News @ M-Media

Author: M-Media

  • ရိုးမားနှင့် CSKA မော်စကို တို့ ချန်ပီယံလိဂ်ပွဲအား UEFA စုံးစမ်းနေ

    ရိုးမားနှင့် CSKA မော်စကို တို့ ချန်ပီယံလိဂ်ပွဲအား UEFA စုံးစမ်းနေ

    စက်တင်ဘာ ၂၄ ၊ ၂၀၁၄
    M-Media
    459765_heroa
    – ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်ဖြစ်သည့် ရိုးမားနှင့် CSKA မော်စကို တို့ ပွဲတွင် ဖြစ်ပွားခဲ့သော နှစ်ဖက်အသင်း ပရိတ်သတ်များ၏ လုပ်ရပ်များအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ယူအီးအက်ဖ်အေက ယမန်နေ့တွင် ကြေညာခဲ့သည်။

    စက်တင်ဘာ ၁၇ ရက်နေ့က ရောမတွင် ကစားခဲ့ပြီး ရိုးမားက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် အဆိုပါပွဲတွင် စီအက်စ်ကေအေ ပရိတ်သတ်များမှာ လူမျိုးရေးအရ စော်ကားသည့် အမူအရာများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်များထွက်ပေါ်လာပြီး၊ ရိုးမားပရိတ်သတ်များကလည်း မီးရှူး မီးပန်းများ ပစ်ဖောက်ခဲ့ကြသည်။

    ထိုလုပ်ရပ်များက ယူအီးအက်ဖ်အေ ၏ စည်းကမ်းပိုင်းဆိုင်ရာ ဥပဒေ၊ အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံဆိုင်ရာ ဥပေဒများကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် မိမိတို့အနဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး၊ ယူအီးအက်ဖ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က အောက်တိုဘာ ၃ ရက်နေ့တွင် ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက် အကျဉ်းချုပ်တွင် ဖော်ပြခဲ့သည်။

  • အထက်တန်းကျောင်းများတွင် ဟိဂျဘ် ၀တ်ဆင်ခွင့် ပိတ်ပင်ထားမှုအား တူရကီ ပယ်ဖျက်

    အထက်တန်းကျောင်းများတွင် ဟိဂျဘ် ၀တ်ဆင်ခွင့် ပိတ်ပင်ထားမှုအား တူရကီ ပယ်ဖျက်

    စက်တင်ဘာ ၂၄ ၊ ၂၀၁၄
    M-Media
    23-09-14_Turkey-Allows-High-School-Hijab
    – ဆယ်စုနှစ် ၂ ခုအတွင်း သမိုင်းဝင်ဆောင်ရွက်မှုအဖြစ် အထက်တန်းကျောင်းများတွင် ဟိဂျဘ်ဝတ်ဆင်ခွင့် ပိတ်ပင်ထားမှုကို တူရကီအစိုးရက ပယ်ဖျက်ပေးလိုက်သည်ဟု သိရသည်။

    အားလပ်ရပ်ပြီးနောက် ကျောင်းပြန်ဖွင့်သည့် စက်တင်ဘာ ၂၃ ရက် တနင်္လာနေ့တွင် တူရကီ ဒုတိယ၀န်ကြီးချုပ် အာရင့်က ကြေညာခဲ့ခြင်းဖြစ်ပြီး ကျောင်းဝတ်စုံဥပဒေတွင် ယခင်က ဦးခေါင်းဗလာ ဖြစ်နေရမည်ဟူသည့် သတ်မှတ်ချက်အား ပယ်ဖျက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထို့ကြောင့် တူရကီ ပညာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် စာသင်ကျောင်းများတွင် ကျောင်းသူများအနေဖြင့် ဟိဂျဘ်ဝတ်ဆင်ခွင့် ရရှိမည်ဖြစ်သည်။ အာရင့်ကမူ ဟိဂျဘ်ဝတ်ဆင်ခြင်းနှင့် သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများကို လာမည့် နှစ်ရက်အတွင်း ထုတ်ပြန်ပေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထိုကဲ့သို့ ဟိဂျပ်ဝတ်ဆင်ခြင်း ပိတ်ပင်မှု ပယ်ဖျက်ခြင်းအား တူရကီရှိ လောကီသီးသန့်ဝါဒီ အချို့က ဆန့်ကျင်ခဲ့ကြသည်။

    ၂၀၀၈ခုနှစ်တွင် တူရကီဝန်ကြီးချုပ် အာဒိုဂန်၏ တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှာ တက္ကသိုလ်များတွင် ဟီဂျဘ်ဝတ်ဆင်ခွင့် ပိတ်ပင်ထားသည့်  ပြဌာန်းချက်အား ပြင်ဆင်နိုင်ခဲ့သည်။

    ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင်လည်း အစ္စလာမ့်မစ်ကျောင်းများတွင် ဟိဂျဘ်ဝင်ဆင်ခွင့် ပိတ်ပင်ခြင်းအား တူရကီအစိုးရက ပယ်ဖျက်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလကလည်း တရားသူကြီးများ၊ ရှေ့နေများ၊ ရဲအရာရှိများနှင့် စစ်သမီးများမှလွဲ၍ အစိုးရ ဌာနများတွင် ဟိဂျဘ်ဝတ်ဆင်ခွင့် ပိတ်ပင်ထားခြင်းအား ၀န်ကြီးချုပ် အာဒိုဂန်က ပယ်ဖျက်ပေးခဲ့သည်။

    ထို့နောက် အောက်တိုဘာလတွင် အမျိုးသမီးအမတ်တစ်ဦးက ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဟီဂျဘ်ဝတ်ကာ ပါလီမန်သို့ တက်ရောက်ခဲ့သည်။

    ref_OnIslam & News Agencies

  • ရိုက်တာအား သတင်းအမှား ပြန်လည်ဖြေရှင်းပေးရန် NLD  စာပို့ တောင်းဆို

    ရိုက်တာအား သတင်းအမှား ပြန်လည်ဖြေရှင်းပေးရန် NLD စာပို့ တောင်းဆို

    စက်တင်ဘာ ၂၄ ၊ ၂၀၁၄
    M-Media
    သီဟ
    NLD
    စက်တင်ဘာလ ၂၃ ရက်နေ့စွဲဖြင့် Reuters သတင်းဌာနမှ Mr. Paul Mooney ရေးသားသော သတင်း (With Suu Kyi Blocked, Myanmar’s NLD Eyes Former General for President ) တွင် အဓိပ္ပါယ်လွဲမှားဖေါ်ပြချက်များနှင့် ပတ်သက်၍ အဖွဲ့ချူပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ရိုက်တာ သတင်းဌာနသို့ ပြန်လည်ဖြေရှင်းပေး ပါရန် စာဖြင့်တောင်းဆိုခဲ့ပါကြောင်းကို NLD ပါတီရဲ့ တရားဝင် FB စာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

    ရိုက်တာက ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေ၇န် ပိတ်ဆို့မှုများ ရှိခဲ့လျှင် NLD ပါတီ အနေဖြင့် ပြိုင်ဘက် ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ စစ်ဗိုလ်ချူပ်ဟောင်း သူရဦးရွှေမန်း သမ္မတဖြစ်ဖို့ ထောက်ခံ အားပေးသွားမယ်လို့ ထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။

    သတင်းဆောင်းပါးရှင် Mr. Paul Mooney  အနေနဲ့ NLD  ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဟံသာမြင့်နဲ့ ဦးဥာဏ်ဝင်းတို့ ၂ ယောက်ရဲ့ ပြောကြားချက်တွေကို အဓိကထား ကိုးကားပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။

    ရိုက်တာရဲ့ သတင်းဆောင်းပါးကို မြန်မာဘာသာဖြင့် အောက်ပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

    ၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်ဖို့ ပိတ်ဆို့ထားလျှင် သူရဦးရွှေမန်း သမ္မတဖြစ်ဖို့ NLD ထောက်ခံတော့မှာလား

  • ၂၀၂၂ ကမ္ဘာဖလား ကာတာမှာ မကျင်းပတော့ကြောင်း သတင်း ထွက်ပေါ်မှု ပြိုင်ပွဲ ကျင်းပရေး ကော်မတီငြင်းဆို

    ၂၀၂၂ ကမ္ဘာဖလား ကာတာမှာ မကျင်းပတော့ကြောင်း သတင်း ထွက်ပေါ်မှု ပြိုင်ပွဲ ကျင်းပရေး ကော်မတီငြင်းဆို

    စက်တင်ဘာ ၂၄ ၊ ၂၀၁၄

    M-Media

    – ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအား ကာတာတွင် ကျင်းပပြုလုပ်မည် မဟုတ်ဟု ဖီဖာအမှုဆောင် ကော်မတီ အဖွဲ့ဝင် တစ်ဦး၏ ပြောကြားမှုအား ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေးကော်မတီမှ ငြင်းဆို လိုက်သည်ဟု သိရသည်။

    ပြိုင်ပွဲကျင်းပမည့် အချိန်တွင် အလွန်မြင့်မားသော အပူချိန် ရှိနေမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာကို စိုးရိမ်ရသည့် အတွက်ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအား ကာတာတွင် ကျင်းပပြုလုပ်မည် မဟုတ် ဖီဖာအမှုဆောင် ကော်မတီ အဖွဲ့ဝင် သီယိုဇွမ်ဇီဂါက ယမန်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေးကော်မတီ ဆက်သွယ်ရေးနှင့် ဈေးကွက် ဒါရိုက်တာ နာဆာရ် အလ် ခတ္တာကမူ ထိုပြောဆိုချက်အား ငြင်းဆိုလိုက်ပြီး ပြိုင်ပွဲပြုလုပ်မည့်နေရာအား ပြောင်းလဲမည် မဟုတ်ဟု ဆိုသည်။

    “ကာတာဟာ ၂၀၂၂ မှာ ဖီဖာ ကမ္ဘာ့ဖလားကို ကျင်းပသွားမှာပါ။ ဖီဖာအမှုဆောင် ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဇွမ်ဇီဂါဟာ သူရဲ့ကိုယ်ပိုင် အမြင်ကို ပြောခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိ တစ်ခုတည်းသော မေးခွန်းကတော့ “ဘယ်တော့ ကျင်းပမလဲ” ဆိုတာဖြစ်ပြီး “မကျင်းပဖြစ်လျှင်” ဆိုတာမျိုး မဟုတ်ပါဘူး။ နွေရာသီဖြစ်ဖြစ်၊ ဆောင်းရာသီဖြစ်ဖြစ် ကျွန်တော်တို့ အဆင်သင့်ပါပဲ” ဟု နာဆာရ်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲအား ခေတ်မီ အအေးပေးစနစ်များဖြင့် ကျင်းပနိုင်စွမ်းရှိသည်ကို သက်သေပြသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ယခုနှစ်ဇွန်လ ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပစဉ်က ကာတာတွင် Brazil 2014 Fan Zone လေဟာပြင် တစ်ခုကို ဖန်တီးခဲ့ပြီး ခေတ်မီ အအေးပေးစနစ်များကို အသုံးပြုကာ အပူချိန်ကို ၂၂ ဒီဂရီ ဆဲလ်စီးယက်စ် အထိသာ ရှိအောင် ဆောင်ရွက်ပေးခဲ့သည်။

  • ၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်ဖို့ ပိတ်ဆို့ထားလျှင် သူရဦးရွှေမန်း သမ္မတဖြစ်ဖို့ NLD ထောက်ခံတော့မှာလား

    ၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်ဖို့ ပိတ်ဆို့ထားလျှင် သူရဦးရွှေမန်း သမ္မတဖြစ်ဖို့ NLD ထောက်ခံတော့မှာလား

    စက်တင်ဘာ ၂၄ ၊ ၂၀၁၄
    M-Media

    SHWE MANN AND DASSK
    ၂၀၁၃ ခုနှစ် ဇူလိုင် ၁၈ ရက်က လွှတ်တော် အတွင်းရှိ ဇမ္ဗူသီရိဆောင် မီဒီယာခန်းမတွင် ကျင်းပခဲ့သည့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းကို တွေ့ရစဉ် (ဓာတ်ပုံ- သက်မျိုးမင်း)

    – ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှာ လာမည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါတီ၏ သမ္မတလောင်း မပါဘဲ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး စစ်တပ်ကျော ထောက်နောက်ခံပြု အာဏာရ ပါတီမှ ဗိုလ်ချုပ်ဟောင်းတစ်ဦးအား သမ္မတ အဖြစ်  ထောက်ခံဖွယ်ရှိနေသည်ဟု NLD တာဝန်ရှိသူများက ဖွင့်ဟလိုက်သည်။

    မြန်မာနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေက အသက် ၆၈ နှစ်အရွယ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ဟန့်တားထားသည်။ ထို့ပြင် သမ္မတလောင်း နေရာ အတွက် ပါတီအတွင်းမှ အခြားသူတစ်ဦးကို အစားထိုးရန် အတွက်လည်း သူမအနေဖြင့် ဆန္ဒရှိပုံမပေါ်။

    NLD  ပါတီမှ အကြီးတန်း အဖွဲ့ဝင် တစ်ဦးကတော့ ၎င်းတို့ပါတီမှာ သမ္မတလောင်းနေရာ အတွက် ယခင်စစ်တပ် အရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသည့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ USDP မှ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းကို ထောက်ခံနိုင်သည်ဟု ပြောကြားခဲ့၏။

    သို့သော်လည်း NLD ၏ ထိုသဘောထားက စစ်တပ်၏ အကျဉ်းချမှုကို ခံခဲ့ရသူများ အပါအ၀င် ပါတီဝင်များကို ဒေါသထွက်စေမည့် အန္တရာယ်ရှိနေလေသည်။ ထို့ပြင် နိုင်ငံ၏ လူကြိုက် အများဆုံးဖြစ်သည့် NLD နှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အား ထောက်ခံမှုမှာလည်းလျေားနည်းလာနိုင်လေသည်။

    “ကျွန်တော်တို့ပါတီမှာ နံပါတ် ၂ နေရာဆိုတာ မရှိဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြီးတဲ့နောက် ဒုတိယဆိုတာ မရှိပါဘူး”

    ပါတီအနေဖြင့် ကိုယ်ပိုင် သမ္မတလောင်းကို မည်သည့်အတွက်ကြောင့် မရွေးချယ်သနည်း ဆိုသည့် အမေးအတွက် NLD အမှုဆောင်ကော်မတီ အဖွဲ့ဝင် ဟန်သာမြင့်က ယခုကဲ့သို့ ဖြေကြားခဲ့၏။

    တိုင်းပြည်အတွင်း ဒီမိုကရေစီထွန်းကားရေး အတွက် ဆောင်ရွက်မှုကြောင့် ဆယ်စုနှစ် ၂ ခုနီးပါး နေအိမ် အကျယ်ချုပ် ကျခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ စစ်အစိုးရက ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတဖြစ်ခွင့် မရှိ။ “သမ္မတလောင်း၏ အိမ်ထောင်ဖက် သို့မဟုတ် သားသမီးများမှာ နိုင်ငံခြားသား၊ သို့မဟုတ် နိုင်ငံခြား တိုင်းပြည်တစ်ခု၏ သစ္စာတော်ခံ မဖြစ်စေရ” ဟူသော ကန့်သတ်ချတ်ကြောင့်ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သွားသော ခင်ပွန်းနှင့် သားနှစ်ဦးမှာ ဗြိတိန်နိုင်ငံသားများဖြစ်ခြင်းကြောင့် ထိုကန့်သတ်ချတ်နှင့် ညိစွန်းနေလေသည်။

    လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲမှာ ၁၉၆၂ ခုနှစ်က အာဏာသိမ်း၍ တိုင်းပြည်အား အုပ်စိုးခဲ့သည့် စစ်တပ်အုပ်ချုပ်မှုကို အဆုံးသတ်၍ သမ္မတဦးသိန်းစိန် ဦးဆောင်ကာ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည့် အပြောင်းအလဲနောက်ပိုင်း ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲဖြစ်၏။

    ထို့ပြင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင် ရလဒ်အား စစ်တပ်မှ ပယ်ဖျက်ခြင်းခံခဲ့ရသည့် NLD ပါတီ အတွက် ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲ လည်းဖြစ်လေသည်။ စစ်တပ်မှဦးစီးကာ ပြုလုပ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရသည့် အချိန်ဖြစ်ပြီး ထိုရွေးကောက်ပွဲကိုလည်း NLD က သပိတ်မှောက်ခဲ့လေသည်။

    မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်အရ သမ္မတအား လွှတ်တော်မှ ရွေးကောက်တင်မြှောက်လေသည်။

    အောက်လွှတ်တော်နေရာ လေးပုံတစ်ပုံကို စစ်တပ်မှကိုယ်စားလှယ်များက ရယူထား၏။ NLD ပါတီက ရွေးကောက်ပွဲတွင် မည်မျှအခြေအနေကောင်းသည်ဖြစ်စေ စစ်တပ် ကျောထောက်နောက်ခံပြုထားသည့် USDP က စစ်တပ်ကိုယ်စားလှယ်များနှင့် ပူးပေါင်းမည်မှာ သေချာနေသည်။

    ဒေါ်အောင်ဆန်းစုကြည်မဟုတ်ဘဲ အခြား တစ်ယောက်အား သမ္မတလောင်း အဖြစ် သတ်မှတ်ကာ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ပါက USDP နှင့် စစ်တပ် ကိုယ်စားလှယ်များပေါင်း၍ ရသည့်မဲဖြင့် ရှုံးနိမ့် သွားနိုင်လေ၏။ထိုအန္တရာယ်ကြောင့် သမ္မတလောင်းကို မရွေးချယ်ဘဲ ပါတီ၏ မဲများကို အသုံးပြု၍ USDP နှင့် အပေးအယူလုပ်ရေး NLD က ဆုံးဖြတ်နိုင်သည်။

    ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ လွှတ်တော်တွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေပြီး ကောင်းမွန်သည့် ဆက်ဆံရေးများ တည်ဆောက်ထားနိုင်ပုံရသည်။ ထို့ပြင် ဦးရွှေမန်းမှာ USDP မှ အခြားသော အကြီးတန်းအဖွဲ့ဝင်များထက် ပို၍ လက်တွေ့ဆန်သည်ဟု ထင်ကြ၏။

    ဒေါ်အောင်ဆန်းစုကြည် သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အခြေခံဥပဒေပြင်ဆင်ခြင်းကို ထောက်ခံမည်ဟု ဦးရွှေမန်းက ဖွင့်ဟခဲ့ဖူးသည်။

    “သူမ(ဒေါ်အောင်ဆန်းစုကြည်)ဟာ ပါတီအတွင်းမှာ လူကြိုက်အများဆုံး ပုဂ္ဂိုလ်ပါပဲ။ သူမအနေနဲ့ ဦးရွှေမန်းကို မျက်နှာသာပေးလေ့ ရှိပါတယ်” ဟု NLD အမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးဥာဏ်ဝင်းကဆိုသည်။

    သဘောထားတူသည့် ဗိုလ်ချုပ်ဟောင်း

    ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲခြင်းနှင့် ပတ်သက်၍ စစ်တပ်က ဗီတိုရယူထားမှု၊ နိုင်ငံ၏ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခြင်းကို တားဆီး ထားသည့် အပိုဒ် စသည်တို့ကို ဖယ်ရှားရန်အပါအ၀င် အခြေခံဥဒေပြင်ဆင်ရေး အာဏာရပါတီကို ဖိအားပေးရန်အတွက် NLD က ပြည်သူလူထုထံမှ လက်မှတ် ၅ သန်း စုဆောင်းနိုင်ခဲ့သည်။

    သို့သော်လည်း စစ်တပ်မှထောက်ခံအားပေးထားသည့် အာဏာရပါတီက အခြေခံဥပဒေကို ပြင်ဆင်ခြင်းခွင့်ပြုမည့် မျှော်လင့်ချက်မှာ အနည်းငယ်သာရှိလေ၏။

    ထိုအကြောင်းအရင်းကြောင့် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်၌ အမတ်နေရာ တစ်နေရာရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးလည်း မရှိတော့။

    ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ အခြားတစ်ဦးကို သမ္မတလောင်းအဖြစ် ရွေးချယ်မည့်အစား ပါတီ၏သဘောထားကို လက်ခံနိုင်မည့် ပါတီဝင်မဟုတ်သော သမ္မတလောင်းကို NLD က အာပေးထောက်ခံလိ့မ်မည်ဟု ဟန်သာမြင့်က မှတ်ချက်ပြုခဲ့သည်။

    “အဲဒီသူဟာ NLD ဖြစ်စရာ မလိုပေမယ့် ကျွန်တော်တို့လို ခံယူချက်တော့ ရှိရပါမယ်။ အရေးကြီးတဲ့အရာတစ်ခုကတော့ သမ္မတ အဖြစ် ကျွန်တော်တို့ လက်ခံနိုင်တဲ့ တစ်ယောက်ယောက် ရှိနေတယ်ဆိုတာပါပဲ။ ကျွန်တော်တို့အတွက် ဒါဟာလုံလောက်ပါတယ်”

    သမ္မတလောင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်နေရာကို အစား မထိုးရန် ဆုံးဖြတ်ခြင်းက NLD အတွင်း ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ အခြား သင့်လျော်သည့် ခေါင်းဆောင် မရှိကြောင်း ပြသခြင်းလည်းဖြစ်လေ၏။

    ဗိုလ်ချုပ်ဟောင်း ဦးရွှေမန်းအား ထောက်ခံခြင်းမှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် NLD အတွက် အငြင်းပွားဖွယ် ကိစ္စရပ် တစ်ခု ဖြစ်လိမ့်မည်ဟု ဦးဥာဏ်ဝင်းက ၀န်ခံခဲ့သည်။

    ပါတီဝင်အများစုမှာ စစ်တပ်၏ အကျဉ်းချမှုကို ခံခဲ့ရပြီး စစ်တပ် အရာရှိဟောင်းများ တိုင်းပြည် အုပ်စိုးခြင်းကို ဆန့်ကျင်မှုမှာ NLD အတွင်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေဆဲဟု ၎င်းကဆိုသည်။

    “တကယ်လို့ ကျွန်တော်တို့ ဦးရွှေမန်းကို သမ္မတ လောင်းအဖြစ် ထောက်ခံမယ်ဆိုရင် ပါတီအတွင်းမှာ ပြဿနာတွေ အများကြီး တက်နိုင်ပါတယ်။ ကျွန်တော်တို့ပါတီက အဖွဲ့ဝင်အများစုနဲ့ နိုင်ငံသား အများစုဟာ စစ်သားတွေ တိုင်းပြည်ကို အုပ်ချုပ်တာ မကြိုက်ကြပါဘူး”

    သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ သမ္မတလောင်းကို ရွေးချယ်မှုပြုမည့် NLD မှ ထောက်ခံရန် အလားအလာအရှိဆုံးသူမှာ ဦးရွှေမန်းသာလျှင်ဖြစ်သည်ဟု ဦးဥာဏ်ဝင်းက ဆိုခဲ့လေသည်။

    XXXXXXXXXXXXXXX

    ရိုက်တာ သတင်းဌာနမှ  ဆောင်းပါးရှင် Paul Mooney ၏ “With Suu Kyi blocked, her Myanmar party eyes ex-general for president” သတင်းဆောင်းပါးကို လေးမောင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။