News @ M-Media

Author: M-Media

  • ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၂ (ဓာတုဗေဒပညာရပ်)

    မေ ၂၅၊ ၂၀၁၄
    M-Media
    Credit to -အောင်သန်းလွင် (UCSY)
    Chemistry (ဓာတုဗေဒ) ဆိုတဲ့ ဝေါဟာရ စကားလုံးဟာ အာရဗီ စကားလုံး အယ်လ်ကင်မ်ယာ(Al-Kimya) ကနေဆင်းသက်လာတာဖြစ်ပါတယ်။ ကြိမ်ဖန်တလဲလဲ စမ်းသပ်စစ်ဆေးခြင်းဆိုတဲ့ နည်းပညာရပ်ကို ထည့်သွင်းပြီး ဒီဘာသာရပ်ကို အဆင့်မြင့် တိုးတက်မြင့်မားအောင် အာရဗ် မွတ်စလင်တွေက ပြုလုပ်ခဲ့တာပါ။

    10258779_751715524863319_5585533048290353104_n

    (၁၈) ရာစု မတိုင်ခင် အဲ့ဒီလိုနည်းပညာရပ်တွေဟာ ဥရောပမှာ ကျယ်ပြန့်ထွန်းကားခြင်း မရှိသေးပါ။ ပလပ်စတစ်၊ ရေယွန်(ပိုးထည်ပြုလုပ်ရာတွင်သုံးသည့် ဓာတုပစ္စည်း တစ်မျိုး(သို့) နာနတ်လျှော်)၊ လူလုပ်ရာဘာ၊ ရေနံ တို့အပြင် အင်ဆူလင် ၊ ပင်နယ်စလင် စတဲ့ ဆေးဝါးတွေဟာလည်း အစောပိုင်း မွတ်စလင်တွေဆီက အစပြုခဲ့တာဖြစ်ပါတယ်။

    ဂျဗာရ် အိဗ်နေ့ ဟိုင်ယာန် သို့ ဂျီဗာ (Geber)

    10311721_751715574863314_4319060130163438201_nဂျဗာရ်ကို ဓာတုဗေဒရဲ့ ဖခင်လို့ လူသိများကြပါတယ်။ သူဟာ အယ်လ်ခမီ (Alchemy) ဆိုတဲ့ ဘာသာရပ်ကို စနစ်ကျတဲ့ စမ်းသပ်စစ်ဆေးမှုတွေနဲ့ ပေါင်းစပ်ပြီး စစ်မှန်တဲ့ သိပ္ပံပညာရပ်ဖြစ်လာအောင် အမြောက်အမြားလုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဓာတုဗေဒ ဓာတ်ခွဲခန်းသုံး ကိရိယာပစ္စည်းပေါင်းအမျိုး ( ၂ဝ ) ကျော်ကို တီထွင်ခဲ့သူလည်းဖြစ်ပါတယ်။

    အဲ့ဒီထဲမှာ ပေါင်းချောင်(Alembic)၊ ဖန်အိုးလက်ရှည် (Retort) တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ဟိုက်ဒရိုကလိုရစ်၊ နိုက်ထရစ် အက်ဆစ် စတဲ့ ဓာတုဗေဒ ဒြပ်စပ်တွေကိုလည်း ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပါတယ်။ နောက် သူဟာ ဓာတုဗေဒ လုပ်ငန်းစဉ်တွေဖြစ်တဲ့ သန့်စင်ခြင်း (Purification)၊ အခဲခံခြင်း (Crystallization) ၊ စစ်ထုတ်ခြင်း (Filtration) အပါအဝင် လုပ်ငန်းစဉ် အမျိုးအစားပေါင်း ( ၉ ) မျိုးကျော်ကို ပုံစံချပေးပြီး ပိုမိုပြည့်စုံအောင် လုပ်ခဲ့ပါတယ်။

    မိုဟမ္မဒ် အိဗ်နေ့ ဇကရီယာ အယ်လ် ရာဇီ

    10330400_751715631529975_1343182570818607308_nမိုဟမ္မဒ် ရာဇီဟာ ယနေ့ထိတိုင် အသုံးပြုနေဆဲဖြစ်တဲ့ ဓာတုဗေဒ ကိရိယာ တန်ဆာပလာပေါင်းများစွာကို တီထွင်ခဲ့သူဖြစ်ပါတယ်။ သူ့ကိုပိုမိုပြီး လူသိများရခြင်းကတော့ ပေါင်းခံခြင်း (Distallation) ၊ ခွဲထုတ်ခြင်း (Extraction) နဲ့ဆိုင်တဲ့ ဓာတု လုပ်ငန်းစဉ်တွေကို ပိုကောင်းမွန်ပြည့်စုံအောင်လုပ်ခဲ့တာကြောင့်ပါပဲ။

    သူ့ရဲ့လုပ်ဆောင်မှုအကျိုးဆက်အားဖြင့် ဆာလဖြူရစ် အက်ဆစ် (Sulphuric Acid) ကို ရှာဖွေတွေ့ရှိစေခဲ့ပါတယ်။ ရေနံဆီ (Kerosene) နဲ့ ရေနံ (Petroleum) တွေကို ပထမဆုံး ပေါင်းခံခြင်းပြုလုပ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

    ဒီရှာဖွေတွေ့ရှိမှုတွေဟာ တခြား အစ္စလာမ့် ဓာတုဗေဒပညာရှင်တွေကို လမ်းခင်းပေးခဲ့သလိုလည်းဖြစ်ခဲ့ပါတယ်။ ဂျဗာရ်ရဲ့ များစွာသော ဓာတ်သတ္ထု အက်ဆစ် တွေရှာဖွေတွေ့ရှိမှုကလည်း ဤနည်းနှင့်ပဲ ဖြစ်ပါတယ်။

    အယ်လ် ကင်ဒီ

    10341560_751715698196635_7109295439755748837_nအီသနောကို လုံးဝသန့်စင်တဲ့ ဓာတ်ပေါင်းအဖြစ် ခွဲထုတ်ခြင်း လုပ်ငန်းစဉ်ကို ပထမဆုံး အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တာဟာ အယ်လ် ကင်ဒီ ပဲ ဖြစ်ပါတယ်။ သူဟာ အမွှေးအကြိုင် (ရေမွှေး)၊ ရနံ့နဲ့ ပတ်သတ်တဲ့ ထုတ်ကုန်ပစ္စည်းပေါင်းများစွာကို တီထွင်ခဲ့သူလည်းဖြစ်ပါတယ်။

    သူ့ကို ယနေ့ အမွှေးအကြိုင် လုပ်ငန်းတွေရဲ့ ဖခင်အဖြစ် သတ်မှတ်ကြပါတယ်။ သူဟာ ရနံ့နဲ့ ဆိုင်တဲ့ ထုတ်ကုန်တွေ အတွက် ကျယ်ပြန့်တဲ့ သုတေသနလုပ်ငန်းတွေ၊ အမျိုးမျိုးသော အပင်တွေနဲ့ အခြားပစ္စည်းတွေ ပေါင်းစပ်တဲ့ စပ်းသပ်မှုတွေ မြောက်များစွာ လုပ်ဆောင်ခဲ့ပါတယ်။

     

    (1001 Inventions : Muslim Heritage in Our World)
    “ကျွန်ုပ်တို့ကမ္ဘာရှိ မွတ်စလင်များကပေးခဲ့သော အမွေအနှစ်များ” စာအုပ်မှ အကျဉ်းထုတ်နှုတ်ချက်

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့၏ ဆန်းသစ် တီထွင်မှုများ – ၁ (စာသင်ကျောင်းများ) ဖတ်ရန်
    http://www.m-mediagroup.com/news/27979

    (အစ္စလာမ့် တီထွင်ဆန်းသစ်မှုများကို ဖော်ပြရခြင်းအကြောင်း)

    ယနေ့ကာလမှာ ကမ္ဘာ့လူသားထုတိုးတက်ရေးအတွက် အစ္စလာမ်ကမ္ဘာကပြုလုပ်ခဲ့တဲ့ အရေးပါအရာ ရောက်လှတဲ့ ဖြည့်စွက်ချက်တွေကို အသိ နည်းနေကြပါသေးတယ်။ နှစ်ပေါင်း ( ၅ဝဝ ) ကျော်မျှ အစ္စလာမ်က သိပ္ပံပညာရပ်တွေမှာ ကမ္ဘာကို ဦးဆောင်ခဲ့ရုံမျှမက စည်းစနစ်ကျတဲ့ အသိပညာရှာဖွေမှုတွေမှာ တက်တက်ကြွကြွ ရှိနေခဲ့ကြတဲ့ တစ်ခုတည်းသော လူသားမျိုးနွယ် အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။

    ( ၈ ) ရာစုအလယ်က စလို့ သိပ္ပံနဲ့ ပညာရေးဟာ ဘဂ္ဂဒက်မြို့တော်ကိုအခြေပြုတဲ့ တန်ခိုးကြီး အစ္စလာမ့် အင်ပါယာအောက်မှာ မွတ်စလင်တွေရဲ့ လွှမ်းမိုးမှုအဖြစ်နဲ့ အကြီးအကျယ်ထွန်းကားနေခဲ့ပါတယ်။ ဒီတိုးတက်မှုအနေအထားဟာ နောင် နှစ်ပေါင်း (၅ဝဝ) ကြာပြီးတဲ့အခါ မွတ်စလင်တွေ နိုင်ငံရေးအရ ကျဆင်းလာတဲ့ အချိန်ကိုကျော်လွန်ပြီးတဲ့တိုင်အောင် ရှိနေခဲ့ပါတယ်။

    အစ္စလာမ့် တီထွင်ဆန်းသစ်မှုများ အဖြစ်နဲ့ ဖော်ပြသွားမယ့် ဆောင်းပါးတွေဟာ အစ္စလာမ့် ရွှေခေတ်လို့ခေါ်တဲ့ ကာလတွေမှာ မွတ်စလင်တွေဟာ အသိပညာရှာဖွေရာမှာနဲ့ အရေးပါအရာရောက်လှတဲ့ လူ့သမိုင်းတိုးတက်ရေးတွေမှာ ဘယ်လောက်တောင် ထူးချွန်ပြောင်မြောက်စွာဖြည့်စွက်ခဲ့ကြသလဲ ဆိုတာကို ဖော်ပြသွားဖို့ရည်ရွယ်ပါတယ်။

    အောင်သန်းလွင် (UCSY)

     

  • ချန်ပီယံလိဂ် ဗိုလ်စွဲခြင်းမှာ အိပ်မက် အကောင်အထည်ပေါ် လာခြင်းဖြစ်သည်ဟု ဘေးလ်ဆို

    မေ ၂၅ ၊ ၂၀၁၄
    M-Media410680_heroa

    – ချန်ပီယံလိဂ်ဖလား ရရှိခဲ့ခြင်းမှာ မိမိ၏ အိပ်မက် အမှန်တကယ်ဖြစ်လာခြင်းဖြစ်ပြီး၊ ချန်ပီယံလိဂ်အောင်မြင်မှုထက် ပိုကြီးသော အရာမရှိဟု ရီးယဲလ်အသင်း၏ ဝေးလ် တိုက်စစ်မှူးဘေးလ်က ပြောကြားခဲ့သည်။

    ရီးယဲလ်အသင်းက ၄ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် အဆိုပါပွဲတွင် အသင်းအတွက် အရေးပါသည့် အနိုင်ဂိုးကို သွင်းယူပေးခဲ့သော ဘေးလ်က အက်သလက်တီကိုမှ ဂေါ့ဒင်၏ ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ရီးယဲလ်အသင်း ချန်ပီယံဖြစ်ရေးအတွက် မည်သည့် သံသယမှမရှိဟု ဆိုသည်။

    “ဒီရာသီမှာ အက်သလက်တီကို အသင်းနဲ့ ကျွန်တော်တို့ ၄ ကြိမ် ကစားခဲ့ဖူးပါတယ်။ ပွဲတိုင်းဟာ အကြိတ်အနယ်ရှိပြီး ခက်ခဲခဲ့ပါတယ်။ သူတို့ဦးဆောင် ဂိုးရပြီးတဲ့နောက်မှာ သူတို့ကို ဖြိုရခက်သွားပါတယ်။ ကံကောင်းစွာနဲ့ပဲ နာကျင် အချိန်ပိုမှာ ကျွန်တော်တို့ ချေပဂိုးရခဲ့ပြီး အဲဒီဂိုးက ကျွန်တော်တို့ကို အားအင်တွေဖြစ်စေခဲ့ပါတယ်” ဟု ဘေးလ်ကဆိုသည်။

    ၎င်းသွင်းယူခဲ့သည့်ဂိုးမှာ ၎င်းအားခေါ်ယူခဲ့သည့် ပေါင် ၈၅ သန်းတန်ဖိုးကို ချေနိုင်ခဲ့သည်လားဆိုသည့် အမေးကို ဘေးလ်က ရယ်မော၍ ထိုတန်ဖိုးမှာ မိမိအတွက် အရေးမပါပဲ ပြောင်းရွှေ့ကြေး တစ်ပြားဖြင့် ရောက်လာလျှင်လည်း ကောင်းကောင်းကစားသွားမည်ဟု ပြောကြားခဲ့သည်။

  • ယူကရိန်းတွင် ရွေးကောက်ပွဲစပြီ၊ ခွဲထွက်ရေးသမားများကြောင့် မဲပေးသူများ ကြောက်ရွံ့နေကြ

    မေ ၂၅ ၊ ၂၀၁၄
    M-Media

    _75090929_75090928
    – နိုင်ငံအရှေ့ပိုင်း Donetsk နှင့် Luhansk ဒေသများတွင် ရွေးကောက်ပွဲအား နှောက်ယှက်သွားမည်ဟု ခွဲထွက်ရေးသမားများက ခြိမ်းခြောက်ထားသော်လည်း ယူကရိန်း အစိုးရ ရွေးကောက်ပွဲကို ယနေ့တွင် စတင်ကျင်းပခဲ့သည်ဟု သိရသည်။

    မဲရုံတစ်ဝက်နီးပါးအား ခွဲထွက်ရေးသများက ပိတ်ဆို့ထားမှုကြောင့် နိုင်ငံတစ်ဝှမ်း မဲပေးပိုင်ခွင်ရှိသူ ၂ သန်းကျော်ရှိမှာ မဲပေးခွင့်ရနိုင်ဖွယ်မရှိချေ။ အဆိုပါရွေးကောက်ပွဲမှာ မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံအား တည်ငြိမ်စေရန် ရည်ရွယ်ကြိုးပမ်းခြင်းဖြစ်သော်လည်း ပြည်သူများကမူ မဲရုံသို့သွားရောက်၍ မဲပေးရေးအတွက် ကြောက်ရွံ့မှုများရှိနေသည်။

    ၁၉၉၁ ခုနှစ်နောက်ပိုင်း ပထမဆုံးပြုလုပ်သည့် အရေးပါသောအဆိုပါရွေးကောက်ပွဲတွင် မဲပေးကြရန် ၃၆ သန်းသော မဲပေးခွင့်ရှိသူများအား ၀န်ကြီးချုပ် ယက်ဆန်ယွတ်က ပန်ကြားခဲ့သည်။ အကြိုရွေးကောက်ပွဲ ရလဒ်များအရ တိုင်းပြည်တွင် သတ္တမမြောက်အချမ်းသာဆုံးဖြစ်သည့် ပက်ထရို ပိုရိုရှန်ကိုမှာ ရွေးကောက်ပွဲတွင် နိုင်ရန် အလားအလာကောင်းနေသည်။

    Al Jazeera and agencies

  • ဘရပ်ဆဲလ်ရှိ ဂျူးပြတိုက် အနီးတွင် ပစ်ခတ်မှုဖြစ်ပွား အစ္စရေးနှစ်ဦးအပါအ၀င် ၃ ဦးသေဆုံး

    မေ ၂၅ ၊ ၂၀၁၄
    M-Media
    jewish-museum-brussles
    – ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်ရှိ ဂျူးပြတိုက်အနီးတွင်  သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အစ္စရေး ခရီးသွား ၂ ဦးအပါအ၀င် လူ ၃ ဦးသေဆုံးခဲ့သည်။

    သေနတ်သမားမှာ ပြတိုက်ဝင်ပေါက်အနီးသို့ ကားဖြင့် သွားရောက်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တရားခံကိုမူ ဖမ်းဆီးရမိခြင်း မရှိသေးချေ။  အစ္စရေး ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီးတို့က ထိုပစ်ခတ်မှုအား ရှုတ်ချခဲ့ပြီး အစ္စရေး ဆန့်ကျင်ရေးနှင့် ဂျူးဆန့်ကျင်ရေး ရလဒ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က ပြတိုက် တစ်ဝိုက်နှင့် ဘရပ်ဆဲလ်မြို့ဝန်းကျင်ကို ပိတ်ပစ်ခဲ့သည်။ ဘယ်လ်ဂျီယံပြည်ထဲရေး ၀န်ကြီးကမူ ထိုလုပ်ရပ်မှာ ဂျူးဆန့်ကျင်ရေး လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ သေနတ်သမားမှာ တစ်ကိုယ်တော်ဖြစ်ပြီး မျက်မြင်သက်သေများလည်း အများအပြားရှိခဲ့ကာ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

    Ref: Al Jazeera and agencies

  • ၂ မိနစ်အလိုမှ ချန်ပီယံဖြစ်ခွင့် ဆုံးရှုံးခဲ့ရတဲ့ အက်သလက်တီကို၊ ဆယ်ကြိမ်မြောက် ချန်ပီယံလိဂ် အိပ်မက် ပြည့်ဝသွားတဲ့ ရီးယဲလ်

    မေ ၂၅ ၊ ၂၀၁၄
    M-Media
    660x495
    ရီးယဲလ်မက်ဒရစ် ၄-၁ အက်သလက်တီကို

    ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲကို ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ယနေ့နံနက်စောစောက ကျင်းပခဲ့ပါတယ်။ စပိန်က မြို့ခံပြိုင်ဘက်တွေဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ ရီးယဲလ်မက်ဒရစ်တို့ ကစားခဲ့ကြတာဖြစ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

    လာလီဂါဖလားကို ပူပူနွေးနွေးရရှိထားတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းက ပထမပိုင်း ၃၆ မိနစ် မှာ ဒီယေဂို ဂိုဒင်ရဲ့ ခေါင်းတိုက်ချက်နဲ့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဒီဂိုးဟာ ရီးယဲလ်ဂိုးသမား ကာဆီးလက်စ် ရှေ့ကိုအနည်းငယ်ထွက်နေတာကြောင့် ပေးလိုက်ရတာဖြစ်ပါတယ်။

    ၁၀ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် နောက်ပိုင်းမှာ ရီးယဲလ်တို့ တောက်လျှောက်ဖိကစားခဲ့ပေမယ် မိနစ် ၉၀ ပြည့်တဲ့အထိ လိုအပ်တဲ့ ချေပဂိုးမရခဲ့ဘဲပါဘူး။ ဒိုင်လူကြီးက နာကျင်အချိန်ပို ၅ မိနစ်ပေးခဲ့ပြီး တစ်ဖက်သတ်ဖိကစားနေတဲ့ ရီးယဲလ်အတွက် ၉၃ မိနစ်မှာ ရာမို့စ်က ခေါင်းတိုက်ပြီး အဖိုးတန်ချေပဂိုးသွင်းပေးခဲ့ပါတယ်။

    ပွဲအပြီးမှာ ၁ ဂိုးစီ သရေဖြစ်နေတာကြောင့် အချိန်ပိုဆက်ကစားခဲ့ပြီး အချိန်ပိုမှာလည်း ရီးယဲလ်ကသာ တစ်ဖက်သတ်ဖိကစားခဲ့ကာ မိနစ် ၁၁၀ မှာ ဒီမာရီယာရဲ့ ကန်သွင်းချက် အက်သလက်တီကို ဂိုးသမားနဲ့ထိပြီး ထွက်လာတာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာတဲ့ဘေးလ်က ဒေါင့်ကျဉ်းထဲကို ခေါင်းခုန်တိုက်ပြီး အဖိုးတန်အနိုင်ဂိုးသွင်းခဲ့ပါတယ်။ ၁၁၇ မိနစ်မှာတော့ မာဆယ်လိုက နောက်တစ်ဂိုးထပ်သွင်းခဲ့ပြီး အချိန်ပိုနောက်ဆုံးမိနစ်မှာ ပင်နယ်တီကတစ်ဆင့် ရော်နယ်ဒိုက စတုတ္ထမြောက်ဂိုးသွင်းယူခဲ့ပါတယ်။ ပွဲပြီးကာနီးမှာ ရီးယဲလ်နောက်ခံလူဗာရိန်းနဲ့ စကားများပြီး ကွင်းထဲဝင်လာတဲ့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီ အနီကဒ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

    နောက်ဆုံးဗိုလ်လုပွဲတက်ဖို့ ၁၂ နှစ်ကြာစောင့်ခဲ့ရတဲ့ ရီးယဲလ်အတွက် ဒီဖလားဟာ ၁၀ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားလည်းဖြစ်ပါတယ်။