News @ M-Media

Author: M-Media

  • Facebook အကောင့်အတုဖြင့် အမေရိကန် တာဝန်ရှိသူချို့ကို အီရန် ဟက်ကာများ ထောက်လှမ်းခဲ့

    မေ ၂၉ ၊ ၂၀၁၄
    M-Media
    201452953040453734_20
    – အမေရိကန်နှင့် အနောက်နိုင်ငံများမှ အာဏာပိုင်များကို မိတ်ဆွေဖွဲ့၍ လျှိ့ဝှက် စုံစမ်းထောက်လှမ်းရန် အတွက် အီရန်ဟက်ကာများက Facebook အကောင့် အတုများကို ပြုလုပ်ခဲ့သည်ဟု အင်တာနက် လုံခြုံရေး ကုမ္ပဏီ  ISight Partners က ပြောကြားလိုက်သည်။

    အဆိုပါ ဟက်ကာများမှာ ဟန်ဆောင်ထားသော Profile ဖော်ပြချက်များဖြင့် လူကြိုက်များအောင် ဖန်တီးကာ မိတ်ဆွေများဖွဲ့ခဲ့ပြီး ၎င်းတို့၏ ပစ်မှတ်မှာ အမေရိကန် ရေတပ်ဗိုလ်ချုပ်၊ နိုင်ငံရေးသမားများ၊ သံအမတ်များ၊ ၀ါဒဖြန့်သူများ ယူကေနှင့် ဆော်ဒီအာရေဗျနိုင်ငံ အပါအ၀င် အခြားသောနိုင်ငံများမှ အာဏာပိုင် များလည်း ပါဝင်သည်ဟု ယုံကြည်ရကြောင်း အဆိုပါ ကုမ္ပဏီ၏အဆိုအရ သိရသည်။

    သို့သော်လည်း မည်သူမည်ဝါမှာ ထောက်လှမ်းခံခဲ့ရပြီး မည်သည့်အချက်အလက်များ ခိုးယူခံခဲ့ရသည်ကို ပြောဆိုရန် ISight Partners က ငြင်းဆိုခဲ့သည်။

    “တကယ်လို့ ဒီလိုလုပ်တာ တော်တော်ကြာနေပြီဆိုရင်တော့ သူတို့အောင်မြင်ခဲ့တာ ထင်ရှားနေပါပြီ” ဟု အဆိုပါ ကုမ္ပဏီ၏ အမှုဆောင် တစ်ဖနီဂျုံးက ပြောကြားခဲ့သည်။

    အီရန်ဟက်ကာများမှာ newsonair.org ၀ဘ်ဆိုဒ် ၊ ကာကွယ်ရေး ကန်ထရိုက်တာနှင့် အခြားသော အဖွဲ့စည်းများတွင် အလုပ်လုပ်သည်ဟု ဖော်ပြထားသည့် အကောင့်အတုများဖြင့် အနည်းဆုံး ၂၀၁၁ ခုနှစ်ကတည်းက အဆိုပါ ထောက်လှမ်းရေးလုပ်ငန်းကို လုပ်ကိုင်နေသည်ဟု ယုံကြည်ရသည်။

    ၎င်းတို့မှာ လူပေါင်း ၂၀၀၀ ကျော်နှင့် အဆက်အသွယ်ရှိကာ ရာပေါင်းများစွာအား ပစ်မှတ်ထား၍ ဖြည်းဖြည်းမှန်မှန်ပုံစံဖြင့် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း အီရန်အစိုးရနှင့် ဆက်သွယ်မှုရှိမရှိကိုမှု မသိရဘဲ ထိုအလုပ်များမှာ ရှုပ်ထွေးသောကြောင့် အစိုးရ၏ ထောက်ပံ့မှုရှိမည်ဟု ယုံကြည်ကြောင်း ISight Partners က ထည့်သွင်း ပြောကြားခဲ့သည်။

    Ref: Agencies

  • မန်ယူပိုင်ရှင် ဂလေဇာ ကွယ်လွန်

    မေ ၂၉ ၊ ၂၀၁၄
    M-Media
    413033_heroa
    – မန်ချက်စတာယူနိုက်တက်အသင်းပိုင်ရှင် အမေရိကန် စီပွားရေးလုပ်ငန်းရှင် မဲလ်ကွန် ဂလေဇာမှာ ယမန်နေ့က ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    ဂလေဇာမှာ အမေရိကန်ဘောလုံးအသင်း Tampa Bay Buccaneers ကိုလည်း ပိုင်ဆိုင်သူဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၅နှစ်ရှိပြီဖြစ်သည်။ Buccaneers ၀ဘ်ဆိုက်ကလည်း ဂလေဇာသေဆုံးကြောင်း အတည်ပြုခဲ့သည်။

    ၂၀၀၅ ခုနှစ်တွင် မန်ယူအသင်းအား ဂလေဇာက ၀ယ်ယူခဲ့ပြီး သူ၏ ကွပ်ကဲမှုအောက်တွင် မန်ယူမှာ ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ်၊ ချစ်ပီယံလိဂ်ဖလားတစ်ကြိမ်နှင့် ကမ္ဘာ့ကလပ် ချန်ပီယံတစ်ကြိမ် ဖြစ်ခဲ့သည်။

    မန်ယူအသင်းကလည်း ဂလေဇာသေဆုံးခဲ့ရသည့်အတွက် ၀မ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    “မဲလ်ကွန်ဂလေဇာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းကြားရပြီးတဲ့နောက် ဒီညမှာတော့ လူတိုင်းရဲ့ အတွေးဟာ ဂလေဇာမိသားစုနဲ့ ရှိနေမှာပါ။ ဂလေဇာရဲ့ မိသားစုဝင်တွေအားလုံးကို မန်ယူအသင်း ၀န်ထမ်းတွေက ၀မ်းနည်းကြောင်း ပြောကြားလိုပါတယ်”

  • အမေရိကန်တပ်များ အာဖဂန်တွင် နောက်ထပ် ၂ နှစ် ဆက်ရှိနေမည်

    မေ ၂၉ ၊ ၂၀၁၄
    M-Media
    shamseddin20130222165106570
    – အာဖဂန်ရှိ အမေရိကန်တပ်များမှာ ယခုနှစ်အကုန်တွင် အားလုံးဆုတ်ခွာမည်မဟုတ်ဘဲ ၂၀၁၆ ခုနှစ်အကုန်မှသာ မိမိတို့၏ စစ်ရေးကျူးကျော်မှုကို အဆုံးသတ်သွားမည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ယမန်နေ့တွင် ကြေညာလိုက်သည်။

    အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းနှင့် ဖုန်းဖြင့်ဆွေးနွေးပြီးနောက် အိုဘားမားက ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။ ၂ နှစ်တာအစီအစဉ်အရ ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် အာဖဂန်၌ အမေရိကန်စစ်သား ၈၉၀၀ ကျန်ရစ်နေမည်ဖြစ်ပြီး အာဖဂန် လုံခြုံရေးတပ်များမှာ နိုင်ငံအား ကာကွယ်နိုင်စွမ်းရှိသည်ကို ပြသရမည်ဟု အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက ရွေးကောက်ပွဲ မပြီးခင် အမေရိကန်နှင့် နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ရေးထိုးမည်မဟုတ်ဟု စောစောပိုင်းက ပြောကြားထားသည်။ အိုဘာမား၏ ယခုကြေညာချက်ကို လာမည့်လရွေးကောက်ပွဲတွင် ပါဝင်မည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း အဘ်ဒူလာ အဘ်ဒူလာနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း အရှ်ရဖ် ဂနီ အဟ်မဒ်ဇိုင်တို့က ကြိုဆိုကြောင်း AP သတင်းဌာနက ဖော်ပြခဲ့သည်။

    ၂၀၁၆ နောက်ပိုင်းတွင် အမေရိကန်နှင့် အာဖဂန်တို့မှာ သံတမန်ဆက်သွယ်ရေးသာ ရှိတော့မည်ဖြစ်ပြီး အီရတ်တွင် ပြုလုပ်ထားသည့်အတိုင်း မြို့တော်တွင် လုံခြုံရေး ရုံးခန်းသာ ဖွင့်လှစ်သွားမည်ဟု အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက ယမန်နေ့စောစောပိုင်းတွင် ပြောကြားခဲ့သည်။

    Ref: Al Jazeera and agencies

  • ဘယ်ပညာ သင်ရမှာလဲ

    မေ ၂၉ ၊ ၂၀၁၄
    M-Media
    .ရေးသူ- သဲတပွင့်
    education1
    ပြီးခဲ့တဲ့ရက်က ပညာရေး မြှင့်တင်မှု ဆွေးနွေးတဲ့အစီအစဉ်တစ်ခုမှာ မေးခွန်းတစ်ခု ကြားခဲ့ကြရပါတယ်။ ဆွေးနွေးမေးမြန်းသူက အစ္စလာမ် ဘာသာရေး စာသင်ကျောင်းက မော်လဝီ ဆရာတစ်ဦးပါ။

    အနောက်တိုင်းရဲ့ ပညာရေးစနစ်ကို ကြည့်ပြန်တော့လည်း သူတို့ဆီမှာ ဆယ်ကျော်သက် လူငယ် ကျောင်းသားလေးတွေက သေနတ် တစ်လက်နဲ့ ဆရာတွေ ကျောင်းသားတွေ တွေ့ကရာ ပစ်သတ်တာမျိုးတွေ၊ ကိုယ့်ကိုကိုယ်နဲ့ အခြားသူတွေကို သေကြောင်းကြံတဲ့ ကျောင်းတွင်း အကြမ်းဖက်မှုတွေ မကြာခဏဆိုသလို ကြုံကြရတယ်။ သူတို့ဆီက ကျောင်းတွေအကြောင်း ရိုက်ထားတဲ့ ဗီဒီယိုတွေ ကြည့်ပြန်တော့လည်း မြန်မာ့ယဉ်ကျေးမှုအရဖြစ်စေ၊ ဘာသာတရားတို့ရဲ့ သွန်သင်ချက်နဲ့ဖြစ်စေ တိုင်းတာကြည့်ရင် စိတ်ပျက်စရာ။

    နောက်တစ်ပိုင်းကို ကြည့်တော့ အဲဒါရဲ့ ဆန့်ကျင်ဘက် ခေတ်ပညာကို အားမပေးဘဲ ဘာသာရေးသက်သက်သာ သင်ယူကြသင့်တယ် ဆိုသူတွေ ဆိုပြန်တော့လည်း လောလော လတ်လတ် နာမည်ကြီးထားတဲ့ ဘိုကိုဟာရမ် ဆိုသူတို့ကို၊ တာလီဘန် ဆိုသူတို့ကိုပဲကြည့် … အစွန်းရောက်လှတဲ့ အတွေးအခေါ်တွေနဲ့ ဘယ်ဘာသာတရားရဲ့ သွန်သင်ချက်နဲ့ဖြစ်စေမကိုက်ညီတာတွေ မဟုတ်တရုတ်လုပ်ရပ်တွေ လုပ်နေကြတာ တွေ့နေရပါတယ်။ ဒီလိုဆိုရင် ဒီပညာရေးစနစ်ကြီးနှစ်ခုက ဆန့်ကျင်ရာလိုဖြစ်နေလေတော့ ဝိရောဓိကြားမှာ အခက်တွေ့ကြရတဲ့ မြေစာပင်တွေ အကြောင်းတွေကို သူက ဆွေးနွေးပါတယ်။

    ပညာရေးကို စိတ်ဝင်တစားရှိသူတစ်ယောက်အနေနဲ့ ကျွန်တော်လည်း အတော်လေး အတွေးပွားမိပါတယ်။
     
    တကယ်တော့ ဒီနှစ်ခုမှာ မဆုံနိုင်တဲ့ မျဉ်းပြိုင်တွေ မဟုတ်သလို ဆန့်ကျင်ဘက် ဝိရောဓိဖြစ်စရာလို့လည်း ကျွန်တော်ကတော့ မမြင်မိပါ။ နှစ်ဖက်လုံးမှာ ဖြစ်နေတဲ့ ပြသနာ အစွန်းနှစ်ဖက်ဟာ တကယ်တော့ ပညာရေး စနစ်နှစ်မျိုးလုံးနဲ့ ဘာမှ တိုက်ရိုက် မဆိုင်တဲ့ ပြင်ပ ပယောဂတွေလို့ပဲ မြင်ပါတယ်။

    အနောက်တိုင်းက သေကြောင်းကြံ ကျောင်းသားဆိုတာမျိုးကို လေ့လာကြည့်ရင် လူမှုဘဝမှာ တစ်ခုခု အဆင်မပြေတာမျိုးကြောင့် … ဥပမာ မိဘများ ကွဲနေကြတာ၊ ငယ်စဉ်က စိတ်ပိုင်းဆိုင်ရာတစ်ခုခု ကြီးကြီးမားမား ထိခိုက်ခဲ့တာ စတဲ့ psycho problem တစ်ခုခု ရှိခဲ့တာကြောင့် … ဒါမျိုးလုပ်ကြတာမျိုးက အများစုပါ။ ကျောင်းပညာရဲ့ သွန်သင်မှုကြောင့် ဒါမျိုးဖြစ်လာစရာ အကြောင်းမရှိပါ။အနောက်တိုင်းပညာရေးရဲ့ အန္တိမ ပန်းတိုင်ကလည်း လူတော် လူကောင်း နိုင်ငံ သားကောင်း ဖြစ်စေဖို့ပါ။ ဘာသာရေး မလေးစားမလိုက်နာသူတွေဆိုတာတောင်မှပဲ Universal Value တွေဖြစ်တဲ့ တရားမျှတမှု၊ တာဝန်သိတတ်မှု၊ စည်းကမ်းသေဝပ်မှု စတာတွေနဲ့ ပြည့်ဝတဲ့ လူသားကောင်းတွေ ဖြစ်စေတဲ့ ပညာရေးပါ။ ဥပမာ စဉ်းစားကြည့်ရင် ဘယ်ကိစ္စအတွက်မဆို တန်းစီဖို့လိုရင် ဘယ်လိုရာထူးကြီးသူဖြစ်စေ စနစ်တကျ တန်းစီတာမျိုး၊ ညဘက်မီးပွိုင့်မှာ တစ်ဖက်ယာဉ်ကြောမှာ ဘယ်သူမှ မရှိဘဲ ရှင်းနေတာတောင် မီးနီနေရင် မကူးဘဲ စိမ်းတဲ့အထိ စောင့်တတ်တာမျိုးတွေဟာ ဒီ အနောက်တိုင်းသား ခေတ် ပညာတတ်ဆိုသူတွေမှာ တွေ့ရတဲ့ ချစ်စရာ့ ဓလေ့တွေပါ။ (အနောက်နိုင်ငံတွေရဲ့ လူမှုဘဝ ယဉ်ကျေးမှုက ကိုယ်တွေနဲ့ မကိုက်ညီတာက သီးသန့် တစ်ကဏ္ဍ စဉ်းစားရမှာပါ … ဒါလည်း ပညာရေးနဲ့ မဆိုင်ပါ။ ဘာသာတရားကို အလွန်လေးစားသော၊ အရက်မသောက် ဆေးလိပ်မသောက် အပျော်အပါးမလိုက်စားသော အမေရိကန်တွေ ကိုယ်တွေ့ ကြုံဖူးတာတွေလည်း အများအပြားပါ။ အနောက်နိုင်ငံက ဆိုတိုင်းလည်း အရက်ဘားမှာ၊ နိုက်ကလပ်မှာ အချိန်ကုန်ပြီး တစ်ညတစ်ယောက်နဲ့ အိပ်နေတာမျိုး မဟုတ်ပါ။)

    နောက်တစ်ပိုင်း … ဘာသာရေးပညာကိုသာ အသားပေးမယ် … ခေတ်ပညာကို ဆန့်ကျင်တယ်ဆိုတဲ့သူတွေဟာလည်း (ရှေးရိုးစွဲဆန်တဲ့ ခေတ်နောက်ပြန်တဲ့ အယူအဆတွေ ရှိတတ်ပေမယ့်လည်း) သာမန်အားဖြင့် ဘဝကို ရိုးသားစွာ ဖြတ်ကျော်ရင်း ကိုယ် ကိုးကွယ်ယုံကြည်ရာ ဘုရားသခင်ရဲ့ အလိုတော် အတိုင်း နေထိုင်ကြသူတွေက များတာပါ။ ရှေ့ပိုင်းမှာ ပြောခဲ့သလို မတော်တရော်တွေ လုပ်နေကြတာက တကယ်တမ်းတော့ ဘာသာတရားရဲ့ သွန်သင်ချက်နဲ့ လားလားမျှ မပတ်သက်ဘဲ ကိုယ့်ရဲ့ ကျင်လည်ခဲ့ရာ ဘဝပေးအခြေအနေတွေကြောင့်ပါ။ (ဥပမာ တာလီဘန်တွေဟာ ရုရှလက်အောက်မှာ အင်မတန် ဘဝနာခဲ့ကြတာပါ။ Rambo 3 နဲ့ The Beast ဆိုတဲ့ ရုပ်ရှင်မျိုးတွေကို ကြည့်ရင် သိပါလိမ့်မယ်။ ထိုနည်းတူ ဘိုကိုဟာရမ်တို့ ကြီးစိုးသွားရာ အာဖရိက နိုင်ငံတွေဟာလည်း အင်မတန် ဆိုးရွားလှတဲ့ ကြမ်းတမ်းလှတဲ့ ခေတ်စနစ်တွေကို ကြုံခဲ့ရပါတယ်။ ဒီအတွက်ကြောင့် သူတို့ဟာ ပညာတစ်ရပ်ရပ်က်ု သေချာ သင်ခွင့်မရဘဲ ရန်လိုတတ်သူ၊ မကောင်းမြင်တတ်သူတွေ ဖြစ်မှန်းမသိ ဖြစ်ခဲ့ကြပါတယ်။) အဲဒီလိုမျိုး ဘဝဆိုးမှာ တွေ့ကြုံဖူးတဲ့ အငုံ့စိတ်ကို အခြေခံ၊ အတ္တကို အခြေခံ၊ နောက်တစ်ပိုင်းကလည်း လက်ရှိ အာဏာရှင်တို့က ကိုယ့်အာဏာစက်တည်မြဲရေးအတွက် လူပြိန်းကြိုက် အလွယ်ဆုံးနည်းလမ်းဖြစ်တဲ့ ဘာသာရေးနာမည်ခံ အသုံးချ မှိုင်းတိုက်လေတော့ မဖြစ်သင့်တာတွေ ဖြစ်နေရတာပါ။ မူလဘူတ ဘာသာတရားရဲ့ အဆုံးအမနဲ့ ဘာမှ မပတ်သက်ပါ။

    ခေတ်ပညာ၊ ဘာသာရေးပညာ … ဘယ်လိုပညာကို သင်ကြားထားသူဖြစ်ပါစေ အဲဒီပညာတွေက ပေးတဲ့ အသိကို လက်တွေ့ဘဝမှာ မကျင့်သုံးသမျှ စစ်မှန်တဲ့ ပညာတတ် မဟုတ်ပါ။ ပညာ သိသူသာ ဖြစ်ရင် ဖြစ်ပါမယ်။ ခေတ်ပညာ ဘွဲ့တွေရပြီး မတော်မတရားလုပ်သူတွေ၊ ဘာသာရေးပညာ ဆည်းပူးထားပြီး ဘုရားသခင် မကြိုက်တာ လုပ်သူတွေ စတဲ့ စုံးပြူးအချို့ကို ကြည့်ပြီး သူတို့တွေ သင်ဖူးတဲ့ ပညာရေးကို ကောက်ချက်ချဖို့ အတော်ခက်ပါမယ်။

    ကျွန်တော့် အမြင်အရတော့ ဒီပညာနှစ်မျိုးဟာ ငှက်တစ်ကောင်ရဲ့ အတောင်နှစ်ဖက်လိုပါပဲ … နှစ်ဖက်လုံး ဟန်ချက်ညီညီ ရှိတဲ့အခါ အအောင်မြင်ဆုံး အမြင့်မားဆုံး ပျံသန်းနိုင်မှာပေါ့။ နှစ်ဖက်လုံးတတ်သိနားလည်သူတွေ ကိုယ်ကျင့်တရား မြင့်မားသူတွေ၊ တာဝန်ယူတတ်သူတွေ၊ စိတ်ကောင်းရှိသူတွေ၊ လူကိုလူလိုမြင်သူ humanity စိတ်ဓာတ်ရှိသူတွေ မွေးထုတ်နိုင်ကြရမှာပါ။

    ဘယ် ဘာသာဝင်ပဲ ဖြစ်ပါစေ ကိုယ်တိုင်နဲ့ ကိုယ့်သားသမီးတွေကို စစ်မှန်တဲ့ ခေတ်ပညာ၊ စစ်မှန်တဲ့ ဘာသာရေးပညာ တတ်သိလိုက်နာကျင့်သုံသော ပြည့်ဝသော လူသားကောင်း ဖြစ်အောင် ပြင်ဆင် လေ့လာ သင်ယူကြရအောင်ပါလေ။

  • ယင်းလပ် အပါအ၀င် ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံရေးသမားများအား ထိုင်းစစ်တပ်ပြန်လွှတ်ပေး

    မေ ၂၈ ၊ ၂၀၁၄
    M-Media
    urn publicid ap.org e04e9c7d235443f4885bfed229b0fc82
    – စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တန်းလျားတွင် ထိန်းသိမ်းခြင်းခံခဲ့ရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင် နာဝပ်ထရာမှာ ယနေ့တွင် ပြန်လည် လွတ်မြောက်လာသည်ဟု သိရသည်။

    ယင်းလပ်အပြင် အစိုးရလိုလားသူ ရှပ်နီခေါင်းဆောင်များဖြစ်ကြသည့် Chatuporn Prompand၊ Nattavut Saikua၊ Verakant Musikapong၊ Weng နှင့်Tida Tojirakarn တို့ကိုလည်း စစ်တပ်က သတင်းထောက်များရှေ့တွင် လွှတ်ပေးခဲ့ပြီး ၎င်းတို့ကမူ ထိန်းသိမ်းခံရခြင်းနှင့်ပတ်သက်၍ မည်သည့် မှတ်ချက်မှ မပေးခဲ့ချေ။

    ပြီးခဲ့သည့်တစ်ပတ် ကြာသာပတေးနေ့က အာဏာသိမ်းပြီးနောက် ထိုင်းစစ်တပ်မှာ ယင်းလပ်အပါဝင် ယခင်အစိုးရအရာရှိဟောင်းများနှင့် နိုင်ငံရေးသမားဟောင်း ၂ဝဝ ကျော်အား ထိန်းသိမ်းခဲ့ပြီး ယခုအခါ ၁ဝဝ ကျော် ပြန်လွှတ်ပေးခဲ့ပြီဖြစ်သည်။ စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Winthai Suvaree  ကမူ ထိန်းသိမ်းခံခဲ့ရသူအားလုံး စစ်တပ်က ကောင်းမွန်စွာ ဆက်ဆံခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထိုင်းစစ်တပ်မှာ ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများအား ဂရုတစိုက် စောင့်ကြည့်နေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး အင်တာနက် အသုံးပြုမှုအပါအ၀င် ကန့်သတ်မှုများလည်း ရှိနေသည်ဟု လေ့လာသူများက ဆိုသည်။

    Ref: ဆင်ဟွာ