News @ M-Media

Author: M-Media

  • အသက်အငယ်ဆုံးနဲ့ GCSE စာမေးပွဲတွင် A* အများဆုံးနှင့် စံချိန်ချိုး အောင်မြင်ခဲ့သူ မြန်မာမွတ်စလင် ကျောင်းသူလေး Onisa Naing @ သူဇာနိုင်

    မေ ၂၃ ၊ ၂၀၁၄
    M-Media
    (ကျော်စိုးဝင်း M-Media CJ တွေ့ဆုံမေးမြန်းသည်။ )
    Onisa-Naing
    အင်္ဂလန်နိုင်ငံတွင် မြန်မာပြည်က လာရောက်နေထိုင်တဲ့ ကိုဖါရွတ် မဖြူတို့ရဲ့ သမီး Onisa Naing  @ သူဇာနိုင် ဟာ အသက်အငယ်ဆုံးနဲ့ GCSE စာမေးပွဲကို (A*) အများဆုံးအဖြစ် ကမ္ဘာစံချိန်ချိုး အောင်မြင်ခဲ့တယ်လို့ သိရှိရပါတယ်။

    2013 ခုနှစ်  Year-9 မှာ (A*) ၁၃ ခုနဲ့ (A) တစ်ခု၊ ယခုနှစ် ၂၀၁၄ ခုနှစ်မှာ  Year-10 မှာ (A*) ၁၀ ခုဖြင့် ထူးထူးချွန်ချွန် ကမ္ဘာ့စံချိန်ချိုး အောင်မြင်ခဲ့တဲ့ အတွက် ဗြိတိသျှပါလီမန်တွင် ဂုဏ်ပြုခံခဲ့ရကြောင်း သိရှိရပါတယ်။
    ထူးချွန်ထက်မြတ်တဲ့ ကျောင်းသူလေး  Onisa Naing  @ သူဇာနိုင် ကို အင်္ဂလန်နိုင်ငံ  မြန်မာမွတ်စလင် ကွန်မြူနီတီမှ ကြီးမှူးပြီး  လာမယ့်တနင်္လာနေ့ ၂၆-၅-၂၀၁၄ နေ့လည် ၃ နာရီမှာ ဆုပေးဂုဏ်ပြုပွဲ ပြုမှာဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။ ကျောင်းသူလေး Onisa Naing  @ သူဇာနိုင် ကို M-Media CJ တဦးဖြစ်သူ လန်ဒန်မှ ကိုကျော်စိုးဝင်းမှ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

    မေး –  ညီမလေးရဲ့ အမည်အပြည့်အစုံ၊ မိဘအမည်နဲ့ မွေးချင်းများ။

    ဖြေ – Onisa Naing @ သူဇာနိုင် မွေးချင်းသုံးယောက်အနက် အကြီးဆုံးဖြစ်၊ အလတ် Umera  Naing၊ အငယ်ဆုံးက Mozina Naing ပါ။ မိဘများတွေက ကိုဖာရွတ်နဲ့ မဖြူပါ။

    မေး – ညီမလေး အသက်ဘယ်လောက်ရှိပြီလဲ မွေးသက္ကရာဇ်ကို ပြောပြပါလား။
    ဖြေ – ၁၉၉၉-ခုနှစ်မှာ မွေးပါတယ်။

    မေး – ငယ်ငယ်ကတည်းက နိုင်ငံရပ်ခြားမှာ မွေးဖွားကြီးပြင်းခဲ့တာလား။ ဒါမှမဟုတ် ဘယ်အသက်အရွယ်မှ နိုင်ငံရပ်ခြားမှာ ပညာသင်ယူဖြစ်ပါသလဲ။

    ဖြေ – ဒုတိယတန်းအထိ မြန်မာပြည်မှာပဲ ကျောင်းတက်ခဲ့ပြီးမှ အင်္ဂလန်ကို ရောက်ခဲ့တာပါ

    မေး – လက်ရှိ တက်ရောက်သင်ကြားနေတဲ့ ကျောင်းအမည်၊ အတန်းနဲ့ တည်ရှိရာအရပ်တို့ကို ဖော်ပြပေးစေလိုပါတယ်။
    ဖြေ – Connaugh school for girl,  Leytonstone, London, United Kingdom ပါ။

    မေး – ညီမလေးက GCSE ကို ကမ္ဘာမှာ စံချိန်ချိုးရလဒ်နဲ့ ဖြေဆိုအောင်မြင်ခဲ့ပြီး အင်္ဂလန်(Parliament House)တွင်ဆုတက်ယူရမယ်လို့ သိရတယ်လေ။ အခုလို world record ဖြစ်ခဲ့တာ ဘယ်လို အကြောင်းအရာကြောင့် မှတ်တမ်းဝင်တာပါလဲ။
    ဖြေ – အသက် ၁၅နှစ်နဲ့ အသက် အငယ်ဆုံး အေစတား အများဆုံး ယူနိုင်သူအဖြစ် ကမ္ဘာ့စံချိန်ဝင်ခဲ့တာပါ။

    မေး – အဲဒီ GCSE အကြောင်း နည်းနည်းရှင်းပြပေးပါလား။ ဘယ်လိုပုံစံ သင်ယူ ဖြေဆို အောင်မြင်နိုင်တယ်ဆိုတာကိုပေါ့။
    ဖြေ – မြန်မာနိုင်ငံမှာ ဆိုရင်  GCSE O Level နဲ့ အဆင့် အတူတူပါ။

    မေး – ညီမလေး Onisa Naing အနေနဲ့ ဒီဆုကို ရရှိဖို့ ဘယ်လိုကြိုးစားခဲ့ရပါသလဲ။ ဘယ်လို အချိန်ပေးခဲ့ရလဲ ဆိုတာ သိပါရစေ။

    ဖြေ – ပုံမှန်အားဖြင့် ကျူရှင်က တစ်ပတ်ကို လေးနာရီလောက်တက်ပြီး များသောအားဖြင့်တော့ အိမ်မှာပဲ ကိုယ့်ဟာကိုယ် လေ့လာဖြစ်ပါတယ်။ ဒီလို ဖြေဆိုနိုင်ဖို့ အတွက် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။

    မေး – အခု Year 9 မှာ ဒီဆုရခဲ့တယ်ဆိုတော့ Year 10 အတွက်ရော ဒီလို ရည်မှန်းချက်ရှိပါသလား။

    ဖြေ – ဟုတ်ကဲ့ ရှိပါတယ်။ အမြဲကြိုးစားလျှက်၊ ကြိုးစားဆဲပါ။

    မေး – မိဘများဘက်ကရော အခုလို အောင်မြင်တဲ့ သမီးတစ်ယောက်ကို ဘယ်လို အချိန်ယူပြီး ပြုစုပျိုးထောင် ပေးခဲ့ရပါသလဲ။

    ဖြေ – ငယ်စဉ်ကတည်းက ကလေးဘက်က ပင်ကိုယ် ကြိုးစားလိုစိတ်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်လို့ မိဘများအနေနဲ့ ထူးထူးခြားခြားပိုပြီး တိုက်တွန်းခဲ့ရတာမျိုး မရှိခဲ့ပါဘူး။

    မေး –  ညီမလေးက အစ္စလာမ်ဘာသာဝင် တစ်ယောက်ဖြစ်တယ်လို့ သိရတယ်။ ဒီတော့ အခု အင်္ဂလန်မှာ လက်ရှိကျောင်းအတူနေတဲ့ အချိန်မှာ ဘာသာလူမျိုး မတူတာကြောင့် ခွဲခြားခံရတာမျိုး အခက်အခဲဖြစ်တာ မျိုးရှိလား။

    ဖြေ – ဒီမှာက ဘာသာ၊လူမျိုး၊ အသားအရောင် ကွဲပြားခြားနားမှူနဲ့ပတ်သက်လို့ ခွဲခြားဆက်ဆံခြင်း မရှိသလို သူငယ်ချင်း တွေ အားလုံးနဲ့လည်း ဆက်ဆံရေးကောင်းမွန်ပါတယ်။

    မေး – မွတ်စလင် မိန်းကလေးငယ်တစ်ယောက်ဖြစ်တဲ့အတွက် တခြားသော မွတ်စလင်လူငယ်တွေကို ဘယ်လို စကား လက်ဆောင်ပါးချင်ပါသလဲ ညီမလေး။
    ဖြေ –  မြန်မာပြည်က မွတ်စလင် ကျောင်းသား/သူလေးတွေကို အောင်မြင်တဲ့ ထူးချွန် လူငယ်တွေဖြစ်လာစေဖို့ အကြံဥာဏ်စကားများ ပြောကြားစေချင်ပါတယ်။
    အခုလက်ရှိ မြန်မာနိုင်ငံမှာ ရှိတဲ့ ကလေးငယ်တွေ အထူးသဖြင့် မိန်းကလေးတွေကို ပညာရေးမှာ အခုထက်ပိုပြီး အောင်မြင်အောင် တိုက်တွန်းချင်ပါတယ်။ အမျိုးသမီးတွေကို အိမ်မှု ကိစ္စတွေ ချည်းသက်သက် ဘဝကို အချိန်မကုန်လွန်စေသင့်ဘဲ ခေတ်နဲ့အညီ လိုက်လျောညီထွေစွာနေထိုင်နိုင်ရန် အတွက် ခေတ်ပညာရေးကို အမျိုးသားများနဲ့ အညီ ရင်ဘောင်တန်း သင်ယူစေချင်ပါတယ်။ ဘာသာရေး ပညာများသက်သက်သာ သင်ယူစေခြင်းမျိုး မဖြစ်သင့်ဘဲ ခေတ်ပညာရေးကို မျက်ခြေမပြတ်သင့်ပါဘူး။

    မေး – အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ညီမလေး။

  • ဦးပိန်တံတားအား အစိုးရသတင်းစာ အမည်ပြောင်းခေါ်

    ရန်ကုန်၊ မေ ၁၅
    မြန်မာသံတော်ဆင့်မှ ကူးယူဖော်ပြသည်။

    105_0578

    နိုင်ငံပိုင်သတင်းစာ တစ်ခု ဖြစ်သည့် မေလ ၁၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ၌ မန္တလေးမြို့၊ တောင်သမန် အင်းရှိ ဦးပိန်တံတားအား ““တောင်သမန်တံတား”” ဟု ခေါ်ရန်ဆောင်းပါးရှင် ရာမည-သွေး မွန်ရေးသား ထား သည့် ““တောင် သမန်တံတားလို့ခေါ်ပါ””ဆောင်းပါး ထည့်သွင်းဖော်ထားခြင်းမှာ မဖြစ် သင့်ကြောင်းနှင့် သမိုင်း အတိုင်းသာ ရှိသင့်ကြောင်း သမိုင်းသုတေသီ နှင့်မန္တလေးမြို့ခံပြည်သူများကသုံး သပ်လျက်ရှိသည်။

    ဆောင်းပါးရှင်၏ ဖော်ပြချက်အရ ဦးပိန်တံတားတည်ဆောက်သူ မှာပုဂံမင်းမှ မြို့တော်ဝန်ခံထားသူ လူမျိုးခြား ဘိုင်ဆပ်ဆိုသူထံ၌ တာဝန်ထမ်းဆောင်သူမြို့စာရေး ဦးပိန် ဖြစ်ကြောင်း၊ ဦးပိန်က ဒေသခံပြည် သူများ သွားလာ ရေးအဆင်ပြေစေရန် အတွက် တောင်သမန်အင်းအား ဖြတ်၍ တံတားထိုးရန် အကြံပြုရာ ဘိုင်ဆပ်က ပုဂံမင်းထံ တင်ပြကာ ခွင့်ပြုချက်ရယူပြီး တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။…

    ယင်းသို့ တည်ဆောက်ရန် အတွက် ပုဂံမင်းထံမှ လိုအပ်သည့် ကျွန်းတိုင်များနှင့် လူအင်အားများ ရခဲ့သော် လည်း နဂိုမူလအကြံအစည် ဖြစ်သည့် ဘုရင့်ဘဏ္ဍာတော်မှ တံတားဆောက်လုပ်စရိတ် စာရင်း ဇယားပြ၍ ထုတ်ယူသုံးစွဲခဲ့ကြောင်း၊ ထို့ပြင် ဦးပိန်မှာမြို့တော်ဝန်ဘိုင်ဆပ် နှင့် ပေါင်းကာ ကိုယ့်အမျိုးသားချင်း နှိပ်စက်မှုများ ပြုလုပ်၍ လူမုန်းများ ခံရကြောင်း၊ ယင်းကြောင့်ပြည်သူ များတိုင်တန်း ခံရရာမှ မြို့တော်ဝန် ဘိုင်ဆပ်၊ ဦးပိန်နှင့် အပေါင်းအပါတို့ ကွပ်မျက် ခံခဲ့ရကြောင်းဖော်ပြထားသည်။

    ထို့ပြင် ဦးပိန်မှာ တံတားဒါယ ကာအဖြစ်အခေါ်ခံထိုက်သူမဟုတ်၊ တံတားကို အမှီပြု၍ ပြည်သူလူ ထုအပေါ် ခေါင်းပုံဖြတ်၊ အမြတ် ထုတ်သူသာ ဖြစ်ကြောင်း၊ ယင်းအတွက်မြန်မာ့ ဂုဏ်ဆောင် ပုဂ်္ဂိုလ်အဖြစ် ချီးကျူးသင့် သလောဟု ဆောင်းပါးရှင် ရာမည-သွေးမွန်က မေးခွန်းထုတ်ရေးသားထားသည်။

    ““သမိုင်းရဲ့ အရှိတရားအတိုင်း ထားတာတော့ ပိုပြီး သင့်မြတ်မယ် လို့ယူဆပါတယ်။ဒီနေရာမှာ လူမျိုးရေးတို့၊ ဘာသာရေးတို့ကို ဘေး ဖယ်ထားပြီးတော့ သူ့သမိုင်းမှာ ရှိ နေတဲ့အတိုင်းလေးသမိုင်းအတိုင်း ထားတာက ပိုကောင်းလိမ့်မယ်လို့ ယူဆပါတယ်။ သူလုပ်ခဲ့လို့ သူ့ တံတားဆိုပြီးတော့ လူတွေက တောက်လျှောက် ခေါ်ခဲ့ကြ တာပဲလေ”” ဟု သမိုင်းသုတေသီ ဒေါက်တာမြင့်သိန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

    attack

    ယင်းသို့ ဦးပိန်တံတားနှင့် ပတ်သက်၍ ရေးသားရာ၌လည်း ၂၀၁၀ ခုနှစ်ထုတ် စာရေးဆရာ သန်းဝင်းလှိုင်၏ အနှစ်ချုပ် မြန်မာ့သမိုင်း၊ အဘိဓာန်(ပထမတွဲ)အား မှီးငြမ်း ကိုးကားထားခြင်း ဖြစ်ကြောင်းလည်း ဖော်ပြပါရှိပြီး အကောင်းဆုံးမှာ ကမ္ဘာလှည့် ခရီးသွားများနှင့် စိတ်ဝင်စားသူများ သိရှိမှတ်သားနိုင်ရန် တောင်သမန်တံတား သမိုင်းအကျဉ်းကို တံတားဦး၌ ရေးသား စိုက်ထူထားသင့်သည်ဟု တိုက်တွန်းထားသည်။

    သို့သော် ဆောင်းပါး ဖော်ပြထားရာ၌ ထူးခြားချက်အနေဖြင့် တံတားတည်ဆောက်ရာ၌ အဓိကကျသည့် မြို့ စာရေး ဦးပိန်အား အထူးပြုဖော် ပြထားခြင်းမရှိဘဲ လူမျိုးခြားဖြစ်သူ ဘိုင်ဆပ်အားအထူးပြုသည့် အနေဖြင့် ““ဘိုင်ဆပ်”” ဟူ၍ မျက်တောင် အဖွင့်အပိတ်ဖြင့် ဖော်ပြထားခြင်း ဖြစ်သည်။

    ““ကျွန်တော့် သုံးသပ်ချက်ကတော့ အလုပ်မရှိ၊ အလုပ်ရှာတယ်လို့ပဲ မြင်ပါတယ်။ ဦးပိန်တံတားက နိုင်ငံတကာ ထိလည်း အမည်ပေါက် ပြီးသား၊တွင်ပြီးသား။ ဒါကိုမှ ထပ် ပြီးပြင်ချင်တယ်ဆိုရင်လည်းဒါတွေ ကမလိုအပ်ဘူး။ ဒီ့ထက် အရေးတကြီး လုပ်ရမယ့် အလုပ်တွေအများ ကြီးရှိတယ်။ဘိုင်ဆပ်က လူမျိုးခြား ဖြစ်လို့၊ ဘာသာခြား ဖြစ်လို့ ဆိုလို့ ရှိရင် မြန်မာစာ အသုံးအနှုန်းထဲမှာ ရောက်နေတဲ့ ရေဒီယိုတို့၊ ကွန်ပျူတာတို့၊ ကားတို့ အဲဒါတွေပါ လိုက် ပြီးမြန်မာမှုပြုကြပါလား၊ အားနေကြရင်””ဟု မန္တလေးမြို့ခံ စာရေး ဆရာ ဦးကျော်ရင်မြင့်က မြန်မာ သံတော်ဆင့်သို့ ဆိုသည်။

    u-pain-1-2

    မန္တလေးမြို့၌ နေထိုင်သူကို မောင်မောင်ကလည်း ““ ဦးပိန်ဆောက်ခဲ့တဲ့ တံတားကိုဦးပိန် တံတားလို့ ခေါ်ရမှာ။ ကောင်းခြင်း၊ မကောင်းခြင်းကသမိုင်းမှာ သူ့ဟာနဲ့သူ ရေးထိုးထားပြီးသား။ အဲဒါကို တောင်သမန်အင်း တံတား ပြောင်း ခေါ်ဖို့ဆိုတာ၊ တောင်သမန် အင်းတံ တားဆိုရင် ကောင်းပြီဘယ်သူ ဆောက်ခဲ့သလဲ။ ဒါမျိုးမေးစရာ တွေ ဖြစ်လာမှာပဲ။ ဦးပိန်တံတားကို ဦးပိန်တံတားအဖြစ်နဲ့ပဲ ရှိနေစေချင် တယ်ပေါ့။ ဒီဟာကြီးက မကောင်း လို့ဆိုတာ ဒါသမိုင်းကို ဖျောက်တာပဲ။ ဒါဖျောက်ဖို့မသင့်တဲ့ ကိစ္စပဲလို့ စိတ်ထဲမှာ ထင်တယ်”” ဟု မြန်မာ သံတော်ဆင့်သို့ ပြောသည်။

    အဆိုပါ ဦးပိန်တံတားမှာ မန္တလေးတိုင်း၊အမရပူရမြို့၌ မြို့စာ ရေးဦးပိန် ဦးဆောင်ကာ ၁၂၁၁ ခုနှစ်က တည် ဆောက်ခဲ့ခြင်း ဖြစ် ကာ နှစ်နှစ်ကြာတည်ဆောက် ခဲ့ရ သည်။ တံတားအရှည် ၇ ဒသမ ၈ ဖာလုံရှိကာ တိုင်လုံး ရေ ၁၀၈၆ လုံးဖြင့် အခန်းပေါင်း ၄၈၂ ခန်း၊ ဇရပ်ပေါင်း ၄ ခုထည့်သွင်း တည် ဆောက်ထားသည်။

    မူရင်းသတင်းလင့် =>http://goo.gl/ngjgGz

    ဆက်စပ်ပိုစ်များဖတ်ရန်
    ဦးပိန်တံတား သမိုင်းစကား မမှားစေဖို့ => http://www.m-mediagroup.com/news/1011

  • အသက် ၁၇ နှစ်အောက် ဥရာပ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် အင်္ဂလန်လူငယ် အသင်း ဗိုလ်စွဲ

    မေ ၂၂ ၊ ၂၀၁၄
    M-Media

    408979_heroa
    – မော်လ်တာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် အသက် ၁၇ နှစ်အောက် ဥရောပ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် အင်္ဂလန်အသင်းမှာ နယ်သာလန်အား နောက်ဆုံး ဗိုလ်လုပွဲ၌ ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    အင်္ဂလန်အသင်းအတွက် ပွဲချိန် ၂၅ မိနစ်တွင် ချယ်ဆီး လူငယ် တိုက်စစ်မှူး ဒိုမီနစ် ဆိုလန်ကီ က ဦးဆောင်ဂိုး သွင်းယူပေးခဲ့သော်လည်း ၅ မိနစ်အကြာတွင်  နယ်သာလန် အသင်းက ချေပဂိုး ပြန်လည် သွင်းယူခဲ့သည်။ နောက်ပိုင်း ပွဲချိန်များတွင် မည်သူမျှ ဂိုးထပ် သွင်းယူနိုင်ခြင်း မရှိဘဲ ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ အင်္ဂလန်အသင်းက ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    အင်္ဂလန်အသင်းမှာ ၂၀၁၀ ခုနှစ်ကလည်း ထိုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။ အင်္ဂလန်လက်ရွေးစင် အသင်းမှာ အောင်မြင်မှုများနှင့်ဝေးကွာနေသော်လည်း လူငယ် အသင်းများမှာ အောင်မြင်မှုများကို ရရှိလျက်ရှိနေပြီး FA ကမူ အင်္ဂလန် လူငယ်ကစားသမားများ ပရီးမီးယားလိဂ်တွင် ပိုမို ပါဝင်နိုင်ရေး စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိနေသည်။

  • ကလေးများဖြင့် အပြာကားရိုက်သည့် ဟု သံသယရှိသူ ဂျူးဘုန်းကြီး အပါအဝင် လူ ၇၁ ဦး နယူးယောက်ရဲ ဖမ်းဆီး၊

    မေ ၂၂ ၊ ၂၀၁၄
    M-Media

    ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သည် ဂိုဏ်းအား နယူးယောက် ရဲတပ်ဖွဲ့ဖြိုခွဲ ဂျူးဘုန်းကြီး အပါအ၀င် လူ ၇၁ ဦးအားဖမ်းဆီးမိ

    20126187273981734_20

    – ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ဗီဒီယို၊ ဓာတ်ပုံများကို ထုတ်လုပ်ဖြန့်ဝေသည့် ဂိုဏ်းတစ်ခုအား ပစ်မှတ်ထားသည့် စစ်ဆင်ရေး အတွင်း လူပေါင်း ၇၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ထိုအထဲတွင် ရဲအရာရှိ၊ ဂျူးဘုန်းကြီး၊ သူနာပြုများ ပါဝင်သည်ဟု နယူးယောက် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ဇန်န၀ါရီလ ကတည်းက စုံစမ်း စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ယမန်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိ သူများထဲတွင် မိမိ၏ သားသမီး အရင်းအား ထိုလုပ်ငန်းတွင် အသုံးချနေသူ အမျိုးသမီး တစ်ဦးနှင့် မွေးစားသမီး၏ အ၀တ်မဲ့ပုံအား လျှို့ဝှက် ကင်မရာဖြင့် ရိုက်ကူးခဲ့သည့် ဖခင်တစ်ဦးလည်း ပါဝင်ခဲ့သည်။

    “သူတို့တွေထဲက အများစုဟာ ပညာတတ်တွေဖြစ်ကြပြီး သူတို့ရဲ့ သက်ဆိုင်ရာ နယ်ပယ်တွေမှာ အောင်မြင်သူတွေ ဖြစ်ပါတယ်။ အဲဒီအထဲမှာ သူနာပြုတွေ၊ ဆရာဝန်တွေ၊ စိတ်ကျန်းမာရေး စောင့်ရှောက်သူတွေ၊ ကွန်ပြူတာ ပရိုဂရမ်မာတွေနဲ့၊ ဗိသုကာ ပညာရှင်တွေ ပါဝင်ပါတယ်” ဟု ရဲတပ်ဖွဲ့ အထူးအေးဂျင့် ဂျိမ်းဟေးစ်က ပြောကြားခဲ့သည်။

    ထိုလုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် စားပွဲတင် ကွန်ပျူတာ၊ လက်ပ်တော့၊ ဖုန်းနှင့် အခြားသော ဆက်စပ်ပစ္စည်း ၆၀၀ ကျော်ကိုပါ တစ်ပါတည်း ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့အားလုံးအား နှောက်ယှက်မှု၊ ကလေးငယ် လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံ၊ ဗီဒီယိုများ ထုတ်လုပ်မှု၊ လက်ဝယ်ထားရှိမှုများ အပါအ၀င် စွဲချက်များစွာဖြင့် တရားစွဲဆိုထားကာ ဖြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂၅ နှစ်အထိ ကျခံရဖွယ်ရှိနေသည်။

    ထိုကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်နေသည်ဟု ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Reuters

  • နိုင်ငံရေး မတည်မငြိမ် ဖြစ်နေသည့် ထိုင်းတွင် စစ်တပ် အာဏာသိမ်းပြီ

    မေ ၂၂ ၊ ၂၀၁၄
    M-Media

    201452002744877734_20
    – အင်္ဂါနေ့ မာရှယ်လော ထုတ်ပြန်ခဲ့သည့် စစ်တပ်မှာ အစိုးရအဖွဲ့အား ထိန်းချုပ်သွားမည်ဟု ထိုင်းစစ်တပ် အကြီးအကဲက ယနေ့တွင် ကြေညာလိုက်သည်။

    ထိုင်းအစိုးရ၊ အတိုက်အခံနှင့် စစ်တပ်တို့ မြို့တော် ဘန်ကောက်တွင် နှစ်ရက်ကြာဆွေးနွေးမှု မအောင် မမြင်ဖြစ်ခဲ့ပြီးနောက် ထိုင်းစစ်တပ်က ယခုကဲ့သို့ကြေညာခဲ့ခြင်းဖြစ်ပြီး ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့် ကာဖျူးကိုလည်း တစ်ဆက်တည်း ထုတ်ပြန်ခဲ့သည်။ မာရှေယ်လောထုတ်ပြီးကတည်းက ထိုင်းစစ်တပ်မှာ နိုင်ငံတစ်ဝှမ်းတွင် တပ်ဖြန့်ချခဲ့ပြီးဖြစ်သည်။

    စစ်တပ်က အာဏာ သိမ်းခဲ့သော်လည်း မိမိတို့မှာ ဆက်လက် ဆန္ဒပြသွားမည်ဟု ရှပ်နီခေါင်းဆောင် ဂျာတူပွန် ပရွမ်ပန်က ပြောကြားခဲ့ပြီး ဆန္ဒပြ အုပ်စုများကိုလည်း ဆန္ဒပြမှုများ ဆက်လက်ပြုလုပ် သွားရန် တိုက်တွန်းခဲ့သည်။ ရှပ်နီအဖွဲ့မှာ စစ်တပ်မှ အာဏာသိမ်းပါက ခုခံသွားမည်ဟု ပြောကြားထားသော အဖွဲ့ဖြစ်သည်။

    ၁၉၃၂ ခု စည်းမျဉ်းခံဘုရင်စနစ် စတင်ခဲ့ပြီးကတည်းက ယခုအချိန်အထိ ထိုင်းစစ်တပ်မှ အာဏာသိမ်းခဲ့သည့်မှာ ၁၂ ကြိမ်ရှိပြီဖြစ်သည်။

    Al Jazeera