News @ M-Media

၂၀၂၂ ကမ္ဘာဖလား ကာတာမှာ မကျင်းပတော့ကြောင်း သတင်း ထွက်ပေါ်မှု ပြိုင်ပွဲ ကျင်းပရေး ကော်မတီငြင်းဆို

စက်တင်ဘာ ၂၄ ၊ ၂၀၁၄

M-Media

– ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအား ကာတာတွင် ကျင်းပပြုလုပ်မည် မဟုတ်ဟု ဖီဖာအမှုဆောင် ကော်မတီ အဖွဲ့ဝင် တစ်ဦး၏ ပြောကြားမှုအား ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေးကော်မတီမှ ငြင်းဆို လိုက်သည်ဟု သိရသည်။

ပြိုင်ပွဲကျင်းပမည့် အချိန်တွင် အလွန်မြင့်မားသော အပူချိန် ရှိနေမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာကို စိုးရိမ်ရသည့် အတွက်ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအား ကာတာတွင် ကျင်းပပြုလုပ်မည် မဟုတ် ဖီဖာအမှုဆောင် ကော်မတီ အဖွဲ့ဝင် သီယိုဇွမ်ဇီဂါက ယမန်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေးကော်မတီ ဆက်သွယ်ရေးနှင့် ဈေးကွက် ဒါရိုက်တာ နာဆာရ် အလ် ခတ္တာကမူ ထိုပြောဆိုချက်အား ငြင်းဆိုလိုက်ပြီး ပြိုင်ပွဲပြုလုပ်မည့်နေရာအား ပြောင်းလဲမည် မဟုတ်ဟု ဆိုသည်။

“ကာတာဟာ ၂၀၂၂ မှာ ဖီဖာ ကမ္ဘာ့ဖလားကို ကျင်းပသွားမှာပါ။ ဖီဖာအမှုဆောင် ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဇွမ်ဇီဂါဟာ သူရဲ့ကိုယ်ပိုင် အမြင်ကို ပြောခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိ တစ်ခုတည်းသော မေးခွန်းကတော့ “ဘယ်တော့ ကျင်းပမလဲ” ဆိုတာဖြစ်ပြီး “မကျင်းပဖြစ်လျှင်” ဆိုတာမျိုး မဟုတ်ပါဘူး။ နွေရာသီဖြစ်ဖြစ်၊ ဆောင်းရာသီဖြစ်ဖြစ် ကျွန်တော်တို့ အဆင်သင့်ပါပဲ” ဟု နာဆာရ်က ပြောကြားခဲ့သည်။

ထို့ပြင် မိမိတို့အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲအား ခေတ်မီ အအေးပေးစနစ်များဖြင့် ကျင်းပနိုင်စွမ်းရှိသည်ကို သက်သေပြသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ယခုနှစ်ဇွန်လ ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပစဉ်က ကာတာတွင် Brazil 2014 Fan Zone လေဟာပြင် တစ်ခုကို ဖန်တီးခဲ့ပြီး ခေတ်မီ အအေးပေးစနစ်များကို အသုံးပြုကာ အပူချိန်ကို ၂၂ ဒီဂရီ ဆဲလ်စီးယက်စ် အထိသာ ရှိအောင် ဆောင်ရွက်ပေးခဲ့သည်။

Comments

Leave a Reply