News @ M-Media

Author: M-Media

  • ဘိုကိုဟရမ်၏ လုပ်ရပ်အား အလ်-အဇ်ဟာရ် တက္ကသိုလ်နှင့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များ ပြင်းပြင်းထန်ထန် ရှုတ်ချ

    မေ ၈ ၊ ၂၀၁၄
    M-Media
    ကျောင်းသူများအား ပြန်ပေးဆွဲခဲ့သည့် ဘိုကိုဟရမ်၏ လုပ်ရပ်အား အလ်-အဇ်ဟာရ် တက္ကသိုလ်နှင့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များက ပြင်းပြင်းထန်ထန် ရှုတ်ချ

    Muslims Vent Anger over Nigeria Abductions

    – နိုက်ဂျီးရီးယား စစ်သွေးကြအဖွဲ့ ဘိုကိုဟရမ်က ကျောင်းသူ ၂၀၀ ကျော်အား ပြန်ပေးဆွဲမှုကို အစ္စလာမ်ကမ္ဘာ၏ အမြင့်ဆုံး အစ္စလာမ် ဓမ္မတက္ကသိုလ် အလ်-အဇ်ဟာရ်က ရှုတ်ချလိုက်ပြီး၊ ထိုမိန်းကလေးများအား ချက်ခြင်းပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

    “ဒီလုပ်ရပ်ဟာ အစ္စလာမ်ရဲ့ မွန်မြတ်တဲ့ သွန်သင်မှုတွေနဲ့ ဘယ်လိုမှကို ဆက်နွယ်မှု မရှိပါဘူး။ ဒီမိန်းကလေးတွေကို ချက်ခြင်းလွှတ်ပေးဖို့ အလ်-အဇ်ဟာရ်က တောင်းဆိုပါတယ်” ဟု AFP သတင်း ဌာနက မေလ ၆ ရက်နေ့တွင် ဖော်ပြခဲ့သော အလ်-အဇ်ဟာရ်၏ ကြေညာချက်တွင် ရေးသားထားသည်။

    နိုက်ဂျီးရီးယားမြောက်ပိုင်း ဘိုနိုပြည်နယ် ချီဘွတ်မြို့ရှိ စာသင်ကျောင်း တစ်ခုမှ ကျောင်းသူ ၂၃၄ ဦးအား အစွန်းရောက် စစ်သွေးကြွအဖွဲ့မှ ဧပြီလ ၁၄ ရက်နေ့တွင် ဖမ်းဆီးပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။

    ထိုကဲ့သို ပြန်ပေးဆွဲခဲ့ခြင်းအား နိုက်ဂျီးရီးယား အာဏာပိုင်များနှင့် ဘာသာရေးအဖွဲ့များက ကျယ်ကျယ်ပြန့်ပြန့်ရှုတ်ချခဲ့ကြသည်။ အမေရိကန်နှင့် ယူကေတို့မှ မွတ်စလင်များကလည်း ဒေါသထွက်ခဲ့ကြပြီး၊ ထိုလုပ်ရပ်မှာ အစ္စလာမ်၏ သွန်သင်မှုနှင့် ဆန့်ကျင်သည့် လုပ်ရပ်ဟု ပြောဆိုခဲ့ကြသည်။

    “ဘိုကိုဟရမ်လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းကလုပ်တဲ့ ရွံစရာကောင်းပြီး အစ္စလာမ်နဲ့ ဘာမှမဆိုင်တဲ့ ဒီလုပ်ရပ်ကို ကျွန်တော်တို့ ရှုတ်ချပါတယ်။ နိုက်ဂျီးရီးယားကျောင်းသူ ၂၀၀ ကိုပြန်ပေးဆွဲပြီး၊ ရောင်းစားမယ်လို့ ခြိမ်းခြောက်တာမျိုးကို အစ္စလာမ်ရဲ့ ထုံးတမ်းစဉ်လာတွေက ခွင့်ပြု မထားပါဘူး။ ပျောက်နေတဲ့ ကျောင်းသူလေးတွေကိုရှာပြီး၊ သူတို့ကို ဖမ်းဆီးတဲ့သူတွေကို တရား ဥပဒေရှေ့မှောက်ရောက်လာအောင် လုပ်ဖို့ နိုင်ဂျီးရီးယားအစိုးရကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု အမေရိကန်မွတ်စလင်များ၏ သက်တမ်း အရင့်ဆုံး အကူအညီပေးရေးအဖွဲ့ မြောက်အမေရိက အစ္စလာမ်အသင်း ISNA က မေလ ၆ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

    ထို့ပြင် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးအသင်း CAIR၊ လန်ဒန်မွတ်စလင်အသင်းနှင့် အခြားသော အစ္စလာမ်အသင်းအဖွဲ့များကလည်း ဘိုကိုဟရမ်၏ အဆိုပါလုပ်ရပ်အား ရှုတ်ချကြောင်း လူသိရှင်ကြား ပြောဆိုခဲ့ကြသည်။

    OnIslam & News Agencies

  • ပေါ်တူဂီ ဂန္တ၀င် ကစားသမား ဖီဂိုမှာ ရော်နယ်ဒိုထက် ပို၍ ပါးနပ်သည်ဟု နူနိုဂိုးမက်စ်ဆို

    မေ ၈ ၊ ၂၀၁၄
    M-Media

    – ရီးယဲလ်မက်ဒရစ် အသင်း တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ လက်ရှိအချိန်အတွင် ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမားဖြစ်သော်လည်း ပေါ်တူဂီ ဂန္တ၀င် ကစားသမား ဖီဂိုကဲ့သို့ ပါးနပ်မှု မရှိဟု ပေါ်တူဂီ ကစားသမားဟောင်း နူနိုဂိုးမက်စ်က ပြောကြားလိုက်သည်။

    395605_heroa

    ဂိုးမက်စ်မှာ ၁၉၉၆ နှင့် ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဖီဂိုနှင့် တွဲကစားဖူးပြီး ၎င်း၏ ကစားသမားဘ၀ နှောင်းပိုင်းတွင် ရော်နယ်ဒိုနှင့်လည်း တွဲကစားဖူးသည်။ ရော်နယ်ဒိုမှာ ရီးယဲလ် ကစားသမားဟောင်း ဖီဂိုထက် ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွင် သာလွန်ပြီး၊ ဖီဂိုက ပို၍  ဥာဏ်ရှိသည်ဟု ဂိုးမက်စ်က ဆိုသည်။

    “ဖီဂိုဟာ သူ့ခေတ်သူ့အခါတုန်းက အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုကလည်း အခုအချိန်မှာ အကောင်းဆုံး ကစားသမားပါ။ ဖီဂိုဟာ ဦးနှောက် ပိုသုံးပြီး ရော်နယ်ဒိုကတော့ ပါဝါပိုသုံးပါတယ်။ ရော်နယ်ဒိုဟာ ဖီဂိုထက် ဂိုးတွေ ပိုသွင်းကောင်းသွင်းပါလိမ့်မယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူဟာ တောင်ပံကစားသမား တစ်ယောက်သာ မဟုတ်ဘဲ တိုက်စစ်မှူး တစ်ယောက်အဖြစ်လည်း ကစားနိုင်လို့ပါ။ ဖီဂိုကတော့ လျင်မြန်မှုထက် တောင်ပံမှာပဲ ပိုကစားတာပါ” ဟု uefa.com သို့ ဘင်ဖီကာ ကစားသမားဟောင်း ဂိုးမက်စ်က ပြောကြားခဲ့သည်။

    ဖီဂိုမှာ အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ကို ၂၀၀၀ ခုနှစ်တွင် ရရှိခဲ့ပြီး ၂၀၀၀ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ရီးယဲလ်အတွက် ၂၃၉ ပွဲကစားပေးခဲ့သည်။

  • ပြန်ပေးဆွဲခံ နိုက်ဂျီးရီးယား မိန်းကလေးငယ်များ အတွက် မာလာလာ ဆော်သြ

    မေ ၈ ၊ ၂၀၁၄
    M-Media

    မိန်းကလေးများ ပညာသင်ကြားခွင့်နှင့်ပတ်သက်ပြီး ကျော်ကြားတဲ့ ထောက်ခံဆော်သြသူ မာလာလာ ယူစဖ်ဇီမှ နိုက်ဂျီးရီးယားမှ မိန်းကလေးငယ်များမှာ မိမိ၏ ညီအစ်မများဖြစ်ကြောင်း CNN သတင်းဌာနကို ပြောကြားလိုက်သည်။

    140507154527-aman-malala-yousafzai-bring-bac-our-girls-horizontal-gallery

    ယူစဖ်ဇီမှာ ၂၀၀၂ခုနှစ်က သူမ၏ မွေးရပ်မြေတွင် ပါကစ္စတန် တာလီဘန်အဖွဲ့၏ လုပ်ကြံရန် ကြိုးစားမှုမှ လွတ်မြောက်ခဲ့သည်။ မိန်းကလေးများ ပညာရေးအတွက် ထောက်ခံဆော်သြခဲ့သဖြင့် ပစ်မှတ်ထားခံခဲ့ရခြင်းဖြစ်သည်။

    ယူစဖ်ဇီက နိုက်ဂျီးရီးယားတွင် မိန်းကလေးငယ် ၃၀၀ ကို ပြန်ပေးဆွဲခဲ့သော ဘိုကိုဟရမ်အဖွဲ့မှာ အစ္စလာမ်ကို နားမလည်ကြောင်း ပြောကြားလိုက်သည်။

    “သူတို့ဟာာ အစ္စလာမ်ကို လေ့လာသင်ယူထားခြင်း မရှိဘူး၊ ကုရ်အာန်ကျမ်းတော်မြတ်ကို လေ့လာသင်ယူထားခြင်း မရှိဘူးလို့ ကျွန်မထင်တယ်။ ဒါကြောင့် သူတို့ အစ္စလာမ်ကို သင်ယူသင့်တယ်။”ဟု CNN ကို ယူကေ၊ ဘာမင်ဂန်မြို့တွင် ပြောကြားခဲ့သည်။ သူမသည် ဘာမင်ဂန်တွင် နေထိုင်ကာ ကျောင်းတက်လျက်ရှိသည်။

    “မိန်းကလေးငယ်လေးတွေကို သူတို့ ညီမရင်းတွေလို့ သူတို့ စဉ်းစားသင့်တယ်လို့ ကျွန်မထင်တယ်။ ကိုယ့်ရဲ့ ညီမရင်းတစ်ယောက်ကို ဘယ်လိုလုပ် အကျဉ်းချမလဲ၊ ဒီလို ဆိုးဝါးတဲ့ ပုံစံနဲ့ ဆက်ဆံမလဲ”။

    ယခုအခါ နိုက်ဂျီးရီးယား မိန်းကလေးငယ်များအတွက် ရပ်တည်ပေးမည့် အဖွဲ့အစည်းများနှင့် ပညာရေးအတွက် မာလာလာရန်ပုံငွေဖောင်ဒေးရှင်းမှ စည်းရုံးလှုပ်ရှားလျက်ရှိသည်။

    Ref: CNN & Malala Fund

  • ကုရ်အာန်ကျမ်းကို စော်ကားဖျက်ဆီးရန် ကြိုးစားခဲ့သော သီရိလင်္ကာ ဘုန်းတော်ကြီးများ ရုံးတင်ခံရ

    မေ ၇ ၊ ၂၀၁၄
    M-Media

    ကိုလံဘို။             ။ ကုရ်အာန်ကျမ်းအား စော်ကားဖျက်ဆီးမှုဖြင့် စွဲချက်ဖြင့်တနင်္လာနေ့က ရဲတပ်ဖွဲ့၏ရုံးတင်မှု ခံရသော အယူသည်းဘုန်းတော်ကြီး တစ်စုအား ငွေဒဏ် ချမှတ်၍ ပြန်လွှတ်ပေး ခဲ့သည်။ ထိုဖြစ်စဉ်သည် သီရိလင်္ကာမှ အစွန်းရောက် ဗုဒ္ဓဘာသာဝင်များ အပေါ် ပထမဆုံး တရားဝင်အရေးယူမှု ဖြစ်သည်။

    SriLankaMonks-Tried-over-Quran-Desecration

    “ တရားဟော ဘုန်းကြီးလေးပါးနဲ့တစ်ကွ နောက်လိုက်နှစ်ဦးကို ဒီနေ့မှာ တရားရုံးက ဆင့်ဆိုခေါ်ယူပြီး တစ်ဦးချင်းကို ဒေါ်လာ ၇၇၀ စီ ငွေဒဏ်ချမှတ်ခဲ့ပါတယ်။ တရားစီရင်သူက သူတို့ကို အလားတူ လုပ်ရပ်မျိုး ထပ်မံမကျူးလွန်ဖို့ သတိပေးခဲ့ပါတယ်။ နောက်လအမှုချိန်းမှာ ဒဏ်ငွေတပ်ပေးဆောင်ခိုင်းမှာ ဖြစ်ပါတယ် ” ဟု ရဲဌာနပြောခွင့်ရသူ Ajith Rohana မှ AFP သတင်းဌာနသို့ မေလ ၅ ရက် တနင်္လာနေ့က ပြောကြားသည်။

    ဧပြီလတွင် ကျင်းပခဲ့သော ဘာသာရေးခေါင်းဆောင်များအစည်းအဝေးတစ်ခုအတွင်း အမျိုးသားရေး အစွန်းရောက် BBS အဖွဲ့ဝင် ဘုန်းတော်ကြီးများက အစ္စလာမ်ဆန့်ကျင်ရေး မှတ်ချက်များ ဖော်ပြပြော ဆိုခဲ့သည်။

    ၎င်းအပြင် သီရိလင်္ကာကျွန်းဆွယ်အတွင်း ဘာသာရေး သင့်မြတ်မှုဖော်ဆောင်သော BBS ဘုန်းတော်ကြီးများ အပေါ် ထိုဘုန်းကြီးများမှ ပြစ်တင်ရှုတ်ချခြင်းနှင့် ခြိမ်းခြောက်ခြင်း ကိုပါ ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏အဆိုအရ သိရသည်။

    လူများစု ဗုဒ္ဓဘာသာဝင်တို့နှင့် တင်းမာမှုမြင့်တက်စေရန် မွတ်စ်လင်မ်တို့အား ဟလာလ်တံဆိပ်ကို စွန့်လွှတ်စေပြီး BBS အဖွဲ့သည် သီရိလင်္ကာ၌ ဟလာလ်အစားအသောက်များ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ပြီးနောက် ၂၀၁၃ ခုနှစ် မတ်လတွင် Kuragala ရှိ ၁၀ ရာစုနှစ်ရှေးဟောင်း ဗလီတစ်လုံးကို ဖျက်ဆီးပစ်ရန် လှုံ့ဆော်ခဲ့သည်။

    ဇွန်လတွင် ကိုလံဘိုမြို့ဆင်ခြေဖုံးရှိ Dehiwala ရှိ အငယ်စားအစ္စလာမ့်စင်တာကို ဒါဇင်နှင့်ချီသော ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဦးဆောင်သည့် ဆန္ဒပြသူ ၂၀၀ ခန့်မှ ၀ိုင်းရံခဲ့သည်။ ဗလီဝတ်ကျောင်း ၀င်ပေါက်အပေါ် အသားပုပ်များ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ကာ မွတ်စ်လင်မ်တို့၏ ၀တ်ပြုရာဌာနအား ပိတ်လိုက်ရန် ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့ကြသည်။

    ဧပြီလတွင် Dambulla ကျေးရွာ၌ မွတ်စ်လင်မ်တို့၏၀တ်ပြုမှုကို ဗုဒ္ဓဘာသာဝင်သံဃာများ တားမြစ် ပိတ်ပင်သည်။ ၁၉၆၂ ခုနှစ်တွင် တည်ဆောက်ခဲ့သော ယင်းဗလီဝတ်ကျောင်းတော်မှာ တရားမ၀င် ဟု တိုက်ခိုက်သူများက ဆိုသည်။

    ရက်သတ္တပတ်အနည်းငယ်ကြာမြင့်ပြီးနောက် Kurunegala မြို့ဝန်းကျင်မှ မွတ်စ်လင်မ်တို့အား ၀တ်ပြုခြင်းအမှု ရပ်တန့်ရမည်ဟု ခြိမ်းခြောက်စာရေးသားပေးပို့ခဲ့သည်။

    မွတ်စ်လင်မ်တို့၏ အထွဋ်အမြတ် ထားသောကျမ်းဂန်အား စော်ကားသည်ဟု ရဲဌာန၏စွဲချက်ကို ချေပသည့် အနေနှင့် အဆိုပါသံဃာများက စော်ကားရန်ကြိုတင်ကြံစည်မှု မရှိခဲ့ကြောင်း ငြင်းဆိုခဲ့သည်။

    “ အပြစ်မရှိကြောင်း အယူခံ ၀င်လိုခဲ့ပေမယ့် တရားရုံးတော်ထဲမှာ စကားပြောဆိုခွင့် မရရှိခဲ့ပါဘူး။ ဇွန်လ ၉ ရက်မှာ ကြားနာဖို့သာ ဆင့်ခေါ်ခံရပါတယ် ” ဟု BBS ခေါင်းဆောင် Galagodaatte Gnanasara မှ ပြောကြားသည်။

    မွတ်စ်လင်မ်တို့အား အကြိမ်ကြိမ်တိုက်ခိုက်မှုများ ကြုံတွေ့နေရသဖြင့် နိုင်ငံတွင်း မွတ်စ်လင်မ် ဆန့်ကျင်ရေး အစွန်းရောက်လှိုင်း မြင့်တက်လာမှုအပေါ် သုံးသပ်စဉ်းစားပေးပါရန် ပြီးခဲ့သည့်ဧပြီလတွင် မွတ်စ်လင်မ်ခေါင်းဆောင်များက သမ္မတထံသို့ မေတ္တာရပ်ခံခဲ့ကြသည်။
    အစွန်းရောက် ဗုဒ္ဓဘာသာဝင်များ၏ အမုန်းတရားလှုပ်ရှားမှုတို့ကို လူသိရှင်ကြား ကန့်ကွက်ရှုတ်ချပေးပါရန် မွတ်စ်လင်မ်အပေါင်းတို့ကလည်း သမ္မတအား တိုက်တွန်းပန်ကြားခဲ့ကြသည်။

    “Moors” ဟု လူသိများသော သီရိလင်္ကာမွတ်စ်လင်မ်တို့သည် နိုင်ငံ၏တတိယမြောက် အကြီးမားဆုံး တိုင်းရင်းနွယ်များဖြစ်ကြသည်။ လူဦးရေပမာဏာ၏ ၇၀ ရာခိုင်နှုန်းမှာ ဆင်ဟာလီများဖြစ်၍ တမီလ်တို့မှာ ၁၂.၅ ရာခိုင်နှုန်း ရှိကြသည်။

    လူမျိုးရေးပြဿနာဖြစ်လေတိုင်း အစိုးရအစဉ်အဆက်တို့မှာ လူများစုဗုဒ္ဓဘာသာဝင်တို့၏ ဖိအားပေးခံကြရသည်ဟု သုတေသီများက ဆိုသည်။

    News Agencies

  • ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ရခြင်းနှင့် ပတ်သက်ပြီး အစ္စရေးကို အမေရိကန် အပြစ်တင်

    မေ ၇ ၊ ၂၀၁၄
    M-Media
    အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ရခြင်းမှာ အစ္စရေး၏ တရားမ၀င် အိမ်ရာများကြောင့်ဖြစ်သည်ဟု အမေရိကန်ဆို

    361618_Kerry

    – အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ရခြင်းမှာ ပါလက်စတိုင်း ပိုင်နက်အတွင်း အစ္စရေးမှ တရားမ၀င် အိမ်ရာများ ဆောက်လုပ်ခြင်းကြောင့်ဖြစ်သည်ဟု အမေရိကန် အစိုးရက အကြီးတန်းအရာရှိများက ပြောကြားလိုက်သည်။

    ငြိမ်းချမ်ရေးဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနှင့်အတူ ပါဝင်ဆောင်ရွက်နေသည့် အမေရိကန် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့မှ အဖွဲ့ဝင်များက အစ္စရေး သတင်းစာ Ynet နှင့်အင်တာဗျူးတွင် ဆွေးနွေးမှု ပျက်ပြားခဲ့ရခြင်းအတွက် အစ္စရေးအား အပြစ်တင်ခဲ့သည်။

    “ငြိမ်းချမ်းရေးအတွက် အားထုတ်မှု ပျက်ပြားသွားတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အစ္စရေးပြည်သူတွေကတော့ ခါးသီးတဲ့အမှန်တရားကို လစ်လျူမရှုသင့်ပါဘူး။ အဓိက အတားအဆီးက (အစ္စရေးရဲ့) တရားမ၀င်အိမ်ရာတွေကြောင့်ဖြစ်ပါတယ်” ဟု အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မာရီဟာ့ဖ်က အမေရိကန်မှ ကမကထပြု၍ဆောင်ရွက်သည့် အစ္စရေးနှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရပ်တန့်ခဲ့ပြီး အမေရိကန် ထိပ်တန်း ညှိနှိုင်းရေးမှူး မာတင် အင်ဒိုက်မှာလည်း အိမ်ဖြူတော်၊ နိုင်ငံခြားရေးဝန်ကြီးတို့ထံမှ အကြံဥာဏ်ရယူရန်အတွက် အမေရိကန်သို့ ပြန်သွားသည်ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်လက အမေရိကန်၊ ဥရောပအနောက်ခြမ်းနိုင်ငံများ၊ ရုရှားနှင့် ဂျပန်နိုင်ငံတို့မှ အစိုးရအကြီးတန်းအရာရှိများပါဝင်သည့် အစ္စရေးအိမ်ရာများအရေး တံခါးပိတ်ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပါလက်စတိုင်းအာဏာပိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပါက စွန့်ပစ်ခံနိုင်ငံဖြစ်လာလိ့မ်မည်ဟု အစ္စရေးအား သတိပေးခဲ့ကြောင်း အမေရိကန် သတင်းအေဂျင်စီ Daily Beast က ဖော်ပြခဲ့သည်။

    သို့သော်လည်း အမေရိကန်ရှိ အစ္စရေးထောက်ခံသူများက ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မိမိအနေဖြင့် ထိုကဲ့သို့ စကားများကို မပြောခဲ့ကြောင်း ဂျွန်ကယ်ရီက ငြင်းဆိုခဲ့သည်။

    Press TV