News @ M-Media

Author: M-Media

  • ညီညွတ်သော ပါလက်စတိုင်း အစိုးရသစ်အား အမေရိကန်နှင့် ကမ္ဘာက ထောက်ခံ၍ အစ္စရေး မကျေနပ်

    ဇွန် ၅ ၊ ၂၀၁၄
    M-Media
    Palestinian Prime Minister Hamdallah and Palestinian President Abbas pose for a group photo with Palestinian ministers during a swearing-in ceremony of the unity government, in the West Bank city of Ramallah
    – ဟားမတ်စ်နှင့် ဖာတာနှစ်ဖွဲ့ပူးပေါင်းကာ ဖွဲ့စည်းခဲ့သည့် ညီညွတ်သော ပါလက်စတိုင်း အစိုးရသစ်နှင့် ဆက်လက် ဆက်ဆံသွားမည်ဆိုသော အမေရိကန်၏ ဆုံးဖြတ်ချက်ကို အလွန်စိတ်ပျက်မိသည်ဟု အစ္စရေးဝန်ကြီးချူပ် နေတန်ယာဟုက ပြောကြားလိုက်သည်။

    သမ္မတ မဟ်မူဒ် အဘတ်စ်ဦးဆောင်သည့် အစိုးရသစ်ကို တနင်္လာနေ့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ၎င်းတို့မှာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာသွားမည်ဟု အဘတ်စ်က ဆိုသည်။ အမေရိကန် အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ထိုအစိုးရအား လက်ခံခဲ့သည်။ သိုသော်လည်း နေတန်ယာဟုကမူ အမေရိကန်၏ သဘောထားကို ပြစ်တင်ပြောဆိုခဲ့သည်။

    “အစ္စရေးကိုအလိုမရှိတဲ့ ဟာမတ်စ်အဖွဲ့နဲ့ သဘောတူညီချက်ကို လုံးဝ လက်မခံနိုင်ဘူးလို့ အမေရိကန်က သမ္မတ မဟ်မူဒ်အဘတ်စ်ကို ရှင်းရှင်းလင်းလင်းပြောရမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု AP သတင်းဌာနသို့ နေတန်ယာဟု က ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် ထိုအစိုးရသစ်အား လစ်လျူရှုထားရန်လည်း နေတန်ယာဟုက တိုက်တွန်းခဲ့သည်။

    ညီညွတ်သော ပါလက်စတိုင်း အစိုးရသစ်ကို ကုလသမဂ္ဂကလည်း ကြိုဆိုခဲ့ပြီး အနောက်ဘက် ကမ်းခြေနှင့် ဂါဇာကမ်းမြှောင်ဒေသ ပေါင်းစည်းရန် အားထုတ်မှုအား ထိထိရောက်ရောက် ကူညီသွားမည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အမေရိကန်နှင့် ဥရောပတို့ကလည်း အစ္စရေး၏ တည်ရှိမှုကို အသိအမှတ်ပြုပြီး အကြမ်းဖက်မှုများကို စွန့်လွှတ်ပါက အကူအညီများပေးသွားမည်ဟု ပြောကြားခဲ့သည်။

  • အစ္စလာမ်ဘာသာဝင်များကို စော်ကားသည့် မှတ်ချက် အတွက် အိုင်ယာလန် ဝန်ကြီးချူပ် လူသိရှင်ကြားတောင်းပန်

    ဇွန် ၄ ၊ ၂၀၁၄
    M-Media
    IrishMinister-Visits-Islamic-Center-Apologizes
    – မြောက်အိုင်ယာလန် ၀န်ကြီးချုပ် ပီတာရော်ဘင်ဆင်မှာ မြို့တော် ဘဲလ်ဖတ်စ်ရှိ အစ္စလာမ့်စင်တာသို့ ယမန်နေ့က သွားရောက်လည်ပတ်ခဲ့ပြီး အစ္စလာမ် ဘာသာဝင်များနှင့် ပတ်သက်၍ ၎င်းပေးခဲ့သော မှတ်ချက်အတွက် လူသိရှင်ကြား ပြန်လည်တောင်းပန်ခဲ့သည်ဟု သိရသည်။

    “ဘဲလ်ဖတ်စ် အစ္စလာမ့်စင်တာက ကျွန်တော့်ရဲ့လည်ပတ်မှုကို ကြိုဆိုခဲ့ပါတယ်။ ပြီးတော့ မိတ်ဆွေပီသမှုနဲ့ လေးစားမှုတွေကိုလည်း ကျွန်တော်ရရှိခဲ့ပါတယ်။ ဒီကိုလာရတဲ့ အကြောင်းအရင်းကတော့ အစ္စလာမ့် လူ့အဖွဲ့စည်းဟာ မြောက်အိုင်ယာလန် လူ့အဖွဲ့အစည်းအတွက် အရေးပါပြီး တန်ဖိုးလည်းရှိတယ်ဆိုတာကို ရှင်းလင်းအောင် လုပ်ချင်လို့ပါ” ဟု ရော်ဘင်ဆင်က မွတ်စလင်ခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်ဟု Blefast Telegraph သတင်းစာက ဖော်ပြခဲ့သည်။

    လွန်ခဲ့သော ၁၀ ရက်ခန့်က ဘဲလ်ဖတ်စ်မြောက်ပိုင်းမှ ခရစ်ယာန် သင်းအုပ်ဆရာ ဂျိမ်း မက်ကော်နယ်လ်မှာ ၎င်း၏ အစည်းအဝေးတစ်ခု၌ ဗြိတိန်တစ်ဝှမ်းတွင် မွတ်စလင် အခွင့်အရေးဟူသော အနိဌာရုံအသစ် ပေါ်ပေါက်နေသည်ဟု ပြောကြားခဲ့သည်။

    DUP ပါတီမှ ၀န်ကြီးချုပ် ရော်ဘင်ဆင်က Irish News သတင်းစာနှင့် အင်တာဗျူးတွင် မက်ကော်နယ်လ်၏ ထိုပြောကြားမှုကို ထောက်ခံသည့် မှတ်ချက်မျိုး ပေးခဲ့သည်။ ထိုမှတ်ချက်ကြောင့် နိုင်ငံတစ်ဝှမ်း ဝေဖန်မှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် ရော်ဘင်ဆင်မှာ ပြီးခဲ့သည့် ကြာသာပတေးနေ့က ဘဲလ်ဖတ်စ် အစ္စလာမ့် စင်တာသို့သွား၍ မွတ်စလင်ခေါင်းဆောင်များနှင့် တွေ့ဆုံကာ တောင်းပန်ခဲ့သည်။

    သို့သော်လည်း အိုင်ယာလန်ပြည်သူများက စနေနေ့တွင် လူမျိုးရေး ခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြပြီး ရော်ဘင်ဆင်အနေဖြင့် လူသိရှင်ကြား တောင်းပန်ရန် တောင်းဆိုခဲ့ကြသည်။

    “ကျွန်တော့်ဘက်က စိတ်ဆိုးအောင်လုပ်ခဲ့တဲ့ အတွက် တောင်းပန်ပါတယ်လို့ ဒီမှာရှိတဲ့လူတွေအားလုံးကို ရှင်းရှင်းလင်းလင်းပြောခဲ့ပါမယ်။ ကျွန်တော့်စိတ်ထဲမှာ ရှိတဲ့ အရာလေးက တစ်ယောက်ယောက်ကို ထိခိုက်စေတယ်၊ ပူပင်သောကရောက်စေတယ် ဒါမှမဟုတ် စော်ကားသလိုဖြစ်တယ်ဆိုရင် ဖြစ်နိုင်တဲ့ ပုံစံတွေနဲ့ လူသိရှင်ကြား ရှင်းခဲ့ပါ့မယ်” ဟု ယမန်နေ့က ဘဲလ်ဖတ်စ်အစ္စလာမ့်စင်တာသို့ လာရောက်ခဲ့သည့် ရော်ဘင်ဆင်က လူသိရှင်ကြား တောင်းပန်ခဲ့သည်။

    အဆိုပါ အစ္စလာမ့်စင်တာတွင် ၁ နာရီခန့် လည်ပတ်ခဲ့သည့် ရော်ဘင်ဆင်မှာ စင်တာက ၎င်းအား နွေးထွေးစွာ ကြိုဆိုမှုအတွက်လည်း ချီးကျူးခဲ့ပြီး အနာဂတ်တွင် ညီညွတ်သော လူ့အဖွဲ့အစည်းတစ်ခု ထူထောင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    အိုင်ယာလန်နိုင်ငံတွင် လူဦးရေ ၄.၅ သန်းရှိပြီး ၁.၁ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။

    Ref: OnIslam & Newspapers

  • ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှု အရှုပ်တော်ပုံတွင် ပါဝင်သည်ဆိုသော သတင်း ပလာတီနီငြင်း

    ဇွန် ၄ ၊ ၂၀၁၄
    M-Media
    372097_heroa
    – ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကာတာနိုင်ငံအား ရွေးချယ်မှုအတွက် မသမာမှုများတွင် ပါဝင်ပတ်သက်သည်ဆိုသည့် သတင်းကို ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီက ငြင်းဆိုလိုက်သည်။

    ကာတာနိုင်ငံမှ ပြိုင်ပွဲကျင်းပခွင့်ရရန် လာဘ်ထိုးခဲ့သည့်ဟု သတင်းများ ထွက်ပေါ်နေသည့် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဌဟောင်း ကာတာနိုင်ငံသား ဘင် ဟန်မန်းနှင့် ပလာတီနီတို့မှာ လျှို့ဝှက်တွေ့ဆုံခဲ့ကြပြီး၊ ကတာတာနိုင်ငံအတွက် လော်ဘီလုပ်ပေးရန် ထိုတွေ့ဆုံမှုအတွင်း ပလာတီနီက သဘောတူခဲ့သည်ဟု Daily Telegraph သတင်းစာက ဖော်ပြခဲ့သည်။

    သို့သော်လည်း ပလာတီနီကမူ ထိုသတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

    “ကျွန်တော်ရဲ့ ပုံရိပ်ကို စွန်းထင်းစေဖို့ ရည်ရွယ်တဲ့ အခြေအမြစ်မရှိတဲ့ ဒီလို ကောလဟာလတွေ ပျံနှံ့တာကို ကျွန်တော်ကတော့ မအံ့သြပါဘူး။ ဒါပေမယ့် ဖီဖာအမှုဆောင်ကော်မတီအဖွဲ့ဝင်တွေ စကားစမြည်ပြောတာကို ပူးပေါင်းကြံစည်မှုအဖြစ် ပြောင်းလိုက်တာကိုတော့ အံ့သြမိပါတယ်။ ကျွန်တော်တို့ဟာ ၂၀၀၂ ခုနှစ်ကတည်းက အမှုဆောင်ကော်မတီဝင်တွေ ဖြစ်တာကြောင့်၂၀၁၀ မှာပြုလုပ်ခဲ့တဲ့ အခမ်းအနားတွေမှာ ဘန် ဟန်မန်းနဲ့ ကျွန်တော်တွေ့ဆုံခဲ့တာကတော့ အမှန်ပါပဲ” ဟု ပလာတီနီက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ဘင် ဟန်မန်းလာဘ်ထိုးခဲ့သည်ဆိုသည့် သတင်းအတွက် ဖီဖာက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ဟုတ်မှန်ကြောင်း တွေ့ရှိခဲ့ရပါက ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်အား ပြန်လည်ရွေးချယ်သွားဖွယ်ရှိနေသည်။

  • အိုင်ယာလန်တွင် ကလေး အလောင်းများ အစုအပြုံလိုက် မြှုပ်ထားမှုတွေ့၊ ကက်သလစ်အသင်း စွပ်စွဲခံနေရ

    ဇွန် ၄ ၊ ၂၀၁၄
    M-Media
    20146323540443734_20
    – ကလေးငယ် ၇၉၆ ဦး၏ အလောင်းများအား အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာတစ်ခုကို အိုင်ယာလန်နိုင်ငံတွင် တွေ့ရှိခဲ့ရပြီး ထိုကိစ္စနှင့် ပတ်သက်၍ ခရစ်ယာန် ကက်သလစ် အသင်းတော်မှာလည်း စွပ်စွဲမှုများ ခံနေရသည်။

    မိဘမဲ့ကလေးများအတွက် ကက်သလစ်သီလရှင်များက ဖွင့်လှစ်ထားသည့် နိုင်ငံအနောက်ပိုင်း ဂါလ်ဝေးကောင်တီ တူအန်မြို့ရှိ မိဘမဲ့ဂေဟာဟောင်း အနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ အများစု၏အရိုးများကို မိလ္လာကန်အဟောင်းတွင် တွေ့ခဲ့ရသည်။

    ဂါလ်ဝေးကောင်တီ၏ မှတ်တမ်းအများအရ သေဆုံးသွားသူများမှာ များသောအားဖြင့် နို့စို့အရွယ်ကလေးများနှင့် လမ်းလျှောက်တတ်ကာစ ကလေးများဖြစ်ပြီး ၁၉၂၆ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ၃၅ နှစ်ကြာ ဖွင့်လှစ်ခဲ့သည့် အဆိုပါ မိဘမဲ့ဂေဟာတွင် နာမကျန်းဖြစ်မှု၊ ရောဂါဘယကြောင့် သေဆုံးခဲ့ခြင်းဖြစ်မည်ဟု ဆိုသည်။

    ထိုအပြစ်ကြောင့် ကက်သလစ်အသင်းတော်မှာ ကလေးငယ်မျာကို လစ်လျူရှုခဲ့သည်ဟု ဝေဖန်မှုများရှိနေပြီး ဂါလ်ဝေးရှိ ခရစ်ယာန်အသင်းတော် ခေါင်းဆောင်များကမူ မိဘမဲ့ဂေဟာတွင် သေဆုံးသူများအား မြှုပ်နှံထားခြင်းအတွက် မိမိတို့ မသိရှိကြောင်း၊ ထိုနေရာတွင် ကမ္ဗည်းတင်မော်ကွန်းရေးထိုးရန် လုပ်ဆောင်မှုကို ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထိုဒေသရှိ လူနေအိမ်များအတွက် လမ်းများဖောက်လုပ်ရန် အဆိုပါမိဘမဲ့ဂေဟာကို လွန်ခဲ့သည့် ဆယ်စုနှစ်များကတည်းက ဖျက်ဆီးပစ်ခဲ့သည်။

    Ref: Associated Press

  • ဘိုကိုဟရမ်အဖွဲ့အား တွန်းလှန်ရာတွင် ကူညီသွားမည်ဟု OIC အဖွဲ့ကတိပေး

    ဇွန် ၄ ၊ ၂၀၁၄
    M-Media
    MuslimGroup-Slams-Criminal-Boko-Haram_
    – နိုက်ဂျီးရီယားမြောက်ပိုင်းတွင် ကြီးစိုးနေသည့် ဘိုကိုဟရမ်အဖွဲ့၏ ဥပဒေမဲ့ လုပ်ရပ်များ၊ ရာဇ၀တ်မှုများမှာ အစ္စလာမ်သာသနာနှင့် သက်ဆိုင်ခြင်းမရှိဘဲ ထိုအဖွဲ့အား တွန်းလှန်ရာတွင် ကူညီသွားမည်ဟု OIC အဖွဲ့ က ဇွန်လ ၂ ရက်နေ့တွင် ကတိပြု ပြောကြားလိုက်သည်။

    “ဘိုကိုဟရမ် သောင်းကျန်းသူအဖွဲ့နဲ့ အစ္စလာမ်နဲ့ ဘာမှ မသက်ဆိုင်ဘူးဆိုတာ ရှင်းလင်းခိုင်မာတဲ့ ကြေညာချက်တွေ ကျွန်တော်တို့ ထုတ်ခဲ့ပြီးပါပြီ။ သူတို့ဟာ ဥပဒေမဲ့လုပ်ရပ်တွေ၊ ရာဇ၀တ်မှုတွေကိုလုပ်တဲ့အဖွဲ့လို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ အစ္စလာမ်သာသနာဟာ လူသတ်တာတွေ၊ အပြစ်မဲ့တဲ့ ကလေးငယ်တွေကို ပြန်ပေးဆွဲတာတွေကို လုပ်ခိုင်းတဲ့ သာသနာ မဟုတ်ပါဘူး။ နောက်ပြီး ဒီလို လုပ်ရပ်တွေနဲ့လည်း အစ္စလာမ်ကို တန်းညှိလို့ မရပါဘူး” ဟု OIC ၏ အထွေထွေ အတွင်းရေးမှူး အီယဒ် အမီန်း မဒနီက နိုက်ဂျီးရီးယား သတင်းဌာနတစ်ခုဖြစ်သည့် NAN သို့ ပြောကြားခဲ့သည်။

    ထို့ပြင် OIC အဖွဲ့မှာ နိုက်ဂျီးရီးယားနှင့် တစ်သားတည်းရှိပြီး သောင်းကျန်းသူ ဘိုကိုဟရမ်အဖွဲ့ကို တွန်းလှန်ရာတွင် ကူညီသွားမည်ဟုလည်း မဒနီက ကတိပြုခဲ့ကာ နိုက်ဂျီးရီးယားရှိ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအား နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    “အပြစ်မဲ့တဲ့လူတစ်ယောက်ကို သတ်တာဟာ လူသားအားလုံးကို သတ်တာနဲ့ အတူတူပဲလို့ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ရှင်းရှင်းလင်းလင်းပြောထားပါတယ်”

    နိုက်ဂျီးရီးယားနိုင်ငံတစ်ဝှမ်း အကြမ်းဖက်တိုက်ခိုက်မှုများကို ပြလုပ်သည်ဟု စွပ်စွဲခံထားရသည့် ဘိုကိုဟရမ်အဖွဲ့မှာ ပြီးခဲ့သည့် ဧပြီလက ဘိုနိုပြည်နယ် ချီဘွတ်မြို့ရှိ စာသင်ကျောင်းမှ ကျောင်းသူ ၂၀၀ ကျော်အား ပြန်ပေးဆွဲခဲ့သည်။ ထိုပြန်ပေးဆွဲမှုအား နိုက်ဂျီးရီးယာနှင့် ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ် အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့သည်။

    နိုက်ဂျီးရီးယား အစိုးရက ရှာဖွေမှုများကို ပြုလုပ်နေပြီး မည်သည့်နေရာတွင်ရှိနေကြောင်း သိရှိထားသည်ဟု ပြောကြားထားသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် နှောင့်နှေးနေသည်။

    Ref:OnIslam & News Agencies