News @ M-Media

Author: M-Media

  • မွတ်စလင် ခရီးသွားများ အဆင်ပြေစေဖို့ ဖုန်း App တစ်ခုကို ထိုင်းအစိုးရ ဖြန့်ချီ

    မွတ်စလင် ခရီးသွားများ အဆင်ပြေစေဖို့ ဖုန်း App တစ်ခုကို ထိုင်းအစိုးရ ဖြန့်ချီ

    ဇူလိုင် ၁၊ ၂၀၁၅
    M-Media

    thai-muslim-app

    – မွတ်စလင်ခရီးသွားများ နိုင်ငံအတွင်းရှိ ဗလီဝတ်ကျောင်းတော်များ၊ ဟာလာလ် စားသောက်ဆိုင်များအား ရှာဖွေရာတွင် အကူအညီဖြစ်စေရန်အတွက် စမတ်ဖုန်း အက်ပလီကေးရှင်း တစ်ခုကို ထိုင်းအစိုးရက တနင်္လာနေ့တွင် ထုတ်လုပ်ဖြန့်ချီ လိုက်သည်ဟု သိရသည်။

    “ဒါဟာ ကျွန်တော်တို့ အတွက် ထူးခြားပြီး သမိုင်းဝင်အချိန်ပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ထိုင်းနိုင်ငံကို မွတ်စလင်တွေ  ကျွမ်းဝင်တဲ့ နိုင်ငံ အဖြစ် ပိုပြီးခိုင်မာတဲ့ အခြေအနေ ရောက်စေမယ့် ဗျူဟာအသစ်ကို ဖော်ထုတ် လိုက်တာကြောင့်လည်း ဖြစ်ပါတယ်” ဟု ထိုင်း ခရီးသွားလာရေး အာဏာပိုင်အဖွဲ့ TAT မှ ယာယီ အုပ်ချုပ်ရေးမှူး ဂျူသာပေါင် ရာန်ဂရိုနာဆာက ဇွန်လ ၂၉ ရက်နေ့တွင်
    ပြောကြားခဲ့သည်။

    အဆိုပါအက်ပလီကေးရှင်း အသစ်မှာ ဗလီဝတ်ကျောင်းတော်များ၊ ၀တ်ပြုဆောင်ပါသည့် ဟိုတယ်များ၊ ရှော့ပင်းစင်တာများနှင့် ဟာလာလ် စားသောက်ဆိုင်များကို ရှာဖွေရာတွင် မွတ်စလင်များအတွက် အကူအညီဖြစ်စေမည် ဖြစ်သည်။

    အက်ပလီကေးရှင်းကို အန်ဒရိုက်နှင့် ISO နှစ်မျိုးစလုံးတွင် ရရှိသုံးစွဲနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာ Store များတွင် အခမဲ့ ဒေါင်းလုပ် ဆွဲသွားနိုင်မည်ဟု ရာန်ဂရိုနာဆာက အက်ပလီကေးရှင်း မိတ်ဆက် အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထိုသို့ဆောင်ရွက်မှုမှာ အာရှ၏ ခရီးသွားလာရေး ဗဟိုချက်တစ်ခုဖြစ်သော ထိုင်းနိုင်ငံသို့ မွတ်စလင် ခရီးသွားများအား ပိုမိုဆွဲဆောင်ရန် ဆောင်ရွက်သည့် အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြီး နိုင်ငံစီးပွားရေး၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသော ခရီးသွားလာရေးလုပ်ငန်းကို ပိုမိုမြှင့်တင်နိုင်မည်ဟု TAT က မျှော်လင့်ထားသည်။

    ထိုင်းနိုင်ငံ၏ ခရီးသွားလာရေး ကဏ္ဍမှာ စစ်တပ်အာဏာသိမ်းသည့် ၂၀၁၄ ခုနှစ်မှစ၍ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပြီး လနှင်ချီကြာမြင့်ခဲ့သည့် ပြည်သူများ၏ ဆန္ဒပြမှုများကလည်း ခရီးသွားလာရေး လုပ်ငန်းကို ထိခိုက်စေခဲ့သည်။

    “ဟာလာလ်ခရီးသွားလာရေးနဲ့ သက်ဆိုင်တဲ့ ဟိုတယ်တွေ ဖွံ့ဖြိုးအောင်ဆောင်ရွက်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုကို တိုးမြှင့်ဖို့ ကျွန်တော်တို့ ပစ်မှတ်ထားနေပါတယ်။ ဒါတွေအားလုံးဟာ ကျွန်တော်တို့အတွက် အကောင်းဖြစ်စေမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ တက်လာမယ့် လူငယ်မျိုးဆက်သစ်တွေအတွက် ဒါက အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာဖြစ်ပြီး အမျိုးသား ပေါင်းစည်းရေးနဲ့ ပူးပေါင်းပါဝင်ရေးကိုလည်း မြှင့်တင်နိုင်မှာ ဖြစ်တာကြောင့်ပါပဲ” ဟု ရာန်ဂရိုနာဆာက ထည့်သွင်းပြောကြားခဲ့သည်။

    ယခုထုတ်လုပ်ဖြန့်ချီလိုက်သည့် အက်ပလီကေးရှင်းမှာ လောလောဆယ်တွင် ထိုင်းနှင့် အင်္ဂလိပ် ဘာသာစကား ၂ မျိုးဖြင့် အသုံးပြုသွားနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် အာရဗီနှင့် အင်ဒိုနီးရှား ဘာသာစကားများအထိ ချဲ့ထွင်သွားရန် အစီအစဉ်ရှိနေသည်။

    OIC အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများတွင် ထိုင်းနိုင်ငံမှာ စင်ကာပူပြီးနောက် မွတ်စလင် ခရီးသွားများအတွက် ဒုတိယ လူကြိုက်များဆုံး ခရီးသွားဌာနဖြစ်သည်ဟု ၂၀၁၅ ခုနှစ် Global Muslim Travel Index တွင် ဖော်ပြထားသည်။

    “ဒါဟာ ကျွန်တော်တို့မှာ မွတ်စလင် ခရီးသွားတွေအတွက် ထုတ်ကုန်တွေနဲ့ ၀န်ဆောင်မှုတွေ တော်တော်များများ ရှိတာကြောင့်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ရာန်ဂရိုနာဆာက ဆိုသည်။

    ယခုနှစ်အတွင်း ခရီးသွားလုပ်ငန်းမှာ ၂၀၁၄ ခုနှစ်ကထက် ၁၄ ရာခိုင်နှုန်းတိုးကာ စံချိန်တင်ဝင်ငွေ ကန်ဒေါ်လာ ၂၉.၅ သန်း ရရှိမည် မျှော်မှန်းထားကြောင်း ခရီးသွားလာရေးကောင်စီက ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့သည်။

    ဗုဒ္ဓဘာသာဝင် အများစုရှိရာ ထိုင်းနိုင်ငံတွင် အစ္စလာမ်ကို သက်ဝင်ယုံကြည်ကြသူများမှာ ၅ ရာခိုင်နှုန်းရှိသည်။

    Android App Link =>https://play.google.com/store/apps/details?id=com.wisdomlanna.thailandhalalexperience

    ios App Link =>https://itunes.apple.com/my/app/thailand-muslim-friendly-destination/id1002310096?mt=8

    Ref: Businessinsider, onislam

  • တူနီးရှား ပြည်သူများ အကြမ်းဖက်မှုကို ရှုတ်ချ၊ တိုက်ခိုက်ခံရသူများနှင့် တစ်သားတည်းရှိကြောင်း ပြသ

    တူနီးရှား ပြည်သူများ အကြမ်းဖက်မှုကို ရှုတ်ချ၊ တိုက်ခိုက်ခံရသူများနှင့် တစ်သားတည်းရှိကြောင်း ပြသ

    ဇူလိုင် ၁ ၊ ၂၀၁၅
    M-Media
    slide_436656_5721262_free
    – ပြီးခဲ့တဲ့ သောကြာနေ့က တူနီးရှားနိုင်ငံ ကမ်းခြေမြို့လေးဖြစ်တဲ့ ဆော့စီမြို့မှာ ဖြစ်ပွားခဲ့တဲ့ သေနတ်သမားတစ်ဦးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ရှုတ်ချတဲ့အနေနဲ့ တူနီးရှား ပြည်သူတွေက ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

    ဗြိတိန်နိုင်ငံသား ၁၅ ဦး အပါအ၀င် လူပေါင်း ၃၈ ဦး သေဆုံးခဲ့ပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ IS က ကြေညာခဲ့ပါတယ်။

    ဆော့စီက တူနီးရှားပြည်သူတွေဟာ တိုက်ခိုက်မှုအတွင်းမှာ ပစ်မှတ်ထားခံခဲ့ရတဲ့ Imperial Marhaba မှာ စနေနေ့ညပိုင်းက စုရုံးခဲ့ပြီး မြို့တွင်းကို လှည့်လည် ချီတက်ခဲ့ကြပါတယ်။ အဲဒီလူအုပ်ကြီးဟာ တူနီးရှားအလံ၊ ဗြိတိန်အလံတွေ၊ အကြမ်းဖက်ဝါဒကို ရှုတ်ချတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ခဲ့ကြကာ ကျွေးကျော်သံတွေကိုလည်း ကျွေးကျော်ခဲ့ကြပါတယ်။

    တူနီးရှားနိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြတဲ့ တူနီးရှားပြည်သူတွေဟာ သေဆုံးသွားသူတွေရဲ့ မိသားစုတွေ၊ ဆွေးမျိုးတွေနဲ့ ထပ်တူ ထပ်မျှကြေကွဲရတယ်လို့လည်း ဆိုပါတယ်။

    “မနေ့ကဖြစ်ပွားခဲ့တာတွေဟာ တူနီးရှားနိုင်ငံကို ကိုယ်စားမပြုပါဘူး။ ထိခိုက်ခံစားရသူတွေ၊ သူတို့ရဲ့ မိသားစုတွေကို ကျွန်မတို့ တောင်းပန်ပါတယ်။ သူတို့ဟာ ကျွန်မတို့ရဲ့ ဧည့်သည်တွေပါပဲ” လို့ ချီတက်ဆန္ဒပြမှုမှာ ပါဝင်တဲ့ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့ပါတယ်။
    5150-1h9eg02
    တိုက်ခိုက်မှုတွေပြီးတဲ့နောက်ပိုင်း အဲဒီကမ်းခြေကနေ ကမ္ဘာလှည့်ခရီးသွား တော်တော်များများ ပြန်သွားကြပေမယ့် တစ်ချို့တွေကတော့ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဆော့စီပြည်သူတွေရဲ့ ချီတက်ဆန္ဒပြမှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြပါတယ်။

    “တူနီးရှားကို အားပေးဖို့ ကျွန်မတို့ ဆက်နေသွားမှာပါ။ တူနီးရှားဟာ ကျွန်မတို့ရဲ့အားပေးမှုကို လိုအပ်ပါတယ်။ ဒီဟာကြောင့်ပဲ ဒီမှာဆက်နေဖို့ လိုအပ်တာပါ” လို့ အမည်ထုတ်ဖော်ပြောဆိုခြင်း မရှိတဲ့ ခရီးသွားအမျိုးသမီးတစ်ဦးက ပြောကြားခဲ့ပါတယ်။

    ချီတက်ဆန္ဒပြသူတွေဟာ ဖယောင်းတိုင်တွေကိုင်ပြီး ဆုတောင်းမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

    “ဆော့စီဟာ ဘယ်တော့မှ သေမသွားဘူးဟေ့” လို့လည်း သူတို့က ကျွေးကျော်ခဲ့ကြပါတယ်။

    ဒီတိုက်ခိုက်မှုပြီးတဲ့နောက်မှာ တူနီးရှားသမ္မတ ဟာဘီဘ် အက်ဆစ်က လုံခြုံရေးအစီအမံတွေကို ချက်ခြင်းလုပ်ဆောင်ခဲ့ပြီး ကမ္ဘာ့လှည့်ခရီးသွားတွေ အများစုရှိရာနေရာတွေမှာ စစ်တပ် အရန်တပ်ရင်းတွေကို တပ်ဖြန့်ချသွားမယ်လို့ ဆိုပါတယ်။

    ဆော့စီဒေသခံတွေဟာ သူတို့တိုင်းပြည်ကိုလာလည်တဲ့ နိုင်ငံခြားသားတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး မကျေမချမ်း ဖြစ်နေကြပါတယ်။

    5150-rx7vgh

    “အခုအချိန်ဟာ ကျွန်တော်တို့အားလုံး စုစည်းဖို့ အချိန်ပါပဲ။ ငြင်းခုံနေရမယ့် အချိန် မဟုတ်ဘူး” လို့ ဒီဆန္ဒပြမှုကို တက်ရောက်ခဲ့တဲ့ ကျောင်းသားတစ်ဦးက ပြောခဲ့ပါတယ်။

    ဒီတိုက်ခိုက်မှုနဲ့ အကြမ်းဖက်ဝါဒကို ရှုတ်ချတဲ့ ချီတက်ဆန္ဒပြမှုကို မြို့တော် တူနစ်မှာလည်း ပြုလုပ်ခဲ့ပါတယ်။

    “ထိခိုက်ခံစားရသူတွေဟာ ကျွန်မရဲ့ ညီအကို၊ မောင်နှမတွေလို ခံစားရပါတယ်” လို့ ဒီချီတက်မှုမှာ ပါဝင်ခဲ့တဲ့ ကာရီမာ ဘန်ဟဂ်ျက ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ခိုက်သူဟာ အသက် ၂၃ နှစ်အရွယ် ဆိုင်ဖက်ဒင်း ရက်ဇ်ဂွီဆိုသူ ဖြစ်ပြီး ဆော်ဒီနိုင်ငံသားဖြစ်တယ်လို့ အာဏာပိုင်တွေက ကြေညာပါတယ်။ သူဟာ ရိုင်ဖယ်ကို ထီးမှာဖွက်ပြီး ရေကူးမယ့်ပုံစံနဲ့ ကမ်းခြေကိုဆင်းလာကာ ပစ်ခတ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဟိုတယ်ထဲ ၀င်ရောက် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

    သူ့ကိုတားဆီးလိုက်သူကတော့ လမ်းဘေးတစ်နေရာမှာ ဘုရားဝတ်ပြုနေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်ကာ အသေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

    အာဖရိကတိုက်မှ နိုင်ငံတနိုင်ငံဖြစ်တဲ့ တူနီးရှားဟာ လူဦးရေ ၁၀ သန်းကျော်ရှိပြီး ၉၈% ဟာ မွတ်စလင်များ ဖြစ်ကြပါတယ်။

    Ref: gazettereview, BBC

  • ကူးစက်ရောဂါရှိလျင် အရောင်ပြောင်းသည့် ကွန်ဒုံး ဗြိတိန် ဆယ်ကျော်များ တီထွင်

    ကူးစက်ရောဂါရှိလျင် အရောင်ပြောင်းသည့် ကွန်ဒုံး ဗြိတိန် ဆယ်ကျော်များ တီထွင်

    ဇူလိုင် ၁ ၊ ၂၀၁၅
    M-Media
    _83833971_muaz_daanyaal_chirag
    – လိင်ဆက်ဆံမှုက တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေနဲ့ ထိတွေ့တဲ့အခါ အရောင်ပြောင်းသွားတဲ့ ကွန်ဒုံးကို ဗြိတိန်က ကျောင်းသားလူငယ် ၃ ဦးက တီထွင်ဖန်တီးလိုက်ပါတယ်။

    အဲဒီဆယ်ကျော်သက် ကျောင်းသား ၃ ဦးကတော့ ဒန်ယဲအလီ (၁၄ နှစ်)၊ ချီရက်ဂ် ရှား (၁၄ နှစ်) နဲ့ မူအဇ်နာဝဇ် (၁၃ နှစ်) တို့ ဖြစ်ပြီး S.T.Eye လို့ အမည်ပေးထားတဲ့ သူတို့ရဲ့ အဲဒီစိတ်ကူးအတွက် ဗြိတိန် Teen Tech ပြိုင်ပွဲမှာ ဆုရရှိခဲ့ပါတယ်။

    ဒီပြိုင်ပွဲဟာ ဗြိတိန်တစ်ဝှမ်းက အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အထိ ကလေးငယ်တွေ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုပြိုင်ပွဲ ဖြစ်ပါတယ်။

    သူတို့သုံးယောက် တီထွင်ဖန်တီးလိုက်တဲ့ အဲဒီကွန်ဒုံးဟာ STI လို့ခေါ်တဲ့ လိင်ဆက်ဆံမှုကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေနဲ့ ထိတွေ့တဲ့အခါမှာ အရောင်ပြောင်းသွားပြီး ဒီရောဂါတွေကို ကြိုတင် ကာကွယ်တဲ့နေရာမှာ တော်တော်လေး အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်။

    “ဘ၀နေထိုင်မှုကို ပိုရိုးရှင်းပြီး၊ လွယ်ကူစေကာ ပိုကောင်းစေမယ့် ပစ္စည်းတစ်ခုကို ကျွန်တော်တို့ ထုတ်လုပ်ချင်ခဲ့ပါတယ်” လို့ သူတို့ရဲ့ ကနဦးဆန္ဒကို မူအာဇ်က Newsbeat ကို ပြောခဲ့ပါတယ်။

    သူတို့ထုတ်လုပ်လိုက်တဲ့ ကွန်ဒုံးဟာ ရောဂါပိုးတစ်မျိုးစီအတွက် တစ်ရောင်ပြောင်းတာကြောင့် ကိုယ့်မှာ ဘာရောဂါပိုးရှိနေတယ်ဆိုတာကို အလွယ်တကူ သိနိုင်မှာဖြစ်ပါတယ်။ ကလာမိုင်ဒီးယား ရောဂါပိုးအတွက် ဒီကွန်ဒုံးက အစိမ်းရောင်ပြောင်းမှာဖြစ်ပြီ၊ လိင်အင်္ဂါကြွက်နို့အတွက် ခရမ်းရောင်၊ ဆစ်ဖလစ်အတွက် အပြာရောင်၊ ရေယုံအတွက် အ၀ါရောင် စသဖြင့်ပြောင်းမှာဖြစ်ပါတယ်။

    အရောင်ပြောင်းလဲမှုကို အသုံးပြုတဲ့ HIV ပိုး စမ်းသပ်စစ်ဆေးမှုကို ကြည့်ပြီး ဒါမျိုးတီထွင်ထုတ်လုပ်ဖို့ စိတ်ကူးရခဲ့တာလို့ ဒီလူငယ်လေးတွေက ဆိုပါတယ်။

    _83825497_thinkstockphotos-200245438-001

    “ဆေးခန်းသွားပြရမှာကို ရှက်တတ်တဲ့သူတွေအတွက် ဒါက ဆေးခန်းသွားစရာမလိုဘဲ ကိုယ့်ရဲ့အိမ်မှာတင် စမ်းသပ်နိုင်မှာဖြစ်ပါတယ်” လို့ ချီရက်ဂ်ျက ပြောခဲ့ပါတယ်။

    ၂၀၁၃ ခုနှစ်မှာ အင်္ဂလန်နိုင်ငံအတွင်း လိင်ဆက်ဆံမှုကနေ ကူးစက်တဲ့ ရောဂါပိုးရှိသူဟာ ၄၅၀၀၀၀ လောက်ရှိပြီး၊ ကွန်ဒုံးဈေးကွက် ကြီးမားတာကလည်း သူတို့ကို တွန်းအားဖြစ်စေခဲ့ပါတယ်။

    Teen Tech ဆုအတွက် အလီ၊ ရှားနဲ့ နာဝဇ်တို့ဟာ ပေါင် ၁၀၀၀ ဆုကြေးရခဲ့ပြီး ဘက်ကင်ဟမ်နန်းတော်ကို သွားရောက်လည်ပတ်ခွင့်နဲ့ ယော့ခ်မြို့စားနဲ့ တွေ့ဆုံခွင့်လည်း ရမှာဖြစ်ပါတယ်။

    လူငယ်လေးတွေက ဒီတီထွင်မှုဟာ လာမယ့် မျိုးဆက်ရဲ့ အနာဂတ်ကို ကူညီနိုင်မယ်လို့ ဆိုပါတယ်။

    “S.T.EYE စနစ်ကို ကျွန်တော်တို့ဟာ STI စမ်းသပ်မှု နည်းလမ်းတစ်ခုအဖြစ် နောက်မျိုးဆက်ရဲ့ အနာဂတ်ကို အကူအညီဖြစ်စေဖို့ ဖန်တီးခဲ့တာဖြစ်ပါတယ်။ အန္တရာယ်ရှိ STI တွေကို စမ်းသပ်ရာမှာ အရင်ကထက် ပိုပြီး စိတ်ချရတဲ့ အရာတစ်ခုခုကို လုပ်ချင်ခဲ့တာပါ။ ဒါမှသာ လူတွေဟာ ဆရာဝန်တွေဆီမှာ များပြားတဲ့ အစီအစဉ်တွေမလိုဘဲ ကိုယ့်ရဲ့ အိမ်မှာ သီးသီးသန့်သန့် ချက်ချင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” လို့ အလီက ပြောကြားခဲ့ပါတယ်။

    Ref: Independent, BBC

  • မြန်မာပြည်ရဲ့ ပထမဆုံး KFC ကြက်ကြော် ဘာသာမရွေး စားသုံးလို့ မရနိုင်သေး

    မြန်မာပြည်ရဲ့ ပထမဆုံး KFC ကြက်ကြော် ဘာသာမရွေး စားသုံးလို့ မရနိုင်သေး

    ဇွန် ၃၀ ၊ ၂၀၁၅
    M-Media
    သတင်း – သီဟ
    .KFC
    မြန်မာပြည်ရဲ့ ပထမဆုံး KFC စားသောက်ဆိုင်ကို ဒီနေ့ ဇွန်လ ၃၀ ရက်နေ့ နေ့လည် (၁၂)မှာ ဖွင့်လှစ်ခဲ့ပါတယ်။
    .
    ဆိုင်မဖွင့်ခင် လအနည်းငယ် အလိုကတည်းက KFC Myanmar ရဲ့ တရားဝင် FB စာမျက်နှာမှာ အစ္စလာမ် ဘာသာဝင်များ စားသုံးနိုင်ရန် သတ်မှတ်ချက် တခုဖြစ်တဲ့ “Halal” ဖြစ်သလားဆိုတဲ့ မေးခွန်းတွေက အများဆုံး ဖြစ်ခဲ့တာကို တွေ့ရှိရပါတယ်။
    .
    KFC Myanmar အနေဖြင့် ဆိုင်မဖွင့်ခင်နောက်ဆုံး ရက်အထိ လူမျိုး ဘာသာမရွေး စားသောက်နိုင်ကြောင်း တရားဝင်ဖြေကြားခြင်း မရှိခဲ့ပေမယ့် ယနေ့ မှာတော့ ဟလာလ် သတ်မှတ်ချက် စည်းကမ်းနှင့် အညီ ရောင်းချနိုင်ခြင်း မရှိသေးကြောင်း အောက်ပါအတိုင်း တရားဝင်ဖြေကြားထားတာကို တွေ့ရပါတယ်။

    ” အခုချိန်မှာတော့ Halal မရပါဘူး။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး KFC ဆိုင်ခွဲ ကို အခုမှ ဖွင့်တာဖြစ် တဲ့အတွက် အဓိက မီနူးအစားအစာတွေကို အဓိက ဦးစားပေးရောင်းချပေးသွားမှာပါ။ စားသုံးသူများရဲ့ တုံ့ပြန်မှုနဲ့ အသံများကို အမြဲနားထောင်နေပြီး  မီနူးအစားအစာတွေကို ထပ်မံပြီး အဆင်မြှင့်တင်သွားဖို့ရှိပါတယ်။”

    .
    လူမျိုးစုံ ဘာသာစုံ နေထိုင်တဲ့ ရန်ကုန်မြို့မှ KFC စားသောက်ဆိုင် အနေဖြင့် လက်တလော “Halal” သတ်မှတ်ချက်နဲ့ အညီ မရောင်းချနိုင်သေးတဲ့ အတွက် အစ္စလာမ်ဘာသာဝင် စားသုံးသူတွေရဲ့ ဈေးကွက်ဝေစု ရရှိနိုင်သေးမှာ မဟုတ်ပါဘူး။
    .
    ဒါနဲ့ ပတ်သက်ပြီး  ဟလလ် အသိအမှတ်ပြုလွှာ ထုတ်ပေးတဲ့ ပြည်တွင်း အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများထဲမှ တခု ဖြစ်တဲ့ အစ္စလာမ်သာသနာရေးရာ ကောင်စီ ဌာနချူပ်မှ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ရာ ဟလာလ် ကိစ္စ နှင့် ပတ်သက်ပြီး KFC မှ ဆက်သွယ်မေးမြန်းတာမျိုး မရှိသေးကြောင်းဖြေကြားခဲ့ပါတယ်။
    .
    ဟလာလ် ဟူသည်မှာ အာရဗ်ဘာသာ စကားအရ ခွင့်ပြုချက်ရှိ/ပြုလုပ်ပိုင်သော ဟု အဓိပ္ပာယ်ရပြီး၊ အစားအသောက် အတွက် အသုံးများပါတယ်။
    .
    မွတ်စလင်တွေအတွက် အစ္စလာမ် တရားတော်က စားသုံးရန် ခွင့်ပြုထားတဲ့  သတ္တဝါများကို သတ်မှတ်ချက် စည်းကမ်းများ အတိုင်း လိုက်နာပြီး ထုတ်လုပ်ထားသည်ကိုသာ စားသုံး ပိုင်ခွင့်ရှိတာဖြစ်ပါတယ်။
    .
    ကမ္ဘာ့ဟလာလ် ဈေးကွက်ကြီးထွားလာမှုကြောင့် ဟလာလ်စားသောက် ကုန်ထုတ်လုပ်မှုဟာ ဒေါ်လာ တစ် ထရီလီယံ တန်ဖိုးကျော်လွန်နေတဲ့ အထိ တိုးတက်မြင့်မားလာပြီး ၂၀၃၀ ခုနှစ်မှာ ဒေါ်လာ ၂ ထရီလီယံ တန်ဖိုးအထိ မြင်တက်သွားနိုင်ကြောင်း
    Chulalongkorn တက္ကသိုလ်က ဟလာလ်သိပ္ပံဌာန Halal Science Center (HSC) ရဲ့တည်ထောင် ညွှန်ကြားသူ တွဲဖက်ပါမောက္ခ Winai Dahlan အင်တာဗျူး တစ်ခုမှာ Sunday’s Zaman သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဓါတ်ပုံ-KFC Myanmar FB

  • ကလေးငယ်တွေ ကျောင်းနေပျော်ကြရဲ့လား

    ကလေးငယ်တွေ ကျောင်းနေပျော်ကြရဲ့လား

    ဇွန် ၃၀ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- ထက်မြတ်
    KhitPhoneThit
    ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ကာလကို ရောက်ရှိလာသည်မှာ တစ်လထဲသို့ ရောက်ရှိလာခဲ့ပြီ။ ထို တစ်လ အတွင်း အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အစရှိသည့် ပညာများကို ဆည်းပူးနေသော ကလေးငယ်များ ကျောင်းနေပျော်ကြရဲ့လား။ မိဘများကရော ကလေးတွေကျောင်းနေပျော်အောင် ဘယ်လိုအရာတွေကို လုပ်ဆောင်ပေးနေကြသလဲ။ စဉ်းစားကြည့်ရအောင်။

    ယနေ့ခေတ် ကျောင်းသား/ ကျောင်းသူတစ်ဦးဆီကိုကြည့်လိုက်လျှင် မနက် အိပ်ယာနိုး ကျောင်းသွား၊ ကျောင်းမှာ တစ်နေ့ကို ၄၅မိနစ်ဆီ (၆) ကြိမ် (သို့မဟုတ်) (၇) ကြိမ် အတန်းချိန်ရှိသည်။ အတန်းချိန်အားလုံး စာသင်ကြားပြီးနောက် အိမ်သို့ပြန်ရောက်လာသည့် အခါတွင်လည်း ကျူရှင်ဆက်တက်၊ ကျူရှင်ကပြန်လာ Guide ဆရာ/ဆရာမနှင့် စာဆက်သင်၊ ပြီးတော့ ညအိပ်ချိန်ရောက်ရော။ ကလေးတစ်ယောက်ရဲ့  (၂၄) နာရီအချိန်က အိပ်ချိန်ကလွဲပြီး ကျန်သည့်အချိန်များက စာလုပ်ချိန်များနှင့် ကုန်ဆုံးနေသည်။

    ကျောင်းသား/ ကျောင်းသူမှန်လျှင် စာကျက်ရမည်၊ စာဖတ်ရမည်ဖြစ်သည်ကို မငြင်းပါ။ ဟုတ်ပါသည် ကျောင်းသားအရွယ်မှာတော့ စာကျက်မှတ်ရမှာပေါ့။ ဒါမှကြီးလာရင် ပညာတတ်မှာလေ။ သို့သော် တစ်နေ့လုံးကြီး ကလေးတွေက စာနဲ့ထိတွေ့နေဖို့မှ မလိုတာ။ နားချိန်၊ ဆော့ချိန် ဆိုတာတွေတော့ သီးသန့်ရှိရဦးမှပေါ့လေ။ ယနေ့ခေတ်ကျောင်းသား/ ကျောင်းသူများကို ပန်းခြံများတွင် ပိတ်ရက်များတွင်သာ ဆော့ကစားခြင်းကို တွေ့ရတတ်တော့သည်။

    မိုးလင်းကမိုးချုပ် စာတောထဲမှာ စိတ်ဖိစီးမှုအပြည့်နှင့် နေနေရသည်မှာ မလွဲပါ။ အစိုးရကျောင်းများမှာလည်း စာသင်ချိန်များတွင် ကာယချိန်၊ သက်မွေးချိန်၊ စာရိတ္တချိန်များ ပါဝင်သော်လည်း ယင်းအချိန်များတွင်လည်း သက်ဆိုင်ရာ ဆရာ/ဆရာမများက ဘာသာရပ်ပညာများကိုသာ သင်ကြားနေကြသည်။ ကျောင်းတွင်လည်း ကလေးတွေမှာ အနားယူချိန်မရ၊ မဆော့ရ။ အိမ်ရောက်တော့လည်း ကျူရှင်နဲ့ Guide က ဆက်နေတော့ ဆော့ချိန်၊ ကစားချိန်၊ တီဗီကြည့်ချိန်များက အဘယ်မှာနည်း။ ဒီလိုစာတွေပဲ အချိန်တိုင်း ဆက်တိုက် သင်နေရတဲ့ ကလေးတွေကရော ကျောင်းစာတွေမှာ ပျော်ရွှင်စွာ သင်ကြားနိုင်ပါ့မလား မေးခွန်းထုတ်စရာပင်။

    အိမ်နားက ကလေးက ဗိုလ်တထောင်ကျောင်း တစ်ကျောင်းမှာ Grade (9) ကို တက်ရောက်နေတယ်။ ဟိုနေ့ကသူနဲ့တွေ့လို့ သူကို့မေးကြည့်တယ်။ “သား ကျောင်းတက် ရတာပျော်လားလို့” ဆိုတော့ “အရမ်းတော့ မပျော်ပါဘူးဗျာ၊ သားတို့ကို ရှစ်တန်းက အစိုးရစစ် အရေးကြီးတယ်ဆိုပြီး ကျောင်းမှာ စာတွေပဲဆက်တိုက်သင်နေတာ၊ အရင်က ကာယချိန်ဆို သားတို့လေ့ကျင့်ခန်း လုပ်ရတာ၊ ဒီနှစ်တော့ ခုထိတစ်ချိန်မှ မလုပ်ရသေးဘူး၊ ကျောင်းကပြန်တော့လည်း ရေချိုးပြီး ကျူရှင်တန်းသွား၊ ကျူရှင်တွေကလည်း တစ်ခုနဲ့တစ်ခုဆက်နေတာ အိမ်ပြန်ရောက်တော့ အိပ်ရရော။ သား ညီမလေးနဲ့တောင် တစ်ပတ်တစ်ခါလောက်ပဲ ဆော့ရတာ” ဟုစိတ်ညစ်နေတဲ့ မျက်နှာဖြင့် ဖိုးသားလေးကပြောဆိုခဲ့သည်။

    ဖိုးသားလေးလိုကလေးတွေ မြန်မာနိုင်ငံမှာ ဘယ်လောက် များပြားနေပြီလဲ။ ကျောင်းတွေမှာလည်း ဆောင်ပုဒ်တွေတွေ့ရတတ်ပါတယ်။ “ကျောင်းနေပျော်၍ စာတော်ရမည်တဲ့”။ ဆောင်ပုဒ်ကတော့ အလွန်ကောင်းပါတယ်။ ဆောင်ပုဒ်အတိုင်း လက်တွေ့ကျင့်သုံးဖို့တော့ လိုအပ်နေပါပြီ။

    ကလေးငယ်တွေဆိုတာ ဦးနှောက်ကလည်း သိပ်မတွေး တတ်သေးဘူး။ နှလုံးသားတွေကလည်း နုနယ်သေးပါတယ်။ ဒီအရွယ်မှာ သူတို့ကို စိတ်ဒဏ်ရာတွေ ပေးလို့မရသေးပါဘူး။ စာတွေကိုတက်မြောက်စေချင်တဲ့ မိဘတွေရဲ့ဆန္ဒ၊ ထူးချွန်စေချင်တဲ့ ဆရာ/ဆရာမတွေရဲ့ စေတနာ များကို ကိုယ်ချင်းစာမိပါတယ်။ သို့သော် ကလေးတွေအတွက်ကို ကြည့်ပေးစေလိုသည်။ မိမိရင်သွေးက ကျောင်းမှာပျော်ရဲ့လား။ ဘာတွေလိုအပ်နေသလဲကို ကြည့်စေချင်သည်။

    တချို့ (၁၀) တန်းကျောင်းသားမိဘများဆိုရင်လည်း (၁၀) တန်းပဲ အရေးကြီးတယ်ဆိုပြီး စာတွေကိုပဲ နင်းကန် လုပ်ခိုင်းတာတွေ့ရတတ်တယ်။ (၁၀) တန်းမှာလည်း ကိုယ်ပိုင် အချိန်ရှိရပါ့မယ်။ ကျောင်းစာများ ကျက်မှတ်ပြီးတစ်ခဏတွင် အနားယူ၊ အပန်းဖြေ အစရှိသည့် အလုပ်များကိုပေါ့ပါးစွာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ သို့မှသာ စိတ်အပြောင်းအလဲဖြစ်ပြီး တစ်ဖန်ပြန်လည်လန်းဆန်းစွာ စာကိုပြန်လည် ကျက်မှတ်နိုင်မှာဖြစ်ပါတယ်။ စာမေးပွဲနီးရင် တစ်အိမ်လုံး တီဗီမကြည့်ရဘူး။ ဖုန်းတွေသိမ်း အစရှိသည့်လုပ်ရပ်များသည် လွန်စွာမှားယွင်းနေသည်။ အပန်းဖြေချိန်၊ အနားယူချိန်ဆိုတာ အမြဲတမ်းရှိရမည်ဖြစ်သည်။

    တချို့အနည်းငယ်မိဘများကိုတော့ တွေ့ရတတ်ပါသည်။ ကလေးတွေကို စနစ်တကျ ကိုင်တွယ်ထိန်းကြောင်းနေတာကို တွေ့ရတယ်။ ကလေးတွေကို စာသင်ချိန်ဆိုသင်၊ ဆော့ချိန်ဆိုဆော့ မရရတဲ့အချိန်ထဲက သေချာကိုဖယ်ထုတ်ပြီး ကလေးတွေအတွက် အနားယူချိန်ကို သီးသန့်ထားပေးတာမျိုးလည်း ရှိပါတယ်။

    သူတို့စိတ်ကလေးတွေလည်း အပြောင်းအလဲဖြစ်အောင်၊ လန်းဆန်းမှု၊ တက်ကြွမှုများလည်းရရှိအောင် ခန္ဓာကိုယ်အနားပေးမှုများ၊ စိတ်အပန်းဖြေစေမည့် အရာများကို လုပ်ဆောင်ပေးသင့်ပါသည်။ စိတ်အပြောင်းအလဲလေး အနည်းငယ်ဖြစ်သွားသည့်အခါတွင် စာကိုယခင်ကထက်ပိုမိုပြီး လေ့လာ ကျက်မှတ်နိုင်သည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။ စာထဲမှာပဲ တစ်နေ့လုံး မနစ်မွန်းနေအောင် အထူးဂရုစိုက်သင့်ပါသည်။ လိုအပ်တာထက်ပိုပြီး ကျူရှင်တွေထားမှုကိုလည်း လျော့ရပါက လျော့သင့်ပါသည်။ ကလေးတွေအတွက် ကိုယ်ပိုင်အချိန်တွေလည်း ထွက်လာတာပေါ့။ သူတို့ကိုယ်ပိုင် အချိန်တွေကိုတော့ လွတ်လပ်ခွင့်များကို ပေးသင့်ပါတယ်။ ဒါမှသူတို့လည်း ပျော်ပြီး ကျောင်းမှာပျော်ပျော်ရွှင်ရွှင် စာသင်ကြားနိုင်မှာ ဖြစ်ပါတယ်။

    ကျောင်းနေပျော်သည့်ကလေးများဖြစ်မှသာ ဆောင်ပုဒ်နှင့်အညီ ကျောင်းနေပျော်ပြီးစာတော်လာမည် ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ရင်သွေးငယ်များ ပညာများတိုးပွားလာစေရန် ကျောင်းနေပျော်အောင် အရင်ဆုံးလုပ်ဆောင်ရမည်ဖြစ်ပါသည်ကြောင်း သုံးသပ်ပြောကြားလိုပါတယ်။

    ထက်မြတ်

    Credit- သရုပ်ဖော်ပုံ ကာတွန်းအာကာ