟဂ်ျခရီးစဉ်တွင် စုပြုံတိုးဝှေ့မှုကြောင့် သေဆုံး၊ ပျောက်ဆုံးခဲ့ရသူများတွင် Multi Points Company အုပ်စုဖြင့် သွားရောက်ခဲ့သည့် မြန်မာ ဟာဂျီများ တွင် သေဆုံးသူ ၂ ယောက်ကိုသာ အတည်ပြုပြောကြားနိုင်ပြီး ပျောက်ဆုံးနေသူ ၁၀ ဦးကျော်ကို ဆက်လက် ရှာဖွေလျက် ရှိကြောင်း သိရှိရပါတယ်။ စက်တင်ဘာ ၂၅ ရက် မြန်မာ စံတော်ချိန် ၁၂ နာရီ အချိန် ရရှိသော သတင်းဖြစ်ပါတယ်။
    .
    စက်တင်ဘာ ၂၄ ရက် မြန်မာစံတော်ချိန်- ည ၈နာရီ ၃၀ မိနစ်တွင် M-Media မှ ယင်း ကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦး ပြောကြားချက်အရ Multi Points Company ဖြင့် သွားရောက်ခဲ့သည် မြန်မာဟာဂျီ ၂၀ သေဆုံးသူ စာရင်း၌ ပါဝင်ကြောင်း ရေးသားခဲ့ပါတယ်။ ယင်းစာရင်းအား ယခု သတင်းဖြင့် Update လုပ်ပြင်ဆင်ပါကြောင်း M-Media စာဖတ် ပရိတ်သတ်အား အသိပေးအပ် ပါတယ်။

    သေဆုံးများတွင် ခွဲတမ်းဟဂ်ျ (အစိုးရမဲ ဟာဂျီ) ဖြင့် သွားရောက်သည့် (ရန်ကုန်တိုင်း တာမွေမြို့နယ် ၊ တာမွေကြီး(က+ဂ) ရပ်ကွက်နေ ) မော်လဝီ ဦးကျော်သန်း တစ်ဦး၏ နာမည်သာ သိရှိရသေးပြီး ကျန်စာရင်း အသေးစိတ် တင်ပြပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျှက် ရှိပါတယ်။

    စက်တင်ဘာ ၂၄ ရက်နေ့ ကြာသာပတေးနေ့က ဟဂ်ျ ခရီးစဉ်အတွင်း စုပြုံတိုးဝှေ့မှုကြောင့် ဟာဂျီပေါင်း ၇၁၉ ဦးသေဆုံးပြီး ၈၆၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆော်ဒီ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

  • ဖမ်းဆီးခံ မွတ်စ်လင်မ်နှစ်ဦး အတွက် ဂဠုန်နီ ဆရာတော် သက်သေ ထွက်ဆိုပေးခဲ့

    ဖမ်းဆီးခံ မွတ်စ်လင်မ်နှစ်ဦး အတွက် ဂဠုန်နီ ဆရာတော် သက်သေ ထွက်ဆိုပေးခဲ့

    စက်တင်ဘာ ၂၅ ၊ ၂၀၁၅
    M-Media
    mandalay-court-case-3-sithu-lwin
    ဘာသာပေါင်းစုံ ချစ်ကြည်ရေး အုပ်စု တစ်ခုဖြစ်သော သင့်မြတ်လိုသူများအဖွဲ့ဝင် ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့နှစ်ဦးသည် ၂၀၁၃ ခုနှစ် ဇွန်လတွင် လိုင်ဇာသို့သွားရောက်သောခရီးစဉ်အား အကြောင်းပြု၍ ပြီးခဲ့သည့် ဇူလိုင်လအတွင်း မတရားအသင်းဆက်သွယ်မှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုတို့ဖြင့် ဖမ်းဆီးခံခဲ့ရသည်။

    အမှုကြားနားပြီးသောအခါ ဂဠုန်နီဆရာတော် ဦးကာဝိယက ဤလှုပ်ရှားတက်ကြွသူ မွတ်စ်လင်မ် လူငယ်နှစ်ဦးသည် လိုင်ဇာသို့ ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ်သွားရောက်ခဲ့သော ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအုပ်စုကြီး၏ အဖွဲ့ဝင်သာဖြစ်ကြောင်း ချမ်းအေးသာစံ တရားရုံးသို့ ထွက်ဆိုချက်ပေးပြီး၊ ထိုခရီးစဉ်ကာလက သူတို့နှင့်နီးစပ်မှုမရှိခဲ့သော်လည်း ၂၀၁၄ ဇူလိုင်လ မန္တလေးပဋိပက္ခပြီးနောက် ဘာသာပေါင်းစုံချစ်ကြည်ရေးလှုပ်ရှားမှု၌ သိကျွမ်းခဲ့ခြင်းဖြစ်ကြောင်း The Myanmar Times သို့ မိန့်ကြားသည်။

    ‘‘အစိုးရနဲ့ လက်နက်ကိုင်အုပ်စုတွေအကြား ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဆရာတော်တို့ လိုင်ဇာကို သွားခဲ့ကြတယ်။ ဆရာတော်တို့အုပ်စုထဲမှာ လူ ၂၀ ကျော်ပါဝင်ပါတယ်။ ဗုဒ္ဓဘာသာဝင်ရော မွတ်စ်လင်မ်အပေါ်မှာရော ဘက်လိုက်မှု မရှိဘဲ တရားရုံးမှာ အမှန်အတိုင်းသာ ထွက်ဆိုခဲ့ပါတယ်။ အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်စလုံးကို အကြောင်းကြားပြီးနောက်မှာမှ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနဲ့ ခရစ်ယာန်လက်ဝါးကပ်တိုင်တစ်ခု ပေးဖို့ အဲ့ဒီနေရာကို သွားရောက်ခဲ့ကြတာပါ’’ ဟု ဦးကာဝိယမှ ဆိုသည်။

    ၂၀၁၃ ဇွန်လ လိုင်ဇာ၌ရှိနေစဉ် ကိုဇော်ဇော်လတ်နှင့်မပွင့်ဖြူလတ်တို့သည် ကေအိုင်အိုအရာရှိများနှင့် ဆုံတွေ့ပြီး ကေအိုင်အေ တပ်သားအချို့နှင့် အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြသည်။ ၎င်းဖြစ်စဉ် ၂ နှစ်ကျော် ကြာပြီးနောက်မှာမှ ချမ်းအေးသာစံမြို့နယ်ကော်ဖီဆိုင် တစ်ခုအတွင်း၌ ကိုဇော်ဇော်လတ်အား  ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

    လိုင်ဇာခရီးစဉ် ကေအိုင်အေအဖွဲ့ဝင်များနှင့်တွေ့စဉ်က သူသည် ရိုင်ဖယ်သေနတ်ကိုင်ပြီး ရိုက်ထားသည့် ဓာတ်ပုံများကို ဖေ့စ်ဘွတ်ပေါ်တင်ခြင်းကြောင့် အဖမ်းခံရသည်ဟုယူဆကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
    ဇူလိုင်လ ၁၇ ရက်တွင် မပွင့်ဖြူလတ်အား စစ်ဆေးမေးမြန်းရန် ရဲစခန်းသို့ ခေါ်ယူသည်။ တစ်ညဥ့်လုံး ထိန်းသိမ်းထားပြီး နောက်တစ်နေ့တွင်မှ ပြန်လွှတ်ပေးခဲ့သည်။ သို့သော် ဇူလိုင် ၁၉ ရက်တွင် သူမထံ ရဲတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာကာ ဖမ်းခေါ်သွားပြန်သည်။ သူမကို မတရားစွပ်စွဲခဲ့ကြောင်း သူမက The Myanmar Times သို့ပြောပြသည်။

    ‘‘ဗဟိုအစိုးရငြိမ်းချမ်းရေး အကျိုးဆောင် ဦးအောင်မင်း ကိုယ်တိုင်က မတရားအသင်းဆိုင်ရာ ဥပဒေပုဒ် ၁၇(၁)နဲ့ ဘယ်သူ့ကိုမှ အရေးမယူစေရဘူးလို့ အာမခံချက်ပေးခဲ့တာပါ။ တကယ်လို့ တစ်စုံတစ်ယောက်ကို ဒီပုဒ်မနဲ့ ဖမ်းဆီးထိန်းသိမ်းမယ်ဆိုရင် သူလည်း ထောင်ထဲဝင်ပါမယ်လို့ ပြောခဲ့ပါတယ်’’ ။

    မိမိတို့ကိုဖမ်းဆီးထားမှုသည် ၂၀၁၃ ဒီဇင်ဘာ ၃၀ ရက်နေ့ သမ္မတရုံး၏ ထုတ်ပြန်ချက်အား ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ၎င်း၌ မတရားသင်းဆက်သွယ်မှုဆိုင်ရာ အမှုများအားလုံးကို ပိတ်သိမ်းရန်နှင့် ထပ်မံ အရေးယူမှုများ မပြုလုပ်တော့ရန် တရားရေးနှင့်ရဲဋ္ဌာနများသို့ အမိန့်ပေးဖော်ပြထားကြောင်း၊ ထို့ကြောင့် ထိုစွဲချက် မခိုင်မာသဖြင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃(၁)ဖြင့် ထပ်မံတိုးချဲ့စွဲဆိုလိုက်ခြင်းဖြစ်ကြောင်း၊ မိမိတို့သည် အိန္ဒိယသို့ တရားမ၀င် ၀င်ရောက်ခဲ့သည်ဆိုသော အထောက်အထားလည်း ရှိမနေကြောင်း၊ မိမိတို့၏ ဘာသာပေါင်းစုံချစ်ကြည်ရေး အုပ်စုမှ နောက်ထပ်လူငါးဦးမှာလည်း အဆိုပါပုဒ်မဖြင့် စွဲဆိုခံထားရကြောင်း၊ ၎င်းတို့အနက်တစ်ဦးကို ဖမ်းဆီးထားပြီး ကျန်လေးဦးမှာ ရဲတပ်ဖွဲ့မှရှာဖွေလျက်ရှိကြောင်း ကိုဇော်ဇော်လတ်မှ ပြောကြား၏။

    လာမည့် အောက်တိုဘာ ၂ ရက်တွင် ဆက်လက်ကြားနာစစ်ဆေးသွားမည်ဟု သတင်းရရှိသည်။

    Ref : The Myanmar Times

    ဓါတ်ပုံအညွှန်း-၂၃.၉.၂၀၁၅ ရက်နေ့ သက်သေထွက်ဆိုပေးအပြီး မန္တလေးမြို့ ချမ်းအေးသာစံတရားရုံးမှ ထွက်လာသော ဂဠုန်နီဆရာတော် ဦးကာဝိယအား တွေ့ရစဉ်။ (ဓာတ်ပုံ – စည်သူလွင်၊ The Myanmar Times)

    ဆက်စပ်သတင်းများ ဖတ်ရန်။

    http://www.m-mediagroup.com/news/tag/zzl