News @ M-Media

Author: M-Media

  • မုန်တိုင်းသတင်း (မေ ၂၂)

    မေ ၂၂ ၊ ၂၀၁၄
    ဒေါက်တာထွန်းလွင်
    10174877_856060424408531_4450352107928699424_n
    အနောက်တောင်မုတ်သုံ လေဦးဟာ မြန်မာနိုင်ငံမြစ်၉ကျွန်းပေါ်ဒေသအတွင်းသို့ ဆက်လက်ဝင်ရောက် နေပြီဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတောင်ပိုင်း ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် (၂၁-၅-၂၀၁၄)ရက်နေ့ နံနက်(၆)နာရီခွဲတွင် မုန်တိုင်းငယ်တစ်ခု အဖြစ်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

    မုန်တိုင်းငယ်ရဲ့ဗဟိုချက်မှာ 16.0N, 90.0E မှာရှိနေပြီး၊ ဟိုင်းကြီးကျွန်းရဲ့အနောက်ဖက် မိုင်(၂၅၀)ခန့်အကွာ ရေပြင်ပေါ်တွင် ရှိနေပြီး မြောက်ဖက်အရပ်သို့ ဦးတည်ရွေ့လျှားမည်ဟု ခန့်မှန်းရပါတယ်။

    ဗဟိုချက်အနီး လေတိုက်နှုန်းမှာ တစ်နာရီ မိုင်(၄၀-၄၅)မိုင်ခန့်ရှိနိုင်ပါတယ်။ သင်္ချာပုံစံ ကနဦးခန့်မှန်းချက်များအရ မုန်တိုင်းငယ်ဟာ သိသိသာသာ အားကောင်းလာခြင်းမရှိဘဲ နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံဖက်ဆီသို့ ဦးတည်ရွေ့လျှားမယ်လို့ ခန့်မှန်း ထားပါတယ်။

    မြန်မာ့ပင်လယ်ပြင်အခြေအနေ။
    —————————
    မြစ်ဝကျွန်းပေါ် နဲ့ရခိုင် ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တစ်ခါတစ်ရန် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့် ရှိနှိုင်ပါတယ်။ လှိုင်းအမြင့် (၅)ပေမှ(၇)ပေခန့်ရှိနှိုင်ပါတယ်။ ကျန်မြန်မာ့ ကမ်းရိုးတန်းနဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ လှိုင်းအသင့် အတင့်ရှိနိုင်ပြီး၊ လှိုင်းအမြင့် (၃)ပေမှ(၄)ပေခန့် ရှိနှိုင်ပါတယ်။

    ရေယာဉ်များ အထူးသဖြင့် ရေယာဉ်ငယ်များ သတိထားဖို့လိုအပ်ပါတယ်။

    Link =>https://www.facebook.com/tunlwin48/posts/856063331074907

    1969391_856062774408296_6099239916457047906_n

  • ကမ္ဘာ့ဒုတိယ အချမ်းသာဆုံး ရုပ်ရှင်မင်းသား ရှာရွတ်ခန်း

    မေ ၂၂ ၊ ၂၀၁၄
    M-Media
    .ရောဘတ်အယ်လ်ဟို့စ် မြန်မာမှု ပြုသည်။
    10346633_663359070380559_225155809488414309_n
    ကမ္ဘာ့ရုပ်ရှင်လောက ရဲ့ ဟောလိဝုဒ် နဲ့ အိန္ဒိယရုပ်ရှင်လောက ဘောလိဝုဒ် တို့ နှစ်ခုပေါင်း မှတ် တမ်း မှတ်ရာများ အရ၊ အိန္ဒိယ ရုပ်ရှင်မင်းသား ရှာရွတ်ခန်း ဟာ ကမ္ဘာမှာ ဒုတိယ အချမ်းသာဆုံး ရုပ် ရှင် သရုပ်ဆောင်အဖြစ် သတ်မှတ်ခံရကြောင်း The Times of India သတင်းစာကြီးက မေလ ၂၂ ရက်နေ့မှာ ရေးသားထားပါတယ်။

    ရုပ်ရှင်လောက က သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ စတဲ့ ရုပ်ရှင်လောကသားတွေ ရဲ့ ဓနကြွယ်ဝ ချမ်းသာမှုတွေကို စောင့်ကြည့်ပြီး စာရင်းပြုစုတဲ့ Wealth X’s ရဲ့ ဟောလိဝုဒ် နဲ့ ဘောလိဝုဒ် လောကသားများ ဓနဥစ္စာ ကြွယ်ဝ ချမ်းသာသမျှ ဆိုတဲ့ စာရင်းရှည်ကြီးကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ရာမှာ အိန္ဒိယ ဘောလိဝုဒ် စတား ရှာရွတ်ခန်းဟာ ပိုင်ဆိုင်ကြွယ်ဝမှု အမေရိကန်ဒေါ်လာ သန်း ၆၀၀ နဲ့ ကမ္ဘာ့ ဒုတိယအချမ်းသာဆုံး ရုပ်ရှင်သရုပ်ဆောင် ဖြစ်ကြောင်း ဖော်ပြထားတာပါ။

    Wealth X ရဲ့စာရင်းအရဆိုရင် အမေရိကန် ဟာသသရုပ်ဆောင် ဂျယ်ရီ ဆိန်းဖီးလ်ဒ် က ကြွယ်ဝ ချမ်းသာမှု အမေရိကန် ဒေါ်လာ သန်း ၈၂၀ ခန့် နဲ့ ပထမနေရာကို ရယူထားပြီး ရှာရွတ်ခန်းက သန်း ၆၀၀ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒီစာရင်းအရ ဆိုရင် ရှာရွတ်ခန်းဟာ ဟောလိဝုဒ် က ကမ္ဘာကျော် နာမည်ကြီးသရုပ်ဆောင် တွေ ဖြစ်တဲ့ တွမ်ခရုဇ်၊ တွမ် ဟန့်ခ်၊ ကလင့်အိပ်စ်ဝုဒ် နဲ့ အဒမ် ဆန်းဒလား တို့ရဲ့ အထက်မှာ ရပ်တည်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

    တတိယမြောက်အချမ်းသာဆုံး သရုပ်ဆောင်အဖြစ် အမေရိကန် ရုပ်ရှင်မင်းသား တွမ်ခရုဇ် က ဒေါ် လာ သန်းပေါင်း ၄၈၀ နဲ့ စတုတ္ထမြောက် အချမ်းသာဆုံး ရုပ်ရှင်လောကသား အဖြစ် ဂျော်နီဒက်ပ် နဲ့ တိုင်လာပယ်ရီ တို့က ဒေါ်လာသန်းပေါင်း ၄၅၀ စီ နဲ့ ပူးတွဲ ရပ်တည်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

    အော်စကာ ဆု သုံးဆု အပါအ၀င် အကယ်ဒမီဆုပေါင်း များစွာကို ဆွတ်ခူးထားတဲ့ အမေရိကန် ရုပ်ရှင် မင်းသား ဂျက်နီကိုလ်ဆင် ကတော့ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နဲ့ သတ္တမ နေရာကိုသာ ရရှိခြဲ့ ပီး၊ Forrest Gump နဲ့ Philadelphia ဇာတ်ကားတွေနဲ့ အော်စကာ ဆုတွေ ရထားတဲ့ တွမ် ဟန့်ခ် ဟာ နံပါတ်ရှစ် နေရာနဲ့ ဟောလိဝုဒ် ဂန္တ၀င် အမေရိကန် ကောင်းဘွိုင်မင်းသားကြီး ကလင့်အိပ်စ် ၀ုဒ် ကတော့ ဒေါ်လာ သန်းပေါင်း ၃၇၀ နဲ့ ကမ္ဘာ့နံပါတ်ကိုး အချမ်းသာဆုံး ရုပ်ရှင် သရုပ်ဆောင် အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

    Ref: The Times of India

  • မော်ရင်ဟိုမှာ ရုပ်သေးဖြစ်သည်ဟု အီတူး စကားစစ်ထိုး၊ မိမိမှာ ထိပ်တန်းအဆင့် ခြေစွမ်းဖြင့် ကစားနိုင်သေးဟုပြော

    မေ ၂၁၊ ၂၀၁၄
    M-Media

    405596_heroa
    – ချယ်ဆီးနည်းပြ မော်ရင်ဟိုမှာ ရုပ်သေးရုပ်တစ်ရုပ်သာဖြစ်ပြီး မိမိမှာ ထိပ်တန်းအဆင့်တွင် ကစားနိုင်သေးသည်ဟု တိုက်စစ်မှူး အီတူးက ပြောကြားလိုက်သည်။

    မော်ရင်ဟိုမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဆွဇ်ဇာလန်တွင်ပြုလုပ်သည့် စပွန်ဆာပွဲတစ်ခုတွင် အသင်းရှိတိုက်စစ်မှူးများအား ဝေဖန်ခဲ့ပြီး အီတူး၏ စွမ်းဆောင်ရည်မှာလည်း ၎င်း၏ရှိသည့်အသက်ထက် ပို၍ ကြီးလွန်းနေသည်ဟု ပြောကြားခဲ့သည်။

    အီးတူးကမူ ပြီးခဲ့သည့် သီတင်းပတ်က ၎င်း၏ ခံစားချက်များကို ဖွင့်ဟခဲ့ပြီး၊ မော်ရင်ဟိုနှင့် ဆက်ဆံရေး မည်ကဲ့သို့ရှိသနည်းဟု Cafonline စာစောင်မှ မေးမြန်းရာ

    “ကျွန်တော့်ရဲ့အသက်ကို ဝေဖန်ခဲ့တဲ့ ရုပ်သေးရုပ်(မော်ရင်ဟို)နဲ့ ဆန့်ကျင်ပြီးပြောရရင်၊ ကျွန်တော် ကြံ့ခိုင်မှုရှိနေတုန်းပါပဲ။ အသက် ၃၃ နှစ်ရှိတဲ့ကျွန်တော်ဟာ စွမ်းဆောင်ရည်ကောင်းပါတယ်။ လူငယ်ကစားသမားတွေထက် ပိုကောင်းအောင် ကစားနိုင်တယ်ဆိုတာကို ကျွန်တော် သက်သေပြခဲ့ပြီးပါပြီ” ဟု အီတူးက ပြောကြားခဲ့သည်။

    ချယ်ဆီးအသင်းအတွက် ၁၄ ဂိုးသွင်းယူပေးခဲ့သည့် အီတူးက မိမိအနေဖြင့် အမေရိကန် သို့မဟုတ် အရှေ့အလယ်ပိုင်းသို့ သွားရောက်ကစားမည် မဟုတ်ကြောင်း ထိပ်တန်းအဆင့် အသင်းများတွင် ဆက်လက် ကစားသွားမည်ဖြစ်ကာ ချန်ပီယံလိဂ်တွင်လည်း ဆက်လက် ပါဝင်သွားမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

  • ပါလက်စတိုင်း ဆယ်ကျော်သက် ၂ ဦးကို အစ္စရေး စစ်တပ်မှ တမင် ပစ်သတ်ခဲ့သည့် ဗီဒီယို ထွက်ပေါ်

    မေ ၂၁ ၊ ၂၀၁၄
    M-Media

    အရွယ်မရောက်သေးသည့် ပါလက်စတိုင်း နှစ်ဦးအား အစ္စရေးစစ်တပ်မှ တမင် ပစ်သတ်ခဲ့သည့် ဗီဒီယိုထွက်ပေါ်၊ စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းဟု ပါလက်စတိုင်း အစိုးရပြော

    _74989046_74988950

    – ပြီးခဲ့သည့် သီတင်းပတ်က ပါလက်စတိုင်းတို့၏ Nakba နေ့အခမ်းအနား ကျင်းပနေစဉ် ပါလက်စတိုင်း ဆယ်ကျော်သက် နှစ်ဦးအား အစ္စရေးလုံခြုံရေး တပ်ဖွဲ့မှ တမင်သက်သက် ပစ်သစ်ခဲ့သည့် ဗီဒီယိုကို လူ့အခွင့်အရေး အဖွဲ့တစ်ခုက ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    ၂ မိနစ်တာကြာမြင့်သည့် အဆိုပါ ဗီဒီယိုကို နိုင်ငံတကာ ကလေးငယ်များ ကာကွယ်ရေးအဖွဲ့ DCI က ယနေ့တွင် YouTube ၌ လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းပိုင် ဆိုင်တစ်ခုတွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာမှ ရရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားသူများမှာ မိုဟာမက် အဘူ သာဟီရ်နှင့် နဒီမ်း နူဝါရာတို့ဖြစ်ကြပြီး ကျည်ဆံမှာ နှလုံးသို့ ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ပါလက်စတိုင်းဆေးရုံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ၎င်းတို့မှာ အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ်သာရှိသေးသည်။

    သေနတ်ဖြင့်အပစ်ခံရချိန်တွင် ထိုလူငယ်နှစ်ဦးမှာ လုံခြုံရေးတပ်ဖွဲ့များအား အန္တရာယ်ပေးနိုင်သည် အနေအထားတွင် မရှိဘဲ ဥပဒေကို ချိုးဖောက်သည့် သတ်ဖြတ်မှုဖြစ်သည်ဟု DCI က ဆိုသည်။ အစ္စရေး လူ့အခွင့်အရေးအဖွဲ့ B’Tselem ကလည်း လူငယ် ၂ ဦးမှာ မီတာ ၂၀၀ အကွာအဝေးက ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး အစ္စရေးစစ်သားများမှာ အန္တရာယ် လုံးဝမရှိသည့် အခြေအနေတွင်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ထိုသတ်ဖြတ်မှုအတွက် ပါလက်စတိုင်း အစိုးရက အစ္စရေးအား “သွေးအေးလူသတ်သမား” ဟု ခေါ်ဆိုခဲ့ကာ ထိုကဲ့သို့ပစ်သတ်မှုမှာ စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစ္စရေးဘက်ကမူ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ ထိုအချိန်က ရာဘာကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း၊ သို့သော်လည်း စုံစမ်းစစ်ဆေးမှု ၂ ခုကို ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
    Ref:Agencies