News @ M-Media
Author: M-Media
  • ဒုစရိုက် ဂိုဏ်းစတား ဘ၀မှသည် အစ္စလာမ့် ရပ်ဝန်းသို့
    ဒုစရိုက် ဂိုဏ်းစတား ဘ၀မှသည် အစ္စလာမ့် ရပ်ဝန်းသို့
    ဇူလိုင် ၂ ၊ ၂၀၁၅
    M-Media
    d2ba8530c8b1461bac1d72c44b86b992_18
    တောင်အာဖရိက၊ ကိပ်တောင်းမြို့ ဟာနိုဗာပန်းခြံရပ်ကွက် Hanover Park တွင် အစ္စလာမ့်စည်းဝိုင်းထဲ ၀င်ရောက်လာသူ ဒုစရိုက်ဂိုဏ်းသားဟောင်းတို့မှ လူငယ်များအား အကြမ်းဖက်စက်ကွင်း လွတ်မြောက်ရေး သင်ပြပေးနေကြသည်။
    အဗ်ဒူရာ့ဂ်မာန်း အဘီသည် သူ့အင်္ကျီလက်မောင်းသားများကို ဆွဲလှန်ပြီး သူ၏တက်တူးနေရာ တစ်လျှောက်မှ သေနတ်ဒဏ်ရာ အမာရွတ်များအား ပြသလိုက်၏။ ၎င်းမှာ ဆယ်စုနှစ်တစ်ခုစာမက ကိပ်တောင်းမြို့၌ Backstreets Kids – BSK လူမိုက်ဂိုဏ်သား ဘ၀အတွင်း ကျင်လည်စဉ် ရရှိခဲ့သော အမှတ်အသားများ ဖြစ်ကြသည်။
    “ဒီလက်မောင်းမှာ နှစ်ကြိမ်၊ ခြေထောက်မှာနှစ်ကြိမ် သေနတ်နဲ့ပစ်ခံခဲ့ရတယ်” ဟု အလ်ဂျဇီးရားသို့ ပြောပြသည်။ တဆက်တည်း “သေမင်းခံတွင်းက လက်မတင်လေး လွတ်မြောက်ခဲ့ဖူးတယ်” ဟု သူလည်မျိုအောက်က ဓားဒဏ်ရာကိုပြသရင်း ထိုဇာတ်လမ်းကို နောင်တရစွာဖြင့် ရယ်မောပြောပြလေသည်။
    အဘီနှင့် နောက်ထပ် Backstreets Kids ဂိုဏ်းသားတစ်ဦး လူသတ်တရားခံဖြစ်ဖူးသူ ကီယမ်ဖရေးတို့သည် ယခုအခါတွင် Hanover Park ၏အပစ်အခတ် ပပျောက်ရေး အစီအစဉ်အတွက် လူထု ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခံရသည်။ ထိုအစီအစဉ်တွင် ဒုစရိုက်ဂိုဏ်းသားဟောင်း ၁၀ ဦးကို အကြမ်းဖက်ကာကွယ်ရေးစံပြ ပုဂ္ဂိုလ်များအဖြစ် ခန့်အပ်ထားပြီး၊ ပဋိပက္ခများတွင် ထောက်လှမ်းကြားဝင်ပေးခြင်းဖြင့် လည်းကောင်း၊ လူတစ်ဦးချင်းပေါ်သက်ရောက်နိုင်သည့် အန္တရာယ်ကို ဖော်ထုတ်ဖြေရှင်းခြင်းဖြင့် လည်းကောင်း၊ လူထု၏စံလွဲမှုကို ပြောင်းလဲ တည့်မတ်ပေးခြင်းဖြင့် လည်းကောင်း လူ့အဖွဲ့အစည်း အတွင်း အကြမ်းဖက်မှု မပြန့်ပွားအောင် ဆောင်ရွက်နေကြသည်။
    အဘီနှင့် ဖရေးတို့သည် မွတ်စ်လင်မ်များဖြစ်ကြသည်။ မိမိတို့၏ ယုံကြည်ချက်က ဒုစရိုက်ဂိုဏ်းသားဘ၀မှ ကျောခိုင်းထွက်ခွာရန် သြဇာညောင်းကူညီပေးခဲ့ကြောင်း သူတို့က ဆိုသည်။
    “လူသတ်မှုနဲ့ ထောင်ဒဏ် ၉ နှစ်ကျပြီး လွတ်မြောက်လာတဲ့နောက် အရာရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေ ပစ်သတ်ခံရတယ်။ မိတ်ဆွေ အများအပြား ဆုံးရှုံးသွားခဲ့တယ်။ ကျွန်တော့်ဘ၀ကို ဘာသာတရားအခြေပြု ပြောင်းလဲလိုက်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်” ဟု ဖရေးက ပြောပြသည်။
    6683508f5cf545108b3f18cee1ecd0bf_18
    အဘီမှာမူ ထောင်နန်းစံခဲ့ဖူးသော်လည်း သူ၏ ဘ၀အလှည့်အပြောင်းမှာ မွတ်စ်လင်မ်ဖြစ်သော သူ့ဇနီးနှင့် တွေ့ဆုံအိမ်ထောင်ကျသည့် အခါမှ ဖြစ်လာသည်။ မွတ်စ်လင်မ်ဖြစ်ခြင်းက သူ့အား လူမိုက်ဂိုဏ်းသား လောကမှ အပြီးအပိုင်စွန့်ခွာကျောခိုင်းရန် ယုံကြည်ချက် စနစ်တစ်ရပ်ကို ပေးစွမ်းခဲ့သည်။
    ယခုအခါ သူတို့နှစ်ဦးစလုံး အစ္စလာမ့် လမ်းစဉ်ဖြင့် ဒုစရိုက်ဂိုဏ်း အကြမ်းဖက် ကာကွယ်မှု တားဆီး ကာကွယ်ရေးကို ဆောင်ရွက်လျက် ရှိပေသည်။ သူတို့မှာ လူထုကိုယ်စားများဖြစ်သည်နှင့်အညီ အကြမ်းဖက်မှုဆိုင်ရာကြားဝင်စေ့စပ်ရေး၌ ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့် ထိန်းကျောင်း ခံရပြီးဖြစ်သည်။ သို့သော် သူတို့နှစ်ဦးစလုံးသည် ထိုအရေးအတွက် ဟောပြောရာတွင် ကိုယ်ပိုင်နည်းလမ်းများကိုယ်စီ အသုံးပြုကြ၏။ ဒုစရိုက်ဂိုဏ်းသားဘ၀၏ ကိုယ်ပိုင်အတွေ့အကြုံများအပေါ် သင်ခန်းစာချပြခြင်း၊ သို့မဟုတ် ဂိုဏ်းစတားလမ်းစဉ်၌ပါဝင်ပတ်သက်နေသော လူငယ်များထံ မိမိတို့၏အယူဝါဒဖြန့်ချိခြင်း ကဲ့သို့ ဖြစ်ကြသည်။
    Hanover Park ရပ်ဝန်းအတွင်းနေထိုင်ကြသူများသည် မွတ်စ်လင်မ်နှင့် ခရစ်ယာန် ထက်ဝက်စီ ဖြစ်နေကြသည်။
    First Community Resource Centre တည်ထောင်သူ ခရစ်ယာန်ဘုန်းတော်ကြီး Craven Engel က “မွတ်စ်လင်မ်အသိုင်းအ၀ိုင်းဆီကို ကြားဝင်ဆက်သွယ်ဆောင်ရွက်ပေးမယ့်လူတစ်ဦးနဲ့ လက်တွဲဖို့ ကျွန်တော်တို့ အသိဝင်ရပါတယ်။ ဒါဟာ လူမိုက်ဂိုဏ်းထဲရောက်နှင့်နေပြီး အန္တရာယ်ပေးနိုင်ခြေရှိတဲ့ မွတ်စ်လင်မ်နဲ့ ဆက်ဆံရာမှာ ယုံကြည်စိတ်ချမှုကို ရရှိစေပါတယ်” ဟူ၍ ပြောကြားသည်။
    faecf5fa4fad4728b8db1efab4717330_18
    ခရစ်ယာန်များကိုမူ လမ်းညွှန်အတိုင်းသာ ပြောဆိုဆွေးနွေးကြောင်း အဘီက ပြောပြသည်။
    ကိပ်တောင်းမြို့လယ်မှ မိနစ် ၂၀ ကားမောင်းသွားလျှင် Hanover Park အရပ်သို့ရောက်သည်။ Cape Flats ဟုလူသိများသော ဆင်းရဲနွမ်းပါး၍ လျစ်လျူရှုခံ လူ့အဖွဲ့အစည်းများ၏ ရောယှက်နေထိုင်ရာဒေသဖြစ်သည်။ ထိုသို့သော လူ့အသိုင်းအ၀ိုင်းများ၏ နေ့စဉ်ဘ၀ထဲ၌ ဒုစရိုက်ဂိုဏ်းများနှင့် အကြမ်းဖက်မှုများက ပါဝင်နစ်မြုပ်လျက်ရှိကြသည်။
    အသက် ၁၂ မှ ၁၅ နှစ်ကြားရှိ ၉၃.၁ ရာခိုင်နှုန်းလူဦးရေထဲတွင် အမျိုးအစားတစ်ခုထက် ပိုလွန်သော အကြမ်းဖက်စရိုက် လက္ခဏာများ ပေါ်လွင်နေသည်ဟု Hanover Park မှ မြီးကောင်ပေါက်လူငယ်များထံ ကောက်ယူထားသည့် လတ်တလောစစ်တမ်းတစ်ရပ်က ဖော်ပြထားသည်။
    ထိုသို့သောလူ့အဖွဲ့အစည်းဝင် လူငယ်တို့သည် ငွေကြေးချို့တဲ့မှု၊ အလုပ်အကိုင်ရှားပါးမှု အနေအထားအရ အိမ်တွင်းရေးပြဿနာများကြောင့် ပလက်ဖောင်း မင်းသား ဘ၀သို့ဖြစ်စေ၊ အကာအကွယ်ရှိရေး သို့မဟုတ် လူလေးစားခံရရေးအတွက် လူမိုက်ဂိုဏ်းထဲ သို့ဖြစ်စေ ရောက်သွားလေ့ရှိသည်။
    ဤအခြေအနေ၏ရလဒ်များပေါ်မူတည်၍ ကိပ်တောင်းအာဏာပိုင်များက အနောက်ပိုင်းကိပ်တောင်းပြည်နယ်အတွင်း ဒုစရိုက်ဂိုဏ်းပေါင်း ၁၀၀ မှ ၁၂၀ အထိ၊ အဖွဲ့သားများမှာ ၈ သောင်းမှ တစ်သိန်းအထိ ရှိနေမည်ဟု ခန့်မှန်းထားကြသည်။
    အဆိုပါဒေသများအတွင်း နိုင်ငံတကာဘာသာရေးလှုပ်ရှားမှုများနှင့် ဂိုဏ်းအုပ်စုဖြစ်ပေါ်မှုများအကြားရှိ အစွန်းရောက်မှုကို အဘီက ချိတ်ဆက်ဖော်ပြခဲ့သည်။
    “လူတွေက ဘာကြောင့် အစွန်းရောက်ကုန်သလဲ ဆိုတာ ခင်ဗျားတို့ သိပါသလား။ ဖိနှိပ်ခံရခြင်းနဲ့ ဆင်းရဲနွမ်းပါးမှုကြောင့်ဖြစ်တယ်။ လူဆိုးဂိုဏ်းတွေနဲ့ပတ်သက်ရင်လည်း အလားတူနီးနီးပါပဲ။ အိမ်ထဲမှာ နေရာမရဘူး၊ အလုပ်အကိုင် မရှိဘူးဆိုရင် သူဟာ အစွန်းရောက်အောင် တွန်းပို့ခံရတော့တာပါပဲ”။
    ထိုအနေအထားမှစတင်၍ အသက် ၁၀ နှစ်မျှသာရှိသော လူငယ်တို့သည် ဂိုဏ်းသားသွတ်သွင်းခြင်း၏ပစ်မှတ်များ ဖြစ်ရသည်။ ငွေ၊ အ၀တ်အထည်၊ မူးယစ်ဆေး တို့ဖြင့် လူမိုက်ဂိုဏ်းထဲဝင်ရောက်စေရန် သွေးဆောင်ခံရတော့သည်။
    “ကျွန်တော် သူတို့ကို အပစ်အခတ်ပပျောက်ချုပ်ငြိမ်းရေးလမ်းညွှန်တွေပေးတယ်။ အဲ့ဒီနောက်မှာမှ ကျွန်တော့်ဘာသာတရားယုံကြည်ချက်ကို တင်ပြပါတယ်။ သူတို့ကို လူကို လူလိုနားလည်တတ်ကြလို့ပါပဲ” ဟု ဘာသာရေးသွန်သင်မှုနှင့်တွဲ၍ ဂိုဏ်းဝင်များနှင့် လက်တွဲလုပ်ဆောင်ပုံကို သူက ရှင်းပြသည်။
    ပစ်ခတ်သတ်ဖြတ်မှုကင်းပျောက်ရေးအစီအမံ၏ ဂိုဏ်းအုပ်စုပြဿနာများ ဖြေရှင်းမှုသည် ကျားမလူငယ်များအား ဂိုဏ်းဝင်များဘ၀မှ  နှုတ်ထွက်အောင်လည်း လမ်းကြောင်းပေးပါသည်။
    817dd15e27444360b13ba7f661a2ef28_18
    လက်ရှိတွင် ၆ ပတ်တာ ပြန်လည်ထူထောင်ရေးစခန်းထဲရောက်နေသော အသက် ၃၁ နှစ်အရွယ် မွတ်စ်လင်မ်ဖြစ်သူ သဆီးရ်ကယ်လီ Tathir Kelly က သူ့ဘ၀အား ပြန်ပြောင်းတွေးလျက် “ကျွန်တော်ဟာ တကယ့်ပြဿနာကောင် ဖြစ်ခဲ့တယ်” ဟု ၀န်ခံခဲ့သည်။
    လူသတ်ရန်ကြိုတင်ကြံစည်မှု ၁၄ မှုစွဲချက်ဖြင့် လေးနှစ်ထောင်ဒဏ်ကျခံခဲ့သည့် Terrible Westsiders ဂိုဏ်းသားဟောင်း ကယ်လီမှာ ယခုအခါ ထိုအမှုမျိုးကို အပြီးအပိုင် ကျောခိုင်းစွန့်လွှတ်လိုက်ပြီဖြစ်သည်။
    မိမိ၏ဗီဇဆိုးအပေါ် အစ္စလာမ်က အကောင်းမြင်ဝါဒဖြင့် သြဇာလွှမ်းမိုးသွားကြောင်း ကယ်လီက သူ၏အားလပ်ရက်များတွင် လိုက်လံရှင်းပြသည်။
    “အစ္စလာမ်က ကျွန်တော့် နှလုံးသားထဲ ရောက်ခဲ့ပါပြီ။ တကယ်လို့ ကျွန်တော့်မှာ သေနတ်တစ်လက်ရှိနေပြီး ရန်သူကို ဆုံတွေ့ရင်လည်း သူ့ကို လွှတ်လိုက်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူ့ကို ပစ်လိုက်ရင် အကြီးစားမကောင်းမှုတစ်ရပ်ကို ကျူးလွန်မိမှာမို့လို့ဖြစ်ပါတယ်။ ဂိုဏ်းစတားတစ်ဦးဆိုတဲ့ အတွေးမျိုး ကျွန်တော် လုံးဝ မစဉ်းစားတော့သလို သေနတ်ကိုကောက်ကိုင်တာမျိုးလည်း လုံးဝ လုပ်တော့မှာ မဟုတ်ဘူးဗျ။ ကျွန်တော့်ရဲ့ ပြန်လည်ထူထောင်ရေးစခန်းသွင်းအစီအစဉ်ဟာ ရမဿွာန်လ ပထမရက်မှာ ပြီးဆုံးတော့မှာဖြစ်ပါတယ်။ ဥပုသ်ထွက်ပြီးရင်တော့ ကျွန်တော်ဟာ ပြောင်းလဲသွားပြီဖြစ်ပြီး အဲ့ဒီအပြောင်းအလဲအတိုင်း ဘ၀ရပ်တည်သွားတော့မှာပါ”။
    သို့တစေ ဂိုဏ်းစတား ဘ၀အား စွန့်လွှတ်ကျောခိုင်းခြင်းဟူသည် ထင်သလောက် မလွယ်ကူလှပါ။
    “ဂိုဏ်းတွေရဲ့အစဉ်အလာအရ ဘာသာရေးလို ခိုင်မာတဲ့ အကြောင်းပြချက်မရှိဘဲ နှုတ်ထွက်လို့မရပါဘူး။ ဒါကြောင့် ကျွန်တော့် သာသနာက ကျွန်တော့် အတွက် အုတ်မြစ်ကြီး ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော် ဂိုဏ်းက ခွာထွက်နိုင်တဲ့အကြောင်း ဖြစ်ပါတယ်” ဟု ကယ်လီက ပြောပါသည်။
    အလုပ်အကိုင်အခွင့်အလမ်းရှားပါးလွန်းသည့် လူမှုအသိုင်းအ၀ိုင်းတွင် သာသနာရေးသည် မရှိသလောက်နည်းပါးလှသည့် လူမှုအရင်းအမြစ်များ အနက် အပါအ၀င် တစ်ခုလည်း ဖြစ်သည်။ ဤအကြောင်းရပ်နှင့်စပ်လျဉ်း၍ အစ္စလာမ်က ဂိုဏ်းသားဘ၀ပြင်ပတွင် ယုံကြည်ချက်စနစ်တစ်ရပ်ကိုသာမက အသိုင်းအ၀ိုင်းနှင့်ကိုယ်ပိုင်လက္ခဏာကိုလည်း ပေးစွမ်းလျက်ရှိသည်။
    ဘာသာရေး၏အရေးပါမှု အထူးသဖြင့် အစ္စလာမ်သာသနာသည် အကြမ်းဖက်မှုကို ထိထိရောက်ရောက်ဟန့်တားနိုင်ကြောင်း အပစ်အခတ်ကင်းစင်ရေးဆိုင်ရာစာရင်းညွှန်းကိန်းများက ထပ်မံ သုံးသပ်ထားသည်။
    “သောကြာနေ့ဟာ မွတ်စ်လင်မ်တွေအတွက် ဘာသာရေးနေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ဒါပေမယ့် ကြာသပတေးနေ့ဟာ ဘာသာရေးနေ့(သောကြာ)အတွက် စတင်ပြင်ဆင်မှုအဖြစ် လက်ခံထားကြတယ်။ လက်တွေ့အားဖြင့် ဒီနှစ်ရက်မှာ ဘာမှပစ်ခတ်မှုမရှိကြောင်း တွေ့နေရပါတယ်” ဟု ဘုန်းတော်ကြီး Engel က ဆိုပါသည်။
    ယုံကြည်ချက်စွမ်းအားဝတ်ရုံ၊ ပစ်ခတ်မှုကင်းစင်ရေးသင်တန်း၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တို့ဖြင့် အဘီနှင့် ဖရေးတို့မှ Hanover Park ဂိုဏ်း(အုပ်စုဖွဲ့)အကြမ်းဖက်ခြင်းများ လျော့ကျအောင် ဆောင်ရွက်နေကြသည်။ ကယ်လီလိုမျိုး မိမိတို့၏လူနေမှုဘ၀ အလှည့်အပြောင်းဖြစ်လာအောင် လူငယ်များကို ယင်းသို့ကူညီခြင်းအားဖြင့် ၎င်းတို့၏လူမှုအသိုင်းအ၀န်းတွင် အပြောင်းအလဲဖြစ်လာမည်ဟု သူတို့မျှော်လင့်ထားကြသည်။
    “ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ မိမိကိုယ်ကို လူအဖြစ် ပြန်လည်မြင်တွေ့ခဲ့ရတာကြောင့်ပါပဲ” ဟု အဘီက ဆိုသလို၊ ဖရေးကလည်း မွတ်စ်လင်မ်တို့၏ယုံကြည်ချက်သည် ယင်းသို့အသွင်ကူးပြောင်းမှု၌ အခြေခံကျသည့်အခန်းကဏ္ဍတစ်ရပ်ထဲ ရှိနေကြောင်း အောက်ပါအတိုင်း ပြောပါသည်။
    “အစ္စလာမ်(စနစ်)ဟာ လူ့အဖွဲ့အစည်း(အားလုံး)အတွက် အကောင်းဆုံးစံနမူနာဖြစ်ပါတယ်။ ဒီ(လမ်းစဉ်)ကို နည်းမှန်လမ်းမှန်ကျင့်သုံးမယ်၊ ယုံကြည်မယ်ဆိုရင် အရာရာကို ပြောင်းလဲပစ်နိုင်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ သန့်စင်တဲ့ နှလုံးသား၊ အတွေးအမြင်နဲ့ဆိုရင် အပြောင်းအလဲလုပ်နိုင်တယ်ဆိုတဲ့အပေါ် ယုံကြည်ထားရပါလိမ့်မယ်”။
    xxxxxxxxxxxxxxxxxxxxxxxx
    မူရင်း – Dariusz Dziewanski ၏ South Africa: Escaping gangland through Islam ဆောင်းပါး (Al Jazeera)
    ဘာသာပြန် – သြရသ ရေချမ်း
  • စင်ကာပူတွင် တရုတ်-မွတ်စလင် တဦး အလုပ်လျောက်ရာ၌  ခွဲခြားဆက်ဆံ ခံရမှု စုံစမ်းစစ်ဆေးနေ
    စင်ကာပူတွင် တရုတ်-မွတ်စလင် တဦး အလုပ်လျောက်ရာ၌ ခွဲခြားဆက်ဆံ ခံရမှု စုံစမ်းစစ်ဆေးနေ
    ဇူလိုင် ၂ ၊ ၂၀၁၅
    M-Media
    e1083964775a96bf0158e3a5bbb1cc0be7fd7652
    စင်္ကာပူ တရုတ် မွတ်စ်လင်မ်တစ်ဦး၏ အလုပ်အကိုင် လျှောက်ထားချက် အပေါ် ခွဲခြား ချိုးနှိမ်မှုပြဿနာ ဖြစ်ပေါ်လာသဖြင့် TAFEP မှ လေ့လာစုံစမ်းလျက်ရှိသည်။
    ဟိုင်ဒီဟိန်း၏ အလုပ်လျှောက်ထားချက်၌ လူမျိုးရေးခွဲခြား ချိုးနှိမ်မှုကို မိမိတို့မှ သတိပြုမိကြောင်း၊ ယင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ထပ်မံရရှိရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း The Tripartite Alliance for Fair and Progressive Employment Practices (TAFEP) က ပြီးခဲ့သော ဗုဒ္ဒဟူးနေ့တွင် Yahoo Singapore သို့ အကြောင်းကြားခဲ့သည်။
    တရားမျှတစွာ အလုပ်အကိုင်ခန့်အပ်ရေးနှင့် ပတ်သက်၍ “လုပ်သားများသည် လုပ်ငန်းခွင်၌ ဘာသာရေးနှင့် ဆက်နွယ်သည့် အလုပ်အကိုင်များမှအပ အလုပ်အကိုင် ခန့်အပ်ရေး အတွက် ဘာသာရေးအား စံသတ်မှတ်ချက်အဖြစ် ကျင့်သုံးခြင်းမှာ လက်သင့် မခံနိုင်စရာဖြစ်သည်ဟု TAFEP က ဆိုသည်။
    စင်္ကာပူနိုင်ငံသား တရုတ်-မွတ်စ်လင်မ်တစ်ဦးဖြစ်သူ ဟိန်း သည် ရုံးဝန်ထမ်းနေရာအတွက် အလုပ်လျှောက်ခဲ့ရာမှ သူမ၏ ဟလာလ် စားသောက်မှု ပုံဟန်အား မေးခွန်းထုတ်ခံရသော အခါ အံ့သြတုန်လှုပ်သွားခဲ့သည်။
    fa9816b0-1fae-11e5-bec0-c10207089c82_Screen-Shot-2015-07-01-at-1-06-16-PM
    ဟိန်း၏ အလုပ်လျှောက်လွှာပို့ပေးရန် အီးမေးလ် လိပ်စာအား တောင်းဆိုရာတွင် Whatsapp ပေါ် ထိုကဲ့သို့ ပြောဆိုမှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
    “အလုပ်က အလုပ်၊ အစားအသောက်က အစားအသောက်ပါ (ဘာမှမသက်ဆိုင်ပါဘူး)။ ဟလာလ် အစားအစာကို ကျွန်မ စားနိုင်ရမှာဖြစ်သလို သူတို့က သူတို့ရဲ့ ဟလာလ် မဟုတ်တဲ့ အစားအစာကို စားနိုင်တာပါပဲ။ သာမန် ရုံးအလုပ်တစ်ခု လိုချင်သူအပေါ် လူမျိုးရေး ခွဲခြားမှု မှတ်ချက်နဲ့ အဆုံးသတ်တာ ခံရပါတယ်” ဟု သူမက ပြောပြသည်။
    ဖေ့စ်ဘွတ်ပေါ်မှတ်ချက်ပေးသူအများစုမှာ ကုမ္ပဏီကို ဝေဖန်ပြစ်တင်လျက် သူမကို စာနာအားပေးခဲ့ကြသည်။
    “မိမိ နှစ်သက်ရွေးချယ်တဲ့အစားအစာက ရုံးဝန်ထမ်းအလုပ်ရဲ့လုပ်ကိုင်စွမ်းရည်ကို ဘယ်အကြောင်းကြောင့် အကန့်အသတ် ဖြစ်သွားစေမှာလဲ၊ ဒီလိုဖြစ်စရာလို့ ကျွန်တော် မမြင်ပါဘူး” ဟု ၎င်းအပေါ်တုန့်ပြန်သူ M Fauzi မှ ဆိုပါသည်။
    Ref : sg.news.yahoo.com
  • ၂၂ နှစ်တာ ကျွန်ပြုခံဘ၀မှ လွတ်မြောက်လာသည့် မြန်မာငါးဖမ်းသမား တစ်ဦးရဲ့ အိမ်အပြန်
    ၂၂ နှစ်တာ ကျွန်ပြုခံဘ၀မှ လွတ်မြောက်လာသည့် မြန်မာငါးဖမ်းသမား တစ်ဦးရဲ့ အိမ်အပြန်
    ဇူလိုင် ၂ ၊ ၂၀၁၅
    M-Media
    ADVANCE FOR RELEASE WEDNESDAY, JULY 1, 2015, AND THEREAFTER - In this May 16, 2015 photo, former slave fisherman Myint Naing and his mother, Khin Than, cry as they are reunited after 22 years at their village in Mon State, Myanmar. Myint, 40, is among hundreds of former slave fishermen who returned to Myanmar following an Associated Press investigation into the use of forced labor in Southeast Asia’s seafood industry. (AP Photo/Gemunu Amarasinghe)
    – သူလုပ်ခဲ့သည့် အရာအားလုံးက အိမ်ပြန်ရန် တောင်းဆိုခြင်းဖြစ်သည်။ ထိုတောင်းဆိုမှုကို နောက်ဆုံးအကြိမ် ပြောခဲ့စဉ်က ကျွန်ပြုခံ မြန်မာနိုင်ငံသား မြင့်နိုင်တစ်ယောက် သေလုမျောပါး အရိုက်ခံလိုက်ရသည်။ သို့သော်လည်း အင်ဒိုနီးရှား၏ ဝေးလံခေါင်ဖျားသောဒေသရှိ စက်လှေပေါ်တွင် အတင်း အဓမ္မမ ခိုင်းစေခံရမှု ၈ နှစ်တာလွန်မြောက်ခဲ့ပြီးနောက် မြင့်နိုင်မှာ မိခင်ဖြစ်သူကို တွေ့ရရေး အန္တရာယ် အားလုံးကို ရင်ဆိုင်ရန် စိတ်ဆန္ဒဖြစ်လာခဲ့သည်။
    ထို့ကြောင့် သူ့အား လွတ်မြောက်ခွင့်ပေးရန် အတွက် မြေကြီးပေါ်တွင် ၀ပ်တွားတောင်;ပန်ခဲ့သည်။ သို့သော် စက်လှေမှထွက်သွားရန် ကြိုစားမှုအတွက် စက်လှေပိုင်ရှင်က သူ့အား သတ်ရန်အထိပင် စိတ်ပိုင်းဖြတ်ခဲ့ပြီး ၃ ရက်တိုင်တိုင် အစာရေစာမကျွေးဘဲ သံကြိုးနှင့် ချည်ထားခဲ့လေသည်။
    မြင့်နိုင်တစ်ယောက် လောကကြီးမှ ပျောက်ကွယ်သွားမှာ ကြောက်ခဲ့သည်။ သို့ဆိုလျှင် မိခင်ဖြစ်သူက သူ့အား မည်သည့်နေရာတွင် ရှာဖွေရမှန်း သိမည်မဟုတ်။
    မြင့်နိုင်မှာ အရှေ့တောင်အာရှ ငါးဖမ်းလုပ်ငန်းတွင် ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည့် လုပ်အား ခေါင်းပုံဖြတ်အမြတ်ထုတ်မှုကို AP သတင်းဌာနက တစ်နှစ်ကြာ စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး ကယ်တင်ခြင်းခံရသော၊ နေရပ်ပြန်ပို့ခြင်းခံရသော ယခင်နှင့် ယခုလက်ရှိ ကျွန်ပြုခံ အလုပ်သမား ၈၀၀ ကျော်မှ တစ်ဦးဖြစ်လေသည်။
    ထိုင်းနိုင်ငံ၏ တရိပ်ရိပ်တက်နေသော ပယ်လယ်စာ လုပ်ငန်း တစ်ခုတည်းတွင်ပင် ရွှေ့ပြောင်းလုပ်သား ခန့်မှန်းချေ ၂ သိန်းခန့် အလုပ်လုပ်နေကြသည်။ ၎င်းတို့ထဲမှာ အများစုမှာ လိမ်လည်လှည့်ဖြားခြင်း၊ ပြန်ပေးဆွဲခြင်း သို့မဟုတ် ရောင်းစားခြင်းတို့ ခံရပြီးနောက် ငါးဖမ်းစက်လှေများပေါ်တွင် အလုပ်လုပ်နေကြရသည်။ ထိုကြမ်းကြုတ်သည့် လူကုန်ကူးမှု ဖြစ်ပွားနေသည်မှာ ဆယ်စုနှစ်နှင့်ချီ၍ ကြာပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် ဂျပန်နိုင်ငံများရှိ ညစာ စားပွဲဝိုင်းများ၊ ကြောင်စာခွက်များတွင် လိုအပ်နေသည့် ငါးဟင်းလျာကို ဖြည့်ဆည်းပေးရန်  ကုမ္ပဏီများက ကျွန်ပြုခံလုပ်သားများအပေါ် မှီခိုနေကြသည်။
    ADVANCE FOR RELEASE WEDNESDAY, JULY 1, 2015, AND THEREAFTER - In this May 16, 2015 photo, former slave fisherman Myint Naing, foreground left, comforts his mother, Khin Than, after she fainted in Mon State, Myanmar, following their reunion after Myint returned after having been gone for 22 years. Myint, 40, is among hundreds of former slave fishermen who returned to Myanmar following an Associated Press investigation into the use of forced labor in Southeast Asia’s seafood industry. (AP Photo/Gemunu Amarasinghe)
    မြင့်နိုင်၊ ၎င်း၏ သူငယ်ချင်းများနှင့် မိသားစုများက အိမ်ပြန်ခရီးစဉ်တွင် လိုက်ပါခဲ့သည့် AP သို့ ဇာတ်ကြောင်းကုန်စင် ပြောပြခဲ့သည်။ ထိုအကြောင်းအရာများက AP မှ အင်တာဗျူးခဲ့သော၊ သို့မဟုတ် စာဖြင့် ပြောပြခဲ့သော မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ ယခင်နှင့် လက်ရှိ ကျွန်ပြုခံလုပ်သား ၃၃၀ ကျော်ထဲမှ အများစု၏ ပြောပြချက်များနှင့် အတော်လေးသွားတူနေသည်။
    ၁၉၉၃ ခုနှစ်က ပွဲစားတစ်ယောက်မှာ မြန်မာနိုင်ငံတောင်ပိုင်းရှိ မြင့်နိုင်နေထိုင်ရာ ရွာသို့ လာရောက်ခဲ့ပြီး လူငယ်များအတွက် ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟု ကတိပေးခဲ့သည်။ ထိုစဉ်က မြင့်နိုင်မှာ အသက် ၁၈ နှစ်သာရှိသေးပြီး ခရီးဝေးသွားဖူးသည့် အတွေ့အကြုံလည်းမရှိ။ သို့သော် မိသားစုက ငွေရေးကြေးရေး အဆင်မပြေ။ ထို့ကြောင့် နောက်ဆုံးတွင် မိခင်ဖြစ်သူက လိုက်လျောခဲ့သည်။ ပွဲစား နောက်တစ်ခေါက်ပြန်လာသည့်အခါ သူစုထားသည့် လုပ်သားသစ်များကို အိတ်များယူပြီး အမြန်လိုက်ခဲ့ရန် အပူတပြင်းပြောလေသည်။
    ထိုအချိန်တွင် မိခင်ဖြစ်သူက အိမ်တွင်မရှိ။ မြင့်နိုင်တစ်ယောက် မိခင်ကို နှုတ်ဆက်စကားပင် မပြောလိုက်ရ။
    တစ်လကြာသည့်အခါတွင်တော့ မြင့်နိုင်မှာ ပင်လယ်ထဲသို့ ရောက်နေပြီဖြစ်သည်။ နောက် ၁၅ ရက်ကြာသည့်အခါ သူစီးလာသည့် သင်္ဘောက အင်ဒိုနီးရှားရှိ ဝေးလံခေါင်ဖျားသော တွာလ်ကျွန်းတွင် နောက်ဆုံး ဆိုက်ကပ်သည်။ တွာလ်ကျွန်း၏ ပတ်ပတ်လည်ရေပြင်မှာ ကမ္ဘာပေါ်တွင် ငါးအကြွယ်ဝဆုံး နေရာများထဲမှ တစ်ခုဖြစ်သည်။ ထိုင်းလူမျိုး စက်လှေကပ္ပတိန်က သင်္ဘောပေါ်ရှိ လူတိုင်းကို ၎င်းက ပိုင်ဆိုင်သွားပြီဟု ဟစ်အော်ကြေညာခဲ့သည်။
    “မင်းတို့မြန်မာတွေ ဘယ်တော့မှ အိမ်မပြန်ရတော့ဘူး။ မင်းတို့ကို ရောင်းလိုက်ပြီ။ ဘယ်သူမှ မင်းတို့ကို လာကယ်မှာမဟုတ်ဘူး”
    ADVANCE FOR RELEASE WEDNESDAY, JULY 1, 2015, AND THEREAFTER - In this May 16, 2015, photo, former slave fisherman Myint Naing, center, his mother Khin Than, right and sister Mawli Than, left, walk toward their home while crying after they were reunited after 22 years in their village in Mon State, Myanmar. Myint, 40, is among hundreds of former slave fishermen who returned to Myanmar following an Associated Press investigation into the use of forced labor in Southeast Asia’s seafood industry. (AP Photo/Gemunu Amarasinghe)
    တစ်ကြိမ်ထွက်လျှင် မြင့်နိုင်တစ်ယောက် ပင်လယ်ထဲ၌ သီတင်းပတ်ပေါင်းများစွာ ကုန်ဆုံးရပြီး ထမင်းသာစား၍ အသက်ရှင်ရသည်။ ဖမ်းဆီးရမိသည့် ငါးများကို မည်သူ့မှစား၍မရ။ ထိုင်းနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုမှာ ကျယ်ပြန့်လာသောကြောင့် ငါးဖမ်းစက်လှေများမှာ နိုင်ငံခြား ရေပိုင်နက်အထိ ၀င်ရောက်ရာ ငါးအလွန်အကျွံဖမ်းခြင်းကို ပြုလုပ်လာကြသည်။ ထို့ကြောင့် ရွှေ့ပြောင်း လုပ်သားများမှာ ရေပေါ် အကျဉ်းထောင်တွင် လနှင့်ချီ၍ နှစ်နှင့်ချီ၍ ပိတ်မိနေကြတော့သည်။
    အလုပ်များသည့် အချိန်များတွင် ၎င်းတို့မှာ တစ်ရက်လျှင် ၂၄ နာရီလုံးလုံး အလုပ်လုပ်ရသည်။ ဆေးဝါးမရှိ။ ကြိုချက်ထားသော ပင်လယ်ရေသာ သောက်ရသည်။ ခဏနားသည့် သို့မဟုတ် နေမကောင်းသည့် မည်သူ့ကိုမဆို ကပ္ပတိန်က ရိုက်နှက်သည်။ အချို့ငါးဖမ်းစက်လှေများတွင် အလုပ်အကိုင်နှေးသူများကို သတ်ပစ်ကြပြီး အချို့စက်လှေများတွင်မူ ရေထဲသို့ တွန်းချကြသည်ဟု ငါးဖမ်းသမားများက ဆိုသည်။
    မြင့်နိုင်မှာ တစ်လ လျင် ၁၀ ဒေါ်လာသာရပြီး တစ်ခါတစ်ရံတွင် လုံးဝ မရ။ ၃ နှစ်တာလုပ်ကိုင်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် ၎င်းက တော်လောက်ပြီဟု ဆုံးဖြတ်ပြီး အိမ်ပြန်ရန်အတွက် ပထမဆုံးအကြိမ် တောင်းဆိုခဲ့လေသည်။
    တောင်းဆိုမှု၏ အဖြေက ဆိုင်ကယ်ဦးထုပ်နှင့် ခေါင်းကွဲအောင် အရိုက်ခံရခြင်းသာ ဖြစ်သည်။
    ထို့နောက် မြင့်နိုင်မှာ ထွက်ပြေးခဲ့သည်။ အင်ဒို မိသားစုတစ်စုက သနားသဖြင့် သူ့အား ကယ်ထားပြီး ဒဏ်ရာများပျောက်ကင်းအောင် ကုသပေးသည်။ ထို့နောက် အစားသောက်နှင့် နေရာထိုင်ခင်းပေးပြီး ၎င်းတို့၏ လုပ်ငန်းတွင် အလုပ်ပေးသည်။ ထိုရိုးရှင်းသော ဘ၀ကို မြင့်နိုင်တစ်ယောက် ငါးနှစ်ကြာ ဖြတ်သန်းခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံမှ ဆွေမျိုးများ၊ ငါးဖမ်းစက်လှေပေါ်တွင် ကျန်ခဲ့သည့် သူငယ်ချင်းများကို သူက မေ့လို့မရ။
    ၂၀၀၁ ခုနှစ်တွင် ကပ္ပတိန် တစ်ယောက်က အလုပ်လုပ်ရန် သဘောတူလျှင် အိမ်ပြန်ပို့ပေးနေသည်ဟူသော သတင်းကို သူကြားခဲ့သည်။ ထို့ကြောင့် အင်ဒိုနီးရှားတွင် ၈ နှစ်ကြာ နေခဲ့ပြီးနောက် ပင်လယ်ထဲသို့ တစ်ဖန်ပြန်ထွက်ခဲ့လေသည်။
    သို့သော်လည်း အခြေအနေက ပထမအကြိမ်တုန်းကကဲ့သို့ပင် ဆိုးရွားပြင်းထန်ပြီး ငွေကြေးလည်း တစ်ပြားတစ်ချပ်မှမရ။ ထို့ပြင် ကျွန်ပြုရန် လူကုန်ကူးမှုက ပိုပိုဆိုးလာသည်။ မြင့်တက်လာသော ၀ယ်လိုအားကို ပြည့်မီစေရန်အတွက် ပွဲစားများမှာ ဆေးစွဲနေသော၊ ပြန်ပေးဆွဲလာသော ရွှေ့ပြောင်းလုပ်သားများကို သင်္ဘောပေါ်သို့ ပို့ဆောင်လာကြသည်။
    နောက်တစ်ကျော့ ပင်လယ်ပြင်တွင် ၉ လာတာကြာမြင့်ပြီးနောက် မြင့်နိုင်၏ စက်လှေကပ္ပတိန်က သင်္ဘောသားအားလုံးကို စွန့်ပစ်ကာ ထိုင်းနိုင်ငံသို့ တစ်ယောက်တည်းပြန်တော့မည်ဟု ပြောလာသည်။ ခံပြင်းမှု မျှော်လင့်ချက်မဲ့မှုနဲ့အတူ ကျွန်ပြုခံ မြန်မာလုပ်သား မြင့်နိုင် တစ်ယောက် အိမ်ပြန်ရန်အတွက် တစ်ကြိမ် ထပ်တောင်းပန်ရလေသည်။ ထမင်းမစားရဘဲ သံချိုးဖြင့်ချည်ကာ ၃ ရက်ခန့် ပိတ်လှောင်ထားခံရသည်မှာ ထိုအချိန်တွင်ဖြစ်သည်။
    မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် နီးစပ်ရာမျက်စိကစားသည့် မြင့်နိုင်မှာ သော့ဖွင့်ရန်အတွက် သံပြားငယ်တစ်ခုကို သွားတွေ့သည်။ နာရီများစွာ ကြိုးစားပြီးနောက် သော့ပွင့်သွားသည့်အသံကို သူကြားရသည်။ လက်ထိပ်မှာ ပြုတ်သွားသည်။ သန်းခေါင်ကျော်အချိန်ခန့်တွင် မြင့်နိုင်မှာ မည်းမှောင်နေသော ရေပြင်ထဲသို့ ဒိုင်ဗင်ထိုးချခဲ့ပြီး ကမ်ခြေသို့ ကူးသွားခဲ့လေသည်။
    ထို့နောက် တွာလ်ကျွန်းရှိ တောထဲတွင် မြင့်နိုင်မှာ ပုန်းနေရသည်။ စက်လှေပိုင်ရှင်များထံသို့ ပြန်ပို့မည်ကို စိုးရိမ်သောကြောင့် ရဲစခန်းလည်း မသွားရဲ။ အိမ်ကို ဖုန်းဆက်ရန်မှာလည်း သူ့တွင် ဖုန်းနံပါတ်မရှိ။ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူအဖြစ် သတ်မှတ်မည်စိုးသောကြောင့် မြန်မာသံရုံးသို့ အကြောင်းကြားရမည်ကိုလည်း သူက ကြောက်နေသည်။
    ဆယ်စုနှစ်တစ်ခုနီးပါးကြာ ကျွန်ပြုခံရမှုတွင် သူ လမ်းပျောက်နေသည်။ ထို့ပြင် လေဖြတ်ချင်သလိုဖြစ်လာပြီး ညာဖက်လက်တစ်ဖက်မှာ လှုပ်ရှားမရ ဖြစ်လာသည်။ စက်လှေပိုင်ရှင်က ပြောသည့်စကားမှာ မှန်သည်ဟု မြင့်နိုင် ယုံကြည်စ ပြုလာလေသည်။ လွတ်မြောက်ရာ လမ်း တစ်ကယ်ပင်မရှိ။
    အခုအချိန်တွင် မိခင်ဖြစ်သူ၏ ပုံပန်း သွင်ပြင်ကိုလည်း သူ မမှတ်မိတော့။ ညီမငယ်တစ်ယောက် လူလားမြောက်လာမည်ဆိုသည်ကိုတော့ သူသိသည်။
    ၂၀၁၁ ခုနှစ်တွင် အထီးကျန်မှုကို မခံစားနိုင်သည့်အတွက်ကြောင့် မြင့်နိုင်မှာဒိုဘိုကျွန်းကို ပြောင်းခဲ့သည်။ ထိုကျွန်းတွင် ကျွန်ပြုခံ မြန်မာနိုင်ငံသား တစ်စု ရှိသည်ဟု ကြားသောကြောင့်ဖြစ်သည်။ မြင့်နိုင်မှာ လျှို့ဝှက်စွာပင်နေထိုင်ပြီး ကိုယ်တိုက် စိုက်ပျိုးရရှိသည်များကို စားသောက်၍ အသက်ဆက်နေလေသည်။
    ထို့နောက် ကျွန်ပြုခံနေရသူများအကြောင်း AP ၏ ဖော်ပြမှုကြောင့် အင်ဒိုနီးရှားအစိုးရက ယခင်နှင့် ယခုလက်ရှိ ကျွန်ပြုခံရသူများကို စတင် ကယ်တင်နေသည်ဟု ဧပြီလ ၁ ရက်နေ့တွင် သူငယ်ချင်းတစ်ယောက်က သူ့ကို ပြောခဲ့သည်။ တာဝန်ရှိသူများက ဒိုဘိုသို့လာကာ မြင့်နိုင်ကို ခေါ်ပြီး ယခင် ၎င်းကျွန်ပြုခိုင်းစေခံခဲ့ရသော တွာလ်ကျွန်းတို့ ပြန်လည်ခေါ်ဆောင်သွားကာ အခြားလွတ်မြောက်သူ ရာပေါင်းများစွာနှင့် အတူထားပေးခဲ့သည်။
    အင်ဒိုနီးရှားနိုင်ငံတွင် ၂၂ နှစ်တာ ကုန်လွန်ခဲ့ရသည့် မြင့်နိုင်မှာ နောက်ဆုံးတွင် အိမ်ပြန်ရတော့မည်။ သို့သော်လည်း သူဘာတွေ့ရမလဲဟု စဉ်းစားနေသည်။
    မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်အတွက် ပထမတော့ သူက ကြောက်နေသေးသည်။ ယခုအချိန်တွင် အသက် ၄၀ အရွယ်ရှိပြီဖြစ်သည့် မြင့်နိုင်တစ်ယောက် သူ၏ ဇာတိမြေနှင့် လုံးဝ သူစိမ်းယောက်လို ဖြစ်နေခဲ့ပြီ။
    သူ၏ ရွာလေးသို့လာသည့်လမ်းတွင် ကျော့ရှင်းသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။
    နှစ်ယောက်စလုံးမှာ အားရ၀မ်းသာစွာဖြင့် ဖက်လိုက်ကြပြီး ပျော်ရွှင်မှု၊ အချိန်များစွာကြာ ခွဲခွာနေရခြင်းကြောင့် ၀မ်းနည်းမှုတို့ဖြင့် မျက်ရည်များက စီးတွေကျလာခဲ့သည်။
    “အစ်ကိုကြီးရယ်။ ပြန်လာတာအရမ်းကောင်းပါတယ်” ဟု မြင့်နိုင်၏ ညီမငယ်က ကြေကွဲဆို့နင့်စွာ ပြောလေသည်။
    “ညီမလေးတို့ ပိုက်ဆံမလိုပါဘူး။ မိသားစုပဲလိုတာပါ”
    မိနစ်အနည်းငယ်အကြာတွင် သူ့ဆီကိုပြေးလာနေသည့် မိခင်ဖြစ်သူကို တွေ့လိုက်ရသည်။
    မြင့်နိုင်တစ်ယောက် ချုံပွဲချငိုကြွေးကာ မြေကြီးပေါ်သို့ လဲကျသွားသည်။ မိခင်က လက်မောင်းကိုကိုင်၍ ဆွဲထူပြီး သားဖြစ်သူ၏ ခေါင်းကို ဖွဖွလေး ပွတ်သပ်ပေးသည်။ ထို့နောက် အသာအယာပွေ့ဖက်ကာ မြင့်နိုင်အား အားရအောင် ငိုကြွေးစေခဲ့သည်။
    နောက်ဆုံးတော့ မြင့်နိုင်မှာ သူ၏ အိပ်မက်ထဲမှ မျက်နှာများကို အနှောင်အဖွဲ့ကင်းစွာ တွေ့မြင်ရပြီဖြစ်သည်။ သူ့အနေဖြင့် နောက်ထပ် ဘယ်တော့မှ မေ့မည်မဟုတ်တော့။
    Source:AP
    မိုးဝေဘာသာပြန်သည်။
  • မန္တလေးတွင် လက်နက်မှုဖြင့် အဖမ်းခံရသူများ နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲခံရမည်ဟု ဆို
    မန္တလေးတွင် လက်နက်မှုဖြင့် အဖမ်းခံရသူများ နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲခံရမည်ဟု ဆို
    ဇူလိုင် ၁ ၊ ၂၀၁၅
    ဧရာဝတီမှ ကူးယူဖော်ပြသည်။
    .MDY2
    မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် သေနတ်များ၊ ဆက်သွယ်ရေးစက်များနှင့် မူးယစ်ဆေးဝါး တချို့ တရားမဝင် လက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးထားသူများကို နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အရာရှိတဦးက ပြောသည်။
    .
    “သေနတ်တွေနဲ့ ပတ်သက်တဲ့ ကိစ္စကို သက်သေအခိုင်အလုံ မပြနိုင်ရင်တော့ နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲမှာပါ။ ဒီလက်နက်တွေဟာ ဘာသာရေးကိစ္စနဲ့ ဆက်နွယ်နေသလား၊ လက်နက်အရောင်းအဝယ် လုပ်သလား စသည်ဖြင့် သူတို့ရဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်ပြီး စစ်ဆေးနေတုန်းပဲ။ အမဲလိုက်တယ်ဆိုရင်လည်း သာမန်အားဖြင့်က ၂ လက်၊ ၃ လက်ကို လိုင်စင်နဲ့ပေါ့။ အခုက အရေအတွက်အားဖြင့် သံသယဖြစ်စရာ ရှိနေတယ်” ဟု မန္တလေးတိုင်း အဆိုပါ အရာရှိက ဧရာဝတီကို ပြောဆိုသည်။
    .
    ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် အောင်ကျော်မိုးနှင့် အောင်ဇော်မိုးတို့ ညီအစ်ကို အပါအဝင် ဆက်စပ်သူများဖြစ်သည့် စိုးသူအောင်၊ သက်ဦးမောင်နှင့် မင်းမင်းတို့ ၅ ဦးကို စဥ့်ကူး – ရွှေဘို ကားလမ်းပေါ်တွင် အမဲပစ်သေနတ်၊ စကားပြောစက်၊ မူးယစ်ဆေးဝါး တချို့နှင့်အတူ ပြီးခဲ့သည့် ဇွန် ၂၆ ရက်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
    .
    ဆက်စပ်စုံစမ်းမှုအရ ဇွန် ၂၇ ရက်တွင် ၎င်းတို့၏နေအိမ်၌ သေနတ်များ ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း လက်နက် အလက် ၄၀ ကျော် ရှိသည့်အတွက် လက်နက် ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ ဆက်သွယ်ရေး စက်ကိရိယာ တရားမဝင် ကိုင်ဆောင်မှုနှင့် သာမန်လက်နက်မှု စသည့် ပုဒ်မ ၁၉ (က)၊ ၂၂ (ခ)၊ ၁၉ (ခ)၊ ၁၉ (င) အပါအဝင် ပုဒ် ၅ ခုဖြင့် အမှုဖွင့်ကာ စုံစမ်း စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
    .
    ဖမ်းဆီးခံထားရသူများ ဖြစ်သည့် အောင်ကျော်မိုးနှင့် အောင်ဇော်မိုးတို့၏ ဖခင်ဖြစ်သူသည် ဒုရဲမှူး (အငြိမ်းစား) တဦးဖြစ်ပြီး ဖမ်းမိထားသည့် လက်နက်အများစုသည် ၎င်းတို့ဖခင် ရှိစဉ်ကာလက အမဲလိုက်ရာတွင် အသုံးပြုခဲ့သည့် လက်နက်များ ဖြစ်ကြောင်းနှင့် ၎င်းတို့ကိုယ်တိုင်လည်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မဟာမြိုင် တောဘက်သို့ အမဲပစ် ထွက်လေ့ရှိကြောင်း ထိုလက်နက်များ သိမ်းဆည်းထားခြင်းသည် တခြားရည်ရွယ်ချက် မရှိပါဟု ထွက်ဆိုချက် ပေးထားကြောင်း သိရသည်။
    .
    ထို့အပြင် ဇွန် ၃၀ ရက်တွင် အောင်ဇော်မိုး၏ ဇနီးဖြစ်သူက ၎င်း၏သဘောဆန္ဒအရ အမဲပစ်ရိုင်ဖယ်၊ ပစ္စတို၊ ခြောက်လုံးပြုးသေနတ် အပါအဝင် သေနတ် ၁၉ လက်ကို မန္တလေး စီအိုင်ဒီ (CID) တပ်ဖွဲ့သို့ လာရောက် အပ်နှံခဲ့သေးသည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ပြောဆိုသည်။
    .
    မန္တလေးတိုင်း ဒေသကြီးအတွင်း ထိုသို့လက်နက်များ ဖမ်းဆီးရမိခဲ့သည့်အပေါ် လူမှုမီဒီယာများတွင် သတင်းအမျိုးမျိုး ထွက်ပေါ် ပျံ့နှံ့နေသည့် အတွက်ကြောင့် အမှုဖြစ်စဉ် အမှန်ကို မကြာခင် ထုတ်ပြန်သွားမည်ဖြစ်ပြီး လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ စီအိုင်ဒီ (CID)၊ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့) တို့ ပူးပေါင်းပြီး စိစစ်လျက်ရှိကြောင်း အမည်မဖော်လိုသူ အရာရှိက ပြောသည်။
    .
    “နယ်စပ်ဘက်မှာ ကိုးကန့်တို့ ဘာတို့တွေက စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတော့ မိုးကုတ်ဘက်ကနေ မန္တလေးဘက်ကို ဝင်လာမှာ စိုးရိမ်လို့ စဥ့်ကူးတို့၊ တန့်ဆည်တို့ စတဲ့ နေရာတွေမှာ တပ်မတော်နဲ့ ရဲနဲ့ ပူးပေါင်းပြီး ပိတ်ဆို့ရှာဖွေမှုတွေ လုပ်တယ်။ သတင်းအရရော ဒီအတိုင်း (ပုံမှန်စစ်ဆေးတာ) ရောပေါ့ ” ဟု ၎င်းက ဆိုသည်။
    .
    အလားတူး ဇွန် ၃၀ ရက်က စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တန့်ဆည်မြို့နယ် ကဒူးမရွာနေ ဒေသခံဖြစ်သူ ဦးကြည်ဆွေထံမှ ပွိုင့် ၂၂ နှစ်လက် သိမ်းဆည်းမိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
    .
    http://burma.irrawaddy.org/news/2015/07/01/77288.html
  • တောင်ဖီလာ သင်္ချိုင်းအား သိမ်းယူခြင်းကို မကျေနပ်၍ ချင်းခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ဆန္ဒထုတ်ဖော်
    တောင်ဖီလာ သင်္ချိုင်းအား သိမ်းယူခြင်းကို မကျေနပ်၍ ချင်းခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ဆန္ဒထုတ်ဖော်
    ဇူလိုင် ၁ ၊ ၂၀၁၅
    မြစ်မခမှ ကူးယူဖော်ပြသည်။
    .11703044_886562858095998_5348240789724400330_n-660x330
    ကလေးမြို့ တောင်ဖီလာရပ်ကွက် နယ်မြေ(၈)ရှိ ဘာသာရေးပိုင် သင်္ချိုင်းမြေနေရာအား တိုင်းရင်းဆေးရုံ ဖွင့်လှစ် ရန်အတွက် စည်ပင် နယ်မြေအဖြစ်သိမ်းယူခြင်းကို မကျေနပ်သဖြင့် ကလေးမြို့ရှိ ချင်းခရစ်ယာန် ဂိုဏ်းပေါင်းစုံ က ဇွန်လ(၂၉)ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။
    .
    အဆိုပါ သင်္ချိုင်းသည် ၁၉၁၄ ခုနှစ်ကတည်းကရှိခဲ့သော နှစ်တစ်ရာပြည့် သင်္ချိုင်းမြေဖြစ်ကြောင်း၊ အုပ်ချုပ်ရေး နှင့် စည်ပင်ဌာနသည် ၎င်းသင်္ချိုင်းမြေပေါ်မှ အုတ်ဂူများကို ဇွန်(၃)ရက်နေ့ နံနက်(၃း၀၀)နာရီတွင် စက်ယန္တရားဖြင့် ဖြိုဖျက်ခဲ့ကြောင်း သိရသည်။
    .
    “ဘိုးဘွားများပိုင်ခဲ့တဲ့ LAND RECORDS 105-A ပိုင်တဲ့ ဂရမ်ရှိတဲ့ သင်္ချိုင်းမြေဖြစ်ပါတယ်။ လွှတ်တော်မှာ ကျွန်မတို့ တင်ထားတဲ့စာရှိတယ်။ လွှတ်တော်က အဆုံးအဖြတ်မပေးခင်၊ တိုင်းဒေသကြီးကလည်း အမိန့်စာ မရှိခင်မှာ ဇွန်(၃)ရက်နေ့၊နံနက်(၃)နာရီမှာ ရဲအင်အားသုံးပြီး သင်္ချိုင်းကို ဖျက်ဆီးပျက်ခဲ့တဲ့ အတွက် ဆန္ဒ ဖော်ထုတ်ရခြင်းဖြစ်ပါတယ်။ ဘိုးဘွားပိုင်မြေဖြစ်တဲ့ အတွက် ပြန်ပြီးလိုချင်တယ်။”ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် ဒေါ်သန်းသန်းဌေးကပြောသည်။
    .
    အဆိုပါ သင်္ချိုင်းမြေနေရာတွင် (၂၅)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ တည်ဆောက်ရန် စည်ပင်ပိုင်မြေအဖြစ် သိမ်းယူခဲ့ခြင်းဖြစ်သည်။
    .
    “တိုင်းဒေသကြီးအစိုးရအစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဒီသင်္ချိုင်းမြေနေရာကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက ဖျက်သိမ်းထားပြီးသားဖြစ်တယ်။ ဒါကြောင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီ၊မြို့ အထောက်အကူပြု ကော်မတီနှင့် စည်ပင်သာယာရေး ကော်မတီတို့ စည်းဝေးတိုင်ပင်ပြီး ဒီသုဿာန်မြေနေရာမှာ (၂၅) ကုတင်ဆံ့တိုင်းရင်းဆေးရုံ ဆောက်ဖို့ ရွေးချယ်ခဲ့ကြတာပါ။ အုတ်ဂူတွေကိုလည်း ရှင်းလင်းပြီးသွားပါပြီ။ ဆန္ဒဖော်ထုတ်တာနဲ့ ပတ်သက် ပြီးတော့ သူတို့က တရားဝင်ခွင့်ပြုချက်ယူပြီး လုပ်ကြတာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့  ဘာမှ မပြောလို ပါဘူး။”ဟု ကလေးမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးခိုင်က ပြောသည်။
    .
    ၎င်းသင်္ချိုင်းမြေနေရာကို ပိုင်ဆိုင်သည့် ခရစ်ယာန်ဘာသာပေါင်းစုံ အသင်းတော်များမှာ မူလအသင်းတော် ဖြစ်သည့် နှစ်ခြင်း အသင်းတော်၊ အေဂျီအသင်းတော်၊ ပြည့်စုံသော သတင်းကောင်း အသင်းတော်နှင့် အာရ်စီအသင်းတော်တို့ဖြစ်ကြောင်း သိရသည်။
    .
    ဆန္ဒဖော်ထုတ်ခြင်းကို ကလေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ခွင့်ပြုချက် ရယူဆောင်ရွက် ခဲ့ကြောင်း၊ တောင်ဖီလာရာပြည့် ခန်းမမှ စတင်စုဝေး ထွက်ခွာကာ ဂေါက်ကွင်းလမ်း-ဗိုလ်ချုပ်လမ်း-ရာဇဂြိုဟ်လမ်း-ကျန်းစစ်သားလမ်းအတိုင်း စီတန်း လှည့်လည်ကာ သုဿာန်မြေနေရာအထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ချင်းခရစ်ယာန်ဂိုဏ်း ပေါင်းစုံမှ ချင်းတိုင်းရင်းသား အင်အား(၂၀၀)ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။
    .
    “ပထမခြေလှမ်းအနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တယ်။ ဒီသင်္ချိုင်းမြေကို ပြန်ရဖို့ အစွမ်းကုန် ကြိုးစားနေတယ်။ ဒီမြေနေရာကို အသင်းတော်ပေါင်းစုံကပူးပေါင်းပြီး ရပ်ရွာဖွံ့ဖြိုးရေးအတွက် တတ်အားသရွေ့ ဆောင်ရွက်ဖို့ ရှိပါတယ်။ သူတို့ဘက်က လိုက်ရောမှုမရှိဘူးဆိုရင်တော့ ကျွန်တော်တို့ပြန်စည်းဝေးပြီး ဘာဆက်လုပ်မယ် ဆိုတာကို ပြောနိုင်မှာပါ။”ဟု ခရစ်ယာန် ဂိုဏ်းပေါင်းစုံကော်မတီဝင် တစ်ဦးကပြောသည်။
    .
    ဘာသာပေါင်းစုံ သုသာန်မြေကော်မတီနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ညှိနှိုင်းဆွေးနွေးနိုင်စေရန် ဆောင်ရွက် ခဲ့သော်လည်း တစ်ဖက်နှင့်တစ်ဖက် တင်းမာမှုများ ရှိခဲ့သဖြင့် သုသာန်မြေကိစ္စသည် ဆန္ဒဖော်ထုတ်ရသည် အထိ ဖြစ်လာကြောင်း ကလေးမြို့နယ်၊ မဲဆန္ဒနယ်(၁)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သန်းက ပြောသည်။
    .
    ကျော်သူစိုး (မြစ်မခ)
    http://myitmakhamediagroup.com/news/public-news/4375/