News @ M-Media
Author: M-Media
  • ဇီဒိန်းအား စပိန်ဘောလုံး အဖွဲ့ချုပ်က နည်းပြလုပ်ခွင့် ၃ လ ပိတ်
    ဇီဒိန်းအား စပိန်ဘောလုံး အဖွဲ့ချုပ်က နည်းပြလုပ်ခွင့် ၃ လ ပိတ်
    အောက်တိုဘာ ၂၉ ၊ ၂၀၁၄
    M-Media
    520581_heroa
    – ရီးယဲလ်မက်ဒရစ် အရန်အသင်းကို နည်းပြနေသည့် ဇီဒိန်းမှာ နည်းပြတစ်ယောက်အတွက် လိုအပ်သော အထောက်အထားများကို မပြသနိုင်မှုကြောင့် နည်းပြအလုပ်မှ ၃ လ ပိတ်ပင် ခံခဲ့ရသည်ဟု သိရသည်။
    အန်ဆယ်လော့တီ၏ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဇီဒိန်းမှာ ပြီးခဲ့သည့်သြဂုတ်လက ရီးယဲလ်အရန်အသင်း၏ နည်းပြချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ စပိန်တွင် ထိုရာထူးအား ထမ်းဆောင်ရန်အတွက် Level 3 အဆင့်ရှိ အသိအမှတ်ပြု စာရွက်စာတမ်းများ လိုအပ်သော်လည်း ဇီဒိန်းမှာ Level 2 အဆင့်နှင့်ညီသည့် ယူအီးအက်ဖ်အေ A လိုင်စင်သာ ရရှိထားသည်။
    ထို့ကြောင့် ဇီဒိန်း၏ ရာထူးနှင့် ပတ်သက်၍ တိုင်ကြာမှုများရှိခဲ့ပြီး အရန်အသင်း ပါဝင်ကစားနေသည့် ဆီဂန်ဒါ အမှတ်ပေးပြိုင်ပွဲ တာဝန်ရှိသူများက စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ ၃ လ ပိတ်ပင်သည့် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
    ဇီဒိန်အပြင် ၎င်း၏ လက်ထောက်နည်းပြဖြစ်သူ ဆန်တီယာဂို ဆန်းချက်ဇ်မှာလည်း ၃ လ ပိတ်ပင်ခြင်းခံခဲ့ရပြီး၊ ဇီဒိန်းတွင် အထောက်အထားမခိုင်လုံမှုအား ကာကွယ်ရန် ၎င်း၏ အထောက်အထားများကို အသုံးပြုခဲ့သောကြောင့် ဖြစ်သည်။
    ရီးယဲလ်အသင်းကမူ ထိုဆုံးဖြတ်ချက်အား လက်မခံနိုင်ကြောင်း၊ ပြင်သစ်နိုင်ငံ၏ စည်းမျဉ်းအရ ဇီဒိန်းမှာ ထိုရာထူးတွင် တာဝန်ထမ်းဆောင်နိုင်သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။
    “ဒီဆုံးဖြတ်ချက် အဓိပ္ပါယ်မရှိဘူးဆိုတာပြသဖို့ ဥပဒေအရ လုပ်ပိုင်ခွင့်ရှိတာအားလုံးကို လုပ်ဆောင်သွားမှာပါ” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။
  •ုကိုးဘိန်းမြို့အတွက် အီရတ်မှ ကာ့ဒ်များ စစ်ကူသွားပြီ
ုကိုးဘိန်းမြို့အတွက် အီရတ်မှ ကာ့ဒ်များ စစ်ကူသွားပြီ
    အောက်တိုဘာ ၂၉ ၊ ၂၀၁၄
    M-Media
    20141028164738921734_20
    – ၀ိုင်းထားသော ISIL တပ်များအား တွန်းလှန်တိုက်ခိုက်နေသည့် ကာ့ဒ်တပ်ဖွဲ့များကို စစ်ကူပေးရန်အတွက် အီရတ်မှ ကာ့တပ်ဖွဲ့  Peshmerga မှ တပ်ဖွဲ့ဝင်များမှာ ဆီးရီးယားနိုင်ငံသို့ ထွက်ခွာသွားကြသည်ဟု သိရသည်။
    စစ်သားများ၊ အမြှောက်များတင်ထားကာ ဘတ်စ်ကားများအပါဝင် ယာဉ်အစီးရေ ၅၀၊ ၆၀ ခန့်ပါသည့် ယာဉ်တန်းမှာ တူရကီနယ်စပ်အားဖြတ်၍ ဆီးရီးယားသို့ ၀င်ရောက်ရန်အတွက် ယမန်နေ့ နေ့လည်ပိုင်းက အီရတ်ရှိ အာရ်ဘီလ်မြို့မှ ထွက်ခွာသွားခြင်းဖြစ်သည်။
    အီရတ် ကာ့ဒ်အရာရှိတစ်ဦးကမူ ကိုဘိန်းသို့ ထွက်ခွာမည့် ကာ့ဒ်စစ်သားအရေအတွက်မှာ ၁၅၀ ကျော်ရှိမည်ဖြစ်ပြီး အချို့မှာ တူရကီသို့ လေယာဉ်ဖြင့်သွားရောက်ကာ ထို့နောက်တွင်မှ ဆီးရီးယားနိုင်ငံအတွင်းသို့ ၀င်ရောက်မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ISIL တပ်များမှာ တူရကီ-ဆီးရီးယားနယ်စပ်ရှိ ကိုဘိန်းမြို့အား စက်တင်ဘာလလယ်ပိုင်းမှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကိုဘိန်းရှိ ကာ့ဒ်တပ်များကလည်း အပြင်းအထန်ခုခံနေသည်။
    ပြီးခဲ့သည့် သီတင်းပတ်ကလည်း ကာ့ဒ်စစ်သည် ၁၅၀ ခန့် ကိုဘိန်းသို့သွားရောက်ရန် အီရတ်ရှိ ကာ့ဒ်အစိုးရက ခွင့်ပြုခဲ့ပြီး တူရကီကလည်း အီရတ်မှလာသည့် ကာ့ဒ်တပ်သားများ ဆီးရီးယားသို့ ၀င်ရောက်ရန်အတွက် ၎င်း၏ ပိုင်နက်အား အသုံးပြုခွင့်ပေးခဲ့သည်။
    Source: Al Jazeera and agencies
  • ဒရော့ဘာ အပါအ၀င် အသင်းရှိ ကစားသမား အချို့အား ချယ်ဆီးနည်းပြ မော်ရင်ဟို ချီးကျူး
    ဒရော့ဘာ အပါအ၀င် အသင်းရှိ ကစားသမား အချို့အား ချယ်ဆီးနည်းပြ မော်ရင်ဟို ချီးကျူး
    အောက်တိုဘာ ၂၉ ၊ ၂၀၁၄
    M-Media
    524731_heroa
    – ယခုနှစ် ပုံစံကောင်းများရနေသော အသင်းတွင် ကြိုးစားကာ ခြေစွမ်းကောင်းများ ပြသနေသော အတွေ့အကြုံရင့်  ကစားသမား ၄ ဦးကို ချယ်ဆီးနည်းပြ မော်ရင်ဟိုက ချီးကျူးပြောဆိုလိုက်သည်။
    “တနင်္ဂနွေနေ့ (မန်ယူနဲ့ပွဲမှာ) ကစားသမား ၄ ဦးက အခြားကစားသမားတွေအတွက် မယုံကြည်နိုင်စရာ ဥပမာတွေကို ပေးခဲ့ပါတယ်။ သူတို့တွေကတော့ ဒရော့ဘာ၊ ဖီလစ်ပီ လူးဝစ်၊ ကာဟေးလ်နဲ့ အော်စကာတို့ဖြစ်ပြီး လက်ဖျားခါလောက်အောင် ကောင်းမွန်သူတွေပါ” ဟု မော်ရင်ဟိုက Sky Sports သို့ ပြောကြားခဲ့သည်။
    မန်ယူအသင်းအား ၁ ဂိုးစီ သရေကျခဲ့ပြီး ၂ ရက်အကြာ ယနေ့နံနက်နက်က ကစားခဲ့သည့် ကက်ပီတယ်ဝမ်းဖလား Shrewsbury Town အသင်းနှင့်ပွဲတွင် ချယ်ဆီးမှာ ရုန်းကန်ခဲ့ရပြီး ပြိုင်ဘက်အသင်းမှ ကစားသမား၏ ပွဲပြီးကာနီး ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ချယ်ဆီးအတွက် ဦးဆောင်ဂိုးအား ဒရော့ဘာက သွင်းယူပေးခဲ့သည်။
    မော်ရင်ဟိုကမူ အသင်း၌ ပုံမှန်ကစားခွင့် မရသော်လည်း ပရော်ဖက်ရှင်နယ်ဆန်စွာ အားထုတ်ကြသည့် ဂိုးသမား ပီတာချက်နှင့် မီခေးလ်တို့ကိုလည်း ချီးကျူးခဲ့ပြီး ၎င်းတို့မှာ အသင်းရှိလူငယ်ကစားသမားအတွက် ကောင်းမွန်သော ဥပမာဖြစ်စေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
  • အင်တာနက် အသုံးပြုမှု အခွန်ကောက်မည့် ဟန်ဂေရီ အစိုးရ အစီအစဉ်ကို ပြည်သူများ ဆန္ဒပြ
    အင်တာနက် အသုံးပြုမှု အခွန်ကောက်မည့် ဟန်ဂေရီ အစိုးရ အစီအစဉ်ကို ပြည်သူများ ဆန္ဒပြ
    အောက်တိုဘာ ၂၉ ၊ ၂၀၁၄
    M-Media
    Demonstration against proposed Internet Tax, Budapest, Hungary - 28 Oct 2014
    – အင်တာနက်အသုံးပြုမှုအတွက် ၂၀၁၅ ခုနှစ်မှစတင်ကာ အခွန်ကောက်မည့် အစိုးရ၏ အစီအစဉ်ကို ဆန့်ကျင်သောအားဖြင့် ဘူဒါပတ်စ်မြို့တွင် ဟန်ဂေရီပြည်သူ ထောင်ပေါင်း များစွာတို့က ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    ယမန်နေ့က ကျင်းပခဲ့သော အဆိုပါဆန္ဒပြပွဲမှာ ၃ ရက်အတွင်း ဒုတိယမြောက် ပြုလုပ်ခြင်းဖြစ်ပြီး ၀န်ကြီးချုပ် ဗစ်တာ အော်ဘန်၏ အာဏာချုပ်ကိုင်မှုနှင့် ပုဂ္ဂလိကလုပ်ငန်းများ ထိုခိုက်နစ်နာစေသော အစိုးရ၏ အခန်းကဏ္ဍအား တိုးမြှင့်မှု စသည့်ပေါ်လစီများအား လူငယ်များအတွင်း မကျေနပ်မှုများ ကြီးထွားလာမှုကို ပြသခြင်းလည်းဖြစ်သည်။
    ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သော အင်တာနက် အခွန် အစီအစဉ်တွင် အင်တာနက်ဆာဗစ်ပေးသည့် ကုမ္ပဏီများအနေဖြင့် တစ်ဦးချင်း အင်တာနက်အသုံးပြုသူများ အတွက် တစ်လလျှင် ဟန်ဂေရီငွေ ၇၀၀ နှင့် စီပွားရေး လုပ်ငန်းရှင်များအတွက် တစ်လျှင် ၅၀၀၀ အခွန်တပ်ရန် အစိုးရက စီစဉ်ခဲ့ခြင်းဖြစ်သည်။
    ထို့ပြင် 1 GB အသုံးပြုမှုတိုင်းအတွက် အခွန် ၁၅၀ ပေးဆောင်ရန် သတ်မှတ်ခဲ့ပြီး ထိုကဲ့သို့ သတ်မှတ်ခဲ့ခြင်းမှာ တိုင်းပြည်၏ အကြွေးအား လျော့ကျရန် ကြိုးစားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ပြည်သူများကမူ ၎င်းတို့၏ လွတ်လပ်မှုအား ကန့်သတ်ခြင်းဟု ယူဆနေသည်။
    ဆန္ဒပြခေါင်းဆောင်ကမူ သမ္မတဗစ်တာအော်ဘန် နှုတ်ထွက်ရန်အတွက် စီးပွားရေးဝန်ကြီးဌာနရှေ့တွင် တောင်းဆိုခဲ့သည်။ ထို့ပြင် အခွန်ကောက်ခံမည့် ထိုအစီအစဉ် မရုပ်သိမ်းမချင်း ဟန်ဂေရီရှိ အခြားသောမြို့များနှင့် ဥရောပရှိ ဟန်ဂေရီသံရုံးများရှေ့တွင် ဆက်လက်ဆန္ဒပြသွားရန် ပြည်သူများက စီစဉ်ထားကြသည်။
    Source: Agencies
  • FDI ကြိတ်ဆုံထဲက မြန်မာ့လုပ်သားများ
    FDI ကြိတ်ဆုံထဲက မြန်မာ့လုပ်သားများ
    အောက်တိုဘာ ၂၉ ၊ ၂၀၁၄
    M-Media
    .မြင့်မိုရ်မောင်မောင် ဘာသာပြန်သည်။
    ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၉ ရက်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းရှိ အကြီးမားဆုံးစက်မှုဇုံ လှိုင်သာယာမှ စက်ရုံတစ်ခု၏ကုန်ပစ္စည်းများကို လေလံတင်ရောင်းချရန် လက်ဦးအဆိုပြုခံရသည်။
    ၎င်းသည် တောင်ကိုးရီးယားပြည်ပရင်းနှီးမြှုပ်နှံမှု နှင့် မြန်မာ့စက်မှုနယ်ပယ် အခင်းအကျင်းတို့၏ ကမောက်ကမနိုင်လှသော သဘာဝကို မီးမောင်းထိုးပြလိုက်သည့် အလုပ်သမားရေးရာအငြင်းပွားမှု အဆုံးသတ်ချက်ရုပ်လုံးပင်။
    Myanmar Labor Unrest
    ၂၀၁၄ ခုနှစ် ဇူလိုင် ၁၇ တွင် Master အားကစားဖိနပ် စက်ရုံကို ဆန္ဒပြခဲ့ကြသည့် အလုပ်သမားများ (AP Photo/Gemunu Amarasinghe)
    ထိုအဆောက်အဦကို တစ်ချိန်က Master အားကစားဖိနပ် ထုတ်စက်ရုံ ဟု ခေါ်ဆိုသည်။ အပြေး/လမ်းလျှောက်ဖိနပ်များကို ထုတ်လုပ်သည့် ထိုစက်ရုံအား တောင်ကိုးရီးယား လုပ်ငန်းရှင် ဘန်အင်ဟိုက ကမကထပြုခဲ့ခြင်းဖြစ်သည်။ ၎င်း၏ လက်ဝေခံဖောက်သည်မှာ တောင်ကိုးရီးယား ချည်မျှင်နှင့်အထည်စက်ရုံကြီးဖြစ်သော Kolon စက်မှုလုပ်ငန်းစုဖြစ်၍ အမေရိကန်ဒေါ်လာ ၁.၃၁ ဘီလီယံ တန်ကြေးရှိသည်။
    ဘန်သည် စက်ရုံအား ဇွန်လ ၂၆ ရက်တွင် ရုတ်တရက် ပိတ်လိုက်ပြီး စက်ရုံလုပ်သား ၇၅၀ ကျော်၏ လုပ်ခကိုမပေးပဲ ဇူလိုင်လ၌ နိုင်ငံတွင်းမှ ထွက်ပြေးခဲ့သည်ဟု သတင်းများကဆိုသည်။
    သူ့ထံ၌ လုပ်သားများလခ တစ်လစာ စုစုပေါင်း ကျပ်ငွေ ၆၅ သန်း(အမေရိကန်ဒေါ်လာ ၆၅,၅၀၀)အပြင်၊ သတိပေး အကြောင်းကြားချက်မရှိပဲ ၀န်ထမ်းကန်ထရိုက် ရပ်တန့်ခြင်းအပေါ် လျော်ကြေးငွေ ကျပ်သန်း ၁၃၀ (အမေရိကန်ဒေါ်လာ ၁၃၁,၀၀၀) ကြွေးတင်ကျန်ရစ်နေသည်။
    သို့သာမက Master Sports စက်ရုံသည် လုပ်သားများကို လုပ်ငန်းရပ်စဲ လျော်ကြေးငွေအစား ဇွန်လ၏ လစာကိုသာ လက်ခံရန် အတင်းအကြပ် လက်မှတ်ထိုးဖို့ ဖိအားပေးခဲ့ကြောင်း စွပ်စွဲမှုလည်း ရှိသည်။
    စက်ရုံ၏ ရွှေ့ပြောင်းနိုင်သောပစ္စည်းများ လေလံတင်ရောင်းချမှုအောင်မြင်လျှင် ရရှိလာသည့် ကျပ်သန်း ၂၈၀(အမေရိကန်ဒေါ်လာ ၂၈၂,၀၀၀)ဖြင့် လုပ်သား ၀န်ထမ်းတို့အား ပြန်လည်ပေးဆပ်နိုင်မည်ဖြစ်သည်။
    Myanmar Labor Unrest
    ၂၀၁၄ ခုနှစ် ဇူလိုင် ၁၇ တွင် Master အားကစားဖိနပ် စက်ရုံကို ဆန္ဒပြခဲ့ကြသည့် အလုပ်သမားများ (AP Photo/Gemunu Amarasinghe)
    မြန်မာနိုင်ငံ ကုန်သွယ်ကူးသန်းရောင်းဝယ်ရေး အသင်းစု Federation of Trade Unions Myanmar (FTUM)၏ အတွင်းရေးမှူးချုပ် ဦးမောင်မောင်က ယင်းလုပ်ရပ်အား ကြိုဆိုလိုက်သည်။
    “ လုပ်သားပေါင်း ၇၅၇ ဦးကို ပေးဖို့က ကျပ်ငွေ ၂၁၀ သန်း(အမေရိကန်ဒေါ်လာ ၂၁၁,၇၀၀)ရှိနေတော့ အဲ့ဒီတန်ကြေးက သူတို့ရဲ့လစာတွေကို အပြည့်အ၀ပေးချေနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်”။
    သို့သော် Master လုပ်ငန်းစု၏ဖြစ်စဉ် ဇာတ်လမ်းရှည်ကြီးက မြန်မာနိုင်ငံတွင် အလုပ်သမား အခွင့်အရေးကိုကာကွယ်ပေးသော အခြေခံလိုအပ်ချက်များ မရှိသေးကြောင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံမှုမှ လုပ်သားများ အပေါ် အတိုင်းအတာ တစ်ရပ်အထိ ခေါင်းပုံဖြတ်နိုင်သေးကြောင်း ဖော်ကျူးလျက်ရှိနေပေသည်။
    ကျင့်ဝတ်မဲ့ရင်းနှီးမြုပ်နှံသူ၊ ကြေးနည်း လုပ်သားနှင့် ပြဿနာအလားအလာ
    —————————————————————————–
    မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် တစ်ပိုင်းတစ်စဒီမိုကရေစီအသွင် ကူးပြောင်းလာကတည်းက တောင်ကိုးရီးယား အပါအ၀င် မြန်မာရှိ ပြည်ပ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု Foreign Direct Investment (FDI) မှာ အဆမတန် မြင့်မားလာခဲ့သည်။ ၂၀၁၃ နှစ်နှောင်းပိုင်းဝယ် FDI စုစုပေါင်း၏ ၆.၉ ရာခိုင်နှုန်း(အမေရိကန်ဒေါ်လာ ၃.၀၄ ဘီလီယံ)မှာ တောင်ကိုးရီးယား တစ်နိုင်ငံတည်းမှ ဖြစ်နေသည်။ တရုတ်ပြည်က ၃၂.၁၇ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်နေပြီး၊ ထိုင်းနိုင်ငံသည် ၂၂.၆၇၊ ဟောင်ကောင်သည် ၁၄.၆၄၊ ယူကေသည် ၆.၉၃ ရာခိုင်နှုန်းအသီးသီး ရှိခဲ့ကြသည်။
    Coca Cola ၊ DuPont နှင့် Procter & Gamble စသော နိုင်ငံတကာစီးပွားရေးလုပ်ငန်းစုများမှာ မြန်မာနိုင်ငံတွင် လုပ်ကိုင် လည်ပတ်နေပြီဖြစ်သည်။ Colgate-Palmolive သည်လည်း မကြာတော့သည့် ကာလအတွင်း စက်ရုံသစ်တစ်ခု လာရောက်ဖွင့်မည်ဟု ယူဆရသည်။
    မြန်မာ့စက်မှုလုပ်ငန်းကော်မရှင်၏ ခန့်မှန်းချက်အရ အထည်လုပ်ငန်းသည် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံအထိပင် မြုပ်နှံထားပြီး FDI ၏ အကြီးမားဆုံးအကျိုးအမြတ်ကို ရရှိထားပြီးဖြစ်သည်။
    ဘန်သည် မြန်မာ့ကြေးနိမ့် လုပ်သားကြောင့် အကျိုးအမြတ်ကြီးစွာ ခံစားနေရသူ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအနက် တစ်ဦးအပါအ၀င် ဖြစ်သည်။
    Master Sports ၌ ပို့ကုန်သွင်းကုန်ဆိုင်ရာ စီမံမန်နေဂျာဟုဆိုသူ ဂျောင်ဟေအွန်း၏ အဆိုအရ ဘန်သည် တစ်ခါက တရုတ်ပြည်၊ ကျင်းဒေါင်တွင် ကုန်ထုတ်လုပ်ခဲ့သော်လည်း တရုတ်ပြည်လုပ်သားခကြီးမြင့်လာမှုနှင့်အစီအမံများကြောင့် တရုတ်ပြည်ရှိစက်ရုံကို ပိတ်ပစ်ရန် ဆုံးဖြတ်ခဲ့ဖူးကြောင်း သိရသည်။ သို့ဖြင့် စက်ရုံပြောင်းရွှေ့ရန် မြန်မာနိုင်ငံကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
    သူသည် တောင်ကိုးရီးယား၊ ဂျောင်ဂီဒိုး၌ Master Sports အမည်ရှိ အထည်အလိပ် ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ပြီး တရုတ်ပြည်ထွက် တံဆိပ်မျိုးစုံ အားကစားဝတ်စုံ/ အတည်များကို ပြည်တွင်းဈေးကွက်ထဲတွင် ယမန်နှစ်အထိ ရောင်းချခဲ့သည်ဟု လူထုသတင်းများမှဆိုသည်။
    ၎င်းနောက် ကြီးမားသည့် ငွေကြေးပြဿနာတို့နှင့် ကြုံဆုံရပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂ ရက်မှစ၍ သူ့လုပ်ငန်းစုဆိုင်ရာ ငွေကြေးစီးကြောင်း ရပ်တန့်သွားသည်။ မကြာမီ ဒေ၀ါလီခံတော့မည့် လက္ခဏာထင်ရှားနေကြောင်း Korea Financial Telecommunications & Clearings Institute (KFTC) မှ မှတ်တမ်းတင်ခဲ့သည်။
    Equal Times မှ အင်တာဗျူးအတွက် အကြိမ်ကြိမ် ဖုန်းဆက်၍ စာပို့အကြောင်းကြားသော်လည်း ဘန်မှ လက်ခံဖြေကြားခြင်း မရှိကြောင်း ဆိုသည်။
    တောင်ကိုးရီးယားရှိ ဘန်၏ကုမ္ပဏီ၌ ယင်းသို့ဖြစ်ပျက်စဉ် ကာလအတွင်း တရုတ်ပြည်မှ စက်ရုံကို မြန်မာပြည်သို့ရွှေ့ပြောင်း ခဲ့ခြင်းဖြစ်သည်ဟု မြန်မာစက်ရုံမန်နေဂျာ ဂျောင်က ပြောကြားသည်။
    “ ကျွန်တော် သိရသလောက်တော့ လှိုင်သာယာစက်ရုံကို ၂၀၁၂ ဒီဇင်ဘာလထဲမှာ ငှားရမ်းတယ်။ စက်တွေဆင်ပြီး ရုံးခန်းထိုင်ပြီးတဲ့နောက် စက်ရုံစတင်လည်ပတ်တဲ့နေ့က ၂၀၁၃ ခုနှစ် မေလ ၂၃ ဆိုတာ ကျွန်တော် မှတ်မိနေပါတယ်”။
    ဘန်သည် တရုတ်ပြည်၌ လုပ်သားခကြီးမြင့်လာခြင်းနှင့် တောင်ကိုးရီးယား၌ ဒေ၀ါလီခံလုဆဲဆဲ ကြားကာလတွင် ရန်ကုန်၌ စက်ရုံ စတင်လည်ပတ်လိုက်ခြင်းဖြစ်သည်။
    သူ့အား ကူညီပေးခဲ့သူမှာ ဂျောင် ဖြစ်သည်။ ဂျောင်သည် ၂၀၀၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ပြီး အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် ညီမဖြစ်သူမှတဆင့် ရန်ကုန်ရှိ တောင်ကိုးရီးယား စီးပွားရေးအသိုက်အ၀န်းထဲ ၀င်ရောက်လာသူဖြစ်သည်။ သူမသည် တရုတ်အနွယ် မြန်မာနိုင်ငံသားနှင့် လက်ဆက်ထားသည်။
    သို့ရာတွင် ဘန်၏ လုပ်ငန်းသစ် ကျရှုံးခဲ့သည်၊ ရုံးထိုင်နှင့်စီမံဝန်ထမ်းတို့သာ လစာပေးပြီးနောက် တောင်ကိုးရီးယားသို့ ပြန်သွားသည်။
    စက်ရုံသည် ငွေကြေးလည်ပတ်မှု မမှန်ကန်သည့်ပြဿနာကြုံရပြီး လုပ်သားများက လုပ်ခနှင့်စပ်လျဉ်း၍ အကြိမ်ကြိမ် ဆန္ဒပြမှုကြောင့် ထုတ်ကုန်အရည်အသွေး နိမ့်ကျသွားသည်။ ထိုအခါ Kolon စက်မှုလုပ်ငန်းစုမှ ကုန်အမှာပမာဏ လျှော့ချခဲ့သည်ဟု ဂျောင်က ဆိုသည်။
    ဂျောင်ထံ၌လည်း တစ်စိပ်တစ်ပိုင်းအားဖြင့် တာဝန်ရှိကြောင်း Kolon Industries FnC ၏ ဖက်ရှင်ကော်ပိုရေးရှင်းဌာနခွဲမှ ပြောခွင့်ရှိသူ ကင်မ်ဟီးဂျင်မှ ပြောကြားသည်။
    Master Sports ထုတ်ကုန်များသည် Kolon ၏ သတ်မှတ်စံနှုန်းအတိုင်း မထုတ်လုပ်နိုင်ခဲ့၊ တောင်ကိုးရီးယား၌ မဖြန့်ဖြူးမီ အရည်အသွေးစစ်ဆေးမှုတစ်ရပ်ကို သူမ၏ကုမ္ပဏီက ထပ်မံ ပြုလုပ်နေခဲ့ရကြောင်း ကင်မ်မှ ဖုန်းအင်တာဗျူးတစ်ရပ်တွင် ပြောပြခဲ့သည်။ Master Sports နှင့် Kolon တို့၏ လက်ဦးသဘောတူချက်များကိုမူ ကုန်သွယ်ရေးလျှို့ဝှက်ချက်ဟုဆိုကာ ဖြေကြားရန် ရှောင်လွှဲသွားခဲ့၏။
    မုသာဝါဒီ အာဏာပိုင်များ
    ————————-
    ဘန်၏ ပျောက်ခြင်းမလှ ပျောက်ကွယ်မှု၏နောက် လုပ်သားတို့သည် ဇူလိုင်လတွင် စတင်ဆန္ဒပြခဲ့သည်။ သို့သော် သူတို့၏အမျက်ဒေါသမှာ Master Sports ကိုသာမက မြန်မာအစိုးရအပေါ်သို့လည်း ဦးတည်ခဲ့သည်။
    မဇ္ဈိမသတင်းဌာန၏ YouTube ဗီဒီယိုကလစ်တစ်ခုတွင် ၂၀၁၄ ဇူလိုင် ၁၇ ဆန္ဒပြပွဲ၌ Master Sports လုပ်သားများက အချက်များစွာ တောင်းဆိုသည်ကို တွေ့ရသည်။ Master Sports အား အရေးယူ၍ အမည်ပျက်စာရင်းသွင်းရန်၊ တောင်ကိုးရီးယားလုပ်ငန်းရှင်ထံမှ လာဘ်ယူထားသော အစိုးရအာဏာပိုင်များကိုလည်း ပြစ်ဒဏ်ချမှတ်ပေးရန်တို့ ပါဝင်သည်။
    “မြန်မာနိုင်ငံမှာတော့ ဒီပြဿနာတွေက ဖြစ်နေမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒါနဲ့ပတ်သက်ပြီး ပြည်တွင်းဥပဒေတွေ မရှိဘူး။ ပြီးတော့ အစိုးရနဲ့ ကုမ္ပဏီပိုင်ရှင်တွေက နားလည်မှုဆိုင်ရာ လာဘ်ပေးလာဘ်ယူကဏ္ဍတွေ ဖြစ်နေကြတယ်။ ဒါကြောင့် လာဘ်စားတဲ့ အာဏာပိုင်တွေကို ပြစ်ဒဏ်ပေးဖို့ တောင်းဆိုမှုတွေ ပါဝင်လာရတာပါပဲ” ဟု လုပ်သားများဖက်မှ ရှေ့နေအဖြစ်ဆောင်ရွက်သူ ဦးဌေးက ဆိုသည်။
    Master Sports စက်ရုံဖွင့်လှစ်ခြင်း၌ လာဘ်ပေးလာဘ်ယူကိစ္စ ပါဝင်ခြင်းရှိမရှိပင် တပ်အပ်မဆိုနိုင်ကြောင်း အချို့ကဆိုသည်။
    သို့သော် Transparency International မှ အကျင့်ပျက်ခြစားမှု အခြေပြနိုင်ငံစာရင်း ၁၇၇ နိုင်ငံ၌ မြန်မာနိုင်ငံအား အဆင့် ၁၅၇ တွင် ၂၀၁၃ ခုနှစ်က သတ်မှတ်ဖော်ပြခဲ့သလို၊ BBC ကလည်း မြန်မာပြည်နှင့်စပ်လျဉ်း၍ “အခရာကျသည့် စက်မှုလုပ်ငန်းများကို စစ်တပ်မှ ယခင်ကတည်းကပင် ထိန်းချုပ်ထားပြီး အကျင့်ပျက်ခြစားမှုမှာ ထမင်းစားရေသောက်သဖွယ် ဖြစ်နေသည်” ဟု ရှင်းပြတ်စွာ ဖော်ပြခဲ့သည်။
    ၂၀၁၄ ခုနှစ် ဇွန်လ ၅ ရက်တွင် နိုင်ငံခြား ၀င်ငွေ ဆွဲဆောင်ရေး ရည်မျှော်ချက်ဖြင့် ရင်းနှီးမြုပ်နှံမှုတိုးမြင့်ရေးနှင့်ကာကွယ်ပေးရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို တောင်ကိုးရီးယားနိုင်ငံနှင့် သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီး ရက်အနည်းငယ်အတွင်း Master Sports ၏ ရုပ်ပျက်ဆင်းပျက်ဖြစ်စဉ် ပေါ်ပေါက်ခြင်းက အစိုးရပိုင်းအဖို့ ပို၍ လူသိရှင်ကြား ဆိုးဝါးသွားပါသည်။
    နှစ်နိုင်ငံအကြားစီးပွားရေး ဆက်ဆံမှုကို ယင်းပဋိညာဉ်အားဖြင့် ပိုမိုနွေးထွေးစေရန် မျှော်လင့်ထားကြ၍ ဖြစ်သည်။
    တောင်ကိုးရီးယားသံရုံးသည် ၎င်းတို့၏၀က်ဘ်ဆိုဒ်ပေါ်တွင် “ကျွန်ုပ်တို့ တောင်ကိုးရီးယား ကော်ပိုရေးရှင်းများ မြန်မာပြည်အတွင်း အောင်မြင်စွာ တိုးချဲ့သွားနိုင်ရန် မျှော်လင့်ကြောင်း” ဟူ၍ အထူးသတင်းကောင်းအဖြစ် ဖော်ပြခဲ့သည်။
    အမျက်သင့်ပေါက်ကွဲလာမှုအား ဖြေလျှော့ရန် အတွက် အလုပ်သမား၊ အလုပ်အကိုင်ရှာဖွေရေးနှင့် လူမှုဖုံလုံရေးဝန်ကြီးဌာနသည် Master Sports အနေဖြင့် လုပ်သားများ၏ လူမှုဖူလုံရေး အပေါ် အပြည့်အ၀ဆောင်ရွက်ပေးရန် တိုက်တွန်းချက်တစ်ရပ်ကို ဇူလိုင်လ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု DVB သတင်းဌာနမှ ဖော်ပြခဲ့သည်။
    အစိုးရဖက်ကလည်း ဂျောင် အပါအ၀င် ကုမ္ပဏီအရာရှိနှစ်ဦးကို အလုပ်သမားဥပဒေချိုးဖောက်မှုဖြင့် အရေးယူခဲ့သည်။
    ရှေ့ဆက်ပြီး ရှောင်တိမ်းနေသူ စက်ရုံ၏ CEO ဘန်အင်ဟိုအား မြန်မာပြည်သို့ပြန်လာ၍ အစစ်ဆေးခံရန် တောင်ကိုးရီးယားသံရုံးမှ ဆင့်ဆိုဖို့ မေတ္တာရပ်ခံသော်လည်း အရာမရောက်ခဲ့ချေ။
    “ဘန်အင်ဟိုကို ဆင့်ဆိုမယ့်ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မလုပ်ဆောင်နိုင်ပါဘူး။ မကူညီနိုင်ပါဘူး။ ဒါက ရာဇ၀တ်မှု မဟုတ်တဲ့အပြင် ဥပဒေကြောင်းအရ ကျွန်တော်တို့ ပါဝင်စွက်ဖက်ခွင့် မရှိလို့ဖြစ်ပါတယ်။ သို့သော် သံရုံးကနေ ဘန်ရဲ့ တောင်ကိုးရီးယားမိုဘိုင်းဖုန်းကို ကြိမ်ဖန်များစွာ ခေါ်ဆိုပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး” ဟု တောင်ကိုးရီးယားသံရုံးဝန်ထမ်းတစ်ဦးမှ Equal Times သို့ ပြောကြားသည်။
    စက်တင်ဘာလလယ်တွင် အနေအထားက ဆင့်ကဲဆိုးဝါးလာသည်။ စက်ရုံသို့ စစ်ဆေးရေး ၀င်ရောက်စဉ် လုပ်သားများနှင့် အာဏာပိုင်အရာရှိများ ထိပ်တိုက်တိုးရာမှ ရဲဝန်ထမ်း ၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး၊ စက်ရုံနှင့်လုပ်ငန်းစစ်ဆေးရေးဒါရိုက်တာ ဦးဝင်းရှိန်မှာ ဓားစာခံပြုလုပ်ခံရကြောင်း သတင်းထွက်ရှိလာသည်။ သို့သော် အလုပ်သမားများက ယင်းသို့မဟုတ်ကြောင်း ငြင်းဆိုထားသည်။
    စက်ရုံမှ လုပ်သားတို့၏လစာများ၊ ရုတ်တရက်ရပ်တန့်မှုအတွက် နစ်နာကြေးများပေးရန် ပျက်ကွက်ပြီးနောက် နောက်ဆုံးတွင် စက်တင်ဘာ ၁၉ ရက်၌ အလုပ်သမားဝန်ကြီးဌာနမှ စက်ရုံအား ငွေကြေးအဖြစ်ပြန်ဖော်ရန် ကြေငြာခဲ့သည်။
    စက်ရုံပိုင်ပစ္စည်းများ လေလံတင်ရောင်းချမှုကို အောက်တိုဘာ ၉ ရက်တွင် သတ်မှတ်လိုက်သည်။ လုပ်သားများအားလုံးကို လုံလောက်စွာ နစ်နာကြေးပေးနိုင်လောက်သည့်အထိ ပမာဏတစ်ရပ်ဖြင့် စက်ရုံနှင့်ပစ္စည်းအပေါင်းကို ၀ယ်လက်တစ်ဦးတည်းမှ ရယူခဲ့သည်။ ထို့နောက် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သည်။
    အနာဂတ်စော်ကားချက် ကာကွယ်တားဆီးရေး
    ———————————————-
    Master Sports လုပ်သားများအဖို့ ၎င်းမှာ သတင်းကောင်းဖြစ်ပေသည်။
    သို့သော် မြန်မာနိုင်ငံသည် ပြည်တွင်း၌ ရင်းနှီးမြုပ်နှံလိုသူ ပြည်ပ လုပ်ငန်းရှင်များအား လောက်လောက်လားလား စိစစ်မှု မပြုသေးသကဲ့သို့ အလုပ်သမားအခွင့်အရေးကို အပြည့်အ၀ကာကွယ်ပေးသော လုပ်သားဥပဒေများလည်း မရှိသေးချေ။
    လုပ်သားငှားရမ်းမှု သဘောတူညီချက်အား လုပ်ငန်းရှင်ဖက်မှ အဆုံးသတ် ရပ်တန့်ခဲ့သော် အလုပ်သမားကို တစ်လကြိုတင် အကြောင်းကြားပြီး၊ ချုပ်ဆိုထားသော သက်တမ်းကာလ အပြည့်အထိ လစာကို တွက်ပေးရန် အလုပ်သမားရေးရာ အာဏာပိုင်များက တိုက်တွန်းကျင့်သုံးသည့် လုပ်ထုံးရှိသည်ဟု အလုပ်သမားရေးရာ တက်ကြွလှုပ်ရှားသူနှင့်သုတေသီ တောင်ကိုးရီးယားသား ဂျင်ယောင်ပတ်က ရေးသားထားသည်။
    အမေရိကန် သမ္မတ ဘားရက် အိုဘားမား ကလည်း ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်နှောင့်နှေးနေသည်ကို တွေ့မြင်ရသည့် အတွက် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအချို့ကို နောက်ထပ် တစ်နှစ် တိုးမြှင့်လိုက်ကြောင်း မေလက ဆုံးဖြတ်လိုက်သည်။ သူသည် လာမည့်နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် အလည်အပတ်လာရောက်ရန်ရှိနေသည်။
    မြန်မာနိုင်ငံ၏ အလုပ်သမားဆိုင်ရာ ကိစ္စများ တိုးတက်မြှင့်တင်ရေးအတွက် အမေရိကန် ဦးဆောင်သော ပံ့ပိုးကူညီမှုများ ရှိနေသည့်တိုင် အခြေခံအလုပ်သမား လူတန်းစားတို့၏ဘ၀များအပေါ် မည်သို့ သက်ရောက်စေမည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။
    ပို၍အရေးကြီးသည်မှာ မြန်မာနိုင်ငံအတွင်း တိုက်ရိုက်ရင်းနှီးမြှုပ်နှံသူ အဓိကဇာတ်ကောင်များ၏ သဘောထားပင်။
    တောင်ကိုးရီးယားကတော့ ၎င်းတို့၏ ကုမ္ပဏီတို့အပေါ် ပြည်ပဥပဒေစည်းမျဉ်းများအတိုင်း မဆောင်ရွက်စေရန် ရင်းနှီးမြှုပ်နှံမှုကို အကန့်အသတ်နှင့် ပြုခိုင်းထား၏။
    မြန်မာနိုင်ငံရှိ ကိုးရီးယားကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုတိုးမြင့်ရေးအေဂျင်စီရုံး၏ တာဝန်ရှိသူတစ်ဦးက Master Sports နှင့်ပတ်သက်၍ ကိုးရီးယားသံရုံးသို့မေးမြန်းသည့် မေးခွန်းအားလုံးအပေါ် “ကျွန်တော်တို့ကတော့ အဲ့ဒီကိစ္စထဲ ပါဝင်ပတ်သက်မှု မရှိခဲ့ဘူး၊ အဲ့ဒီ ကုမ္ပဏီကိုလည်း အားပေးကူညီခဲ့တာလည်း မရှိဘူး” ဟု ဖော်ပြခဲ့သည်။
    တောင်ကိုးရီးယားသံရုံးကလည်း အလားတူစွာပင် ယင်းပြဿနာကိုကိုင်တွယ်ရန် တာဝန် မယူခဲ့ချေ။
    လက်ကိုင်ပြုရန်ဥပဒေ မရှိခြင်း၊ အကျင့်ပျက်ခြစားမှုရောဂါ ပျံ့နှံ့နေခြင်း၊ ဖိနှိပ်နိုင်ငံရေးစနစ် အစရှိသောအချက်များက မြန်မာလုပ်သားတို့၏အခြေအနေကို တိုးတက်စေလိမ့်မည် မဟုတ်တော့၊ အခြေခံစနစ်တစ်ရပ်လုံးအား ဒီမိုကရေစီပုံသွင်းနိုင်မှ သိသာထင်ရှားစွာ ပြောင်းလဲနိုင်ပေလိမ့်မည်။
    နိုင်ငံတကာ စီးပွားရေးလုပ်ငန်းစုများကို စောင့်ကြည့်လေ့လာနေသော NGO အဖွဲ့ Korean House for International Solidarity (KHIS) ၏ အလုပ်အမှုဆောင်ဒါရိုက်တာ မီကျွမ်းချိုးမှလည်း အလားတူအမြင်ရှိနေကြောင်း ပြောဆိုလိုက်သည်။
    “ကိုးရီးယားကုမ္ပဏီတွေက ဒီမိုကရေစီအဆင့် အင်မတန်နိမ့်ကျလွန်းတဲ့ နိုင်ငံတွေကိုသွားပြီး  ရသမျှ အမြတ်ထုတ်လေ့ရှိကြပါတယ်။ ပထမဆုံး ထိပ်တန်းဦးစားပေးဆွေးနွေးဖို့ လိုအပ်နေတာကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်မှု အတိုင်းအတာပါပဲ။ သို့မှသာ ဒေသခံပြည်သူတွေအနေနဲ့ ကိုယ်ပိုင်ရပ်တည်မှုကို ဖော်ဆောင်နိုင်ပြီး ဖိနှိပ်စော်ကားမှုကို တွန်းလှန်ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်”။
    xxxxxxxxxxxxxxxxxxxxxx
    Equal Times မှဖော်ပြသော  Se-Woong Koo ၏ “Myanmar: where workers pay the price for FDI” ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။