News @ M-Media

Author: M-Media

  • ဘာသာပေါင်းစုံ ညီညွတ်ရေး အထောက်အကူဖြစ်ရန် ရည်ရွယ်ပြုလုပ်တဲ့ ရန်ကုန်က အီးဒ် မိတ်ဆုံစားပွဲ

    ဘာသာပေါင်းစုံ ညီညွတ်ရေး အထောက်အကူဖြစ်ရန် ရည်ရွယ်ပြုလုပ်တဲ့ ရန်ကုန်က အီးဒ် မိတ်ဆုံစားပွဲ

    ဇူလိုင် ၂၆၊ ၂၀၁၅
    M-Media
    သတင်း/ဓါတ်ပုံ- မိုးစက်

    7
    အီးဒ်မိတ်ဆုံစားပွဲသို့ တက်ရောက်လာသည့် ပရိတ်သတ်များ

    ရန်ကုန်။    ။ မြန်မာမွတ်စလင်စီးပွားရေး လုပ်ငန်းရှင်များအဖွဲ့မှ ဦးဆောင်ပြုလုပ်တဲ့ ၂၀၁၅ ခုနှစ် အီးဒ်မိတ်ဆုံစားပွဲ အခမ်းအနားတရပ်ကို ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်မြို့ Strand Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    အခုလို နယ်ပယ်အသီးသီးကလူတွေနဲ့ မိတ်ဆုံစားပွဲကျင်းပတာဟာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အတွက် အထောက်အကူပြုချင်လို့ပါ အားဖြည့်ပေးချင်တဲ့အတွက်ကြောင့် ကျင်းပရခြင်းဖြစ်ပါတယ်လို အငြိမ်းစား သံအမတ်ကြီး ဒေါက်တာဦးလှမောင်က အမှာစကားပြောကြားစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

     

    3
    အလ်ဟာဂ်ျဦးအေးလွင် ဦးဆောင်ရေးမှူး (အစ္စလာမ့်ဓမ္မဗိမာန်) မှ အမှာစကားပြောကြားစဉ်

    အစ္စလာမ် ဘာသာရေးခေါင်းဆောင် အလ်ဟာဂ်ျဦးအေးလွင် ဦးဆောင်ရေးမှူး (အစ္စလာမ့်ဓမ္မဗိမာန်)မှလည်း “ကျွန်တော်တို့တွေ မတူခြင်းဟာ အပြစ်မဟုတ်ပါဘူး။ မတူခြင်းဆိုတာ ရှိပေမယ့်လည်း ကျွန်တော်တို့မှာ တူတာတွေရှိ ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းထောင်နဲ့ ချီပြီး ဘာသာပေါင်းစုံ ချစ်ကြည်စွာနေလာနိုင်ခြင်းသည် မြန်မာတိုင်း ဂုဏ်ယူရမဲ့ ကိစ္စပါ။ လူမျိုးခြား ဘာသာခြားဆိုပြီး စိမ်းစိမ်းကားကားမနေကြဘဲ မတူမှုဆိုတာ ညီနောင်များဖြစ်တယ်ဆိုတာကို သဘောပေါက်ရင် မြန်မာ့ အလှလေးကပိုပြီး ထွန်းတောက်လာမှာပါ”။ ဟု ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ပတ်သတ်ပြီး ပြောခဲ့ပါတယ်။

    U Tin U

    ” အဖွင့်မှာ ရွတ်ဖတ်သွားတဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ အဓိပ္ပါယ်ကို နားမလည်သော်လည်း နားထောင်ရသည်မှာ ရင်ထဲ နှလုံးသားအထိ ခံစားမိပါတယ်။” လို့ ပြောကြားခဲ့တာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက သူရ ဦးတင်ဦးဖြစ်ပါတယ်။

    8
    ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေမှ အမှာစကားပြောကြားနေစဉ်

    “ယုံကြည်ရာဘာသာများကို သူ့အလိုက်ကျင်းပနေကြခြင်း ရိုးရာဘာသာရေးပွဲတော်တွေကို ကျင်းပလျှက်ရှိကြပါတယ်။ အစ္စလာမ်သာသာဝင်တွေရဲ့ ဥပုသ်လဟာဆိုရင် တခြားလတွေထက်ပိုပြီး ထူးထူးခြားခြားပြုမှု ရကြောင်း သိရပါတယ်။ မကောင်းမှု ဒုစရိုက်တွေကိုလည်း တခြားလတွေထက် ပိုပြီး ရှောင်ရှားကြရပါတယ်။ အစ္စလာမ်သာသာဝင်တွေရဲ့ ဥပုသ်စောင့်ထိန်းရတဲ့ ရည်ရွယ်ချက်တွေကို လေ့လာကြည့်ရင်လဲ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်တွေကို နာခံခြင်းဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း အီးဒ်အထိမ်းအမှတ် စကားများ ပြောကြားခဲ့ပါတယ်။

    အဆိုပါ ဘာသာပေါင်းစုံ အီးဒ်မိတ်ဆုံစားပွဲသို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက သူရ ဦးတင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သံရုံးအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ၊ ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များ၊ နယ်ပယ်အသီးသီးမှ လူ့အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါတယ်။

    ထို မြန်မာမွတ်စလင် စီးပွားရေး လုပ်ငန်းရှင်များအဖွဲ့မှ ကြီးမှူး ကျင်းပသော  ဘာသာပေါင်းစုံ အီးဒ်မိတ်ဆုံစားပွဲကို ယခုအကြိမ်တွင် လေးကြိမ်မြောက်ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။

    1

    2
    သံအမတ်ကြီး (အငြိမ်းစား) ဦးလှမောင်မှ အမှာစကားပြောကြားနေစဉ်
    4
    အီးဒ်မိတ်ဆုံစားပွဲတွင် တွေ့ရသည့် ဘောလိဝုဒ် မင်းသမီး လိုင်လာခန်း
    5
    ၈၈ ပွင်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးနှင့် ဦးကိုကိုကြီး
    6
    အီးဒ်မိတ်ဆူံစားပွဲသို့ တက်ရောက်လာသည့် သံတမန်များ
    9
    အီးဒ်မိတ်ဆုံစားပွဲသို့တက်ရောက်လာသည့် ဘာသာပေါင်းစုံအဖွဲ့များ

     

  • ဘာသာရေးနှင့် လူမျိုးရေး ခွဲခြားစော်ကားမှုများ ထိရောက်စွာ အရေးယူမည့် ဥပဒေ ယူအေအီး ပြဌာန်း

    ဘာသာရေးနှင့် လူမျိုးရေး ခွဲခြားစော်ကားမှုများ ထိရောက်စွာ အရေးယူမည့် ဥပဒေ ယူအေအီး ပြဌာန်း

    ဇူလိုင် ၂၃ ၊ ၂၀၁၅
    M-Media

    2159272628

    – ဘာသာရေး၊ ဇာတ်၊ ယုံကြည်မှု၊ အယူဝါဒ၊ အသားအရောင် သို့မဟုတ် တိုင်းရင်းဇာတိတို့ကို အခြေခံ၍ မည်သည့်ခွဲခြားမှု ပုံစံမျိုးကိုမဆို အပြစ်ပေး အရေးယူနိုင်မည့် ဥပဒေတစ်ခုကို သမ္မတ ခါလီဖာ ဘင် ဇယဒ် အလ် နဟ်ယန်၏ အမိန့်ဖြင့် ယူအေအီးနိုင်ငံက ပြဌာန်း လိုက်သည်။

    ၀၂/၂၀၁၅ ဖြင့် ထုတ်ပြန်လိုက်သော အဆိုပါ ဥပဒေသစ်တွင် ဘာသာရေး အမုန်းတရားများ ဖြစ်လာအောင် မီးထိုးပေးခြင်း၊ စကား၊ ရေးသားထားသည့်စာ၊ စာအုပ်များ၊ လက်ကမ်းစာစောင်များ သို့မဟုတ် အွန်လိုင်းမီဒီယာ စသဖြင့် မည်သည့်ပုံစံမျိုးဖြင့်မဆို ဘာသာတရားအား စော်ကားခြင်းတို့ကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားသည်။

    အဘူဒါဘီ၏ တရားသူကြီးချုပ်ဖြစ်သူ အလီ မိုဟာမက် အလ် ဘာလူရှီက အဆိုပါဥပဒေမှာ နိုင်ငံ၏ စည်းလုံးပြီး၊ မတူညီကွဲပြားစွာ ညီညွတ်နေသော လူ့အဖွဲ့အစည်းအတွင်း သွေးကွဲမှုမျိုးစေ့များအား စိုက်ပျိုးရန် မည်သည့်ကြိုးပမ်းမှုကိုမဆို တားမြစ်ဟန့်တားနိုင်မည်ဟု ယမန်နေ့က အခိုင်အမာ ပြောကြားခဲ့သည်။

    ၎င်း၏ ကြေညာချက်တွင် အလ် ဘာလူရှီက အဆိုပါ ခွဲခြားမှုဆန့်ကျင်ရေးဥပဒေမှာ လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတိုင်းကို ကာကွယ်ရန်၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် ကိုက်ညီသော လေးစားမှု မူဘောင်အတွင်း ထို့ပြင် ပို၍ အရေးကြီးသည့် အာရပ်လူ့အဖွဲ့အစည်း၊ အစ္စလာမ့်လူ့အဖွဲ့တို့အတွင်း ၎င်းတို့၏ တစ်ကိုယ်ရည်လုံခြုံမှုကို အာမခံပေးရန်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထိုဥပဒေတွင် ပြဌာန်ထားသော အပြစ်ပေးမှုများမှာလည်း နိုင်ငံရှိ လူ့အဖွဲ့အစည်းက လက်ခံထားပြီး အမုန်းတရားနှင့် ခွဲခြားမှုတို့ကို ငြင်းပယ်သော အစ္စလာမ့်ယဉ်ကျေးမှု အနှစ်သာရနှင့် ကိုက်ညီသည်ဟုလည်း အလ် ဘာလူရှီက ဆိုသည်။

    ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး အဆိုပါဥပဒေသစ်က ခန္တီတရားပြည့်ဝသော၊ သဘောထားကြီးသော၊ နားလည်လက်ခံတတ်သော ယူအေအီး၏ လူ့ပတ်ဝန်းကျင်အတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်ကို ချပေးရန်အတွက်ဖြစ်ပြီး၊ ဘာသာရေးအမုန်းတရားနှင့် သည်းမခံနိုင်မှုတို့ကို လှုံ့ဆော်သော လုပ်ရပ်များမှ မွေးဖွားရာဇာတိ၊ ယုံကြည်မှု၊ လူမျိုးတို့ကို ထည့်မတွက်ဘဲ ပြည်သူများအား လုံခြုံဘေးကင်းစေရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။

    ထို့ပြင် နိုင်ငံ၏ လုံခြုံရေးကို ပျက်ဆီးစေသော ကြိုးပမ်းမှုပေါင်းစုံမှ လူ့အဖွဲ့အစည်းအား ကာကွယ်ရန် မည်သည့်ပုံစံဖြင့်မဆို အမုန်းတရားဖြန့်ဖြူးမှု၊ သို့မဟုတ် အမုန်းတရားအခြေခံသော ရာဇ၀တ်မှုများဖြစ်စေရန် လှုံ့ဆော်မှု၊ အပြောအဆိုနှင့် မီဒီယာများမှတစ်ဆင့် ပြန့်နှံ့စေမှုတို့အပေါ် တင်းကျပ်သော အရေးယူမှုများကို ပြုလုပ်သွားမည်ဟု အလ် ဘာလူရှီက ထည့်သွင်းပြောကြားခဲ့သည်။

    ဥပဒေ
    ——–
    ယူအေအီးမှ ပြဌာန်းလိုက်သော ထိုဥပဒေသစ်တွင် အခြားသော ဘာသာရေးအုပ်စု သို့မဟုတ် တစ်ဦးတစ်ယောက်ချင်းစီကို ဒိဌိများ သို့မဟုတ် သွေဖည်သူများအဖြစ် သမုတ်သည့် မည်သူ့ကိုမဆို အပြစ်ပေးရန် ပြဌာန်းမှုများလည်း ပါဝင်သည်။

    ဥပဒေတွင် ပါဝင်သည့် ပြဌာန်းချက်များကို ချိုးဖောက်မှုအတွက် အပြစ်ပေးအရေးယူမှုများတွင် ထောင်ဒဏ် ၆ လမှ ၁၀ နှစ်အထိနှင့် ငွေဒဏ် ဒီနာ ၅၀၀၀၀ မှ ၂ သန်းအထိ ပေးဆောင်ရန်တို့ ပါဝင်သည်။

    အဆိုပါ ခွဲခြားမှုဆန့်ကျင်ရေး ဥပဒေတွင် ဘုရားသခင်၊ တမန်တော်များ၊ သူတော်စင်များ၊ ကျမ်းစာများ၊ ၀တ်ပြုရာနေရာများနှင့် သုဿာန်များအား စော်ကားခြင်းဟု မှတ်ယူ၍ရနိုင်သော မည်သည့် ဆောင်ရွက်မှုမျိုးကိုမဆို တားမြစ်ပိတ်ပင်ထားသည်။

    ထို့ပြင် တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် လူအစုအဖွဲ့များအပေါ် ဘာသာရေး၊ ဇာတ်၊ အယူဝါဒ၊ လူမျိုး၊ တိုင်းရင်းဇာတိ စသည်တို့ကို အခြေခံ၍ ခွဲခြားဆက်ဆံခြင်းကို တွန်းလှန်ရန် ပြဌာန်းချက်များလည်း ပါဝင်သည်။

    အမုန်းစကားကို ဖြစ်စေသော လုပ်ရပ်များ၊ အွန်လိုင်း၊ ပုံနှိပ်၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့အပါအ၀င် မည်သည့် မီဒီယာပုံစံမျိုးကိုမဆို အသုံးပြု၍ အခြားသူများအပေါ် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှု ဖြစ်ပေါ်လာအောင် မြှင့်တင်ဆောင်ရွက်ပေးခြင်းတို့ကိုလည်း ထိုဥပဒေက ရှုတ်ချထားသည်။

    အထူးသဖြင့် ဘာသာရေးအမုန်းတရားကို လှုံ့ဆော်ရန် တည်ဆောက်ထားသော မည်သည့် အသင်း၊ အဖွဲ့ကိုမဆို ထိုဥပဒေက တားမြစ်ထားပြီး၊ အမုန်းအခြေခံ ရာဇ၀တ်မှုများနှင့် ဆက်နွယ်သည့် တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် အုပ်စု၊ အသင်းအဖွဲ့များနှင့် ၎င်းတို့အား ထောက်ခံသူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူရန်လည်း အကြံပြုထားသည်။

    ထို့ပြင် ခွဲခြားမှုမျိုးစေ့များ၊ ဘာသာရေး၊ ဇာတိနှင့် လူမျိုးရေးကို အခြေခံကာ တစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုတစ်ဖွဲ့အပေါ် အမုန်းမျိုးစေ့များ စိုက်ပျိုးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ယူအေအီးနိုင်ငံအတွင်း ပြုလုပ်ကျင်းပသည့် ညီလာခံများ၊ အစည်းအဝေးများကဲ့သို့ မည်သည့်အခမ်းအနားမျိုးကိုမဆို ထိုဥပဒေက တားမြစ်ထားသည်။

    ထိုလုပ်ရပ်များအတွက် ဘဏ္ဍာရေးထောက်ပံ့မှု ရယူခြင်းကိုလည်း အဆိုပါ ဥပဒေသစ်အရ အပြစ်ပေးနိုင်သည်။

    ထိုဥပဒေအား ချိုးဖောက်သော လုပ်ရပ်တွင် ပါဝင်သည့် မည်သူမဆို အာဏာပိုင်များ၏ ရှေ့မှောက်တွင် ကိုယ်တိုင်ကိုယ်ကျ ၀န်ခံရန် ထိုဥပဒေက တိုက်တွန်းထားပြီး၊ ထိုသို့ ဖြောင့်ချက်ပေးပါက ထိုအမှုများအတွက် ပြစ်ဒဏ်ကင်းလွှတ်ခွင့်ပေးနိုင်ရန် တရားရုံးများကို ခွင့်ပြုထားသည့် ပြဌာန်းချက်များလည်း ပါဝင်သည်။

    အမျိုးသမီးများ၊ ကလေးငယ်များ၊ မသန်စွမ်းသူများနှင့် အခြားသူများကဲ့သို့ ယူအေအီးလူ့အဖွဲ့အစည်းရှိ အထူးအခွင့်အရေးပေးထားသော အုပ်စုများကို ကာကွယ်ရန် ရည်ရွယ်ရေးဆွဲထားသည့် ရှိပြီးသား အခြားဥပဒေများနှင့် ထိုဥပဒေသစ်က ဆန့်ကျင်ဘက်ဖြစ်မည် မဟုတ်ချေ။

    ဥပဒေအား အကောင်အထည်ဖော်ခြင်း
    —————————————–
    ခွဲခြားမှုနှင့် အမုန်းတရားဆန့်ကျင်ရေး ယခုဥပဒေသစ်ကို အကောင်အထည်ဖော်ရန် ယူအေအီး၏ ဆောင်ရွက်မှုမှာ နိုင်ငံသားများနှင့် နိုင်ငံ နယ်နမိတ်အတွင်း နေထိုင်ကြသူများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် သိမ်မွေ့သည့်ခြေလှမ်းဖြစ်သည်ဟု အီမရိတ် လူ့အခွင့်အရေးအသင်း EHRA မှ ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဌဖြစ်သူ မိုဟာမက် ဆလီမ်း အလ် ကာဘီက ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါဥပဒေက အမုန်းတရားကို လှုံ့ဆော်ပြီး၊ လူ့အဖွဲ့အစည်းအတွင်း အဖျက်သဘောဆောင်သော၊ သည်းမခံနိုင်သည့် သဘောထားများကို ဖြန့်ချီသူများကို အဆိုပါ ဥပဒေက အပြစ်ပေးသွားမည်ဟု အချို့သောနိုင်ငံများတွင် အဖျက်သဘောဆောင်သည့် အယူအဆများကြောင့် ၀ရုန်းသုန်းကားဖြစ်နေမှုများကို ထောက်ပြ၍ အလ် ကာဘီက ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီလိုဥပဒေမျိုးတည်ရှိခြင်းဟာ နိုင်ငံအားလုံးအတွက် အရေးတကြီး လိုအပ်ချက်ပါ။ အထူးသဖြင့် ဆိုရှက်နက်ဝက်တွေမှာ လူမျိုးရေးအမုန်းတရားကို လှုံ့ဆော်နေတဲ့ စိုးရိမ်ဖွယ်ရာ အခုလို အချိန်မျိုးမှာပါ”

    ထို့ပြင် အလ်ကာဘီက ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၂၀၀ ကျော်မှ နိုင်ငံခြားသားများ နေထိုင်ကြသည့် ယူအေအီးတွင် နိုင်ငံသားများနှင့် လာရောက်နေထိုင်သူများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုကို မီးမောင်းထိုးပြခဲ့ကာ ကုလ၏ ငြိမ်းချမ်းရေး ပြုစုစောင့်ရှောက်ရေးနှင့် ကယ်ဆယ်ရေး နိုင်ငံတကာအဖွဲ့အစည်းမှ ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာနှင့်အညီ မတူညီသော နိုင်ငံပေါင်းစုံမှ နိုင်ငံသားများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော ကမ္ဘာ့တစ်ဝှမ်းရှိနိုင်ငံများတွင် ယူအေအီးမှာ ထိပ်တန်းအဆင့် ရှိနေသည်ဟု ထောက်ပြခဲ့သည်။

    ထောက်ခံကြိုဆို
    —————–
    လူ့အခွင့်ရေးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ဂျီနီဗာစင်တာမှ ဒေါက်တာ ဟာနစ်ဖ် အလ် ကာစင်မ်ကမူ ခွဲခြားမှု၊ အမုန်းတရားနှင့် ဘာသာရေးမထိလေးစားပြုမှု လုပ်ရပ်အားလုံးကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားသည့် အဆိုပါဥပဒေကို ထောက်ခံချီးကျူးခဲ့သည်။

    “ဒီတန်ဖိုးတွေဟာ ကျွန်တော်တို့ရဲ့ အမျိုးသားအမှတ်သညာရဲ့ မဏ္ဍိုင်တွေပါပဲ။ ဒါတွေကို မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက်တစ်ခုကို လက်ဆင့်ကမ်းသွားဖို့ နိုင်ငံတော်က ထိန်းသိမ်းထားပါတယ်”

    ဖက်ဒရယ်အမျိုးသားကောင်စီ FNC မှာ ပထမလက်ထောက် ပြောခွင့်ရပုဂ္ဂိုလ်၊ အဘူဒါဘီအစိုးရ အမှုဆောင်အာဏာပိုင်အဖွဲ့ဝင်ဖြစ်ပြီး အဘူဒါဘီ ပညာရေးကောင်စီ၏ အထွေထွေဒါရိုက်တာဖြစ်သူ  ဒေါက်တာ အမာလ် အလ် ကွာဘိုင်စီကလည်း ထိုဥပဒေသစ်ကို ချီးကျူးခဲ့သည်။

    သူမက ဘာသာရေးသည်းခံမှုမှာ ယူအေအီးနိုင်ငံ စတင်တည်ထောင်ကတည်းက ထိန်းသိမ်းလာခဲ့သည့် အဓိကတန်ဖိုးဖြစ်ပြီး အပြန်အလှန်နားလည်မှုရှိသော လူ့အဖွဲ့အစည်းတွင် ကမ္ဘာတစ်ဝှမ်းမှ လူမျိုးပေါင်းစုံ ငြိမ်းချမ်း၊ တည်ငြိမ်စွာ နေထိုင်နေမှုအား ထောက်ပြခဲ့သည်။

    ထို့ပြင် ခွဲခြားမှုနှင့် အမုန်းစကားများကို တိုက်ထုန်ရန် ခေါင်းဆောင်မှုပိုင်းမှ ညွှန်ကြားချက်များကို ယူအေအီးက အမြဲတမ်း အလေးထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အီမရိတ် စာရေးဆရာများသမဂ္ဂကလည်း ယခုဥပဒေသစ်ကို ချီးကျူးခဲ့ပြီး အဆိုပါဥပဒေမှာ ယူအေအီးနိုင်ငံအား စတင်တည်ဆောက်ခဲ့သည့် အချိန်ကတည်းက ဖြစ်တည်ခဲ့သော လွတ်လပ်မှု၊ သည်းခံမှု၊ အခြားသူများအား လက်ခံမှု၊ အမြင်၊ အယူအဆ၊ ယုံကြည်ချက်နှင့် အခြားသူများ၏ တန်ဖိုးများကို လေးစားမှု စသည့် စည်းမျဉ်းစည်းကမ်းများကို စုစည်းခိုင်မာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    ယူအေအီးနိုင်ငံမှာ အဆိုပါ စည်းမျဉ်းစည်းကမ်းများကို ဥပဒေစိုးမိုးမှုဖြင့် အာမခံ၊ ကာကွယ်ပေးထားသည်။

    ref: Emirates 24/7 News

  • မန္တလေးမှာ ဘာသာပေါင်းစုံအဖွဲ့က နောက်ထပ် လူငယ်တစ်ဦး ဖမ်းဆီးခံရ

    မန္တလေးမှာ ဘာသာပေါင်းစုံအဖွဲ့က နောက်ထပ် လူငယ်တစ်ဦး ဖမ်းဆီးခံရ

    Pwint Phyu Latt
    ဓါတ်ပုံအညွှန်း- ၂၀၁၄ ခုနှစ် ဇွန်လတွင် ဟိုပုန်းမြို့ နောင်တောင်းပရဟိတကျောင်းရှိ ခလေးများနှင့် အတူတွေ့ရသော မပွင့်ဖြူလတ် Photo- မပွင့်ဖြူလတ် FB

    မန္တလေးတိုင်းဒေသကြီးမှာ ဘာသာပေါင်းစုံက လူငယ်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ သင့်မြတ်လိုသူများ အရပ်ဘက်အဖွဲ့က အဖွဲ့ဝင် မပွင့်ဖြူလတ်ကို လဝက ဥပဒေပုဒ်မ ၁၃ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနဲ့ ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
    .
    ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ရက်နေ့က ဖမ်းဆီးခံထားရတဲ့ သင့်မြတ်လိုသူများအဖွဲ့ဝင် ကိုဇော်ဇော်လတ် အမှုအတွက် စစ်ဆေးဖို့ဆိုပြီး ဆင့်ခေါ်လိုက်ရာကနေ မပွင့်ဖြူလတ်ကို ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ မပွင့်ဖြူလတ်ရဲ့ အကိုက ပြောပါတယ်။.
    .
    “၁၈ ရက်နေ့က သက်သေအနေနဲ့ပေါ့နော် လာရောက်အစစ်ခံဖို့ပါဆိုပြီးတော့ ခေါ်လို့သွားလိုက်တယ်၊ CID ရုံးမှာ စစ်တာပေါ့နော်၊ ပြန်ပြီးတော့လွှတ်ပေးလိုက်တယ်၊ ၁၉ ရက် တစ်ခါထပ်ချိန်းလိုက်တယ်၊ မြို့မအမှတ် ၈ ရဲစခန်းမှာစစ်တယ်၊ အဲဒီ့မှာ မလွှတ်ပေးတာပါခင်ဗျ၊ ပုဒ်မနှစ်ခုတပ်ပြီး အရေးယူထားပါတယ်၊ လဝကပုဒ်မလို့ပြောတယ်”
    .
    သင့်မြတ်လိုသူများ အဖွဲ့ဟာ မန္တလေးမြို့က ဂဠုန်နီဆရာတော်နဲ့ အာရှအလင်းရောင် ဆရာတော်တို့ပါဝင်ပြီး အဲဒီဆရာတော်တွေအတူ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ ထိန်းချုပ် နယ်မြေအတွင်းက စစ်ဘေးဒုက္ခသည် စခန်းတွေထံပစ္စည်းတွေ သွားရောက် လှူဒါန်းခဲ့ကြရာ ဓာတ်ပုံတွေကို အင်တာနက်လူမှုကွန်ရက် ဖေ့ဘွတ်စ် စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
    .
    အဲဒီဓာတ်ပုံတွေထဲမှာ ကိုဇော်ဇော်လတ်က သေနတ်ကိုင်ပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ မပွင့်ဖြူလတ်တို့ ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။ အဲဒီအတွက် ကိုဇော်ဇော်လတ်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ချမ်းအေးသာစံမြို့နယ် မှုခင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
    .
    အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းနဲ့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ယူဖြေကြားပေးမယ့်သူ မရှိဘူးလို့သာ ပြောပါတယ်။
    .
    RFA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
    .
    http://www.rfa.org/burmese/news/pwintphyulatt-arrested-07212015120619.html

    ဆက်စပ်သတင်းများဖတ်ရန်
    ——————————
    “သင့်မြတ်လိုသူ ဘာသာပေါင်းစုံ လူငယ်များ” အဖွဲ့မှ ကိုဇော်ဇော်လတ် ဖမ်းဆီးခံရ
    http://www.m-mediagroup.com/news/43422
    .
    ကိုဇော်ဇော်လတ် အား မတရားအသင်းနဲ့ ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရမှု VOA သတင်းဌာန၏ အသံလွှင့်ဖော်ပြချက်
    http://www.m-mediagroup.com/news/43461
    .
    ကိုဇော်ဇော်လတ် ဖမ်းဆီးခံရမှု အာရှအလင်းရောင် ဆရာတော်နှင့် လုပ်ဖော်ကိုင်ဖက်များ ပြောကြားချက်
    http://www.m-mediagroup.com/news/43501

  • ကမ္ဘာ့ရှေးအကျဆုံး ကုရ်အာန် ဘာမင်ဟန် တက္ကသိုလ်မှာ ရှာတွေ့

    ကမ္ဘာ့ရှေးအကျဆုံး ကုရ်အာန် ဘာမင်ဟန် တက္ကသိုလ်မှာ ရှာတွေ့

    ဇူလိုင် ၂၂ ၊၂၀၁၅
    M-Media
    _84426217_composite2
    ကမ္ဘာ့ရှေးအကျဆုံး ကုရ်အာန် အစိတ်အပိုင်း တစ်ရပ်ကို ဗြိတိန်နိုင်ငံ၊ ဘာမင်ဟန်တက္ကသိုလ် စာကြည့်တိုက်ထဲမှာ ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီလက်ရေးမူ ပုရပိုက်ဟာ အနည်းဆုံးနှစ်ပေါင်း ၁၃၇၀ ရှိပြီလို့ ရေဒီယိုကာဘွန် စစ်ဆေးချက်က ဖော်ပြနေလို့ အစောဆုံး ကာလ ကတည်းက တည်ရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ အဲ့ဒီစာရွက်များကို တက္ကသိုလ်စာကြည့်တိုက်ထဲ နှစ်(၁၀၀) ကျော် နီးပါးအထိ ရှိနေတာကို သတိမပြုမိခဲ့ကြပါဘူး။ ဒီစိတ်လှုပ်ရှားစရာတွေ့ရှိချက်ဟာ မွတ်စ်လင်မ်များအဖို့ ၀မ်းသာဂုဏ်ယူဖွယ်ဖြစ်စေ လိမ့်မယ်လို့ စာကြည့်တိုက်ရဲ့ ပုရပိုက်ရေးရာကျွမ်းကျင်သူ ဒေါက်တာ မုဟမ္မဒ် အီစာ ၀လီက ဆိုပါတယ်။

    ဒီပုရပိုက်ကို ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကုရ်အာန်ကျမ်း အစိတ်အပိုင်း တစ်ရပ်အဖြစ် မသတ်မှတ်နိုင်ခဲ့ဘဲ အခြား အရှေ့အလယ်ပိုင်းကျမ်းနဲ့ စာရွက်စာတမ်း စုဆောင်းချက်များ အကြား ရှိနေခဲ့တာကြာမြင့်ခဲ့ပါပြီ။

    ပါရဂူဘွဲ့ရ သုတေသီ Alba Fedeli က ဒီပုရပိုက်တွေကို အနီးကပ်လေ့လာပြီး ရေဒီယိုကာဗွန်သုံး သက်တမ်းတွက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ရာက ဒီအဖြေဟာ ထူးခြားအံ့သြစွာ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ “ကျွန်မတို့ရဲ့အိပ်မက်ပင်လယ်ထဲ ဒီလောက်ထိ ရှေးကျတာမျိုး ရှိလိမ့်မယ်လို့ သုတေသီတွေ မမျှော်လင့်ခဲ့ကြပါဘူး။ ကမ္ဘာတစ်ခွင်လုံးမှာ ရှေးအကျဆုံး ကုရ်အာန် အစိတ်အပိုင်း တစ်ရပ် ကျွန်မတို့ဆီမှာ ရှိနေခဲ့ကြောင်း သိလိုက်ရတော့ မဖော်ပြနိုင်အောင် စိတ်လှုပ်ရှားခဲ့ရတယ်ရှင်” လို့ အထူးစုဆောင်းချက်များဆိုင်ရာ တက္ကသိုလ်ဒါရိုက်တာ Susan Worrall က ဆိုပါတယ်။

    Oxford University Radiocarbon Accelerator Unit ကနေ စမ်းသပ်မှုကို ပြုလုပ်ခဲ့တာပါ။ စာသားတွေကို သိုး သို့မဟုတ် ဆိတ်သားရေပေါ် ရေးသားထားခြင်းဖြစ်ပြီး ကုရ်အာန်ရဲ့ ရှေးအကျဆုံးရေးထုံးနဲ့စာသား ဖြစ်နေကြောင်း ဖော်ပြလိုက်ပါတယ်။ အဲ့ဒီပုရပိုက်ဟာ အေဒီ ၅၆၈ မှ ၆၄၅ အတွင်း အသုံးပြုတဲ့အမျိုးအစား ဖြစ်နိုင်ခြေ ၉၅ ရာခိုင်နှုန်းရှိကြောင်း စမ်းသပ်ချက်များက ပြောပြနေပါတယ်။

    “အဲ့ဒီပေလွှာများဟာ အစ္စလာမ်စတင်ထွန်းပေါ်မှုရဲ့နှစ်များအတွင်းထိ ကျွန်တော်တို့ကို ဆွဲခေါ်သွားနိုင်ပါလိမ့်မယ်။ မွတ်စ်လင်မ်တို့ရဲ့ အစဉ်အလာအဆိုအရ တမန်တော်မုဟမ္မဒ်က အေဒီ ၆၁၀ ခုနှစ်ကနေ သူကွယ်လွန်တဲ့ ၆၃၂ ခုနှစ်အတွင်း ဗျာဒိတ်တော်တွေကို လက်ခံရရှိခဲ့ရာမှ အစ္စလာမ့်ကျမ်းဂန်ကုရ်အာန် ထွက်ပေါ်လာပါတယ်။ ယခုတွေ့လိုက်တဲ့ ဘာမင်ဟန်က ရှေးဟောင်းကျမ်းရဲ့ သက်တမ်းကိုကြည့်ရင် ဒီစာကို မှတ်တမ်းတင်ခဲ့တဲ့ ပုဂ္ဂိုလ်ဟာ တမန်တော်မုဟမ္မဒ် သက်ရှိ ထင်ရှားရှိနေစဉ် ကာလအတွင်း ရေးမှတ်ထား ဖွယ်ဖြစ်နိုင်ကြောင်း ညွှန်းပြနေပါတယ်။ ဒီလူဟာ တမန်တော်မုဟမ္မဒ်ကို ရင်းရင်းနှီးနှီးသိကျွမ်းဖူးသူ၊ မျက်မြင်တွေ့ဖူးသူ၊ တရားဓမ္မနာယူဖူးသူ၊ အတွေးနီးစပ်သူ ဖြစ်နိုင်ပါတယ်” လို့ တက္ကသိုလ်ရဲ့ အစ္စလာမ်နဲ့ခရစ်ယာန်ဝါဒဆိုင်ရာ ပရော်ဖက်ဆာ ဒေးဗစ်သောမတ်စ်က ပြောကြားလိုက်ပါတယ်။

    ကျောက်ချပ်၊ စွန်ပလွံရွက်နဲ့ ကုလားအုပ် အရိုးပြားတွေကို ပေလွှာအဖြစ်အသုံးပြုပြီး ကုရ်အာန်စာသားအချို့ကို ရေးသား မှတ်တမ်းတင်ခဲ့ကြပြီး ကျမ်းစာအုပ် အဖြစ် အဆုံးသတ်စုစည်းချက်ကို အေဒီ ၆၅၀ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ကြတယ်။ တမန်တော်မုဟမ္မဒ် ကွယ်လွန်ပြီး နှစ်ပေါင်းနှစ်ဆယ် မတိုင်မီအတွင်း ယခုတွေ့ရတဲ့ ပုရပိုက်ကို ကမ္ဗည်းတင်ရေးသားခဲ့ကြောင်း အခိုင်အမာ ယုံကြည်ပါတယ်။ ယနေ့လက်ရှိကုရ်အာန်ကျမ်း ရေးသားထားပုံနဲ့ အလွန်နီးစပ်တဲ့အပြင် စာသားတွေကလည်း ဆင့်ပြန်ကျရောက်ချိန်ကအတိုင်း အပြောင်းအလဲ အပျက်အစီး မရှိကြောင်း တွေ့မြင်ရတယ် လို့ ပရောဖက်ဆာ သောမတ်စ်က ထပ်ဆင့် တင်ပြထားပါတယ်။

    ရှေးအကျဆုံးကုရ်အာန်မှတ်တမ်းတင်ချက်တစ်ခုအဖြစ် ပြောနိုင်တာက အဲ့ဒီပုရပိုက်ကို ရှေးဟောင်းဟိဂျာ့ဇ် အရဗီမူ အတိုင်း ရေးသားထားတာကြောင့်၊ ဒါ့အပြင် အခြားခေတ်ပြိုင်ပုရပိုက်များနဲ့ တစ်ထပ်တည်းဖြစ်ကြောင်း ရေဒီယိုကာဗွန် သက်တမ်းတွက်ချက်ဖော်ပြမှုတို့ကြောင့် ဖြစ်ပါတယ်။

    “ဒီပေလွှာစာရွက်တွေ တွေ့လိုက်ရတဲ့အခါ လှိုက်ကနဲ ခံစားရပြီး ၀မ်းသာပီတိမျက်ရည် ယိုစီးခဲ့ရပါတယ်။ ယူကေတစ်ဝှမ်းက လူတွေလည်း ဘာမင်ဟန်ကို လာပြီး ဒီပေလွှာတွေကို မြင်ဖူးအောင်ကြည့်ကြလိမ့်မယ်လို့ ကျွန်တော် တပ်အပ်ပြောနိုင်ပါတယ်” ဟု ဘာမင်ဟန်ဗဟိုဗလီဥက္ကဋ္ဌ Muhammad Afzal မှ ပြောကြားပါတယ်။

    မိမိတို့မြို့တော်မှာ ဒီလိုရှာဖွေတွေ့ရှိချက်အပေါ် ဒေသခံ မွတ်စ်လင်မ် အသိုင်းအ၀ိုင်းက နှစ်ထောင်းအားရ ဖြစ်လှကြောင်း ဖော်ပြကြသလို၊ ပုရပိုက်ကိုလည်း ဘာမင်ဟန်တက္ကသိုလ်ရဲ့ Barber Institute မှာ အောက်တိုဘာလကစပြီး အများပြည်သူတို့ကို ပြသသွားမယ်လို့ တက္ကသိုလ်က ဆိုပါတယ်။

    Ref : BBC

  • ကံကောင်းလာအောင်ပေါ့

    ကံကောင်းလာအောင်ပေါ့

    ဇူလိုင် ၂၂ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင် ရေးသည်။
    images
    လူအများစုအတွေးထဲမှာပေါ့။ ဘဝမှာအောင်မြင်လာမယ်၊ လုပ်တိုင်းဖြစ်လာမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယူဆလေ့ရှိကြတယ်။ “ကံကောင်းလိုက်တာ” လို့။ ဒါပေမယ့် ဘဝဆိုတာက ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတွေ ပြွန်းနေတဲ့တောအုပ်ကြီးတစ်ခုလိုပေါ့။ လင်းတစ်လှည့် မှောင်တစ်ခါ အမျိုးမျိုးကြုံနေကြရတာလေ။ ဒီတော့ အမြဲတမ်းကံကောင်းမနေတတ်သလို ကံဆိုးလို့ချည်းလည်း မနေပါဘူး။ နေ့စဉ်ဘဝမှာ ကြုံရတတ်တဲ့ အသေးအမွှား ကိစ္စလေးတွေက အစ ဘဝနှင့်ချီပြီး ကြုံတွေ့ရတဲ့ အခက်အခဲတွေ အပေါ် “ငါ့နှယ်ကံဆိုးလေခြင်း” ရယ်လို့ ညည်းမိတတ်ကြပြန်တယ်။ ကောင်းပြီ ကံဆိုတာကလည်း ကမ္မ၊ ပြုလုပ်ခြင်းလို့ဆိုတာကိုး။ ဒီတော့ ကိုယ့်ဘဝမှာ အောင်မြင်တာတွေရော ဆုံးရှုံးတာတွေ အတွက်ပါ ကံကိုချည်းပုံချ၍ ဝမ်းနည်း ပူဆွေးနေကြရတော့မှာတဲ့လား။ ကံဆိုးမိုးမှောင်ကျတယ်ဆိုတာ တစ်သက်လုံး အတွက်တော့ မဟုတ်တန်ရာဘူး။ အမှောင်ရဲ့အနောက်မှာ အလင်းဆိုတာ ရှိနေသေးတာပဲလေ။ စိတ်ဓာတ်ကိုမြေကြီးအောက် အထိ ချပစ်လိုက်မှာလား။ မဟုတ်တာပဲ။ လဲကျတိုင်းပြန်ထဖို့ အခွင့်အရေးဆိုတာ လူတိုင်းမှာ ရှိနေပြီးသားပဲလေ။

    ပြင်းပြင်းထန်ထန် လဲပြိုလို့ ကိုယ့်ဘာသာပြန်ထလို့ မရခဲ့ရင်လည်း ထူပေးမပေးမဲ့သူကို တောင်းပန် တိုးရှိုးကြည့်ကြရမှာပါ။ လဲလျက်သားကြီးနှင့် တစ်ဘဝကို အရှုံးပေးလိုက်လို့မှ မဖြစ်တာပဲနော့။ လူမှုရေးစိတ်ရှိသူ စာနာတတ်သူဆိုတာ လောကကြီးမှာ ခေါင်းပါး မသွားသေးပါဘူး။ ရှိနေဆဲပါ။ ဒါကြောင့်လည်း “လဲနေသူ ထူပေးပါ” ဆိုတဲ့ ကျောင်းခန်းစာအုပ်ထဲက စကားရပ်လေးရှိနေတာပေါ့။ အရေးကြီးတာက ကိုယ့်ကိုယ်ကို အားပေးဖို့။ ကံဆိုးနေလိုက်တာဆိုတဲ့ အတွေးအမြင်တွေကို အပြု သဘောဆောင်အောင်တွေးဖို့ ပြောင်းလဲ ပစ်လိုက်ဖို့ပါပဲ။ ဒီအချက်တွေကလည်း ဘယ်သူဘယ်ဝါကို လက်ညှိုးထိုးပြီး ခိုင်းလိုက်မယ်ဆိုပြီး လုပ်မရဘူးလေ။ အကောင်းမြင် အကောင်းတွေးဖို့က ကိုယ်ကိုယ်တိုင်ကလွဲလို့ ဘယ်သူ့ကိုမှ လွှဲလို့မရတာမျိုး။ ဒီတော့ ကံကောင်းခြင်းလက်ဆောင်တွေကို ကိုယ်တိုင်ရယူ ခံစားနိုင်အောင် ကြိုးစားရုံသာရှိပါတယ်။

    ဘဝမှာအခွင့်အလမ်းကောင်းတွေ အများကြီးရှိနေပါတယ်။ အရေးကြီးတာက အဲဒီအခွင့်အလမ်းကောင်းတွေဟာ ကိုယ့်အတွက်ရယူနိုင်တာတွေ ရှိနေတယ်ဆိုတာကို ခိုင်ခိုင်မာမာတွေးတော ဆင်ခြင်တတ်သူတွေ ဖြစ်ဖို့ပါပဲ။ အဆိုးမြင်သူ တစ်ဦးဟာ အဲဒီအခွင့်အလမ်းကောင်း အားလုံးကို သူများတကာတွေကပဲ ရယူကုန်ကြပြီးပြီ။ ကိုယ့်အတွက် ဘာမှကျန်မှာ မဟုတ်ပါလူးလို့ တွေးလေ့ရှိတယ်။ ကိုယ်မျှော်မှန်းသလို ရတတ်စမြဲလို့ ပညာရှင်တွေရဲ့ အဆိုအတိုင်း ကံကောင်းသူတွေဟာ အကောင်းဆုံးကို အမြဲမျှော်လင့်တတ်ကြတယ်။ နောက်ပြီး ကြီးကျယ်အောင်မြင်တဲ့ အနာဂတ်ကိုရရှိဖို့လည်း ယုံကြည်စိတ်ထားလေ့ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ဒီမျှော်လင့်ချက်တွေဟာ အနာဂတ်မှာ ပုံပေါ်လာမယ့် အရိပ်နိမိတ်တွေပဲပေါ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ ကံကောင်းသူနှင့် ကံဆိုးသူတို့ရဲ့ ခြားနားတဲ့ မျှော်မှန်းချက်တွေကို လေ့လာကြည့်ရင် သိသာပါလိမ့်မယ်။

    ဆုံးရှုံးရမှာကိုတွေးပြီး ဘာမှမလုပ်ဖြစ်တဲ့သူဟာ ဆုံးရှုံးမှုကို ရင်ဆိုင်ရမှာ သိပ်ကိုသေချာနေတယ်။  အောင်မြင်ဖို့ဆုံးရှုံးဖို့ကို လုံးဝထည့်မတွက်ဘဲ ဆက်တိုက်ကြိုးစားနေသူအတွက် တစ်ချိန်ချိန်မှာ ကံကောင်းလာမှာပါ စိတ်ချ ကံကောင်းခြင်းဆိုတာ ဇွဲရှိသူတွေရဲ့ ဘက်မှာရှိနေတာကိုး။

    တစ်ခါတစ်ရံမှာပေါ့ မျှော်လင့်မထားတဲ့ အခက်အခဲတွေ အတားအဆီးတွေကို ကြုံကြရမှာပါ။ အဲဒီအတွက် ထိပ်ထိပ်ပျာပျာမဖြစ်ဘဲ ဒါဟာဘဝရဲ့စိန်ခေါ်မှုတစ်ခုပဲလို့ အမြင်ပြောင်းကြည့်လိုက်မယ်ဆိုရင် သေချာတယ်၊ စဉ်ဆက်မပြတ်ကြိုးစားနေသူ အတွက် အောင်ပွဲ အသစ်တစ်ခု ရလာမှာပါ။ ကံကောင်းသူတွေဟာ သူတို့ပတ်ဝန်းကျင်ကို မျက်ခြေအပြတ်မခံနိုင်ဘူး။ ဘာအခွင့်အလမ်းကောင်းတွေကြုံနိုင် မလဲဆိုတာ အမြဲယုံကြည်ချက်ထားတယ်။ နိုးနိုးကြားကြားရှိတယ်။ ကုသိုလ်ကံအတိုင်းပဲပေါ့လို့ လက်မှိုင်ချပြီး ငေးငိုင်နေတဲ့ လူစားမျိုး မဟုတ်ပါဘူး။ တာဝန်ယူစရာတစ်ခုခုကြုံလာတဲ့အခါမျိုးမှာ ကံကောင်းသူဆိုတဲ့သူဟာ “ဟုတ်ကဲ့” လုပ်ဖို့ဝန်မလေးဘူး။ အသစ်အဆန်းတစ်ခုခု လုပ်ရဖို့အတွက် အောင်မြင်ပါ့မလားဆိုတဲ့ သံသယစိတ်မထားဘဲ ကြိုးစားတတ်တယ်။ ဒီတော့ ကိုယ့်ကြိုးစားမှုရဲ့အတွေ့အကြုံသစ်ကို အကျိုးခံစားခွင့်ရတာ မဆန်းပါဘူး။

    လူဆိုတာက ထီးတည်းနေလို့ရတာမျိုး မဟုတ်ပါဘူး။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် ဝင်ဆန့်အောင်နေတတ် ထိုင်တတ်ရတယ်။ ကိုယ်ချည်းပေးရတာမျိုး သူများဆီကချည်း ယူရတာမျိုးထက် ပေးတန်တာပေး ယူတန်တာယူ မျှတတဲ့ ဆက်ဆံမှုဟာ မိတ်ကောင်းဆွေကောင်းတွေ ရတတ်တယ်။ ဒီတော့ ကိုယ်ကပေးရတဲ့ အကူအညီတွေရှိနိုင်သလို ရလာနိုင်တဲ့ အခွင့်အလမ်းကောင်းတွေလည်း ပေါ်တတ်တယ်။ အသိုင်းအဝိုင်း တစ်ခုမှာ ဝင်ဆန့်အောင် လူမှုဆက်ဆံရေး အဆင်ပြေအောင် ကြိုးစားဖို့တော့လိုမယ်။ တစ်ခုရှိတာက လူတိုင်းဟာ ကိုယ်နှင့်သဟဇာတ ဖြစ်ချင်မှဖြစ်မှာပါ။ ဒါပေမယ့် သူတို့ရဲ့ကောင်းတဲ့အချက်လေးတွေကိုပဲ အလေးထားပြီး ဆက်ဆံရင်တော့ ရာနှုန်းပြည့်မဟုတ်ရင်တောင် တော်တော်လေး အဆင်ပြေနိုင်ပါတယ်။

    ဘဝမှာ အနိုင်ယူဖို့အသင့်ဆုံးသူဟာ သူများမဟုတ်ဘူး၊ ကိုယ်တိုင်ကိုယ်ပါပဲ။ အဆိုးမြင်စိတ်ကို အနိုင်ယူဖို့ ကြိုးစားနိုင်တာလည်း ကိုယ်တိုင်ပဲဖြစ်သလို ဘာမဆို ကြိုးစားမကြည့်ခင်ကတည်းက ဖြစ်ပါ့မလားဆိုတဲ့ အတွေးကြီးကို ဖယ်ပစ်ဖို့ကြိုးစားသင့်တယ်။ ဘဝရဲ့စိန်ခေါ်မှုတွေကို ဝမ်းပန်းတသာလက်ခံရင်း ထွက်ပေါက်ရှာတာဟာ ကံကောင်းခြင်းရဲ့ လုပ်ရပ်တစ်ခုဆိုတာ မေ့မထားသင့်ပါဘူး။

    အရေးကြီးတဲ့ အချက်တစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ထားသလို ယုံကြည်သက်ဝင်ရာ ဘာသာတရားရဲ့အဆုံးအမတွေအောက်မှာ ကောင်းသော ကြိုးစားခြင်းမျိုးနှင့် ကြိုးစားယူဖို့ပါပဲ။ နောက်ပြီး ကိုယ်မြတ်နိုး အားထားရာ ဘုရားသခင်အပေါ် ယုံပုံအားကိုးစိတ် အပြည့်အဝထားမယ်ဆိုရင်တော့ ဘဝရဲ့နေ့သစ်တွေဟာ ကံကောင်းခြင်းတွေချည်း မဟုတ်တောင် ကံဆိုးမှုတွေ နည်းပါးသွားနိုင်မယ် ဆိုတဲ့အကြောင်း …။

    နှင်းဆီခင်