News @ M-Media

Author: M-Media

  • ငါတို့ ဗိုလ်ချုပ်သာ ရှိခဲ့ရင်  (ကဗျာ)

    ငါတို့ ဗိုလ်ချုပ်သာ ရှိခဲ့ရင် (ကဗျာ)

    ဇူလိုင် ၁၈ ၊ ၂၀၁၅
    M-Media
    မာန်ထက်လျှံ ရေးသည်။
    .

    67_3
    ဖေဖော်ဝါရီ ၁၃မှာ ဖွားမြင်တဲ့ ငါတို့ဗိုလ်ချုပ်
    ဇူလိုင် ၁၉ မှာ ကျဆုံးခဲ့တဲ့ ငါတို့ဗိုလ်ချုပ်
    ငယ်မည်ထိန်လင်း အောင်ဆန်းမည်လို့ ပြည်ကာကွယ်
    ဗမာ့လွတ်လပ်ရေးအတွက် သက်စွန့်ပေးလှူရှာတယ်။
    .
    ငါတို့ဗိုလ်ချုပ်သာ ရှိခဲ့ရင်……….
    ဗမာပြည်ကြီး သူ့ကျွန်ဘဝက အမြန်လွတ်မြောက်တယ်
    .
    ငါတို့ဗိုလ်ချုပ်သာ ရှိခဲ့ရင်……….
    မြန်မာ့သမိုင်းဟာ တစ်မျိုးပြောင်းချင်ပြောင်းလိမ့်မယ်
    .
    ငါတို့ဗိုလ်ချုပ်သာ ရှိခဲ့ရင်……….
    နေဝင်းရယ် ငါတော့မတတ်နိုင် မင်းပဲအုပ်ချုပ်ဆိုပြီး သမိုင်းအကွဲအပြဲ ဖြစ်မှာမဟုတ်ဘူး
    .
    ငါတို့ဗိုလ်ချုပ်သာ ရှိခဲ့ရင်……….
    အာဏာရှင် အဆက်ဆက်ရဲ့ မိုက်ရူးရဲဆန်မှုများ အဓွန့်မရှည်တော့ဘူး
    .
    ငါတို့ဗိုလ်ချုပ်သာ ရှိခဲ့ရင်……….
    မြန်မာပြည်ကြီး ဆင်းရဲတွင်း အဲ့သလောက် မနက်စေရဘူး
    .
    ငါတို့ဗိုလ်ချုပ်သာ ရှိခဲ့ရင်……….
    ပြည်တွင်းစစ်မီးဟုန်းဟုန်း မတောက်ခဲ့ပါဘူး။

    ငါတို့ချစ်တဲ့ ငါတို့ဗိုလ်ချုပ်
    သမိုင်းကမ္ပည်းခရာပြုဖို့
    နှောင်းလူတို့အတုယူဖွယ်
    ဗမာ့ရာဇဝင်သစ်ကို သူရေးထိုးနိုင်ခဲ့တယ်။

    သမိုင်းတကွေ့ မှတ်တိုင်ဖျောက်လည်း
    သမိုင်းတကျော့ ပြန်လည်လို့သာ
    အာဇာနည်သမိုင်း မရိုင်းစေ၍
    တို့ချစ်ရတဲ့ ဗိုလ်ချုပ်သမိုင်း
    မြန်မာပြည်ဖွား တို့တတွေများ
    ဖော်ထုတ်လိုက်သည် ….. အာဇာနည်။

    မာန်ထက်သျှံ

    ၆၈ နှစ်မြောက် အာဇာနည်နေ့အား ရိုးသားစွာ ဂုဏ်ပြုပါသည်။

    Photo ကို အင်တာနက်မှ ကူးယူပါသည်။

  • အာဇာနည်တို့ရဲ့ နှလုံးသား (Editorial)

    အာဇာနည်တို့ရဲ့ နှလုံးသား (Editorial)

    ဇူလိုင် ၁၈ ၊ ၂၀၁၅
    M-Media

    126
    သရုပ်ဖော်ပုံ- (လဂွန်းအိန်)

    .
    အာဇာနည်ဆိုတာ နှလုံးသားလှသူတွေပါ။ မိသားစုအတွက်၊ ရပ်ရွာဒေသအတွက်၊ တိုင်းပြည် အတွက်၊ ဘာသာသာသနာအတွက်၊ မိမိလူမျိုးလွတ်မြောက်ရေး၊ တိုးတက်ကောင်းစားရေးအတွက် စသဖြင့် အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ကြသူတွေဖြစ်ပါတယ်။ ကိုယ်ကျိုးစွန့်တယ်ဆိုတဲ့ နေရာမှာ ဘ၀တစ်ခုလုံးရင်းနှီးမြှုပ်နှံ စတေးပေးဆပ်တတ်ကြသလို မိမိအသက်ကိုပါ မထောက်ထား မငဲ့ညှာဘဲ ရဲရဲဝံ့ဝံ့ပေးဆပ်ကြသူတွေဖြစ်ပါတယ်။
    .
    အာဇာနည်ဆိုတဲ့ ဝေါဟာရဟာ ပါဠိစကား “အာဇာနိယ၊ အာဇာနေယျ”က ဆင်းသက်လာတာ ဖြစ်ပြီး မြန်မာအဘိဓာန်မှာ ”အကြောင်းဟုတ်သည်၊ မဟုတ်သည်ကို ကောင်းစွာသိသူ” လို့ အဓိပ္ပာယ် ဖွင့်ပါတယ်။ အကြောင်းကို သိတတ်ခြင်းဆိုတာ ပုဂံခေတ်သိင်္ဃသူ့သမီးကျောက်စာအရ ပညာရှိ လက္ခဏာလို့လည်း ဆိုနိုင်ပါတယ်။ ရှင်မဟာသီလ၀ံသရဲ့ ပါရာယန၀တ္ထုအရတော့ ပညာဆိုတာ အကျိုးအပြစ်ကို ခွဲခြမ်းနိုင်သောအတတ်ပါပဲ။ ဒါလုပ်ရင်အပြစ်ဖြစ်မယ်။ ဒါလုပ်ရင် အကျိုးရှိတယ်ဆိုတာ သိမြင်ပြီး အကျိုးရှိတဲ့အလုပ်၊ မှန်ကန်သင့်မြတ်တဲ့အလုပ်ကို အများအတွက် သက်စွန့်ကြိုးပမ်း လုပ်ကိုင် ဆောင်ရွက်ရပ်တည်တာ အာဇာနည်တို့ရဲ့ လက္ခဏာပါ။
    .
    ဒါကြောင့် အာဇာနည်ဆိုတာ အမှန်တရားအတွက် ရပ်တည်မှ အာဇာနည်လို့ ဆိုနိုင်ပါတယ်။ အမှားကို အမှန်ထင်၊ အမှန်ကို အမှားမြင်ပြီး မိုက်ရူးရဲလုပ်ကိုင်ဆောင်ရွက်သူတွေရဲ့ သေခြင်းဟာ အာဇာနည်တို့ရဲ့ အသေမြတ်ခြင်းမျိုးမဟုတ်ဘဲ အသေဆိုးနဲ့ သေခြင်း သက်သက်သာ ဖြစ်ပါတယ်။
    .
    အာဇာနည်ရဲ့ နောက်အဓိပ္ပာယ်တစ်မျိုးကတော့ ”သာမန်ထက် လက်ရုံးရည်၊ နှလုံးရည်ထူးကဲ သာလွန်၍ အများအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ”လို့လည်း တွေ့ရပါတယ်။ အာဇာနည်တွေ မှာ ထက်မြက်တဲ့စွမ်းရည်ရှိကြပါတယ်။ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားတတ်တဲ့ နှလုံးသားရှိကြပါတယ်။ သူမတူတဲ့ ပေးဆပ်နိုင်စွမ်းလည်း ရှိကြပါတယ်။ လူတကာပြုနိုင်ခဲသော အမှန်တရားအတွက် သက်စွန့် စံဖျား တိုက်ပွဲဝင် ရပ်တည်ပေးတတ်သော ပုဂ္ဂိုလ်များဖြစ်တဲ့အတွက် လူပင်သေသော်လည်း နာမည် မသေကြသူများ ဖြစ်ပါတယ်။
    .
    ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အာဇာနည် ၉ ဦးတို့ တိုင်းပြည်အတွက် အသက်သွေး စတေးပေးဆပ်သွားတဲ့နေ့ပါ။ ဒီနေ့ကို မြန်မာတို့ရဲ့ နှလုံးသားထဲမှာ  ကမ္ပည်းကျောက်စာ ခိုင်ခိုင်မာမာ ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။ အာဇာနည်ကြီးတွေဟာ ကိုယ်ကျိုးရှာ အတ္တသမား အာဏာရူး မသမာသူတို့လက်ချက်နဲ့ လူသေသွားပေမဲ့ နာမည်မသေခဲ့ကြသူတွေ ဖြစ်ပါတယ်။ မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်တွေဟာ ခေတ်အဆက်ဆက် ပြည်သူတို့ရဲ့ နှလုံးသားထဲမှာ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။
    .
    အာဇာနည်အောင်ဆန်းသေသွားပေမဲ့ အောင်ဆန်းရဲ့ နာမည်ကို တမြတ်တနိုးအမည်ပေး မှည့်ခေါ်ထားတဲ့ အောင်ဆန်းပေါင်း များစွာ ပေါ်ပေါက်လာခဲ့ပါတယ်။ ဂဠုန်ဦးစောဆိုတဲ့ အမည်မျိုးကို ဘယ်မိဘကမှ ကိုယ့်ရင်သွေးကို မမှည့်ခေါ်လိုကြပါ။ လူ့သဘာဝက အများအကျိုးအတွက် စွန့်လွှတ်စွန့်စား အနစ်နာခံသူတွေကို ဂုဏ်ယူမြတ်နိုးတတ်ကြပါတယ်။ အတ္တအကျိုးရှေ့တန်းတင်ပြီး ယုတ်မာပက်စက်သူတွေကိုတော့ ရွံရှာစက်ဆုပ်တတ်ကြပါတယ်။
    .
    ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်အပေါင်းဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း လွတ်လပ်ရေး အသီးအပွင့်ကို စံစားမသွားခဲ့ရသူများ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် အာဇာနည်တွေဟာ မစားဘဲစွန့်ခဲ့ကြတဲ့ မြင့်မြတ်ကြီးကျယ်တဲ့ နှလုံးသား ပိုင်ရှင်တွေဖြစ်တာ ထင်ရှားပါတယ်။ ဂုဏ်ကိုလည်း စွန့်နိုင်ကြပါတယ်။ လာဘ်ကိုလည်း စွန့်နိုင်ကြပါတယ်။ ပကာသန ထင်ပေါ်ကျော်ကြားမှုကိုလည်း စွန့်နိုင်ကြပါတယ်။ အသိပညာနဲ့ အမှားအမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ပြီး အများအကျိုးကို အမှန်တရားနှင့်ယှဉ်လို့ ရဲဝံ့ပြတ်သားစွာ ရပ်တည်ဆောင်ရွက်ရင်း အသက်ကိုပါ စွန့်နိုင်ကြသူတွေပါ။ အာဇာနည်တို့ရဲ့နှလုံးသားဟာ ရှာမှရှားတဲ့  ဦးညွတ်ဂုဏ်ပြု စံတင်စရာနှလုံးသားမျိုးပါ။
    .
    အာဇာနည်နေ့ကိုရောက်တိုင်း အာဇာနည်တို့ရဲ့ ကျေးဇူးကို အောက်မေ့သတိရသူတွေအတွက် ပန်းခွေချခြင်း၊ အလေးပြုခြင်း၊ အထိမ်းအမှတ်အခမ်းအနားများပြုလုပ်ခြင်း၊ ဥသြဆွဲကာ ငြိမ်သက် ဂုဏ်ပြုခြင်းစတဲ့ ကျေးဇူးသိအပြုအမူတွေနဲ့ တုံ့ပြန်ခြင်းဟာ အာဇာနည်တွေရဲ့ ပေးဆပ်မှုနဲ့စာရင် ဘာမှ မပြောပလောက်တဲ့ တုံ့ပြန်ကျေးဇူးဆပ်မှုပါ။ ဒါပေမဲ့ ဒီလောက်လေးကိုတောင် တုံ့ပြန်ဖို့ တွန့်တိုနေတဲ့ ကျေးဇူးကန်းတွေရှိပါတယ်။ အာဇာနည်တွေဟာ မစားဘဲစွန့်ခဲ့ကြသူတွေသာဖြစ်ပြီး ငါတို့ဟာ သူတို့ကြောင့် မစွန့်ဘဲစားခွင့်ရနေသူတွေပါလားဆိုတဲ့ လူသားဆန်တဲ့ အသိမျိုးလေး နိုင်ငံသားတိုင်းမှာ ရှိသင့်ပါတယ်။
    .
    တကယ်ဆိုရင် အာဇာနည်တို့ရဲ့ နှလုံးသားမျိုးကို ကိုယ်တိုင်မွေးမြူခြင်း၊ မျိုးဆက်သစ်တွေရဲ့ နှလုံးသားမှာ ကိန်းဝပ်နိုင်အောင် ပျိုးထောင်ပေးခြင်းတို့နဲ့ ကျေးဇူးဆပ်သင့်တယ်မဟုတ်ပါလား။
    .
    M-Media ပရိသတ်များ ပညာအလင်းနဲ့ ထင်းရှင်းနိုင်ကြပါစေ။

  • ကိုဇော်ဇော်လတ် ဖမ်းဆီးခံရမှု  အာရှအလင်းရောင် ဆရာတော်နှင့် လုပ်ဖော်ကိုင်ဖက်များ ပြောကြားချက်

    ကိုဇော်ဇော်လတ် ဖမ်းဆီးခံရမှု အာရှအလင်းရောင် ဆရာတော်နှင့် လုပ်ဖော်ကိုင်ဖက်များ ပြောကြားချက်

    ဇူလိုင် ၁၈ ၊ ၂၀၁၅
    M-Media
    သီဟ
    .1625522_1606599136231533_5391688013049705420_n
    မန္တလေးမြို့အခြေစိုက် လူမျိုးဘာသာပေါင်းစုံဖွဲ့စည်းထားတဲ့ သင့်မြတ်လိုသူများ အဖွဲ့မှ ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်လတ် အား မတရားအသင်းနဲ့ ဆက်သွယ်မှုဖြင့် ဇူလိုင်လ ၁၄ ရက် အင်္ဂါနေ့မှာ ဖမ်းဆီးပြီး  မတရားအသင်းနဲ့ ဆက်သွယ်မှု  ပုဒ်မ ၁၇/၁ တပ်ထားပါတယ်။
    .
    မတရားတဲ့ အာဏာပိုင်တွေ၊ ရန်လိုတဲ့ မဘသဘုန်းကြီးအတုတွေဟာ ညီညွတ်ငြိမ်းချမ်းမှုကို မလိုချင်ကြပါဘူး။ သင့်မြတ်မှုကို ဖော်ဆောင်သူတွေကို သူတို့ရဲ့ရန်သူတွေအဖြစ်သတ်မှတ်ပြီး မတရားဖမ်းဆီးတာတွေလုပ်ဆောင်ပါတယ်။ ကိုဇော်ဇော်လတ်ဟာ ဘာသာပေါင်းစုံချစ်ကြည်ရေးရည်ရွယ်ချက်နဲ့ မန္တလေး၊ပြင်ဦးလွင်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် စတဲ့နေရာတွေက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ၊ ခရိယာန်ဘုရားကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်း ၊ အစ္စလာမ် ဗလီများနဲ့ အခြားလူနည်းစုကိုးကွယ်တဲ့ ဘာသာဘုရားကျောင်းတွေကို ချစ်ကြည်ရင်းနှီးစွာ လည်ပတ်ခဲ့ပါတယ်။ဒါတင်မက မိဘမဲ့ကလေးကျောင်းတွေ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းက ကလေးငယ်တွေအတွက် သင့်မြတ်လိုသူများအဖွဲ့အနေနဲ့ လှုဒါန်း အကူအညီအထောက်အပံ့တွေ ပေးအပ်တာတွေလုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ သင့်မြတ်လိုသူများအဖွဲ့ထဲမှာ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်၊ ခရိယာန်ဘာသာာဝင်တွေသာမက ဘဟာအီဘာသာဝင်တွေပါ ပါရှိပါတယ်။
    .
    အဖမ်းခံထားရတဲ့ ကိုဇော်ဇော်လတ်နဲ့ ပတ်သက် သင့်မြတ်လိုသူများ အဖွဲမှ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ မပွင့်ဖြုလတ်ရဲ့ ပြောကြားချက်ပါ။
    .
    အဖမ်းခံထားရတဲ့ ကိုဇော်ဇော်လတ်နဲ့ ပတ်သက်လို့ သင့်မြတ်လိုသူများအဖွဲ့ကို ဦးဆောင်နေတဲ့ အာရှအလင်းရောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဦးစိန္တိတ က ကိုဇော်ဇော်လတ်ဟာ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့လူငယ်တစ်ဦးဖြစ်တယ်လို့ VOA သတင်းဌာနကို မိန့်ကြားခဲ့ပါတယ်။
    .
    “ဘုန်းကြီးသိတာ အတော်များများရှိပါတယ်။ ဒီလူငယ်လေးတွေဖွဲ့ပြီးတော့ ပရဟိတလုပ်ငန်းလေးတွေကို လုပ်ကြတယ်။ လုပ်တဲ့နေရာမှာ မန္တလေးမြို့ပေါ်မှာလည်း လုပ်တယ်။ နောက် ပြင်ဦးလွင်မြို့မှာလည်း အဖိုးအဖွားစောင့်ရှောင့်ရေးအဖွဲ့နဲ့လည်း သူတို့ပူးပေါင်းပြီးလုပ်ကြတာတွေရှိပါတယ်။” (အာရှအလင်းရောင်ကျောင်းတိုက်ဆရာတော်)
    .
    လူမှုအဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ကိုဇော်ဇော်လတ်ကို အာဏာပိုင်တွေဘက်က ယုံမှားသံသယနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကပြောပါတယ်။ ဒါ့အပြင် အမှုမှန်ပေါ်ပေါက်ရေးနဲ့ သူ့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း အဖွဲ့ရဲ့ ဥက္ကဌ ကိုရှိုင်းက VOA ကို ပြောကြားခဲ့ပါတယ်။
    .
    ” ကိုဇော်ဇော်လတ် ဖမ်းခံရတာနဲ့ ပတ်သတ်လို့ ကျွန်တော်တို့အနေနဲ့ကတော့ လွဲမှားပြီး ယုံမှားသံသယနဲ့ ဖမ်းထားလို့ပဲ မြင်မိတယ်။ အဲ့ဒီအပေါ်မှာ အစိုးရအနေနဲ့ကော သက်ဆိုင်ရာ ထောက်လှမ်းရေးတွေအနေနဲ့ပါ အမှန်တရားကို အမှန်ဆုံး တွေ့ရှိပြီးတော့ မဟုတ်တဲ့သူတစ်ယောက်ကို ဒီလိုမျိုး ယုံမှန်းသံသယနဲ့ ဖမ်းဆီးတာမျိုးမဖြစ်ဘဲ အမြန်ဆုံးပြန်လည်လွှတ်မြောက်ဖို့ မြင်မိပါတယ်။”

    REF : VOA

    ဓါတ်ပုံအညွှန်း- သင့်မြတ်လိုများ အဖွဲ့ရဲ့ ပရဟိတ လုပ်ရှားမှု အချို့ဓါတ်ပုံများကို ကိုဇော်ဇော်လတ်ရဲ့ FB စာမျက်နှာတဆင့်ကူးယူဖော်ပြလိုက်ပါတယ်။

    ကိုဇော်ဇော်လတ် FB စာမျက်နှာ
    https://www.facebook.com/Asteroid.zl

    11737983_1606599139564866_415648653879642957_n 11701169_1606599339564846_7187694647650960539_n 11753669_1606599166231530_4002417600287350716_n 11738051_1606599169564863_2153919793930490774_n 11745554_1606599162898197_426655654805977623_n 11745741_1606599146231532_6290992913188002331_n 11760195_1606599122898201_6969132526946277898_n 11750727_1606599142898199_977124941710487598_n

  • မြန်မာနိုင်ငံတွင်း ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၏ ဝါကျွတ် အီးဒ်နှုတ်ခွန်းဆက်၊ ဆုတောင်း

    မြန်မာနိုင်ငံတွင်း ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၏ ဝါကျွတ် အီးဒ်နှုတ်ခွန်းဆက်၊ ဆုတောင်း

    ဇူလိုင် ၁၇၊ ၂၀၁၅
    M-Media

    All Leader copy

    ဆရာတော် ဒေါက်တာ ပညာသီဟလကာင်္ရ
    ကျောင်းအုပ်ဆရာတော် (သီတဂူသောတုဇနကျောင်း တောင်ဒဂုံ)
    အဖွဲ့ဝင် (Religion for Peace)
    အဖွဲ့ဝင် (United States Institute of Peace)

    ဥပုသ်ကာလဆိုတော့ အကျင့်တစ်ခုနဲ့ကျင့်နေတယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ အဲတော့ မုဟမ္မဒ်ရဲ့ မက္ကာဟ်ကနေ မဒီနာကိုသွားတဲ့ ဒုတိယမြောက်နှစ်ကနေစပြီးတော့ ဝါတွင်းကာလလို့ အစ္စလာမ်ဘာသာကိုယုံကြကိုးကွယ်ကြတဲ့ မွတ်စလင် ပုဂ္ဂိုလ်များဟာ ရမဇာန်ကိုတိတိကျကျ ကျင့်သုံးခဲ့ကြတယ်။

    U PinnyaThiha_
    .
    ကျန်းမာရေးမကောင်းတဲ့ ပုဂ္ဂိုလ်တွေ ဒါမှမဟုတ် အိုနေတဲ့ ပုဂ္ဂိုလ်တွေ သူတို့က မကျင့်သုံးလည်း ရတယ်ဆိုတော့ ဒါကအရမ်းကြီးတော့ စထရက် တော့ပြောလို့မရဘူး။ သူက flexible ဖြစ်တယ်။ အဲတော့ ဥပုသ်ဆိုတဲ့ သဘောတရားဟာ အဲလို flexible ဖြစ်နေတာကိုက အရမ်းကောင်းတယ်။
    .
    အဲတော့ ဥပုသ်လမှာ ကုရ်အာန်ကျမ်းကို ရွတ်ဖတ်မယ်။ အကုသိုလ်တွေ တစ်ခုမှမလုပ်ဘူး။ မလိမ်ဘူး၊ မညာဘူး၊ မခိုးဘူး၊  အမှန်အတိုင်းပဲပြောမယ်ဆိုမယ် ကျင့်သုံးမယ်။ အဲတော့ဥပုသ် ကာလကျင့်စဉ် တစ်ခုဟာ ဥပုသ်ကာလ ထွက်သွားတဲ့ အခါမှာလည်း အဲဒီကျင့်စဉ်တွေဟာ တစ်နှစ်လုံး ပါလာတယ်။ နောက်နှစ်ဝါတွင်း ကာလပြန်ရောက်ရင်လည်း ဒါတွေကိုပြန်ကျင့်ကြမယ်။ နှစ်စဉ်နှစ်စဉ် ဥပုသ်ကို ကျင့်သုံးမယ်။ ဒီရမဇာန်ကို ကျင့်သုံးမယ်။
    .

    အဲတော့ဥပုသ်ကျင့်သုံးတဲ့အခါမှာ တစ်ခြားဥပုသ်တွေနဲ့ကွာခြားတာက သူတို့က မနက် ၆ နာရီကနေ နေထွက်လို့ ဦးဇင်းတို့ အရုဏ်လို့ခေါ်တယ်။ ညနေဝင် အဲဒီအချိန်ကာလတစ်ခုလုံးကို အစားလည်းမစားရဘူး၊ ရေလည်း မသောက်ရဘူး၊ ဆေးလိပ်လည်း မသောက်ရဘူး၊ အားလုံးကိုရှောင်ရှားပြီးတော့ နေရတယ်။ ညနေဝင်ကနေ နောက်နေ့နံနက် အရုဏ်တက်တဲ့အထိ သူတို့စားလို့သောက်လို့ ရတယ်ဆိုတာ သူတို့ရဲ့စားသောက်တဲ့ အချိန်တွေကို တစ်လအတောအတွင်းမှာ အချိန်လေးတွေပြောင်းတဲ့အတွက်ကြောင့် နည်းနည်းလေး အားနည်းတဲ့ ပုံစံမျိုးလေးတွေရှိတဲ့ အတွက်ကြောင့် ဥပုသ် အထွက်မှာ အားရှိတဲ့ အစားအစာတွေကို သူတို့တွေ စားသုံးကြတယ်။
    .
    အဲဒီတော့ ရမဇာန်ကာလရဲ့အတော အတွင်းမှာ သာမန် အင်အားလောက်နဲ့ ဥပုသ်စောင့်ဖို့ရာ အရမ်းခဲယဉ်းတယ်ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။ ပြီးတော့ အနောက်တိုင်း ပုဂ္ဂိုလ်တွေ၊ အင်္ဂလန်တို့ အမေရိကန်တို့မှာရှိတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ဒီလိုကျင့်သုံနေကြ ကာလ မဟုတ်တဲ့အတွက်ကြောင့် ဥပုသ်ကာလ အတောအတွင်းမှာ တော်တော် သည်းခံနိုင်ခဲတယ်လို့ ဦးဇင်းတို့တော့သိရတယ်။
    .
    အဲတော့ ရမဇာန်ကာလအတောအတွင်းမှာ ကျင့်သုံးခဲ့တဲ့ ဥပုသ်ဟာ တော်ရုံ ဥပုသ်မဟုတ်ဘူး။ တော်တော်လေးကို ဇွဲ့နဲ့ သည်းခံအောင့်အီးပြီးတော့ ကျင့်သုံးရတဲ့အကျင့် မြတ်တဲ့ အကျင့်ဖြစ်တဲ့အတွက်ကြောင့် ဥပုသ်ကာလ အတွင်းရော ဥပုသ်ပြီးကာလ အတွင်းရော အားလုံးဟာ ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မှန်ရာကိုပြော လောကကြီးရဲ့အကျိုးတရားတွေကို သယ်ပိုးဆောင်ရွက်နိုင်တဲ့ လောကကြီးရဲ့ကျင့်စဉ်တစ်ခုဖြစ်တယ်ဆိုတာတော့ ဦးဇင်းအနေနဲ့ယုံကြည်တယ်။
    .
    ဒါကရမဇာန်နဲ့ ပတ်သက်တဲ့ ဦးဇင်းရဲ့မှတ်ချက် စကားရပ်ပေါ့။ နောက်ဦးဇင်းက ဒီလိုကျင့်သုံးနေတဲ့ ပုဂ္ဂိုလ်တွေ တစ်ကမ္ဘာလုံးက ပုဂ္ဂိုလ်တွေ မြန်မာသူမြန်မာနိုင်ငံသား အစ္စလာမ်ဘာသာကို ကိုးကွယ်ကြတဲ့ အစ္စလာမ်များရော တစ်ကမ္ဘာလုံးက ဒီရမဇာန်လကို နှစ်သက် သဘောကြတဲ့ မွတ်စလင်ဖြစ်စေ Non- Muslim ဖြစ်စေ မည်သည့်ပုဂ္ဂိုလ်မဆို ကျင့်သုံးနေတဲ့ ပုဂ္ဂိုလ်တွေအားလုံးကိုတော့ လှိုက်လှိုက်လှဲလှဲကျေးဇူးလည်း တင်တယ်။ ဂုဏ်လည်းယူတယ်။

    ဥပုသ်သီတင်း သီလဆောက်ထိန်းကြတဲ့ အတွက်ကြောင့် ဦးဇင်းအနေနဲ့တော့ သူတို့ အထူးတလည် ဆုပေးစရာတော့မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကျင့်သုံးနေတဲ့ ကျင့်စဉ်ကိုက အင်မတန်မွန်မြတ်နေတဲ့ အတွက်ကြောင့်ပါ။ မဖြစ်မနေပေးရမယ်ဆိုရင်လည်း ဦးဇင်းတို့ ဒီအလ္လာဟ်အရှင်မြတ်ရဲ့ မေတ္တာတွေ၊ ဂရုဏတွေ အသဲထဲနှလုံးသားထဲထိ စိမ့်ဝင်နိုင်ပါစေ ဆိုပြီးတော့တော့ ပြောချင်တယ်လေ။
    .
    အလ္လာဟ်ဟို့အက်ဘရ် ဒီစကားလုံးလေးကို ရင်ထဲ အသည်းထိစွဲပြီးတော့ တကယ်ကို လက်တွေ့ဘဝမှာ ကျမ်းစာထဲက စကားလုံးလို့ မယူဆဘဲ ဘဝထဲက စကားလုံးလို့ ဒီလို ယူဆနိုင်ပါစေလို့ ဦးဇင်းကတော့ ဆုတောင်းပေးပါတယ်။
    .
    အဲတော့ဦးဇင်းတို့က ဗုဒ္ဓဘာသာ ခုလာပြီးတော့ အရှင်ဘုရားရေ ရမဇာန် ပတ်သက်ပြီးတော့ ပြောပေးပါဆိုတော့်အစ္စလာမ်ဘာသာ တစ်ဘာသာနဲ့ တစ်ဘာသာ တစ်ရိုတစ်သေနဲ့ ပြောဆိုကြတယ်၊ ဆက်ဆံကြတယ်ဆိုတာက အလွန်ကောင်းတဲ့အချက်အလက်ပါ။ အဲတော့စကား တစ်ရပ်ရှိတယ်။ ကိုယ့်ဘာသာကိုမြှင့်တင်ချင်တယ်ဆိုရင် သူများဘာသာကို ရိုသေလိုက်ပါဆိုတဲ့စကားလုံးလေး။ အဲတော့အခုလိုလာပြီးမေးတယ်မြန်းတယ်ဆိုတာက ရိုသေတဲ့ သဘောပါ။ အဲတော့ရိုသေ ကိုင်းရှိုင်းတဲ့ အတွက်ကြောင့် ကိုယ့်ရဲ့ဘာသာရဲ့မြင့်မြတ်မှုကို ဖော်ပြလိုက်တာပါပဲ။ ပြီးတော့ ဘာသာတိုင်း ဘာသာတိုင်းဟာ မိမိရဲ့ယုံကြည်ချက် အားလျော်စွာ ကိုးကွယ် ဆည်းကပ်နေကြတဲ့ ပုဂ္ဂိုလ်တွေ အဓိကအားဖြင့်တော့ လူသားခြင်း စာနာတဲ့စိတ်ဓာတ်ကိုပဲမြှင့်တင်နေကြတာပါပဲ။
    .
    စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး ဘယ်လိုမြှင့်တင်ပေးမလဲဆိုတဲ့ ဒီအခန်းကဏ္ဍတွေကို ဘာသာတိုင်းဘာသာတိုင်းက မိမိတို့ဆုံးမ၊ ညွှန်ကြားချက် အတိုင်းပဲ လူ့ဘောင်လောကကြီးကို မြှင့်တင်ပေးနေတဲ့ ဘာသာတိုင်းဖြစ်တယ်။
    .
    အဲတော့ ဦးဇင်းတို့အနေနဲ့တော့ တော်တော်ကိုလုပ်သင့် လုပ်ထိုက်တဲ့ဘာသာပါ။ ဦးဇင်းတို့အနေနဲ့လည်း အတုခိုးရမဲ့ အချက်တွေ။ ဒီလိုသွားလာ လှုပ်ရှားတွေ မေးမြန်းတာတွေ ဗုဒ္ဓဘာသာဝင် ဒါယကာ ဒါယကာမတွေလည်း ဒါလုပ်ဖို့ရာ ဦးဇင်းတိုလည်း တိုက်တွန်းမယ်။ အခုမြန်မာနိုင်ငံမှာ စားသုံးနေကြတဲ့ ပုဂ္ဂိုလ်တွေဟာ အသားဟင်းတွေ ငါးဟင်းတွေစားတဲ့ အခါမှာ အရိုးကိုတော့ ဘယ်စားကြပါ့မလဲ။ အသားကိုပဲ အားရှိမဲ့ဟာကိုပဲရွေးရွေး စားသလိုပဲ ကိုယ့်ရဲ့နိုင်ငံနဲ့ ကိုယ့်ရဲ့လူမျိုးနဲ့ စီလျော်မဲ့ စနစ်တစ်ခုကို ကျင့်သုံးပြီးတော့ အမျက်ဒေါသထွက်မဲ့ အရိုးကဲ့သို့ ဆူးစေမဲ့ ကိစ္စတွေကို အားလုံးကိုရှောင်ရှားပြီးတော့ လုပ်ကိုင်နေကြတယ်။ အဒီလိုလည်းလုပ်ကိုင်နိုင်ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့သတ္တိ၊ စီးပွားရေးတွေအကုန်လုံးကိုလည်း ကြိုးစားပမ်းစားနဲ့ ရှာဖွေနေတဲ့ကြားစုံထဲကနေ လှလှပပကျင့်သုံးသွားကြတဲ့ ဘာသာပေါင်းစုံရဲ့စိတ်ဓာတ်တွေ လူတွေရဲ့ခွန်အားတွေ အားလုံးကို ဦးဇင်းကတော့  ယုံကြည်တယ်၊ လေးစားတယ်။ အဲဒီအတိုင်း အခုလို လာရောက်မေးမြန်းတဲ့အတွက် လာရောက်ပြီးတော့ ပြောကြားဖို့ရာ တောင်းပန်တဲ့ အတွက် ပြောကြားခွင့်ရတဲ့အတွက် ဒါ ဘာသာပေါင်းစုံရဲ့ငြိမ်းချမ်းရေး လမ်းစဉ်ပဲဖြစ်ပါတယ်လို့  ဦးဇင်းအနေနဲ့ အလေးအနက်ကို ပြောကြားလိုပါတယ်။

    XXXXXXXXXXXXXXXXXXXXXXXXXXXXX

    အလ်ဟာဂ်ျ မောင်လာနာ မုဖ်သီနူရ်မုဟမ္မဒ်(ခ) ဦးကိုလေး
    ရှေ့ ဆောင်ဆရာ စူရတီဗလီကြီးရန်ကုန်။
    ကျောင်းအုပ်ဆရာကြီး (ရှောင်ကသ်အစ္စလာမ် မော်လဝီကျောင်း)

    Mufti noor Muhammad_
    .
    မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်၊ ဗုဒ္ဒဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်တဲ့ ညီရင်းအစ်ကို မောင်ရင်းနှမများခင်ဗျာ ။
    .
    အားလုံးအပေါ်သို့အလ္လာဟ်အရှင်မြတ်သခင်ဘက်တော်ကနေ ရဟ်မသ် မင်္ဂလာအဖြာဖြာကျရောက်ပါစေလို့ ကျွန်တော့်အနေနဲ့ ပထမဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ကျွန်တော်တို့အစ္စလာမ်ဘာသာဝင်များရဲ့ ဥပုဟ်သီလစောင့်ထိန်းရတဲ့ ရမဇာန်လမြတ်ဟာ ဒီနှစ်မှာဇွန်လ ၁၉ ရက်ကစပြီး ဇူလိုင် ၁၈၊ ၁၉ မှာဆုံးမှာဖြစ်ပါတယ်။ အစ္စလာမ် ဘာသာဝင်များရဲ့ ဥပုသ်သီလစောင့်ထိန်းတဲ့ အခါမှာ အကျိုးများ များစွာရှိပါတယ်။ အနှစ်သာရ အများကြီးရှိပါတယ်။ နာမ်ပိုင်းဆိုင်ရာ အနှစ်သာရ အများကြီးရှိသလို ရုပ်ပိုင်းဆိုင်ရာ အနှစ်သာရ အများကြီးရှိပါတယ်။ နာမ်ပိုင်းဆိုင်ရာ အနှစ်သာရတွေ ကတော့ နှစ်ဘဝခေါင်းဆောင်ကြီး တမန်တော်မြတ် (ဆွ) က ရမဇာန်လမြတ်ကို သုံးပိုင်းခွဲပြထားပါတယ်။
    .
    ပထမဆယ်ရက်မှာ အလ္လာဟ်အရှင်မြတ်သခင်က လူသားအားလုံးအပေါ်မှာ ရဟ်မသ်တော်များကို ချပေးသနားတော်မူပါတယ်။
    .
    ဒုတိယ ဆယ်ရက်မှာ အလ္လာဟ်အရှင်မြတ်သခင်က လူသားတွေလုပ်တဲ့အပြစ်တွေကို လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်ပေး သနားတော်မှုပါတယ်။
    .
    တတိယဆယ်ရက်မှာ အလ္လာဟ်အရှင်မြတ်သခင်က ဂျဟနမ် ကျမဲ့ပုဂ္ဂိုလ်တွေအားလုံးကို ကင်းလွတ်ခွင့် ချီးမြှင့်ပေးသနားတော်မူပါတယ်။

    .
    ထိုနည်းလည်းကောင်းပဲ ရုပ်ပိုင်းဆိုင်ရာ အနှစ်သာရတွေလည်းရှိပါသေးတယ်။ မွတ်စလင်တစ်ယောက်ဟာ ရိုဇာဥပုသ်သီလကို နံနက်အာရုံတက်ချိန်ကစပြီး နေဝင်တဲ့ အချိန်ထိ စောင့်ထိန်းရပါတယ်။ အဲဒီရိုဇာ ဥပုသ်သီလစောင့်ထိန်းတဲ့ အခါမှာ စားခြင်း၊ သောက်ခြင်း၊ မိမိဇနီးနဲ့မေထုံ မှီဝဲခြင်းတို့ကို ရှောင်ရသလို ကိုယ်နှုတ်နှလုံး သုံးပါးစလုံးကို လိမ်မာအောင်၊ ယဉ်ကျေးအောင်၊ သိမ်မွေ့အောင် အလ္လာဟ်အရှင်မြတ်သခင်ရဲ့အမိန့်တော်တွေကို နာခံတတ်အောင် လေ့ကျင့်ပြုစုပျိုးထောင်ပေးရပါတယ်။
    .
    တစ်လတာ ရမာဇန်လမြတ်မှာ ကိုယ်နှုတ်နှလုံးသုံးပါးစလုံးကို  လေ့ကျင့်ပြုစုပျိုးထောင်ရင်းနဲ့ လိမ်မ္မာလာတဲ့အခါ ကျန်တဲ့ (၁၁) လမှာလည်း လိမ္မာလာဖို့ အလားအလာရှိပါတယ်။ ဒါကြောင့်တစ်ကယ်ပြောရမယ်ဆိုရင် ရမဇာန်လမြတ် ဥပုသ်သီလစောင့်ထိန်းခြင်းနဲ့ မွတ်စလင်တွေဟာ စခန်းဝင်လေ့ကျင့်ကြရတာဖြစ်ပါတယ်။ ဥပမာ တပ်မတော်သားတစ်ယောက်ဟာ တပ်မတော်သားကောင်း တစ်ယောက်ဖြစ်ဖို့ မွန်းမံသင်တန်းအဆင့်ဆင့်ကို တက်ရပါတယ်။ နိုင်ငံ့ဝန်ထမ်းကောင်း တစ်ယောက်ဖြစ်ဖို့လည်း ဖောင်ကြီးသင်တန်း ဆိုတာကို တက်ရပါတယ်။ ထိုနည်းလည်းကောင်းပဲ မွတ်စလင်ကောင်း တစ်ယောက်ဖြစ်ဖို့ဆိုတာ မွတ်စလင် တစ်ဦးအနေနဲ့ တစ်နှစ်တာ ကိုယ်နှုတ်နှလုံး သုံးပါးစလုံးကို ယဉ်ကျေးအောင်၊ သိမ်မွေ့အောင်၊ လိမ်မ္မာရေးခြားရှိအောင် အလ္လာဟ်အရှင်မြတ်သခင်ရဲ့ အမိန့်တွေကို မြေဝယ်မကျ နာခံတတ်အောင် လေ့ကျင့်ရင်းနဲ့ ကျန်တဲ့ (၁၁) လမှာ အလ္လာဟ်အရှင်မြတ် သခင်ရဲ့အမိန့်တော်တွေကို နာခံတတ်အောင် ကြိုးစားစခန်းဝင် လေ့ကျင့်ရတာဖြစ်ပါတယ်။
    .
    ရမဇာန်လမြတ် ဥပုသ်သီလ တစ်လတာစောင့်ထိန်းပြီး ပြီးမြောက်သွားတဲ့ အခါမှာ ပျော်ရွှင်တဲ့အနေနဲ့ အိဒ်ဒွရ်ဖိသိရ် အီးဒ်ပွဲတော်ကို ကျင်းပရပါတယ်။ အဲဒီအိးဒ်ပွဲတော်ကို ကျင်းပတဲ့အခါမှာ အစ္စလာမ် ဘာသာဝင်များအနေနဲ့ ဦးစွာပထမ အင်မတန် ဆင်းရဲနွမ်းပါးတဲ့ မွတ်စလင်တွေကို ငွေကြေးလှူဒါန်းပြီး အိးဒ်ပွဲတော်ကိုစတင်ဆင်နွဲရပါတယ်။
    .
    အဲဒီနောက် အလ္လာဟ် အရှင်မြတ်သခင်ရဲ့ ရှေ့တော်မှောက်မှာရပ်ပြီးတော့ အလ္လာဟ်အရှင်မြတ် သခင်ကို ကိုးကွယ် ဆည်းကပ်ကြရပါတယ်။ အဲဒီလို ကိုးကွယ် ဆည်းကပ်ပြီးတဲ့နောက်ပိုင်းမှာ အလ္လာဟ် အရှင်မြတ်သခင်ရဲ့ ထံတော်ပါးမှာ မွတ်စလင်တွေ အားလုံးက အင်မတန်မှ မင်္ဂလာရှိတဲ့ဒီအချိန်မှာ မိမိအတွက်၊ မိမိမိသားစုအတွက်၊ မိမိဆွေမျိုးညာတကာတွေအတွက် ၊ မိမိနိုင်ငံအတွက်၊ မိမိနိုင်ငံသူ နိုင်ငံသားများ အတွက်၊ နိုင်ငံဖွံ့ဖြိုးဖို့အတွက်၊ နိုင်ငံကပ်ပေါင်းစုံကနေ ကင်းလွတ်ဖို့အတွက် အလ္လာဟ် အရှင်မြတ်သခင်ရဲ့ထံတော်ပါးမှာ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေအားလုံးက ဆုတောင်းကြရပါတယ်။
    .
    ဒီမင်္ဂလာရှိတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ တစ်မြေတည်းနေ တစ်ရေတည်းသောက်တဲ့ ဘာသာပေါင်းစုံ ယုံကြည်ကိုးကွယ်နေကြတဲ့ ညီရင်းအစ်ကိုမောင်ရင်းနှမများကို စကား လက်ဆောင်ပါးလိုတာကတော့ ကျွန်တော်တို့တွေရဲ့ မြန်မာနိုင်ငံရဲ့ ရှေးအစဉ်အလာရှိခဲ့တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို အဒွန့်ရှည်အောင် ကြိုးစားကြပါစို့။
    .
    ထိုနည်းလည်းကောင်းပဲ ကျွန်တော်တို့တွေရ့ထဲမှာ အာဃာတတွေသာရှိခဲ့မယ်ဆိုရင် အဲဒီအာဃာတတွေကို ချုပ်ငြိမ်းအောင် ကြိုးစားကြပါစို့။
    .
    ထိုနည်းလည်းကောင်းပဲ ရန်ငြိုးရန်စွယ်တွေ အားလုံးကိုလည်း အဆုံးသတ်ကြပါစို့လို့ ကျွန်တော့်အနေနဲ့ စကား လက်ဆောင်ပါးလိုပါတယ်။  ဒီလို အစဉ်အလာမပြတ် တစ်ဘာသာနှင့် တစ်ဘာသာလေးစားခြင်း၊ တစ်ဦးနဲ့တစ်ဦး မေတ္တာထားခြင်းဟာ ရှေးအစဉ်အလာ ကတည်းက ရှိခဲ့တဲ့ အစဉ်လာကောင်းကြီးတစ်ခုပါ။
    .
    အင်မတန်မှဖွံ့ဖြိုးတဲ့ တိုးတက်တဲ့နိုင်ငံတော်သစ်ကြီးကို ချီတက်ဖို့ ကျွန်တော်တို့တွေ အနေနဲ့ တစ်ဦးတိုင်းတစ်ဦးတိုင်းမှာ ငြိမ်းချမ်းတဲ့ ဘဝကိုရဖို့ လိုအပ်ပါတယ်။
    .
    ဘာသာပေါင်းစုံကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေ အားလုံးအနေနဲ့ ငြိမ်းချမ်းတဲ့ဘဝကိုရမှသာလျှင် ကျွန်တော်တို့တွေအားလုံး တမ်းတနေကြတဲ့ စောင့်မျှော်နေကြတဲ့ ခေတ်မှီဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံတော်သစ်ကြီးကို ကျွန်တော်တို့ စွမ်းဆောင်ဖြစ်လာအောင် စွမ်းဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။
    .
    ဒါကြောင့် အိးဒ်ဒွရ်ဖိရ်သလ်ရဲ့ အင်မတန်မင်္ဂလာရှိလှတဲ့ခေတ်အခါသမယမှာ ကျွန်တော်ရဲ့ တစ်မြေတည်း တစ်ရေတည်းသောက်နေတဲ့ ဘာသာပေါင်းစုံ ညီရင်းအစ်ကိုမောင်ရင်းနှမ အားလုံးကို ကျွန်တော်အနေနဲ့ အိးဒ်ရဲ့စကားလက်ဆောင် အဖြစ်ပါးလိုက်ပါတယ်။
    .
    အလ္လာဟ်အရှင်မြတ်သခင်အနေနဲ့ ကျွန်တော်တို့တွေရဲ့ တစ်ဦးတိုင်း တစ်ဦးတိုင်းကို အင်မတန်ငြိမ်းချမ်းတဲ့ ဘဝချီးမြှင့်ပေးသနားတော်မူပါစေ။
    .
    ထိုနည်းလည်းကောင်းပဲ အင်မတန်မှဖွံ့ဖြိုး တိုးတက်တဲ့ခေတ်မှီတဲ့နိုင်ငံတော်သစ်ကြီးကို ပိုင်ဆိုင်တဲ့ ဘဝချီးမြှင့်ပေးသနားတော်မူပါစေ။
    .
    ထိုနည်းလည်းကောင်းပဲ ကျွန်တော်တို့အားလုံးရဲ့အပေါ်မှာ အလ္လာဟ်အရှင်မြတ်သခင်ရဲ့ ရဟ်မသ်မင်္ဂလာ အဖြာဖြာချပေးသနားတော်မူပါစေလို့ ဒိုအာပြုရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

    XXXXXXXXXXXXXXXXXXXXXX

    ဖာသာဂျိုးဆက်ပ် မောင်ဝင်း (စိန့်ဂျွန် ကက်သလစ်ဘုရားရှိခိုးကျောင်း)
    အထွေထွေအတွင်းရေးမှူး (Religion for Peace)

    Father Josep Maung Win_

    မွတ်စလင်ညီအစ်ကိုမောင်နှမများအတွက် ရမာဇာန်လကုန်ပြီး ဝါကျွတ်အိဒ်းပွဲတော်အတွက် ကက်သလစ်အသင်းတော်မှ ဖာသာဂျိုးဆက်ပ် မောင်ဝင်း၏ နှုတ်ခွန်းဆက် ဆုတောင်းမေတ္တာ။
    .
    ရမဇာန်အခါသမယတွင် မွတ်စလင်ညီအစ်ကိုမောင်နှများအနေဖြင့် ဘာသာရေး၊ လူမှုရေးကျင့်စဉ်များဖြင့် အစာရှောင်ခြင်း၊ ဆုတောင်းခြင်း၊ ဆင်းရဲသားများအားကူညီခြင်း၊ မိသားစုများထံသို့ အလည်အပတ် သွားရောက်ခြင်းများသည် ကျုပ်တို့ ကက်သလစ် ခရစ်ယာန်များ၏ ဝါတွင်း အကျင့်ကြံများနှင့်တူညီပြီး ကျုပ်တို့၏ ဘဝသက်တာများကို သစ်လွင်ပြည့်ဝစေပြီး ဘုရားရှင်ကို ပိုမို ရှိခိုးမြတ်နိုးရန်နှင့် လူသားအချင်းချင်း ပိုမိုမေတ္တာတရားပြသနိုင်ရန် ကူညီပါသည်။
    .
    ယနေ့ကမ္ဘာလောကကြီးတွင် မတရားညှင်းပန်းနှိပ်စက်မှုများ၊ အချင်းချင်းသတ်ဖြတ်နေမှုများ၊ ဘာသာရေးနှင့်ယဉ်ကျေးမှု အမွေအနှစ်များကို ဖျက်ဆီးနေကြခြင်းများ၊ လူကုန်ကူးမှုများ၊ ဘာသာရေး၊ လူမှုရေး၊ လူမျိုးရေးများတွင် ခွဲခြားနေမှုများ အစရှိသည်တို့သည် ကျုပ်တို့ကျင်းပကြမည့် ဝါကျွတ် အိဒ်ပွဲတော်ကြီး အတွက် အစွန်းအထင်း အနှောင့်အယှက်များသာ ဖြစ်နေပါသဖြင့် ဤအရာများကို အတူတကွ လက်တွဲချေမှုန်းကြရန် ရဟန်းမင်းကြီး၏ ရုံးတော်မှ ယခုနှစ် ဝါကျွတ် အိဒ်းပွဲတော် သတင်းကောင်းဖြင့် ထုတ်ပြန်ထားပါသည်။
    .

    ရဟန်းနာ ဒုတိယမြောက် ဂျွန်ပေါမင်းကြီး၏ မိန့်မှာချက်တွင် ခရစ်ယာန်များနှင့် မွတ်စလင်များသည် ဆုတောင်းမေတ္တာတော်ကို အထူးအားကိုးသူများဖြစ်သည့် အားလျော်စွာ ကမ္ဘာလူသားများအတွင်း တရားမျှတမှု၊ ငြိမ်းချမ်းသာယာမှု၊ လုံခြုံစိတ်ချစွာနေထိုင်နိုင်မှုနှင့် မတရားအကြမ်းဖက်မှုများ ကင်းရှင်စေရေးအတွက် အတူလက်တွဲဆုတောင်းကြိုးစားကြရန်လည်း တိုက်တွန်းထားပါသည်။
    .
    ဘာသာပေါင်းစုံငြိမ်းချမ်းရေးအသင်းအနေဖြင့် ကမ္ဘာလောကရှိလူသားတိုင်းသည် ဘုရားရှင်၏သားသမီးများဖြစ်ကြပြီး လူမျိုးရေး ခွဲခြားမှုများ၊ ဘာသာရေးကွဲပြားမှုများ ရှိလင့်ကစား ဘုရားသခင်၏ ရွှေပုံသဏ္ဍန်တော်နှင့်အညီ  ဖန်ဆင်းခံရသည့် ညီအစ်ကိုမောင်နှများဖြစ်ကြသည့် အားလျော်စွာ  အမျိုးသာသာ မခွဲခြားဘဲ၊ ဘာသာတရားများကိုလည်း အစွန်းရောက် လက်ခံကျင့်ကြံခြင်း မရှိဘဲ အချင်းချင်းရိုင်းပင်း ကူညီမေတ္တာတရားရှေ့ထား လက်တွဲလုပ်ဆောင်ကြရန်ကိုလည်း ကမ္ဘာတစ်ဝန်းလုံးရှိ ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့အနေဖြင့် ကြိုးစားအားထုတ်လှုပ်ရှားလျှက်ရှိနေပါသည်။
    .
    ဤအရာများကြောင့် အလုံးစုံကိုတတ်နိုင်သော အိုထာဝရမြတ်စွာဘုရားသခင် ရမဇာန်ကာလပြီးဆုံးခါနီး ပြီးဆုံးပြီး ဝါကျွတ်အိဒ်း ပွဲတော်ကြီးအတွက် ပြင်ဆင်နေကြသော မွတ်စလင် ညီအစ်ကို မောင်နှမ တစ်ဦးဆီအား ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းများဖြင့် မြတ်ဘုရားရှင်နှင့် လောကီ လူသားများအား မေတ္တာတရားနှင့် ခွင့်လွှတ်သီးခံခြင်း တရားတို့ဖြင့် လူသားတိုင်းအား ညီအစ်ကိုမောင်နှမများ သဖွယ် လက်တွဲနေထိုင်နိုင်ကြရန် မင်္ဂလာဆုမွန်ကောင်းတောင်းအပ်ပါသည်။ ကျေးဇူးတင်ပါသည်။

     XXXXXXXXXXXXXXXXXXXXXXX

    အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင်
    ဆော်သြရေးမှူး (အစ္စလာမ့်ဓမ္မဗိမာန်)
    အမြူတေအဖွဲ့ဝင် (ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့)
    U Aye Lwin_
    အစ္စလာမ်မိုအာလိုင်းကွန်း ၀ရဟ်မသို့လာဟေ့ ၀ဗရ်ကာသို့ဟူး။
    .
    အင်မတန်ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ပြည့်စုံလှတဲ့ ကျွန်တော်တို့ရဲ့ဝါကျွတ် အိးဒ်ပွဲတော် အိဒွတ်ဖိသီရ်အခမ်းအနားမှာ ယခုလိုနှုတ်ခွန်းဆက်စကားပြောခွင့်ရတဲ့အတွက် အလ္လာဟ်အရှင်မြတ်ကို ဦးစွာပထမ ရွတ်ကွလ် ပြုပါတယ်။
    .
    မြန်မာပြည်မှာမှီတင်းနေထိုင်ကြတဲ့ ကျွန်တော်တို့ရဲ့တိုင်းရင်းသား၊ နိုင်ငံသား ဘာသာပေါင်းစုံက ညီအစ်ကိုမောင်နှမ အားလုံးတို့နှင့်တကွ ကမ္ဘာသူကမ္ဘာသားများကို ဒီမြင့်မြတ်လှတဲ့ ဓမ္မသဘင်အခမ်းအနားရဲ့ မေတ္တာဓာတ်အရှိန်အဟုန်ကို ဖြန့်ကျက်ရင်းနဲ့ ကျွန်တော့်ရဲ့နှုတ်ခွန်းဆက်သမှုကို အစပြုအပ်ပါတယ်။
    .
    ကျွန်တော်တို့အစ္စလာမ်ဘာသာဝင်များရဲ့ အင်မတန်ထွဋ်မြတ်တဲ့ ကျင့်စဉ်ကြီးတစ်ခုဖြစ်တဲ့ ဥပုသ် သီတင်း တည်ဆောက်ခြင်းဆိုတာ ရမဇာန်လတစ်လလုံးမှာ ကျွန်တော်တို့ကျင့်သုံးခဲ့ရပါတယ်။ အဲဒီလို ဥပုသ်သီတင်းတည်ဆောက်ခြင်းကြောင့် ကျွန်တော်တို့ဆောက်တည်ခဲ့ရတဲ့ သီလ၊သမာဓိ၊ ပညာ ဆိုတဲ့ဒီသိက္ခာတရားတွေဟာဖြင့်ရင် ဒီဝါကျွတ်လကုန်ဆုံးတာနဲ့ အထွဋ်အထိပ်ကိုရောက်လိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ ကျင့်ကြံအားထုတ်ခဲ့တာ ဖြစ်ပါတယ်။
    .
    အဲတော့ အိဒွတ်ဖိသီရ် ဓမ္မသဘင်အခမ်းအနားကြီးကတော့ဖြင့်ရင် အဲဒီလိုကျင့်ကြံအားထုတ်မှု အားလုံးကို အနန္တဂရုမေတ္တာတော်ရှင် အနန္တဘုန်းတော်ရှင်ဖြစ်တော်မှုတဲ့ အလ္လာဟ်အရှင်မြတ်က ဆုလာသ်အနေနဲ့ချီးမြှောက်မယ်လို့ ကျွန်တော်တို့ မမှိတ်မသုန် ယုံကြည်တဲ့အတွက်ကြောင့် ဒီဓမ္မသဘင် အခမ်းအနားကြီးမှာ အသိမ်ကန ဂုဏ်တော်ရှင်ရဲ့ ဂရုဏတော်နဲ့ ဆုလာသ်များကိုခံယူဖို့အတွက် ကျွန်တော်တို့ကျင်းပရခြင်းဖြစ်ပါတယ်။

    .
    အဲဒီလိုကောင်းချီး မင်္ဂလာများ ကျရောက်နေတဲ့ အချိန်အခါသမယမှာ ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ကျွန်တော်တို့နဲ့ အယူခြင်းမတူကြသော်လည်း တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြတဲ့ ဘာသာပေါင်းစုံက ညီအစ်ကိုမောင်နှမတွေ အားလုံးကိုလည်း ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ကျွန်တော် နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေကြတဲ့ မြန်မာ မွတ်စလင်များရဲ့ပျော်ရွှင်မှုပီတိ သောမနသကိုလည်း ညီအစ်ကိုမောင်နှမတွေကို မျှဝေခံစားစေလိုပါတယ်။
    .
    အစ္စလာမ်သာသနာဟာ ငြိမ်းချမ်းရေးလို့ တိုက်ရိုက် အဓိပ္ပါယ်ထွက်ပါတယ်။ မိမိရဲ့နှလုံးသားအတွင်းမှာ ငြိမ်းချမ်းရေးကို တည်ဆောက်ပြီးတော့ အဲဒီငြိမ်းချမ်းရေးဟာဖြင့် ပတ်ဝန်းကျင် တစ်ခွင်တစ်ပြင်လုံးကိုလည်း ဖြန့်ကျက်ရမှာဖြစ်ပါတယ်။
    .
    အဲတော့ ငြိမ်းချမ်းရေးရဲ့သရုပ်များဖြစ်တဲ့ အစ္စလာမ်ရဲ့ကျင့်စဉ်များအားလုံးရဲ့ အဆုံးဆုံသော ပန်းတိုင်ဟာလည်း သန္တိသုခလို့ခေါ်တဲ့ ငြိမ်းအေးမှုကိုပဲ ကျွန်တော်တို့ဦးတည်ပါတယ်။ ကျွန်တော်တို့ Masjid ဝတ်ကျောင်းတော်များမှာ တစ်နေ့ငါးကြိမ် ဘာဝနာ စီးဖြန်းနေမှုဟာလည်း ဥာဏ်ရဲ့စခန်းဆိုတာ မှန်ပါတယ်။ သို့သော်နှလုံးသားသန့်စင်ပြီးတော့ နှလုံးသားအတွင်းမှာ အဲဒီလိုဥာဏ်ဆင်စခန်းများ ကိန်းဝပ်လာပြီးတဲ့နောက်မှာ ကျွန်တော်တို့ရဲ့ကျင့်စဉ်ကို မေတ္တာဘာဝနာနဲ့အဆုံးသတ်ရပါတယ်။
    .
    ဒါကြောင့်တစ်နေ့ငါးကြိမ် ကျွန်တော်တို့ဟာ သဗ္ဗေသတ္တာ ဝေနေယျာအားလုံးတို့ကို ဆင်းရဲခပ်သိမ်း၊ ဒုက္ခခပ်သိမ်း၊ ကြောင့်ကြခပ်သိမ်း ကင်းဝေးနိုင်စေဖို့အတွက် မေတ္တာဆုတောင်းပေးနေတဲ့ ကျွန်တော်တို့ မစ်ဂျဒ်ဝတ်ကျောင်းတော်များဟာ မေတ္တာ၊ ဘာဝနာများပွားများရာ ဌာနများဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့မောင်နှမတွေကို သိစေလိုပါတယ်။
    .
    အဲတော့ တစ်နှစ်မှာနှစ်ကြိမ် ဓမ္မသဘင်ကြီးများရှိပါတယ်။ တစ်ခုသော ဓမ္မသဘင်မှာ ဒီလိုဥပုသ် သီတင်းဆောက်တည်ပြီးတော့ ဝါကျွတ်တဲ့အချိန်မှာ ကျင်းပရတဲ့ ဓမ္မသဘင်ဖြစ်ပါတယ်။ အဲဒီမှာ အထူးဝတ်ပြုဆုတောင်းမှုဆိုတာရှိတယ်။ ဒါကြောင့် တစ်နေ့ငါးကြိမ်၊ တစ်ပတ်မှာတစ်ကြိမ်လုပ်နေသလို တစ်နှစ်မှာလည်း အဲဒီအိးဒ်ပွဲမှာ မေတ္တာဆုတောင်းများကို ပတ်ဝန်းကျင်တစ်ခွင် တစ်ပြင်လုံးကို ဖြန့်ကျက်လျှက်ရှိတယ် ဆိုတာလေးကို တင်ပြလိုပါတယ်။
    .
    ဒါကြောင့်မို့ကျွန်တော်တို့အစ္စလာမ်ဘာသာဝင်များဟာ အမိမြန်မာနိုင်ငံမှာ ဦးဆွေးဆံမြေ့ အမှုထမ်းခဲ့ကြပြီးတော့  တိုင်းပြည်နဲ့ လူမျိုးရဲ့ကောင်းစားရေး အတွက်ကို ခေတ်အဆက်ဆက်မှာ နေရာဏ္ဍအသီးသီးကနေ ပါဝင်ခဲ့ကြတဲ့နည်းတူ အခုဒီဓမ္မသဘင် အခမ်းအနားမှာလည်း ကျရောက်လာမယ့် ဒီ ဝိဥာဉ်စွမ်းအားနဲ့ နာမ်တရားတွေ ခွန်အားတွေအားလုံးတို့ကိုလည်း အမိမြန်မာနိုင်ငံတော်နှင့်တကွ ကမ္ဘာသူကမ္ဘာသားများ၊ စင်္ကြာဝဌာမှာရှိနေတဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ဖန်ဆင်းခံဝေနေယျတွေ အားလုံးအပေါ်မှာ ယခုလိုကုသိုလ် တရားပွားများပြီးတဲ့အခါမှာ သဗ္ဗေသတ္တာ ဝေနေယျတွေကို မေတ္တာထားရမဲ့ အခါတော်မှာ ကျွန်တော်တို့ရဲ့အိဒွတ်ဖိသီရ်လို့ခေါ်တဲ့ ဓမ္မသဘင် အခမ်းအနားကြီးမှာ ယခုလိုကျွန်တော့်အနေနဲ့ မေတ္တာစကားလေးပြောကြားခွင့်ရတဲ့ အတွက် အထူးကျေးဇူးတင် ရှိကြောင်းပြောကြားရင်း ကျွန်တော့်တင်ပြမှုကို နိဂုံးချုပ်ပါတယ်။
    .
    အစ္စလာမ်မိုအာလိုင်းကွန်း ၀ရဟ်မသို့လာဟေ့ ၀ဗရ်ကာသို့ဟူး။

    XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

    ဦးမြင့်ဆွေ ဥက္ကဌ (ရတနာ့မေတ္တာ ဖောင်ဒေးရှင်း)
    ဥက္ကဌ (Religion for Peace)

    U Myint Swe_

    ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဌအနေနဲ့ဒီအစ္စလာမ်ဘာသာဝင်တွေရဲ့ ရမဇန်ဥပုသ်ကာလနဲ့ပတ်သတ်လို့ သဘောထားအမြင်ပြောပါဆိုရင် ကျွန်တောတို့ ဗုဒ္ဒဘာသာအနေနဲ့သော်လည်းကောင်း၊ ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့ မြန်မာနိုင်ငံရဲ့ဥက္ကဌ အနေနဲ့သော် လည်းကောင်း ပြောရရင် အင်မတန်ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ရပ်တွေ။ သီလသမာဓိစင်ကြယ်အောင် အစ္စလာမ် ဘာသာဝင်များက ဒီလအတွင်းမှာ ဥပုသ် သီတင်းဆောက်တည်တယ်ဆိုတာက ကျွန်တော်တို့အနေနဲ့ များစွာမှ ဝမ်းမြောက်ပါတယ်၊ ဂုဏ်ယူပါတယ်၊ ပီတိလည်းဖြစ်ရပါတယ်။

    အဲတော့တစ်ခုတော့ရှိတယ်။ လုပ်ဆောင်ပုံ လုပ်ဆောင်နည်း ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာလည်း  သီလဆောက်တည်တာရှိပါတယ်။ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ငါးပါးသီလ။ အဲတော့ဆောက်တည်ပုံဆောက်တည်တဲ့ လုပ်နည်း လုပ်ဟန်လေးတွေကွဲပြားပေမယ့်လည်း ဦးတည်ချက်ကတော့ ကျွန်တော်တို့လူသားတွေကောင်းကျိုးချမ်းသာရဖို့အတွက် လေ့ကျင့်တဲ့နည်းတွေပါပဲ။

    အဲဒါကြောင့် ဒါနဲ့ပတ်သတ်လို့ပြောရရင် ကျွန်တော်တို့ဘာသာခြားပေမယ့် သဘောတူတယ်။ နောက်ပြီးတော့ ဒီလိုလုပ်ငန်းစဉ်မျိုးတွေ ဘာသာရေး လုပ်ငန်းစဉ်မျိုးတွေ များများဖော်ဆောင်ဖို့လိုတယ်။

    ဒါကြောင့်ဒီလိုဥပုသ်သီတင်းဆောက်တည်ခြင်းက ကျွန်တော်တို့ဗုဒ္ဒဘာသာဝင်တွေမှာလည်း ရှိပါတယ်။အဲတော့ ထပ်တူထပ်မျှ မဟုတ်ပေမယ့်လည်း ရည်ရွယ်ချက်တွေ ကျွန်တော်တို့သီလသမာဓိ ဆောက်တည်တဲ့ လုပ်ငန်းတွေဟာ ကျွန်တော်တို့အားပေးရမယ်။ လက်ခံရမယ်။ နောက်ဒီလို ဘာသာတစ်ခုနဲ့ တစ်ခုမတူကွဲပြားခြင်းရဲ့ အရည်အသွေးကို အခွင့်အရေးကိုလက်တွဲရယူပြီး ကျွန်တော်တို့ကမ္ဘာကြီး ကျွန်တော်တို့ရဲ့တိုင်းပြည် ငြိမ်းချမ်းသာယာဖို့ ပဋိပက္ခတွေမဖြစ်ပွားဖို့ စစ်မက်တွေလျော့နည်းဖို့ လက်တွဲပြီးကြိုးစားရမယ်လို့ ယုံကြည်ပါတယ်။

    ကျွန်တော်တို့ဒီဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့( Religion for Peace Myanmar) မှလည်း ဒီမူဝါဒနဲ့ ဘာသာကြီးတွေ လက်တွဲပြီးဆောင်ရွက်နေပါတယ်ဆိုတဲ့ အကြောင်းပြောကြားရင်း နိဂုံးချုပ်ပါတယ်။

    ကျွန်တော်တို့ဒီရမဇာန် ဥပုသ်ကာလ ရက် ၃၀ ပြီးတဲ့နောက်မှာ အိးဒ်ကာလပေါ့နော်။ ဥပုသ်ကာလထွက်ပြီးတဲ့အခါမှာ မုန့်ပဲသရေစာတွေကို ဘာသာတူကြတဲ့သူတွေကိုရော မတူကြတဲ့သူ ကျွန်တော်တို့ကိုလည်း ဝေဌ ကုသိုလ်ယူကြတဲ့ အိးဒ်မျိုးလုပ်တာတွေ့ရပါတယ်။ အဲတော့ မုန့်ပဲသရေစာတွေ အားလုံးမျှတပြီးတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ စုပေါင်းစားသောက်ကြတဲ့ ရည်ရွယ်ချက် အဲဒါတွေလည်း ကျွန်တော်တို့က သဘောကြတယ်။

    နောက်ပြီးတော့ ဒီလိုဆုတောင်းပွဲတွေ၊ လူသားတွေအားလုံးတန်းတူညီမျှ အတူစားကြသောက်ကြတယ်၊ အာဟာရပြည့်ဝဖို့အတွက် ကုသိုလ်ယူကြတယ်ဆိုတာကလည်း ကျွန်တောတို့ဗုဒ္ဓဘသာနဲ့မတိမ်းမယိမ်း လုပ်နည်းလုပ်ဟန်မတူသော်လည်း ရည်ရွယ်ချက်တွေကတူတယ်။ ကျွန်တော်တို့လူသားတွေအစာရေဆာဝလင်ဖို့၊  ကျန်းမာရေးန့ပြည့်စုံဖို့ မုန့်ပဲသရေစာတွေကို မျှတပြီးကုသိုလ်ရယူတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲ ကျွန်တော်တို့လူသားတွေရဲ့အကျိုးစီးပွား ကောင်းတဲ့ စိတ်ဆန္ဒစိတ်ဓာတ်နဲ့ ကိုယ်ချင်းစာနာမှုတွေဦးတည်ပြီးတော့ ဒီအခမ်းအနားတွေကိုကျင်းပတာကို ဒီထက်ဒီ ကမ္ဘာံလူသားတွေ အထူးသဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ လူသားတွေငြိမ်းချမ်းရေး၊ ငြိမ်းချမ်းစွာအသက်ရှည်ရပ်တည်နိုင်ဖို့၊ တိုင်းပြည်ကောင်းရာကောင်းကျိုး တိုးတက်ရာတိုးတက်ကြောင်းအတွက် ကျွန်တော်တို့အစ္စလာမ်ဘာသာဝင်များသာ မဟုတ် အခြားဘာသာဝင်များလည်း အတူလက်တွဲပြီး ဒီထက်ဒီကောင်းသောစိတ်ဓာတ်နဲ့ သတ္တဝါတွေလူသားတွေအတွက် ကောင်းသောစိတ်ဓာတ်နဲ့ဆောင်ရွက်နိုင်ပါစေလို့ ကျွန်တော်ဆုတောင်းမေတ္တာပို့သပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါစေ။

    XXXXXXXXXXXXXXXXXXXXXXXXX

    ဒေါက်တာစောလှိုင်ဘွား
    ဒါရိုက်တာ (Judson Research Center)
    ပရော်ဖက်ဆာ (Department of Theology, Myanmar Institute of Theology)
    အမှုဆောင်အဖွဲ့ဝင် (Religion for Peace)

    Dr Saw Hlaing Bwa_

    အခုလိုအင်မတန်ထူးမြတ်လှတဲ့ ရမဇာန်လအခါသမယမှာ ကျွန်တော့်အနေနဲ့ နှုတ်ခွန်းဆက်သခွင့် မေတ္တာပို့သခွင့် ရတဲ့အတွက်ပေါ့လေ အထူးပဲဝမ်းမြှောက်ဝမ်းသာဖြစ်ရပါတယ်။

    ပရိတ်သတ်အပေါင်းကိုလည်း ဘုရားရှင်ရဲ့ ငြိမ်းချမ်းတဲ့ မေတ္တာဂရုဏ ငြိမ်သက်ခြင်းသက်ရောက်ပါစေလို့ ပထမဆုံးဆုမွန်တောင်းပေးပါတယ်။ ဒီရမဇာန်လဟာ အင်မတန်မှ ထူးမြတ်လှတဲ့လဖြစ်ပါတယ်။ နေ့စဉ်သွားလာလုပ်ကိုင်ဆောင်ရွက်နေကြတဲ့အခါမှာ ကျင့်ဆောင်ရမဲ့ တရားတော်တွေကိုပိုပြီးတော့မှ  နက်နက်ရှိုင်းရှိုင်း အလေးအနက်ထားပြီးတော့မှ ကျင့်သုံးနိုင်ဖို့အတွက် သတိပေးတဲ့ ဒီဥပုသ်လ အခါသမယဖြစ်ပါတယ်။

    ဒါဟာ အစ္စလာမ် တစ်ဘာသာတည်းမှာပဲရှိတဲ့ ဥပုသ်မျိုးမဟုတ်ပါဘူး။ ဘာသာတိုင်းမှာထဲမှာရှိပါတယ်။ ခရစ်ယာန်ဘာသာမှာလည်းရှိတယ်။  ခရစ်ယာန်ဘာသာက မြစ်ဖျားခံခဲ့တဲ့ ဂျူးဘာသာမှာလည်းပဲရှိပါတယ်။

    ဒီဥပုသ်အခါသမယမှာ အထူးသဖြင့် အစာရှောင်ပြီးတော့မှ မိမိကိုယ်ကိုမိမိပြန်လည်ဆင်ခြင်ပြီး ဘုရားသခင်ရဲ့ သြဝါဒတွေကို တရားတော်တွေကိုပြန်လည်အောက်မေ့ သတိရပြီးတော့မှ နှလုံးသွင်းရတဲ့ အခွင့်အရေးဟာ အင်မတန်မှ ထူးမြတ်လှပါတယ်။ အစာရှောင်ခြင်းအားဖြင့် မိမိရဲ့စိတ်နှလုံးကို စင်ကြယ်စေရာရောက်သလို တည်ငြိမ်အောင်ပြုလုပ်ရာရောက်သလို ဘုရားရှင်နှင့်ပိုပြီး ရင်နှီးခွင့် နီးကပ်ခွင့်ကိုပေးတဲ့အပြင်ကို လူသားအချင်းချင်းစာနထောက်ထားတဲ့ မေတ္တာဂရုဏပွားနိုင်ဖို့အတွက် ကူညီမစနိုင်ဖို့အတွက် အခွင့်အရေးတွေကိုလည်းပဲ ဒီဥပုသ်ကနေပြီးပေးတဲ့အနှစ်သာရတွေဖြစ်ပါတယ်။

    ဒါကြောင့်မို့ ကျွန်တော်တို့သမ္မာကျမ်းစာထဲမှာ ပရောဖက်တစ်ပါးက အထူးသဖြင့်ပရောဖက် အေရှာကပေါ့နော် ဘာပြောလဲဆိုတော့ ဘုရားသခင်နှစ်သက်တော်မှုတဲ့ အကောင်ဆုံး အစာရှောင်ခြင်းကတဲ့ မုဆိုးမတွေ မရှိဆင်းရဲတွေကို ပြုစုစောင့်ရှောက်ကျွေးမွေးခြင်း ၊ ကူညီမစခြင်းလို့ ပြောခဲ့တာရှိပါတယ်။

    ကျွန်တော်သိရသလောက် အစ္စလာမ်မှာလည်း ဒီသွန်သင်ချက်ရှိပါတယ်။  အစာရှောင်ခြင်းရဲ့ အနှစ်သာရတစ်ခုက အထူးသဖြင့် မိမိနဲ့ဘုရားကြားမှာရှိတဲ့ ဆက်ဆံရေးကို တည်ဆောက်ရုံသာမကပေါ့ မိမိအသက်ရှင်နေတဲ့ လူ့အသိုက်အဝန်းထဲမှာရော အထူးသဖြင့် နိမ့်ကျနေရတဲ့သူတွေ ဆင်းရဲနေတဲ့သူတွေကို ပြန်ပီးတော့ သတိရပြီးတော့မှ ကိုယ်စားမဲ့အစာတစ်လုတ်ကို သူတို့ကိုဝေမျှပေးလိုက်တာဆိုတဲ့ သဘောအများကြီး ပါပါတယ်။

    ဒါဟာအင်မတန်တရားမျှတတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်တဲ့နေရာမှာ အင်မတန်အရေးပါတဲ့ ဘာသာရေးပွဲ တစ်ခုဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

    နောက်တစ်ချက်က ငြိမ်းချမ်းတဲ့ တရားမျှတတဲ့ လူ့အသိုက်အဝန်း တည်ဆောက်ဖို့အတွက် ဘာသာရေးဘက်က ဒီလိုမျိုးပွဲတွေကို ချမှတ်ပြီးတော့မှ သတ်မှတ်ထားတာဟာ လူသားအချင်းချင်းကြားထဲမှာ မေတ္တာ၊စေတနာ၊ ဂရုဏ၊ မုဒိတာပွားနိုင်ဖို့ ဒီအနှစ်သာရနဲ့ ဒီဝတ်တွေကိုပြုကြဖို့ဖြစ်ပါတယ်။

    ဒါကြောင့်ကျွန်တော် ဒီမှာပြောချင်တာကတော့ အထူးသဖြင့် ဒီရမဇာန်ပွဲမှာ မွတ်စလင် ညီအစ်ကိုများရဲ့ ဝတ်ဆောင့်ခြင်း အနှစ်သာရကနေ အများကြီးသင်ခန်းစာယူဖို့ရှိပါတယ်။ ဒီရမဇာန်ပွဲမှာ ဗုဒ္ဓဘာသာ ညီအစ်ကိုများကိုရော၊ သံဃာတော်များကိုရော၊ ခရစ်ယာန် ဆရာတော်များကိုရော ဟိန္ဒူဆရာတော်များကိုရော ဖိတ်ကြားပြီး အတူတကွ ငြိမ်းချမ်းရေး အတွက် တစ်ဘာသာနှင့် တစ်ဘာသာ ချစ်ခင်လေးစား ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် ဒီအခြေခံကို ဒီရမဇာန်ပွဲအားဖြင့် တည်ဆောက်နိုင်ကြတာဟာ အင်မတန်မှ ချီးကျူးစရာ ဂုဏ်ယူစရာကောင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။

    အထူးသဖြင့် အစ္စလာမ်ညီအစ်ကိုများအနေနှင့် အခုလိုကမ္ဘာ့အခြေအနေ မြန်မာနိုင်ငံ အခြေအနေ၊ နေရထိုင်ရကျပ်တဲ့ အခြေအနေထဲမှာ အခုလို ဒီရမဇာန်ပွဲကိုလည်း အခက်အခဲ အမျိုးမျိုးကြားကနေထဲမှ မိမိတို့ပြုရမဲ့ဝတ်ကို မပျက်စီးစေဘဲ စောင့်ထိန်းနိုင်ကြသလို နောက်ဆုံး ဝါကျွတ် အီးဒ်ပွဲတော်ကို ကျင်းပနိုင်တဲ့ထိ အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ကြဖို့အတွက် ကျွန်တော့်အနေနဲ့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

    XXXXXXXXXXXXXXXXXXXXXXX

    ဒေါက်တာလှထွန်း
    အကျိုးတော်ဆောင် (သနန္တန (ဟိန္ဒူ)အဖွဲ့ချုပ်)
    ပါမောက္ခ တွဲဘက်ဌာနမှူး (နိုင်ငံတော် ပရယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်))
    ကထိက အချိန်ပိုင်း (အရှေ့တိုင်းပညာဌာန (ရန်ကုန်တက္ကသိုလ်))

    Dr Hla Htun_
    .
    ကမ္ဘာမှာဘာသာကြီးတွေ အများကြီးရှိတယ်။ သို့သော်မြန်မာနိုင်ငံမှာ ဘာသာကြီးလေးခုကို အသိမှတ်ပြုထားတာရှိပါတယ်။ အဲဒီဘာသာကြီးလေးခုထဲမှာ ဥပုသ်ဆိုတာ ဘာသာတိုင်းမှာရှိပါတယ်။
    .
    ဥပုသ်ဆိုတာ မိမိယုံကြည်ကိုးကွယ်သော ဘုရားအရှင်သောလည်းကောင်း၊ သတ်မှတ်ထားတဲ့ ဘာသာရေး စည်းမျဉ်းစည်းကမ်းအရ နေထိုင်ခြင်း၊ ဝတ်ပြုခြင်း၊ ကိုးကွယ်ခြင်း ဖြစ်ပါတယ်။
    .
    အစ္စလာမ်ဘာသာဝင် ညီအစ်ကိုမောင်နှမများအတွက်တော့ ဒီရမဇာန်လို့ခေါ်တဲ့ လဖြစ်ပါတယ်။ အစ္စလာမ်ဘာသာမှာ တကယ့်မွန်မြတ်တဲ့ လတစ်လ ဖြစ်ပါတယ်။ ဒီလထဲမှာ လူတိုင်းဟာ ဥပုသ်စောင့်ပြီးတော့ အမှန်တရားကို ကျင့်ကြံအားထုတ်ခြင်း၊ ဆင်ခြင်ခြင်း ဒါတွေကိုလုပ်ကြပါတယ်။
    .
    ထိုနည်းတူလည်ကောင်း ဟိန္ဒူဘာသာမှာလည်း အပတ်စဉ်၊ လစဉ် ဥပုသ်တွေရှိပါတယ်။ ဒီဥပုသ်မှာမိမိကိုယ်ကို ဆန်းစစ်ဖို့လည်းဖြစ်တယ်။ သန့်စင်ဖို့လည်းဖြစ်တယ်။ နှစ်ခုစလုံးပေါ့ စိတ်ပိုင်းဆိုင်ရာရော ကိုယ်ပိုင်းဆိုင်ရာရော  သန့်စင်ဖို့လည်း ပတ်သက်တယ်။ .
    ကျွန်တော်တို့ ဟိန္ဒူဘာသာအရ ဒီရမဇာန်အချိန်မှာ အစ္စလာမ်ဘာသာဝင် ညီအစ်ကိုမောင်နှမများအတွက် တကယ်မွန်မြတ်တဲ့လဖြစ်တဲ့ အတွက်ကြောင့် အားလုံးကျန်းကျန်းမာမာရှိပြီး လောကအကျိုး၊ ဘာသာသာသနာ အကျိုး၊ လူမျိုးနွယ်စု အကျိုးကို ဆောင်ရွက်နိုင်ပါစေလို့ ကျွန်တော်တို့ ဟိန္ဒူဘာသာအရ ဆုတောင်းပါတယ်။
    .
    အခုခေတ်အရ ကမ္ဘာမှာဆိုရင် အပြောင်းလဲတွေအများကြီးဖြစ်နေတယ်။ အဓိကကတော့ လူတွေအချင်းချင်းမှာ လူသားအချင်းချင်းမှာ သဟဇာတဖြစ်ဖို့ တအားလိုလာပြီဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် လက်တွဲပြီး မနေဘူး တစ်ယောက်နဲ့တစ်ယောက်လက်တွဲပြီး မသွားဘူးဆိုရင် မည်သူမျှတိုးတက်ဖို့ တော်တော်ခက်ခဲလာပြီ။
    .
    အဲဒါကြောင့် ဘာသာပေါင်းစုံကို အဓိကထားပြီး တစ်ကမ္ဘာလုံးဆိုင်ရာရော ဘာသာရေးခေါင်းဆောင်တွေကလည်း ဒါတွေလုပ်နေကြတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ဒီဘာသာပေါင်းစုံနဲ့ ပတ်သက်ပြီးတော့ အဖွဲ့တွေဖွဲ့ဆိုပြီး အားလုံးဘာသာတစ်ခုတစ်ခုဆီ အကျိုးအကြောင်းတွေ သိကောင်းစရာတွေ မှတ်သားဖွယ်ရာတွေအားလုံးရှိတယ်။ အဲဒါကိုအချင်းချင်း share လုပ်နေကြတယ်။ အချင်းချင်းဖလှယ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘာသာတစ်ခုနဲ့တစ်ခု လူမျိုးစု အချင်းချင်း အားလုံးတစ်ယောက်နဲ့တစ်ယောက် နားလည်အောင် ဒါကိုလုပ်နေတာဖြစ်တယ်။
    .
    မြန်မာနိုင်ငံမှာဆိုရင် ဘာသာပေါင်းစုံချစ်ကြည်ရေး၊ ညီညွတ်ရေးအဖွဲ့တို့ လုပ်နေတာတွေ ရှိပါတယ်။ ဒါကတော့ ခေတ်ရဲ့လွတ်လပ်ချက်၊ ဒါကိုကျွန်တော်တို့ အကယ်၍ဒီအချိန်မှာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ မလုပ်ဘူးဆိုရင် ကျွန်တော်တို့အများကြီး နောက်ကျသွား လိမ့်မယ်။ နောင်လာနောက်သား အတွက် ဒီလောကမှာ  တိုးတက်စရာ အကြောင်းတွေက အများကြီး နှောင့်နှေးသွား လိမ့်မယ်လို့မြင်တယ်။

    .

    အဲတော့ဘာသာပေါင်းစုံသည် အင်မတန်မှအရေးကြီးတယ်လို့ တွေးမိပါတယ်။ နောက် အီးဒ်နဲ့ပတ်သတ်ပြီးတော့လည်း အီးဒ်ဆိုတာအမှန်တကယ်က ဟိန္ဒူဘာသာ အရပြောရမယ်ဆိုရင် အမှန်တရား။ အမှန်တရားကိုလိုက်နာပြီးတော့ သစ္စာဆိုပါတယ် ဆိုတဲ့နေ့တစ်နေ့လို့ပြောလည်း ရပါတယ်။
    .
    အဲဒီသစ္စာဆိုတာဆိုတာ အမှန်ဖြစ်ကြဖို့ အမှန်တရားလုပ်ဖို့ မှန်မှန်ကန်ကန်ရှိဖို့ဟာ ကိုယ့်ကိုကိုယ် သန့်စင်အောင် ဖြူစင်အောင် အဓိဌာန်ယူရတဲ့နေ့ တစ်မျိုးလို့ ပြောရင်မမှားပါဘူး။ အဲလိုအချိန်မှာ လာမယ့်အချိန်မှာ ကျရောက်လာမယ့် အီးဒ်အတွက် ကျွန်တော်တို့ ဟိန္ဒူဘာသာအရ အစ္စလာမ်ဘာသာဝင် ညီအစ်ကိုမောင်နှများ အားလုံးအတွက် ကျွန်တော့်အနေနဲ့ အထူးပဲ ဆုတောင်းပါတယ်။ အားလုံးကျန်းမာပါစေ ချမ်းသာပါစေ။ ဘဝမှာဘက်စုံဖွံ့ဖြိုးတိုးတက်ပါစေလို့ပြောရင်းနဲ့ ကျွန်တော့်အနေနဲ့နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

  • ကိုဇော်ဇော်လတ် အား မတရားအသင်းနဲ့ ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရမှု VOA သတင်းဌာန၏ အသံလွှင့်ဖော်ပြချက်

    ကိုဇော်ဇော်လတ် အား မတရားအသင်းနဲ့ ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရမှု VOA သတင်းဌာန၏ အသံလွှင့်ဖော်ပြချက်

    11742726_653310814771001_3696088171492555601_n

    မန္တလေးမြို့အခြေစိုက် လူမျိုးဘာသာပေါင်းစုံ ဖွဲ့စည်းထားတဲ့ သင့်မြတ်လိုသူများ အဖွဲ့မှ ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်လတ် အား မတရားအသင်းနဲ့ ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရမှု VOA သတင်းဌာန၏ အသံလွှင့်ဖော်ပြချက်